အခန်း (၁၁၄)
Vol. 8 Ch. 114
အိုက်လျန်က အရက်မသောက်တော့ဘဲ ငွေရောင်ဘူးသီးခြောက်ကလေးကို ခါးတွင် ပြန်ချိတ်လိုက်သည်။ သို့သော် သူ့ခြေထောက်ကတော့ တင်ပျဉ်ခွေထိုင်ထားပြီး သွားစားပွဲတောင်၏ တောင်တန်းသခင် သူ့အတွက် ဖန်တီးပေးထားသော ဝါးဓားမောက်ကိုတော့ ဒူးနှစ်ဖက်ပေါ်တွင် တင်ထားခဲ့သည်။ အိုက်လျန်က လက်ကိုင်ကို ပေါ့ပါးစွာ ဆွဲထုတ်လိုက်သည့်အတွက် ဓားတစ်ချောင်းလုံးကို မြင်လိုက်ရ၏။
“အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ဒီအတောအတွင်း ငါက မင်းကို တစ်ချိန်လုံး စမ်းသပ်နေခဲ့တာ။ မင်းက စမ်းသပ်မှုတွေ အများကြီးကို အောင်မြင်ခဲ့တယ်။ မင်းရဲ့ရွေးချယ်မှုတွေက ငါ မင်းကို ဘယ်လောက်ဝေးဝေးထိ လိုက်ပို့နိုင်လဲဆိုတဲ့အပေါ် ဆုံးဖြတ်ပေးနိုင်တယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ အခက်အခဲတွေ ဖြတ်ကျော်နိုင်တဲ့ မင်းရဲ့အရည်အချင်းက ငါ လိုက်ပို့မဲ့ အကွာအဝေးနဲ့ တိုက်ရိုက်အချိုးကျနေတယ်လေ…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“သေချာစဉ်းစားကြည့်ပြီးတော့ ကျွန်တော်လည်း သံသယဝင်နေခဲ့တာပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့စိတ်ထဲမှာ တခြားအတွေးတွေ ရှိနေနိုင်တယ်လို့ ခံစားမိတယ်။ ဒါကြောင့် ကျွန်တော်က ဒီအခြေအနေတစ်ခုလုံးကိုတော့ သေချာနားမလည်နိုင်ခဲ့ဘူး…”
အိုက်လျန်က ထိုအရာကြောင့် အံ့ဩနေခဲ့ခြင်း မရှိချေ။ သူက ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
“ပထမဆုံးစမ်းသပ်မှုကတော့ နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းထဲမှာပဲ။ တကယ်လို့ မင်းကိုယ်တိုင်ကသာ လောကကြီးရဲ့ပြဿနာတွေကို မသိနားမလည်တဲ့ ကလေးတစ်ယောက်အဖြစ် သက်သေပြခဲ့ပြီး ရူးရူးမိုက်မိုက်နဲ့ မဆင်မခြင် လုပ်တတ်တဲ့ လူတစ်ယောက်ဆိုရင် ငါက မင်းအတွက် မြည်းတစ်ကောင်ပဲ ချန်ထားပေးခဲ့မှာ…”
“ပြီးရင်တော့ ငါက လက်နှစ်ဖက်ကို ဖုန်ခါပြီး ထွက်သွားရုံပဲ။ ပြီးရင်တော့ ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်း တံခါးပိတ်လေ့ကျင့်ပြီးတဲ့အချိန်ထိ စောင့်နေတာ မနေတာကတော့ မင်းအပေါ်ပဲ မူတည်တော့တယ်။ ငါက ဘာကိုဂရုစိုက်နေရဦးမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အနှေးနဲ့အမြန် သေရတော့မှာပဲလေ။ မင်းကို ဂရုစိုက်တာက ငါ့ရဲ့ခံစားချက်တွေကို ဖြုန်းတီးသလို ဖြစ်နိုင်တယ်…”
အိုက်လျန်က ချန်းပင်အန်းကို ပေးခဲ့သော စမ်းသပ်မှုများနှင့် ပတ်သက်သည့် အသေးစိတ်ကို ဆက်လက်စဉ်းစားကြည့်နေခဲ့သည်။ ထို့ကြောင့် ထိုလူငယ်က အံ့ဩနေမိခဲ့၏။ အိုက်လျန်က အလွန်ဂရုစိုက်ပြီး အသေးစိတ်ကျသည့် လူတစ်ယောက်ဟု သူလည်း လုံးဝမတွေးမိခဲ့ပေ။
ထိုထက် ပို၍ဆိုးသည်မှာ သူက ဘဝတစ်လျှောက်လုံးတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သည့် စမ်းသပ်မှုများစွာကို ကြုံတွေ့ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
“ဒုတိယမြောက်စမ်းသပ်မှုကတော့ သွားစားပွဲတောင်ပေါ်မှာရှိတဲ့ တိုက်ပွဲပဲ။ တကယ်လို့ ငါ့ရဲ့ရည်ရွယ်ချက်ရှိရှိ ရန်စမှုကြောင့်သာ မဟုတ်ရင် တောင်တန်းသခင်ဝေ့ပိုနဲ့ စပါးအုံးမြွေနှစ်ကောင်က ဒီလိုမဆင်မခြင်လုပ်မှာ မဟုတ်ဘူး။ ငါမျှော်လင့်နေတာက..”
“ငါ့ရဲ့တတိယမြောက်စမ်းသပ်မှုကတော့ ဝါးသစ်တောထဲမှာ နောက်ထပ်ဝါးတွေ ပြန်သွားခုတ်ဖို့ မင်းကို ဆွဲဆောင်လိုက်တဲ့အချိန်ပဲ။ တကယ်လို့ အကုန်လုံးကသာ အစီအစဉ်အတိုင်း ဖြစ်လာမယ်ဆိုရင် လက်ရှိစမ်းသပ်မှုက နောက်ဆုံးစမ်းသပ်မှု ဖြစ်လိမ့်မယ်။ နဂိုတုန်းကတော့ ငါက မင်းတို့နဲ့အတူ လိုက်လာပြီး ယဲ့ဖူတောင်ကြားကို ဖြတ်ပြီးမှပဲ ထွက်သွားဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ ဖြစ်လာပြီ။ ဒီတော့ ငါလည်း အချိန်မတိုင်မီ ထွက်သွားရတော့မှာပေါ့….”
အိုက်လျန်၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်သည်။
“တချို့စမ်းသပ်မှုတွေက ရည်ရွက်ချက်ရှိရှိ ပြီးသွားခဲ့တယ်။ တချို့စမ်းသပ်မှုတွေကတော့ စမ်းတဝါးဝါးနဲ့ ပြီးသွားခဲ့တယ်။ တချို့တွေကတော့ အခြေအနေ၊ အချိန်အခါနဲ့ လိုက်ရောညီထွေ ပြီးသွားခဲ့တယ်…”
“ငါက မင်းရဲ့ရွေးချယ်မှုတချို့ကို ချွင်းချက်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ သူတို့တွေက တော်တော်လေးကို ခေါင်းမာတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ မင်းရဲ့ ရွေးချယ်မှုတချို့ကတော့ ငါ့ကို အရမ်းဝမ်းသာသွားအောင် လုပ်ပေးနိုင်တယ်။ ဒါက ရှေ့ဆက်သွားဖို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပဲ…”
“ဒါက ချီကျင့်ချွန်နဲ့ ချွေးချန်းတို့လို စာသင်သားတွေအတွက် နန်းတွင်းစာမေးပွဲ မဟုတ်ဘူး။ သူတို့တွေကတော့ အမှန်တရားနဲ့ အရည်အချင်းကိုပဲ အရင်ဆုံး အလေးထားကြတယ်။ စမ်းသပ်ဖို့ ငါ့ရဲ့ဆုံးဖြတ်ချက်တွေ၊ နောက်ကွယ်ကနေ မင်းကို စောင့်ကြည့်နေရတာတွေက တချို့ဂိုဏ်းက အတွေ့အကြုံရှိတဲ့ အင်မော်တယ်တွေ သူတို့တပည့်ကို ရွေးချယ်လိုက်သလိုမျိုးပဲ။ မင်းရဲ့အရည်အချင်းထက် မင်းရဲ့အကျင့်စရိုက်ကိုပဲ အလေးထားတာ..”
အိုက်လျန်၏မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာပြီး မေးလိုက်သည်။
“ငါက ပျင်းလို့ ကစားနေတာလို့ မင်းက ခံစားမိနေတာလား။ ဒါမှမဟုတ် ငါက မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတဲ့ မကောင်းဆိုးရွား တစ်ယောက်လို ခံစားမိနေတာလား…”
ချန်းပင်အန်း ပြန်မဖြေနိုင်ခင် သူက ကိုယ်တိုင်အဖြေတစ်ခု ပေးခဲ့သည်။
“ငါ့မှာ ဘာလို့ ဒီလောက် အချိန်အများကြီးရှိမှာလဲ။ ငါ့လို အစွမ်းထက်တဲ့ လူတစ်ယောက်က အရမ်းကို အလုပ်များတယ်။ နားလည်တယ်မဟုတ်လား…”
ချန်းပင်အန်းက ခုံပေါ်သို့ ထိုင်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို ပျင်းရိစွာ ဆန့်လိုက်သည်။ သူက လက်နှစ်ဖက်နှင့် မျက်နှာကိုကိုင်ပြီး မေးလိုက်၏။
“အိုက်လျန် …
ကျွန်တော်က ဆရာချီနဲ့ အသိအကျွမ်း ဖြစ်နေတာကြောင့်လား။ ဒါကြောင့် ကျွန်တော့်ကို ဒီလောက်ထိ အလေးထားနေခဲ့တာလား…”
အိုက်လျန်၏အမူအရာက တည်ငြိမ်သွားပြီး ပြန်ပြောလိုက်သည်။
“ကျင့်ကြံမှုလမ်းကြောင်းမှာ ရှုပ်ထွေးမှုတွေ၊ ဆွဲဆောင်မှုတွေ အများကြီးရှိတယ်။ လီဟွိုင်ရဲ့ ရေပြတ်ကမ်းပါးနဲ့ လင်းရှို့ယီရဲ့ ကျင့်ကြံမှုပါရမီတွေအားလုံးက မင်းအတွက် ခြေနင်းကျောက်တုံးအဖြစ် ပြောင်းလဲပစ်နိုင်တယ်။ ဒါပေမဲ့ ချီကျင့်ချွန်ရဲ့တပည့်တွေက ဒီလိုဆိုးရွားတဲ့ ကံကြမ္မာမျိုးကို မခံစားရသင့်ဘူး။ အထူးသဖြင့် လီပေါင်ဖျင်ပဲ။ သူက တော်တော်ထူးခြားတဲ့ ကလေးတစ်ယောက်လို့ ပြောလို့ရတယ်။ သူ့ရဲ့ဦးလေးငယ် စိတ်ပျက်သွားတယ်ဆိုတဲ့ အတွေးမျိုးနဲ့တင် သူက တော်တော်လေးကို ဝမ်းနည်းပြီး နှလုံးကွဲကြေသလို ခံစားခဲ့ရတာ…”
အိုက်လျန်က ခဏကြာ တိတ်ဆိတ်သွားခဲ့သည်။ သူက မူလပုံစံကို လျင်မြန်စွာပြန်ပြောင်းသွားပြီး အပြုံးနှင့် ပြောလိုက်၏။
“ငါတို့လို အဘိုးကြီးတွေကတော့ တိုင်းပြည်တွေ ပျက်စီးတာ၊ တောင်တန်းတွေ၊ မြစ်တွေ ပျောက်ကွယ်သွားတာကို မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလိုအသေးအဖွဲ၊ ပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ ငါတို့တောင် လက်မခံနိုင်ခဲ့ကြဘူး…”
ချန်းပင်အန်းက အိုက်လျန်၏ဘေးတွင် ကျနေသော တုတ်ထိုးသကြားလုံးတစ်ခုကို ယူလိုက်ပြီး ဖြည်းညင်းစွာ ဝါးနေခဲ့သည်။ ထို့နောက် ဗလုံးဗထွေးအသံနှင့် မေးလိုက်၏။ “အိုက်လျန် …
အခုကျွန်တော့်ကို ဘယ်လိုမြင်လဲ။ အခုကျွန်တော်နဲ့ ပတ်သက်ပြီး ဘာတွေတွေးမိလဲ။ တကယ်လို့ ကျွန်တော်က မသင့်တော်ဘူးလို့ ခံစားမိတယ်ဆိုရင် လီပေါင်ဖျင်တို့ကို တာ့ဆွေအင်ပါယာထဲ လိုက်ပို့ဖို့အတွက် တခြားမိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပေးလို့ရတယ် မဟုတ်လား။ ကျွန်တော်က အခက်အခဲတွေကို ရင်ဆိုင်ဖို့ မကြောက်ဘူး။ ကျွန်တော်က လီပေါင်ဖျင်တို့ကို မကာကွယ်နိုင်တဲ့အတွက် ဆရာချီ စိတ်ပျက်သွားမှာကိုပဲ ကြောက်တာ…”
“ထွက်ပြေးဖို့ မကြိုးစားပါနဲ့… ကောင်လေး ။ ဒီတာဝန်အတွက် မင်းက အသင့်တော်ဆုံး လူတစ်ယောက်ပဲ။ ချီကျင့်ချွန်က တခြားအရာတွေမှာ တော်ချင်မှတော်မယ်။ ဒါပေမဲ့ လူရွေးချယ်တဲ့နေရာမှာ သူ့ရဲ့စွမ်းရည်တွေကတော့ တကယ့်ကို ထိပ်တန်းပဲ။ ဒါပေမဲ့ အဲဒီအဘိုးကြီးကိုယ်တိုင် မင်းတို့နဲ့အတူ လိုက်မလာရင်ဆိုတဲ့ အခြေအနေကို ပြောတာ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအဘိုးကြီးအကြောင်းကို မပြောတော့ဘူး။ လိပ်ခွံထဲမှာ ပုန်းနေတဲ့ငကြောက်တွေ၊ ကပ်စေးနည်းပြီး သဘောထားသေးတဲ့ စာသင်သားအိုကြီးတွေ၊ သူ့အကြောင်းကို ပြောလိုက်ရုံနဲ့ ငါက ဒေါသထွက်တယ်..”
အိုက်လျန်က သူ၏ဝါးဦးထုပ်ကို နေရာပြောင်းပြီး အဝေးကို မော့ကြည့်လိုက်သည်။ သူက တစ်ယောက်တည်း တွေးတောနေပုံရ၏။
“တာ့လီရှင်ဘုရင်ကလည်း တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ။ အံ့ဩဖို့ကောင်းတယ်။ တော်တော်အံ့ဩဖို့ကောင်းတယ်။ ငါ့မှာ အချိန်နည်းနည်းကျန်သေးမှတော့ အသုံးမဝင်တဲ့အရာအချို့ မင်းကို ပြောရသေးတာပေါ့။ ငါက ဘာလို့ မင်းအပေါ် အချိန်ပေးပြီး မျှော်လင့်ချက်ထားနေရတာလဲဆိုတာ ရှင်းပြပေးမယ်…”
အိုက်လျန်က ချန်းပင်အန်းကဲ့သို့ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူက ဒူးနှစ်ဖက်ပေါ်သို့ ဓားမောက်ကို တင်ထားပြီး ဖြည်းညင်းစွာ ရှင်းပြလိုက်၏။
“သိုင်းပညာရှင်တစ်ယောက်ပဲဖြစ်ဖြစ်၊ ချီကျင့်ကြံသူ တစ်ယောက်ပဲဖြစ်ဖြစ် ကျင့်ကြံရေးလမ်းကြောင်းမှာ အဆိုးရွားဆုံး အပြစ်ကတော့ အပျင်းထူပြီး ဆုံးဖြတ်ချက် မပြတ်သားတာပဲ။ ဒါကြောင့် တခြားသူတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ နှလုံးသားရဲ့ဆန္ဒအတိုင်း လုပ်ဆောင်တာက ပုံမှန်ဖြတ်လမ်းတစ်ခုပဲ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာရှိနေတဲ့ ထင်မြင်ချက်တွေကြောင့် အခက်အခဲတွေ ပေါ်လာတတ်တယ်..”
“စစ်ကျောင်းကျင့်ကြံသူတွေက နောက်ဆုတ်ဖို့ မစဉ်းစားကြဘူး။ သိုင်းပညာရှင်တွေကလည်း ဒီလိုချုပ်နှောင်မှုတွေကနေ ထွက်မပြေးနိုင်ကြဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ရေစီးကြောင်းကို ဆန့်ကျင်ပြီး သွားတာကမှ ရဲစွမ်းသတ္တိရှိတဲ့ ပုံသဏ္ဌာန်ပဲ။ ဒါက တက်လှမ်းခြင်းအတွက် တိုက်ပွဲတစ်ခု။ ကောင်းကင်ဘုံကို ရောက်နိုင်တဲ့တိုက်ပွဲတစ်ခုပဲ…”
“တာအိုသခင်တွေကတော့ သူတို့ရဲ့သိစိတ်ကို စစ်ဆေးတာ သဘောကျတတ်ကြတယ်။ ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူတွေကတော့ သူတို့ရဲ့အတိတ်ဘဝနဲ့ အနာဂတ်ဘဝကိုစောင့်ကြည့်တာ သဘောကျကြတယ်။ ကွန်ဖြူးရှပ်ပညာရှင်တွေကတော့ စည်းမျဉ်းတွေ၊ ရိုးရာဓလေ့ထုံးစံတွေကိုလိုက်နာကြတယ်…”
“မိုအတွေးအခေါ် ပညာရှင်တွေကတော့ နည်းနည်းလေး ပိုပြီးထူးဆန်းတယ်။ သူတို့က စကြဝဠာတစ်ခုလုံးအပေါ် စိုးရိမ်စိတ်တွေ ရှိကြတယ်။ သူတို့က သစ္စာရှိသလို အထူးသဖြင့် အသက်ရှည်တာကို မကြိုက်ကြဘူး။ သူတို့က ရည်မှန်းချက်ကြီးပြီး အရည်အချင်း နည်းနည်းပဲရှိတဲ့ စိတ်ကြီးဝင်သမားတွေလိုပဲ။ သူတို့က သူတို့ရဲ့ စာမျက်နှာတွေပေါ်မှာ ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးချင်နေတာ..”
“လူသားတွေရဲ့စိတ်က ဖန်သားတွေလို ပျက်စီးလွယ်ပြီး ကျွတ်ဆတ်တယ်။ အဲဒီအရာတွေက စေ့စေ့စပ်စပ် စစ်ဆေးတာတွေကို ခံနိုင်ရည် မရှိကြဘူး။ ချီကျင့်ချွန်က စစ်ဆေးကြည့်ဖို့ ဆန္ဒမရှိတဲ့ ခေါင်းမာတဲ့ စာသင်သားတစ်ယောက်ပဲ။ ဒါကြောင့် ငါက သူ့ကိုယ်စား စစ်ဆေးဖို့အတွက် တာဝန်ယူခဲ့ရတယ်…”
“စာပေမျိုးဆက် ဆက်ခံမှုနဲ့ ပတ်သက်တဲ့အရာမျိုးကို ငါက အလေးမထားဘဲ နေရဲမှာလား။ တကယ်လို့ မင်းကသာ ရှို့ဟူထက် ဘာမှထူးခြားမနေဘူးဆိုရင် ဆွဲဆောင်မှုတွေကို မခံနိုင်တဲ့ လူတစ်ယောက်ဆိုရင် နောက်ပိုင်းဘာတွေဖြစ်လာမှာပဲ။ ချီကျင့်ချွန်က သေသွားပေမဲ့ ငါက အသက်ရှင်နေသေးတယ်။ အဲဒီအချိန်ကျရင် သူက မသက်မသာ ခံစားရမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ငါကတော့ စိတ်ဓာတ်ကျပြီး သေဆုံးသွားရလိမ့်မယ်။ မင်းက အခက်အခဲတွေကို ခံနိုင်ရည်ရှိပြီး ဆွဲဆောင်မှုတွေကို ခံနိုင်တယ်ဆိုတာ လုံးဝမတူညီတဲ့ အရာနှစ်ခုပဲ….”
အိုက်လျန်က သက်ပြင်းချပြီး ပြောလိုက်သည်။
“ဒါက ရှင်ဘုရင်အတွက် စိုးရိမ်နေတဲ့ မိန်းမစိုးတွေထက်တောင် ပိုပြီးတော့ လေးနက်နိုင်တယ်…”
“အိုက်လျန်…
ခင်ဗျား ဘာမှစိုးရိမ်စရာမလိုဘူး”
ချန်းပင်အန်းက လေးလေးနက်နက် ပြောလိုက်၏။
“ကျွန်တော်က ငွေမက်ပေမဲ့ ကျွန်တော့်လက်နဲ့ ရထားတဲ့ငွေကိုပဲ မက်တာ။ ကြမ်းပြင်ပေါ်မှာ ကျနေတယ်ဆိုရင်တောင် ကျွန်တော် ပိုငတာမဟုတ်ရင် မယူဘူး။ အဲဒီအစား ကျွန်တော်က ပိုင်ရှင်ကိုပဲ လိုက်ရှာပေးဖို့ ကြိုးစားကြည့်မှာ…”
အိုက်လျန်က အပြုံးနှင့် မှတ်ချက်ပေးလိုက်သည်။
“မင်းရဲ့စကားတွေက မမှားပါဘူး။ ဒါပေမဲ့ တကယ်အရေးကြီးတဲ့ အခြေအနေမျိုးကို ရောက်လာရင် မင်းက အဲဒီငွေကို အရင်ဆုံး သုံးထားလို့ရတယ်။ ပြီးတော့ ဒီအကြွေးကို မှတ်ထားပြီး နောက်ပိုင်းမှ ပြန်ပေးဆပ်ပေါ့။ သူတို့စိတ်ဝင်စားတဲ့အရာလေးတွေလည်း ထပ်ဖြည့်ပေးလို့ ရတယ်…”
“ဒါဆိုရင် နှစ်ဦးနှစ်ဖက်လုံး ဝမ်းသာရလိမ့်မယ်။ ဒါကမှ အစစ်အမှန် လူကောင်း တစ်ယောက် လုပ်သင့်တဲ့အရာတစ်ခုပဲ။ မဟုတ်ရင်တော့ မင်းက အဲဒီငွေကို ကာကွယ်ပြီး အစာငတ်ခံ သေသွားတဲ့အရာမျိုး အဖြစ်ခံမှာလား…”
“ဒါက အခြေအနေကို လိုက်လျောညီထွေ ဆုံးဖြတ်တယ်လို့ ခေါ်တာလား…”
ချန်းပင်အန်းက မေးလိုက်သည်။
အိုက်လျန်က သူ၏နှလုံးသားကို လက်ညှိုးထိုးပြလိုက်ပြီး နောက်တစ်ကြိမ် ဦးခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။
“တကယ်လို့ မင်းက အဲဒီစမ်းသပ်မှုနှစ်ခုကို အောင်မြင်နိုင်မယ်ဆိုရင် ငွေကြေးတွေကို ကောင်းကောင်းအသုံးချလို့ရပြီ…”
ချန်းပင်အန်းက နားလည်သွားသည့်အတွက် မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အိုက်လျန် …
ခင်ဗျားက စာမဖတ်ပေမဲ့ ခရီးသွားလာပြီး အတွေ့အကြုံတွေ ရှိခဲ့တဲ့ လူတစ်ယောက်ပဲ။ ခင်ဗျားရဲ့စကားလုံးတွေက ကျွန်တော့်ကို တော်တော်များများ နားလည်အောင် ကူညီပေးနိုင်တယ်…”
အိုက်လျန်က နှာခေါင်းကိုပွတ်ပြီး ပြောလိုက်၏။
“မင်းရဲ့ချီးကျူးတဲ့စကားက လီဟွိုင်ရဲ့ ချီးကျူးတဲ့စကားနဲ့ ယှဉ်လိုက်ရင်တောင် ဘာလို့ နိမ့်ကျနေတယ်လို့ ခံစားနေရတာလဲ..”
သူက လက်ရန်းကို မှီလိုက်ပြီးနောက် အလွန်တောက်ပသော လမင်းကြီးကို မော့ကြည့်နေမိခဲ့သည်။
“မင်း သိလား ။ ချီကျင့်ချွန်နဲ့ တခြားစာသင်သားတွေရဲ့မျက်လုံးထဲမှာ မင်းရဲ့ခေါင်းမာမှုတွေက တကယ့်ကို အံ့ဩစရာပဲ။ တော်တော်ကို အံ့ဩဖို့ကောင်းတယ်။ မင်းရဲ့လုပ်ရပ်တွေက သူတို့ရဲ့စိတ်ထားနဲ့လည်း ကိုက်ညီကြတယ်။ ဒါက ကိစ္စတွေကို ဖြေရှင်းတဲ့အချိန်မှာ အမှန်တရားဘက်ကို ရပ်တည်နေတဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ အရည်အသွေးမျိုးပဲ…”
အိုက်လျန်က အားရပါးရရယ်ပြီး အနည်းငယ် အံ့ဩနေသည့် လူငယ်လေးကို လက်ညှိုးထိုး၍ ဆက်ပြောလိုက်သည်။
“ဟားဟားဟား … မင်းက ငွေမက်သူ၊ ကံဆိုးသူဆိုတဲ့ စကားလုံးတွေကိုတော့ သိထားမှာပေါ့။ ဒါပေမဲ့ အဲဒီအဘိုးကြီးငယ်ငယ်တုန်းကလည်း မင်းနဲ့အရမ်းတူတယ်လို့ ပြောလို့ရတယ်။ အမှန်အတိုင်းပြောရရင် ချီကျင့်ချွန် မင်းလို အရွယ်တုန်းက သူလည်း တော်တော်လေးကို ဆိုးတယ်။ အဲဒီအစား မင်းလို ခေါင်းမာတယ်လို့ လူတိုင်းက သတ်မှတ်ထားတဲ့ လူတစ်ယောက်ပဲ။ သူက ငယ်ငယ်လေးကတည်းက အရမ်းကို အတွေးများတယ်။ သူ့ရဲ့စိတ်နေစိတ်ထားကတော့ တော်တော်ကောင်းပါတယ်။ သူက ရွှံ့နဲ့ဖန်တီးထားတဲ့ ဗုဒ္ဓရုပ်ထု တစ်ခုလိုပဲ။ သူက တခြားနတ်တွေနဲ့ အတူတူထိုင်နေဖို့ ကံကြမ္မာလည်း ပါလာခဲ့တယ်…”
အိုက်လျန်၏အသံက တဖြည်းဖြည်း တိုးသွားပြီး ရုတ်တရက် အသံကျယ်၍ ပြောလိုက်သည်။
“ဒါပေမဲ့ ငါကတော့ စိတ်ထဲကအတိုင်း လုပ်တာနဲ့ အသားကျနေပြီ။ ဒါကြောင့် ကိစ္စတွေအပေါ် မင်း ဖြေရှင်းတဲ့နည်းလမ်းကို သိပ်ပြီးတော့ သဘောမကျဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကောင်လေးတစ်ယောက်ရဲ့ တောင်းဆိုမှုကို ငြင်းခဲ့တဲ့အချိန်မှာ ဒီလိုခံစားမှုမျိုး ရခဲ့တဲ့ အတွက်ကြောင့်ပဲ…”
“သူကလည်း မင်းနဲ့ အသက်အတူတူလောက်ပဲ ရှိနိုင်သေးတယ်။ တကယ်လို့ ငါသာ ကမ္ဘာကြီးကိုလေ့လာဖို့အတွက် သူ့ကို ငါနဲ့အတူ ခေါ်သွားခဲ့မယ်ဆိုရင် လက်ရှိအခြေအနေထက်တော့ အဆပေါင်းများစွာ ပိုပြီးတော့ ကောင်းလာနိုင်တယ်။ အဆုံးမှာတော့ ငါ သူ့ကို စကားတစ်ခွန်း ပြောခဲ့တယ်။ ‘ငါ ပြောတာကို ယုံလိုက်ပါ .. မင်းက ဓားသမားတစ်ယောက်ထက် စာသင်သားတစ်ယောက်အဖြစ် ပိုပြီးတော့ အောင်မြင်နိုင်တယ်။ ကမ္ဘာကြီးကလည်း သေးသေးလေးပဲ။ ဒါကြောင့် ငါ အိုက်လျန် ရှိနေရုံနဲ့ လုံလောက်ပြီ။ ဒါပေမဲ့ အသိပညာဆိုတာကတော့ အဆုံးမဲ့သမုဒ္ဒရာကြီးလို အဆုံးအစမရှိဘူး မဟုတ်လား။ ဒါကြောင့် မင်းက ငါ့နောက်ကနေ မှီခိုနေဖို့ မလိုအပ်ဘူး’.ဆိုတဲ့စကားပဲ...”
အိုက်လျန်က အပြုံးနှင့် ဆက်ပြောလိုက်သည်။
“ငါက တာ့လီအင်ပါယာကို လာခဲ့တယ်။ ဘာလို့လဲဆိုတော့ လူတချို့နဲ့ စကားပြောချင်လို့ပဲ။ ချီကျင့်ချွန် မလုပ်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်တဲ့ အရာတချို့ကို တချို့လူတွေသိအောင် ငါက ပြောပြချင်တယ်…”
အိုက်လျန်က လက်ကို ထူးဆန်းစွာ ဆန့်လိုက်ပြီး လက်ဖျောက်တီးလိုက်သည်။
………..
ထိုအချိန်တွင် မြစ်ကြည့်လမ်းမ၏ တစ်ဖက်လမ်းကြားလေးထဲရှိ စာအုပ်ဆိုင်ထဲတွင် လီကျင်းဟုခေါ်သော လူငယ်လေးက ခေါင်းကို ထုနှင့် အထုခံလိုက်ရသလို ခံစားနေရ၏။ သူက နောက်သို့ လွင့်သွားခဲ့သည်။
သူက စာအုပ်စင်နှင့် တိုက်မိသွားသည့်အပြင် နံရံကို ဖောက်ထွက်သွားခဲ့ပြီး တစ်ဖက်တွင် ရှိနေသော ဆိုင်ထဲသို့ လွင့်သွားခဲ့၏။ စားပွဲ၏နောက်တွင် ရှိနေသော စာရေးက သူ့ကိုကြည့်၍ အလွန်ကြောက်လန့်သွားခဲ့သည်။
“ဒါက အင်မော်တယ်တွေရဲ့တိုက်ပွဲပဲ။ ဘေးထွက်ပြီး ရပ်ကြည့်နေ…”
အိုက်လျန်က တီးတိုးရေရွတ်လိုက်သည်။
“မင်းကတော့ ဘာမှမသိသေးတဲ့ ငါးတစ်ကောင်ပဲ။ ဒါကြောင့် မင်းက ဒီလောကကြီးထဲမှာရှိတဲ့ မြစ်တွေ၊ လှိုင်းလုံးတွေ အားလုံးကို ကြုံဖူးပြီလို့ တကယ်ထင်နေတာလား။ ငါ အိုက်လျန်က လီဟွိုင် စားဖူးတဲ့ ထမင်းစေ့တွေထက် ပိုများတဲ့မြစ်တွေကို မြင်ခဲ့ဖူးတယ်။ ငါက ကြွားပြီး ပြောနေတယ်လို့ ထင်နေတာလား။ ငါ့ဘဝမှာ ကြွားပြီး လုပ်တဲ့အရာတစ်ခုမှ မရှိဘူး…”
ထို့နောက် အိုက်လျန်က လေထဲကို ဆုပ်ကိုင်လိုက်သည်။ ထိုအခါ အဝေးတွင် ရှိနေသော ခြံဝန်းနံရံ၏ တစ်ဖက်မှနေ၍ အစိမ်းရင့်ရောင်ငါးငယ်လေး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ထိုငါးငယ်လေးက ငါးစာကို ကိုက်လိုက်သလို ဖြစ်သွားခဲ့၏။
သူက လျင်မြန်စွာ ချုပ်ကိုင်လိုက်ရာ အစိမ်းရောင်ငါးလေးက သူ့လက်ထဲသို့ ရောက်လာခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ ပိုင်ရှင်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားပြီးနောက် သေလုမျောပါး ဖြစ်နေသော ငါးငယ်လေးက ယခင်တုန်းကထက် ပို၍ အစွမ်းထက်နေပုံရသည်။
သူက အိုက်လျန်၏ လက်ဖဝါးပေါ်တွင် လှုပ်ရှားကူးခတ်နေခဲ့၏။ အိုက်လျန်က ချန်းပင်အန်းကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
“သူတို့ပြန်လာတဲ့အချိန်ကျရင် လီဟွိုင်ရဲ့ရေပြတ်ကမ်းပါးစာအုပ်ထဲမှာ ဒီငါးလေးကို မွေးခိုင်းရမယ်။ ဒီကောင်လေးကတော့ ဘယ်ကမှန်းမသိတဲ့ ကံတွေ အမြဲတမ်း ကောင်းနေတာပါလား။ လီဟွိုင်က မြို့ငယ်လေးထဲမှာတော့ အမြဲတမ်း ခွေးချီးပုံနင်းမိသလို ဖြစ်နေတာ…”
ထိုအချိန်တွင် အဝေးမှနေ၍ ကလေးတစ်ယောက်၏ အော်သံ ထွက်လာခဲ့သည်။
“အိုက်လျန် …
ခင်ဗျားကသာ နေ့တိုင်းခွေးချီးပုံတွေ တက်နင်းနေတာ…”
ချန်းပင်အန်းက အိုက်လျန်ကို လှည့်ကြည့်လိုက်ရာ သူက တိုးတိုးလေးပြုံးပြီး ပြောလိုက်သည်။
“ဘာမှစိုးရိမ်ဖို့ မလိုဘူး။ သူတို့(၃)ယောက်က ပြန်ရောက်နေတာ မကြာသေးဘူး။ ဒါကြောင့် သူတို့က ကျူးဟယ်နဲ့ ကျူးလုတို့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို မသိကြဘူး။ သူတို့တွေ ရုတ်တရက်ထွက်သွားတာနဲ့ ပတ်သက်ပြီးတော့ မင်းက အကြောင်းပြချက်တစ်ခုခု ပေးလိုက်ပေါ့…”
ထိုသို့ပြောလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“နံရံဘေးမှာ ခိုးပြီး နားမထောင်မနေနဲ့။ ဒီကို လာခဲ့လိုက် ..။ အကျိုးအမြတ်တွေခွဲဖို့ အချိန်ကျပြီ…”
လီပေါင်ဖျင်၊ လီဟွိုင်နှင့် လင်းရှို့ယီတို့က တစ်ယောက်ပြီး တစ်ယောက် စြင်္ကံတွင် ရောက်လာခဲ့သည်။ လီပေါင်ဖျင်က ချန်းပင်အန်း၏ ညာဘက်တွင် ထိုင်လိုက်၏။ လီဟွိုင်ကတော့ ဘယ်ဘက်ခြမ်းတွင် ထိုင်လိုက်သည်။
သို့သော် လီဟွိုင်ကလည်း အိုက်လျန်ကဲ့သို့ တူညီသော ကံကြမ္မာကို ခံစားနေခဲ့ရ၏။ သူက နောက်တွင် ရှိနေသော ကိုင်၍ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သို့သော် သူက ချက်ချင်းပင် ဝမ်းသာသွားသော အမူအရာ ဖြစ်သွားခဲ့၏။ သူက စဉ်းစားမနေဘဲ တုတ်ထိုးသကြားလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ထိုအချိန်တွင် လင်းရှို့ယီကတော့ အိုက်လျန်၏ဘေးတွင် တိတ်တဆိတ် ထိုင်လိုက်၏။
အိုက်လျန်က လင်းရှို့ယီကို အဆောင်တစ်ထပ်ပေးပြီး ပြောလိုက်သည်။
“မင်းက ဒါတွေကို သေချာလေ့လာပါ။ အချည်းနှီး မဖြစ်စေနဲ့။ မြို့ငယ်လေးထဲမှာရှိတဲ့ ဖုလုလမ်းကြားနဲ့ မက်မွန်ပွင့်လမ်းကြားထဲမှာ ထူးခြားဆန်းကြယ်မှုတစ်ခုရ ှိတယ်လို့ ချီကျင့်ချွန်က ပြောခဲ့ဖူးတယ်။ ဒီနေ့ထိအောင် အဲဒီလမ်းတွေထဲမှာ အခွင့်အရေးတစ်ခု ရှိနေသေးတယ်…”
အိုက်လျန်က လူငယ်လေး၏ပုခုံးကိုပုတ်ပြီးဆက်ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့(၄)ယောက်ထဲမှာ မင်းက ပထမဆုံး ကျင့်ကြံသူတစ်ယောက်ပဲ။ ဒီတော့ မင်းရဲ့အနာဂတ်က နောက်ပိုင်းမှာ ပိုပြီးတော့ တိုးတက်လာနိုင်တယ်…”
လင်းရှို့ယီက ခေါင်းညိတ်ပြီး အဝါရောင် အဆောင်စာရွက်တစ်ထပ်ကို လက်ခံထားလိုက်သည်။ ထို့နောက် သူက သူ၏အိတ်ထဲတွင် ရှိနေသော ‘တိမ်တိုက်ပေါ်တွင် ရွတ်ဖတ်ခြင်း’ကျမ်းစာ၏ဘေးတွင် ချထားလိုက်၏။
အိုက်လျန်က ဒေါသထွက်နေသော လီဟွိုင်ကိုကြည့်ပြီး ပြောလိုက်သည်။
“မင်းရဲ့စာအုပ်ရော ဘယ်မှာလဲ။ ထုတ်လိုက်စမ်း…”
“ခင်ဗျား ဘာလုပ်မလို့လဲ။ ခင်ဗျားက ကျုပ်ကို အရင်ဆုံး ငွေစ(၁၀)စပေးဖို့လိုတယ်..”
လီဟွိုင်က ပြန်ပြောလိုက်သည်။
အိုက်လျန်က လက်ဖျောက်တီးလိုက်ရာ ပုန်းအောင်းနေသော အစိမ်းရင့်ရောင် ငါးလေးတစ်ကောင်က ကလေး(၄)ယောက်၏ရှေ့တွင် ပေါ်လာခဲ့သည်။ ချန်းပင်အန်းကလွဲရင် တခြားကလေး(၃)ယောက်က အံ့အားသင့်စွာ မျက်လုံးပြူးသွားကြ၏။
“အခုမင်းရဲ့စာအုပ်ကိုထုတ်ပြီး စာရွက်တစ်ရွက်ကို လှန်လိုက်…”
အိုက်လျန်က အထင်သေးသည့် အမူအရာနှင့် ပြောလိုက်သည်။
“ငါက ဒီငါးကို အဲဒီစာအုပ်ထဲမှာ နေရာချပေးခဲ့မယ်။ ဘယ်လိုမွေးရမလဲဆိုတာတော့ မင်းကိုယ်တိုင်ပဲ အဖြေရှာတော့။ ငါက မင်းကိုထပ်ပြီးတော့ ကူညီမပေးနိုင်ဘူး..”
လီဟွိုင်က မတ်တပ်ရပ်လိုက်ပြီး ရေပြတ်ကမ်းပါးစာအုပ်ကို ထုတ်လိုက်သည်။ သူက အဖုံးဖွင့်လိုက်ပြီးနောက် ရှေ့သို့ ပြေးထွက်လာ၍ အစိမ်းရောင်ငါးလေးကို စာအုပ်ထဲတွင် အားနှင့်ပိတ်ချလိုက်သည်။ ထိုအချိန်တွင် စာအုပ်ထဲမှနေ၍ အဖြူရောင် အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာခဲ့၏။
အိုက်လျန်က နဖူးကိုပွတ်ပြီး မေးလိုက်သည်။
“ကျန်ခဲ့တဲ့ မြည်းကို ဘယ်သူယူမလဲ…”
လီဟွိုင်က လက်ထောင်ပြီး ပြောလိုက်၏။
“ကျွန်တော် ယူမယ်၊ ကျွန်တော်ယူမယ်။ ကျွန်တော်က အဲဒီမြည်းကို ရောင်းစားလို့ရလား။ ဒါမှမဟုတ် ကျွန်တော် ဗိုက်ဆာတဲ့အချိန်ကျရင် သတ်ပြီး ကင်စားလို့ရောရလား…”
အိုက်လျန်က စကားမပြောချင်ခဲ့ပေ။
ထိုအချိန်တွင် လီဟွိုင်၏အသံက ရုတ်တရက်ပျော့ပြောင်းလာပြီး အားနည်းစွာ ပြောလိုက်၏။
“အိုက်လျန် …
ခင်ဗျားက သေတော့မှာလား။ ခင်ဗျားက နောက်ဆုံးစကားတွေ ပြောနေတာလား…”
အိုက်လျန်က မျက်ခုံးပင့်၍ ပြောလိုက်၏။
“တော်စမ်းပါ။ မင်းက မိသားစုနဲ့ဝေးနေတာပဲ ကောင်းတယ်…”
လီဟွိုင်က သက်ပြင်းချလိုက်ပြီး ချန်းပင်အန်း၏ဘေးတွင် ပြန်ထိုင်လိုက်သည်။
“ကျွန်တော့်မိဘတွေနဲ့ အစ်မက အဝေးကို ရောက်သွားတာ ကြာပြီလေ…”
အဆုံးတွင်တော့ သူ့အသံထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်လာပြီး တောင်းပန်လိုက်၏။
“ဒါကြောင့် အိုက်လျန် ကျွန်တော်တို့ကို မထားခဲ့ပါနဲ့။ ကျွန်တော်က နောက်ထပ် ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောတော့ဘူးလေ…”
အိုက်လျန်က တစ်ခုခု ပြောချင်နေသော်လည်း မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ သူက ငွေရောင်ဘူးသီးခြောက်လေးကို ဖြည်လိုက်ပြီး လီပေါင်ဖျင်ဆီသို့ ပစ်ပေးလိုက်၏။
“ဖမ်းထားလိုက်။ ဒီဘူးသီးခြောက်လေးက ဒီလောကကြီးထဲမှာ အကောင်းဆုံး ဓားအားဖြည့်ဘူးသီးခြောက်တွေထဲက တစ်ခုပဲ။ သာမန်ဓားအားဖြည့် ဘူးသီးခြောက်တွေကတောင် သူ့ရဲ့အဆင့်ကို မမီနိုင်ဘူး…”
ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။
“အခုတော့ ငါက တော်တော်လေး ပေါ့ပါးသွားသလို ခံစားရပြီ…”
သူက ဝါးဓားမောက်ကို ငုံ့ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်၏။
“လီပေါင်ဖျင် …
မင်းရဲ့မင်္ဂလာအဆောင်ဓားမောက်ကို ခဏငှားလို့ရမလား..”
လီဟွိုင်က ချက်ချင်း စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။
“အိုက်လျန် …
ခင်ဗျားက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်တော့မှာလား။ ကျွန်တော် ကူညီပေးမယ်လေ…”
အိုက်လျန်က သူ့ကို သံသယဝင်စွာ စိုက်ကြည့်လိုက်ပြီး မျက်လုံးနှင့် မေးခွန်းထုတ်လိုက်သည်။
ကလေးငယ်က ခြောက်ကပ်စွာရယ်ပြီး ထပ်ပြောလိုက်၏။
“ကျွန်တော်က အလံကို ဝှေ့ယမ်းပြီး အားပေးမယ်…”
လီပေါင်ဖျင်၏ခြေထောက်ကတော့ ဘီးတပ်ထားသကဲ့သို့ ထင်မှတ်ရသည်။ သူမက လျင်မြန်စွာ ပြေးလာပြီး ဓားမောက်ကို အိုက်လျန်၏လက်ထဲသို့ လက်နှစ်ဖက်နှင့် ထည့်ပေးလိုက်သည်။
အိုက်လျန်က မင်္ဂလာအဆောင်ဟုခေါ်သော ဓားမောက်ကို ခါးတွင် ချိတ်လိုက်၏။ အချိန်ခဏ အတောအတွင်း ချန်းပင်အန်း၊ လီပေါင်ဖျင်၊ လီဟွိုင်နှင့် လင်းရှို့ယီတို့(၄)ယောက်လုံးက ဝါးဦးထုပ်ဆောင်းထားသော လူ၏ရှေ့တွင် အတန်းလိုက် ရပ်နေမိကြသည်။
အိုက်လျန်က သူ၏ဝါးဦးထုပ်ကို လက်နှစ်ချောင်းနှင့် ပြင်လိုက်ပြီး အားရပါးရ ရယ်လိုက်၏။
“ငါက ဘယ်လောက် အစွမ်းထက်တယ်။ ငါရဲ့ ဓားသိုင်းပညာက ဘယ်လောက် အံ့ဩစရာကောင်းတယ်ဆိုတာကို မင်းတို့က လုံးဝယုံကြမှာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် မင်းတို့က ငါ့ကိုအပြစ်တင်ဖို့ပဲ သိကြတာ။ မင်းတို့ကလေးတွေက အရမ်းကိုငယ်ပြီး ဘာမှမသိသေးဘူး။ ငါက မင်းတို့တွေကြောက်သွားမှာ စိုးတဲ့အတွက် တချို့အသေးအဖွဲကိစ္စလေးတွေကို တမင်တကာလုပ်နေခဲ့တာ။ ဥပမာအနေနဲ့ ပြောရရင် ငါ့ရဲ့ဓားကို ဆွဲထုတ်ပြီး ဟန်ရေးပြနေတဲ့ပုံစံမျိုးပေါ..”
အိုက်လျန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး မေးလိုက်သည်။
“မင်းတို့က ငါ့ကိုမယုံကြဘူး မဟုတ်လား…”
သူက ထောင့်တစ်နေရာကို လှမ်းကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“သူတို့ကို ကာကွယ်ပေးလိုက်ပါ…”
လူတစ်ယောက်က ခေါင်းညိတ်ပြလိုက်၏။
သူတို့နှင့် စတွေ့သည့်အချိန်ကတည်းကစပြီး တချိန်လုံး ဝါးဦးထုပ်ဆောင်းထားခဲ့သောသူက နောက်ဆုံးတွင်တော့ ပထမဆုံးအကြိမ် ဦးထုပ်ကို ချွတ်လိုက်သည်။ သူက ထိုဦးထုပ်ကို လေထဲသို့ ပစ်လိုက်၏။ သို့သော် ဦးထုပ်က မျက်နှာကျက်ကိုပင် တိုက်မိခြင်း မရှိဘဲ အမှုန်လေးတစ်ခုအဖြစ် ပြောင်းလဲ၍ လေထဲသို့ ပျံသန်းသွားခဲ့သည်။
တချိန်တည်းတွင် ဓားမောက်ကိုင်ထားသော လူကို ဗဟိုပြု၍ ကီလိုမီတာ(၅၀၀)အတွင်း ရှိနေသော မြေသားကြီးများက ဧရာမကျွဲကြီးတစ်ကောင် ပြေးလာသည့်အလား ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့သည်။
အိုက်လျန်က သူ၏ဝါးထုပ်ကို စိုက်ကြည့်လိုက်မိ၏။ ထိုအရာမရှိတော့ကြောင်း နားလည်သွားသည့်အချိန်တွင် ခေါင်းငုံ့ပြီး ပြောလိုက်သည်။
“ငါ့နာမည်က အိုက်လျန်။ လျန်ဆိုတာက သနားကြင်နာမှုကို ပြောတာ…”
Translated by Hein Htet