← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

အိုက်လျန်က‌ ကျောက်စိမ်းဖြူမြို့တော်ကို ဓားနှင့် ခုတ်ချလိုက်သည်။ အလွန်အမင်းကို ပါးလွှာသော ရွှေရောင်အမျှင်လေးတစ်ခုက သူနှင့်ကျောက်တုံး အဆောက်အဦးပေါ်တွင် ရှိသော ကျောက်တုံးဖြူမြို့တော်ကြားထဲတွင် ပေါ်လာခဲ့၏။ ထိုအမျှင်လေးက ကျောင်းဆောင်ကြီးဆီသို့ လှိုင်းလုံးကြီးတစ်ခုသဖွယ် လျင်မြန်စွာ ရောက်သွားခဲ့သည်။

စုန်ချန်ကျင့်က နောက်သို့ပြန်ဆုတ်သွားခဲ့ခြင်း မရှိပေ။ ထိုအစား ရှေ့ကို တက်လာပြီး သူ၏အငွေ့အသက်များကလည်း သိုင်းပညာ အထွဋ်အထိပ်အဆင့်ကို ချက်ချင်း ရောက်ရှိသွားခဲ့၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ကန့်လန့်ဖြတ် ကာလိုက်သည်။

ထိုအချိန်တွင် အရှေ့ပိုင်းကုန်းမြေကြီး၏ ဒုတိယအဆုံးသတ် သိုင်းသခင်အဆင့် ပညာရှင်ကို ဗဟိုပြု၍ ပင့်ကူမျှင်ကဲ့သို့ ဧရာမအက်ကွဲကြောင်းကြီးများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။ သိုင်းပညာရှင်များက သူတို့၏ သိုင်းပညာကျင့်ကြံမှုကို တိုးတက်လာစေရန် သေခြင်းရှင်ခြင်းတိုက်ပွဲများကို ဆက်တိုက် တိုက်ခိုက်ကြရသည်။ ထိုအရာများက အလကားပြောနေသော စကားလုံးများတော့ မဟုတ်ပေ။

တာ့လီအင်ပါယာ၏ မင်းသား တစ်ယောက်ဖြစ်သော စုန့်ချန်ကျင့်က ငယ်စဉ်ကတည်းက တပ်ဖွဲ့ထဲကို ဆုံးဖြတ်ချက် ပြတ်သားစွာ ပူးပေါင်း ဝင်ရောက်ခဲ့သည်။ သူက နှစ် (၂၀) နီးပါးခန့် သူ၏တိုက်ခိုက်ရေးမြင်းပေါ်တွင် လှည့်ပတ်သွားလာနေပြီး ခါးသီးသော တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ရသည့်အတွက် သေလုဆဲဆဲ အခြေအနေကိုပင် ရောက်ခဲ့ရသည်။

အဆုံးတွင်တော့ သူက တိုင်းပြည်ထဲတွင် ရှိနေသော အခြားသိုင်းပညာရှင်များ၏ ထိပ်ဆုံးကို ရောက်လာခဲ့ရသည်။ စုန့်ချန်ကျင့်က ထိုစိန်ခေါ်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်မှာလည်း ထိုကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိလာနိုင်သည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

အလွန်ပါးလွှာသော ရွှေရောင်အမျှင်လေးက စုန့်ချန်ကျင့်၏ တံတောင်ဆစ်နှင့် ထိတွေ့လိုက်မိသည့်အချိန်တွင် သူ၏အဖြူရောင်အင်္ကျီက ထောပတ်တုံးတစ်တုံးကဲ့သို့ ချက်ချင်းပြတ်ထွက်သွားခဲ့သည်။ စုန့်ချန်ကျင့်၏အင်္ကျီက တာ့လီအင်ပါယာထဲတွင် ထိပ်တန်းအင်မော်တယ် ရတနာတစ်ခုဖြစ်သော ရေစီးကြောင်းဝတ်စုံဖြစ်သည်။

ထိုအရာက အထက်ဘုံ(၅)ဆင့်တွင် သေဆုံးသွားခဲ့သော တာအိုရေနတ်ဘုရားတစ်ဦး၏ အဖိုးတန်ရတနာလည်း ဖြစ်သည်။ ထိုဝတ်စုံက အထက်ဘုံ (၅)ဆင့်အောက်တွင် ရှိနေသော တိုက်ခိုက်သူများနှင့် အင်မော်တယ်၊ မှော်အစွမ်းများ တိုက်ခိုက်မှုအားလုံးကို ခံနိုင်သည်ဟု ပြောကြသည်။ ယခုတော့ ထိတွေ့၍ ရသော ရွှေရောင်ချည်မျှင်လေးနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် အလွန်ပျက်စီးလွယ်ပြီး အသုံးမဝင်တော့ပေ။

အဖြူရောင်ဝတ်စုံ၏ အကာအကွယ်မရှိစေုန့်ချန်ကျင့်ကတော့ နောက်ပြန်ဆုတ်ရန် လက်မခံသေးပေ။ သူက တစ်စုံတစ်ခုကို စမ်းသပ်ကြည့်ချင်နေခဲ့၏။ ရွှေကိုယ်တော် ရသေ့ကြီးများ၏ ခန္ဓာကိုယ်ကဲ့သို့ အစွမ်းထက်သည်ဟု နာမည်ကျော်ကြားခဲ့သော သူ့ခန္ဓာကိုယ်က ထိုနတ်ဘုရား ဓားမောက်တိုက်ခိုက်မှုကို တားဆီးနိုင်ခြင်းရှိမရှိ သူက သိချင်နေခဲ့သည်။

သူက အဖြေတစ်ခုကို လျင်မြန်စွာ သိခွင့်ရခဲ့၏။ သူ့ခန္ဓာကိုယ်က တားဆီးနိုင်ခဲ့သော်လည်း တစ်စက္ကန့်မျှသာ ဖြစ်သည်။ ထိုသို့ဆိုရာတွင် စုန့်ချန်ကျင့်က နောက်ပြန်ဆုတ်ရန် လက်မခံသေးပေ။ သူက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏မျက်နှာပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။

သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များက လည်ပတ်လာပြီး ထိုစွမ်းအင်များအားလုံးက အေးခဲနေသော ကန်ထဲသို့ စီးဆင်းနေသည့် စမ်းချောင်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ စုန့်ချန်ကျင့်က နောက်ကို မီတာပေါင်းများစွာ လွင့်သွားခဲ့၏။ သူ၏လက်နှစ်ဖက်ပေါ်တွင် အလွန်ပါးလွှာသော ဓားရာလေးတစ်ခု ပေါ်လာပြီး ထိုဒဏ်ရာများမှ သွေးများ စီးလာခြင်း မရှိပေ။

တစ်ချိန်တည်းတွင် ရပ်တန့်၍ မရနိုင်သော ရွှေရောင်ချည်မျှင်လေးက သူ၏အရိုးကို ဖြတ်တောက်ပစ်တော့မည် ဖြစ်၏။ ထိုအခါ ဘေးဘက်မှနေ၍ ရွှေရောင်ချပ်ဝတ် တစ်စုံကို ဝတ်ထားသော တာအိုအဆောင် ရဲမက်တစ်ယောက်က စုန့်ချန်ကျင့်၏ အနားသို့ ရောက်လာပြီး သူ့ကို ဘေးသို့ ကန်ထုတ်လိုက်သည့်အတွက် သူလည်း ဘေးသို့ လွင့်သွားခဲ့သည်။

ထိုအဆောင်ရဲမက်က သူ့နေရာတွင် အစားထိုး ဝင်ရောက်လာခဲ့၏။ သူ၏ချပ်ဝတ်အင်္ကျီပေါ်တွင် မရေမတွက်နိုင်သော ရွှေရောင်အဆောင်များနှင့် တိမ်တိုက်ပုံစံများ ရေးထိုးထားသည်။ ထိုအရာများဆီမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ရွှေရောင်ချည်မျှင်က သူ့ခန္ဓာကိုယ်ကြီးကို ဖျက်ဆီးချင်နေခဲ့သည်။

အကြိမ်ကြိမ် နောက်ဆုတ်သွားနေရသည့်အဆုံးတွင်တော့ အလွန်အစွမ်းထက်သော တာအိုဂိုဏ်းတစ်ခု ဖန်တီးထားသော အဆောင်ရဲမက်က နှစ်ပိုင်းပြတ်သွားခဲ့သည်။ သို့သော် ရွှေရောင်ချည်မျှင်လေးကတော့ အနည်းငယ်သာ မှေးမှိန်သွားခဲ့ပြီး ကျောက်စိမ်းဖြူမြို့တော်ဆီကို ရောက်သွားခဲ့သည်။ ရုပ်သေးအဆောင်ရဲမက်ကတော့ အရှိန်နှင့်မြေပေါ်သို့ လဲကျသွားခဲ့၏ ။

သို့သော် သူ့နောက်တွင် အဝတ်ဖြူဝတ်ထားသော အဘိုးအိုပေါ်လာပြီး ရွှေရောင်ချည်မျှင်လေးကို တားဆီးရန် လက်တစ်ဖက် မြှောက်လိုက်သည်။ အဘိုးအို၏ ခန္ဓာကိုယ်ထဲမှနေ၍ အသက်ကြီးပြီး ပျက်ဆီးနေသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေခဲ့သည်။ သို့သော် သူ၏ရုပ်ရည်ကတော့ လူငယ်များထဲမှ တစ်ယောက်ဖြစ်ကြောင်း သိသာနေခဲ့၏။

သူ့ဆီတွင် အလွန်ထူးဆန်းသော ခံစားမှုတစ်ခု ပေါ်နေခဲ့သည်။ သူကမချိပြုံးပြုံးလိုက်မိပြီး တခြားကုန်းမြေ၏ ဘာသာစကားနှင့် မေးလိုက်သည်။

"အိုက်လျန် …မင်းက အခု ရပ်လို့ရပြီလား"

အိုက်လျန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"လွမ်ချန်းယဲ့လား…။ မင်းက မိုကျောင်းတော် ခေါင်း‌ဆောင်ပြိုင်ပွဲမှာ ရှုံးနိမ့်သွားပြီး မြောက်ဘက်ကို နယ်နှင်ဒဏ် ပေးခံလိုက်ရတာ မဟုတ်ဘူးလား…"

အဘိုးအို၏လက်ထဲမှနေ၍ သွေးများ စီးကျလာခဲ့သည်။ သူက ရွှေရောင်ချည်မျှင်လေးကို တားဆီးရင်း စိတ်ပျက်လက်ပျက် ဖြေလိုက်၏။

"အဲဒါက ပြောရမှာတော့ အရှည်ကြီးပဲ…"

အိုက်လျန်၏ မျက်နှာပေါ်တွင် နားလည်သွားသော အရာတစ်ခု ပေါ်လာခဲ့သည်။ သူက ပြောလိုက်၏။

"အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ကျောက်စိမ်းဖြူမြို့တော်ပုံတူကို ဘယ်သူကတည်ဆောက်နေတာလဲလို့ စဉ်းစားနေတာ။ လက်စသတ်တော့ မင်းဖြစ်နေတာပဲ…"

လွမ်ချန်းယဲ့က ခေတ္တတိတ်ဆိတ်သွားပြီး အသံတိုးတိုးနှင့် ဝန်ခံလိုက်သည်။

"ငါက ဒီကျောင်းဆောင်ကို ဘယ်လိုဆောက်ရမလဲဆိုတဲ့ အကြောင်း ဆရာချီဆီမှာ တစ်ကြိမ် အကြံဉာဏ်တောင်းခဲ့ဖူးတယ်…"

အိုက်လျန်က တိုက်ပွဲထဲသို့ နောက်တစ်ကြိမ် ဝင်လာချင်နေသော စုန့်ချန်ကျင့်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။

သူ့ခေါင်းထဲတွင် တိုက်ပွဲအကြောင်းကို စဉ်းစားမိခဲ့ပြီးနောက် စုန်ချန်ကျင့်က နောက်တစ်ကြိမ် တိုက်ခိုက်ချင်စိတ်ကို လက်လျော့လိုက်သည်။

အိုက်လျန်က မိုအတွေးအခေါ်ဂိုဏ်းမှ အဘိုးအို လွမ်ချန်းယဲ့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ သူ့လက်ထဲတွင် ကိုင်ထားသော မင်္ဂလာအဆောင်ဓားက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ အထူးသဖြင့် သူ၏လှုပ်ရှားမှုများက ပျင်းတိပျင်းရွဲဖြစ်နေသည့်အတွက် အထင်သေးနေကြောင်း သိသာသည်။

သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ သူက အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်း မဟုတ်ပေ။ မဟုတ်လျှင် စုန့်ချန်ကျင့်က သေဆုံးသွားနိုင်သည့်အပြင် လွမ်ချန်းယဲ့ကပင် သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ တခဏအတွင်းပင် ကျောက်စိမ်းဖြူမြို့တော်က ပျက်ဆီးသွားနိုင်၏။ အကယ်၍ ထိုသို့ဖြစ်သွားမည်ဆိုလျှင် တာ့လီအင်ပါယာက နှစ်ပေါင်း (၄ဝ) (၅ဝ)ခန့် နောက်ပြန်ရောက်သွားမည် ဖြစ်သည်။

ပြောရမည်ဆိုလျှင် အိုက်လျန်က ချောက်ကမ်းပါးကျောင်းတော် တည်ထောင်ပြီး တာ့လီအင်ပါယာထဲကို ချီကျင့်ချွန် ပေးထားခဲ့သော အကျိုးကျေးဇူးများအားလုံးကို ပြန်ယူလိုက်သလို ဖြစ်သွားမည် ဖြစ်၏။ သူက တစ်ကြိမ်တည်းနှင့် ထိုအရာအားလုံးကို လုပ်ပစ်နိုင်စွမ်းရှိသည်။

အတွေးအခေါ်ကျောင်းများထဲတွင် မိုအတွေးအခေါ်ဂိုဏ်းက အတော်လေးကို အစွမ်းထက်သော ကျောင်းတစ်ခုဖြစ်သည်။ သူတို့ဆီတွင် ဂိုဏ်းခွဲ (၃)ခုရှိသည်။ ထိုအထဲတွင် တစ်ခုကတော့ ကမ္ဘာကြီးတစ်ခုလုံးကို လှည့်ပတ်သွားလာတတ်သည့် သူများဖြစ်ကြသည်။ ထိုလူအများစုကတော့ ချီကျင့်ကြံသူများဖြစ်ကြပြီး တစ်ချို့ကတော့ ဓားသမားများ ဖြစ်ကြသည်။

တစ်ချိန်တည်းတွင် အိုက်လျန်ကလည်း လောကတစ်ခွင်လုံးကို လှည့်လည်သွားလာနေသော ခရီးသွားတစ်ယောက်ဖြစ်ပြီး ကုန်းမြေတစ်ခွင်ပေါ်တွင် နာမည်ကျော်ကြားသူ ဖြစ်သည်။

သူက လွမ်ချန်းယဲ့နှင့် တစ်ကြိမ်တွေ့ခဲ့ဖူးပြီး ထိုအချိန်တွင် ထိုလူက မိုအတွေးအခေါ်ဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် ခြေနှစ်လှမ်းခန့်သာ လိုတော့သည်။ သူက အိုက်လျန်ကို အတော်လေး ရိုသေလေးစားခဲ့၏။ ထို့ကြောင့် အိုက်လျန်က လွမ်ချန်းယဲ့ကို သိနေသော်လည်း ထိုလူနှင့် ရင်းနှီးနေခြင်းတော့ မရှိပေ။

သို့သော် လွမ်ချန်းယဲ့က ချီကျင့်ချွန်အကြောင်း ပြောလိုက်သည့်အတွက် အိုက်လျန်က နောက်တစ်ကြိမ် မျက်နှာပျက်သွားခဲ့၏။ သူက မင်္ဂလာအဆောင်ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး မိုအတွေး‌အခေါ်ဂိုဏ်းမှ ဖယ်ရှားခံခဲ့ရသော အဘိုးအိုကို ဓားဖြင့် ချိန်လိုက်၏။

သူက ဒေါသတကြီးရယ်ပြီး ပြောလိုက်သည်။

"ချီကျင့်ချွန်က သေသွားပြီ။ ဒါပေမယ့် မင်းက သူ့ကို အကာအကွယ်အဖြစ်သုံးပြီး မင်းတို့တာ့လီအင်ပါယာရဲ့ ကျောက်စိမ်းဖြူမြို့‌တော်ကို ကာကွယ်ချင်နေသေးတာလား။ မင်းတို့က ဘယ်အချိန်တုန်းကများ ငါ့ထက်တောင် ပိုပြီးတော့ အရှက်မဲ့သွားရတာလဲ.."

အသက်ကြီးနေသော အဘိုးအို၏ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းခါ၍ ပြောလိုက်သည်။

"ကျွန်တော်က စီနီယာအိုက်လျန်ကို မယှဉ်နိုင်ပါဘူး။ ဆရာချီက စီနီယာအိုက်လျန်အကြောင်းကို ပြောတဲ့အချိန်မှာ သူကလည်း အခုစီနီယာဖြစ်နေတဲ့ အမူအရာနဲ့ အတူတူပါပဲ…"

လွမ်ချန်းယဲ့၏ ပထမဆုံးစကားကြောင့် အိုက်လျန်က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သို့သော် ဒုတိယစကားကိုတော့ ပြည့်ပြည့်ဝဝ ယုံကြည်မိခဲ့၏။ အိုက်လျန်က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး မင်္ဂလာအဆောင်ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်၏။

သူက အဘိုးအိုကိုကြည့်ပြီး ပြောလိုက်သည်။

"အချိန်ဆွဲချင်နေတဲ့ မင်းရဲ့အစီအစဉ်ကို ငါက မမြင်ဘူးလို့ မထင်နဲ့…"

အိုက်လျန်က သူ၏ဓားကိုပြန်သိမ်းလိုက်ပြီးမှသာ တာ့လီရှင်ဘုရင်က ဆရာကြီးလု၏ အကာအကွယ်နှင့် လွမ်ချန်းယဲ့၏ဘေးတွင် ပေါ်လာခဲ့သည်။ ဘုရင်ကြီးက ရှေ့ကို ထွက်ချင်နေသော်လည်း ဆရာကြီးလုက သူ၏အင်္ကျီလက်ကို ချက်ချင်းဆွဲထားလိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

"ရိုင်းရိုင်းစိုင်းစိုင်းတွေ မလုပ်နဲ့.."

ဘုရင်ကြီးက ခေါင်းခါပြလိုက်၏။ သူက အဘိုးကြီးလက်ကို ခါထုတ်၍ ရှေ့ကို ထွက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် သူက လက်နှစ်ဖက်ဆုပ်ပြီး ပြောလိုက်၏။

"တာ့လီအင်ပါယာက စုန့်ကျန်းချွန်…

စီနီယာအိုက်လျန်ကို အရိုအသေပေးပါတယ်…"

အိုက်လျန်က ရုတ်တရက် အံ့ဩသွားပြီး သူ၏ဓားမောက်ပေါ်သို့ လက်တင်လိုက်သည်။ ထိုအချိန်တွင် လူတိုင်း၏စိတ်ထဲ၌ စိတ်ဓာတ်ကျသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဘုရင်ကြီးက အပြုံးနှင့် မျက်လုံးမှိတ်လိုက်သည်။ သူက သေခြင်းတရားကို စောင့်နေသကဲ့သို့ အလွန်တည်ငြိမ်နေပုံရ၏။

အိုက်လျန်၏နောက်တွင် ရောက်လာသော လူတစ်ယောက်က သူ့ကိုတောင်းပန်လိုက်၏။

"အိုက်လျန် …

မင်း သူ့ကိုသတ်လို့မရဘူး…"

အိုက်လျန်က နောက်သို့ ပြန်လှည့်မကြည့်ဘဲ ဒေါသတကြီး ပြောဆိုလိုက်သည်။ "ခွေးကောင်လေး…

မင်း ငယ်ငယ်ကတည်းက ချီကျင့်ချွန်နဲ့ ‌ပြိုင်ရတာကို သဘောကျတယ် မင်းက သူ့ကိုအနိုင်မရရင်လည်း ကိစ္စမရှိဘူး။ အဲဒါက ဘယ်လောက်တောင် ရှက်စရာကောင်းလဲ။ မင်းကတော့ အခုချိန်ထိ အဆင့်နိမ့်တဲ့ လှည့်ကွက်တွေ လုပ်ချင်နေသေးတာလား။ ငါတို့ရဲ့ ရင်းနှီးမှုတွေကြောင့် ငါက မင်းကို မသေမရှင်ဖြစ်အောင် မလုပ်ဘူးလို့ မင်းက ယုံကြည်နေသေးတာလား.."

အိုက်လျန်၏နောက်တွင် အရပ်ရှည်ရှည်၊ ခါးကုန်းကုန်းနှင့် အဘိုးအိုတစ်ယောက် ရှိနေပြီး သူက အစိမ်းရောင်ဝတ်စုံနှင့် ကျောက်စိမ်းပြားလေးကို ဝတ်ဆင်ထားသည့်အတွက် သူ၏အငွေ့အသက်များနှင့် အခြေအနေက ကောင်းမွန်နေသေးသည်။ သူက လောကကြီးကို လေ့လာရန် လှည့်လည်သွားလာနေသော ကွန်ဖြူးရှပ်စာသင်သားကဲ့သို့ ထင်မှတ်ရ၏။

သူက အလွန်ရှုပ်ထွေးနေသော အမူအရာနှင့် တိုးတိုးလေး ပြောလိုက်သည်။

"အိုက်လျန် …

ချီကျင့်ချွန်က သူ့ရဲ့ဘဝသက်တမ်းတစ်ဝက်နီးပါးကို တာ့လီအင်ပါယာအပေါ် ပေးဆပ်ခဲ့တာ …”

အိုက်လျန်က မျက်နှာပျက်ပျက်နှင့် ပြန်လှည့်ပြီး ပြောလိုက်သည်။

"အဲဒါက အပိုတွေပဲ ချွေးချန်း …။ ချောက်ကမ်းပါးကျောင်းတော်ကတောင် ပြီးဆုံးသွားပြီ။ မင်းက ဒီစကားလုံးမျိုးပြောဖို့ သတ္တိရှိသေးတာလား…"

အဘိုးအို၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာတစ်ခု ရှိနေခဲ့၏။ သူက ခေါင်းမာမာနှင့် ဆက်ပြောလိုက်သည်။

"ငါ ပြောတာတွေက အမှန်တွေပဲ။ ချီကျင့်ချွန်က တာ့လီအင်ပါယာအတွက် မတူညီတဲ့လမ်းကြောင်းတစ်ခုကို ဖောက်ပေးဖို့ ဆန္ဒရှိခဲ့တယ်။ သူက အတော်လေး စိတ်ပျက်သွားခဲ့ပေမယ့် သူ ရွေးချယ်ထားတဲ့ ကလေးတွေအားလုံးက တာ့လီအင်ပါယာ လုံချွမ်တိုင်းပြည်က ကလေးတွေပဲဆိုတာတော့ မင်းလည်း မငြင်းနိုင်ဘူး မဟုတ်လား.."

သူက ခေါင်းငုံ့ပြီး ဆက်ပြောလိုက်သည်။

"အိုက်လျန်…

ငါ ချွေးချန်းက ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းရမယ်လို့ မင်းကိုယ်တိုင် ပြောခဲ့တာပဲလေ…”

“မင်းလို ဉာဏ်ကောင်းတဲ့သူတွေနဲ့ သဘောတရားတွေ ဆွေးနွေးနေမယ့်အစား ငါက လီဟွိုင်လို ကောင်စုတ်လေးနဲ့ ငြင်းခုံနေတာကမှ ပိုကောင်းသေးတယ်…"

အိုက်လျန်က ခနဲ့သလို ပြောလိုက်၏။

သူက ဓားမောက် လက်ကိုင်ကို လွှတ်ပြီး ဆက်ပြောလိုက်သည်။

"အဲဒီအဘိုးကြီးက သူ့ရဲ့အချိန်အတောအတွင်း ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ သူက သူ့ကိုယ်သူ သူတော်ကောင်းသစ်တောထဲမှာပဲ အချုပ်ချနေခဲ့တယ်…”

“သူ့ဘဝက တကယ်ကို အထီးကျန်ပြီး သနား‌စရာကောင်းတဲ့ဘဝမျိုးပဲ။ သူ့ရဲ့ဘဝထဲမှာ အတင်းအဖျင်းတွေ ပြည့်နေတယ်။ သူက ရွှံ့လုံးတွေကို ဂေါ်ပြားနဲ့ သယ်နျေတာတောင် အချိန်တော်တော်လေး ပေးခဲ့ရတယ်။ ဒါပေမယ့် သူ့ဆီကနေ ရလာတဲ့ခံစားမှုကတော့ အေးချမ်းမှုနှင့် သိမ်မွေ့ညင်သာမှုတွေထဲက တစ်ခုတည်း ဖြစ်နိုင်တယ် …”

“သူက အပြင်ဘက်မှာ ရှင်းလင်းနေပြီး အတွင်းထဲမှာ သိမ်မွေ့တယ်။ ချီကျင့်ချွန်နဲ့အတူတူပဲ။ ဒါပေမယ့် မင်း ချွေးချန်းကတော့ သူတို့ကို မယှဉ်နိုင်ပါဘူး။ အဲဒီအချိန်မှာ ချီကျင့်ချွန်က အရမ်းကို ခေါင်းမာခဲ့တယ်။ ဒါပေမယ့် မင်းကတော့ သင်ပေးခဲ့တဲ့အရာအားလုံးကို မြန်မြန်ဆန်ဆန် လက်ခံခဲ့တယ်။ အဆုံးမှာတော့ ဘယ်သူက ဘာဖြစ်သွားလဲ။ ချီကျင့်ချွန်က အဲဒီအဘိုးကြီးတွေနဲ့ တိုက်ခိုက်နိုင်တဲ့အထိ အစွမ်းထက်သွားတာပဲ မဟုတ်လား။ မင်းကတော့ လူမဟုတ် သရဲမဟုတ် အခြေအနေမျိုးကို ရောက်သွားတယ်။ မင်းက ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာ.."

အိုက်လျန်က အပြုံးနှင့် ပြောလိုက်သည်။

"ငါက အဲဒီအဘိုးကြီးတွေဆီမှာ မင်းရဲ့ရည်ရွယ်ချက်တွေက မှန်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ကိစ္စတွေကို လုပ်နေတဲ့ မင်းရဲ့ပုံစံကပဲ မှားနေတာ။ အဆုံးမှာတော့ မင်း ကူးရေးထားတဲ့ စာအုပ်တွေက‌လည်း သေချာရေးထားတယ်လို့ ပြောခဲ့တာပဲ။ အထူးသဖြင့် မှတ်တမ်းဥယျာဉ်လေးဆိုတဲ့ စာအုပ်၊ လေးကမ္ဘာကြီးရဲ့ အခြေအနေဆိုတဲ့ စာအုပ်တွေပဲ။ မင်းက သူ့ကိုသစ္စာဖောက်မယ်ဆိုတာကို သူကြိုသိထားခဲ့တဲ့အတွက် မင်းကို စာအုပ်တွေ ထပ်ပေးဖို့တောင် တောင်းဆိုထားခဲ့တာ…"

ချွေးချန်း၏မျက်လုံးများက နီရဲနေခဲ့သည်။ သူက တုန်လှုပ်နေသောအသံနှင့် ပြောလိုက်၏။

"ဆရာက အမှားလုပ်မိခဲ့တယ်လို့ ခံစားနေရတာလား။ သူက အမြဲတမ်း မှန်မနေဘူးဆိုတာ ဝန်ခံခဲ့တာလား…"

အိုက်လျန်က မျက်လုံးဖွင့်၍ ပြောလိုက်သည်။

"ငါ့ရဲ့အရှက်မရှိတဲ့ပုံစံက ဘယ်နေရာကနေ ရောက်လာခဲ့တာလဲ။ အဲဒီအဘိုးကြီးက မှားတယ်ဆိုတာကို နှုတ်ကနေ ဝန်မခံဘူး။ ဒါပေမယ့် သူ့ရဲ့တပည့်တွေက သူနဲ့သွားအတူ စားအတူ နေထိုင်ခဲ့တယ်။ မင်းတို့တွေက သူပြောတာကို နည်းနည်းလေးတောင် နားမလည်နိုင်ဘူးလား။ ပြောရမယ်ဆိုရင် အခြားသူတွေက အဲဒီအဘိုးကြီးရဲ့ အဆင့်မြင့်စွမ်းရည်တွေ စိန်ခေါ်မှုတွေကို မသိဘူး ။ ဒါပေမယ့် မင်းကရော မသိဘူးလား ..”

“ထားလိုက်ပါတော့လေ။ ငါက မင်းလိုအမှိုက်မျိုးနဲ့ စကားပြောရတာ အချိန်ကုန်တယ်။ အခုပါးစပ်ပိတ်ပြီး ထွက်သွားလိုက်တော့ ။ ငါက မင်းလိုငကြောက်ကို ထပ်ပြီးမမြင်ချင်တော့ဘူး …”

အဘိုးအိုက ဒယိမ်းဒယိုင်နှင့် လှည့်ထွက်သွားခဲ့သည်။ အလွန်ကျယ်ပြန့်ေမြေကွက်လပ်ကြီးထဲတွင် ထူးဆန်းသော ငိုရှိုက်သံတစ်ခုသာ ထွက်ပေါ်လာခဲ့၏။

အိုက်လျန်က ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး လမ်းဘေးတွင် ရှိနေသော အမျိုးသမီးတစ်ယောက်ကဲ့သို့ ပွစိပွစိ ပြောလိုက်သည်။

"ကျုပ်သိတယ်၊ ကျုပ်သိတယ် ၊ ကျုပ်ကိုမြန်မြန်လုပ်ဖို့ ပြောမနေနဲ့ ခင်ဗျားသာ မြန်မြန်လုပ်လိုက်။ ဘာလို့ ခင်ဗျားကလည်း ချွေးချန်းလိုကောင်မျိုးနဲ့ မျိုးရိုးတူရတာလဲ။ ခင်ဗျားမှာ ဒီလောက် အရည်အချင်းရှိတယ်ဆိုရင်လည်း အောက်ကိုဆင်းလာပြီး တိုက်ခိုက်လိုက်လေ လာစမ်းပါ…"

ထိုအရာကြောင့် တခြားသူများက မျက်လုံးပြူးသွားခဲ့သည် ။ သို့သော် ကျိန်ဆဲခြင်းကသပ်သပ် တာဝန်ကို ပြီးဆုံးအောင်လုပ်ခြင်းက သပ်သပ် ဖြစ်သည်။ အိုက်လျန်က ခဏကြာစဉ်းစား၍ သူ၏နောက်တွင် ထည့်ထားသော မင်္ဂလာအဆောင်ဓားကို စုန့်ချန်ကျင့်၏ လက်ထဲကို ပစ်ပေးလိုက်သည်။

သို့သော် သူက ဘုရင်ကြီးကို လှည့်ကြည့်ပြီး ပြောလိုက်၏ ။

"ဒီဓားကို ငါ့ကိုယ်စား လီပေါင်ဖျင်လို့ခေါ်တဲ့ ကလေးမဆီ ပြန်ပေးဖို့ ကူညီပေးပါ။ မင်းက သူ့‌အပေါ် လေးလေးစားစားဆက်ဆံဖို့လည်း မမေ့ပါနဲ့။ သူက ငါ့ရဲ့မိတ်ဆွေပဲ.."

ဘုရင်ကြီးက ခေါင်းညိတ်ပြလိုက်သည်။

"ပြဿနာမရှိပါဘူး …”

“ဟားဟားဟားဟား …သူက မြင်းတစ်ကောင်ကိုစီးပြီး အရက်သောက်တယ်။ ခါးမှာ ဓားမောက်တစ်လက်နဲ့ အရက်ဘူးကို ချိတ်ထားတယ်။ တကယ့်ကိုလှပတဲ့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းမျိုးပဲ။ သူတို့က နောက်ပိုင်း အဲဒီလိုမြင်ကွင်းမျိုးကို မြင်လာကြလိမ့်မယ် …”

စုန့်ချန်ကျင့်က သေးသွယ်သော ဓားမောက်ကို ကိုင်ထားလိုက်သည်။ ထိုအရာက ဓားမောက် ဖြစ်သော်လည်း သမုဒ္ဒရာကြီးကဲ့သို့ ကြီးကျယ်ခမ်းနားသော ဓားချီစွမ်းအင်များဖြင့် ပြည့်နှက်နေ၏။

အိုက်လျန်က ခဏကြာစဉ်းစားလိုက်ပြီး သူ၏အစိမ်းရောင်ဝါးဓားအိမ်ကိုလည်း ဖယ်ရှားရန် ဆုံးဖြတ်လိုက်သည်။ သူက ပျင်းရိငြီးငွေ့စွာ ဖယ်ရှားလိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ မကြာခဏ မော့ကြည့်ပြီး အပြုံးနှင့်‌ ပြောလိုက်သည်။

"ကျုပ်လာပြီ ..၊ ကျုပ်လာပြီ …

ကောင်းကင်ပေါ်ကလူ ဒီမေးခွန်းကို ဖြေပေးစမ်း။ ဗုဒ္ဓလမ်းစဉ်က ပိုပြီးတော့ နားလည်လွယ်တာလား ။ ဒါမှမဟုတ် တာအိုဝါဒက ပိုပြီးတော့ ထူးခြားတာလား ဘယ်စွမ်းအားက ပိုပြီးတော့ကြီးကျယ်တာလဲ ။ ဘယ်သူ့ရဲ့လက်သီးက ပိုပြီးတော့ အစွမ်းထက်တာလဲ…"

ကောင်းကင်ဘုံထက် ကျော်လွန်နေသောအရာများက အမှန်တကယ် ရှိနေခဲ့သည်။ ထိုနေရာတွင် လူတစ်ယောက်ကတော့ ပြုံးနေပြီး ဗုဒ္ဓကျမ်းစာကို ရွတ်ဖတ်နေခဲ့၏။

အိုက်လျန်က အားရပါးရရယ်ပြီး ပြန်ကြေညာလိုက်သည်။

"ဒါဆိုလည်း ကျုပ်က ခင်ဗျားနဲ့တိုက်ခိုက်ပြီးမှပဲ ကျုပ်ကို ဆုံးဖြတ်ခွင့်ပေးလိုက်တော့…"

မည်သူ့ကိုမျှ လုံးဝအညံ့ခံခဲ့ခြင်း မရှိခဲ့သော ထိုလူ၏အငွေ့အသက်များက ကြောက်စရာကောင်းစွာ ထွက်ပေါ်လာခဲ့ပြီး သူက အဆင့် (၁၂)အထွဋ်အထိပ်မှနေ၍ အဆင့်(၁၃)အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် တလက်လက် တောက်ပနေသော အလင်းတိုင်လုံးကြီးကဲ့သို့ ကောင်းကင်ပေါ်ကို ပျံသန်းသွားခဲ့ပြီး ဤကမ္ဘာကြီး၏ ကောင်းကင်ပေါ်၌ လုံးဝခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။

စုန့်ချန်ကျင့်ကတော့ အချိန်တော်တော်ကြာသည့်တိုင်အောင် သူ့အကြည့်ကို ရုပ်သိမ်းနိုင်ခြင်းမရှိခဲ့ပေ။ အဆုံးတွင်တော့ ဘုရင်ကြီး၏နောက်ကျောတွင် ချွေးများစိုရွဲနေကြောင်း တွေ့လိုက်ရ၏။ သူက နောက်တကြိမ် မော့ကြည့်လိုက်မိသည်။ ထိုအချိန်တွင်တော့ ဤကမ္ဘာကြီးထဲ၌ ထိုမျှကြောက်စရာကောင်းသော လူသားများ ရှိနေသေးသည်ကို နားလည်သွားခဲ့လေ၏။

Translated by Hein Htet.

All Chapters