အခန်း (၁၁၃)
Vol. 8 Ch. 113
တစ်စုံတစ်ခုက ချန်းပင်အန်း၏ပုခုံးကို ဖိချလိုက်သည့်အတွက် သူ၏အငွေ့အသက်များက အေးခဲသွားခဲ့သည်။ သူ၏သွေးကြောမှတ်များထဲတွင် ရှိနေသော ဓားချီစွမ်းအင်အမျှင်လေးက အစွမ်းကုန် ပစ်လွှတ်တော့မည့် မြားတစ်စင်းကဲ့သို့ ဖြစ်နေခဲ့သည်။
သို့သော် ပုခုံးကို ဖိနှိပ်မှုက အရာအားလုံးကို ပြောင်းလဲသွားခဲ့၏။ အမဲလိုက်ထွက်ရန် ကြိုးစားနေသော ကြောက်မက်ဖွယ်ရာ စပါးအုံး မြွေတစ်ကောင်က ရေနဂါးတစ်ကောင်ကို တွေ့လိုက်ရသလို ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက ချက်ချင်းပင် အေးခဲသွားခဲ့ပြီး ယာယီရပ်တန့်သွားခဲ့၏။
"ခုချက်ချင်း ရပ်လိုက်စမ်း…."
ဝါးဦးထုပ်နှင့် လူတစ်ယောက်က ချန်းပင်အန်း၏အနားတွင် ရပ်နေခဲ့သည်။ သူက လူငယ်၏ပုခုံးကို ဖက်ထားပြီး ရယ်လိုက်၏။
"ငါတို့အားလုံးက ချစ်စရာကောင်းတဲ့ မိသားစုကြီးတစ်ခုလေ။ ဘာကြောင့် အချင်းချင်း တိုက်ခိုက်ပြီး သတ်ဖြတ်ဖို့ ကြိုးစားနေတာလဲ။ အဓိပ္ပာယ်မရှိတာ…"
ချန်းပင်အန်းက မော့ကြည့်လိုက်ရာ ရောက်လာသူက သူ့ကို အပြုံးနှင့် ပြောလိုက်သည်။
"ငါပြောတာကို ယုံစမ်းပါ။ ငါက အိုက်လျန်ပါ…"
ချန်းပင်အန်းက သက်ပြင်းချပြီး ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ။ ကျွန်တော်က ခဏတော့ ခင်ဗျားရဲ့စကားကို နားထောင်လိုက်မယ်…"
အိုက်လျန်က ကျူးဟယ်ကို ရိုးရှင်းစွာ စိုက်ကြည့်လိုက်ပြီး ကျူးလုကိုတော့ ထပ်မံငေးကြည့်ခြင်းပင် မရှိခဲ့ပေ။ သူက ပျင်းရိနေသောအသံနှင့် ရှင်းပြလိုက်၏။
"ကျူးဟယ်ကို သတ်ဖို့အတွက် ဒီလိုတန်ဖိုးရှိတဲ့ ဓားချီစွမ်းအင်ကို သုံးလိုက်တာက နတ်ဘုရားလက်နက်တစ်ခုကို ဖြုန်းတီးလိုက်သလိုမျိုးပဲ။ တကယ်လို့ မင်းက စိတ်မပျက်ရင်တောင် ငါက မင်းကိုယ်စား စိတ်ပျက်တယ်။ ပြီးတော့ … ထားလိုက်ပါတော့လေ။ ဒီလိုမျိုးစိတ်ဓာတ်ကျစရာ စကားတွေပြောတာ တော်လောက်ပြီ။ တကယ်လို့ ငါသာ ဝင်မလာဘူးဆိုရင် မင်းရဲ့သိစိတ်တွေက လှုပ်ရှားနေရမှာ။ ဒီမှာမင်းအတွက် ရပ်နားခြင်း(၁၈)သွယ်လို့ ခေါ်တဲ့ ချီစုဆောင်းရေးကျင့်စဉ်တစ်ခု …။ ဒါကို လျော်ကြေးအနေနဲ့ သတ်မှတ်ထားလိုက်.."
ချန်းပင်အန်းက တိုက်ခိုက်တော့မည့်ပုံစံကို ပြင်ဆင်လိုက်သည်။
သို့သော် အိုက်လျန်က သူ့ပုခုံးကို လွှတ်ပေးလိုက်ပြီး နောက်ကို တစ်လှမ်းဆုတ်လိုက်၏။ သူက ခေါင်းခါပြီး ပြောလိုက်သည်။
"မင်းရဲ့တိုက်ခိုက်ရေးပုံစံကလည်း တောသားတစ်ယောက်လိုပဲ။ ငါက မင်းကို ပိုပြီးအံ့ဩစရာကောင်းတဲ့ အရာတစ်ခု သင်ပေးမယ်…"
အိုက်လျန်က သူ့ကိုကြည့်ပြီး ပြောလိုက်သည်။
"မတ်မတ်ရပ်လိုက်…"
ထို့နောက် သူက လက်ညှိုးတစ်ချောင်း ကွေးလိုက်ပြီး ချန်းပင်အန်း၏ ပုခုံးကို လက်နှင့် ထောက်လိုက်၏။ သူ့လက်က ရင်ဘတ်ပေါ်တွင် (၇)ချက် (၈)ချက်ခန့် လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူက အသံကို ကြိုးမျှင်လေးတစ်ခုထက်ပင် ပို၍အံ့ဩစရာကောင်းစွာ ဖိနှိပ်နိုင်သော အင်မော်တယ်နည်းလမ်းတစ်ခုကို အသုံးပြုခဲ့၏။
သူ့အသံက ချန်းပင်အန်း၏ခေါင်းထဲတွင် တိုက်ရိုက်ပေါ်လာပြီး ပြောလိုက်သည် ။
"ဒီချီစွမ်းအားရဲ့စမှတ်ကို သေချာမှတ်ထားပါ။ သူ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းကိုလည်း သေချာမှတ်ထားပါ။ မြွေနဂါးတစ်ကောင်ရဲ့ သွေးကြောလိုပဲ ဒီချီစွမ်းအင်အမျှင်လေးက လင်းချုံးတောင်တန်းရဲ့ ဘိုးဘေးတွေဆီကနေ ဆင်းသက်ပြီး မြင့်တက်လာသည်။ ဒါက ပထမဆုံးရပ်တဲ့နေရာပဲ။ ဒီနေရာက လူတစ်ယောက်ရဲ့ဓားကို အားဖြည့်ဖို့အတွက် အရေးကြီးတဲ့ သွေးကြောမှတ်တစ်ခုလို့ ပြောလို့ရတယ်…”
“တောင်တန်း(၃)ခုနှင့် တောင်ကြား(၆)ခုကို ဖြတ်ကျော်ပြီးသွားရင် ဒီချီစွမ်းအားတွေက ဖုကျီသွေးကြောကို ရောက်လာလိမ့်မယ်။ အဲဒါက ဒုတိယရပ်နားခြင်းပဲ။ လိုဏ်ဂူ(၆)ခုနှင့် စံအိမ်(၉)ခုကို ဖြတ်ကျော်ပြီးသွားရင်တော့ သူက ချွန်းရန် သွေးကြောကို ရောက်လာလိမ့်မယ်။ အဲဒါက တတိယရပ်နားမှုပဲ။ ပြီးတော့ ………. ဒါကတော့ နောက်ဆုံးရပ်နားမှုပဲ ..”
“စုစုပေါင်း(၁၈)ကြိမ် ရပ်နားတယ် ။ အဲဒီသွေးကြောမျှင်တွေရဲ့ ရပ်နားခြင်းအမည်နှင့် ဖော်ပြချက်တွေကတော့ ဒီနေ့ခေတ်နဲ့ တော်တော်လေးကွဲပြားလိမ့်မယ်။ ဒါက မရေတွက်နိုင်တဲ့ ဓားသမားတွေရဲ့ ကြိုးစားအားထုတ်မှုရလဒ်ပဲ။ မင်းက အဲဒီအရာတွေကို သေချာမှတ်ထားဖို့ လိုလိမ့်မယ်…"
အဆုံးတွင်တော့ အိုက်လျန်က မေးလိုက်သည်။
"မင်းက ငါ ပြောတာတွေကို မှတ်မိရဲ့လား…"
ချန်းပင်အန်း၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာပြီး ပြန်ဖြေလိုက်သည်။
"ကျွန်တော် အများစုကိုတော့ မှတ်မိပါတယ်…"
အိုက်လျန်က အပြုံးနှင့် ပြောလိုက်၏။
"အများစုကို မှတ်မိရင် လုံလောက်ပြီ။ တကယ်လို့ နောက်ပိုင်း မင်းက အတားအဆီးတွေ ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အချိန်ကျရင် ဘာမှကြောက်စရာမလိုဘူး။ ဒါက ဓားသမားတိုင်း ရင်ဆိုင်ရမယ့်အရာတစ်ခုပဲ။ မင်းက လှည့်ပတ်ဖို့ လမ်းကြောင်းကို ရင်းနှီးသွားပြီဆိုရင် မင်းရဲ့ချီစွမ်းအားတွေကို ဖြည်းဖြည်းချင်း လှည့်ပတ်ဖို့ ကြိုးစားနိုင်တယ်။ ဒါက ရပ်တန့်ခြင်း(၁၈)သွယ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအရာပဲ…”
“ဒါက ငါ အိုက်လျန် ဖော်ထုတ်နိုင်ခဲ့တဲ့ အရာတစ်ခုလို့လည်း ပြောလို့ရတယ်။ တချို့လူတွေကတော့ ဒီအရာကို အရမ်းအထင်ကြီးကြတယ်။ သူတို့က ငါ့ကို ချီးကျူးနေကြပြီး ဒီအကြံပေးချက်တစ်ခုကတင် သူတို့ရဲ့အဆင့်ကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောကြတယ်။ ဟားဟားဟားဟား နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်…"
ရပ်တန့်ခြင်း(၁၈)သွယ်ဟူသောအရာက ယောင်ရှန်လက်သီးသိုင်းကိုပင် မယှဉ်နိုင်ဟု ချန်းပင်အန်းက ရုတ်တရက် ခံစားမိလာသည်။
အိုက်လျန်က လူငယ်လေး၏အတွေးကို မြင်သွားသည့်အလား အလေးအနက် ပြောလိုက်၏။
"ငါက မဟုတ်တဲ့ ကတိတွေပေးနေတဲ့ လူလိမ်နဲ့တူနေလား။ ငါ အိုက်လျန်က တခြားသူတွေကို ချီးကျူးရတာမျိုး စိတ်မဝင်စားဘူး…"
ထိုအချိန်တွင် ကျူးဟယ်ကတော့ စဉ်းစားနိုင်စွမ်း ပြန်ရလာခဲ့ပြီဖြစ်သည်။ သို့သော် သူ၏ခြေထောက်များကတော့ ယခင်ကထက်ပင် ပို၍တောင့်တင်းနေသလို ခံစားရ၏။ အနည်းငယ် လှုပ်ရှားရုံမျှပင် သေဆုံးသွားနိုင်သည်။ သူ့ခေါင်းထဲတွင် ထိုအတွေးတစ်ခုတည်းသာ ရှိနေခဲ့၏။
အိုက်လျန်ဆီမှနေ၍ အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခု ပျံ့လွင့်လာခဲ့သည်။ လူတစ်ယောက်က ထိုလူနှင့် မိတ်ဆွေဆိုလျှင် သူက အစိမ်းရောင်ဓားမောက်တစ်လက်ကို ကိုင်ပြီး ခါးတွင် ငွေရောင်ဘူးသီးခြောက် ချိတ်ထားသော သာမာန်လူတစ်ယောက်သာ ဖြစ်သည်။ သူ့ကို မည်သို့ကြည့်နေစေကာမူ အစွမ်းထက်သော လူတစ်ယောက်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။
သူနှင့် ရန်သူဖြစ်သွားသည့် အချိန်တွင်တော့ ကျူးဟယ်က ကြောက်လန့်မှုကြောင့် တစ်ကိုယ်လုံး ချွေးများ စိုရွဲလာခဲ့သည်။ သူ၏ဝိညာဉ်က ပေါက်ကွဲသွားတော့မလို ခံစားနေရ၏။ အဝေးတွင် ရှိနေသော ကျူးဟယ်၏ စိတ်အခြေအနေက ပြိုကျလုနီးပါး ဖြစ်နေသည်။
ကျူးလုကတော့ ချန်းပင်အန်း၏ တီးတိုးရေရွတ်သံကိုသာ ကြားနေရ၏။
အိုက်လျန်၏အသံက ချန်းပင်အန်း၏ခေါင်းထဲတွင် နောက်တစ်ကြိမ် ပေါ်လာပြီး သူ့ကို သင်ပေးလိုက်သည်။
"ဒီအလင်းတန်းလေးက တောင်တန်းပေါင်း တစ်သောင်းကို ဖြတ်ကျော်သွားပြီး ပို့ဆောင်ထားတဲ့ချီစွမ်းအားတွေက တခဏအတွင်း မိုင်(၁၀၀)၊ မိုင်(၁)ထောင်၊ မိုင်(၁)သောင်းကို ဖြတ်ကျော်စီးဆင်းသွားလိမ့်မယ်။ ဒါဆိုရင် အရမ်းကောင်းနေပြီ။ ဒါပေမယ့် လူတစ်ယောက်က အရှိန်နှေးသွားမယ်ဆိုရင်တော့ နှစ်ပေါင်း(၁၀၀)လောက် ဖြည်းဖြည်းချင်း တည်ဆောက်တာမျိုး မလုပ်တဲ့ တောင်တစ်တောင်လို ဖြစ်သွားလိမ့်မယ်…”
“ပင်လယ်ပြင်ကြီးက ကြီးမားကျယ်ပြန့်ပေမယ့် အမြင့်က တက်မလာသလိုမျိုးပေါ့။ ဒါက ပိုပြီးတော့ကောင်းတယ်။ နောက်ပိုင်း ချီစွမ်းအားတွေကို လှည့်ပတ်တဲ့အချိန်ကျရင် မင်းက ဒီနည်းလမ်းနဲ့ ရင်းနှီးအောင် လေ့ကျင့်သင့်တယ်။ မင်းက အိပ်နေတဲ့ အချိန်မျိုးမှာတောင် မင်းရဲ့ချီစွမ်းအင်တွေက သူ့အလိုလို လှည့်ပတ်နေတာမျိုးပေါ့…"
"ကျွန်တော်က အိပ်နေတဲ့အချိန် ရပ်တန့်ခြင်း(၁၈)သွယ်ထဲမှာ ချီစွမ်းအင်တွေ စီးဆင်းနေတာကို ဘယ်လိုသိနိုင်မှာလဲ…"
ချန်းပင်အန်းက ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်သည်။
အိုက်လျန်က လက်ပိုက်ပြီး ပြုံးလိုက်၏။
“ရေတွေက ဘယ်နေရာမှာ အဆုံးသတ်သွားလဲဆိုတာ စဉ်းစားကြည့်လိုက်။ ပြီးတော့ တိမ်တွေပေါ်ထိုင်ပြီး တိမ်တိုက်တွေကို မော့ကြည့်လိုက်။ သဘာဝတရားကြီးကို လေ့လာမယ်ဆိုရင် မင်းလိုချင်တဲ့ အဖြေကို ရလိမ့်မယ် ….”
အိုက်လျန်က ခုံရှည်ပေါ်တွင် ထိုင်ချလိုက်သည်။ သို့သော် အမူအရာက ချက်ချင်း ထူးဆန်းသွားခဲ့၏။
ချန်းပင်အန်းက နဖူးပေါ်သို့ လက်တင်လိုက်သည်။
အိုက်လျန်က တိတ်တဆိတ် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုသုံး၍ သူ့တင်ပါးတွင် ကပ်သွားသော တုတ်ထိုးသကြားလုံးများကို ဖယ်ရှားလိုက်၏။ ထို့နောက် သူက တစ်နေရာတွင် ထိုင်ချလိုက်သည်။ သူက လက်ရန်းကို မှီထားပြီး သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
နောက်ဆုံးတွင်တော့ သူ့ကို ပထမဆုံးအကြိမ် လှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်။
"သူရဲကောင်းသည်းခြေဆေးလုံးနှင့် ခရမ်းရောင်ချီကျင့်စဉ်ကို ငါ့ဆီ ပြန်ပေးရမယ့်အပြင် မင်းရဲ့အဖေ လီကလန်က ရထားတဲ့ အဆောင်တစ်ထပ်ကိုလည်း ပေးဖို့ လိုတယ်။ ဒါပေမယ့် အဲဒီအဆောင်တွေက မင်းတို့ထဲက တစ်ယောက်ကိုပဲ ကယ်တင်ပေးနိုင်တယ်…”
“ကျူးလု …
ငါ အခု မင်းကို ရွေးချယ်မှုတစ်ခု ပေးမယ်။ မင်းက ခေါင်းအုံးဆက်သွယ်ရေးစခန်းကနေ အသက်ရှင်လျက် ထွက်သွားချင်လား ဒါမှမဟုတ် မင်းအဖေကို ထွက်သွားခိုင်းမလား…"
ကျူးလု ပြန်မဖြေနိုင်ခင် ကျူးဟယ်က အရင်ဝင်ဖြေလိုက်သည်။
"စီနီယာအိုက်လျန် …
ကျူးလုကို ထွက်သွားခွင့်ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်တော်က ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် ကိုယ်တိုင် သတ်သေဖို့ ဆန္ဒရှိပါတယ်။ အမှန်အတိုင်း ပြောရရင် စီနီယာအိုက်လျန်ရဲ့ ဝါးဓားတောင် မလိုအပ်ပါဘူး…"
အိုက်လျန်ကတော့ ကျူးဟယ် ပြန်ပေးလိုက်သော ဆေးလုံး၊ အင်မော်တယ်ကျင့်စဉ်နှင့် အဆောင်များကို ပြန်ယူပြီး ကျူးလုကိုသာ စိုက်ကြည့်၍ သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။
ကျူးလုကတော့ မျက်နှာပေါ်တွင် မျက်ရည်များ ပြည့်နေပြီး ပါးစပ်ကိုလက်နှင့်အုပ်၍ အသံပင် မထွက်ရဲပေ။ သူမ၏တခြားလက်တစ်ဖက်ကတော့ နောက်ကျောတွင် တင်းတင်းဆုပ်ထားခဲ့၏။ လက်သီးဆုပ်ထားသည်က အလွန်တင်းကျပ်သည့်အတွက် လက်ထဲမှ သွေးများ စီးကျလာခဲ့သည်။
ကျူးဟယ်က မြေပေါ်တွင် ဒူးထောက်ပြီး တုန်ယင်နေသောအသံနှင့် အရိုအသေပေးနေခဲ့၏။
အိုက်လျန်က ချန်းပင်အန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"မင်းရော ဘာပြောချင်သေးလဲ။ ငါတို့က သူတို့နှစ်ယောက်လုံးကို လွှတ်ပေးသင့်လား..။ မင်းက ကျူးဟယ် လက်တုန့်ပြန်မှာကိုကြောက်ရင် သူ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပေးလို့ရတယ်။ တကယ်လို့ မင်းက မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကို ကြောက်နေသေးတယ်ဆိုရင် သူ့ရဲ့သက်တမ်းကိုတောင် ဖြတ်ပေးနိုင်တယ်။ ငါက ကျူးလုကိုလည်း အတူတူ လုပ်ပေးလို့ရတယ်…"
ချန်းပင်အန်းက ကျူးဟယ်ကို လှည့်မကြည့်ခဲ့ပေ။ သူက ကျူးလုကိုကြည့်၍ ပြောလိုက်၏။
"စောနက ငါ ပြောခဲ့သလိုပဲ မင်းက သေရမယ်…"
ကျူးဟယ်က အော်လိုက်သည်။
"ကျူးလုက ကလေးတစ်ယောက်ပဲ ရှိသေးတယ်…"
ချန်းပင်အန်းက တစ်ချိန်လုံး တည်ငြိမ်အေးချမ်းနေခဲ့သော်လည်း ထိုစကားကို ကြားသည့်အချိန်တွင် သူ့မျက်နှာပေါ်၌ ဒေါသများ ပြည့်နှက်လာခဲ့သည်။ ထိုလူငယ်က ချက်ချင်း ပြေးထွက်သွားခဲ့ပြီး လက်သီးတစ်ချက်တည်းဖြင့် ကျူးလု၏ရင်ဘတ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်၏။
ထိုအချိန်တွင် သူ၏အငွေ့အသက်များက အလွန်ရှုပ်ထွေးနေသည့်အတွက် သူမက သာမာန်လူသား မိန်းမပျိုတစ်ယောက်နှင့် ကွာခြားခြင်း မရှိချေ။ သို့သော် ဘာကြောင့်မှန်း မသိသော်လည်း အချိန်ခဏကြာပြီးနောက် သူ့လက်သီးက လက်ဝါးအဖြစ်အလိုလို ပြောင်းသွားခဲ့သည်။ လမ်းကြောင်းကလည်း အပေါ်သို့ အလိုလို ပြောင်းသွားခဲ့သည်။ သူက ကျူးလု၏ပါးကိုသာ အားနှင့်ရိုက်ချလိုက်၏။
အိုက်လျန်က ချန်းပင်အန်း၏ပုခုံးပေါ်သို့ နောက်တစ်ကြိမ် လက်တင်ပြီး ပြောလိုက်သည်။
"ဒါဆိုရင် လုံလောက်ပြီ…."
သူက တိုးတိုးလေးပြုံးပြီး ဆက်ပြောလိုက်၏။
"တချို့အပြစ်ပေးမှုတွေက မြန်မြန်ဆန်ဆန် သေခိုင်းလိုက်တာထက် ပိုပြီးရက်စက်ကြမ်းကြုတ်ပါတယ်…"
ချန်းပင်အန်းက ခုံတန်းရှည်ကို ပြန်သွားပြီး လေပူများကို မှုတ်ထုတ်လိုက်သည်။ အိုက်လျန်က ကျူးလုနှင့် ကျူးဟယ်တို့ကို မည်သို့ ဖြေရှင်းလိုက်ကြောင်း သူက စိတ်မဝင်စားတော့သလို သူတို့က ခေါင်းအုံးဆက်သွယ်ရေးစခန်းထဲမှ မည်သို့ထွက်သွားပြီး နောက်ပိုင်းတွင် မည်သည့်အရာများ လုပ်နေနိုင်ကြောင်း သူလည်းမသိတော့ချေ။
သူက ရုတ်တရက် မော့ကြည့်ပြီး ပြောလိုက်၏။
"အိုက်လျန် …
အရက်ရှိသေးလား…"
အိုက်လျန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"သေချာပေါက် ရှိတာပေါ့..။ငါ့ရဲ့အရက်ဘူးက (၅၀၀)လီတာလောက် ဆံ့တယ်။ ဒါပေမယ့် ငါ မင်းကို တစ်ခုလောက် အရင်ဆုံး သတိပေးမယ်။ လူတစ်ယောက်က ဝမ်းနည်းမှုတွေ ခံစားနေရတဲ့အချိန် အရက်မသောက်ဖို့က အရေးကြီးဆုံးပဲ။ မဟုတ်ရင် အရက်သမားတစ်ယောက်အဖြစ် အဆုံးသတ်သွားနိုင်တယ်။ ဒါပေမယ့် စိတ်ပျော်ရွှင် လွတ်လပ်ပြီး ဝမ်းသာနေတဲ့အချိန်မှာတော့ အရက်သောက်နိုင်တယ်။ ဒါဆိုရင် အရက်သောက်တာကနေ အရက်သမား အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်တယ်..”
…………
ခေါင်းအုံးဆက်သွယ်ရေးစခန်း၏အပြင်ဘက်တွင်…
လင်းရှို့ယီက လမ်းမပေါ်တွင် တစ်ယောက်တည်း ရပ်နေခဲ့၏။ အိုက်လျန်က ဘာကြောင့် အပြင်ဖက်တွင် နေခိုင်းခဲ့ကြောင်း သူလည်း သေချာမသိပေ။ သို့သော် သူက လူတစ်ယောက် ရောက်လာမည့်အချိန်ကို စောင့်ရန် လိုအပ်သည်ဟု အိုက်လျန်က ပြောခဲ့သည်။ ထိုအချိန်ကျလျှင် သူက ဆက်သွယ်ရေးစခန်းထဲကို ဝင်သင့်မဝင်သင့် သူကိုယ်တိုင် ဆုံးဖြတ်ရမယ်ဟု ပြောခဲ့၏။
ထိုလူငယ်လေးက စိတ်ထဲတွင် ပျင်းရိနေသော်လည်း တောင်ထိပ်ပေါ်တွင် ရှိနေသော ထင်းရှူးပင်တစ်ပင်ကဲ့သို့ မတ်မတ်ရပ်နေခဲ့သည်။ ဆက်သွယ်ရေးစခန်းတံခါးတွင် ချိတ်ဆွဲထားသော အနီရောင်မီးအိမ်ကြီးဆီမှ အလင်းရောင်အောက်တွင် လင်းရှို့ယီက ‘တိမ်တိုက်ပေါ်၌ ရွတ်ဖတ်ခြင်း’ဟူသော ကွန်ဖြူးရှပ်ကျမ်းစာကို ထုတ်ဖတ်လိုက်သည်။
သူက နားလည်ရန် ခက်ခဲသော စကားလုံးများကို အသံထွက်ပြီး စတင်ဖတ်ရှုနေခဲ့၏။ သူက သဘောတရားများကို တွေ့လိုက်ရသည့်အချိန်တွင် သို့မဟုတ် နားလည်မှုအသစ်များ ရရှိခဲ့သည့်အချိန်တွင် တိမ်တိုက်ထဲ၌ နေလုံးကြီး ပေါ်လာသည့်အလား အလွန်ဝမ်းသာသွားခဲ့သည်။ တစ်ယောက်တည်း ဖြစ်နေသော လူငယ်လေးက ပျော်ရွှင်မှုများကို မည်သူနှင့်မျှ ဝေမျှတတ်ခြင်း မရှိသော လူငယ်လေးဖြစ်သည်။
ကမ္ဘာကြီးနှင့် လူအများက သူ့ကို အဆိုးမြင်စိတ်နှင့်ကြည့်မှာကို လင်းရှို့ယီကတော့ လုံးဝမကြောက်ခဲ့ပေ။ ထိုအချိန်တွင် အဝေးမှနေ၍ သာမာန်ရုပ်ရည်ရှိသော အမျိုးသမီးတစ်ယောက် လမ်းလျှောက်လာခဲ့သည်။
လူငယ်လေးကို မြင်သည့်အချိန်တွင် သူမ၏မျက်လုံးထဲ၌ အံ့ဩမှုများ ပေါ်လာခဲ့၏။ သူမက ခံစားချက်များ ပြည့်နှက်နေသည့် အမူအရာနှင့် မှတ်ချက်ပေးလိုက်သည်။
"သေချာသွားပြီ။ ဒါက ကျင့်ကြံမှုပါရမီရှိတဲ့ ကလေးတစ်ယောက်ပဲ…"
အမျိုးသမီးက လူငယ်လေးနှင့် ခြေလှမ်းတစ်ဝက်ခန့် အကွာတွင်ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ဟေးး လင်းရှို့ယီ …
ငါတို့က မြစ်ကမ်းဘေးမှာ တွေ့ခဲ့ဖူးတယ်။ ငါက အလှဆင် လှေပေါ်မှာ မင်းကတော့ ကမ်းစပ်မှာပေါ့။ ငါ့ရဲ့အဆင့်အတန်းက တာ့လီအင်ပါယာ ထာဝရနွေဦးနန်းတော်ရဲ့ အဆင့်မြင့် အကြီးအကဲတစ်ယောက်ပဲ။ ငါက ကိုယ့်ကိုယ်ကိုယ် ကြွားပြီးတော့ ပြောနေတာ မဟုတ်ဘူး။ ငါက သာမန် လူတိုင်းမော့ကြည့်ရတဲ့ အင်မော်တယ်တစ်ယောက်ပဲ..”
“ငါက အင်္ကျီလက်ကို လှုပ်ရှားလိုက်ရုံနဲ့ လေတွေ မိုးတွေကို ဆင့်ခေါ်နိုင်တယ်။ ငါ ခြေဆောင့်လိုက်ရုံနဲ့ တောင်တန်းတွေ ၊ မြစ်တွေကတောင် လှုပ်ရှားသွားနိုင်တယ်။ အထူးသဖြင့် ငါက အမှန်တရား လျှပ်စီးကျင့်စဉ် (၅)မျိုးကို ကျွမ်းကျင်တယ်။ ငါက လက်ဖဝါးကို ပြောင်းပြန်လှန်လိုက်ရုံနဲ့ နတ်ဆိုးတွေ၊ ဝိညာဉ်တွေကို သုတ်သင်နိုင်တယ်.."
ထိုစကားကို ပြောလိုက်ပြီးနောက် အမျိုးသမီးက တစ်ယောက်တည်းပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
"မဟုတ်ဘူး ဒီလိုမဟုတ်ဘူး ဒီလိုမိတ်ဆက်တာမျိုးက အရမ်းကိုကြီးကျယ်ခမ်းနားလွန်းနေတယ်…"
သို့သော် လင်းရှို့ယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျွန်တော်က ခင်ဗျားပြောတာကို ယုံပါတယ်…."
"မင်းရဲ့အဖေက သူ့စာထဲမှာ ဘာတွေပြောလိုက်လဲဆိုတာ ငါမသိဘူး။ အိုက်လျန်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ငါက ပိုပြီးတော့တောင် မသိဘူး…"
အမျိုးသမီးက ပြုံးလိုက်သည်။
“ဒါပေမယ့် မင်းက သူတို့အဖွဲ့နဲ့ တစ်ချိန်လုံး လိုက်လာခဲ့တာကိုတောင် သူက မင်းကို ဆက်သွယ်ရေးစခန်းရဲ့ အပြင်ဖက်မှာ ချန်ထားခဲ့ဖို့ ရွေးချယ်မှတော့ ငါက ကြိုးစားသင့်တယ်လို့ ခံစားမိတယ်။ မင်းက ငါနဲ့အတူ မြို့တော်ကို ပြန်လိုက်လာစေချင်တယ်။ မင်းရဲ့မိဘတွေကို နှုတ်ဆက်ပြီးသွားရင် မင်းက လေ့ကျင့်ဖို့အတွက် ငါနဲ့အတူ နန်းတော်ကို လိုက်လာနိုင်တယ်…”
“ကျွန်တော့်အဖေက ဖယောင်းတိုင်နီမြို့မှာ ကောင်းကောင်းနေဖို့ ပြောခဲ့တယ်…”
လင်းရှို့ယီက တည်ငြိမ်သော အမူအရာနှင့်ပြောလိုက်သည်။
"ပြီးတော့ အစွမ်းထက်ပညာရှင်တစ်ယောက်က ကျွန်တော့်ကို မြို့တော်ဆီ ခေါ်လာပေးမယ်လို့လည်း ပြောခဲ့တယ်။ မဟုတ်ရင် ကျွန်တော်က တစ်နေရာရာမှာ လျှို့ဝှက်စွာ သေသွားမယ် ဆိုရင်တောင် သူက ကျွန်တော့်အလောင်းကို လာမကောက်နိုင်ဘူးလို့ ပြောခဲ့တယ်။ အလောင်းအတွက် ကူးတို့ခ ပေးဖို့တောင် မတတ်နိုင်ဘူး။ အခုချိန်မှာ အဖေက မြို့တော်ထဲမှာအခြေအနေ တော်တော်လေးဆိုးနေတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ကလန်ရဲ့အသုံးစရိတ်ကလည်း တော်တော်လေးကြီးတယ် …”
“မင်းအဖေရဲ့စကားလုံးတွေက ကြားရတာ တော်တော်အဆင်ပြေတယ်။ ဒါပေမယ့် အဲဒါက အမှန်တရားပဲ မဟုတ်ဘူးလား…”
လူငယ်လေး၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
အမျိုးသမီးက ခဏကြာစဉ်းစားပြီးနောက် လင်းရှို့ယီကို လက်ကမ်းပေးလိုက်သည်။
“မင်းဆီမှာ ဒီလိုကလေးဆန်တဲ့ အမူအရာမျိုး ရှိနေပေမယ့် အခက်အခဲ ၊ အတက်အကျတွေ အလုံအလောက် မရှိရင် ၊ စမ်းသပ်မှုတွေမရှိရင်တောင် ငါက မင်းကို ဒီအရာကိုတော့ ပြောပြချင်သေးတယ်။ လင်းရှို့ယီ… မင်းက ရှေ့ကို တစ်လှမ်းတိုးလိုက်တာနဲ့ သက်ရှည်တံတားပေါ်ကို ခြေချနိုင်လိမ့်မယ်…"
လင်းရှို့ယီက သူ့စာအုပ်ကို သိမ်းလိုက်ပြီး ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။
"ခင်ဗျားရဲ့ကမ်းလှမ်းမှုနဲ့ ရည်ရွယ်ချက်ကို ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ကျွန်တော်က ဘယ်ကလန်မှာ မွေးဖွားလာတယ်ဆိုတာ မထိန်းချုပ်နိုင်သလို ဘယ်မျိုးရိုးမှာ မွေးဖွားလာတယ်ဆိုတာကိုလည်း မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော်က ဘယ်လမ်းကို လျှောက်သင့်တယ်ဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်နိုင်တယ်။ ကျွန်တော်က ဘယ်လမ်းကြောင်းကို ဦးတည်နေတယ် ဆိုတာကိုလည်း ကောင်းကောင်းသိတယ်…"
"ရှက်စရာကောင်းလိုက်တာ…"
အမျိုးသမီးက ဘာမျှမလုပ်ဘဲ သက်ပြင်းချလိုက်သည်။ ထိုအမျိုးသမီးက သူ့ကို အတင်းအကျပ်တွန်းအားပေးရန် စဉ်းစားထားခြင်း မရှိချေ။
"နောက်တစ်ကြိမ်မှပေါ့ လင်းရှို့ယီ။ ငါတို့နောက်တစ်ကြိမ် တွေ့တဲ့အခါကျရင် မင်းဆီမှာ နောင်တမရှိပါစေနဲ့လို့ မျှော်လင့်မိပါတယ်…"
လင်းရှို့ယီက လက်နှစ်ဖက်ကိုဆုပ်ပြီး ဦးညွတ်လိုက်သည်။
"လင်းရှို့ယီက အင်မော်တယ်အကြီးအကဲကို နှုတ်ဆက်ပါတယ်…"
အမျိုးသမီးက တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။
ဆက်သွယ်ရေးစခန်းထဲတွင် ရှိနေသော ချန်းပင်အန်းနှင့် အိုက်လျန်တို့က စြင်္ကံတွင် ရှိနေသော ထိုင်ခုံရှည်များပေါ်တွင် ထိုင်နေကြသည်။
"အိုက်လျန် …
ခင်ဗျားက ထွက်သွားတော့မှာလား…"
ချန်းပင်အန်းက တိုးတိုးလေး မေးလိုက်သည်။
အိုက်လျန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ဘူးသီးခြောက်ကိုမြှောက်၍ အရက်တစ်ငုံ သောက်လိုက်၏။ သူက ဝမ်းနည်းစရာမှတ်ဉာဏ်များကို ပြန်လည်စဉ်းစားနေပုံရ၏။ သူက ဝမ်းနည်းနေသည့်အချိန် အရက်မသောက်ရန် ချန်းပင်အန်းကို သတိပေးသည်မှာလည်း အကြောင်းမဲ့ပြောသောစကားထက် မပိုခဲ့ပေ။
သူက အလွန်သန့်ရှင်းသပ်ရပ်ပြီး ကြည်လင်နေသော မျက်လုံးများ ရှိနေသည့် လူငယ်လေးကို စိုက်ကြည့်နေခဲ့သည်။ သူက လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြည်လင်နေသော မျက်လုံးတစ်စုံကို ပြန်မြင်နေရသလို ထင်ရ၏။
“အိုက်လျန်…
ငါ ဆုံးဖြတ်ပြီးသွားပြီ ။ စာပေလေ့လာတာက အသုံးမဝင်ဘူး။ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ ငါ ချီကျင့်ချွန်က မင်းနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးကို သွားလာမယ်။ ငါက ကျေးဇူးတရားကို ကျေးဇူးတရားနဲ့ တုန့်ပြန်ပြီး ရန်ကို ရန်နဲ့ တုန့်ပြန်မယ် ။ ငါက အပြင်းဆုံးအရက်ကိုသောက်ပြီး အမြန်ဆုံးဓားကို ကိုင်မယ်။ အကောင်းဆုံးမြင်းကိုစီးမယ်။ ငါက ငွေကြေးအလုံအလောက်လည်း ပြင်ဆင်ပြီးသွားပြီ။ ငါ့ဆီမှာ ငွေဆ တစ်ဒါဇင်ကျော်ရှိတယ်။ တကယ်လို့ မလုံလောက်ဘူးဆိုရင် မနက်ဖြန်ကျရင် ဆရာ့ဆီကနေ သွားပြီးတော့ ချေးလိုက်မယ်…”
“ဆရာက တော်တော်လေးကို နားလည်ပေးပါတယ်။ တကယ်လို့ ငါက စာပေမလေ့လာချင်တော့ဘူးဆိုရင် အပြင်ကို ခရီးသွားနိုင်တယ်လို့ ပြောတယ်။ အသိပညာဆိုတာက တောင်တန်းတွေ ၊ မြစ်တွေလို နေရာတိုင်းမှာ ရှိတယ်လေ..”
အစိမ်းရောင်ဝတ်ထားသော စာသင်သားလေးက တခြားသူများ၏ ရိုက်နှက်ခြင်းကို ခံနေရသော်လည်း သူ့မျက်လုံးထဲတွင်တော့ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပြည့်နှက်နေခဲ့သည်။
ထိုအချိန်တွင် ကျောင်းတော်၏တံခါးဝ၌ ချောင်းကြည့်နေသော စာသင်သားအိုကြီးကတော့ အပြင်ဖက်သို့ ပေါ်လာခြင်းမရှိဘဲ ခိုးကြည့်နေခဲ့၏။ သူက အိုက်လျန်ကို ဒေါသတကြီး ကြည့်နေခဲ့သည်။
အိုက်လျန်က သူ့ကို လျစ်လျူရှုထားသည့်အချိန်တွင် သူက အပြင်သို့ ထွက်လာပြီး တံခါးဘေးတွင် ရပ်နေလိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းပြလိုက်ပြီး အကယ်၍ အိုက်လျန်ကသာ သူ့တပည့်ကို လှည့်စားမည်ဆိုရင် သူနှင့်အသေအကြေ တိုက်ခိုက်မည်ဖြစ်ကြောင်း ပြသနေခဲ့သည်။
"မင်း သွားလိုက်တော့။ အခု မင်းက စကားကြီးစကားကျယ်တွေ ပြောနေတာ။ မင်းက အသက်ပိုကြီးလာပြီး ရင့်ကျက်လာတဲ့ အချိန်ကျရင် ငါက မင်းကို ရောင်စုံကမ္ဘာကြီးဆီ ခေါ်သွားပေးမယ် ။ ဒါက ငါ အိုက်လျန်ရဲ့ကတိပဲ ။ ငါ မင်းကို စောင့်နေမယ်…"
အဆုံးတွင်တော့ သူက လက်ထဲတွင် ဓားတစ်ချောင်းကိုင်ပြီး ထိုဓားကို ပုခုံးပေါ်တွင်တင်၍ အေးအေးဆေးဆေး ထွက်သွားခဲ့၏။ တခြားလက်တစ်ဖက်ကတော့ လက်သီးဆုပ်ထားပြီး နှုတ်ဆက်ခဲ့သည်။
ခရီးသွားဓားသမား အိုက်လျန်က ကမ္ဘာကြီးထဲတွင် ခရီးသွားလာချင်နေသော စာသင်သားလေးကို နှုတ်ဆက်ခဲ့သည်။ ထိုခွဲခွာမှုက ထာဝရခွဲခွာမှု ဖြစ်သွားခဲ့၏။ အဆုံးတွင်တော့ သူက ပြန်လှည့်ကြည့်လိုက်ရာ စာသင်သားအိုကြီး၏ လက်ကိုကိုင်ပြီး အဝေးသို့ လျှောက်သွားသော လူငယ်လေးကို မြင်လိုက်ရသည် သူတို့နှစ်ယောက်က ကျောင်းကို ပြန်သွားခဲ့ကြ၏။
သူတို့နှစ်ယောက်က အချင်းချင်း စကားပြောနေခဲ့ကြသည်။
"ကျင့်ချွန်…ဆရာ မေးဖို့ မေ့သွားလို့။ ဘယ်သူက မင်းကိုတိုက်ခိုက်ခဲ့တာလဲ…"
"ဇိုမျိုးရိုးလေ…"
"ဟမ် …သူက မင်းကို တိုက်ခိုက်တဲ့အချိန်မှာ ဂရုမစိုက်ဘူးလား။ ပြန်ရောက်တဲ့အချိန်ကျရင် ဆရာ သူ့ကို သင်ခန်းစာကောင်းကောင်းပေးလိုက်မယ်။ လူကြီးလူကောင်းဆိုတာ ပြဿနာကို ဆွေးနွေးဖြေရှင်းသင့်တယ်။ ကြမ်းကြမ်းတမ်းတမ်း နည်းလမ်းတွေနဲ့ မဖြေရှင်းသင့်ဘူး။ သူက စကားပွဲတွေမှာ အနိုင်မရဘူးလား။ ဒါကြောင့် သူက ရှက်ပြီး လက်ပါတာလား…"
"မဟုတ်ဘူး…"
"ဟမ်…"
"သူက ဆွေးနွေးပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် အရှုံးပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်က ဆရာ့ကို ကျော်ဖို့ နည်းလမ်းမရှိဘူးလို့ သူက ပြောခဲ့တယ်။ ကျွန်တော်က ဘယ်လောက်ပဲ စာအုပ်တွေဖတ်ဖတ် ဆရာ့ကိုမကျော်နိုင်ဘူးလို့ ပြောတယ်။ အဲဒါက ဖြစ်နိုင်ပါ့မလား…”
“ကျွန်တော် တစ်ယောက်တည်း စဉ်းစားကြည့်တယ်။ ဆရာက ဗဟုသုတပြည့်စုံပေမယ့် အခုချိန် စာဖတ်ဖို့ ကြိုးစားတယ်ဆိုရင် အမြဲတမ်း အိပ်ငိုက်နေတာလေ။ ဆရာ စာဖတ်လိုက်တဲ့အချိန်တိုင်း ခေါင်းပဲ ညိတ်နေတာကို ကျွန်တော် မြင်နေရတာပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ငယ်သေးတယ် ဒါကြောင့် တစ်နေ့နေ့မှာ ကျွန်တော် ဖတ်တဲ့စာအုပ်တွေက ဆရာ့ထက်ပိုများလာမှာပဲ။ ဒါပေမယ့် သူကတော့ ဆက်တိုက်ကို လှောင်နေခဲ့တာ။ ကျွန်တော့်မှာသာ တကယ်အရည်အချင်းရှိရင် တစ်နေ့နေ့မှာ ဆရာ့ထက်ပိုပြီးဗဟုသုတရှိလာအောင် ကြိုးစားလို့ သူက ပြောခဲ့တယ်…”
“အဲဒီစကားကို ကြားတဲ့အချိန် ကျွန်တော်က ဒေါသထွက်ပြီး သူ့ကို အရင်ဆုံး တိုက်ခိုက်ခဲ့တယ်။ ကျွန်တော် သူ့ကို အနိုင်မရခဲ့တဲ့အချက်ကိုတော့ ဝန်ခံရမှာပဲ…"
"ဒါဆိုရင် ဆရာ မင်းကိုမြင်တဲ့အချိန်တုန်းက မင်း ဘာလို့သူ့ကို မတိုက်ခိုက်ခဲ့ရတာလဲ.."
"စာသင်သားတွေမှာ ကိုယ်ကျင့်တရားဆိုတာ ရှိသင့်တယ်လေ။ ဆရာပြောခဲ့တာမလား။ ဆရာ … ဆရာကဒီနယ်ပယ်မှာ နည်းနည်းလေး လိုအပ်နေတယ်လို့ ထင်တယ်။ ဆရာက ဆွေးနွေးပွဲမှာ အနိုင်ရပြီး တိုက်ပွဲမှာ ရှုံးသွားရင် ဆရာ့ရဲ့ဗဟုသုတတွေက ဘယ်လောက်များတယ်ဆိုတာ ကြွားတတ်တယ်။ ပြီးတော့ အဲဒီဆွေးနွေးပွဲက ဘယ်လောက်သမိုင်းကြောင်းဆန်ပြီး အံ့ဩစရာကောင်းတယ်ဆိုတာကိုပဲ ပြောခဲ့တယ်။ ဆရာက ဆွေးနွေးပွဲမှာ ရှုံးပြီး တိုက်ပွဲမှာ အနိုင်ရခဲ့ရင်တော့ တိုက်ပွဲအကြောင်းကို ကြွားနေတတ်ပြန်တယ် …”
“ဆရာ..ဆရာ….
ဘာလို့ ကျွန်တော့်နားရွက်ကို လိမ်ဆွဲနေရတာလဲ... အား… နာတယ် ဆရာ…"
"လူကြီးလူကောင်းတစ်ယောက်က အကျိုးအကြောင်း သဘောတရားတွေနဲ့ ဖြေရှင်းသင့်တာ။ အကြမ်းနည်း မသုံးရဘူးဆို…"
"လူကြီးလူကောင်းတစ်ယောက်လား ။ မင်းရဲ့ဆရာက သူတော်စင်တစ်ယောက်လေ.."
ထိုအရာကိုမြင်ခဲ့သည့်အခါ ထိုလူ၏လှုပ်ရှားမှုများက လွတ်လပ်ပေါ့ပါးနေခဲ့သည်။ သူက အလွန်ရှည်လွန်းလှသော မဟာတံတိုင်းပေါ်တွင် ရံဖန်ရံခါထိုင်ပြီး တစ်ယောက်တည်း အရက်သောက်နေတတ်သည်။ သူက အဝေးတွင် ရှိနေသော ကျောက်စက်ပန်းဆွဲ ကမ္ဘာကြီးကို ခရီးသွားခဲ့ပြီး သတင်းအပိုင်းအစများ ရခဲ့သော်လည်း တစ်ခုမျှ ကောင်းသတင်း မဟုတ်ကြပေ ။
အိပ်မက်ဆိုးများ တစ်ခုပြီးတစ်ခု မက်နေခဲ့သလို ဖြစ်နေခဲ့၏။ ထိုသတင်းများကို နားထောင်ပြီးနောက် ထိုလူက သူနှင့်အတူ စာသင်သားငယ်လေးကို ခေါ်မလာခဲ့သည့်အတွက် နောင်တရနေမိခဲ့၏။ ထိုအဘိုးကြီးက သူ သဘောအကျဆုံး တပည့်ကိုပင် မစောင့်ရှောက်နိုင်သည့်အတွက် အပြစ်တင် ကြိမ်းမောင်းခဲ့သည်။
ယခုတော့ သူ့ရှေ့တွင် ရှိနေသော လူငယ်လေးကိုကြည့်ပြီး အိုက်လျန်က ပြုံးလိုက်၏။
“ငါက မင်းနဲ့သက်တူရွယ်တူ ကောင်လေးတစ်ယောက်ကို တစ်ကြိမ် မှတ်ချက်ပေးခဲ့ဖူးတယ်။ ငါ ပြောတာကို ယုံလိုက်ပါ။ မင်းက စာသင်သား တစ်ယောက်ထက် ဓားသမားတစ်ယောက်ဘဝမှာ ပိုပြီးအောင်မြင်လိမ့်မယ်လို့ ပြောခဲ့တယ်။ အခုငါက မင်းကိုလည်း မှတ်ချက်ပေးသင့်တယ်လို့ ထင်တယ်။ ငါပြောတာကို ယုံလိုက်။ မင်းက လက်သီးသိုင်းထက် ဓားသိုင်းမှာ ပိုပြီးအောင်မြင်လိမ့်မယ်…"
ဝါးဦးထုပ် ဆောင်းထားသော အိုက်လျန်က တောက်ပစွာ ပြုံးနေခဲ့သည်။ ထိုအပြုံးက ဆောင်းဦးရာသီတွင် ထွက်ပေါ်လာသော နေလုံးကြီးကဲ့သို့ ဖြစ်နေခဲ့၏။
ချန်းပင်အန်းကတော့ အိုက်လျန်ဆီတွင် လုံးဝမမြင်ဖူးသော ဝမ်းနည်းမှုတစ်ခုကို မြင်ခဲ့ရလေသည်။
Translated by Hein Htet.