← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

မြစ်ကြည့်လမ်းမထဲတွင် လှည့်ပတ်ကြည့်ရှုခဲ့ပြီးနောက် သူတို့က လိုအပ်သော ပစ္စည်းများအားလုံးကို ဝယ်ယူနိုင်ခဲ့ကြသည်။ ချန်းပင်အန်းက ထွက်သွားတော့မည့်အချိန်တွင် သူတို့က လှေတစ်စီးငှားပြီး လှုပ်ရှားတည်ငြိမ်မြစ်၏ ညမြင်ကွင်းများကို သွားရောက်ကြည့်ရှုသင့်သည်ဟု အိုက်လျန်က အကြံပေးခဲ့သည်။ ထိုအရာကို လူအနည်းငယ်ကသာ စိတ်ဝင်စားကြပြီး လင်းရှို့ယီ တစ်ယောက်တည်းကသာ ခေါင်းညိတ်သဘောတူခဲ့၏။

ချန်းပင်အန်းကတော့ ဆက်သွယ်ရေးစခန်းတွင် ရှိနေသော သူတို့၏အခန်းတွင် ပစ္စည်းများကို ပြန်ထားပြီးမှသာ အန္တရာယ်များသော နေရာကို သွားရောက်ကြည့်ရှုရန်ဆန္ဒရှိသည်ဟု ပြောခဲ့သည်။

သို့သော် လီပေါင်ဖျင်က သူ့အင်္ကျီကို ဆွဲထားခဲ့သည့်အတွက် ချန်းပင်အန်းက သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့၏။ သူက လက်ထဲရှိ ကြေးပြားအိတ်ကို ချိန်ဆကြည့်လိုက်ရာ သူတို့က တုတ်ထိုးကင်တချို့ဝယ်စားရန် ကြေးပြား လုံလောက်နေသေးသည်။

ကျူးလုက သူမ၏အဖေကို ဆွဲခေါ်သွားပြီး လက်နက်ဆိုင်သို့ သွားခဲ့သည်။

ထိုအချိန်တွင် လီဟွိုင်ကတော့ ဗိုက်ဆာသည်ဟု အကြောင်းပြပြီး ညစာစားရန်အတွက် ခေါင်းအုံး ဆက်သွယ်ရေးစခန်းသို့ ပြန်ခေါ်သွားပေးရန် ချန်းရှန့်ကို တောင်းဆိုလိုက်သည်။

ချန်းပင်အန်းနှင့် တခြားသူများက လူချင်းခွဲလိုက်ကြ၏။

လင်းရှို့ယီက အိုက်လျန်၏ဘေးတွင် လမ်းလျှောက်နေပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။

“စီနီယာ …

လီဟွိုင်က ကံအကောင်းဆုံးလို့ ပြောခဲ့တယ်။ ဒါဆိုရင် ကြည့်ရတာ ရေပြတ်ကမ်းပါး စာအုပ်က တန်ဖိုးအရှိဆုံး မဟုတ်လား…”

အိုက်လျန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

“အဲဒါက အသစ်ပုံစံထင်ရတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင်တော့ တော်တော်လေးကို သက်တမ်းကြာနေပြီ။ စာအုပ်ထဲမှာ ပါတဲ့အရာတွေက ပြောပလောက်စရာတော့ မရှိဘူး။ ဒါက ရေစွမ်းအားကျင့်ကြံမှုတွေအကြောင်း ပြောပြထားတဲ့ စကားလုံးသက်သက်ပဲ။ အဲဒါက တခြားသူတွေကို လှည့်စားဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ ဒီစာအုပ်ရဲ့ ပစ္စည်းတွေက တော်တော်လေး တန်ဖိုးရှိတယ်။ ဒီာအုပ်က နှစ်ပေါင်းရာကျော်‌နေတာကိုတောင် ပိုးကောင်တွေ တိုက်ခိုက်တာ မခံရဘူး..”

အိုက်လျန်က သူ့ခါးတွင် ချိတ်ထားသော ဘူးသီးခြောက်လေးကို ဖြုတ်ပြီး အရက်တစ်ငုံသောက်၍‌ ဆက်ပြောလိုက်သည်။

“ပြီးတော့ ငါသာ အမြင်မှားတာ မဟုတ်ရင် အဲဒီစာအုပ်ထဲမှာ ငွေငါးလေးတွေ ရှိနေကြပြီ။ မင်းတို့တွေက သာမန်မျက်လုံးနဲ့တော့ မြင်နိုင်မှာ မဟုတ်ဘူး။ အဲဒီငွေငါးဆိုတာက ဆန်းကြယ်ဝိညာဉ်တစ်မျိုးပဲ။ သူတို့တွေက ကမ်းစပ်တွေမှာ သွားလာနေတဲ့ ငါးတွေလို စကားလုံးတွေ၊ စာသားတွေနားမှာ ကူးခတ်နေတဲ့ ပိုးကောင်ငယ်လေးတွေပဲ…”

“ငွေငါးတွေက အဲဒီစကားလုံးထဲမှာ ပါဝင်နေတဲ့ ဝိညာဉ်နဲ့အနှစ်သာရကို စားသုံးကြတယ်။ အရွယ်ရောက်လာရင်တောင် သူတို့က ဆံပင်မွေးတစ်ချောင်းစာ အရွယ်အစားလောက် မရှိဘူး။ ဒီကမ္ဘာကြီးထဲမှာ ငွေငါးမျိုးစုံ ရှိကြတယ်။ လီဟွိုင်ရဲ့စာအုပ်ထဲမှာရှိတဲ့ ငွေငါးတွေကတော့ သာမန်လို့ပဲ သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ ဒီစာအုပ်ကိုသာ အရာရှိတစ်ယောက် ဒါမှမဟုတ် ထူးခြားတဲ့ကိစ္စတွေ စိတ်ဝင်စားတဲ့ သူဌေးတစ်ယောက်ဆီ ရောင်းမယ်ဆိုရင် အနည်းဆုံး ငွေစ(၃၀၀၀)လောက် ရနိုင်တယ်။ ပြောရမယ်ဆိုရင် ဒီစာအုပ်ဆိုင်ထဲမှာ တန်ဖိုးအရှိဆုံး စာအုပ်တွေထဲက တစ်ခုပဲ…”

ထိုစကားကိုကြားသည့်အခါ လင်းရှို့ယီက အလွန်အံ့ဩသွားခဲ့သည်။ ထိုစာအုပ်ထဲတွင် သူတို့ မမြင်နိုင်သော ငွေငါးလေးများ ရှိနေရုံနှင့် အနိမ့်ဆုံး ငွေစ(၃၀၀၀)တန်ကြေး ရှိနေခြင်းပေလော။ သူတို့မွေးရပ်မြေ၏ အပြင်ဘက်တွင် ရှိနေသော ကမ္ဘာကြီးထဲတွင် ငွေကြေးဆိုသည်က တန်ဖိုးမရှိဆုံး အရာတစ်ခုပေလော။

အိုက်လျန်က သူ့အတွေးကို မြင်နေရသည့်အလား အပြုံးနှင့် ပြောလိုက်သည်။

“နောက်ပိုင်း မင်းက ကျင့်ကြံရေးလမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းတဲ့ အချိန်ကျရင် ရွှေတွေ၊ ငွေတွေဆိုတာက ရေစီးကြောင်းတွေလိုပဲဆိုတာ နားလည်လိမ့်မယ်။ တကယ်လို့ မင်းဆီမှာ တောင်ပုံရာပုံရှိနေမယ် ဆိုရင်တောင် လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ အကုန်လုံးကို သုံးမိသွားနိုင်တယ်။ ဒါပေမဲ့ ရွှေငွေပမာဏနည်းနည်းလောက်သုံးဖို့ လိုအပ်နေတဲ့အချိန်မျိုးကျရင်တော့ ဒီလိုအရာလေးတွေကတောင် တော်တော်လေးတန်ဖိုးရှိတာ တွေ့ရလိမ့်မယ်…”

လင်းရှို့ယီက နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။

အိုက်လျန်က အပြုံးနှင့် ပြောလိုက်၏။

“တကယ်လို့ ချန်းပင်အန်းသာဆိုရင် ဒီလိုစည်းမျဉ်းမျိုးကို နားလည်နိုင်မှာ မဟုတ်ဘူး…”

လင်းရှို့ယီက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

“ဒီသဘောတရားက ငွေနဲ့ ပတ်သက်နေမှတော့ သူ သေချာပေါက်နားလည်မှာပါ..”

အိုက်လျန်က အားရပါးရ ရယ်လိုက်မိသည်။ သူက လင်းရှို့ယီနှင့်အတူ အလွန်လူသူစည်ကားသော မြစ်ကမ်းစပ်သို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် လင်းရှို့ယီကတော့ အနည်းငယ် မသက်မသာခံစားရ၏။ သူက မွေးရပ်မြေတွင် တိတ်ဆိတ်အေးချမ်းမှုနှင့်သာ အသားကျလာခဲ့သည်။ အထူးသဖြင့် သူက အသက်ရှုလိုက်သည့်အချိန်တိုင်း မွှေးရနံ့များကို ရှုရှိုက်မိသည့် အချိန်မျိုးတွင် ဖြစ်သည်။ အစတွင် ထိုရနံ့များက မွှေးပျံ့သော်လည်း ခဏကြာ ရှုရှိုက်လာရပြီးနောက် ခေါင်းထဲတွင် နောက်‌ကျိလာခဲ့၏။

လမ်းကြားလေးထဲမှ ထွက်လာပြီး ကမ်းစပ်သို့ ရောက်လာပြီးနောက် သူတို့၏မြင်ကွင်းက ချက်ချင်း ကျယ်လာခဲ့သည်။ မြစ်ကမ်းဘေးနှစ်ဖက်တွင် အပြာရောင်ကျောက်ပြားများ ခင်းထားပြီး မိန်းမ‌ပျိုလေးများ၏ ရယ်သံလေးများက လေထဲတွင် ပျံ့နှံ့လာခဲ့သည်။

မိန်းမလှလေးများစွာက အထပ်မြင့်အဆောက်အဦးများ၏ လက်ရန်းကိုမှီပြီး သူတို့၏အလှတရားများကို ပြသနေကြ၏။ သူတို့အများစုက တောက်ပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ ချိတ်ဆွဲထားသော မီးရောင်များအောက်တွင် ထိုမိန်းမလှလေးများက ပို၍ဆွဲဆောင်မှုရှိနေသလို ထင်မှတ်ရသည်။

ပုံသဏ္ဌာန်အရွယ်အစားမျိုးစုံရှိနေသော အလှဆင် လှေငယ်လေးများကလည်း မြစ်ထဲမှ ဖြည်းညင်းစွာ လှော်ခတ်လာကြသည်။ လှေ၏အခန်းကို ဝါးကန့်လန့်ကာများနှင့် ကာထားပြီး အလှဆင်‌ လှေအများစု၏ တစ်ဖက်အစွန်တွင် မိန်းကလေးငယ်လေး တစ်ယောက်ဆီ ထိုင်နေကြသည်။ သူတို့အပြင် လှေလှော်နေသော မိန်းကလေးတစ်ယောက်လည်း ပါဝင်နေသေး၏။

အထပ်မြင့်အဆောက်အဦးများ၏ လသာဆောင်မှနေ၍ ပွင့်ပွင့်လင်းလင်း စီးပွားရှာနေသော မိန်းမလှလေးများနှင့် ယှဉ်လိုက်မည်ဆိုလျှင် အလှဆင် လှေများပေါ်ရှိ မိန်းကလေးများကတော့ သာမန်ပုံစံသာ ဝတ်စားဆင်ယင်ထားသော်လည်း ပို၍နူးညံ့သိမ်မွေ့ပုံရသည်။

ငယ်ရွယ်သူများကတော့ တစ်ဖက်ခြံမှ မိန်းကလေး မိတ်ဆွေများကဲ့သို့ ထင်မှတ်ရပြီး အနည်းငယ် ပို၍အသက်ကြီးသူများကတော့ အင်အားကြီးကလန်များမှ သခင်မလေးများကဲ့သို့ ထင်ရသည်။

မကြာခဏဆိုသလို အထပ်မြင့်အဆောက်အဦးများမှ မိန်းကလေးများက လှေပေါ်ဖျော်ဖြေသူများကို လှောင်ပြောင်သရော်တတ်ကြသည်။ သူတို့က စီးပွားချင်းပြိုင်နေကြသည့်အတွက် တစ်ခါတရံ သစ်သီးများ၊ အသီးအရွက်များနှင့်ပင် လှမ်း၍ ပစ်ပေါက်တတ်သည်။

သို့သော် လှေပေါ်ဖျော်ဖြေသူများက ထိုအရာကို အသားကျနေပြီးသား ဖြစ်၏။ အများစုကတော့ ထိုအပြုအမူများကို အလေးမထားခဲ့ကြပေ။ သူတို့ကို မထိမရွေ့ သူတို့က ပြန်လည်ရန်တွေ့ခြင်းပင် မရှိကြပေ။ ထိုမိန်းမပျိုများကြားထဲတွင်လည်း မကြာခဏ ပြဿနာများဖြစ်လာတတ်သည်။ သို့သော် အနားတွင် ရှိနေသော ယောကျ်ားလေးများကသာ ပြဿနာကို ဝင်ရောက်ထိန်းသိမ်းတတ်ကြ၏။

လင်းရှို့ယီက တကိုယ်လုံး တင်းကြပ်နေပြီး အတော်လေး မသက်မသာ ခံစားနေရ၏။ သူက မေးလိုက်သည်။

“စီနီယာအိုက်လျန် …

ကျွန်တော်တို့က ညမြင်ကွင်းတွေကြည့်ဖို့ လှုပ်ရှားတည်ငြိမ်မြစ်ထဲကို သွားမယ်လို့ ပြောခဲ့တာ မဟုတ်လား…”

“ဒါက မြစ်(၃)စင်းဆုံတဲ့နေရာဆိုမှတော့ မြစ်ရဲ့ဒီအပိုင်းကလည်း လှုပ်ရှားတည်ငြိမ်မြစ်ရဲ့ တစ်စိတ်တပိုင်းလို့ သတ်မှတ်နိုင်တယ်လေ…”

အိုက်လျန်က မရိုးမသား အမူအရာနှင့် ပြန်ဖြေလိုက်သည်။

လင်းရှို့ယီဆီတွင် ပြန်ပြောစရာစကားလုံး မရှိခဲ့ချေ။

အိုက်လျန်က မြစ်ကမ်းစပ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖြည်းညင်းစွာ လှော်ခတ်နေသော အလှဆင်လှေများကို ငေးကြည့်နေခဲ့၏။ လှေပေါ်ရှိ မိန်းမပျိုတစ်ယောက်နှင့် အကြည့်ချင်း‌ဆုံသည့် အချိန်တိုင်း သို့မဟုတ် သူ့က ိုချွဲပစ်သောအသံနှင့် နှုတ်ဆက်လိုက်သည့်အချိန်တိုင်း သူက အရက်ဘူးကို မြှောက်ပြီး အရက်ကိုသာ တိတ်တဆိတ် သောက်နေခဲ့သည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေပုံရ၏။

လင်းရှို့ယီက သူ့ဘေးတွင်ထိုင်ချလိုက်ပြီး အိုက်လျန် ရေရွတ်နေသည့် စကားများကို နားထောင်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူက ' ငါ့ကိုယ် ငါကျောက်စိမ်းလို သန့်စင်အောင်ထားရမယ်။လူကြီးလူကောင်းတစ်ယောက်၊ မိန်းမလှလေးတွေရဲ့ အလှတရားက ယောကျ်ားတွေကို အရည်ပျော်ကျ‌သွားစေနိုင်တယ်’ စသည့် ဝေဝေဝါးဝါးစကားလုံးများ ဖြစ်သည်။ ကြည့်ရသည်မှာ စီနီယာအိုက်လျန်ကလည်း သူ့ထက် အခြေအနေ ထူးပုံမရချေ။

အိုက်လျန်က အနားတွင် ရှိနေသော အလှဆင်လှေတစ်စီးကို လှည့်ကြည့်လိုက်သည်။ သာမန်ပုံစံ ဝတ်ဆင်ထားသော အမျိုးသမီးက လှေ၏အရှေ့ဘက်တွင် ထိုင်နေခဲ့၏။ သူမက ပတ်ပတ်လည်ကို ရဲတင်းစွာ ကြည့်နေခဲ့သည်။ သူမ၏ပုံစံကတော့ ထိုအလုပ်မျိုး လုပ်ကိုင်သည့် မိန်းကလေးများကဲ့သို့ မဟုတ်ဘဲ မြစ်ပြင်ကျယ်ကြီးကို ကြည့်ရှုရန် ရောက်လာသော သခင်မလေး တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

သူမ၏နောက်တွင် လှေလှော်နေသော မိန်းကလေး‌ကတော့ အလွန်နူးညံ့သိမ်မွေ့ပြီး လှပပုံ ပေါ်သည်။ အိုက်လျန်က မတ်တပ်ရပ်လိုက်ပြီး ထိုအလှဆင် လှေ ဖြတ်သွားမည့်အချိန်ကို စောင့်နေခဲ့၏။

ထိုလှေက သူတို့အနားသို့ ရောက်လာသည့်အချိန်တွင် သူက ရွှေတုံးတစ်တုံးကို ထုတ်ပြီး မေးလိုက်၏။

“ဒါက လုံလောက်ပြီလား…”

အမျိုးသမီးက သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သို့သော် သူမက ခေါင်းညိတ်မပြသလို ခေါင်းခါပြခြင်းလည်း မရှိချေ။ လှေလှော်နေသော မိန်းမပျိုလေးကတော့ အံ့ဩမှင်တက်သွားခဲ့ပြီး အမျိုးသမီးက ထိုကမ်းလှမ်းမှုကို လက်ခံရန် တိုက်တွန်းချင်နေပုံရ၏။

အမျိုးသမီးက အိုက်လျန်ကိုကျော်ပြီး သူ့နောက်တွင် ရှိနေသော ကောင်လေးကို စိုက်ကြည့်လိုက်သည်။ သူမက သူ့ကိုလက်ညှိုးထိုးပြီး ပြောလိုက်၏။

“ဒီသခင်လေးက လှေပေါ်ကို တစ်ယောက်တည်း တက်လာလို့ရတယ်…”

အိုက်လျန်က ရွှေတုံးကို အလျင်အမြန်သိမ်းပြီး ပြောလိုက်သည်။

“ဒီကောင်လေးက တော်တော်လေး ဆင်းရဲတယ်။ သူ့မှာ ပိုက်ဆံမရှိဘူး။ သူက လုံးဝတတ်နိုင်မှာမဟုတ်ဘူး…”

“ကျွန်မက သူ့ကို လှေပေါ် အခမဲ့တက်ခွင့်ပေးနိုင်တယ်…”

အမျိုးသမီးက သိမ်မွေ့စွာ ပြောလိုက်၏။

ကလေးမလေးက အမျိုးသမီး လက်ညှိုးထိုးပြလိုက်သည့်နေရာကို ကြည့်လိုက်ရာ ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲနေသော ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ့နှုတ်ခမ်းများက ပြည့်နေပြီး သွားလေးများက အဖြူရောင်ဝင်းလက်နေခဲ့သည်။ သူ့ပုံစံက ကျက်‌သရေရှိပြီး အလွန်နူးညံ့သိမ်မွေ့ပုံပေါ်၏။ သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဝါးဦးထုပ် ဆောင်းထားသော သနားစရာလူကြီးကတော့ အလွန်များပြားသော ငွေကြေးပမာဏ ကမ်းလှမ်းနေသည်ကိုပင် ဘေးဖယ်ခံလိုက်ရသည်။ သူ့မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသည့် အမူအရာများ ပြည့်နှက်နေခဲ့၏။ ထိုအမျိုးသမီးက မျက်စိကန်းနေခြင်းပေလော၊ သို့မဟုတ် သူမ၏အဆင့်အတန်းက ထိုမျှမြင့်မားနေခြင်းပေလော။

သူမက သူ့လို ချောမောခန့်ညားသော လူတစ်ယောက်ကိုပင် ငြင်းဆန်ခဲ့သည်။ သူမက ပိန်ပိန်ပါးပါးနှင့် လင်းရှို့ယီကို စိတ်ဝင်စားနေခြင်းပေလော။ အကယ်၍ သူက ချန်းပင်အန်းကိုသာ ခေါ်လာမည်ဆိုလျှင် သူမက ငွေစများပင် ကမ်းလှမ်းဦးမည် မဟုတ်ပေလော။

“တော်တော်လေး စိတ်ပျက်စရာပဲ…”

အိုက်လျန်က တီးတိုးရေရွတ်လိုက်သည်။

အမျိုးသမီးက လင်းရှို့ယီကို အပြုံးနှင့် လှမ်းကြည့်လိုက်၏။ ဘာကြောင့်မှန်း မသိသော်လည်း သာမန်ပုံစံရှိသော အမျိုးသမီးဆီမှ ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ထွက်‌ပေါ်လာနေခဲ့သည်။

“မင်းက မတက်ဘူးလား…”

သူမက မေးလိုက်၏။

လင်းရှို့ယီက ခေါင်းခါပြလိုက်သည်။

အိုက်လျန်က လှေကားပေါ်တွင် ထိုင်လိုက်ပြီး အရက်တစ်ငုံသောက်၍ ဝမ်းနည်းစွာ ပြောလိုက်၏။

“ကောင်လေး …

လှေပေါ်ကိုမြန်မြန်တက်လိုက်။ အဆိုးဆုံးဖြစ်နိုင်တဲ့အရာကတော့ မင်းက ငါ့အရက်ကို နောက်ထပ်မသောက်နိုင်တော့တာပဲ။ ဒီကမ္ဘာကြီးထဲမှာ ဘယ်အရက်ကရော မိန်းမလှလေးတွေကို အနိုင်ရနိုင်လို့လဲ။ မင်းက ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး…”

လင်းရှို့ယီကတော့ မလှုပ်မယှက် ရှိနေသေးသည်။ သို့သော် သူက ထိုလူ၏နောက်ကျောကို မျက်ခုံးပင့်၍ ကြည့်လိုက်၏။ နောက်တွင် ရှိနေသော လှေပေါ်ဖျော်ဖြေသူများက ဆက်သွားရန် တိုက်တွန်းနေခြင်းကြောင့် အလှဆင်လှေကတော့ ရှေ့ကိုဆက်၍ လှော်ခတ်သွားခဲ့ရသည်။

အမျိုးသမီးက နောက်ပြန်လှည့်ကြည့်ပြီး လူငယ်လေးကို ပြုံးပြလိုက်သည်။

လင်းရှို့ယီကတော့ သာမန်ပုံစံအတိုင်းသာ ရှိနေပြီး သူမကို စိုက်ကြည့်နေသော သူ့မျက်လုံးများက အေးစက်နေခဲ့သည်။ အလှဆင်လှေများက ဆက်လက် ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အချိုးအစားလှပသော မိန်းမလှလေးများ၊ ပိန်ပိန်ပါးပါး မိန်းမပျိုများနှင့် ခန္ဓာကိုယ်အမျိုးအစားများစွာ ရှိနေသော လှေပေါ်ဖျော်ဖြေသူများအားလုံးက ပန်းချီကားတစ်ချပ်ကဲ့သို့ သူတို့ကို ဖြတ်ကျော်သွားနေခဲ့သည်။

“အိုက်လျန် …ခင်ဗျားက သူ့ကိုပဲ စောင့်နေတာလား…”

လင်းရှို့ယီက တိုးတိုးလေး မေးလိုက်၏။

အိုက်လျန်က သူ၏ဝါးဦးထုပ်ကို သေချာပြင်ဆောင်းပြီး ခေါင်းခါ၍ ပြောလိုက်သည်။

“မဟုတ်ဘူး။ ဒါက စိတ်အပြောင်းအလဲတစ်ခုပါပဲ။ ဒီပိုက်ကွန်ကြီးက ဘယ်လောက်ထိ ကျယ်ပြန့်လဲဆိုတာ ငါ သိချင်ရုံပဲ…”

လူငယ်စာသင်သားလေးက သူ့ဘေးတွင် ထိုင်လိုက်ပြီး မိန်းမလှလေးများကို ရဲရဲတင်းတင်း စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် ကလေးတစ်ယောက်ကတော့ ခြင်းတောင်းတစ်ခုနှင့်အတူ အပြာရောင်ကျောက်ပြားများပေါ်တွင် ပြေးလွှားပြီး ပန်းပွင့်များကို လိုက်လံအော်ဟစ်ရောင်းချနေခဲ့သည်။

……….

ကျူးလုက သူမအတွက် ဓားတိုတစ်ချောင်းဝယ်ချင်ခဲ့၏။ သူမက ထက်မြက်သော အရာတစ်ခုကို လိုချင်ခဲ့သည်။ သို့သော် အရေးကြီးဆုံးအရာကတော့ သူမက ပုံစံလှသော ဓားတစ်ချောင်းကို ရှာဖွေချင်သည်။ သို့သော် မထင်မှတ်ထားသည်မှာ ယနေ့လက်နက်ဆိုင်က ပိတ်နေခဲ့၏။ မိန်းမပျို‌က ထိုနေရာတွင် စိတ်ပျက်လက်ပျက်နှင့် ရပ်‌ကြည့်နေခဲ့မိသည်။

“မနက်ဖြန်ကျမှ ပြန်လာကြည့်ကြတာပေါ့…”

ကျူးဟယ်က သူမကို ပြောလိုက်ပြီး နှစ်သိမ့်ရန်ကြိုးစားလိုက်သည်။

ကျူးလုက တိုင်တစ်တိုင်ကို မှီနေပြီး ညကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။

“ခေါင်းထဲမှာ တစ်ခုခု တွေးမိနေလို့လား…”

ကျူးဟယ်က တိုးတိုးလေး မေးလိုက်သည်။

ကျူးလုက ခေါင်းခါပြလိုက်၏။

“သွားစားပွဲတောင်ကနေ ဖြတ်လာခဲ့တဲ့ နောက်ဆုံးခရီးလမ်းမှာ သခင်မလေးက သမီးနဲ့အတူတူစီးဖို့ သေချာတောင်းဆိုခဲ့တယ်။ သူက သမီးကို တစ်ခုခုပြောခဲ့တာလား..”

ကျူးဟက် ဂရုတစိုက် မေးလိုက်သည်။

“ဟုတ်တယ်။ သူက တခြားသူတွေကို ပိုပြီးလေးစားဖို့ ပြောခဲ့တာပါ…”

ကျူးလုက စိတ်ပျက်လက်ပျက်နှင့် ပြန်ဖြေလိုက်သည်။ ကျူးဟယ်က သက်ပြင်းချပြီး အပြုံးနှင့် ပြောလိုက်၏။

“သခင်မလေး ပြောတာ မမှားဘူးလေ။ လိုက်လျောညီထွေနေတတ်တယ်ဆိုရင် နေရာတိုင်းမှာ အဆင်ပြေနိုင်တယ်။ အထူးသဖြင့် အိမ်ကနေ အဝေးကို ခရီးထွက်လာတဲ့သူတွေပေါ့…”

“တကယ်လို့ သမီးက အိုက်လျန်ကို လေးစားရမယ်‌ဆိုရင် အဆင်ပြေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဖုန်းရွှယ်ကျောင်းဆောင်က အဖွဲ့သားတစ်ယောက်လေ..”

ကျူးလုက အသံတိုးတိုးနှင့် ပြောလိုက်၏။

“သူ့ပုံစံက သမီးရဲ့စိတ်ကူးထဲမှာရှိတဲ့ ပုံစံနဲ့ မတူပေမဲ့ အင်‌‌မော်တယ်က အင်မော်တယ်ပဲလေ။ သူက ဘယ်လောက်ပဲ ရွံစရာကောင်းနေပါစေ သမီးက သူ့ကို သည်းခံနိုင်သေးတယ်။ ဒါပေမဲ့ လင်းရှို့ယီနဲ့ လီဟွိုင်တို့က သူတို့ကိုယ်သူတို့ ဘယ်သူ ထင်နေတာလဲ။ သူတို့က သခင်မလေးရဲ့အတန်းဖော်တွေ ဖြစ်နေတာနဲ့ပဲ ကျွန်မတို့က ရင်းနှီးတဲ့မိတ်ဆွေတွေလို့ သတ်မှတ်နိုင်ပြီလား။ တစ်ယောက်က အဆင့်နိမ့် အစေခံရဲ့သား၊ တခြားတစ်ယောက်ကတော့ ရုပ်ချောတဲ့.သခင်လေးတစ်ယောက်၊ ပိုဆိုးတာက..”

သူမက ဆက်မပြောချင်ကြောင်း မြင်လိုက်ရသည့်အခါ ကျူးဟယ်က ပြောလိုက်သည်။

“ချန်းပင်အန်းလား..”

ကျူးလုက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

ကျူးဟယ်က သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒီနေရာမှာ အပြင်လူမရှိပါဘူး။ ‌ဒါပေမဲ့ အဖေပြောတဲ့စကားတွေက နားထောင်လို့ ကောင်းချင်မှလည်း ကောင်းလိမ့်မယ်…”

ထိုမိန်းမပျို၏ မျက်နှာက ချက်ချင်းပင် ဝင်းလက်သွားခဲ့ပြီး သူမအဖေ၏စကားကို ဖြတ်ပြောလိုက်သည်။

“အဖေ …

သခင်လေးက သခင်မလေးဆီကို ရေးလိုက်တဲ့ စာရဲ့အဆုံးသတ်မှာ မှတ်စုလေး ရေးထားပေးတယ်။ သခင်လေးက ကွေ့ဝိုက်ပြီး စာရေးတဲ့နည်းလမ်းနဲ့ ဝှက်စာရေးတဲ့စွမ်းရည်က တဖြည်းဖြည်း ပိုပြီးတိုးတက်လာတယ်။ သူက မြင်းဓားပြအဖွဲ့တွေကို ကိုယ်တိုင်လိုက်ဖမ်းခဲ့တဲ့အကြောင်း ရေးထားခဲ့တယ်။ အဲဒီလို လိုက်ဖမ်းနေတဲ့ အတောအတွင်း အခြေအနေ အတက်အကျကိုလည်း သေချာအသေးစိတ်ပြောပြထားတယ်။ သူက ချန်းကလန်က စစ်သူကြီးရဲ့သားအကြီးဆုံးနဲ့တောင် ရင်းနှီးခဲ့တယ်လို့ ပြောတယ်။ ပြီးတော့ မီးပြတိုက်တွေက အရာအားလုံး အဆင်ပြေနေတယ်ဆိုတဲ့ အချက်ပြမှုတွေ ထုတ်ပြတဲ့အကြောင်းလည်း ပြောသေးတယ်။ သူက မြို့တော်ထဲက ထူးခြားတဲ့အရာတွေ၊ အံ့ဩစရာကောင်းတဲ့ အကြောင်းအရာမျိုးစုံကို ရေးပြထားတယ်..”

“ပြီးတော့ သူတို့တွေက လမ်းမတွေပေါ်မှာ သွားလာနေတဲ့အချိန် စပါးအုံးမြွေတွေ၊ ကောင်းကင်ကြိုးကြာတွေကို စီးကြတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ မြို့တော်မှာ ရှိတဲ့လူတွေကတော့ အဲဒီအရာတွေကို အသားကျနေပြီလေ။ မြို့ရဲ့တောင်ဘက်တံခါးမှာ သက်ရှိတံခါးနတ်ဘုရား(၂)ယောက်တောင်ရှိတယ်လို့ သခင်လေးက ပြောသေးတယ်…”

“သူတို့တွေက တာ့လီအင်ပါယာ ပထမဆုံး တည်ထောင်ခဲ့တဲ့အချိန်မှာရခဲ့တဲ့ တာအိုဂိုဏ်းရဲ့ လက်ဆောင်တစ်ခုလို့ ပြောကြတာပဲ။ သူတို့က အရပ်(၁၅)မီတာ အမြင့်ရှိတယ်။ အဖေ အဲဒါက တော်တော်လေးကို ရယ်စရာကောင်းတယ်မဟုတ်လား..”

“ဒုတိယသခင်လေးကို စကားပြောတဲ့အချိန်မှာ ပိုပြီးဂရုစိုက်ဖို့ လိုအပ်တယ်…”

ကျူးဟယ်က ပြောလိုက်သည်။

ကျူးလုက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ဒီနေရာမှာ သခင်လေး မရှိပါဘူး။ ရိုးသားတဲ့ သူ့ရဲ့အကျင့်စရိုက်အရ အဲဒီအရာကို သူ ကြားရင်တောင် ဂရုစိုက်မှာ မဟုတ်ဘူး..”

“ဒီလိုမလေးမစားမလုပ်နဲ့…”

ကျူးဟယ်က အပြစ်တင်လိုက်သည်။

ကျူးလုက ခေါင်းငုံ့ပြီး မျက်တောင်လေးများကို အနည်းငယ်လှုပ်ရှားလိုက်မိ၏။

“ကောင်းမွန်တဲ့ဘဝကို ရထားတဲ့ သမီးတို့အစေခံတွေက လှဲ‌နေရင်တောင် ဘာမှမဟုတ်ဘူးလို့ ဒုတိယသခင်လေးက ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ဆိုးရွားတဲ့ဘဝနဲ့ ကံပါလာတဲ့ သူတွေကတော့ အခက်အခဲတွေ ရင်ဆိုင်ဖို့ သက်သက်ပဲ ဒီကမ္ဘာကြီးထဲကို ရောက်လာကြတာ။ လီဟွိုင်က ကောင်းကောင်းနေရဖို့ ကံဇာတာပါတယ်။ လင်းရှို့ယီလည်း အတူတူပဲ။ ချောက်ကမ်းပါးကျောင်းတော်ရဲ့ တပည့်တွေ ဖြစ်လာမှတော့ သူတို့က နောက်ပိုင်း နာမည်ကျော်ပညာရှင်တွေ ဖြစ်လာလိမ့်မယ်။ တကယ်လို့ အခြေအနေတွေက ကောင်းကောင်းဖြစ်မလာရင်တောင် အနည်း‌ဆုံးတော့ သူတို့က ချမ်းသာကြွယ်ဝတဲ့လူတွေ ဖြစ်လာနိုင်တယ်…”

မိန်းမပျိုက မော့ကြည့်ပြီး ဆက်ပြောလိုက်သည်။

“ချန်းပင်အန်းကတော့ … သူ့ရဲ့ဘဝကလည်း အရမ်းမဆိုးပါဘူး။ အနည်းဆုံးတော့ သူက တခြားသူတွေကို သခင်မလေး၊သခင်လေးလို့ ခေါ်စရာမလိုဘူး…”

သူ့သမီး၏အကြည့်ကြောင့် ကျူးဟယ်က အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူတို့ကတော့ မွေးလာသည့် အချိန်ကတည်းကစပြီး အစေခံများ ဖြစ်သည့်အတွက်ကြောင့် မျိုးရိုးစဉ်ဆက် အစေခံများ ဖြစ်ကြသည်။ ကျူးဟယ်က‌စကားပြောချင်နေသော်လည်း မည်သို့ပြန်ပြောရမှန်း မသိခဲ့ချေ။

ကျူးလု၏မျက်လုံးများက အလွန်ခိုင်မာပြီး ဆက်ပြောလိုက်သည်။

“အဖေ … အဆင်ပြေပါတယ်။ သမီးတို့မြို့တော်ကို ရောက်တဲ့အချိန်ကျရင် နိမ့်ကျတဲ့ အဆင့်အတန်းကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ပြီးတော့ တာ့လီရှေ့တန်းတပ်ဖွဲ့က မိန်းကလေး သိုင်းပညာရှင်တွေကိုလည်း ခေါ်တယ်လေ။ တကယ်လို့ သမီးကသာ ကောင်းကောင်းအကျိုးဆောင်နိုင်မယ်ဆိုရင် ဘုရင့်တပ်ဖွဲ့က ချီးမြင့်တဲ့ ဂုဏ်ထူးဆောင်နာမည် ရမှာပေါ့…”

ထိုအချိန်တွင် ကျူးဟယ်ကတော့ သူ့သမီးကို မရင်းနှီးသော လူတစ်ယောက်ကဲ့သို့ ကြည့်နေမိခဲ့သည်။ သူမဆီတွင် တက်ကြွမှုများ ပြည့်နှက်နေသည့်အတွက် သူလည်း စိတ်အေးသွားခဲ့ပြီး အတော်လေး ကျေနပ်သွားခဲ့၏။

သူက ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။

“ဒါဆိုလည်းအဖေတို့(၂)ယောက်လုံး တပ်ဖွဲ့ထဲကို ဝင်ကြမယ်။ ဒါဆိုရင် အဖေတို့က အချင်းချင်း စောင့်ရှောက်ပေးလို့ ရနိုင်တာပေါ့။ အခု ဒုတိယခင်လေးက မြို့တော်မှာ အခြေကျနေပြီဆိုတော့ ပိုကောင်းတဲ့တပ်ဖွဲ့တစ်ခုကိုရှာဖို့ သူ့ကို အကူအညီတောင်းလို့ရတယ်။ ဒါဆိုရင် ခက်ခဲတဲ့စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်စရာ မလိုတော့ဘူး…”

“ဘယ်လိုပဲဖြစ်ဖြစ် အဖေတို့က အဆင့်နိမ့်အစေခံဆိုတဲ့ အခြေအနေကနေ မလွတ်မြောက်နိုင်သေးခင် လုံချွမ်တိုင်းပြည် လီကလန်ကို အရှက်ရအောင် မလုပ်သင့်ဘူး။ အဖေတို့က နောက်ပိုင်း လွတ်လပ်ခွင့်ရသွားတဲ့အချိန်ကျရင်တောင် လီကလန်အပေါ် ကျေးဇူးရှိနေသေးတယ်…”

မိန်းမပျိုက ပြုံးလိုက်ပြီး သူမအဖေ၏ လက်မောင်းကိုကိုင်၍ လျင်မြန်စွာ လမ်းလျှောက်သွားခဲ့သည်။ သူမက သူ့ကို ခေါင်းအုံးဆက်သွယ်ရေးစခန်းဆီသို့ ဆွဲခေါ်လာပြီး ပြောလိုက်၏။

“ကောင်းပါပြီ သမီး နားလည်ပါတယ်။ အဖေ ဘယ်အချိန်တုန်းကများ ဒီလိုပွစိပွစိ ပြောတတ်လာတာလဲ…”

ကျူးဟယ်က သူ့သမီး၏ခေါင်းကိုပုတ်လိုက်သည်။ သူက ခဏကြာ စဉ်းစားနေပြီးနောက် ပြောရန် ဆုံးဖြတ်လိုက်၏။

“သမီးက အခွင့်အရေးရတဲ့အချိန်ကျရင် ချန်းပင်အန်းကို သွားပြီး တောင်းပန်သင့်တယ်။ သွားစားပွဲတောင်က တိုက်ပွဲထဲမှာ သူ့ရဲ့ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားကတော့ သူပြောတာ မှန်နေတာပဲ။ သမီးက အမှားလုပ်ခဲ့မှတော့ သူ့ကို တောင်းပန်ပြီး အမှားကိုပြင်ဆင်သင့်တယ်…”

ကျူးလုက တိတ်ဆိတ်သွားခဲ့သည်။ သို့သော် ဘာကြောင့်မှန်း မသိသော်လည်း သူမက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ကောင်းပါပြီ အဖေ…”

……………

ဖယောင်းတိုင်နီမြို့ထဲတွင် ကျောင်းဆောင်(၂)ခုရှိသည်။ ထိုအရာက တာ့လီအင်ပါယာ၏ ထုံးတမ်းအစဉ်အလာအတိုင်း ဖြစ်ကြ၏။ သူတို့ကတော့ဝမ်ချန်းစံအိမ်နှင့် စစ်ကျောင်းသူတော်စင် ကျောင်းဆောင်တို့ ဖြစ်ကြသည်။ ထိုကျောင်းဆောင်(၂)ခုလုံးက အလွန်ကြီးကျယ်ခမ်းနားစွာ တည်ရှိနေခဲ့၏။

ဝမ်ချန်းစံအိမ်ထဲတွင်တော့ ရိုးရာတုတ်တစ်ချောင်း ကိုင်ထားသည့် အရာရှိတစ်ယောက် ရှိနေပြီး စစ်ကျောင်းသူ‌တော်စင်ကျောင်းဆောင်တွင်တော့ ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားပြီး ခြေတစ်ဖက်က‌ ကျားတစ်ကောင်ပေါ်တွင် တင်ထားသော စစ်သူကြီးတစ်ယောက် ရှိသည်။

ထိုကျောင်းဆောင်(၂)ခုက ဖယောင်းတိုင်နီမြို့၏တောင်ဘက်တွင်‌ တည်ရှိကြသည်။ သူတို့က အချင်းချင်း မီတာ(၅၀၀)ခန့်သာ ကွာဝေးသည်။ ညအချိန်တွင် ရုပ်ထု(၂)ခုက တချိန်တည်း လှုပ်ရှားလာကြပြီး သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ဖုန်မှုန့်အလွှာများလည်း ကွာကျလာခဲ့သည်။ သူတို့ဆီမှ ရွှေရောင်အလင်းတန်းလေးများလည်း စတင်တောက်ပလာခဲ့၏။

တချိန်တည်းတွင် ပန်းထိုးမြစ်နှင့် အရက်မြစ်တို့၏ အနားတွင် ရှိနေသော ကျောင်းဆောင်ထဲရှိ ရွှေရောင်ရွှံ့ရုပ်ထုများကလည်း တူညီသော အခြေအနေကို ကြုံလာခဲ့ရသည်။ ‌

ဖယောင်းတိုင်နီမြို့၏ မြောက်ဘက်တွင် ရှိနေသော သွားစားပွဲတောင်တွင် ရင်ဘတ်ဗလာနှင့် လူသန်ကြီးက လက်ထဲတွင် အရက်တစ်အိုးကို ကိုင်ထား၏။ ခါးတွင်အ ရက်အိုး(၃)အိုးကို ချိတ်ထားခဲ့သည်။

သူက အရက်မူးနေသော်လည်း အတည့်အတိုင်း လမ်းလျှောက်နိုင်ပြီး ခြေလှမ်းတစ်လှမ်းချင်းဆီက (၁၅)မီတာ အတိအကျ ရှိနေသေးသည်။ သူက မြေပေါ်တွင် လမ်းလျှောက်နေရသည့်အလား တောင်တန်းကြီးပေါ်တွင် ဖြတ်သန်းလာခဲ့၏။ သူက သွားစားပွဲတောင်ထိပ်ပေါ်သို့ လျင်မြန်စွာ ရောက်လာပြီး ခြေထောက်ကို အားနှင့် ဆောင့်ချလိုက်သည်။

တောင်ထိပ်သခင်ဝေ့ပိုက အနားတွင် ပေါ်လာခဲ့၏။ ထိုလူက အလွန်ချောမောခန့်ညားသည့် လူငယ်လေးကိုကြည့်ပြီး ပြုံးလိုက်သည်။

“ဂုဏ်ယူပါတယ်။ တော်တော်လေး ပျော်စရာကောင်းတာပဲ။ နောက်ဆုံးတော့ မင်းက ကန့်သတ်ချက်ကနေ လွတ်ပြီး အစစ်အမှန်ခန္ဓာကိုယ်ကို ပြန်ရသွားပြီ။ အမှန်အတိုင်း ပြောရရင် မင်းက တောင်တန်းနတ်ဘုရားဖြစ်လာဖို့ အခွင့်အရေးတစ်ခုတောင် ရှိသေးတယ်။ ကြည့်ရတာတော့ မင်းက တော်တော်လေးကောင်းတဲ့ အခွင့်အရေးတစ်ခုကို ကြုံခဲ့တယ်‌ထင်တယ်…”

“အဓိကအချက်ကိုပဲ ပြောပါ…”

ဝေ့ပိုက မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။

ထိုလူက ပါးစပ်ကိုလက်နှင့်သုတ်ပြီး တည့်တည့် မေးလိုက်၏။

“အိုက်လျန်လို့ခေါ်တဲ့ ဓားသမားက ဘယ်လောက်အစွမ်းထက်လဲ…”

ဝေ့ပိုက တိတ်ဆိတ်သွားခဲ့သည်။

“ဒီကိစ္စက အရမ်းကို အရေးကြီးတယ်။ ငါက မင်းနဲ့အချိန်ဖြုန်းဖို့ ခံစားချက်မျိုး မရှိဘူး။ ပြီးတော့ ငါ့မှာ အချိန်လည်း မရှိဘူး…”

ထိုလူက တည်ငြိမ်စွာ ပြောလိုက်၏။

“တကယ်လို့ မင်းက မပြောချင်ဘူးဆိုရင်တော့ ငါက မင်းရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး မင်းကိုပြန်ကုစားဖို့ အခွင့်အရေးတောင် မပေးတော့ဘူး…”

“မင်းရဲ့မေးခွန်းကို ပြန်မဖြေခင် ဘာကြောင့် ဒီလိုမေးတာလဲဆိုတာပြောပြနိုင်မလား..”

ဝေ့ပိုက မေးလိုက်သည်။

ထိုလူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

“သူက တာ့လီအင်ပါယာရဲ့ ထိပ်တန်းပညာရှင်နှစ်ယောက်ကို သတ်ပစ်ခဲ့တယ်။ အဆင့်(၇) သိုင်းပညာရှင် လီဟိုနဲ့ အဆင့်(၈)ကျင့်ကြံသူ ဟုရင်လင်။ သူတို့နှစ်ယောက်လုံးက မိဖုရားကြီးရဲ့ဝါးသစ်ရွက်စံအိမ်က ပထမတန်းစား လက်ရွေးစင်တွေပဲ။ မိဖုရားကြီးက ဒီကိစ္စကိုကြားတဲ့အချိန်မှာ တော်တော်လေး မကျေမနပ်ဖြစ်နေတယ်။ ဒီလူက သူတို့ရဲ့စည်းမျဉ်းကို အရင်ချိုးဖောက်တယ်လို့လည်းခံစားနေရတယ်။ ဒါကြောင့် တာ့လီအင်ပါယာက သူ့ဆီက ရှင်းလင်းချက်တစ်ခု လိုချင်နေတယ်…”

ဝေ့ပို၏မျက်နှာက မည်းမှောင်နေခဲ့သည်။

ထိုလူက အေးစက်စွာ ပြုံးပြီး ဆက်ပြောလိုက်၏။

“မင်းက ဒီကိစ္စကနေ ဘေးဖယ်နေဖို့ အကြံပေးချင်တယ်။ မင်းဒီကိစ္စမှာ လုံးဝဝင်မပါရင် အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ မင်းကို လှုပ်ရှားတည်ငြိမ်မြစ်ထဲ နောက်တစ်ကြိမ် ကန်ချခံရလိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဘယ်သူကမှ သူတို့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ပျက်စီးခံပြီး မြစ်အောက်ခြေကနေ မင်းရဲ့ခန္ဓာကိုယ်အပိုင်းအစတွေကို စုဆောင်းပေးမှာ မဟုတ်တော့ဘူး။ ဘယ်သူကမှ မင်းရဲ့ရုပ်ထုကို တစ်စစီပြန်ဆက်ပြီး သွားစားပွဲတောင်ကို ယူလာပေးမှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် မင်းက နတ်ဘုရားရေ တိုင်းပြည်ရဲ့ မြောက်ပိုင်းတောင်တန်းနတ်ဘုရားလို့ ပြောနိုင်ဦးမှာလား..”

ဝေ့ပိုက ဝမ်းနည်းစွာ ပြုံးလိုက်မိလေသည်။

Translated by Hein Htet.

All Chapters