အခန်း (၁၁၅)
Vol. 8 Ch. 115
မီးအိမ် ကိုင်ထားသော အဘိုးအိုက အထွေထွေရေးရာဌာန၏ ရိုးရာအရာရှိ နန်းရေးဝန်ကြီး ဖြစ်သည်။ သူက လူသူမရှိသော လမ်းမပေါ်တွင် တိတ်တဆိတ် လမ်းလျှောက်သွားရန် ရွေးချယ်ခဲ့၏။
ခဏကြာလျှောက်လာပြီးနောက် ဖယောင်းတိုင်နီမြို့၏ မြို့နတ်ဘုရားစံအိမ်ကို ရောက်လာခဲ့သည်။ သူက တံခါးပေါက်ကို ကျော်မလာသေးခင် သူ့လက်ထဲတွင် ကိုင်ထားသော မီးအိမ်လေးကို ကျောင်းဆောင်ထဲသို့ အရင်ဆုံး လွှဲပစ်လိုက်သည်။ ထိုမီးအိမ်လေးက ယင်နှင့်ယန်ကို ခွဲခြားနိုင်သော ရေကန်လန့်ကာကို ဖျက်စီးပစ်လိုက်သည့်အတိုင်း ထင်မှတ်ရသည်။
ထိုအချိန်တွင် ယင်နှင့်ယန်ကို ကွဲထွက်မသွားအောင် ကာကွယ်ပေးထားသော ရေကန်လန့်ကာတစ်ခု ပေါ်လာခဲ့သည်။ သို့သော် တခဏအတွင်း ထိုဝဲကတော့လေးက ပျောက်ကွယ်သွားခဲ့၏။
ထိုသို့ဆိုရာတွင် အဘိုးအို၏ အနီရောင်မီးအိမ်ကြီးထဲတွင် ပေါ်လာသော အလင်းတန်းလေးများက နံရံကို တိုက်မိသွားခဲ့ပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေခဲ့သည်။ အဘိုးအို၏ မီးအိမ်ပေါ်တွင်တော့ အလွန်တောက်ပသော အနီရောင်မင်နှင့် ရေးသားထားသည့် စကားလုံး(၄)ခု ရှိနေသည်။
“စိတ်ဝိညာဉ် .. အိမ်ပြန်လမ်းကိုသွားမယ်…”
ယင်နှင့်ယန်ကို ထိန်းသိမ်းရန် တာဝန်ယူထားသည့် မြို့နတ်ဘုရားစံအိမ်ထဲတွင် ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ထားသော အဘိုးအိုတစ်ယောက်က ဦးညွတ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ဖယောင်းတိုင်နီမြို့ရဲ့ မြို့နတ်ဘုရားက နန်းရေးဝန်ကြီးကို အရိုအသေပေးပါတယ်.."
ကွန်ဖြူးရှပ်အဘိုးအို၏ ဘယ်ဖက်တွင်တော့ ရိုးရာ ကျောက်စိမ်းတုတ်တစ်ချောင်း ကိုင်ထားသည့် အရာရှိ တစ်ယောက်ရှိနေပြီး သူ၏ညာဖက်တွင်တော့ ချပ်ဝတ်အင်္ကျီဝတ် ဓားရှည်ဓားတစ်လက်ကို ကိုင်ထားသော စစ်ကျောင်းအရာရှိ တစ်ယောက် ရှိနေသည်။ ကျားသစ် ကြောင်တစ်ကောင်ကလည်း သူ့ပုခုံးတွင် ထိုင်နေခဲ့၏။
သူတို့က ယင်စွမ်းအားဟု အမျိုးအစား သတ်မှတ်နိုင်သော သူရဲကောင်းဝိညာဉ်နှင့် နတ်ဘုရားများ ဖြစ်ကြသည်။ သူတို့(၃)ယောက်၏ ရုပ်ရည်များက မြို့နတ်ဘုရားစံအိမ်ထဲတွင် ရှိနေသော ရွှံ့ရုပ်ထု၊ ဝမ်ချန်းစံအိမ်ထဲတွင် ရှိနေသော တပ်မှူး၊ အရာရှိ ရုပ်ထုများနှင့် တထပ်တည်း ဖြစ်နေကြသည်။
မီးအိမ်ကိုင်အဘိုးအိုက ခေါင်းညိတ်ပြလိုက်၏။ သူက အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။
"မင်းတို့ (၃)ယောက်က နန်းတွင်းရဲ့လျှို့ဝှက်အမိန့်ကို ရသွားပြီထင်တယ် ။ ကီလိုမီတာ (၅၀၀)အတွင်း ရှိတဲ့လူတိုင်း တောင်တန်းနတ်ဘုရားနှင့် မြစ်နတ်ဘုရားတွေ၊ မြို့နတ်ဘုရားစံအိမ်ထဲမှာ ပူဇော်ခံနေရတဲ့ နတ်တွေ၊ ကြီးကြီးငယ်ငယ် အားလုံးက အိုက်လျန်လို့ခေါ်တဲ့ ဓားမောက်ပညာရှင်ကို တိုက်ခိုက်ကြရမယ်။ သူ သွားမယ့် လမ်းကြောင်းကိုတော့ မသိရသေးဘူး။ ဖြစ်နိုင်ချေ ရှိတာကတော့ သူက အရပ်မျက်နှာ (၄)ဖက်လုံးကိုသွားဖို့ ဖြစ်နိုင်တယ်…”
“တကယ်လို့ ဒီတိုက်ပွဲမှာ တစ်ယောက်ယောက်ကသာ နောက်ဆုတ်သွားမယ် ဒါမှမဟုတ် အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ထားမယ်ဆိုရင် ကိစ္စတွေ ပြီးသွားတာနဲ့ သူတို့ရဲ့ရွှေရောင်ရုပ်ထုတွေကို ဖယ်ရှားပစ်မယ်။ တကယ်လို့ မြစ်နတ်ဘုရားတွေဆိုရင် သူတို့၏ရွှေရောင်ရုပ်ထုကို တောင်ကုန်းအောက်မှာ မြေမြုပ်မယ်။ တောင်တန်းနတ်ဘုရားဆိုရင် မြစ်ထဲမှာ မြှုပ်ပစ်မယ်။ နန်းတွင်းအမိန့်ကို မနာခံရင် စံအိမ်တွေထဲမှာ ကိုးကွယ်ခံရတဲ့သူတွေကလည်း တူညီတဲ့ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မယ်။ မင်းတို့ရဲ့နာမည်ကို တိုင်းပြည်ရဲ့မှတ်တမ်းကနေ ဖယ်ရှားပစ်မယ်…"
နန်းရေးဝန်ကြီးက ပြုံးလိုက်သည့်အခါ ပတ်ဝန်းကျင်က အနည်းငယ် လင်းလာခဲ့သည်။ သူက အပြုံးနှင့် ဆက်ပြောလိုက်၏။
"ငါတို့က မင်းတို့ကို သေတွင်းထဲ ပို့နေတာ မဟုတ်ဘူး။ သူ့ကိုနှောင့်ယှက်ဖို့ပဲ တောင်းဆိုနေတာ။ ဘုရင်ကြီး ကိုယ်တိုင်နန်းတွင်းမှာ လုပ်ဆောင်နေတယ်။ ဒါက မင်းတို့ရဲ့အရည်အချင်းကို ပြသဖို့ အကောင်းဆုံးအခွင့်အရေးပဲ…”
“တာ့လီအင်ပါယာရဲ့ တောင်ပိုင်းမြစ်တပ်က ရပ်တန့်လို့ မရနိုင်ဘူး။ ဒါကြောင့် ငါတို့က ပိုင်နက်ကို ချဲ့ထွင်ပြီးသွားပြီဆိုရင် သိမ်းပိုက်ထားတဲ့ တိုင်းပြည်တွေရဲ့ နယ်မြေထဲမှာ နေရာအသစ်တွေ ထပ်ပြီးတော့ ရလာလိမ့်မယ်။ ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာကတော့ မင်းတို့ဘာလုပ်သင့်တယ်ဆိုတာကို ရည်ညွှန်းချင်နေတာပဲ။ မင်းတို့က ဒီအခြေအနေကို ကောင်းကောင်းကြီး နားလည်တဲ့ အသိရှိကြမယ်ထင်ပါတယ်…."
နတ်ဘုရားများအားလုံးက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ကြသည်။
"ကျွန်တော်က အမိန့်ကို မနာခံဘဲ မနေရဲပါဘူး …”
“ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်..”
“ကျွန်တော်က တာ့လီအင်ပါယာမှာ တိုက်ပွဲဝင်ပေးခဲ့တဲ့အတွက် တစ်ကြိမ်သေသွားခဲ့ပြီး နှစ်ပေါင်းများစွာ ကိုးကွယ်ယုံကြည်မှုတွေကို ရနေတာ။ တကယ်လို့ ကျွန်တော်ကသာ ကျွန်တော့်ရဲ့ရွှေရုပ်ထုကို မသုံးဘူးဆိုရင် ဒီနေရာမှာ ခွေးတစ်ကောင်နဲ့ ဘာများထူးတော့မှာလဲ …”
“တာ့လီအင်ပါယာက နောက်ပိုင်းနေရာတွေကို စောင့်ရှောက်ဖို့ မင်းတို့လို နတ်တွေကို သေချာပေါက် အားကိုးရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီပြဿနာကို အတူတူပူးပေါင်းပြီး ဖြေရှင်းဖို့လိုတယ်…"
……………
ဖယောင်းတိုင်နီမြို့၏ အရက်မြစ်နှင့် အလွန်နီးကပ်နေသော ကျောင်းဆောင်တစ်ခုထဲတွင် မြစ်ကြည့်လမ်းမထဲ၌ တစ်ကြိမ် ပေါ်လာခဲ့ဖူးသော လူသန်ကြီး တစ်ယောက် ရောက်နေသည်။ သူ၏အစစ်အမှန် အဆင့်အတန်းကတော့ စစ်မက်ရေးရာဌာန၏ သိုင်းပညာရှင် ရွေးချယ်ရေး နန်းရေးဝန်ကြီးဖြစ်သည်။
ထိုလူသန်ကြီးက တာ့လီအင်ပါယာထဲတွင် ရှိနေသော လူအများ၏ သေခြင်းရှင်ခြင်းကို ကိုင်ထားသော အစွမ်းမျိုးရှိသည်ဟု ဆိုနိုင်သည်။ အထွေထွေရေးရာဌာနမှ နန်းရေးဝန်ကြီးဖြစ်သော အဘိုးအိုနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူကတော့ အသေးအဖွဲ ပညာရှင်များနှင့် ဆက်သွယ်နေသော လူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။
ထိုအချိန်တွင် အဘိုးအိုကတော့ နတ်ဘုရားများ ၊ အင်မော်တယ်များနှင့် သက်တော်ရှည် အကြောင်းအရာများကို စိတ်လိုလက်ရ ပြောပြနိုင်၏။ အစွမ်းထက်သော အငွေ့အသက်များ ဖြာထွက်နေသည့် မြစ်နတ်ဘုရားများက ထိုကျောင်းဆောင်ထဲတွင် ရပ်နေသည်။
တစ်ယောက်က အရောင်တောက်နေသော အနက်ရောင်သံလှံတစ်ချောင်းကို ကိုင်ထားခဲ့သည်။ ထိုလှံပေါ်တွင် ရွှေရောင်စကားလုံးလေးများ ရှိနေခဲ့၏။ တစ်ယောက်ကတော့ အသက်ရှင်နေသော မြွေတစ်ကောင်ရှိနေပြီး ရံဖန်ရံခါ အဖြူရောင်အငွေ့များ ထွက်နေခဲ့၏။ မြစ်နတ်ဘုရားနှစ်ယောက်၏ဘေးတွင် အဖြူရောင်အခိုးကဲ့သို့ အငွေ့များ ပျံ့လွင့်နေခဲ့သည်။
လူသန်ကြီးက အလွန်တည်ငြိမ်သောအသံနှင့် ပြောလိုက်သည်။
"ငါတို့က ပိုက်ကွန်ကို ဆွဲလိုက်တာနဲ့ ဓားမောက် ကိုင်ထားတဲ့သူက သေချာပေါက် တောင်ဖက်ကို ပြေးလိမ့်မယ်။ ဒါကြောင့်လည်း ငါက မင်းတို့နှစ်ယောက်ကို ခေါ်လိုက်ရတာပဲ။ အချိန်ရောက်လာရင် ငါက သူ့ကို အရင်ဆုံးတားဆီးထားမယ်။ ငါက တခြားသူတွေကို စွန့်စားခိုင်းတာထက် ငါ့ကိုယ်တိုင် စွန့်စားရတာကို သဘောကျတယ်။ ပြီးတော့ အခု ဘုရင်ကြီးကလည်း ငါတို့ကို တချိန်လုံး စောင့်ကြည့်နိုင်ဖို့ ဖြစ်နိုင်ချေများတယ် ။ ဒါကြောင့် ငါက (၁၀)ဆလောက် သတ္တိရှိမယ်ဆိုရင်တောင် တာဝန်ကနေ ထွက်မပြေးရဲဘူး။ မင်းတို့နှစ်ယောက်လည်း ဘုရင်ကြီးကို စိတ်မပျက်စေနဲ့…"
ထိုစကားကို ပြောလိုက်ပြီးနောက် လူသန်ကြီးက မြစ်နတ်ဘုရားကျောင်းဆောင်ထဲမှ ထွက်သွားခဲ့ပြီး မြောက်ဖက်တွင် ရှိနေသော ဖယောင်းတိုင်နီမြို့ရှိရာကို ထွက်လာခဲ့သည်။ သူက သူ၏အင်္ကျီကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်၏။ ထိုအခါ သူ၏ကြွက်သားများနှင့် အလွန်ကြောက်စရာကောင်းသော တက်တူးများ ပေါ်လာခဲ့သည်။
သူ့ပုခုံးပေါ်တွင် သာမာန်သိုင်းပညာရှင်များ မထိုးရဲသော နဂါးတစ်ကောင်နှင့် သူ၏ နောက်ကျောဖက်တွင် အမဲလိုက်နေသော ကျားတစ်ကောင် ဝပ်နေသည့် ပုံစံ တက်တူး ရှိနေသည်။
လူသန်ကြီးက လရောင်အောက်တွင် လက်ပိုက်နေခဲ့သည်။ သူ့ပုံစံက မလှုပ်ရှားနိုင်သော တောင်တန်းကြီးကဲ့သို့ ဖြစ်နေပြီး သူ၏အငွေ့အသက်ကလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
……….
လင်းရှို့ယီကို ထာဝရနွေဦးနန်းတော်သို့ လိုက်လာရန် ဖျောင်းဖျခဲ့သော အမျိုးသမီးကလည်း ခေါင်းအုံးဆက်သွယ်ရေးစခန်းသို့ သွားသော လမ်းမတွင် ရပ်နေခဲ့သည်။ သူက ဝေးဝေးကို မသွားခဲ့ဘဲ လမ်းဘေးတွင် ရှိနေသော စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်နေရန် ရွေးချယ်ခဲ့သည်။
စားပွဲခုံနောက်တွင် ငယ်ရွယ်ပြီး ချောမောသော ဆိုင်ရှင် ရှိနေပြီး သူမက အရက်ရောင်းနေခဲ့သည်။ သူမက ဈေးဝယ်များနှင့် စကားပြောနေသည့်အချိန်မျိုးတွင် ချိချိုသာသာနှင့် ပြောဆိုရောင်းချနေခဲ့၏။ သူမ၏အနားတွင်တော့ မသက်သာ ခံစားနေရသော ယောကျာ်းဖြစ်သူရှိနေပြီး သူကတော့ တစ်ချိန်လုံး ခေါင်းငုံ့၍ အလုပ်လုပ်နေခဲ့သည်။
အလှဆင်လှေကို လှော်ခတ်နေခဲ့သော မိန်းကလေးကတော့ ထာဝရနွေဦးနန်းတော်၏ အဆင့်မြင့် အကြီးအကဲဘေးတွင် ထိုင်နေသည်။ သူမက မျိုးရိုးစဉ်ဆက် အဆင့်နိမ့်အဖြစ် မွေးဖွားလာခဲ့သူ ဖြစ်နေခဲ့သည်။
သို့သော် ကံကြမ္မာ၏ကျေးဇူးကြောင့် သိပ်မကြာသေးခင်ကမှ သူမ၏ဆရာက သူမကို ရွေးချယ်ခဲ့သည်။ သိပ်မကြာခင် သူမက အင်မော်တယ်ပညာရပ်များကို သင်ကြားရန်အတွက် ထာဝရနွေဦးနန်းတော်ထဲသို့ သွားရတော့မည်ဖြစ်၏။
သူမ ဆရာစကားအရ သူမက ရေစွမ်းအားနှင့် ပတ်သက်သော ပါရမီရှိသူ ဖြစ်သည်။ ထိုအရာကလည်း သူမ၏ဘိုးဘေးများက မျိုးရိုးစဉ်ဆက် ရေထဲတွင် နေထိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်၏။ သူတို့က လှုပ်ရှားတည်ငြိမ်မြစ်နှင့် ကံကြမ္မာခြင်း ဆက်နွယ်နေပုံရ၏။ သူမက အလယ်ဘုံ(၅)ဆင့်ကို တက်လှမ်းနိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့သည်။
အလယ်ဘုံ(၅)ဆင့်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူမ မသိခဲ့ပေ။ သူမကလည်း သူမ၏ဆရာအတိုင်း အရက်ပြင်းပြင်းတစ်ခွက် သောက်နေခဲ့သည်။ သူမက အရက်မူးမှာ ကြောက်သည့်အတွက် နည်းနည်းချင်းဆီ သောက်နေခြင်းတော့ မဟုတ်ပေ။ လှေပေါ်တွင် နေထိုင်သူများက အရက်သောက်နိုင်သူများ ဖြစ်ကြ၏။ သို့သော် သူမကတော့ သူမဆရာ၏ အငွေ့အသက်များ လွှမ်းမိုးခံရခြင်းကြောင့်လည်း ဖြစ်နိုင်၏။ သူမက မသိစိတ်ထဲမှနေ၍ သူမ၏ဆရာနှင့် တူချင်နေခဲ့သည်။
"ဆရာ…
သူက ဘာလို့ကျွန်မတို့နဲ့အတူ ထာဝရနွေဦးနန်းတော်ကို မလိုက်ချင်ရတာလဲ…"
အသက် (၁၂၀)ဝန်းကျင်ခန့်ရှိသော အမျိုးသမီးက အပြုံးနှင့် ပြန်ဖြေလိုက်၏။ "သူ့အတွက် ဘယ်အရာက ကောင်းတယ်ဆိုတာကို သူ မသိသေးဘူးလို့ ပြောရလိမ့်မယ်လေ။ ဒီတော့ အခုချိန်မှာ ရေစက်ပါတဲ့ အခွင့်အရေးမျိုးလည်း မရခဲ့ဘူး။ ကျင့်ကြံခြင်းဆိုတာက လူတစ်ယောက်ရဲ့အစွမ်းကို ကျင့်ကြံရတဲ့ အရာတစ်ခုပဲ။ ဒါက အိမ်တစ်လုံး ဆောက်တာနဲ့ အတူတူပဲ ။ လူတစ်ယောက်က အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ လိုအပ်တယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့စိတ်ထဲမှာ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်မျှော်လင့်ထားသလဲဆိုတာပေါ်မှာလည်း မူတည်သေးတယ်..”
“လင်းရှို့ယီက ကျင့်ကြံခြင်းပါရမီနဲ့ မွေးဖွားလာတဲ့အတွက် ထာဝရနွေဦးနန်းတော်ကို မဝင်ရင်တောင် အဆင့်မြင့်မြင့် ရောက်နိုင်တယ်။ တကယ်လို့ မင်းကသာ နောက်တစ်ကြိမ် တွေ့တဲ့အချိန် သူ့ထက် မနိမ့်ကျချင်ဘူးဆိုရင် မင်းလည်း ကြိုးစားဖို့ လိုအပ်တယ်…"
မိန်းမပျိုက ခေါင်းညိတ်ပြလိုက်ပြီး အရက်တစ်ခွက် သောက်လိုက်သည်။ ငယ်ရွယ်နုပျိုမှုကို သဘောကျသော ထိုအမျိုးသမီးက သဘောထားကြီးပုံရ၏။
ထိုအချိန်တွင် ဖယောင်းနီမြို့တစ်မြို့လုံးက လှုပ်ရှားသွားခဲ့သည်။ လှုပ်ရှားမှုက အလွန်ကြီးကျယ်သော်လည်း မြို့ထဲတွင် အဆောက်အဦး အနည်းငယ်ရှိနေသည်မှာ ကံကောင်းသွားခဲ့သည်။ ကမ်းစပ်တွင် ရှိနေသော စားပွဲခုံများ၊ ထိုင်ခုံများနှင့် ရေထဲတွင် ရှိနေသော အလှဆင်လှေများကလည်း လှုပ်ရှားသွားခဲ့သည်။
အမျိုးသမီးရဲ့အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့၏။
"သေချာသွားပြီ။ အထက်ဘုံ(၅)ဆင့်က အစွမ်းထက် လူတစ်ယောက်ပဲ…"
သူမက တည်ငြိမ်သောအသံဖြင့် တိုးတိုးလေး ဆက်ပြောလိုက်သည်။
"သူက ဒဏ္ဍာရီထဲက အဆင့် (၁၁) ဒါမှမဟုတ် အဆင့်(၁၂)ပညာရှင် စစ်ကျောင်း ကျင့်ကြံသူမဟုတ်ဖို့ မျှော်လင့်ရတာပဲ…"
သူမက မိန်းမပျိုကို လှည့်ပြီး ပြောလိုက်တယ်။
“ဆရာ ခဏထွက်သွားတဲ့အချိန်ကျရင် ဘာဖြစ်ဖြစ် မစိုးရိမ်နဲ့။ ဒီမှာပဲနေ..၊ ဘယ်မှမသွားနဲ့ …”
သာမန်လူများကတော့ ဒဏ်ရာရလျှင် အသတ်ခံရလျှင်ပင် အလေးထားမခံရသည့်အတွက် အခြေအနေကို နားလည်လျှင်ပင် အန္တရာယ်ကပ်ဆိုးများ ခံစားတတ်ကြရသည်။သူတို့က အင်မော်တယ်များ၊ ကျင့်ကြံသူများဆီမှ ထွက်ပြေးရန် မဖြစ်နိုင်ခဲ့ပေ။
အကယ်၍ ထိုနယ်မြေများကို ကျောင်းတော် (၇၂)ခုကသာ စောင့်ကြည့်နေခြင်း မရှိလျှင်၊ အဖွဲ့(၃)ဖွဲ့ထဲတွင် စစ်ကျောင်းကျင့်ကြံသူများကသာ အစွမ်းထက်သော အင်အားစုများ ဖြစ်လာပြီး ရှင်ဘုရင်များဆီတွင် တာဝန်ထမ်းဆောင်နေခြင်း မရှိလျှင်၊ အကယ်၍ တောင်တန်းနှင့် မြစ်နတ်ဘုရားများစွာကသာ တိုင်းပြည်ကို စောင့်ကြည့်နေပြီး အင်မော်တယ်ဂိုဏ်းများကို ထိန်းချုပ်နိုင်ခြင်းမရှိလျှင်…
အမျိုးသမီးကတော့ အင်မော်တယ်တစ်ယောက် ဖြစ်သော်လည်းထိုအရာကို တွေးကြည့်ရဲခြင်းပင် မရှိပေ ။
………..
အိုက်လျန်က စြင်္ကံတွင် ရှိနေသော မြေကွက်လပ်ထဲသို့ ရောက်လာခဲ့သည်။ လေထဲတွင် သူ့အင်္ကျီများက လွင့်နေပြီး သူ၏လက်ကတော့ အစိမ်းရောင် ဝါးဓားမောက်နှင့် ဓားမောက်၏ လက်ကိုင်ပေါ်ကို တင်ထားလိုက်၏။
သူက ပင့်သက်ရှိုက်လိုက်သည်။ ခေါင်းပေါ်တွင် သူ၏အစွမ်းကို ချုပ်နှောင်ထားသော ဝါးဦးထုပ် မရှိတော့သည့်အတွက် စိတ်အေးသွားသလို ထင်မှတ်ရပြီး အချုပ်အနှောင် ကင်းကင်းနှင့် လှုပ်ရှားနိုင်လာသည်။ သို့သော် သူက အနည်းငယ် စိုးရိမ်နေပုံရသည်။
သူက တစ်နေရာကို ကြည့်လိုက်ပြီး အကြံပေးလိုက်၏။
"မင်းက ကျင့်ကြံမှုမှာ အောင်မြင်သွားတဲ့ ယင်နတ်ဘုရားတစ်ပါး ဖြစ်ပေမယ့် တာ့လီအင်ပါယာရဲ့သဘာဝအရ မြို့ရဲ့အဓိကတောင်ကြားလမ်းတွေမှာ အရမ်းကို ပြင်းထန်တဲ့ ယန်စွမ်းအားတွေ ပြည့်နှက်နေတယ်။ ဒါက မင်းလို ယင်နတ်ဘုရားတွေ တစ္ဆေတွေကို သဘာဝအတိုင်း တားဆီးနိုင်တဲ့အရာမျိုးပဲ။ မင်းက ငါ ပေးထားတဲ့ ယန်အဆောင်တွေကို သန့်စင်ပေးဖို့ လင်းရှို့ယီကို တောင်းဆိုလို့ရတယ်။ ဒါဆိုရင် မင်းက ဒီပြဿနာကို ဖယ်ရှားနိုင်တယ်…"
အိုက်လန် စကားပြောပြီးသည့် အချိန်တွင် စြင်္ကံလမ်းတွင် အနက်ရောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။ လူရိပ်တစ်ခုက ချန်းပင်အန်းတို့ ရှေ့တွင် ဖြည်းညင်းစွာ ပေါ်လာခဲ့၏။ သူ့ကို အနက်ရောင်မြူခိုးများက လွှမ်းခြုံထားပြီး မျက်နှာနှင့် ဦးခေါင်းတစ်နေရာစာသာ ရှင်းရှင်းလင်းလင်း မြင်နေရ၏။ သူတို့က မျက်ဆံမရှိသော သူ၏အဖြူရောင်မျက်လုံးများကို မြင်တွေ့နေရသည်။
အရပ်ရှည်ရှည် သန်သန်မာမာနှင့် ခန္ဓာကိုယ်က ဝေဝါးနေပြီး သူ့ပုံစံက တိမ်တိုက်များထဲတွင် ပျံသန်းနေသော ရေနဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ့ဆီတွင် ခေါင်းကိုသာ မြင်ရပြီး ခန္ဓာကိုယ်ကတော့ လျှို့ဝှက်ထားခဲ့၏။ ယင်နတ်ဘုရားဟုခေါ်သော သူက ခေါင်းညိတ်ပြလိုက်သည်။
အိုက်လျန်က အပြုံးနှင့် ဆက်ပြောလိုက်သည်။
"ဒါဆိုရင် ငါက ဒီကလေးတွေကို မင်းရဲ့လက်ထဲထည့်ပေးလိုက်ပြီ။ ရက်နည်းနည်းလောက်ကြာအောင် မင်းက သူတို့နှင့်အတူ ယဲ့ဖူတောင်ကြားကို လိုက်သွားရမယ်။ ပြီးရင်တော့ ကျန်တာကို သူတို့ရဲ့ကံကြမ္မာအတိုင်းပဲ ထားခဲ့လိုက်ပါ။ ဘယ်လိုဖြစ်ဖြစ် ငါတို့က သူတို့ကို တစ်ဘဝလုံး မစောင့်ရှောက်နိုင်ဘူး…"
"ငကြောက်(၁၀၀၀)က ရဲရင့်တဲ့သူတစ်ယောက်လောက် တန်ဖိုးမရှိဘူးတဲ့။ စီနီယာ ကျွန်တော့်လို နောက်ကြောင်းရာဇဝင်မသိတဲ့ တစ္ဆေတစ်ကောင်ကို ဘာလို့ ယုံကြည်နိုင်ရတာလဲ…"
ယင်နတ်ဘုရားက မြို့ငယ်လေး၏ဘာသာစကားနှင့်မေးလိုက်သည်။
အိုက်လျန်က ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
"မင်းရဲ့ရုပ်ရည်ကြောင့်ပေါ့…"
"ဒီလိုသနားကြင်နာမှု မရှိတတ်တဲ့ ရုပ်ရည်မျိုး ရှိနေမှတော့ မင်းက အပြင်ဖက်မှာ အေးစက်ပေမယ့် အတွင်းစိတ်က နွေးထွေးတဲ့ လူတစ်ယောက်ဆိုတာ သိသာပါတယ် ။ မင်းရဲ့အတွင်းစိတ်ကလည်း သစ္စာရှိမှာပဲ…"
ယင်နတ်ဘုရားက ခေတ္တစဉ်းစားပြီး ပြောလိုက်သည်။
"ကျွန်တော်က စီနီယာနဲ့ တူနေလို့များလား…"
ထိုစကားကိုကြားသည့်အခါ အိုက်လျန်က အားရပါးရရယ်ပြီး ပြောလိုက်သည်။
"မင်းက လူမဟုတ် သရဲမဟုတ်ဖြစ်ပေမယ့် မင်းရဲ့စကားလုံးတွေက တော်တော်လေး စဉ်းစားစရာပဲ…"
ယင်နတ်ဘုရားက နောက်တစ်ကြိမ် ပြုံးလိုက်မိသည်။
လီဟွိုင်ကတော့ လီပေါင်ဖျင်၏နောက်တွင် ပုန်းနေခဲ့ပြီး အင်္ကျီကို ဆုပ်ကိုင်ထားခဲ့၏။ သူက ကြောက်လန့်နေခဲ့သည်။
"ပေါင်ဖျင် .. ပေါင်ဖျင်…
ဒါကတစ္ဆေပဲ …တကယ့်တစ္ဆေပဲ…"
ထိုအချိန်တွင် လင်းရှို့ယီကတော့ အတော်လေးကို စိတ်ဝင်စားနေခဲ့သည်။ သို့သော် သူက ထိုစိတ်ဝင်စားမှုကို ထိန်းချုပ်ရန် အတော်လေး ကြိုးစားလိုက်၏။ သူ့ကို တိုက်ရိုက်မော့ကြည့်လိုက်ခြင်းက ရန်စသလိုဖြစ်မှာကိုလည်း စိုးရိမ်နေခဲ့သည်။
‘တိမ်တိုက်ပေါ်တွင် ရွတ်ဖတ်ခြင်း’စာအုပ်ထဲ၌ ယင်စွမ်းအား ပညာရှင်များ အကြောင်းကို မိတ်ဆက်ထားခဲ့သည်။ ထိုကဲ့သို့အရာများထဲတွင် မည်ကဲ့သို့ နတ်ဘုရားများ ဖြစ်လာနိုင်ကြောင်း အသေးစိတ် ရှင်းပြထားခဲ့၏။ ပထမတစ်ခုကတော့ သူတို့ကို ယုံကြည်သူများက အမွှေးတိုင်ထွန်းညှိပြီး စိတ်နှင့် ကိုးကွယ်ရန် ဖြစ်သည်။
ဒုတိယတစ်ခုကတော့ စစ်ကျောင်းကျင့်ကြံသူများ၏ သတ္တိအရာတွင် သူတို့ကိုယ်သူတို့ တွယ်ကပ်လိုက်ခြင်းမျိုး ဖြစ်သည်။ တတိယနည်းလမ်းကတော့ ချီကျင့်ကြံသူများကဲ့သို့ ကျင့်ကြံမှုဖြစ်သည်။ နောက်ဆုံးတစ်ခုကတော့ အခက်ခဲဆုံးနှင့် စိန်ခေါ်မှု အများဆုံး ဖြစ်သည်။ သို့သော် ယင်နတ်ဘုရားများက ထိုနည်းလမ်းကို အသုံးပြုပြီး အောင်မြင်သွားမည်ဆိုလျှင် အတည်ငြိမ်ဆုံး စိတ်ဝိညာဉ်ကို ရရှိနိုင်ကြသည်။
အမှန်အတိုင်း ပြောရလျှင် ခြစ်ခြစ်တောက်ပူလောင်နေသော နေမင်းကြီး၏ အပြစ်ပေးမှု၊ ကြောက်စရာကောင်းသော လေလှိုင်းများ၏ ထုဆစ်မှုနှင့် ကျမ်းစာရွတ်ဖတ်သံများထဲတွင် နေထိုင်လိုက်မည်ဆိုလျှင် သူတို့ကျင့်ကြံမှုကို ဖြတ်လမ်းနည်းဖြင့် ပြောင်းလဲပစ်နိုင်သည်။
ယင်နတ်ဘုရားက ချန်းပင်အန်းကို စိုက်ကြည့်လိုက်ပြီးနောက် နောက်တွင် ပုန်းနေသော လီဟွိုင်ကိုလှည့်ကြည့်လိုက်သည်။
လီဟွိုင်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပေါ်လာပြီး သူ့ကို ပြောလိုက်သည်။
"ကျုပ်ကို စိုက်မကြည့်နဲ့။ ခင်ဗျားက ချန်းပင်အန်းနဲ့ လင်းရှို့ယီတို့ကို ဘာလို့မကြည့်ရတာလဲ။ မဟုတ်ရင်တောင် အိုက်လျန်ကိုကြည့်လို့ရတယ်…"
သူတို့နောက်ဘက် ခပ်ခွာခွာမှ လိုက်လာသော ယင်နတ်ဘုရား၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့ပြီး စြင်္ကံလမ်းက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
အိုက်လျန်က မြောက်ဖက်ကို မော့ကြည့်လိုက်သည်။ သူက အလျင်စလို ထွက်သွားလိုခြင်း မရှိသေးပေ။ သူက ပြုံးလိုက်၏။
"ဒါက အမှားလေးတစ်ခု ဖြစ်သွားပြီ။ ဒါကြောင့် ငါတို့မှာ စကားပြောဖို့ အချိန်ရှိသွားပြီ။ တကယ်လို့ မင်းတို့က ပြောချင်တာရှိရင် လာပြီးမြန်မြန်ပြောလိုက်တော့။ မင်းတို့က ချီးကျူးတာပဲဖြစ်ဖြစ် အပြစ်တင်တာပဲဖြစ်ဖြစ် ဘာမှစဉ်းစားမနေနဲ့။ ငါတို့က နောက်တစ်ကြိမ် ပြန်တွေ့ရမလားဆိုတာ ဘယ်သူမှ မပြောနိုင်တော့ဘူး…"
လီပေါင်ဖျင်က အရင်ဆုံး ပြောလိုက်သည်။
"အိုက်လျန် …
ဒီဓားက ကျိုးသွားမယ်ဆိုရင်တောင် ကျွန်မကို အလျော်ပြန်ပေးစရာမလိုဘူး။ ကျွန်မတို့က မိတ်ဆွေတွေပဲလေ…"
အိုက်လျန်က အားရပါးရရယ်ပြီး သူမကို လက်မထောင်ပြလိုက်သည်။
"ဒီလိုနွေးထွေးတဲ့စကားလုံးတွေကို ငါ သဘောကျတယ်။ ဒါပေမယ့် ငါက ဒီမင်္ဂလာအဆောင်ဓားကို သေချာပေါက် အကောင်တိုင်းပြန်ပေးမယ်။ ဘာမှစိုးရိမ်ဖို့ မလိုဘူး…"
"ကျွန်တော်က ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို သိုင်းပညာရှင်တစ်ယောက် ဒါမှမဟုတ် စစ်ကျောင်းကျင့်ကြံသူတွေထက်ပိုပြီး ကြိုးစားသင့်လား…"
လင်းရှို့ယီက စိတ်လိုလက်ရ မေးလိုက်သည်။
အိုက်လျန်က ခေါင်းခါပြလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"မလိုအပ်ဘူး။ ဒါက ငါ့လို လူတချို့အတွက်ပဲ အသုံးဝင်တယ်။ ဒါပေမယ့် မင်းတို့လို လူတွေအတွက်တော့ သိပ်ပြီးမသင့်တော်ဘူး။ မင်းရဲ့ကျင့်ကြံရေးခရီးလမ်းက အာရုံစိုက်ဖို့နဲ့ ထူးခြားတဲ့အရာတွေကို အလေးထားဖို့ပဲ။ မင်းက လမ်းကျဉ်းလေးထဲမှာလျှောက်ပြီး အချိန်မဖြုန်းသင့်ဘူး…"
ထိုစကားပြောသည့်အချိန်တွင် ဦးထုပ်မရှိသော သူ၏မျက်နှာအမူအရာက အလွန်လေးနက်နေခဲ့သည်။
ရည်မှန်းချက်ကြီးသော ကောင်လေးက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
လီဟွိုင်ကတော့ နေ့စဉ်နေ့တိုင်း သူနှင့် ရန်ဖြစ်ချင်နေသေးသည်ဟု တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။ သူက ရှေ့သို့ လျှောက်သွားပြီး စကားပြောရန် အိုက်လျန်ဆီသို့ ပြေးသွားတော့မည့်အချိန်တွင် ယင်နတ်ဘုရား၏လက်က သူ့ပုခုံးကို ကိုင်ထားလိုက်သည်။
"အနားကို မသွားနဲ့။ စီနီယာအိုက်လျန်က အရမ်းကို အစွမ်းထက်လွန်းတယ်။ သူက မင်းတို့အတွက် ရည်ရွယ်ပြီး သီးသန့်နေရာတစ်ခု ဖန်တီးမပေးထားရင် သူ့ဖက်က ထွက်လာတဲ့ အငွေ့အသက်တစ်ခုကတင် ငါ့လိုယင်နတ်ဘုရားကို ဖျက်စီးဖို့လုံလောက်တယ်။ ပြီးတော့ တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မယ်။ ဒါကြောင့် စီနီယာအိုက်လျန်ရဲ့စိတ်က မြောက်ဖက် ကီလိုမီတာ (၁)သောင်းလောက် အကွာကိုရောက်နေပြီ။ ငါတို့က သူ့ကို စိတ်ရှုပ်ထွေးအောင် မလုပ်တာကောင်းတယ်…"
ထိုစကားကို ကြားသည့်အခါ လီဟွိုင်က လှုပ်ရှားသွားခဲ့သည်။ ထိုရှင်းပြမှုက အလွန်အံ့ဩစိတ်လှုပ်ရှားစရာကောင်းသည်ဟု တွေးမိ၏။ ထို့ကြောင့် လီဟွိုင်က ယင်နတ်ဘုရားကို ကြောက်လန့်ရန်ပင် မေ့လျော့သွားခဲ့သည်။
"ခင်ဗျားက ကျွန်တော့်ကို လာနောက်နေတာလား။ ကျွန်တော်က သူ့ကို အမြဲတိုက်ခိုက်နေတဲ့လူတစ်ယောက်လေ။ ခင်ဗျားက အိုက်လျန်ပေါ်မှာ ငွေစတွေ ဒါမှမဟုတ် တစ်ခုခု အကြွေးတင်နေတာလား…"
နတ်ဘုရားခန္ဓာကိုယ်တစ်ခု ဖွဲစည်းရန် သိပ်မလိုတော့သော ယင်နတ်ဘုရား၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ထိုကောင်လေးကိုကြည့်ပြီး ပြောလိုက်၏။
"မင်းက အခုထိ အသက်ရှင်နေသေးတာတောင် ဆန်းကြယ်မှုတစ်ခုပဲ…"
အိုက်လျန်က သူ၏ခန္ဓာကိုယ်ဆီသို့ အာရုံပြန်စိုက်လိုက်သည်။ သူက ချန်းပင်အန်းမှစ၍ လီဟွိုင်နှင့် လီပေါင်ဖျင်တို့ကို တစ်ယောက်ဆီကြည့်နေရင်း သူတို့၏ခရီးစဉ်က အသေးဖွဲကိစ္စရပ်များ ပြည့်နှက်နေသော ယာယီခရီးလမ်းတစ်ခု ဖြစ်သော်လည်း အလွန်ပျော်စရာကောင်းသည်ဟု ခံစားမိသည်။
သူ၏အငွေ့အသက်များကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားနေရာသော အိုက်လျန်က အပြုံးနှင့် ပြောလာ၏။
"ကောင်းပြီ အချိန်ကျပြီ…"
သူ၏အငွေ့အသက်များကလည်း အတားအဆီးမရှိသော ရေတံခွန်ကဲ့သို့ ထွက်ပေါ်လာပြီး မည်သည့်အရာကိုမျှဖုံးကွယ်ထားခဲ့ခြင်း မရှိတော့ချေ။ သူအမြဲလိုလို စောင်းနေသော ဝါးဦးထုပ်က အလွန်ကြမ်းတမ်းခက်ထန်သော သူ၏အငွေ့အသက်များကို ဖိနှိပ်ရန်အတွက် သီးသန့်ဖန်တီးပေးရန် လူတစ်ယောက်ကို တောင်းဆိုခဲ့ရခြင်းဖြစ်သည်။
သာမန်ကျင့်ကြံသူများက သူတို့၏ကျင့်စဉ်အဆင့်ကို တိုးမြှင့်ပေးနိုင်သော အင်မော်တယ်ရတနာများ၊ အဖိုးတန်ရတနာများကို လိုချင်တတ်ကြသည်။ သို့သော် အိုက်လျန်ကတော့ ကွဲပြား၏။ သူက အကြောက်အလန့်မရှိဘဲ ဓားချီစွမ်းအင် မဟာတံတိုင်းပေါ်တွင် လမ်းလျှောက်နိုင်ပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် နှစ်ပေါင်း (၁)သောင်းခန့် စုစည်းထားခဲ့သော ဓားချီစွမ်အင်များ၊ ဓားဆန္ဒများက သူ၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကိုပင် ဖိနှိပ်ရန် ကူညီပေးနိုင်သည်။
အိုက်လျန်က အစွမ်းထက်သော နတ်ဆိုးဘုရင်မတစ်ပါးကို သုတ်သင်ပစ်ခဲ့ပြီး မဟာတံတိုင်းပေါ်တွင် စကားလုံးတစ်ခုကို ရေးသား၍ ကျောက်စက်ပန်းဆွဲ တောင်တန်းကို ဖြတ်ကျော်ပြီး ဤကမ္ဘာကြီးကို ရောက်လာခဲ့သည်။
သို့သော် ဤနေရာတွင် သူကတော့ ဦးထုပ်ဆောင်းပြီး ရိုးသားသော လူသားတစ်ယောက်ကဲ့သို့ ခေါင်းငုံ့နေခဲ့၏။ မဟုတ်လျှင် အလွန်အံ့ဩစရာကောင်းသော သူ၏လှုပ်ရှားမှုများကို ကောင်းကင်ဘုံထက် ကျော်လွန်နေသော ပညာရှင်များက အလွယ်တကူ သတိထားမိသွားနိုင်သည်။
အိုက်လျန်က သူတို့တိုက်ခိုက်မှာကို ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ ပြဿနာဖြစ်မှာကို ကြောက်နေခြင်းသာ ဖြစ်သည်။ အိုက်လျန်၏ဘဝတွင် မည်သူ့ကိုမျှမကြောက်ဖူးချေ။ သူက အလွန်ထူးခြားသော ကမ္ဘာဦးမဟာနတ်ဆိုး (၁၈) ယောက် ရှိသည့် ကမ္ဘာကြီးကို သဘောကျခဲ့ဖူးသည် ။
အတိတ်တွင် အိုက်လျန်က သူတို့၏ပိုင်နက်ထဲကို တစ်ယောက်တည်း ဝင်သွားခဲ့ပြီး မဟာနတ်ဆိုးတစ်ယောက်နှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရသည်။ သူတို့၏ အချိန်အကြာဆုံးတိုက်ပွဲကတော့ (၂)လနီးပါခန့်ရှိ၏။ တိုက်ပွဲကွင်းပြင်က ကီလိုမီတာ (၅)သန်းခန့်အထိ ကျယ်ပြန့်လာသည့်အဆုံးတွင်တော့ ထိုတိုက်ပွဲက မဟာတံတိုင်း၏ ဓားချီစွမ်းအင်အနားသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် ရှိနေသော ကျင့်ကြံသူများက အိုက်လျန်နှင့် ပူးပေါင်းတိုက်ခိုက်ရန် အစွမ်းထက်သော ဓားအင်မော်တယ်နှစ်ယောက်ကို စေလွှတ်၍ မဟာနတ်ဆိုး(၆)ယောက်ကို ရင်ဆိုင်ခဲ့သည်။
အိုက်လျန်က အားရပါးရရယ်ပြီး ပြောလိုက်၏။
"ဒီစကားကို မင်းတို့(၄)ယောက် သေချာမှတ်ထားပါ။ အစွမ်းထက်ပညာရှင် တစ်ယောက်ရဲ့ လွတ်လပ်မှုဆိုတာက အားနည်းတဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်မှုအကန့်အသတ်ဘဲ။ အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ရဲ့ အစစ်အမှန်ပြိုင်ဘက်ဆိုတာ ကောင်းတဲ့ပုံသဏ္ဍာန်မရှိတဲ့ ကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေပဲ။ လူသားကမ္ဘာကြီးရဲ့ အစွမ်းထက်အန္တရာယ်တွေက မွေးဖွားခြင်း၊ နားမကျန်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းတို့လို သံသရာတွေပဲ။ ဒါကမှ ငါတို့ရဲ့မမြင်ရတဲ့ ရန်သူတွေပဲ…”
“အစွမ်းထက်တဲ့ ဒီကမ္ဘာကြီးထဲမှာ အားနည်းသူတွေကို အားနည်းလို့ ဖိနှိပ်ခံရတယ်။ အစွမ်းထက်ပညာရှင်တွေဆိုတာ တိကျမှုမရှိဘူး။ သူတို့တွေက အစွမ်းထက်လာတယ်ဆိုတာ စိန်ခေါ်မှုတွေကို ကြုံရပြီးပြဿနာတွေကို ရဲစွမ်းသတ္တိရှိရှိနဲ့ ဖြေရှင်းလို့ အနိုင်ရခဲ့ကြလို့ပဲ…"
အိုက်လျန်က လက်မထောင်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ငါကဒီနေရာမှာ ပြီးသွားရင် တခြားတစ်နေရာကိုသွားပြီး အဲဒီနေရာမှာရှိတဲ့ အစွမ်းထက်ဆုံးလူတွေနဲ့ တိုက်ခိုက်ဦးမယ်…”
လီပေါင်ဖျင်က လက်သီးကို ဝှေ့ယမ်းပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"သူတို့ကို အစွမ်းပြလိုက်ပါ အိုက်လျန်…"
ထိုအချိန်တွင် လီဟွိုင်ကတော့ ထိန်းချုပ်မရအောင် ငိုနေခဲ့ပြီး သူ၏မျက်နှာပေါ်မှာ မျက်ရည်များစီးကျ၍ နှာခေါင်းမှ နှပ်များ ကျလာခဲ့သည်။ သူတို့ဘေးတွင် ရှိနေသော လင်းရှို့ယီကတော့ စိတ်လှုပ်ရှားခဲ့ပြီး မျက်နှာက နီရဲနေခဲ့၏။ နောက်ဆုံးတွင်တော့ ထိုကောင်လေးက သူ့အတွက် စံပြတစ်ယောက်ကို တွေ့လိုက်ရပြီဖြစ်သည်။
ချန်းပင်အန်းက အိုက်လျန်ကို ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူကတော့ ပြောစရာစကားလုံးများ ပျောက်ကွယ်နေခဲ့၏။ အဆုံးတွင်အေိုက်လျန်က ခေါင်းတွင် ဆံထိုး ထိုးထားသော ကောင်လေးကို လှည့်ကြည့်လိုက်၏။ သူက သေချာစိုက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းက ဒီအသက်အရွယ်နဲ့ အတွေးလွန်နေတာ မကောင်းဘူး ချန်းပင်အန်း။ မင်းက ငယ်ရွယ်ပြီး ချောမောတဲ့ လူတစ်ယောက်ဆိုတာ မမေ့ပါနဲ့…။ ဒီမှာ ဦးလေး အိုက်လျန်ကို ပြုံးပြပါဦး…"
ချန်းပင်အန်းက အတင်းဖြစ်ညှစ်ပြီး ပြုံးပြလိုက်ရသည်။
"တကယ်လို့ တိုက်ပွဲတစ်ပွဲဖြစ်လာမယ်ဆိုရင် ငါက ထိပ်တန်းခွေးတွေနဲ့ပဲ တိုက်ခိုက်တာ။ အသေးအဖွဲယင်ကောင်တွေနဲ့ တိုက်ခိုက်လို့ ပျော်စရာကောင်းမှာလား။ နောက်မှတွေ့ကြတာပေါ့…"
ကျယ်လောင်သောရယ်သံနှင့်အတူ အိုက်လျန်က မြေပြင်ပေါ်မှ ပျံသန်းသွားလိုက်ရာ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် မြူခိုးငွေ့များ ထွက်ပေါ်လာခဲ့ပြီး နောက်ထပ်မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဖယောင်းတိုင်နီတစ်မြို့လုံးကတော့ လှုပ်ရှားသွားခဲ့ပြီး လေထဲတွင် ဖုန်မှုန့်များ ထွက်ပေါ်လာ၍ နေလုံးကြီးနှင့်ကောင်းကင်ကိုပင် ဖုံးကွယ်သွားခဲ့သည်။
ယင်ဘုရားကတော့ စြင်္င်္ကံလမ်းပေါ်တွင်ရပ်၍ မှင်တက်နေခဲ့၏။ သူက ကောင်းကင်ပေါ်ရှိ မြင်ကွင်းကို မော့ကြည့်နေရင်း ပြောလိုက်သည်။
"သူက အရမ်းကို အစွမ်းထက်လွန်းတယ်။ ပြောပြလို့ မရနိုင်အောင် အစွမ်းထက်လွန်းတယ်…”
………
တာ့လီအင်ပါယာ၏မြို့တော်ထဲတွင် …
အငွေ့အသက်များကို ကောင်းစွာဖုံးကွယ်ထားသော ခေါင်းဆောင်မိန်းမစိုး(၂)ယောက်၏ ဦးဆောင်မှုနောက်မှနေ၍ အဝါရောင်နန်းတွင်းဝတ်စုံဝတ်ထားသော သက်လတ်ပိုင်းလူကြီး တစ်ယောက်က နတ်ဘုရားများကို အရိုအသေပေးရန် တည်ဆောက်ထားသော အဆောက်အဦးတစ်ခုဆီသို့ ရောက်လာခဲ့သည်။
အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော တခြားတိုင်းပြည်များ၊ အင်ပါယာများ၏ မျက်လုံးထဲတွင်တော့ တာ့လီအင်ပါယာက မဖွံ့ဖြိုးသေးသော မြောက်ပိုင်းလူရိုင်းများ ပြည့်နေသော နေရာတစ်ခုသာ ဖြစ်သည်။ သူတို့က ထုံးတမ်းအစဉ်အလာနှင့် ဂီတကိုပင် နားမလည်သော လူကြမ်းကြီးများ ဖြစ်ကြ၏။
အမှန်အတိုင်းပြောရလျှင်တော့ ထိုသုံးသပ်မှုက မမှန်နိုင်တော့ပေ။ အဆောက်အဦး၏ အောက်ဖက်တွင်တော့ အဖြူရောင်ဝတ်စုံ ဝတ်ထားသော အရပ်ရှည်ရှည် သန်သန်မာမာနှင့်လူတစ်ယောက် ရပ်နေသည်။ သူကတော့ လီကျူးသုခဘုံမှ ပြန်လာခဲ့သော တာ့လီအင်ပါယာ၏ နတ်ဘုရားစစ်သူကြီး စုန့်ချန်ကျင့်ဖြစ်သည်။ စုန့်ချန်ကျင့်နှင့် အဝါရောင်နန်းတွင်းဝတ်စုံ ဝတ်ထားသော သက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်မည်ဆိုလျှင် အနည်းငယ် ရုပ်ချင်းဆင်ကြောင်း တွေ့ရပါလိမ့်မည်။
စုန့်ချန်ကျင့်ကတော့ ဦးညွှတ်၍ တလေးတစား နှုတ်ဆက်လိုက်၏။
"ဘုရင်ကြီး…"
စုန့်ချန်ကျင့်ကို မြင်သည့်အခါ သက်လတ်ပိုင်းလူကြီးကအပြုံးနှင့် သူ့ပုခုံးကို (၂)ချက် ပုတ်လိုက်သည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
"မင်းက အဆင့်(၁၀)ကို ရောက်သွားပြီ။ အရမ်းကောင်းတယ် အရမ်းကောင်းတယ် ။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာပဲကြည့်လေ..။ မင်းက ဘယ်အချိန် အဆင့်(၁၁)ကို တက်လှမ်းနိုင်မှာလဲ။ အဲဒီနေ့ကို ရောက်လာရင် ငါကိုယ်တိုင် မီးရှူးမီးပန်းတွေဖောက်ပေးမယ် ။ တကယ်လို့ အဲဒါမှ မလုံလောက်သေးရင် နန်းတွင်းထဲက လူတိုင်းကို မင်းအတွက် မီးရှူးမီးပန်းတွေ ဖောက်ခိုင်းမယ်။ ဒီလိုဆိုရင်တော့ ငါက မီးရှုးမီးပန်းလုပ်တဲ့သူတွေကို လျှို့ဝှက်ပြီး ပစ္စည်းတွေ လုပ်ခိုင်းရဦးမယ်…"
မလွယ်ကူသေးသော အကြောင်းကို စဉ်းစားနေသော ဘုရင်ကြီးကိုကြည့်ပြီး အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သူက ပြောလိုက်သည်။
"အစ်ကိုတော် …
ကျွန်တော်တို့က အခု အလုပ်ကိစ္စဆွေးနွေးဖို့ လာတာမလား။ အဲဒီကိစ္စကိုနောက်မှ ပြောလို့ရတာပဲလေ…"
သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဟုတ်သားပဲ ။ ငါတို့က ငွေကြေးကိစ္စကိုနောက်မှ ပြောကြတာပေါ့…"
စုန့်ချန်ကျင့်က လမ်းဖယ်ပေးလိုက်ရာ အဆောက်အဦးပေါ်သို့ သူ တစ်ယောက်တည်း တက်သွားလိုက်သည်။ သူက နောက်သို့ ပြန်လှည့်ပြီး ပြောလိုက်၏။
"မင်းက လိုက်ခဲ့ချင်သေးလား…"
“ကျွန်တော် အဲဒီအဘိုးကြီး(၂)ယောက်ရဲ့ ထူးဆန်းတဲ့အပြုအမူကို သည်းမခံနိုင်ဘူး။ နည်းနည်းလောက် အဆင်မပြေတာနဲ့ ကျွန်တော်က လက်ပါမိမှာ ကြောက်ရတယ်…"
စုန့်ချန်ကျင့်က ပြောလိုက်သည်။
ထိုစကားကိုကြားသည့်အခါ ဘုရင်ကြီးက ရယ်မော၍ အဆောက်အဦးတစ်ခုပေါ်သို့ တက်သွားခဲ့၏။ တချိန်တည်းတွင် သူက ခေါင်းမော့ပြီး ပြောလိုက်သည်။
"ငါက မင်းကို အရင်ဆုံးသတိပေးလိုက်ဦးမယ်။ တကယ်လို့ မင်းက အသေးအဖွဲ ပြဿနာပဲ ရှာတယ်ဆိုရင်တော့ ငါက မင်းဘေးမှာ သေချာပေါက်ရပ်တည်ပေးမယ်။ ဒါပေမယ့် သူတို့နဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်တယ်ဆိုရင်တော့ ငါလည်း သေချာပေါက်ကူညီမပေးနိုင်ဘူး…"
စုန့်ချန်ကျင့်၏ အပြုံးပေါ်တွင် အလွန်လေးနက်သော အရာတစ်ခု အစားထိုး ဝင်ရောက်လာခဲ့သည်။ သူက မေးလိုက်၏။
"အစ်ကိုတော်…
ဒီတစ်ကြိမ် ဒီလောက်ကြီးမားတဲ့ပြဿနာတစ်ခ ုဖန်တီးဖို့ လိုအပ်လို့လား။ တကယ်လို့ ကျွန်တော်သာ ဒါကိုစောစောသတိထားလိုက်မယ်ဆိုရင် အဲဒါက ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်းဟုတ်ဟုတ် မဟုတ်ဟုတ် သူက တော်တော်အန္တရာယ်ရှိတဲ့ အဆင့်(၁၁) ဒါမှမဟုတ် အဆင့်(၁၂) ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်တယ်။ ကျွန်တော်က သေချာပေါက် ပြဿနာ မဖြစ်စေချင်ဘူး…"
သက်လတ်ပိုင်းလူကြီးက ပြန်လှည့်သွားခဲ့သည်။ သူက စုန့်ချန်ကျင့်ကို တည်ငြိမ်စွာ ပြောလိုက်၏။
"ငါတို့တာ့လီအင်ပါယာက အရှေ့ပိုင်းကုန်းမြင့်ကြီးတစ်ခုလုံးကို သတင်းတစ်ခု ပေးချင်တယ်။ အဲဒါကတော့ အဆင့်(၁၃)အောက် လူတိုင်းကို ငါတို့က သတ်ပစ်နိုင်တယ်…ဆိုတာပဲ…"
Translated by Hein Htet.