အခန်း (၁၁၁)
Vol. 8 Ch. 111
တာ့လီအင်ပါယာ၏ နယ်စပ်တွင် ယဲ့ဖူတောင်ကြားတံခါးက ပိတ်နေခဲ့၏။ မြို့ထဲတွင် စခန်းချနေသော အပေါ့စားမြင်းတပ်ဖွဲ့ဝင်များက အမှောင်ထဲတွင် ချီတက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအရာက သူတို့အတွက် ရှားရှားပါးပါး လုပ်ဆောင်နေသော အရာတစ်ခုလည်း ဖြစ်၏။
စုစုပေါင်း မြင်းတပ်သား(၁၀၀၀)နီးပါးခန့် ရှိနေသော်လည်း စစ်မြင်းများ၏ မြင်းခွာသံက မြေပေါ်တွင် စည်းချက်ကျစွာထွက်ပေါ်လာနေသည့်အတွက် လှုပ်ရှားမှုကြီးများ ထွက်ပေါ်လာနေခဲ့သည်။ တစ်စုံတစ်ယောက်က တိုက်ပွဲဗုံကို တီးခတ်နေသလို အားတတ်သရော ထင်မှတ်ရ၏။ ထိုအရာက လူတစ်ယောက်၏သွေးကို ပွက်ပွက်ဆူလာနိုင်သော အသံတစ်ခုလည်း ဖြစ်သည်။
လမ်းမကြီး၏ဘေးတွင်တော့ ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော စစ်သူကြီးတစ်ယောက်က သူ့မြင်းကို ဇက်ကြိုးသပ်လိုက်သည်။ သူ၏မျက်နှာအမူအရာက အလွန်တည်ငြိမ်နေခဲ့၏။
မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသော တပ်မှူးငယ်လေးတစ်ယောက်က သူ့မြင်းနှင့်အတူ အလျင်အမြန် ရောက်လာခဲ့သည်။ အရှိန်လျော့လိုက်ပြီးနောက် သူ့အနားတွင် ရှိနေသော စစ်သူကြီးကို အသံတိုးတိုးနှင့် မေးလိုက်၏။
“စစ်သူကြီးအန်း…
ကျွန်တော်တို့က မြောက်ပိုင်းကို အရှိန်မြှင့် ချီတက်ပြီး ရုတ်တရက် တိုက်ခိုက်ရတဲ့ အကြောင်းပြချက်က ဘာလဲ။ တာ့လီအင်ပါယာက မြောက်ပိုင်း ယဲ့ဖူတောင်ကြားရဲ့ အပြင်ဘက်မှာ နယ်မြေတွေ အကျယ်ကြီး ပိုင်ဆိုင်ထားတယ်။ ဒီတော့ သူခိုးဓားပြအကြီးကြီးတွေရှိဖို့ ဖြစ်နိုင်ပါ့မလား။ တကယ်လို့ ရှိခဲ့မယ်ဆိုရင်လည်း သူတို့ကို ဖြေရှင်းရမဲ့တာဝန်က ကျွန်တော်တို့မြင်းတပ်ဖွဲ့ရဲ့ပုခုံးပေါ်ကို ရောက်မလာသင့်ဘူး မဟုတ်လား…”
“မင်း မမေးသင့်တဲ့မေးခွန်းတွေ ရှိတယ်…”
ဝဝပုပုစစ်သူကြီးက လေးလေးနက်နက် ပြောလိုက်သည်။
တပ်မှူးငယ်လေးက မျက်နှာပျက်သွားခဲ့၏။ သို့သော် သူက မေးခွန်းဆက်မေးနေခြင်းကို အမှန်တကယ် ရပ်တန့်လိုက်သည်။
ယဲ့ဖူတောင်ကြားမှ စစ်သူကြီးက အနည်းငယ် တွေဝေနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း အနည်းငယ် မသက်မသာ ခံစားနေရခြင်းကြောင့် ဖြစ်သည်။ စကားလုံးများကို သေချာပြင်ဆင်လိုက်ပြီးနောက် သူက တိတ်တဆိတ် ရှင်းပြလိုက်၏။
“ငါတို့မြင်းတပ်တစ်ခုတည်းပဲ မြောက်ပိုင်းကို သွားတာ မဟုတ်ဘူး။ ဒီမြောက်ပိုင်းနယ်စပ် တောင်ကြားတွေမှာရှိတဲ့ ခြေလျင်တပ်တွေ၊ မြင်းတပ်တွေ တစ်ဝက်နီးပါးလောက်က ဒီနေ့ည မြောက်ပိုင်းကို ချီတက်ကြလိမ့်မယ်…”
ထိုစကားကို ကြားသည့်အခါ တပ်မှူးငယ်လေးက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
“ရာသီအလိုက် အမဲလိုက်တာက (၄)နှစ်တစ်ကြိမ်ပဲ လုပ်တာ မဟုတ်လား။ ဒါပေမဲ့ အခုချိန်က အဲဒီရာသီလည်း မဟုတ်သေးဘူး။ ကျွန်တော်တို့က မနှစ်တုန်းကမှ နွေဦးအမဲလိုက်စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာ။ တကယ်လို့ ကျွန်တော်တို့က ဒီနှစ်စစ်ရေးလေ့ကျင့်မှု အကြီးကြီးလုပ်မယ်ဆိုရင်တောင် နွေရာသီကျမှပဲ ဖြစ်သင့်တယ်..”
စစ်သူကြီးက သူ့မြင်း၏လည်ဆံမွေးကို လက်နှင့်သပ်ပြီး ပြန်ဖြေလိုက်သည်။
“ငါတို့က နေရာရောက်တဲ့အချိန်ကျရင် စစ်မက်ရေးရာဌာနက ငါတို့ကို အမိန့်ပေးလိမ့်မယ်။ ငါတို့က ဘာမှစဉ်းစားနေဖို့ မလိုတော့ဘူး…”
……………
ဖယောင်းတိုင်နီမြို့၏ အနောက်ဘက် ကီလိုမီတာ (၁၀၀) ကျော်အကွာတွင်... အလွန်ကျယ်ပြန့်သော ပန်းထိုးမြစ်၏အလယ်၌ သေးငယ်သော တောင်တစ်တောင် ရှိနေခဲ့သည်။ နယ်မြေခံများကတော့ ထိုတောင်ကို နာမည်တစ်ခု ပေးထားခဲ့သည်။ ထိုအရာက ဘိန်းမုန့်တောင်ဟု ခေါ်ခဲ့ကြ၏။
ထိုတောင်ပေါ်တွင်တော့ အထီးကျန်နေသော တောင်တန်းသခင်၏ ကျောင်းဆောင်ငယ်လေးတစ်ခု ရှိသည်။ သို့သော် ထိုကျောင်းဆောင်တွင် အမွှေးတိုင်၊ ဖယောင်းတိုင်များ လုံးဝပြတ်သွားခဲ့ခြင်း မရှိချေ။ ထိုကျောင်းဆောင်က အလွန်အစွမ်းထက်သည်ဟု ပြောကြ၏။
လူအများက ကြွယ်ဝချမ်းသာမှုနှင့် တောင်းဆိုသည့်အရာတိုင်းကို လက်ခံရရှိကြသည်။ ထို့ကြောင့် ထိုကျောင်းဆောင်က အလွန်နာမည်ကျော်ကြားလာခဲ့ပြီး လှေနှင့် လာရောက်လည်ပတ်သော စာသင်သားများ၊ အရာရှိများအတွက်ပင် မဖြစ်မနေ လာကြရသည့် နေရာတစ်ခု ဖြစ်လာခဲ့၏။
နွေဦးရာသီညပိုင်းက အေးစက်နေပြီး မြစ်ထဲတွင် ရှိနေသော လှိုင်းလုံးများကလည်း လေထဲတွင် ရေခိုးရေငွေ့များ ထွက်ပေါ်လာစေခဲ့သည်။ အကယ်၍ မြစ်ထဲကို သေချာစိုက်ကြည့်လိုက်မည်ဆိုလျှင် (၁)မီတာခန့် အရှည်ရှိသော အစိမ်းရောင် ငါးတစ်ကောင်က ထိုတောင်ဆီကို အရှိန်ပြင်းစွာ ကူးခတ်လာကြောင်း တွေ့ရပါလိမ့်မည်။
အံ့ဩစရာကောင်းသည်မှာ ထိုငါး၏နောက်ကျောပေါ်၌ အနီရင့်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကလေးငယ်တစ်ယောက် ထိုင်နေခဲ့သည်။ ထိုကလေးငယ်က လက်ဖဝါး အရွယ်အစားခန့်သာ ရှိ၏။
သူကတော့ မြင်းစီးနေသော မြင်းသမား တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူ၏လက်နှစ်ဖက်က အစိမ်းရောင်ငါး၏ နှုတ်ခမ်းမွေးနှစ်ချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့၏။ ထိုကလေးက ငါး၏လှုပ်ရှားမှုအတိုင်း ရေထဲတွင် ပေါ်လိုက်မြုပ်လိုက် ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး စိုရွှဲနေခဲ့သည်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏နှုတ်ဖျားမှနေ၍ ကျိန်ဆဲသည့်အသံများ ထွက်ပေါ်လာနေခဲ့၏။
ကမ်းစပ်သို့ ရောက်သည့်အချိန်တွင် အစိမ်းရောင်ငါးက ရုတ်တရက် ရပ်လိုက်သည့်အတွက် ထိုကလေးငယ်က မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားခဲ့သည်။ ကလေးငယ်က မျက်နှာပျက်ပျက်နှင့် မတ်တပ်ရပ်လိုက်၏။
ထို့နောက် သူက မြစ်ကမ်းစပ်သို့ ပြန်ကူးသွားသော အစိမ်းရောင်ငါးကိုကြည့်ပြီး အော်ဟစ်လိုက်သည်။
“မကောင်းတဲ့ကောင်တွေဆီမှာ မကောင်းတဲ့အရိပ်တွေ ရှိတာပဲ။ မင်းရဲ့ပိုင်ရှင်ကတော့ တကယ့်ကို ခွေးကောင်…”
ငါးက ရုတ်တရက်ပြန်လှည့်လာပြီး ကမ်းစပ်တွင် ရှိနေသော ကလေးငယ်ကို လှည့်ကြည့်လိုက်သည်။
ထို့ကြောင့် ကလေးငယ်က အလွန်ကြောက်လန့်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
“ယောကျ်ားကောင်းတွေက မိန်းမတွေနဲ့ အငြင်းအခုံမလုပ်ဘူး…”
ထို့နောက် သူက ပြန်လှည့်ပြီး တောင်တန်းသခင်၏ ကျောင်းဆောင်ဆီသို့ ပြေးသွားခဲ့သည်။ ကျောင်းဆောင်ကြီးက ပွင့်နေသေးသော်လည်း ထိုကလေးငယ်က တံခါးဘောင်ပေါ်ကို တက်ရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။ အတွင်းထဲတွင် ဆင်းသက်လိုက်ပြီးနောက် သူက တကိုယ်လုံး ဆေးများကွာနေသော ရယ်စရာကောင်းသည့် ရွှံ့ရုပ်ထုကို မော့ကြည့်လိုက်သည်။
ထို့နောက် ခေါင်းပေါ်သို့ လက်တင်ပြီး အော်ဟစ်လိုက်၏။
“မင်းရဲ့သခင်က မြစ်ထဲမှာ ရေနစ်သေခါနီး ဖြစ်ခဲ့တယ်။ မင်းက မြန်မြန်ထလာပြီး ငါ့အမိန့်ကို လက်မခံဘူးလား။ မင်းက မရိုမသေလုပ်တဲ့အတွက် ငါက မင်းကို အပြစ်ပေးပြီး ခေါင်းဖြတ်မှာ မကြောက်ဘူးလား…”
ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အနီဝတ်ကလေးငယ်ကတော့ ကျောက်တုံးတစ်တုံးကဲ့သို့ ကျောင်းဆောင် အပြင်ဘက်ကို ကန်ထုတ်ခံခဲ့ရ၏။
တံခါးဘောင်ပေါ်တွင် အရပ်ပုပု လူတစ်ယောက် ထိုင်နေပြီးသူက အပြစ်တင်လိုက်သည်။
“မင်းလို ကျောင်းဆောင်ထဲမှာမွေးတဲ့ အမွှေးတိုင်ကလေးငယ်က ငါ့ရဲ့သခင်အဖြစ်တောင် ဟန်ဆောင်ရဲသေးတာလား…”
ထိုလူနှင့် ကလေးငယ်တို့က အတော်လေး တူညီနေခဲ့သည်။ ကလေးငယ်က ဒေါသတကြီး အသက်ကို ရှုနေခဲ့၏။ သူက အံကြိတ်လိုက်ပြီး ဝမ်းနည်းနေသော အမူအရာနှင့် တံခါးဘောင်ပေါ်ကို ခက်ခက်ခဲခဲတက်၍ ထိုင်လိုက်၏။
ထိုလူက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ…”
“ကျွန်တော် နည်းနည်း ဗိုက်ဆာတယ်…”
ကလေးက တီးတိုးရေရွတ်လိုက်သည်။
ထိုလူက လက်မြှောက်လိုက်ပြီး ကလေးကို ရိုက်မည့်ဟန် ပြင်လိုက်သည်။ ထို့ကြောင့် ကလေးငယ်က သူ့ခေါင်းကို လက်နှစ်ဖက်နှင့်ကာပြီး ပြောလိုက်၏။
“ကျွန်တော်က အခုလေးပဲ မြို့နတ်ဘုရားစံအိမ်ထဲကနေ သတင်းတချို့ ကြားခဲ့ရတယ်။ အထွေထွေရေးရာဌာနနဲ့ နက္ခတ်ရေးရာဌာနတို့က လျှို့ဝှက်အမိန့်(၂)ခု ထုတ်လိုက်တယ်။ သူတို့က ဖယောင်းတိုင်နီမြို့ရဲ့ ကီလိုမီတာ(၅၀၀)အတွင်း ရှိနေတဲ့ တောင်တန်းနတ်ဘုရားတွေနဲ့ မြစ်နတ်ဘုရားတွေအားလုံးကို အမိန့်စောင့်နေဖို့ ပြောခဲ့တယ်။ သူတို့ကို အပြင်သွားဖို့ ခွင့်မပြုဘူး။ ပြီးတော့ တံခါးပိတ် လေ့ကျင့်နေဖို့လည်း ခွင့်မပြုဘူး။ သူတို့က အရံသင့် အမိန့်နာခံဖို့ စောင့်နေကြရလိမ့်မယ်…”
“တကယ်လို့ ခေါ်တဲ့အချိန် သူတို့မရှိရင် သူတို့ကို သေခြင်းတရားနဲ့ပဲ အပြစ်ပေးလိမ့်မယ်။ သေစမ်း...တကယ်လို့ ဒီသတင်းကို ကျွန်တော်သာ ပြောမပြရင် ခင်ဗျားရဲ့ပျင်းပုံမျိုးနဲ့ အခုချိန် တစ်စစီ ဖြစ်သွားလောက်ပြီ။ လူတစ်ယောက်က ဓားငှားပြီး သတ်လို့ရတယ်လေ။ ဪ .. ကျုပ်က မေ့နေတာ ခင်ဗျားက လူမှမဟုတ်တာ…”
ယခုတစ်ကြိမ်တော့ ကလေးငယ်က ကျောင်းဆောင်ထဲသို့ လွင့်သွားခဲ့သည်။
ထိုလူက မတ်တပ်ရပ်လိုက်ပြီး ဖယောင်းတိုင်နီမြို့ရှိရာကို လှည့်ကြည့်လိုက်၏။ သူက အလွန်တည်ငြိမ်သော အမူအရာနှင့် ကလေးငယ်ကို ပြောလိုက်သည်။
“ငါက မင်းအတွက် အမွှေးတိုင်ခွက်ထဲမှာ စားစရာတချို့ ချန်ထားတယ်။ အဲဒါကို ကောင်းကောင်းစားဖို့ မမေ့ပါနဲ့…”
“ခင်ဗျားမှာ အသိစိတ် ရှိနေသေးလို့ တော်သေးတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက ဒီလိုဆိုးရွားတဲ့ အခြေအနေမျိုးကို ဘယ်လိုရောက်သွားခဲ့လဲဆိုတာ ကျုပ်လည်း နားမလည်ဘူး။ ခင်ဗျားလို ဆင်းရဲတဲ့ လူတစ်ယောက်က ဒီကုန်းမြေကြီးထဲမှာ အသက်အရှည်ဆုံး တောင်တန်းသခင် တစ်ယောက် ဖြစ်နေတယ်။ ဒါပေမဲ့ ခင်ဗျားကတော့ အပေါင်းအဖော်တွေ အားလုံးနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးမျိုး ရှိနေတယ်။ အဲဒါတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် ခင်ဗျားရဲ့လက်အောက်ခံတွေကတောင် ခင်ဗျားရဲ့အမိန့်ကို လျစ်လျူရှုရဲသေးတာပဲ။ ပြောစမ်းပါဦး … ကျုပ်က ဘာလို့များ ကံဆိုးပြီး ခင်ဗျားရဲ့ အမွှေးတိုင်ခွက်ထဲမှာ မွေးလာရတာလဲ။ အခုကျုပ်က နောက်ဘဝကျရင် ပြန်ဝင်စားဖို့ ပိုကောင်းတဲ့ အမွှေးတိုင်ခွက်တစ်ခုကို ရှာသင့်တယ်..”
အနီဝတ်ကလေးငယ်က ဆက်၍ အပြစ်တင်နေခဲ့သည်။ သို့သော် သူကတော့ အမွှေးတိုင်စားပွဲပေါ်သို့ တက်ရန် ရပ်တန့်နေခဲ့ခြင်း မရှိချေ။ ထို့နောက် အမွှေးတိုင်(၇)တိုင် ရှိနေသေးသော ကြေးနီအမွှေးတိုင်ခွက်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။
……….
ခေါင်းအုံးဆက်သွယ်ရေးစခန်းသို့ ပြန်လာသည့် အချိန်တွင် သူ့ဘေး၌ လိုက်လာသော ကလေးငယ်က တစ်ချိန်လုံး အံကြိတ်နေကြောင်း ချန်းရှန့်က သတိထားမိခဲ့သည်။ တချို့အချိန်များတွင်တော့ ထိုကလေးငယ်က သက်ပြင်းရှည်ကြီး ချနေခဲ့၏။ သူကတော့ အသက်ရှင်လွတ်မြောက်ရေးအတွက် ရွေးချယ်မှုတစ်ခုကို လုပ်ဆောင်နေသလို ထင်မှတ်ရသည်။
နောက်ဆုံးတွင်တော့ လီဟွိုင်က ရပ်လိုက်၏။ သူက အားတင်းပြီး တောင်းဆိုလိုက်သည်။
“အဘိုးကြီးချန်း …
ကျွန်တော့်မှာ ကြေးပြား(၃၀)ရှိတယ်။ ဒါဆိုရင် ကျွန်တော်က စာအုပ်ဆိုင်ကို ပြန်သွားပြီး စာအုပ်တစ်အုပ်ဝယ်လို့ ရနိုင်မလား။ အဲဒီမှာ ဈေးအနည်းဆုံးစာအုပ်က ဘယ်လောက်ဖြစ်မလဲ။ ကျွန်တော် ဝယ်လို့ရနိုင်လား…”
အဘိုးကြီးချန်းဟု အခေါ်ခံလိုက်ရသော ချန်းရှန့်က ရယ်ရမလား ငိုရမလားပင် မသိခဲ့ချေ။ ခဏကြာစဉ်းစားနေပြီးနောက် သူက နှစ်နှစ်ကာကာ ပြန်ဖြေလိုက်၏။
“အဲဒါကပြောဖို့ခက်တယ်။ ဒီစာအုပ်ဆိုင်က ဖယောင်းတိုင်နီမြို့ထဲမှာ ဈေးအကြီးဆုံးလို့ သတ်မှတ်နိုင်တယ်။ ရှားပါးစာအုပ်တွေ စုဆောင်းတာဝါသနာပါတဲ့ စာသင်သား တစ်ယောက်မှ မဟုတ်ဘူးဆိုရင် လူအနည်းစုလောက်ကပဲ အဲဒီဆိုင်ကိုသွားပြီး စာအုပ်တွေ ဝယ်ကြတာ။ တကယ်လို့ မင်းက စာအုပ်တစ်အုပ် ဝယ်ချင်တယ်ဆိုရင် ငါက မြို့ရဲ့ အရှေ့ဘက်အခြမ်းမှာရှိတဲ့ စာအုပ်ဆိုင်ကြီး(၂)ခုကို သိတယ်။ ကွန်ဖြူးရှပ် အတွေးအခေါ်တွေ၊ ဆန်းကြယ်တဲ့ သင်ကြားမှုတွေ၊ ထူးခြားဆန်းကြယ်တဲ့ ပုံပြင်စာအုပ်တွေ အများကြီးရှိတယ်။ တကယ်လို့ မင်းလိုချင်တယ်ဆိုရင် ငါက မင်းအတွက် ဈေးလျော့ပေးခိုင်းလို့တောင် ရသေးတယ်…”
အလွန်ခေါင်းမာသော ကောင်လေးကတော့ ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
“မရဘူး။ ကျွန်တော်တို့ သွားခဲ့တဲ့ စာအုပ်ဆိုင်ကနေပဲ လိုချင်တာ…”
ထိုကြေးပြား(၃၀)က လီဟွိုင် တိတ်တဆိတ် စုဆောင်းထားခဲ့သော အရာတစ်ခု ဖြစ်သည်။ တစ်ဝက်ကျော်ကတော့ သူ့ဦးလေး၏မိသားစုဆီမှ ခိုးထားခဲ့ခြင်းဖြစ်၏။ တခြားသောအရာများကတော့ သူ့အစ်မလီလျှိုဆီမှ ဖြစ်သည်။
အစောပိုင်းတွင် ချန်းပင်အန်းက မေးခွန်းထုတ်နေခြင်းပင် မရှိဘဲ အလွန်ဈေးကြီးသော စာအုပ်တစ်အုပ်ကို ဝယ်ပေးခဲ့သည်။ သူက လီဟွိုင်အပေါ် ငွေစများစွာ သုံးခဲ့ရသော်လည်း မကျေနပ်သည့် အမူအရာမျိုး မပြခဲ့ပေ။ ထိုအစား လီဟွိုင်က ထိုစာအုပ်ကို ဖတ်မဖတ်သာ မေးခဲ့၏။
ထို့ကြောင့် လီဟွိုင်က အလွန်အံ့ဩသွားခဲ့ရသည်။ သူက ချန်းပင်အန်း၏မေးခွန်းကို သေချာပေါက် ပြန်ဖြေခဲ့သည်။ သူ ပျင်းသည့် အချိန်မျိုးတွင် ထိုစာအုပ်ကို ဖတ်ကြည့်နေခဲ့၏။ အမှန်အတိုင်း ပြောရလျှင်တော့ လီဟွိုင်က ရေပြတ်တောင်ထိပ်ဟူသော ထိုစာအုပ်ကို အနည်းငယ်လေးသာ စိတ်ဝင်စားသည်။
သို့သော် တစ်စုံတစ်ယောက်က သူ့အတွက် ငွေစ(၁၀)စ သုံးပေးနေသည့်အတွက် သူလည်းအလွန်ဝမ်းသာနေခဲ့၏။ လီဟွိုင်က အရူးတစ်ယောက် မဟုတ်ချေ။ တစ်စုံတစ်ယောက်က သူ့အပေါ် ကောင်းလား၊ ဆိုးလား ကောင်းကောင်းကြီး နားလည်နေခဲ့၏။
မြက်ဖိနပ်တစ်စုံ၊ သူ ရတော့မည့် စာအုပ်သေတ္တာလေးနှင့် ရေပြတ်တောင်ထိပ်စာအုပ်... သူက ချန်းပင်အန်းအပေါ် အကြွေးများစွာ တင်နေပြီ ဖြစ်သည့်အတွက် ထိုအကြွေးကို တစ်နည်းနည်းနှင့် ပြန်ဆပ်ရမည်ဟု ခံစားမိနေခဲ့၏။ မဟုတ်လျှင် သူက အပြစ်ရှိသလို ခံစားရပါလိမ့်မည်။
အမှန်အတိုင်းပြောရလျှင် လီဟွိုင်က ကျူးလုနှင့် လင်းရှို့ယီတို့ကို သဘောမကျပေ။ တစ်ယောက်က ခေါင်းမာပြီး တစ်ယောက်က ပိန်ပိန်ပါးပါး ဖြစ်သည်။ ထိုအစား လီပေါင်ဖျင်ကမှ အတော်လေး အဆင်ပြေသေးသည်ဟု တွေ့ခဲ့ရ၏။ ထိုကလေးမလေးက ကျောင်းတွင် သူ့ကို မကြာခဏ အနိုင်ကျင့်ခဲ့သော်လည်း သူကတော့ ကိစ္စမရှိချေ။
လီဟွိုင် သဘောအကျဆုံးလူကတော့ အပူအပင်ကင်းကင်း နေတတ်သော အိုက်လျန်ဖြစ်သည်။ ရွှံ့ပုလင်းလမ်းကြားထဲမှ ဆင်းရဲသားကောင်လေးကိုတော့ လီဟွိုင်က အနည်းငယ် ကြောက်လန့်နေခဲ့၏။
ချန်းရှန့်က ငုံ့ကြည့်လိုက်ရာ ထိုကောင်လေး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခုကို မြင်လိုက်ရသည်။ သူက ထိုလူပြောသကဲ့သို့ အင်မော်တယ် တစ်ယောက်၏ လက္ခဏာကို ပိုင်ဆိုင်ထားသည်။ ဤကမ္ဘာကြီးထဲတွင် လူတစ်ယောက်၏ စိတ်အခြေအနေကို အကျိုးရှိစေနိုင်သော အခွင့်အရေးတချို့ ရှိတတ်သည်။
ဆက်သွယ်ရေးစခန်း ဒုခေါင်းဆောင်က ပြုံးလိုက်မိ၏။ သူက ထိုကောင်လေးကို အကူအညီအနည်းငယ် ပေးနိုင်သည်ဟုလည်း တွေးခဲ့မိသည်။ နောက်ပိုင်းတွင်တော့ ထိုအကူအညီက အကျိုးအမြတ်များအဖြစ် ပြောင်းလဲသွားနိုင်၏။ လူတစ်ယောက်အပေါ် ကောင်းပေးသည့်အခါ သာမန်လူ(၁၀၀၀)ခန့်ကို သနားကြင်နာပြလိုက်ခြင်းက အင်မော်တယ် တစ်ယောက်ကို သနားကြင်နာပြလိုက်ခြင်းထက် အဆပေါင်းများစွာ ပို၍နိမ့်ကျသည်။
ထိုအရာက သူ ကိုယ်တိုင် ကြားထားခဲ့သော အရာတစ်ခု ဖြစ်သလို ကိုယ်တိုင် မြင်တွေ့ထားရသော အရာတစ်ခုလည်း ဖြစ်သည်။ ထိုအရာက အမှန်တရားတစ်ခုလည်း ဖြစ်၏။
ချန်းရှန့်က ထိုကောင်လေးကို လမ်း(၂)လမ်း၏ ကြားထဲတွင် ရှိနေသော လမ်းကြားလေးထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ဆိုင်ရှင်လူငယ်ကတော့ လှေကားထစ်တွင် ထိုင်နေပြီး သူ့ကိုကြည့်၍ ပြုံးနေခဲ့၏။ သူက သူတို့ပြန်လာမှာကို မျှော်လင့်ထားသလို ထင်မှတ်ရသည်။
တချိန်တည်းတွင် လက်ထဲ၌ မီးအိမ်တစ်လုံး ကိုင်ထားသော ခါးကုန်းအဘိုးအိုက လမ်းကြားလေး၏ တခြားတစ်ဖက်မှနေ၍ လီဟွိုင်နှင့် ချန်းရှန့်တို့ဆီကို လျှောက်လာခဲ့သည်။
စာအုပ်ဆိုင်ပိုင်ရှင်လူငယ်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ချန်းရှန့်ကို လက်ကာပြ၍ ပြောလိုက်၏။
“ဒီနေ့စာအုပ်ဆိုင်ပိတ်ပြီ။ မင်းက နောက်တစ်ခေါက်ကျမှပဲ ဒီကောင်လေးကို ခေါ်လာခဲ့တော့…”
ချန်းရှန့်က ချက်ချင်းပင် ပြန်လှည့်သွားခဲ့ပြီး လီဟွိုင်ကို သူနှင့်အတူ ခေါ်သွားရန် မမေ့ခဲ့ပေ။
သူတို့နှစ်ယောက် ထွက်သွားကြောင်း သေချာသွားပြီးနောက် အလွန်ချောမောခန့်ညားပြီး ယဉ်ကျေးသိမ်မွေ့သည့် လူငယ်ဆီတွင် တည်ငြိမ်အေးချမ်းသော ပုံသဏ္ဌာန် ပျောက်ကွယ်သွားခဲ့သည်။ သူ့ပုံစံက အတော်လေးကို လေးစားနေပြီး မသက်မသာ ခံစားရသော ပုံစံနှင့် လက်နှစ်ဖက် ဆုပ်လိုက်သည်။
“လှုပ်ရှားတည်ငြိမ်မြစ်က လီကျင်း အရိုအသေပေးပါတယ်…”
သူ့ရှေ့တွင် ရပ်နေသော ဆံပင်ဖြူနှင့် အဘိုးအိုက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး လက်တစ်ဖက်တွင် မီးအိမ်ကို ကိုင်ထားခဲ့သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး စာအုပ်ဆိုင်ထဲသို့ ဝင်လာခဲ့၏။ လူငယ်က သူ့ကို လမ်းဖွင့်ပေးလိုက်ပြီး အဘိုးအို၏ နောက်မှ အထဲကို လိုက်လာခဲ့သည်။
အဘိုးအိုက မီးအိမ်ကိုင်ထားသောလက်ကို အနည်းငယ် လျောလိုက်ပြီး ချောမောခန့်ညားသော လူငယ်ကို ပြန်လှည့်ကြည့်လိုက်သည်။ သူက ခံစားချက်များ ပြည့်နေသော အမူအရာနှင့် သက်ပြင်းချ၍ ပြောလိုက်၏။
“ငါ မင်းကို ပထမဆုံး တွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်(၄၀)တုန်းကလိုပါပဲလား။ မင်းက အခုလိုပုံစံမျိုးပဲ။ အားကျဖို့ ကောင်းလိုက်တာ…”
လီကျင်းက သူ၏ခေါက်ယပ်တောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့လို မျိုးဆက်တွေအတွက်တော့ လူသားတွေလို အသက်ရှည်ရှည် နေနိုင်တာကပဲ အကောင်းဆုံးကံကြမ္မာလို့ ပြောနိုင်ပါတယ်…”
အဘိုးအိုက ခေါင်းညိတ်ပြီး သူ့စကားကို တုံ့ပြန်ခဲ့ခြင်း မရှိချေ။
“ခေါင်းအုံးဆက်သွယ်ရေးစခန်းမှာ ရောက်နေတဲ့အဖွဲ့က ဆရာကြီးတို့ ခေါ်ထားခဲ့တာလား…”
လူငယ်က စိတ်ဝင်တစား မေးလိုက်သည်။
အဘိုးအိုက တိတ်ဆိတ်နေခဲ့၏။
ထို့ကြောင့် လီကျင်းလည်း ပါးစပ်ပိတ်လိုက်မိသည်။ သူက လွန်ခဲ့သော နှစ်(၁၀၀)ခန့်တွင် ထိုစာအုပ်ဆိုင်လေးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် သူက ကမ္ဘာကြီးကို အေးစက်သောမျက်လုံးနှင့်သာ စိုက်ကြည့်နေခဲ့၏။
သူက နန်းတွင်းထဲတွင် အကြောင်းအရာများစွာနှင့် အခြေအနေမျိုးစုံကို မြင်ခဲ့ဖူးသည်။ သူက တာ့လီအင်ပါယာ၏ နန်းတွင်းနှင့် အစိမ်းသက်သက် မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ခေါင်းအုံးဆက်သွယ်ရေးစခန်းတွင် အရည်အသွေးကောင်းသော အခန်းနှင့် အလယ်အလတ် အရည်အသွေးရှိသော အခန်းများကို လိုချင်နေသည်ဆိုလျှင် အနည်းဆုံးဌာနကြီး(၆)ခုမှ လက်ထောက်အမတ်ကြီး တစ်ယောက် ဖြစ်ရမည်ဖြစ်သည်။ နန်းရေးဝန်ကြီး(၃)ယောက်ကတော့ ချွင်းချက်ဖြစ်၏။
ဌာနကြီး(၆)ခုတွင် ရှိနေသော အမတ်ကြီးနှင့် လက်ထောက်အမတ်ကြီးအောက်တွင် နန်းရေးဝန်ကြီးများ ရှိကြသည်။ ထိုအရာက ဌာနများ၏ လက်အောက်ခံများကို စောင့်ကြည့်ရန် တာဝန်ရှိ၏။ နန်းရေးဝန်ကြီးဆိုသည်မှာ အဆင့်(၅) အရာရှိတစ်ယောက်ဖြစ်ပြီး သူတို့က ပြင်ပအရာရှိများ ဖြစ်ကြသည်။
ပြောရမည်ဆိုလျှင် နန်းရေးဝန်ကြီးများနှင့် ပြင်ပအရာရှိများက နာမည်ကျော်ကြားသောသူများ မဟုတ်ကြပေ။ သို့သော် ထိုစည်းမျဉ်းမှ ချွင်းချက်ဖြစ်သော နန်းရေးဝန်ကြီး(၃)ယောက်ကတော့ မျှော်မှန်းကြည့်၍ပင် မရနိုင်သော စွမ်းအားများကို ကိုင်ဆောင်ထားကြသည်။
သူတို့က ကိုယ်ရေးဌာနတွင် ရှိနေသော အရာရှိများ၏ အကျိုးဆောင်မှု စစ်ဆေးသူ၊ စစ်မက်ရေးရာဌာနထဲရှိ အရာရှိများ၏ သိုင်းပညာစစ်ဆေးသူနှင့် အထွေထွေရေးရာဌာနမှ ရိုးရာအရာရှိတို့ ဖြစ်ကြသည်။
ထိုအရာရှိ(၃)ယောက်က အဆင့်အတန်း မြင့်မားခြင်း မရှိသော်လည်း သူတို့က နန်းတွင်းထဲတွင် လူတိုင်း အလေးထားရသည့် အစွမ်းများကို ပိုင်ဆိုင်ထားကြသည်။ သူတို့ကို မြို့တော်အပြင်ဘက်သို့ စေလွှတ်လိုက်မည်ဆိုလျှင် သူတို့က မြို့စားများအဖြစ် သတ်မှတ်ခံရနိုင်ပြီး အထူးဧည့်ခံမှုများနှင့်ပင် သေချာပေါက် ကြုံရနိုင်သည်။
တစ်ယောက်က အဆင့်(၄)အောက်တွင် ရှိနေသော နယ်မြေခံအရာရှိများအားလုံး၏ စစ်ဆေးမှုနှင့် ရာထူးတိုးမှုကို တာဝန်ယူရသည်။ တစ်ယောက်ကတော့ တိုင်းပြည်ထဲတွင် ရှိနေသော သိုင်းပညာရှင်များ ရွေးချယ်စစ်ဆေးမှုကို တာဝန်ယူရသည်။ သူက ကျင့်ကြံရေးကမ္ဘာကြီးထဲမှ သိုင်းပညာရှင်များ ဆင့်ခေါ်ရာတွင် ပို၍ တာဝန်ရှိ၏။
တစ်ယောက်ကတော့ တိုင်းပြည်ထဲတွင် ကျင်းပသော ကြီးကြယ်ခမ်းနားသည့် ရိုးရာထုံးလမ်းစဉ်လာများကို တာဝန်ယူထားရပြီး အကြောင်းအရာကိစ္စများနှင့် ပတ်သက်၍ ဘုရင့်ထံတွင် လိုအပ်သောအကြံများကို ပေးရသော အကြံပေးတစ်ယောက်လည်း ဖြစ်သည်။ ထိုကဲ့သို့ အဆင့်နိမ့်သော အရာရှိများက ကွန်ဖြူးရှပ်ကျောင်းတော် သို့မဟုတ် ကျောင်းတော်များမှ စာသင်သားတစ်ယောက် ဖြစ်ကြသည်။
လီကျင်း၏ရှေ့တွင် ရပ်နေသော မထင်မရှားအဘိုးအိုကတော့ ထိုအရာရှိ(၃)ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၄၀)ခန့်တွင် လီကျင်းက မြို့တော်သို့ နန်းတွင်းစာမေးပွဲ သွားဖြေမည့် ဆင်းရဲသော စာသင်သားလေးတစ်ယောက်ကို စာအုပ်(၂)အုပ် လက်ဆောင်ပေးလိုက်သည်။
သူ အံ့ဩသွားရသည်မှာ ထိုဆင်းရဲသားစာသင်သားလေးက ဆက်တိုက်ဆိုသလို အဆင့်တက်လာပြီး တဖြည်းဖြည်းနှင့် အထွေထွေရေးရာဌာနတွင် နန်းရေးဝန်ကြီး တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအရာက အလွန်ကြီးကျယ်ခမ်းနားသော ရာထူးတစ်ခုလည်း ဖြစ်၏။
နန်းတွင်းနှင့် အလွန်ဝေးကွာသော လူသားကမ္ဘာကြီးထဲရှိ လီကျင်းအတွက်တော့ တခြားသော အဓိပ္ပာယ်တစ်ခု ဖော်ဆောင်နေခဲ့သည်။ အရာရှိအများစုကိုပင် လက်မခံသော ထိုရုံးတော်က တောင်တန်းနှင့် မြစ်နတ်ဘုရားများကို ရွေးချယ်နေရာ ချထားပေးရန် တာဝန်ရှိသည်ဟု နာမည်ကျော်ကြားသည်။ ထိုရုံးတော်က နောက်ဆုံးဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိသော်လည်း သူတို့က သင့်တော်သောလူများကို အကြံပေးရန် အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားသည်။
လီကျင်းက ဖယောင်းတိုင်နီမြို့ကို ဖြတ်သန်းသွားနေသော အရာရှိများ၊ ကုန်သည်များမှတဆင့် ထိုအဘိုးအို၏နေရာကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ ထို့ကြောင့် သူက ထိုအဘိုးအိုဆီကို စာပေါင်းမြောက်များစွာ ရေးသားခဲ့သော်လည်း ထိုစာများအားလုံးက လေထဲတွင် ပျောက်ကွယ်သွားသလို ထင်မှတ်ရသည်။ ထိုစာတစ်စောင်မျှ ပြန်ဖြေခံရခြင်း မရှိချေ။
လီကျင်းက အထွန့်မတက်ရဲဘဲ စိတ်ပျက်လက်ပျက်နှင့် စာပို့ခြင်းကို ရပ်တန့်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)အတောအတွင်း သူ့ကိုယ်သူလီကျင်းဟု ခေါ်ခဲ့သော လူငယ်လေးက လှုပ်ရှားတည်ငြိမ်မြစ်၏ တရားဝင်မြစ်နတ်ဘုရား တစ်ယောက်ဖြစ်လာရန် အားသွန်ခွန်စိုက် ကြိုးစားခဲ့သည်။ သူက ပိုင်ဆိုင်မှုများစွာကိုပင် စွန့်လွှတ်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ အချည်းနှီးသာ ဖြစ်ခဲ့၏။
“လှုပ်ရှားတည်ငြိမ်မြစ်ထဲမှာ အခုထိ မြစ်နတ်ဘုရားမရှိတာ ဘာကြောင့်လဲဆိုတာ မင်းလည်း အကြောင်းပြချက်ကို သိနေတာပဲ….”
အဘိုးအိုက ရုတ်တရက် ပြောလိုက်သည်။
“ဒါကြောင့်လည်း ငါက မင်းပို့တဲ့ စာတွေကို မမြင်ချင်ယောင်ဆောင်နေခဲ့တာ။ ငါက မကူညီချင်တာ မဟုတ်ဘူး။ ငါ တကယ်ပဲ မကူညီနိုင်တာ…”
လီကျင်းက မချိပြုံးပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်။ ဘုရင်ကြီးသာ သဘောမတူဘူးဆိုရင် အထွေထွေရေးရာဌာနက အမတ်ကြီးတွေရဲ့ စကားကတောင် အသုံးမဝင်ဘူးလေ..”
အဘိုးအိုက သူ့ရှေ့တွင် ရှိနေသော လူငယ်ကို သေချာစိုက်ကြည့်ပြီး ပြောလိုက်သည်။ သူကတော့ နှစ်ပေါင်း(၂၀)၊ (၃ဝ) ကြာသည့်အချိန်တိုင်း ရုပ်ရည်ပြောင်းလဲသွားတတ်သည်။
သူက မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်၏။
“ဒါပေမဲ့ အခုတော့ မင်းရှေ့မှာ အခွင့်အရေးတစ်ခု ရှိနေတယ်။ မင်းက အဲဒီအခွင့်အရေးအတွက် တိုက်ခိုက်မလား။ မတိုက်ခိုက်ဘူးလား ဆိုတာကတော့ မင်းအပေါ်ပဲ မူတည်နေတယ်…”
လူငယ်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်လာခြင်း မရှိခဲ့ချေ။ သူက ပြန်မေးလိုက်၏။
“လီကျူးသုခဘုံလို့ခေါ်ခဲ့တဲ့ လုံချွမ်တိုင်းပြည်ထဲမှာ နတ်ဘုရားအသစ်တွေ အများကြီး နေရာချထားပေးတယ်လို့ ကျွန်တော် ကြားခဲ့တယ်။ ဘုရင်ကြီးက နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းထဲမှာ မြစ်နတ်ဘုရားတစ်ယောက်၊ သံအဆောင်မြစ်ထဲမှာ မြစ်နတ်ဘုရားတစ်ယောက်နဲ့ ပိယွင်တောင်၊ ရှန်ရှို့တောင်နဲ့ လော်ပိုတောင်တို့မှာ တောင်တန်းနတ်ဘုရားတစ်ယောက်ဆီ နေရာချထားပေးတယ်။ သူက တစ်ကြိမ်တည်းနဲ့ နတ်ဘုရား(၅)ယောက်တောင် နေရာချထားပေးခဲ့တယ်။ တောင်တန်းပေါ်မှာ(၃)ယောက်၊ မြစ်ထဲမှာ(၂)ယောက်…”
“ဒါက ဘုရင်ကြီး စုဆောင်းထားတဲ့ ကြွယ်ဝချမ်းသာမှု တော်တော်များများကို ကုန်ဆုံးသွားစေခဲ့တယ်။ တကယ်လို့ သူက ထပ်ပြီးတော့ နေရာချပေးဦးမယ်ဆိုရင်တောင် လှုပ်ရှားတည်ငြိမ်မြစ်အတွက် အဖိုးတန်တဲ့နေရာတစ်ခု ချန်ထားပေးနိုင်ဦးမှာလား…”
“စိတ်မပူပါနဲ့ ။ ဒါက မင်းကို ပစ်မှတ်ထားနေတဲ့ လျှို့ဝှက်ကြံစည်မှုမျိုး မဟုတ်ဘူး…”
အဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။
“ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် မင်းက ငါ ကိုယ်တိုင် ပစ်မှတ်ထားရလောက်အောင်လည်း အစွမ်းမထက်သေးပါဘူး…”
လူငယ်ကတော့ အနည်းငယ်ရှက်ရွံ့ပြီး ဒေါသထွက်သွားခဲ့သည်။ သို့သော် သူက အကူအညီအတွက် အဘိုးအိုကို အားကိုးရမည်ဖြစ်ကြောင်း နားလည်နေသည့်အတွက် သူ၏မျက်နှာပေါ်တွင် မသက်မသာ အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက စကားတစ်ခွန်းမျှမပြောခဲ့ပေ။
အဘိုးအို၏အမူအရာက လေးနက်လာပြီး သေချာရှင်းပြလိုက်၏။
“ဖယောင်းတိုင်နီမြို့ကို ဗဟိုပြုပြီး တရားဝင်တောင်တန်းနတ်ဘုရားတွေ၊ မြစ်နတ်ဘုရားတွေအားလုံးနဲ့ ကီလိုမီတာ(၅၀၀)အတွင်း ရှိနေတဲ့ တောင်တန်းနတ်ဘုရားနဲ့ မြစ်နတ်ဘုရား လျာထားသူတွေအားလုံးက နန်းတွင်းအမိန့်ကို အရံသင့် စောင့်ကြရတယ်။ အချက်ပြလိုက်တာနဲ့ သူတို့က ဝိုင်းဝန်းတိုက်ခိုက်ဖို့ ပြင်ဆင်ကြရလိမ့်မယ်။ ပြီးတော့ ယဲ့ဖူတောင်ကြား အပါအဝင် မြောက်ပိုင်းနယ်စပ်တောင်ကြားလမ်းတွေအားလုံးက လက်ရွေးစင်မြင်းတပ်တွေနဲ့ ကင်းထောက်အဖွဲ့တွေကို စေလွှတ်ထားတယ်။ မင်း လီကျင်းကတော့ ငါ့ကို စာအုပ်(၂)အုပ် လက်ဆောင်ပေးခဲ့တာကြောင့်သာ မဟုတ်ရင် သေချာပေါက် ဒီသတင်းတွေကိုသိရမှာမဟုတ်ဘူး။ မင်းရဲ့တည်ရှိမှုကလည်း ဘာမှထူးခြားမသွားဘူး…”
လီကျင်းက လုံးဝကို မှင်တက်သွားခဲ့၏။
“တာ့လီအင်ပါယာရဲ့ပိုင်နက်ထဲမှာ ဘာလို့ဒီလောက်အင်အားစုတွေ အများကြီးကို ခေါ်ထားရတာလဲ။ သူတို့တွေက ဘယ်အရာကို တိုက်ခိုက်မလို့လဲ…”
“လူတစ်ယောက်တည်းပဲ…”
အဘိုးအိုက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
လီကျင်းက အဘိုးအို၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်၏။ သူ့ပုံစံက လိမ်နေသည့်ပုံမျိုး မဟုတ်ချေ။
“နန်းရေးဝန်ကြီး …
ကျွန်တော်လုပ်ဖို့ လိုတဲ့အရာတစ်ခုခုရှိလား….”
သူက ဖြည်းညင်းစွာ ပြောလိုက်၏။
အဘိုးအိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“အဲဒါက မင်းရဲ့စွမ်းရည်နဲ့ဆိုရင် အသေးအဖွဲကိစ္စပါပဲ။ မင်းက ဖယောင်းတိုင်နီမြို့ကို အခုမှ ရောက်လာတဲ့ လူတစ်ယောက်ကို စောင့်ကြည့်ပေးဖို့ လိုအပ်တယ်။ လှုပ်ရှားတည်ငြိမ်မြစ်ထဲကနေ ကမ်းပေါ်ကို ရောက်လာတာ နှစ်ပေါင်း(၂၀၀)လောက် ရှိနေပြီဆိုတော့ မင်းက ဖယောင်းတိုင်နီမြို့ထဲမှာ တော်တော်လေး အဆင်ပြေတယ်ဆိုတာ ငါ သိတယ်။ မင်းက မြို့နတ်ဘုရားတွေထက် ရေလမ်းကြောင်းတွေကို ပိုပြီးရင်းနှီးတယ်။ မင်းက မြို့ငယ်လေးထဲမှာရှိတဲ့ မြစ်နတ်ဘုရား(၂)ယောက်ထက် မြို့ငယ်လေးရဲ့ ထုံးတမ်းအစဉ်အလာတွေ ဖြစ်ပျက်နေတဲ့ အရာတွေကို ပိုပြီးတော့ ရင်းနှီးတယ်…”
“ပြီးတော့ မြို့တော်ထဲမှာရှိတဲ့ မှတ်တမ်းတွေကသာ မမှားရင် မင်းက ရှေးဟောင်းစာအုပ်တွေထဲကနေ အဖိုးတန် အစိမ်းရင့်ရောင် ငါးအနည်းငယ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ အဲဒီငါးတွေက တချို့နေရာလေးတွေမှာ စုံစမ်းစစ်ဆေးပြီး လျှို့ဝှက်ဆက်သွယ်တဲ့နေရာမှာ အထူးသင့်တော်တယ်လေ…”
လီကျင်းက မျက်နှာပျက်သွားခဲ့၏။
"စိတ်မပူပါနဲ့။ အဲဒီအစိမ်းရင့်ရောင်ငါးတွေက နှစ်(၁၀၀)မှာ တစ်ကြိမ်သာ တွေ့နိုင်တဲ့ ရတနာတွေဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါက အဲဒီအရာတွေကို မလိုချင်ပါဘူး…”
“ကျွန်တော်က ကျွန်တော်ရဲ့အားနည်းချက်ကို တခြားသူရဲ့ရှေ့မှာ မပြချင်ရုံပါပဲ…”
လီကျင်းက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြောလိုက်သည်။
သူက ခဏရပ်လိုက်ပြီး မေးလိုက်၏။
“ပြီးတော့ အဲဒီလူကရော…”
“ဝါးဦးထုပ် ဆောင်းထားတဲ့လူတစ်ယောက်ပဲ…”
အဘိုးအိုက ဖြည်းညင်းစွာ ဖြေလိုက်သည်။
“သူ့ခါးမှာ ငွေရောင်ဘူးသီးခြောက်ငယ်လေးတစ်ခု ရှိနေတယ်။ သူက ကလေးတစ်အုပ်နဲ့အတူ ခရီးသွားလာနေတယ်။ အဲဒီကလေးတွေက လီကျူးသုခဘုံထဲက ကလေးတွေပဲ။ အခုတော့ လုံချွမ်တိုင်းပြည်ပေါ့။ အဲဒီလူရဲ့ အစစ်အမှန်အဆင့်အတန်းကို တာ့လီအင်ပါယာထဲက သူလျှိုတွေကတောင် သေချာမသိကြသေးဘူး…”
လီကျင်းက အံ့ဩသွားခဲ့သည်။
“စောနကပဲ အဲဒီလူက ကျွန်တော့်ဆိုင်ကို လာသွားတာ…”
အဘိုးအို၏မျက်လုံးက ပို၍လေးနက်သွားခဲ့သည်။
“ဒါက တိုက်ဆိုင်မှုပဲပေါ့…”
အဘိုးအိုက လက်ကိုဝှေ့ယမ်းပြီး သတိပေးလိုက်၏။
“ကိစ္စမရှိဘူး။ အခုကစပြီး ဘယ်အရာကိုမှ အလွတ်မပေးနဲ့။ မင်းက အမှားမလုပ်တာ ပိုပြီးတော့ကောင်းမယ်။ တကယ်လို့ မင်းကသာ သူ့ကို မတော်တဆ သတိပေးလိုက်မိမယ်ဆိုရင် မင်းက ဘာကိုမှစိုးရိမ်ဖို့ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ မင်းက သေချာပေါက် သေရမှာပဲ။ တကယ်လို့ သူ မင်းကို မသတ်ရင်တောင် ငါ ကိုယ်တိုင် မင်းကို သတ်မယ်…”
“အရာအားလုံး အဆင်ပြေတယ်ဆိုရင်တော့ ငါက မင်းကို လှုပ်ရှားတည်ငြိမ်မြစ်ရဲ့ တရားဝင်မြစ်နတ်ဘုရား ရာထူးရစေရမယ်လို့ ကတိမပေးရဲဘူး။ ဒါပေမဲ့ ငါက မင်းရဲ့နာမည်ကို ဘုရင်ကြီးမှတ်မိနေအောင် လုပ်ပေးနိုင်တယ်…”
“ဘုရင်ကြီးက နာမည်သိပြီး ချီးကျူးခံရမယ်လို့ သတ်မှတ်နိုင်တာလား…”
လီကျင်းက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်၍ မေးလိုက်သည်။
အဘိုးအိုကတော့ စာအုပ်များကို လှန်လျောဖတ်ရှုနေရာမှ ရပ်တန့်လိုက်ပြီး ပြန်လှည့်၍ မေးလိုက်သည်။
“မင်းက ဒီစွန့်စားမှုကို လုပ်ချင်ရဲ့လား…”
လီကျင်းက အားရပါးရရယ်ပြီး ပြန်ဖြေလိုက်သည်။
“ကံကောင်းမှုဆိုတာ ရဲရင့်မှုနဲ့ပဲ ထိုက်တန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က တိုက်ခိုက်ရေးမှာ ကိုယ်တိုင်ဝင်ပါဖို့မလိုဘူးလေ။ ဒီတော့ ကျွန်တော်က ရှုံးစရာမလိုဘဲ အနိုင်ရနိုင်တဲ့နေရာမှာပဲ အပေးအယူလုပ်တယ်။ ကျွန်တော်က ဆရာကြီးရဲ့ ကမ်းလှမ်းမှုကို လက်ခံတယ်”
သူက လက်ချောင်းလေးများကိုလှုပ်ရှားလိုက်ရာ သူ့ပုခုံးပေါ်တွင် သေးငယ်ပြီး ထူးခြားသော ငါးလေး(၂)ကောင် ပေါ်လာခဲ့သည်။ သူတို့၏အာရုံခံစွမ်းရည်များက သူနှင့်ဆက်သွယ်ထားကြပြီး သူတို့မြင်ရသောအရာအားလုံးကို သူလည်းမြင်ရသည်။ ငါး(၂)ကောင်က အမြှီးများကို လှုပ်ရှားပြီး မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။
အဘိုးအိုက ထွက်မသွားခင် အပြုံးနှင့် ပြောလိုက်သည်။
“မင်းရဲ့စာအုပ်ဆိုင်ထဲမှာရှိတဲ့ စာအုပ်တွေက ဈေးကြီးနေတုန်းပဲ…”
ထိုအချိန်ကျမှသာ လီကျင်းက အဘိုးအိုဆီတွင် ဆင်းရဲနွမ်းပါးသော စာသင်သားလေး၏အရိပ်ကို မြင်လိုက်ရသည်။ အဘိုးအိုက သူ့မီးအိမ်ကို ကိုင်ပြီး စာအုပ်ဆိုင်ထဲမှ ထွက်ခွာသွားခဲ့၏။
လမ်းကြားထဲမှ ထွက်လာပြီးနောက် သူက လက်ပိုက်ထားသော လူသန်ကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က ဘေးချင်းယှဉ်၍ ဆက်လျှောက်သွားကြပြီး လူသန်ကြီးက မေးလိုက်၏။
“မင်းက အလွန်အကျွံလုပ်မိမှာ မကြောက်ဘူးလား…”
“ပိုက်ကွန်က ဒီအခြေအနေအထိ တင်းလာပြီဆိုမှတော့ လီကျင်းက ရူးသွပ်သွားပြီး အိုက်လျန်ကို အမှန်အတိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တောင် ဘာမှမထူးခြားတော့ဘူး…”
အဘိုးအိုက အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။
“အဆုံးမှာတော့ မင်းက စာအုပ်(၂)အုပ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ စဉ်းစားနေတာပဲလား…”
လူသန်ကြီးက အပြုံးနှင့်မေးလိုက်၏။
အဘိုးအိုက အပြုံးနှင့်ပြန်ဖြေလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ တင်ထားတဲ့အကြွေးက နည်းနည်းလေးတော့ တန်ကြေးရှိတယ် မဟုတ်လား…”
…………
ကျူးလုက တုတ်ထိုးသကြားလုံးစားချင်သည်ဟု ပြောခဲ့သည်။
ကျူးဟယ်က အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့၏။ သူ့သမီးက မည်သည့်အချိန်တွင် အချို၊ သကြားလုံးများကို ကြိုက်သွားသနည်း။ ထိုအရာက အလွန်အကျွံတောင်းဆိုမှုမျိုးတော့ မဟုတ်ချေ။ ထို့ကြောင့် သူက သူ့သမီးနှင့်အတူ ဆိုင်တစ်ဆိုင်ကို လှည့်ပတ်ရှာဖွေနေခဲ့၏။
ခဏကြာ လှည့်ပတ်သွားလာခဲ့ပြီးနောက် သူတို့က တုတ်ထိုးသကြားလုံးများ သယ်လာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက လမ်းမများပေါ်တွင် သူ၏သကြားလုံးကို အော်ဟစ်ရောင်းချနေခဲ့၏။
ကျူးဟယ်က တုတ်ထိုးသကြားလုံးကို မကြိုက်သော်လည်း ကျူးလုကတော့ တစ်ကြိမ်တည်းနှင့် တုတ်ထိုး(၃)ချောင်းဝယ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ကျူးဟယ်က နောက်တစ်ကြိမ် ရှုပ်ထွေးသွားခဲ့ပြန်၏။ သို့သော် မိန်းမပျိုက ပြုံးလိုက်ပြီး တစ်ခုက သူမအတွက်၊ တခြားနှစ်ခုက သခင်မလေးနှင့်ချန်းပင်အန်းအတွက်ဟု ပြောခဲ့သည်။
သူမက ချန်းပင်အန်းကို ယနေ့ညတောင်းပန်ချင်သည်ဟုလည်း ပြောခဲ့၏။ အနည်းဆုံးတော့ သူမက သူ့ကို စိတ်မကောင်းကြောင်း ပြောရမည်ဖြစ်သည်။ မဟုတ်လျှင် သူမက စိတ်အေးနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအချိန်ကျမှသာ ကျူးဟယ်က ပုခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။ ထိုအချိန်တွင် သူက အလွန်အမင်းကို ဝမ်းသာနေခဲ့သည်။ သူတို့နှစ်ယောက် ဆက်သွယ်ရေးစခန်းသို့ ပြန်လာသည့်အခါ ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့က ပြန်ရောက်သည်မှာ အနည်းငယ်ကြာနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ကျူးလုက သူမ၏တုတ်ထိုးသကြားလုံးကိုပြီးအောင် မစားခဲ့ဘဲ အရည်အသွေး ကောင်းမွန်သော အခန်း၏ခြံဝန်းထဲသို့ လျှောက်သွားခဲ့၏။ သူမက ချန်းပင်အန်းကို သွားပြောပေးရန် သူမ၏အဖေကို တောင်းဆိုလိုက်သည်။ သူမက သူ့ကို ဤနေရာတွင် စောင့်နေမည်ဟု ပြောခိုင်းလိုက်၏။
ကျူးဟယ်က ထွက်သွားလိုက်ပြီး စိတ်ထဲတွင်တော့ ပြုံးနေမိသည်။ သူ့သမီးက အလွန်ခံစားချက်ပြင်းထန်နေသည် မဟုတ်ပေလော။ လူတစ်ယောက်ကို တောင်းပန်ရသည်မှာ ရှက်စရာကောင်းနေခြင်းပေလော။
သိပ်မကြာခင် ဆေးခြယ်ထားသော စြင်္ကံ၏တခြားတဖက်မှနေ၍ မြက်ဖိနပ်နှင့် လူငယ်လေးပေါ်လာခဲ့သည်။
ကျူးလုက ခုံရှည်ပေါ်၌ ထိုင်နေသည်ကို မြင်သည့်အခါ သူ၏ခြေလှမ်းများက လျင်မြန်လာခဲ့သည်။ မိန်းမပျို၏အနားတွင် ရှိနေသော ခုံတန်းပေါ်တွင်တော့ အပိုင်ပိုင်းအစစဖြစ်နေသော တုတ်ထိုးသကြားလုံးများ ရှိနေခဲ့သည်။
ကျူးလုက အပြုံးနှင့် မတ်တပ်ရပ်လိုက်၏။ သူမက ရှက်ရွံ့နေသည့်အမူအရာနှင့် လက်နှစ်ဖက်ကိုတော့ နောက်တွင် ဝှက်ထားခဲ့သည်။ သူမက လူငယ်လေးဆီသို့ လျှောက်သွားခဲ့လေ၏။
Translated by Hein Htet.