← Chapters

အခန်း (၁၁၆)

Vol. 8 Ch. 116

အခန်း (၁၁၆)

Vol. 8 Ch. 116

တာ့လီအင်ပါယာ၏ ရှင်ဘုရင်က နောက်ဆုံးလှေကားထစ်ကို တက်လှမ်းလိုက်ပြီးနောက် အဆောက်အဦးထဲသို့ ဝင်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။

ထိုအရာကတော့ လယ်သမားများ အသုံးပြုသော လယ်ကွင်းပြင်ကြီးကဲ့သို့ အလွန်ကြီးမားသော ကျောက်တုံးအဆောက်အဦးတစ်ခု ဖြစ်သည်။ စုန့်ချန်ကျင့်နှင့် မိန်းမစိုးခေါင်းဆောင်(၂)ယောက် ရှိနေသောနေရာမှ လှမ်းကြည့်လိုက်မည်လျှင်တော့ ထိုအရာက ကျောက်တုံးအဆောက်အဦးတစ်ခုသာ ဖြစ်သည်။

သို့သော် ဘုရင်ကြီး မြင်နေ‌ရသောမြင်ကွင်းများကတော့ လုံးဝကို ကွဲပြား၏။ သူ့ရှေ့တွင် အလွန်မြင့်မားလွန်းလှသော အဆောက်အဦးတစ်ခုရှိနေပြီး ထိုအရာက တိုင်းပြည်မြို့တော်ထဲတွင် နေရာတိုင်း တွေ့မြင်နေရသော သာမန်အဆောက်အဦးတစ်ခု မဟုတ်ချေ။

ထိုအစား အဖြူရောင်ကျောက်စိမ်းများနှင့် တည်ဆောက်ထားသော အဆောက်အဦးတစ်ခုဖြစ်သည်။ မြေညီထပ်၏ အပြင်ဘက်‌တွင်တော့ ရွှေရောင်စကားလုံး(၃)လုံးကို ရေးထိုးထားသည်။

'ကျောက်စိမ်းဖြူမြို့တော်'…

အဆောက်အဦးတံခါးက ဖြည်းညင်းစွာ ပွင့်သွားခဲ့၏။ ဘုရင်ကြီးက အတွင်းထဲကို ဝင်လိုက်သည့်အချိန်တွင် အဖြူရောင်လျှပ်စီးကြောင်းများထဲ၌ ဒေါသတကြီး သွားလာနေသော ဓားတစ်လက်ကို တွေ့လိုက်ရသည်။ အမှန်အတိုင်း ပြောရရင်တော့ မြေညီထပ်တစ်ခုလုံးတွင် လျှပ်စီးကြောင်းငယ်လေးများ ပြည့်နှက်နေခဲ့၏။

ဘုရင်ကြီးကတော့ ကြောက်စရာကောင်းသော ဓားဆန္ဒများ ပေါင်းစပ်နေသည့် ထိုလျှပ်စီးကြောင်းများကို လျစ်လျူရှူထားပြီး လှေကားထစ်ဆီသို့ လျှောက်သွားလိုက်သည်။ နန်းတွင်းထဲတွင် ရှိနေသော အရာရှိများကဲ့သို့ ဘုရင်ကို မြင်လိုက်ရသည့်အချိန်တွင် လျှပ်စီးကြောင်းများက လမ်းဖယ်ပေးလိုက်ကြ၏။

ဒုတိယအထပ်တွင်လည်း တူညီသော မြင်ကွင်းတစ်ခုသာ ဖြစ်သည်။ ထိုအခန်း၏ အလယ်တွင်တော့ ဓားပျံတစ်လက်တည်းသာ ရှိနေ၏။ မြေညီထပ်တွင်‌ ရှိနေ‌သော ကျယ်ပြန့်သည့် ဓားပြားကြီးနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုဓားပျံကတော့ တလက်လက် တောက်ပပြီး ကြည်လင်သောအစိမ်းရောင်ဖြစ်ကာ သူ၏ဓားသွားက မိုးမခပင် သစ်ရွက်တစ်ရွက်ကဲ့သို့ ပါးပါးလေး ဖြစ်သည်။ အခန်းထဲတွင် အစိမ်းရောင် ရေစီးကြောင်းလေးတစ်ခု ရှိနေသလို ထင်မှတ်ရ၏။

ဘုရင်ကြီးက အပေါ်ထပ်ကို ဆက်၍ တက်သွားခဲ့သည်။ ပထမ(၂)ထပ်တွင် ရှိနေသော ထူးခြားသည့် မြင်ကွင်းများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင်‌တော့ တတိယထပ်က ထူးခြားမှုမရှိသလို ထင်မှတ်ရသည်။ ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်နေသည့် ဓားကြီးများ ပျံ‌သန်းနေခြင်း မရှိသလို ဓားတစ်လက်ကို အားဖြည့်ပေးနိုင်သော အခြေအနေမျိုးလည်း မရှိချေ။

သို့သော် ပထမ(၂)ထပ်တွင် လုံးဝအရှိန်လျော့ခဲ့ခြင်း မရှိသော ဘုရင်ကြီးက ခဏရပ်ပြီးမှသာ တတိယထပ်ကို ဝင်လာခဲ့သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။ ခဏကြာပြီးနောက် သူက တိုးတိုးလေးပြုံး၍ ပြောလိုက်သည်။

“မင်းကိုတွေ့ပြီ…”

သူက နံရံတစ်ခု၏အနားသို့ ရောက်သွားပြီး အနည်းငယ်ရှေ့သို့ ကိုင်းလိုက်၏။ သူ့မျက်လုံးထဲတွင် မြင်ရသည်မှာ အပ်တစ်ချောင်းပမာ သေးငယ်လွန်းလှသော ဓားပျံအသေးစားလေးတစ်ခု ဖြစ်သည်။ အံ့ဩစရာကောင်းသည်မှာ ထိုဓားပျံဆီ၌ မီးခိုးရောင်ဓားအိမ်‌တစ်ခုပင် ရှိနေသေး၏။

ထိုဓားအိမ်ပေါ်တွင်တော့ စကားလုံး(၂)ခု ရေးထားသည်.။

“ကျောက်တိုင်..”

အလွန်သေးငယ်သော ထိုဓားလေးက သူ၏အရွယ်အစားနှင့် ဆန့်ကျင်၍ အလွန်ကြီးကျယ်ခမ်းနားသော နာမည်တစ်ခု ရှိနေခဲ့သည်။

‌(၄)လွှာမြောက်တွင်တော့ ဓားသွားတစ်ခုလုံးတွင် အဆောင်နှင့် တံဆိပ်များ ဖုံးလွှမ်းနေသော ရှေးဟောင်းဓားရှည်တစ်လက် ပျံသန်းနေသည်။ (၅)လွှာမြောက်တွင်တော့ ဘုရင်ကြီး၏အရပ်နီးပါးခန့် ကြီးမားသော ဧရာမဓားကြီးတစ်လက် ရှိနေခဲ့၏။ ထိုဓား၏ကိုယ်ထည်ပေါ်တွင်တော့ 'တောင်တန်းဖိနှိပ်ခြင်း' ဟူသော စကားလုံးကို ရေးသားထားသည်။

ဘုရင်ကြီးက အဆောက်အဦးပေါ်သို့ ဆက်၍ တက်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ အဆင့်(၁၀)အလွှာတွင် ရပ်သွားခဲ့သည်။ ထိုအခန်းထဲတွင်တော့ အဘိုးအို တစ်ယောက်နှင့် လူငယ်(၂)ယောက် ရပ်နေခဲ့၏။

အဘိုးအို၏မျက်နှာက ဝါကျင့်ကျင့်ဖြစ်နေပြီး သူ၏အရေပြားပေါ်တွင် အရေးအကြောင်းများ ပြည့်နေသည်။ သူက အရပ်ရှည်ရှည်၊သန်သန်မာမာနှင့် အဖြူရောင်ဝတ်စုံကိုဝတ် ခေါင်းပေါ်တွင် သရဖူတစ်ခုကို ဆောင်းထားသည်။ အလွန်ထူးခြားသော သူ၏မျက်လုံးများထဲတွင်တော့ သာမန်မျက်လုံးနှင့်ပင် မြင်တွေ့ရသော ခရမ်းရောင်ချီစွမ်းအားတစ်ခု လျင်မြန်စွာ လည်ပတ်နေခဲ့သည်။

အဘိုးအို၏ဘေးတွင်တော့ လူငယ်လေး တစ်ယောက်နှင့် မိန်းမပျိုတစ်‌ယောက် ရပ်နေခဲ့သည်။ သူတို့ကတော့ လီကျူးသုခဘုံမှ သခင်လေးနှင့် အစေခံမလေးတို့ ဖြစ်ကြသော စုန့်ကျိရှင်းနှင့် ကျစ်ကွေးတို့ဖြစ်ကြ၏။

လူငယ်လေးက ပိုးဖဲဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားပြီး သူက တာ့လီအင်ပါယာထဲတွင် အထူးခြားဆုံးနှင့် ကျက်သရေအရှိဆုံး လူငယ်များထဲမှ တစ်ယောက်ဖြစ်သည်။ တစ်ခုတည်းသော မပြည့်စုံမှုကတော့ သူ့ပုခုံးပေါ်တွင် ရှိနေသော ခြေ(၄)ချောင်း မြွေလေးတစ်ကောင်ဖြစ်သည်။

ထိုအရာက သူ၏ရုပ်ရည်ကို အနည်းငယ်ပျက်စီးသွားစေနိုင်၏။ သို့သော် သေချာအနီးကပ် စစ်ဆေးကြည့်လိုက်မည်ဆိုလျှင် ထိုမြွေလေး၏ ဦးခေါင်းပေါ်၌ အဖုလေးတစ်ခု ရှိနေပြီး အလင်းရောင်များ တောက်ပနေကြောင်း တွေ့ရပါလိမ့်မည်။

ကျစ်ကွေးကလည်း (၁)လက်မခန့် အရပ်ပိုရှည်လာပြီး ယခင်တုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် အနည်းငယ် ပို၍အရပ်မြင့်လာခဲ့၏။ သူမ၏ရုပ်ရည်ကလည်း ပို၍ချောမောလှပလာခဲ့သည်။ သူမဆီမှ အလင်းရောင်များ တောက်ပနေပြီး သူမက မိုးရေရပြီးနောက် အညှောင့်ပေါက်လာသော စပါးပင်များကဲ့သို့ ခံစားမှုကို ရစေခဲ့၏။

အဘိုးအိုက အဆင့်(၁၀)အလွှာ၏ ပြတင်းပေါက်ရှေ့တွင် ရပ်နေခဲ့သည်။ သူက မြို့တော်ထဲတွင် ရှိနေသော နေရာတချို့ကို လက်ညှိုးထိုးပြပြီး လူငယ်လေးကို သင်ကြားပေးနေသလို သူ့မေးခွန်းများကို ပြန်ဖြေပေးနေခဲ့သည်။

ဘုရင်ကြီး ရောက်လာကြောင်း သတိထားမိသည့်အခါ အဘိုးအိုက နှုတ်ဆက်သည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။

သို့သော် ဘုရင်ကြီးကတော့ သူ့ကို အနှောင့်အယှက်ပေးပုံမရချေ။ သူက စုန့်ကျိရှင်းဆီသို့ လျှောက်သွားခဲ့ပြီး သူ့ခေါင်းကို လက်နှင့် ပုတ်လိုက်၏။ သို့သော် လူငယ်လေးက ဘုရင်ကြီး၏လက်ကို ရှောင်တိမ်းလိုက်၏။

ဘုရင်ကြီး၏ အမူအရာကတော့ တည်ငြိမ်နေဆဲသာ ဖြစ်ပြီး သူ့လက်ကို ရုတ်သိမ်း၍ မေးလိုက်သည်။

“စုန့်မူ …

မင်းက ဆရာကြီးလုဆီကနေ ကြည့်ရှုခြင်းမျက်လုံးကျင့်စဉ်ကို လေ့လာနေတာ နည်းနည်းတော့ကြာပြီ။ မင်းက မြို့တော်မှာရှိတဲ့ တောင်တန်းနဲ့မြစ်ဝင်္ကပါရဲ့ ဝင်္ကပါမျက်လုံးကို အခုထိ မတွေ့သေးဘူးလား…”

လူငယ်လေး၏အမူအရာက အေးစက်နေပြီး သူ့အသံထဲတွင် သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားမှုများရှိနေ၍ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“အခုထိတော့ မတွေ့သေးဘူး…”

အဘိုးအိုက အပြုံးနှင့် ပြောလိုက်၏။

“မြေပြင်ပြောင်းလဲရေးပညာကို ဒီလောက်အလွယ်တကူ တတ်မြောက်နိုင်ပါ့မလား။ ဒါပေမဲ့ စုန့်မူက ထူးချွန်တယ်လို့ သတ်မှတ်နိုင်တယ်။ သူက တခြားကုန်းမြေကြီးပေါ်မှာရှိတဲ့ လူငယ်ပါရမီရှင်တွေထက် နိမ့်ကျနေတာမျိုး မရှိဘူး။ အရေးကြီးဆုံးအရာကတော့ သူက သင်္ချာနဲ့ တွက်ချက်ခြင်းပညာ(၂)မျိုးလုံးကို ကျွမ်းကျင်နေတော့ သူ့ရဲ့အရှိန်အဝါက အရမ်းကို အစွမ်းထက်လွန်းတယ်။ ဒါကြောင့် သူက နည်းနည်းလောက်ကြိုးစားရုံနဲ့ (၂)ဆလောက် အကျိုးသက်ရောက်မှုမျိုးကို ရနိုင်တယ်…”

“မိုခေါင်းဆောင်လွမ်ရဲ့ ထင်မြင်ချက်က ဘယ်လောက်တောင် မြင့်မားနေတာလဲ။ သူကိုယ်တိုင်ကတောင် စုန့်မူကို ချီးကျူးနေတယ်…”

ဘုရင်ကြီးက အားရပါးရရယ်ပြီး မှတ်ချက်ပေးလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်တော့်သားပဲ‌လေ…”

အစေခံမလေးကျစ်ကွေးကတော့ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး နှာခေါင်းကို လက်နှင့်ပွတ်၍ လေကို တဝကြီး ရှုရှိုက်လိုက်သည်။

ဘုရင်ကြီးက သူမကိုပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့် အပြစ်တင်လိုက်၏။

“သူခိုးလေး …

မင်းက တကယ့်ကို ထိန်းမထားနိုင်တာပဲ…”

မိန်းမပျိုက အပြစ်ကင်းစင်သောအမူအရာနှင့် သူ့ကို လှည့်ကြည့်လိုက်သည်။

ဘုရင်ကြီးက သူမကို လက်ညှိုးထိုးပြပြီး စဉ်းစားနေသည့် အမူအရာနှင့် ပြောလိုက်၏။

“မင်း ငှားယူထားတဲ့အရာကိုအချိန်မီပြန်ပေးရမယ်။ ပြီးမှပဲ မင်းက နောက်တစ်ကြိမ်ငှားနိုင်လိမ့်မယ်။ မင်းက ဘာမှပြန်မပေးဘဲနဲ့တော့ ထပ်ယူလို့မရနိုင်ဘူး။ မဟုတ်ရင် ငါက မင်းကို သံကြိုးရေတွင်းထဲ ပြန်ပို့ပစ်မယ်။ အမှန်အတိုင်း ပြောရရင်တော့ မြို့တော်နဲ့ အနီးဆုံးမှာ ရှိနေတဲ့ အင်မော်တယ်ဂိုဏ်း ထာဝရနွေဦး‌နန်းတော်ထဲမှာလည်း ရေတွင်းတစ်တွင်းရှိတယ်။ တကယ်လို့ အဲဒီလိုဖြစ်လာခဲ့မယ်ဆိုရင် မင်းကို အဲဒီရေတွင်းထဲမှာ နေရာချထားပေးလို့လည်းရနိုင်တာပဲ…”

ဘုရင်ကြီးဆီမှ စကားလုံး အနည်းငယ် ထွက်လာသည့်အတွက် ကျစ်ကွေး၏ မျက်နှာလေးက ချက်ချင်းပင် အရောင်ကင်းမဲ့သွားခဲ့သည်။ သူမက ပါးစပ်ကို ဟလိုက်ပြီး ရွှေရောင်အငွေ့အသက်များကို မှုတ်ထုတ်ပေးလိုက်၏။

ထိုအငွေ့အသက်များက ရွှေရောင်မြွေငယ်လေးများကဲ့သို့ ဘုရင်ကြီး၏ အဝါရောင်ဝတ်စုံပေါ်တွင် ရှိနေသော နဂါးပန်းချီပေါ်တွင် လျင်မြန်စွာ တွယ်ကပ်သွားခဲ့သည်။ သူတို့က အလွန်ထူးခြားသော နဂါးဝတ်ရုံ၏ ချည်ထည်များကြားထဲတွင် ပျော်ရွှင်စွာ‌ သွားလာနေကြ၏။ သူတို့က ရေထဲကို ပြန်ရောက်သွားသော ငါးငယ်လေးများကဲ့သို့ ဖြစ်နေကြသည်။

နဂါးဝတ်စုံက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ရောင်စုံတောက်ပလာခဲ့၏။ အမှန်အတိုင်း ပြောရလျှင် ထိုနဂါးဝတ်စုံ‌၏အောက်ဘက်နားတွင် ရေလှိုင်းလေးများ လှုပ်ရှားနေခဲ့သည်။ ဘုရင်ကြီးက အားရပါးရရယ်ပြီး မှတ်ချက်ပေးလိုက်၏။

“မင်းက ဆရာချီနဲ့ မကြာမခဏ ရင်ဆိုင်ခဲ့ရလို့ ဒီလိုကြောက်တတ်သွားခဲ့တာလား..”

ကျစ်ကွေး၏မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာတစ်ခု ပေါ်လာပြီး သူမက ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူမက တောင်ဘက်ပိုင်းကို ကြည့်နေပြီး အလွန်မြင့်မားသော အဆောက်အဦးများကို ဖြတ်ကျော်၍ မြို့တော်၏အပြင်ဘက်ထိအောင် ကြည့်နေမိခဲ့၏။

သူမက တောင်ဘက်ပိုင်းတွင် ရှိနေသော သူမ၏မွေးရပ်မြေကို လှမ်းကြည့်ရန် ကြိုးစားနေသလို ထင်မှတ်ရသည်။ သူမက တာ့လီအင်ပါယာ၏ မြို့တော်ဖြစ်သော နဂါးတက်လှမ်းခြင်းမြို့‌ကို သိပ်ပြီး သဘောမကျခဲ့ပေ။

ဘုရင်ကြီး၏အမူအရာက လေးနက်လာပြီး အဘိုးအိုကို မေးလိုက်သည်။

“မိုခေါင်းဆောင်လွမ်က ကျောက်စိမ်းဖြူ‌မြိူ့တော်ထဲမှာ (၁၃)ခုမြောက်အလွှာ ထပ်ဖြည့်ဖို့ တကယ်ယုံကြည်ချက် ရှိနေတာလား…”

“မဟုတ်ရင် လွမ်ချန်းယဲ့က ဘာလို့တာ့လီအင်ပါယာကို ရောက်လာမှာလဲ…”

အင်မော်တယ်ချီစွမ်းအင်များ ပြည့်နှက်နေသော အဖြူဝတ်အဘိုးအိုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ဘုရင်ကြီးက ခေါင်းညိတ်ပြီး ပြတင်းပေါက်လက်ကိုင်ကို လက်နှစ်ဖက်နှင့် ကိုင်လိုက်၏။ သူက အလွန်ကြီးမားသော မြို့တော်ကြီးကိုကြည့်ပြီး သူ့ကိုယ်သူ လှောင်ပြောင်သရော်လိုက်မိသည်။

“ဒါဆိုရင်တော့ အရမ်းကောင်းပါတယ်။ ငါက နန်းတွင်းအရာရှိတွေကြားထဲမှာ လူရိုင်းဘုရင် တစ်ယောက်လို့ သတ်မှတ်ခံခဲ့ရတယ်။ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိတဲ့ တခြားဘုရင်တွေရဲ့ မိန်းမတွေကတောင် လှောင်ပြောင်သရော်ခဲ့ကြတယ်။ ဒါပေမဲ့ ငါကတော့ လိုအပ်တဲ့နေရာမှာ ငွေကြေးကိုသုံးဖို့ ဆန္ဒရှိနေသေးတယ်။ အမှန်အတိုင်း ပြောရရင် ငါက ငွေရဖို့ဆိုရင် ငါ့ရဲ့ပစ္စည်းတွေကိုတောင် ထုခွဲရောင်းချပစ်မှာပဲ…”

ဆရာကြီးလုက ပြုံးပြလိုက်ပြီး ခံစားချက်များနှင့် တုံ့ပြန်လိုက်သည်။

“နှစ်ပေါင်းများစွာ ဇွဲရှိရှိကြိုးစားလာတဲ့အတွက် လီကျူးသုခဘုံကနေ ရလာတဲ့ စုန့်ကလန်ရဲ့ ကြွယ်ဝချမ်းသာမှုတွေအားလုံးက ဒီကျောက်စိမ်းဖြူမြို့တော် တိုးတက်လာအောင် လုပ်နိုင်ခဲ့တယ်။ တကယ်လို့ ဒါက ကပ်စေးနည်းပြီး အသုံးအဖြုန်းကြီးတယ်လို့ သတ်မှတ်မယ်ဆိုရင်တော့ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ သဘောကောင်းတဲ့ ဘုရင်တစ်ယောက်ကို ရှာတွေ့ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး..”

“‌ဒါက အပူအပင်ကင်းတဲ့အခြေအနေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသလို ထင်ရပေမဲ့ ငါက ဆရာကြီးလု‌ဆီမှာ နောက်ဆုံးတစ်ခုကိုတော့ အတည်ပြုဖို့‌လိုတယ်..”

ဘုရင်ကြီးက ပြောလိုက်သည်။

“ငါတို့ရဲ့ပြိုင်ဘက်ကသာ အရှေ့ပိုင်းကုန်းမြေကြီးရဲ့မြောက်ဘက်မှာရှိတဲ့ ကန်ကြည့်ကျောင်းဆောင်အနားမှာ ရှိနေမယ်‌ဆိုရင် ဒီအဆောက်အဦးက တာ့လီအင်ပါယာကို စိန်ခေါ်ရဲတဲ့ အဆင့်(၁၀) ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ဖို့ ဓား(၁၀)လက် ထုတ်ဖို့လိုအပ်တယ်။ အဆင့်(၁၁) ကျင့်ကြံသူတစ်ယောက်က ဓား(၁၁)ချောင်းကို ရင်ဆိုင်ရလိမ့်မယ်။ အဆင့်(၁၂) ကျင့်ကြံသူတစ်ယောက်ကတော့ ဒီအဆောက်အဦးကနေ ဓား(၁၂)ချောင်းကို ရင်ဆိုင်ရလိမ့်မယ်။ ဒါက ကီလိုမီတာ(၁)သောင်းလောက်အကွာမှာ ရှိနေတဲ့ လူကို ချက်ချင်းသတ်ပစ်ဖို့ လုံလောက်ရဲ့လား…”

အဘိုးအို၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေခဲ့သည်။

“ဒီအရှေ့ပိုင်းကုန်းမြေကြီထဲမှာပဲလား...။ ဒါဆိုရင်တော့ ဘာမှသံသယဝင်နေစရာ မလိုအပ်ဘူး…”

သို့သော် သူက ထပ်ဖြည့်ပြောလိုက်သည်။

“သူ့ရဲ့အငွေ့အသက်တွေကို စစ်ဆေးကြည့်လိုက်ပြီး ရထားတဲ့ သတင်း အချက်အလက်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင် ဝါးဦးထုပ်နဲ့ ဓားမောက် ကိုင်ထားတဲ့လူက သေချာပေါက် အထက်ဘုံ(၅)ဆင့်မှာရှိတဲ့ ချီကျင့်ကြံသူ တစ်ယောက်ပဲ။ သူက အဆင့်(၁၁)ဖြစ်နိုင်ခြေများတယ်။ ဒါပေမဲ့ သူက အဆင့်(၁၂)လည်း ရောက်နိုင်ခြေများတယ်…”

“အဆုံးကျတော့ သူက ဒီနေရာနဲ့ အရမ်းကို ဝေးနေသေးတဲ့အပြင် သူ့ရဲ့အငွေ့အသက်တွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့တယ်လေ။ ဒီတော့ သူနဲ့ပတ်သက်ပြီး ငါ့ရဲ့နားလည်မှုတွေက နည်းနည်းတော့ ရှုပ်ထွေးသေးတယ်။ ငါက နက္ခတ်ပညာနဲ့ တွက်ချက်မှုတွေ လုပ်ပြီး ကြည့်ရှုခြင်းစွမ်းရည်ကို သုံးပြီး သူ့ကို ကြည့်လို့ရပေမဲ့ ‌ဇဝေဇဝါဖြစ်နေတုန်းပဲ…”

အဘိုးအိုက အင်္ကျီလက်ကိုမြှောက်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဒါပေမဲ့ တစ်ခုတော့ အရင်ဆုံး ပြောထားမယ်။ လက်ရှိကျောက်စိမ်းဖြူမြို့တော်မှာ စုစုပေါင်း(၁၂)လွှာရှိတယ်။ (၁)လွှာချင်းဆီမှာ ဓားပျံတစ်ချောင်းဆီရှိတယ်။ သူတို့တွေထဲမှာ ထူးခြားတဲ့စွမ်းအားနဲ့ သတ်ဖြတ်နိုင်စွမ်းတွေ ပါဝင်နေပြီး ကုန်းမြေကြီးတစ်ခုလုံးမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးကို ခြိမ်းခြောက်နိုင်ပေမဲ့ သုံးလိုက်တဲ့ ဓားတစ်ချောင်းချင်းဆီက အရမ်းကို အကုန်အကျများတယ်။ တာ့လီအင်ပါယာက မကြာသေးခင်ကမှ မြောက်ပိုင်းမှာ ရှိနေတဲ့ လုတိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ရထားတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါတို့ကသာ တစ်ကြိမ်တည်းနဲ့ ဓား(၁၂)ချောင်းလုံးကို သုံးလိုက်မယ်ဆိုရင် နောက်ထပ် နှစ်ပေါင်း(၂၀)လောက် ရည်မှန်းချက် ပျောက်ကွယ်သွားရလိမ့်မယ်။ ဘုရင်ကြီးက အဲဒီဓားပျံတွေ သုံးရမဲ့တန်ကြေးကို ဆန္ဒရှိရဲ့လား…”

ဘုရင်ကြီးက နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။

“မိုခေါင်းဆောင်လွမ်ရဲ့ ကျောက်စိမ်းဖြူမြို့တော်က အဆင့်(၁၃)အလွှာ မပြီးသေးဘူး…”

စုန့်ကျိရှင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

“တကယ်လို့ တာ့လီအင်ပါယာကို ရန်စနေတဲ့ဧည့်သည်ကသာ အဆင့်(၁၃) ကျင့်ကြံသူဆိုရင် ဘယ်လိုလုပ်မလဲ…”

ဘုရင်ကြီးက တိတ်ဆိတ်နေပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

ထိုအချိန်တွင် ဆရာကြီးလုက အားရပါးရ ရယ်လိုက်ပြီး သိမ်မွေ့စွာ ရှင်းပြလိုက်၏။

“အဆင့်(၁၃)ကျင့်ကြံသူလား.။ အဲဒီလိုလူ‌မျိုးတွေက ငါ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အကြီးဆုံးကုန်းမြေကြီးမှာတောင် ဇာမဏီအတောင်နဲ့ မီးငှက်ဦးချိုလို အရမ်းရှားတယ်။ ပြီးတော့ အဲဒီလိုနတ်ဘုရားလျှို့ဝှက်‌ချက်တွေက ဖော်ထုတ်လို့ မရနိုင်ဘူး။ ဖုန်းရွှယ်ကျောင်းဆောင်က အဆင့်(၁၁) ကျင့်ကြံသူ ရွမ်ချုံကတောင် ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်နိုင်လောက်အောင် အစွမ်းထက်တယ်ဆိုတာ မင်းလည်း သိနေတာပဲ….”

“ဂိုဏ်း‌ဆိုတဲ့ဂုဏ်ပုဒ်က ဖိအားအများကြီး သယ်ဆောင်ထားတဲ့ အရာတစ်ခုပဲ။ အထက်ဘုံ(၅)ဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေကပဲ ကိုယ့်ကိုယ်ကိုယ် ဂိုဏ်းတစ်ခုလို့ ရည်ညွှန်းနိုင်တာ။ မဟုတ်ရင် ဘယ်လိုပဲ အခြေအနေပြောင်းပြောင်း ကွန်ဖြူးရှပ်ကျောင်းက ခေါင်းမာတဲ့အဘိုးကြီးတွေ ဒေါသထွက်သွားမှာပဲ…”

“ရွမ်ချုံက ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ပြတ်သားတယ်။ ပြီးတော့ ဒေါသထွက်လွယ်ပေမဲ့ သူ့ပုံစံက တိုင်းပြည်ထဲမှာရှိတဲ့ အင်မော်တယ်တွေ အပြစ်တင်တာကို ခံနိုင်ရည်ရှိတဲ့ပုံပေါ်တယ်။ သူ့ရဲ့အကျင့်စရိုက်က ငါတို့တိုင်းပြည်အတွက် တော်တော်လေးကို အကျိုးရှိတယ်…”

ဘုရင်ကြီးက ဖြည်းညင်းစွာ ထပ်ဖြည့်ပြောလိုက်သည်။

“ပြောရမယ်ဆိုရင်တော့ ငါက သူ့ကိုလေးလေးစားစား ဆက်ဆံဖို့ ဆန္ဒရှိတယ်။ တာ့လီအင်ပါယာက အဲဒီလိုကျင့်ကြံသူမျိုးကို ကြိုဆိုတဲ့အပြင် တိုင်းပြည်ရဲ့ ဘုရင်တစ်ယောက်ဖြစ်တဲ့အတွက် ငါက သူတို့ကို တန်းတူဆက်ဆံပေးနိုင်တယ်။ ပြောရမယ်ဆိုရင် ပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူက အခြေအနေကိုကြည့်ပြီး လိုက်လျောညီထွေ ဆုံးဖြတ်နိုင်ဖို့လိုတယ်…”

စုန့်ကျိရှင်းကတော့ လက်လျော့ခြင်းမရှိဘဲ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

“တကယ်လို့ အဆင့်(၁၃)ကျင့်ကြံသူဆိုရင် ဘာလုပ်မလဲ…”

အဘိုးအိုက အပြုံးနှင့် ခေါင်းခါပြလိုက်သည်။ အထက်ဘုံ(၅)ဆင့်၏ နောက်ဆုံး(၂)ဆင့်က ပျောက်ကွယ်သွားသည်မှာ အတော်လေးကိုကြာပြီဖြစ်သည်။ ထို့ကြောင့် ဒဏ္ဍာရီထဲမှ အဆင့်(၁၃)ဆိုသည်မှာ ဤကမ္ဘာကြီးထဲတွင် အစွမ်းထက်ဆုံးဟု သတ်မှတ်နိုင်၏။ ထိုကဲ့သို့ ထူးခြားသော ကျင့်ကြံသူများက သာမန်လူသားတိုင်းပြည်များ၏ လျှို့ဝှက်မှတ်တမ်းများထဲတွင်ပင် မှတ်တမ်းတင်ထားခြင်း မရှိတော့ချေ။ အမှန်အတိုင်း ပြောရလျှင် အစွမ်းထက်သော အင်မော်တယ်ဂိုဏ်းများကပင် သူတို့နှင့် ပတ်သက်ပြီး ပြောဆိုခြင်းကို ရှောင်တိမ်းကြသည်။

အဘိုးအိုကတော့ သူ၏အကြီးအကဲများ ပြောပြသော အချက်အလက်တချို့ကို စုဆောင်းပြီး အခြေအနေကို အကြမ်းဖျင်း နားလည်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ဤလောကကြီးထဲရှိ ထိပ်တန်းဂိုဏ်းများထဲမှတစ်ခုတွင် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ကုန်းမြေကြီးပေါ်တွင် အထူးချွန်ဆုံးပါရမီရှင် တစ်ယောက် ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက အမှန်တရားနှင့်သိပ်ပြီး မဝေးနိုင်တော့ပေ။

အထက်ဘုံ(၅)ဆင့်ကို တက်လှမ်းနိုင်ခြင်းက ဤကမ္ဘာကြီးထဲတွင် အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီဟု ဆိုလိုနေသည်။ အဆင့်(၁၀)ဟူသည်မှာ သိုင်းပညာရှင်များအတွက် နောက်ဆုံးအဆင့်ကဲ့သို့ ဖြစ်နေခဲ့၏။ ထိုအဆင့်ထက် ကျော်လွန်နိုင်သော လမ်းကြောင်းကို ရှာမတွေ့ကြသေးပေ။

သို့သော် သူတို့က ထိုအဆင့်ကို ရောက်သွားသည်နှင့် ပုံရိပ်ယောင်ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်တာအိုကတော့ ကောင်းကင်ဘုံ၏ အုတ်မြစ်ကို ခိုးယူနေသော အပြစ်သားတစ်ယောက်ကဲ့သို့ ဆက်ဆံပါလိမ့်မည်။ ကောင်းကင်တာအိုက ထိုကဲ့သို့လူများ၏ တည်ရှိမှုကို သည်းခံနေလိမ့်မည် မဟုတ်ချေ။ သူတို့ကို ကမ္ဘာမြေကြီးထဲမှ ရှင်းပစ်ရန်သာ ဆန္ဒရှိနေ၏။

ထို့ကြောင့် တက်လှမ်းခြင်းနယ်‌ပယ်အဆင့်တွင် ရှိနေသော ချီကျင့်ကြံသူများက အဆင့်(၁၀)တွင် ရှိနေသော အင်မော်တယ်များနှင့် နတ်ဘုရားများထက်ပင် ပို၍ထူးခြားနေသည်။ မဟုတ်လျှင် ကောင်းကင်ဘုံက သူတို့ကိုတက်လှမ်းရန် စွမ်းအားများ ပေးလိုက်နိုင်၏။ ထိုအချိန်တွင် သူတို့၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က မည်သည့်အရာများဖြစ်လာနိုင်ကြောင်းကိုတော့ ဆရာကြီးလုလည်း သေချာမသိပေ။ သူကတော့ အစောပိုင်းကတည်းက ပျက်စီးသွားခဲ့သော ကောင်းကင်တာအိုနှင့်သာ ဆက်စပ်၍ ပြောနိုင်ခဲ့သည်။

ဘုရင်ကြီးက ကလေးဆန်သော ရုပ်ရည်ရှိနေသေးသည့် လူငယ်လေးကို ငုံ့ကြည့်လိုက်သည်။

“ဒါဖြစ်လာရင်.. ဆိုတဲ့မေးခွန်းလား…”

သူက ပြန်မေးလိုက်သည်။

“ဟုတ်တယ် ဒါဖြစ်လာရင်ပေါ့…”

စုန့်ကျိရှင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။

ဘုရင်ကြီးက သူ့ကို ကြည့်နေရာမှပြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်၏။

“တကယ်လို့ မင်းကသာ အဲဒီလိုအခြေအနေမျိုးကို စိုးရိမ်နေတယ်ဆိုရင်လည်း ဒီတိုင်းပဲ ထားလိုက်တော့…”

လူငယ်လေးက ခနဲ့သလို အပြုံးကို ဖုံးကွယ်ထားခဲ့ခြင်းမရှိချေ။ သူကတော့ ဘုရင်ကြီး၏စကားကို အလေးအနက်မယူခဲ့ပေ။ သူက အရှေ့ပိုင်းကုန်မြေကြီးထဲတွင် အကြီးဆုံးတိုင်းပြည်ဖြစ်သည့် တာ့လီအင်ပါယာ၏ ရှင်ဘုရင်တစ်ယောက်ဖြစ်ပြီး လူတိုင်းက သူ့ကို တလေးတစား ဆက်ဆံနေကြသော်လည်း ထိုလူငယ်ကတော့ ယခုမှသာ ကျင့်ကြံမှုလမ်းကြောင်းကို စတင်လျှောက်လှမ်းနေခြင်းဖြစ်သည်။

သူ့ကိုသင်ပေးနေသည့် အကြီးအကဲနှစ်ယောက်ကတော့ လောကကြီးထဲတွင် ထိပ်ဆုံးကျင့်ကြံသူများဖြစ်ကြ၏။ ထို့ပြင် သူက ကျောက်စိမ်းဖြူမြို့တော်ကဲ့သို့ အကြီးကျယ်ဆုံး အခွင့်အရေးတစ်ခုကိုလည်း ချောချောမွေ့မွေ့ ရရှိထားသေးသည်။ ထိုအချိန်တွင် အဆင့်(၁၃) ကျင့်ကြံသူတစ်ယောက် ဆိုသည်မှာ တိုင်းပြည်တစ်ပြည် သို့မဟုတ် ဂိုဏ်းတစ်ခုအတွက် မည်မျှအန္တရာယ်များကြောင်း သေချာပေါက် သိနေခဲ့၏။

လူငယ်လေးကို ကြည့်နေသော ဘုရင်ကြီး၏အကြည့်က သိမ်မွေ့လာပြီး တိုးတိုးလေးပြောလိုက်သည်။

“ဒါဖြစ်လာရင် ဆိုတဲ့စကားကိုသာ ကြောက်နေခဲ့မယ်ဆိုရင် ငါတို့တိုင်းပြည်ရဲ့ ဘိုးဘေးတွေက လုတိုင်းပြည်ရဲ့လက်အောက်ခံဆိုတဲ့ အခြေအနေကနေ ဒီနေ့လိုအခြေအနေမျိုးထိ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ အခုဆိုရင် ငါတို့က လုတိုင်းပြည်ကို အုပ်စိုးနိုင်တဲ့အပြင် ငါတို့တိုင်းပြည်အင်အားတစ်ခုလုံးကိုသုံးပြီး တာ့ဆွေအင်ပါယာကို ချီတက်သွားလို့တောင ်ရနေပြီ။ ငါတို့အနိုင်ရမဲ့ အခွင့်အရေးကလည်း အရမ်းမြင့်တယ်။ ငါတို့အောင်မြင်သွားမယ်ဆိုရင် နောက်ထပ်အန္တရာယ်တွေ ရှိမလာနိုင်တော့ဘူး။ အဲဒီအချိန်ကျရင် စိုးရိမ်စရာမလိုဘဲ တောင်ပိုင်းကို ချီတက်လို့ရပြီ…”

“ငါတို့က အစောပိုင်းကတည်းက အောင်မြင်ဖို့ သေချာနေပြီ။ အဲဒီအတွက်ကြောင့် ငါက ‘ဒါဖြစ်လာရင်’ ဆိုတဲ့စကားကို လုံးဝမခံစားမိဘူး။ အမှန်အတိုင်းပြောရရင် သမိုင်းကြောင်း စာအုပ်တွေထဲမှာရှိတဲ့ ဇာတ်လမ်းတွေအရ ပါရမီထူးခြားတဲ့ ဘုရင်တွေအားလုံးက သူတို့ရဲ့ရန်သူရဲ့ ‘ဒါဖြစ်လာရင်’ ဆိုတဲ့ အရေးသာမှုတွေကို ဖျက်ဆီးပစ်နိုင်တဲ့သူတွေချည်းပဲ။ အနည်းဆုံးတော့ သူတို့က အဲဒီစကားလုံးကို ခံနိုင်ရည်ရှိကြတယ်…”

ဘုရင်ကြီး၏အမူအရာက အေးအေးဆေးဆေးသာဖြစ်နေပြီး လူငယ်လေးကို ပြောလိုက်သည်။

“စုန့်မူ…

ဒါက တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ရတဲ့ ဘုရင်‌တစ်ယောက်မှာ ပိုင်ဆိုင်ထားသင့်တဲ့ စိတ်နေးစိတ်ထားနဲ့ အမူအကျင့်ပဲ…”

အဆုံးတွင်တော့ သူက အပြုံးနှင့် ပြောလိုက်၏။

“စုန့်ယုကျန်းက မင်းကို ဒီအကြောင်းတွေသင်ပေးသင့်တာကြာပြီ။ ဒါပေမဲ့ သူက သင်မပေးရဲဘူး…”

စုန့်ကျိရှင်း အမူအရာက တည်ငြိမ်သွားခဲ့၏။ ဘုရင်ကြီးကတော့ လူငယ်လေး၏ နှလုံးသားထဲတွင် ရှိနေသော အဖုအထစ်‌လေးကို အလေးပင် မထားခဲ့ချေ။ သူက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်ပြီး မှတ်ချက်ပေးလိုက်၏။

“ကောင်းကင်ပေါ်မှာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ ကျောက်စိမ်းဖြူမြို့တော်ထဲမှာ အလွှာ(၁၂)လွှာနဲ့ မြို့(၅)မြို့ရှိတယ်။ ကောင်းကင်ဘုံမှာရှိတဲ့ အစစ်အမှန ်ကျောက်စိမ်းဖြူမြို့တော်က ဘယ်လောက်တောင်ကြီးကျယ်ခမ်းနားမလဲ..”

သူက လက်ညှိုးကို ကွေးလိုက်ပြီး လူငယ်လေး၏ခေါင်းကို ညင်သာစွာ ခေါက်လိုက်သည်။ ယခုတစ်ကြိမ်တော့ စုန့်ကျိရှင်းက အချိန်မီရှောင်တိမ်းရန် မဖြစ်နိုင်တော့သည့်အတွက် အနည်းငယ် ဒေါသထွက်သွားခဲ့၏။

ဘုရင်ကြီးက သဘောကျစွာ ရယ်မောလိုက်သည်။ သူကတော့ အပြင်လူ(၂)ယောက် ရှိနေသည့်အတွက် စိုးရိမ်ခြင်းမရှိဘဲ တည့်တည့်ပြောလိုက်၏။

“မင်းအမေက မင်းရဲ့ညီလေးကို ပိုပြီးတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ ငါကတော့ မင်းကိုပိုပြီးတော့ မျှော်လင့်ထားတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ကျားတွေကတောင် သူတို့ရဲ့သားသမီးကို ပြန်ပြီးတော့ မစားဘူး။ ဒါပေမဲ့ ဒီကမ္ဘာကြီးထဲမှာ အရက်စက်ဆုံးအရာက မိန်းမတစ်ယောက်ရဲ့နှလုံးသားပဲ…”

သူ၏အသံထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပုံရပြီး တစ်ယောက်တည်းတီးတိုး‌ရေရွတ်လိုက်သည်။

“မေိန်းမတွေ…”

သို့သော် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု လျင်မြန်စွာပေါ်လာပြီး ဆက်ပြောလိုက်သည်။

“ငါက ဆရာချီအပေါ် ဆက်ဆံခဲ့မှုတွေအတွက် အပြစ်ရှိသလို ခံစားခဲ့ရတယ်။ တာ့လီအင်ပါယာက သူ့ကို မကူညီပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ မင်းက သူ့တပည့်ဖြစ်နေတာ အရမ်းကောင်းတယ်…”

နေ့ဝက်ခန့် စကားလုံးများကို ရှာဖွေရန် ကြိုးစားခဲ့ပြီးနောက် စုန့်ကျိရှင်းက ခေါင်းစဉ်ပြောင်းပြီး မေးလိုက်သည်။

“ခင်ဗျားက တာ့လီအင်ပါယာရဲ့ဘုရင်ဆိုမှတော့ ဘာလို့ သူတော်ကောင်းတရား မရှိတဲ့လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားရတာလဲ…”

ဘုရင်ကြီးက လူငယ်လေး၏ပုခုံးပေါ်ကိုလက်တင်ပြီး ရှင်းပြလိုက်သည်။

“တာ့လီအင်ပါယာက နှစ်ပေါင်း(၁၀၀၀)နီးပါးလောက် လူရိုင်းနယ်မြေတစ်ခုလို့ တခြားသူတွေက သတ်မှတ်ထားကြတယ်။ ကြီးကျယ်တဲ့ဂုဏ်ပုဒ်တွေကို မသုံးရင်တောင် ငါကတော့ ဒီလိုအရှက်ခွဲခံရမှုကို မမေ့နိုင်အောင်လို့ ငါ့ကိုယ်ငါ သတိပေးဖို့ မျှော်လင့်နေခဲ့တာ…”

ထိုစကားကိုကြားသည့်အခါ စုန့်ကျိရှင်းက အနည်းငယ်လှုပ်ရှားသွားခဲ့သည်။

ဘုရင်ကြီးက သူ့လက်ကို ရုတ်သိမ်းပြီး ပြောလိုက်၏။

“ငါက စနေတာပါ။ ငါက အဲဒီလို ဂုဏ်ပုဒ်မျိုးကို မကြိုက်ဘူး…”

“သူ ဒီကိုရောက်လာပြီ…”

သရဖူနှင့် အဘိုးအိုက ရုတ်တရက် အော်ဟစ်လိုက်သည်။

“သူက ဝိုင်းဝန်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ထွက်မပြေးတဲ့အပြင် မြို့တော်ကို တည့်တည့်လာဖို့ ရွေးချယ်ခဲ့တာလား…”

ဘုရင်ကြီးက မေးလိုက်၏။

အဘိုးအိုကတော့ အတော်လေးကို လှုပ်ရှားသွားခဲ့ပြီး မျက်လုံးပြူး၍ ပြတင်းပေါက်မှနေ၍ တောင်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ့အသံက လှုပ်ရှားနေခဲ့၏။

“အဆင့်(၁၀)၊ အဆင့်(၁၁)၊ အဆင့်(၁၂) …

သူက အဆင့်(၁၂) အထွဋ်အထိပ်ကိုတောင် ရောက်နေပြီ…”

သို့သော် ဘုရင်ကြီး၏အမူအရာက တည်ငြိမ်နေပြီး အမိန့်ပေးလိုက်သည်။

“စုန့်မူ …

တိုက်ခိုက်ဖို့ မင်းရဲ့တာဝန်ရောက်ပြီ…”

စုန့်ကျိရှင်းက ပင့်သက်ရှိုက်လိုက်ပြီး တောင်ဘက်ကို လှည့်ကြည့်လိုက်၏။ သူက လက်ထဲတွင် တံဆိပ်များကို ဖန်တီးလိုက်ပြီး အံကြိတ်၍ ကြေညာလိုက်သည်။

“ငါ စုန့်မူ တာ့လီအင်ပါယာရဲ့ကိုယ်စား တိုင်းပြည်ရဲ့ကံကြမ္မာကို စောင့်ရှောက်နေတဲ့ နတ်ဘုရား(၁၂)ပါးကို ဒီဓားတွေ လက်ခံဖို့ အမိန့်ပေးတယ်…”

ထိုအချိန်တွင် မြို့တော်၏အပေါ်ဘက်ကောင်းကင်ပေါ်၌ လေလှိုင်းများ၊ တိမ်တိုက်များ ထွက်ပေါ်လာခဲ့သည်။ အလွန်ကြီးမားသော ကျောင်းဆောင်ကြီးထဲမှနေ၍ ဓားချီစွမ်းအင်များလည်း ချက်ချင်း ထွက်ပေါ်လာခဲ့၏။

မြေညီထပ်တွင် ရှိနေသော ဓားပျံက လျှပ်စီးကြောင်းများနှင့်အတူ အရင်ဆုံး လေထဲကို ဖြတ်သန်းသွားသည့်အတွက် မြို့တော်ထဲတွင်နေထိုင်သူများက ထိတ်လန့်အံ့သြစွာ မော့ကြည့်နေမိကြသည်။ ခဏကြာပြီးနောက် ကျောင်းဆောင်ထဲမှနေ၍ ဒုတိယမြောက်ဓားပျံ ထွက်ပေါ်လာခဲ့၏။ ထို့နောက် တတိယမြောက်ဓားပျံ...။ စုစုပေါင်း ဓားပျံ(၁၂)လက်ထွက်သွားခဲ့သည်။

သို့သော် ဓားပျံတစ်ဝက်ခန့်က ရန်သူနှင့် ရင်ဆိုင်ရန် တောင်ဘက်သို့ တိုက်ရိုက်ထွက်သွားခဲ့ခြင်း မဟုတ်ချေ။ ထိုအစား တခြားသော ဦးတည်ချက်(၃)ခုကို ပျံသန်းသွားရန် ရွေးချယ်လိုက်သည်။ ထို့ပြင် ထိုဓားပျံများအားလုံးက ကျောက်စိမ်းဖြူမြို့တော်ထဲမှ ထွက်သွားပြီးနောက် အလွန်အမင်းကို ကြီးမားလာခဲ့သည်။

သစ်ရွက်တစ်ရွက်ကဲ့သို့ သေးငယ်သော ဓားပျံ‌ငယ်လေးကပင် မီတာ(၅၀)ခန့် အရှည်ရှိသော ဧရာမဓားပျံကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုကျောင်းဆောင်ကို ဗဟိုပြု၍ ပတ်ပတ်လည်တွင် နတ်ဘုရားများအားလုံးက အမိန့်ကို စောင့်ဆိုင်းနေကြသည်။ သူတို့ကလည်း အလွန်ကြီးကျယ်ခမ်းနားသော နတ်ဘုရားခန္ဓာကိုယ်များကို ပြသလိုက်၏။

တာ့လီအင်ပါယာ၏ တောင်ဘက်ဆုံးနယ်မြေထဲတွင် ရှိနေသော တောင်ပိုင်းတောင်ထိပ်ပေါ်တွင် မီတာ(၃၀၀)ခန့် အမြင့်ရှိသော နတ်ဘုရားတစ်ပါးက လက်မြှောက်ပြီး အော်ဟစ်လိုက်၏။

“တောင်ပိုင်းတောင်ထိပ်က အမိန့်ကိုနာခံပြီး ဓားကိုလက်ခံပါတယ်…”

ကျန်ရှိနေသော နတ်ဘုရား(၁၁)ပါးကလည်း ဧရာမတာအိုခန္ဓာများကို ဖော်ပြလိုက်ကြပြီး တာ့လီအင်ပါယာ၏ နယ်မြေအသီးသီးတွင် ထွက်ပေါ်လာ၍ ကျောက်စိမ်းဖြူ‌မြို့တော်မှ ဓားပျံများကို လက်ခံလိုက်ကြသည်။ သူတို့က လေထဲသို့ပျံသန်းလာကြပြီး ခြေ(၁)လှမ်းချင်းဆီက ကီလိုမီတာပေါင်းများစွာ ရောက်လာနိုင်သည်။

သူတို့အားလုံးက တောင်ဘက်မှ မြောက်ဘက်သို့ ပျံသန်းလာသော အလင်းတန်းတစ်ခုကို ပစ်မှတ်ထားနေကြသည်။

ရန်သူကို ရင်ဆိုင်ရန် တောင်ပိုင်းတောင်မှ နတ်ဘုရားက အရင်ဆုံး ရှေ့တက်သွားခဲ့၏။ ထိုအခါ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုနတ်ဘုရား၏တာအိုခန္ဓာက သူ၏ဓားပျံနှင့်အတူ ပျက်စီးသွားခဲ့ရ၏။

မြို့တော်ထဲတွင်...

ကျောက်စိမ်းဖြူမြို့တော်၏ အပေါ်ဆုံးထပ်မှနေ၍ အံ့ဩနေသည့်အသံတစ်ခု ထွက်လာခဲ့၏။ ထိုအသံထဲတွင် ဇဝေဇဝါဖြစ်နေသည့် ခံစားချက်များ ပြည့်‌နှက်နေခဲ့၏။

“မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး…”

အရပ်ရှည်ရှည်အဘိုးအိုက တီးတိုးရေရွတ်လိုက်သည်။

အဆင့်(၁၀)အလွှာတွင်...

စုန့်ကျိရှင်း၏ နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာခဲ့၏။ ဘုရင်ကြီးကလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

ကျစ်ကွေး တစ်ယောက်တည်းကသာ ပြတင်းပေါက်ဘောင်ကိုမှီပြီး အေးအေးဆေးဆေး ရှိနေခဲ့၏။

ဒုတိယမြောက် နတ်ဘုရားကလည်း တူညီသောကံကြမ္မာကို ရင်ဆိုင်ခဲ့ရပြီး နတ်ဘုရားခန္ဓာကိုယ်က ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲသွားခဲ့၏။ တာ့လီအင်ပါယာထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

စုန့်ကျိရှင်းက ပို၍အခြေအနေဆိုးရွားသွားခဲ့ပြီး သူ၏ကိုယ်တွင်းပေါက်များထဲမှနေ၍ သွေးများ စီးကျလာခဲ့၏။ သူ၏အမူအရာကလည်း လှုပ်ရှားနေပြီး သူ၏စိတ်ကို လှုပ်ရှားမသွားစေရန် အတင်းအကြပ်ခုခံနေရသည်။

လေထဲ၌ (၆)ကြိမ်မြောက် ပေါက်ကွဲသွားသည့် အချိန်တွင်တော့ ထိပ်ဆုံးအလွှာတွင် ရှိနေသော အဘိုးအိုက မချိပြုံး ပြုံးပြီး ရေရွတ်လိုက်သည်။

“အခုတော့ ငါ မင်းကို တကယ်ကြောက်သွားပြီ။ ဒီအဘိုးကြီးက မင်းအတွက် လမ်းဖွင့်ပေးမယ်... အဆင်ပြေတယ် မဟုတ်လား…”

မူလတုန်းကတော့ နတ်ဘုရား(၆)ယောက်၏ တာအိုခန္ဓာများက မြောက်ဘက်မှ တောင်ဘက်သို့ အတန်းလိုက် ရပ်နေကြခြင်းဖြစ်သည်။ ယခုတော့ သူတို့က ဘယ်လက်မှ ညာဘက်သို့ စတင်ရွေ့လျားလာပြီး အလင်းတန်းအတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်သည်။

အကယ်၍ မကျေမနပ်ဖြစ်သွားမည်‌ဆိုလျှင် အလင်းတန်းက ခဏရပ်လိုက်ပြီး ကျန်ရှိနေသော နတ်ဘုရားများကို တိုက်ခိုက်သင့်သည်။ သို့သော် အလင်းတန်းက ထိုအတွေးများကို လျင်မြန်စွာ ဖယ်ရှားလိုက်ပြီး ရှေ့သို့ဆက်၍ ပျံသန်းသွားလိုက်၏။

အဆုံးတွင်တော့ သူက တာ့လီအင်ပါယာ၏မြို့တော်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ဖုံးကွယ်ထားသော ကျောက်စိမ်းဖြူမြို့တော်၏ အဆောက်အဦးရှေ့တွင်‌ဆင်းသက်လိုက်သည်။

စုန့်ချန်ကျင့်၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းနေခဲ့၏။ သို့သော် သူကတော့ ကောင်းကင်ပေါ်မှ ဆင်းသက်လာသော လူ၏ရှေ့တွင်ရပ်ပြီး သူ့လမ်းကြောင်းကို တားမြစ်ထားခဲ့သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့၏။ အကယ်၍ သူက ထိုလူနှင့် တိုက်ခိုက်ပြီး သေရမည်ဆိုလျှင်ပင် နောင်တမရနိုင်တော့ပေ။ သူ့ဘဝကြီးက တန်ကြေးရှိသွားပြီ ဖြစ်သည်။

သာမန်ပုံစံသာရှိသော ထိုလူက အဆောက်အဦး တည်ရှိနေသည့် ကွင်းပြင်ကြီးထဲတွင် ရပ်နေခဲ့၏။ သို့သော် တောင်တက်လမ်းများကို ဖြတ်သန်းရန် ကူညီပေးနေသော အရာတစ်ခုက သူ၏ခြေထောက်အောက်ဘက်တွင် ရစ်ပတ်ထားပြီး သူ့လက်ထဲ၌ ကျိုးနေသော ဝါးဓားမောက်တစ်လက်ကိုလည်း ကိုင်ထားသည်။

သူက မြို့နံရံအပေါ်ဘက်ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။ ခဏကြာပြီးမှသာ သူက အဆင့်(၁၀) သိုင်းပညာရှင်ဖြစ်သော စုန့်ချန်ကျင့်ကို လှည့်ကြည့်လိုက်သည်။ သူက စုန့်ချန်ကျင့်၏မျက်နှာကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

အဆုံးတွင်တော့ လျှို့ဝှက်စွမ်းရည်များ ရှိနေသော ကျောင်းဆောင်ထိပ်ကို မော့ကြည့်လိုက်သည်။ သူက ဝါးဓားမောက်ကို ဘေးသို့ပစ်ချလိုက်ပြီး ‌ခြေထောက်နှင့် နင်းလိုက်၏။ ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းဖြူမြို့တော်က အစစ်အမှန်ပုံစံ ပေါ်လာခဲ့ရသည်။

ထို့နောက် သူက ဓားအိမ်ထဲမှနေ၍ မင်္ဂလာအဆောင်ဓားကို ဆွဲထုတ်လိုက်ပြီး လေထဲသို့ မြှောက်လိုက်၏။ ထိုဓားမောက်နှင့် ကျောင်းဆောင်ကြီးကိုကြည့်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ကျောင်းဆောင်ထဲမှာ ရှိတဲ့(၅)ယောက်.။ ဘယ်တစ်ယောက်က တာ့လီအင်ပါယာရဲ့ ရှင်ဘုရင်လဲ။ ငါက အလျင်လိုနေတယ်၊ အချိန်မရဘူး။ မင်းက ဒီနေရာကို‌ ထွက်လာပြီး ဒူးထောက်အရိုအသေပေးပါ။ ငါ နံပါတ်(၁၀)ကနေ စရေမယ်...’

“တစ်…”

နံပါတ်(၁၀)မှ နံပါတ်(၁)ကို တိုက်ရိုက်ခုန်ကျော် ရေလိုက်ပြီး‌နောက် ထိုလူက အလွန်ကြီးမားသော ကျောက်တုံးအဆောက်အဦးကြီးကို ကြောက်စရာကောင်းစွာ ခုတ်ချလိုက်လေသည်။

Translated by Hein Htet.

All Chapters