← Chapters

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း (၁၁၈)

Vol. 8 Ch. 118

သွားစားပွဲတောင်၏ အပေါ်ဘက်တွင် …

မူလတုန်းက ခါးတွင် အရက်အိုးများစွာ ချိတ်ထားခဲ့သော လူသန်ကြီးက သွေးအိုင်ထဲတွင် လဲနေပြီး အသက်ကို မျှင်းမျှင်းလေးသာ ရှုနေခဲ့သည်။

အလင်းတန်းက ဖယောင်းတိုင်နီမြို့၏ မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည့်အချိန်တွင် လျှို့ဝှက်တိုက်ခိုက်မှု၌ အနီးဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်သော မိန်းမပျို‌က ခေါင်းအုံးဆက်သွယ်ရေးစခန်းနားတွင် တိုက်ခိုက်ချင်ခဲ့သည်။ သို့သော် သူမက အချိန်မီတုံ့ပြန်နိုင်ခြင်း မရှိသည်မှာ ရှက်စရာကောင်း၏။

တိတိကျကျ ပြောရမည်ဆိုလျှင် ထိုအလင်းတန်း ပေါ်လာသည်နှင့် သူမ၏ တိုက်ခိုက်ချင်စိတ်များက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရခြင်းဖြစ်သည်။ သူမက အချိန်မရခဲ့သလို ထိုအလင်းတန်းကို တားဆီးရန် အရည်အချင်းလည်း မရှိခဲ့ချေ။ အမှန်အတိုင်း ပြောရလျှင် သူမက ရှေ့ကိုသွားရန် သတ္တိမရှိခဲ့ချေ။

ထိုအရာကလည်း အလွန်ရိုးရှင်းနိုင်၏။ မူလတုန်းက သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အမျိုးသမီး၏ တာအိုနှလုံးသားပေါ်တွင် ဖုန်မှုန့်အလွှာတစ်ခု ပေါ်လာခဲ့သည်။ ထိုအချိန်တွင် သူမကတော့ ဝမ်းနည်းမှုများကြောင့် အရက်ကိုသာ သောက်နေခဲ့၏။

အိုက်လျန်ကို တားဆီးရန် ပထမအဆုံး ထွက်လာခဲ့သည့်လူကတော့ သွားစားပွဲတောင်ပေါ်တွင် တောင်တန်းသခင်ဝေ့ပိုကို ခြိမ်းခြောက်နေခဲ့သော လူသန်ကြီးသာ ဖြစ်သည်။ သူကတော့ အလင်းတန်းဆီကို ဆုံးဖြတ်ချက် ပြတ်သားစွာ ပျံသန်းသွားခဲ့ပြီး မြေပေါ်သို့ ပြုတ်ကျလာခဲ့ခြင်းဖြစ်၏။

ဝေ့ပိုက သူ့အနားတွင် ထိုင်ချလိုက်ပြီး ရင်ဘတ်ပေါ်သို့ လက်တင်၍ သူ၏နှလုံးသားကို ကာကွယ်ပေးနေခဲ့သည်။ ထို့ကြောင့် အလွန်သတ္တိရှိသော်လည်း သနားစရာကောင်းသော လူသန်ကြီးက ဖရိုဖရဲဖြစ်နေသော အငွေ့အသက်များကြောင့် သေဆုံးသွားခြင်းကို ကာကွယ်ပေးနိုင်ခဲ့၏။

သာမန်ပုံစံရှိသော လူငယ်လေးတစ်ယောက်က ဝေ့ပို၏အနားသို့ လျင်မြန်စွာ ရောက်လာပြီး အနီရင့်ရောင်ဆေးလုံးတစ်လုံးကို သွေးများစိုရွှဲနေသော သူ့လက်အောက်ငယ်သား၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သူက လူသန်ကြီး၏ လက်ကောက်ဝတ်ကိုကိုင်ပြီး သွေးခုန်နှုန်းကို ခဏကြာ စမ်းသပ်ကြည့်နေခဲ့၏။

သွေးခုန်နှုန်း တည်ငြိမ်သွားသည့် အချိန်မှသာ သူလည်း တိုးတိုးလေး သက်ပြင်းချမိလိုက်သည်။ သူက တောင်တန်းသခင်ကို လှည့်ကြည့်ပြီး ပြောလိုက်၏။

“ဝေ့ပို …

မင်းက အဘိုးကြီးလျှိုရဲ့ အသက်ကို ကယ်တင်ခဲ့တယ်။ ငါက ဒီလုပ်ရပ်ကို သေချာပေါက် မှတ်ထားမှာပါ။ ဒါပေမဲ့ တာ့လီနန်းတွင်းက မင်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ ငါလည်း မပြောတတ်ဘူး။ ငါက နတ်ဘုရား ရွေးချယ်မှုနဲ့ပတ်သက်ပြီး ပြောပေးလို့လည်း မသင့်တော်ဘူး။ တကယ်လို့ ငါ ပြောပေးလိုက်မယ်ဆိုရင် ဘုရင်ကြီးရဲ့ဒေါသကို ဆွလိုက်သလိုပဲ ‌ဖြစ်နေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းနဲ့ သွားစားပွဲတောင်အပေါ် အကြွေးတစ်ခု တင်နေတယ်..”

ဝေ့ပိုက ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။

“ဒါက ကိစ္စမရှိပါဘူး…”

သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်ကျမှသာ အငွေ့အသက်များ ထိန်းချုပ်ထားသော လူငယ်က တာ့လီမြို့တော်၏ တံခါးစောင့်များထဲတွင် ထိပ်တန်းဓားသမား‌ တစ်ယောက်အဖြစ် သတ်မှတ်ထားသော်လည်း သူ့ဓားနှင့် တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း နားလည်သွားခဲ့သည်။ ထိုအစား သူ့ဓားကို နောက်ကျောတွင်သာ ထိုးထားခဲ့သည်။

ဝေ့ပိုက ခဏကြာတွေဝေနေပြီးနောက် စိတ်ဝင်စားမှုကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။

“မင်းက ဖယောင်းတိုင်နီမြို့ကို ရောက်နေပြီလေ။ ဒါဆိုရင် ဘာလို့ဓားမောက် ကိုင်ထားတဲ့ အိုက်လျန်ကို ရှေ့ထွက်ပြီး မတားဆီးခဲ့ရတာလဲ…”

လူငယ်ဓားသမားက ဒဏ်ရာရနေသောလူကို နောက်ကျောတွင် သေချာသယ်လိုက်သည်။ သူက မတ်တပ်ရပ်လိုက်ပြီးနောက် အပြုံးနှင့် ပြောလိုက်၏။

“ဓားမောက်ကိုင်ထားတဲ့လူလား။ မဟုတ်ဘူး... သူက ဓားသမားတစ်ယောက်ပဲ။ ငါ့စိတ်ထဲမှာတော့ သူက ဒီလောကကြီးထဲမှာ အလွတ်လပ်ဆုံး ဓားသမား တစ်ယောက်ပဲ။ အမှန်အတိုင်းပြောရရင် ငါ ငယ်ငယ်ကတည်းက ဓားပညာကို ရွေးချယ်ခဲ့တယ်ဆိုတာကလည်း သူ့ကို လေးစားမှုကြောင့်ပဲ…”

ဝေ့ပိုက ပြောစရာစကားလုံး မရှိတော့ချေ။

လူငယ်ဓားသမား၏ မျက်နှာပေါ်၌ ရှားရှားပါးပါးအပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက သူ၏လက်အောက်ငယ်သားနှင့်အတူ ထွက်သွားရန် ပြင်ဆင်ခဲ့သော်လည်း လူတစ်ယောက်နှင့် စကားပြောချင်နေသေးသည်။

သူက ထိုနေရာတွင်‌ရပ်ပြီး အလင်းရောင်မှိန်မှိန် ထွက်ပေါ်လာနေသော ဖယောင်းတိုင်နီမြို့ကို ငေးကြည့်၍ အသံတိုးတိုးနှင့် ပြောလိုက်၏။

“အရင်တုန်းက ငါ နေခဲ့ဖူးတဲ့ ကုန်းမြေကြီးနဲ့ ယှဉ်လိုက်မယ်‌ဆိုရင် အရှေ့ပိုင်းကုန်းမြေကြီးက လောကကြီးရဲ့ တခြားအရာတွေနဲ့ ပြတ်တောက်နေတဲ့ နေရာငယ်လေးတစ်ခုလို့ သတ်မှတ်နိုင်တယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး ခေါင်းစဉ်တွေကိုလည်း ဘာအကျိုးဆက်မှ စဉ်းစားနေစရာမလိုဘဲ ဆွေးနွေးလို့ရတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းကိုဇာတ်လမ်းတစ်ပုဒ် ပြောပြလို့လည်း ရတာပေါ့။ မင်းက ကွန်ဖြူးရှပ်ဂိုဏ်းတွေရဲ့ ကျောင်း(၃)ကျောင်းကို သိတယ်မဟုတ်လား။ အဲဒီလူက ချီကျင့်ချွန် ဆရာရဲ့ ဆက်ဆံမှုကို ဒေါသထွက်ခဲ့တဲ့အတွက် သူ့ရဲ့ဓားကိုကိုင်ပြီး တခြားကျောင်း(၂)ခုဆီကို အတင်းအကြပ်ဝင်သွားပြီး ပြသနာရှာခဲ့တယ်…”

“အိုက်လျန်ရဲ့ နာမည်ကျော်စကားလုံးတွေကို ငါတို့က အခုထိ မှတ်မိနေသေးတယ်။ 'မင်းတို့တွေကတော့ မတတ်နိုင်ပေမဲ့ ငါ အိုက်လျန်ကတော့ ကုန်းမြေကြီးတွေကို လှည့်ပတ်သွားနေတဲ့အချိန် ခေါင်းဆောင်တွေ၊ အကြီးအကဲတွေကိုပဲ တိုက်ခိုက်ချင်တယ်။ အားနည်းသူတွေ၊ လူငယ်တွေကိုတော့ မတိုက်ခိုက်ချင်ဘူး' ဆိုတဲ့စကားပဲ…”

“ဒါပေမဲ့ အိုက်လျန်က သူ့ကို နှောင့်ယှက်တဲ့သူ ဒါမှမဟုတ် သူ့ရဲ့လမ်းကြောင်းကို ပိတ်ထားတဲ့သူမျိုးကိုတော့ သူတို့ရဲ့သက်ရှည်တံတားကို ချက်ချင်း ဖျက်ဆီးပစ်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူး။ မင်း သိလား ။ သူက ဘယ်သူ့ကိုမှ သနားငဲ့ညှာနေခဲ့တာ မရှိဘူး။ အဲဒီအတွက်ကြောင့် တစ်ဖက်လူက ဘယ်လောက်ပဲအဆင့်မြင့်မြင့်၊ ဘယ်လောက်ပဲ ရာထူးကြီးကြီး ဘာများအသုံးဝင်ဦးမှာလဲ…”

“ဒါပေမဲ့ အဲဒီအရာ(၂)ခုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ ကွန်ဖြူးရှပ်ပညာရှင်တွေကတော့ ပြောင်းပြန်သတ်မှတ်ထားကြတယ်။ ဒါကြောင့် ဒီကိစ္စကို ဘယ်သူကမှ အလေးအနက် မပြောရဲကြဘူး…”

ဝေ့ပိုက ထိုစကားကို နားထောင်နေရင်း ပြောလိုက်သည်။

“စီနီယာအိုက်လျန်က ဒီလောက်တောင်ကြောက်စရာကောင်းတာလား။ ဒါဆိုရင် သူက သူတော်စင်တစ်ယောက်လား…”

သူက အံ့ဩတုန်ရီနေသောအသံနှင့် မေးလိုက်သည်။

ဓားသမားလူငယ်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားနေသော အမူအရာတစ်ခု ပြည့်နှက်လာပြီး အပြုံးနှင့် ပြောလိုက်၏။

“သူ့ရဲ့အပြုအမူကြောင့် ကွန်ဖြူးရှပ်ကျောင်းဆောင်ရဲ့အလယ်နေရာကို ရထားတဲ့ သူတော်စင်(၃)ယောက်ထဲက တစ်ယောက်ရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတယ်။ အဲဒီသူတော်စင်က ကောင်းကင်ပေါ်ကနေ တိတ်တဆိတ် ဆင်းသက်လာပြီး အိုက်လျန်ရဲ့ရှေ့မှာရပ်‌ခဲ့တယ်။ အဲဒီတိုက်ပွဲပြီးသွားတဲ့အချိန်မှာ အိုက်လျန်က နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘယ်သူနိုင်သွားလဲဆိုတာတော့ တစ်ယောက်မှ မသိကြဘူး။ အစွမ်းထက်တဲ့သူတော်စင်ကလည်း ကျွန်းငယ်လေးတစ်ကျွန်းထဲမှာ တစ်ယောက်တည်း နေသွားခဲ့တယ်ဆိုတာပဲ သိခဲ့ရတယ်…”

“သူတို့က ကျားကစားခုံတစ်ခုအပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ ကြားတယ်။ သူတို့က စာအုပ်တစ်အုပ်အပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့လည်း တချို့လူတွေက ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့တိုက်ပွဲအသေးစိတ်ကို လူတစ်ယောက်မှ မသိကြဘူး..”

“အဲဒီနောက်မှာတော့ အိုက်လျန်က ကွန်ဖြူးရှပ်ကျောင်းတော်ကနေ ထွက်သွားခဲ့တယ်။ ကုန်းမြေကြီးတစ်ခုကို ဖြတ်ကျော်ပြီး ကျောက်စက်ပန်းဆွဲတောင်တန်းကို ဖြတ်ကျော်ပြီးတဲ့ နောက်ဆုံးမှာတော့ သူက တခြားကမ္ဘာကြီးရဲ့ ဓားချီစွမ်းအင် မဟာတံတိုင်းကို ရောက်လာခဲ့တယ်…”

“ကျောက်စက်ပန်းဆွဲတောင်တန်းကတော့ ဒီကမ္ဘာကြီးထဲမှာ ‌တာအိုသူတော်စင်တွေ ကိုယ်တိုင်တည်ဆောက်ထားခဲ့တဲ့ လွင့်မျောကျွန်းတစ်ခုပဲ။ အဲဒီအရာက ကွန်ဖြူးရှပ်တပည့်တွေအတွက် တားမြစ်နယ်မြေတစ်ခုလို့လည်း သတ်မှတ်နိုင်တယ်။ ဒါကြောင့် ဒီကမ္ဘာကြီးကို အံ့ဩမှင်တက်စေနိုင်တဲ့ သတင်းအချက်အလက်တွေကလည်း လုံးဝကိုပြတ်တောက်သွားခဲ့ရတယ်…”

ဝေ့ပိုက မှင်တက်နေခဲ့ပြီး သူက ကောင်းကင်ဘုံ စာအုပ်တစ်အုပ်ကို နားထောင်နေရသလို ခံစားနေရသည်။

သိုင်းပညာရှင်များ၏ ကမ္ဘာကြီးထဲတွင် အလွန်နာမည်ကျော်ကြားသော ဆိုရိုးစကားတစ်ခု ရှိသည်။ မကျင့်ကြံသောသူများက ကျင့်ကြံသူများနှင့် အင်မော်တယ်များ၏ ကမ္ဘာကြီးကို နားမလည်နိုင်ကြပေ။

သို့သော် ကျင့်ကြံသူများ၏ ကမ္ဘာကြီးထဲတွင်လည်း နာမည်ကျော် ဆိုရိုးစကားတစ်ခု ရှိခဲ့၏။ ကျင့်ကြံသူများက သူတို့မမြင်ရသော ကောင်းကင်ဘုံထက်ပင် ကျော်လွန်သွားနိုင်ချေရှိသည်။

ဓားသမားက ဒဏ္ဍာရီအဖြစ်အပျက်များ ပြည့်နှက်နေသော အရာများကို ဆက်၍ စကားပြောချင်နေသော်လည်း သူကတော့ အရာအားလုံးကို ထိန်းချုပ်ထားရန် ဆုံးဖြတ်လိုက်သည်။

“မင်းရဲ့ကိစ္စကို ငါဝင်ပြီး ရှုပ်ဖို့ မသင့်တော်ဘူး။ ဒါပေမဲ့ အဲဒီမိန်းကလေးကို သေချာလေ့ကျင့်ပေးဖို့ ထာဝရနွေဦးနန်းတော်ကို တောင်းဆိုပေးမယ်။ တစ်ခုပဲ... မင်းက ဒီအကြံကို မဆန့်ကျင်ဖို့တော့ မျှော်လင့်ပါတယ်…”

ဝေ့ပိုက‌ အပြုံးနှင့် ပြောလိုက်၏။

“ငါက အခြေအနေ ကောင်းမကောင်းကိုမသိတဲ့ အရူးတစ်ယောက် မဟုတ်ဘူး…”

“ကျေးဇူးတင်ပါတယ်…”

ဓားသမားက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

သူက အထွေထွေရေးရာဌာန၏ လျှို့ဝှက်မှတ်တမ်းများထဲတွင် အလွန်ပြဿနာများသည်ဟု ဖော်ပြခဲ့ဖူးသော တောင်တန်းသခင်ကို လှည့်ကြည့်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

“ဒါဆိုရင် ငါက မြို့ငယ်လေးကိုသွားပြီး သူ့ကို သတိပေးလိုက်မယ်။ သူတို့က မြို့တော်ကို သွားတဲ့အချိန်ကျရင် သွားစားပွဲတောင်ပေါ်ကို ခြေလျင်ဖြတ်သွားဖို့ပဲ ပြောလိုက်မယ်။ နောက်မှပဲ လေထဲကနေ ပျံသန်းသွားခိုင်းလိုက်တာပေါ့…”

ဝေ့ပို၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ခေါင်းငုံ့ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“ငါ့မှာ ပြန်ပေးနိုင်တဲ့အရာ ဘာမှမရှိဘူး။ ဒါကြောင့် ငါက ကျေးဇူးတင်ပါတယ်လို့ပဲ နောက်တစ်ကြိမ် ပြောနိုင်တော့တယ်…”

တခြားကုန်းမြေကြီးမှ ဓားသမားလူငယ်က အသံတိုးတိုးနှင့် မေးလိုက်၏။

“နဂိုတုန်းကတော့ အထွေထွေရေးရာဌာနရဲ့ မှတ်တမ်းတွေထဲက အချက်အလက်တွေကို ငါ လုံးဝမယုံခဲ့ဘူး။ ဒါပေမဲ့ မင်းကို တွေ့လိုက်ရတဲ့အချိန်မှာ ငါက အဲဒီအရာတွေကို ယုံကြည်လာရတာပဲ။ ဝေ့ပို... မင်းက သူ့အတွက်နဲ့ နှစ်ပေါင်းများစွာ နတ်ဘုရားခန္ဓာကိုယ် ဖန်တီးဖို့ကို အချိန်ဆွဲထားခဲ့တယ်။ မင်းက ဒါကို တကယ်ပဲ ဆက်ပြီးတော့ မလုပ်တော့ဘူးလား…”

ဝေ့ပိုက ခေါင်းခါပြီး ပြောလိုက်သည်။

“ငါက ဒီလမ်းကြောင်းကို ရွေးချယ်ထားမှတော့ အခုအချိန်ကျမှ စွန့်ပစ်လိုက်ဖို့လည်း အကြောင်းပြချက် မရှိတော့ဘူး…”

ဓားသမားက ခေါင်းခါပြီး ပြောလိုက်သည်။

“ငါကတော့ မင်းကို နားမလည်နိုင်တော့ဘူး…”

ဝေ့ပိုက ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး ခက်ခက်ခဲခဲ အမူအရာနှင့် မေးလိုက်သည်။

“ငါက စီနီယာအိုက်လျန်ကို ကတိတစ်ခု ပေးထားခဲ့တယ်။ ဒါကြောင့် နောက်ပိုင်း လုံချွမ်တိုင်းပြည်ထဲမှာရှိတဲ့ လော်ပိုတောင်ကို သွားဖို့ စီစဉ်ထားတယ်။ ငါက တောင်ပေါ်မှာရှိတဲ့ အနက်ရောင်စပါးအုံးမြွေကိုလည်း ငါနဲ့အတူ ခေါ်သွားရလိမ့်မယ်။ ငါက အထွေထွေရေးရာဌာနရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး ငါ့ရဲ့အစီအစဉ်တွေကို အရာရှိတွေဆီမှာ သတင်းပို့နိုင်ပေမဲ့ သူတို့က ငါ့ရဲ့တောင်းဆိုမှုကို ငြင်းဆန်မယ်ဆိုရင်တောင် ငါကတော့ လော်ပိုတောင်ကို သွားရလိမ့်မယ်။ မင်းက ငါ့ရဲ့ကိုယ်စား လုံချွမ်တိုင်းပြည်ရဲ့နယ်မြေအရာရှိကို သတင်း‌ပို့ပေးဖို့ မျှော်လင့်ပါတယ်။ အဲဒါဖြစ်နိုင်ပါ့မလား…”

“ပြဿနာမရှိပါဘူး။ ပြောမနေပါနဲ့…”

ဓားသမားက အပြုံးနှင့် ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့လုပ်ရပ်တွေက တာ့လီအင်ပါယာနဲ့ ဆက်ဆံရေးကို ပြင်ဆင်ဖို့ ကြိုးစားနေတာပဲ။ ဒါက ကောင်းတဲ့အရာတစ်ခုဆိုမှတော့ မင်းက စိတ်အေးလက်အေး နေလို့ရတယ်။ တာ့လီအင်ပါယာရဲ့ စုန့်မျိုးနွယ် ဘုရင်တွေအားလုံးက အရမ်းကို ကြောက်စရာကောင်းပြီး ရည်မှန်းချက်ကြီးတဲ့သူတွေ ဖြစ်ကြပေမဲ့ တကယ်လို့ မင်းကသာ သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တယ်ဆိုရင် စကားပြောရတာ အရမ်းလွယ်ကူပါတယ်။ မဟုတ်ရင် ဦးလေးလွမ်နဲ့ ငါက တာ့လီအင်ပါယာထဲမှာ နှစ်ပေါင်းများစွာနေမှာ မဟုတ်ဘူး…”

"စီနီယာအိုက်လျန်က ဒီလောက်ကြောက်စရာကောင်းတဲ့အရှိန်နဲ့ မြောက်ဘက်ကို ပျံသန်းသွားခဲ့တယ်။ သူက တာ့လီအင်ပါယာကို ပြဿနာရှာမှာ မဟုတ်လား…”

ဝေ့ပိုက ရုတ်တရက် မေးလိုက်သည်။

ဓားသမားက ခေါင်းညိတ်ပြီး မချိပြုံး ပြုံးလိုက်မိ၏။

“တကယ်ကြီးတဲ့ ပြဿနာကြီးပဲ…”

ဝေ့ပိုက မှင်တက်သွားခဲ့သည်။

“မင်းပြောတဲ့စကားတွေအရ စီနီယာအိုက်လျန်က ကျောက်စက်ပန်းဆွဲတောင်တန်းကို မသွားခင် အချိန်ကတောင် ထိပ်တန်း ကွန်ဖြူးရှပ် သူတော်စင်(၃)ယောက်ထဲက တစ်ယောက်ကို စိန်ခေါ်နိုင်နေပြီ။ ဒီလိုဆိုရင် အခုသူသာ ပြဿနာသွားရှာမယ်ဆိုရင် တာ့လီအင်ပါယာက အရှေ့ပိုင်းကုန်းမြေကြီးရဲ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားရမှာလား…”

ဓားသမားက ခဏကြာစဉ်းစားပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

“တကယ်လို့ ငါသာဆိုရင် တာ့လီအင်ပါယာက ဒီလောကကြီးထဲကနေ အမှန်တကယ် ပျောက်ကွယ်သွားပြီ…”

ဝေ့ပို၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ပြောလိုက်၏။

“ဒါဆိုရင် အဲဒီအရာက မင်း သူ့ကိုထွက်ပြီး မတားခဲ့တဲ့ အစစ်အမှန် အကြောင်းပြချက်လား။ ဒီတိုက်ပွဲပြီးသွားရင် တာ့လီအင်ပါယာက လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)လောက် နောက်ပြန်ရောက်သွားမှာလား။ ဒါကြောင့် မင်းက လေ့ကျင့်ဖို့အတွက် ပိုကောင်းတဲ့နေရာတစ်ခုကို ရှာချင်နေတာလား…”

ဓားသမားလူငယ်က အတော်လေး ပွင့်လင်းသော ပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက သူ၏အားနည်းချက်ကို တောင်တန်းသခင်ဆီတွင် ပြသရန် အလေးမထားခဲ့ပေ။

သူက ခေါင်းခါပြီးရှင်းပြလိုက်၏။

“အဲဒါက မင်းထင်ထားသလို မဟုတ်ဘူး။ ငါက အိုက်လျန်မဟုတ်ဘူးဆိုတာ မင်းက နားလည်တာပဲ။ ငါက ဘဝတလျှောက်လုံး အိုက်လျန်လို ဓားသမားတစ်ယောက်လည်း လုံးဝဖြစ်မလာနိုင်တော့ဘူး။ အိုက်လျန်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက တခြားသူတွေနဲ့ အမြဲတမ်းကွဲပြားတယ်။ အရမ်းလည်း ထူးဆန်းတယ်…”

“သာမန်ကျင့်ကြံသူတွေရဲ့မျက်လုံးထဲမှာ အစွမ်းထက်တဲ့ အင်မော်တယ်ဂိုဏ်းတွေအားလုံးက အိုက်လျန်နဲ့ ရင်ဆိုင်လိုက်မိပြီး သူ့ရဲ့အဆင့်အတန်းကို သိသွားကြရင် အရမ်းကြောက်လန့်သွားကြတယ်။ သူတို့က သူ့ရဲ့ဒေါသကို ရင်ဆိုင်ရတော့မယ်လို့လည်း တွေးထားကြတယ်…”

“ဒါပေမဲ့ အိုက်လျန်က သူတို့နဲ့ ဘယ်တော့မှ ပြဿနာ ကြီးကြီးမားမားမဖြစ်ခဲ့ဘူး။ အဲဒီအစား သူတို့ကို သင်ခန်းစာနည်းနည်းပေးပြီး လွှတ်ပေးလိုက်တာပဲ။ သူက လှပတဲ့ကောင်းကင် မိန်းမပျိုလေးတွေကို စနောက်ရတာ သဘောကျတယ်လို့ နာမည်ကြီးတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စီနီယာကိုမေးဖို့ အခွင့်အရေး လုံးဝမရခဲ့ဘူး။ နောက်ပိုင်းမှာလည်း ငါက သူ့ကို ဒီကိစ္စမေးဖို့အတွက် အခွင့်အရေးရဖို့ မဖြစ်နိုင်သလောက်ပဲ….”

ဓားသမား၏မျက်လုံးများက နီရဲ‌နေပြီး အဝေးကို ငေးကြည့်နေမိခဲ့သည်။ တာ့လီဘုရင်ကြီးကို တစ်စိတ်တစ်ပိုင်း ကူညီပေးခဲ့သော သူကလည်း အိုက်လျန်ကဲ့သို့ ဓားသမားတစ်‌ယောက် ဖြစ်လာရန် မျှော်လင့်နေခဲ့၏။ ထိုအရာက သူ မည်သူ့ကိုမျှမပြောခဲ့သောအရာတစ်ခု‌ ဖြစ်သည်။

ဖယောင်းတိုင်နီမြို့တွင် အိုက်လျန်က သူ့ကို လာရောက်ရှာဖွေပြီး သူ့ဆီတွင် မေးခွန်းတချို့ မေးခဲ့သည်။ တာ့လီအင်ပါယာက မည်ကဲ့သို့သော တိုင်းပြည်မျိုး ဖြစ်နေသနည်း။ တာ့လီအင်ပါယာ၏ ရှင်ဘုရင်ကရော မည်ကဲ့သို့သော ဘုရင်မျိုး ဖြစ်နေသနည်း။ ချီကျင့်ချွန်က ချောက်ကမ်းပါးကျောင်းတော်နှင့် လီကျူးသုခဘုံထဲတွင် နှစ်ပေါင်းများစွာ မည်သည့်အရာများ လုပ်ဆောင်နေခဲ့သနည်း။ ထိုကိစ္စက ကြီးကြီးသေးသေး သူက အရာအားလုံးကို သိချင်နေခဲ့သည်။

သူတို့နှစ်ယောက်က ဖယောင်းတိုင်နီမြို့၏ သာမန်စားသောက်ဆိုင်လေးတစ်ခုတွင် ထိုင်ပြီး အရက်သောက်၍ စကားပြောနေခဲ့သည်။ အဆုံးတွင်တော့ အလွန်အမင်းကို စိတ်လှုပ်ရှားနေသော ဓားသမားက အိုက်လျန်၏မေးခွန်းများကို အလေးထား ဖြေကြားနေခဲ့ပြီး အိုက်လျန် ထွက်သွားသည့်အချိန်မှသာ သူမေးချင်သော မေးခွန်းများ မမေးခဲ့ရကြောင်း အမှတ်ရသွားခဲ့သည်။

သူက ခေါင်းထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထား‌ခဲ့သော မေးခွန်းများကိုလည်း မမေးနိုင်ခဲ့ပေ။ ဥပမာအနေနှင့် ပြောရလျှင် အိုက်လျန်က မည်မျှအစွမ်းထက်သော ဓားသမားတစ်ယောက် ဖြစ်နေသနည်း။ သူတို့ကို တခြားကမ္ဘာမှ နတ်ဆိုးမျိုးနွယ်စု တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် သူက မဟာတံတိုင်းပေါ်တွင် မည်သည့်စကားလုံးကို ရေးထိုးထားခဲ့သနည်း။ တစ်ဖက်ခြမ်းတွင် သူ၏နှလုံးသားကို လှုပ်ရှားသွားစေနိုင်သော နတ်ဆိုးမိန်းမလှလေးများ ရှိနေသေး‌သလော။

အဆုံးတွင်တော့ ဓားသမားက တစ်ယောက်တည်းစဉ်းစားပြီး သူ့ကိုယ်သူ နှစ်သိမ့်ခဲ့ရသည်။ ဤကမ္ဘာကြီးထဲတွင် အိုက်လျန်နှင့် အရက်သောက်ပြီး စကားပြောနိုင်သည့်လူ ဘယ်နှစ်ယောက်ရှိခဲ့သနည်း။ ထိုအရာကို စဉ်းစားမိလိုက်သည့် အချိန်တိုင်း နာမည်ကျော်ဓားသမားကတော့ အတော်လေးဝမ်းသာသွားသလို ခံစားခဲ့ရ၏။

သူက ပြန်လှည့်လာပြီး ထွက်သွားတော့မည့်အချိန်တွင် ဝေ့ပိုက ရုတ်တရက် ပြောလိုက်သည်။

“ငါ ဝေ့ပိုက စီနီယာအိုက်လျန်ရဲ့ဝါးဓားမောက် တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတောင် အသက်ရှင်ခဲ့တယ်။ ဒါက တော်တော်အံ့ဩစရာ ကောင်းတဲ့အရာတစ်ခုလို့ သတ်မှတ်နိုင်တယ် မဟုတ်လား။ စီနီယာအိုက်လျန်က စွမ်းအားကို ထိန်းထားတာ မထိန်းထားတာကိုတော့ ငါ ဂရုမစိုက်ဘူး။ မဟုတ်ဘူး.. ငါတို့က အခွင့်အရေးရမယ်ဆိုရင် အတူတူအရက်သောက်လို့ရတယ်။ အဲဒါဆိုရင် ငါက အခြေအနေတွေအားလုံးကို ပြောပြပေးနိုင်တယ်။ အဲဒါက တော်တော်လေးကို အံ့ဩစရာကောင်းတဲ့‌ တိုက်ပွဲတစ်ခုပဲ …”

ဓားသမားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လေထဲသို့ ချက်ချင်းပျံသန်းသွားခဲ့သည်။

ဝေ့ပိုကတော့ လက်တစ်ဖက် မြှောက်လိုက်ပြီး လေထဲတွင် လက်ပြလိုက်၏။ ထိုစဉ် သူ့မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားပြီး သူက ညအချိန်တွင် ဖယောင်းတိုင်ထွန်းထားသကဲ့သို့ ဖြစ်နေသော ဖယောင်းတိုင်နီမြို့လေးကို ငေးကြည့်နေမိခဲ့၏။ သူက စကားမပြောတော့ဘဲ တစ်ယောက်တည်း တွေဝေမိန်းမောနေခဲ့သည်။

တစ်ချိန်တုန်းက နတ်ဘုရားရေတိုင်းပြည်၏ မြောက်ပိုင်းတောင်တန်းနတ်ဘုရား ဖြစ်ခဲ့ဖူးသည့်အချိန်တွင်လည်း သူက အဝေးတွင် ရှိနေသော မြို့ငယ်လေးကို ထိုကဲ့သို့ ငေးကြည့်နေခဲ့ဖူးသည်။ သူက ထိုနေရာတွင် တစ်ရက်နီးပါးခန့် စိုက်ကြည့်နေနိုင်သလို နှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်း(၁၀၀၀)ခန့်လည်း စိုက်ကြည့်နေနိုင်သည်။

သူက သူမက နောက်တစ်ကြိမ် မွေးဖွားလာသော လှုပ်ရှားတည်ငြိမ်မြစ်ထဲမှ ရေလက်ကြားကို အကြိမ်ကြိမ်ကြည့်နေခဲ့ပြီး ထိုမိန်းမလှလေးက တဖြည်းဖြည်း အရွယ်ရောက်၍ အသက်ကြီးသွားသည့်အချိန်ကိုကြည့်နေခဲ့သည်။ သို့သော် သူမက သူနှင့်အတူရှိခဲ့ဖူးသော မိန်းကလေး မဟုတ်တော့သည့် အကြောင်းကိုတော့ ဝန်မခံချင်ခဲ့ပေ။

……………..

တာ့လီအင်ပါယာ၏ မြို့တော်ထဲတွင် ဖုံးကွယ်ထားသော ဝင်္ကပါကို ဆုံးရှုံးသွားခဲ့ရသည့် ကျောက်စိမ်းဖြူ‌မြို့တော်က ပတ်ပတ်လည်တွင် ထင်ထင်ရှားရှားကြီး ပေါ်နေခဲ့သည်။ ထိုအရာက ပျက်စီးလုဆဲဆဲ အခြေအနေမှ လွတ်မြောက်သွားသည်ဟုပင် ဆိုနိုင်၏။ သို့သော် အလင်းတန်းက လောကကြီး၏အတားအဆီးကို ထိုးဖောက်သွားသည့် အချိန်တွင် မြို့တော်၏ အကာအကွယ်မှော်အစွမ်းကလည်း ယာယီပွင့်သွားခဲ့သည်။

ထိုအချိန်တွင် မိုခေါင်းဆောင်လွမ်နှင့် ဆရာကြီးလုတို့က ကျောက်စိမ်းဖြူနန်းတော်ကို တချိန်တည်းလိုလို ဖုံးကွယ်လိုက်ကြသည်။ မြို့တော်ထဲတွင် ပုန်းအောင်းနေသော ရန်သူသူလျှိုများကတော့ အလွန်ထိတ်လန့်အံ့ဩစရာကောင်းသော မြင်ကွင်းကြီးကို မြင်လိုက်ရသည်။

မိုခေါင်းဆောင်လွမ်က အဆောက်အဦး၏လှေကားထစ်ပေါ်မှ ဆင်းလာပြီး သူ့မျက်နှာပေါ်တွင် စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေခဲ့သည်။

ဆရာကြီးလုက တစ်စုံတစ်ယောက်ကို အော်ဟစ်အပြစ်တင်ချင်နေသော်လည်း သူက ထိုသို့မလုပ်ရဲပေ။ မည်သို့ဖြစ်‌စေကာမူ ကျင့်ကြံသူတစ်ယောက်ဖြစ်သော သူ၏အခြေအနေအရ သူက လှည့်ပတ်လမ်းလျှောက်နေသော်လည်း ဒေါသကို ဖြေဖျောက်ရန် နေရာမရှိပေ။

“ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ကပ်ဆိုးတွေ... ဒါကမဟာတာအိုရဲ့ မတည်မြဲတဲ့သဘာဝပဲလား။ ဒါပေမဲ့ ဒါလည်း အဓိပ္ပာယ်မရှိဘူး။ တာ့လီအင်ပါယာက အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ပြိုင်ဘက်ကင်းကံကြမ္မာတွေကို ရရှိခဲ့တယ်။ ငါတို့လုကလန်ရဲ့ဗဟုသုတတွေ၊ အတွေးအခေါ်တွေကလည်း သဘာဝကျောင်းတော်တွေထဲက သင်ကြားမှုတစ်ဝက်လောက်ကို ဖြည့်ဆည်းပေးနိုင်တယ်။ ဒါကြောင့် ငါက အရာအားလုံးကို နားလည်နိုင်ပြီလို့ မပြောရဲပေမဲ့ ဒီလိုအခြေအနေမျိုးကိုတောင် မတွက်ချက်နိုင်ဘူးလား…”

မိုခေါင်းဆောင်လွမ်က သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

“အဲဒါကလည်း အိုက်လျန်ကြောင့်ပဲ။ သူက ကောင်းကင်တာအို သက်ရောက်မှုအနည်းဆုံးခံရတဲ့ ဓားချီစွမ်းအင် မဟာတံတိုင်းကနေ ရောက်လာတာ။ သူက သူ့ရဲ့အငွေ့အသက်တွေကို သေချာဖုံးကွယ်ထားဖို့အတွက် အရမ်းရှားပါးတဲ့ရ တနာတစ်ခုကို တမင်တကာ သုံးခဲ့တယ်။ ဒါကြောင့် မင်း မပြောနဲ့... လုကလန်ရဲ့ မျိုးနွယ်ခေါင်းဆောင်ကတောင် ဒီလိုသဲလွန်စတွေကို စစ်ဆေးချင်တယ်ဆိုရင် သူ့ရဲ့စွမ်းအားတွေအားလုံး အသုံးပြုဖို့လိုလိမ့်မယ်။ ဒါကြောင့် ဒီနေ့အရှုံးက တိုက်ပွဲထဲမှာ ငါတို့ရဲ့အမှားကြောင့်မဟုတ်ဘူး။ မင်းနဲ့ငါက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုအပ်ဘူး…”

စုန့်ချန်ကျင့်ကတော့ နှစ်ပိုင်းပြတ်သွားသော တာအိုအဆောင်ရဲမက်ကိုငုံ့ကြည့်ပြီး ဒူးတစ်ဖက် ထောက်ထားခဲ့သည်။ သူ့လို ကျောက်တုံးနှလုံးသား လူတစ်ယောက်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ဝမ်းနည်းသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက ဓားပါးလေးဖြစ်သော မင်္ဂလာ‌အဆောင်ဓားကို သူ့ဘေးတွင် စိုက်လိုက်ပြီး ရေများ လောင်းချလိုက်သည်။ ထို့နောက် သူ၏ရေလှိုင်းဝတ်ရုံထဲသို့ ထည့်လိုက်၏။

နန်းတော်မြေကွက်လပ်၏ အပြင်ဘက်တွင် ရှိနေသော အဆောင်ရဲမက်(၂)ယောက်က တာ့လီအင်ပါယာ ပထမဆုံး တည်ထောင်ခဲ့သည့်အချိန်တွင် အစွမ်းထက်သော တာအိုဂိုဏ်းများက စုန့်ကလန်ကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ တချိန်လုံးနီးပါး ထိုအဆောင်ရဲမက်များ၏ စိတ်ထဲတွင် သာမန်လူသားများနှင့် ကွဲပြားမှုမရှိခဲ့ပေ။

အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ထိုအဆောင်ရဲမက်များကို အကြီးဆုံးတံခါးနတ်ဘုရားများဟု ခေါ်ဆိုကြပြီး မျိုးရိုးစဉ်ဆက် မြို့တော်ကို ကာကွယ်ပေးနိုင်ကြသည်။ အကယ်၍ စုန့်ကလန်မှ မျိုးဆက်တစ်‌ယောက်သာ ထိုတံခါးနတ်ဘုရာများ၏ အလေးပေးမှုကို ခံရမည်ဆိုလျှင် တံခါးနတ်ဘုရားများက ဘဝတလျှောက်လုံး သူတို့ကို ကာကွယ်ပေးရန်ဆန္ဒရှိကြသည်။

စုန့်ချန်ကျင့်တို့ မျိုးဆက်ထဲတွင် သူ့အစ်ကိုကြီး စုန့်ကျန်းချွန်က ထိုအခွင့်အရေးကို ရခဲ့သည်။ ယခင်တုန်းကတော့ ထိုအရာက တာ့လီအင်ပါယာကို မြင့်တက်လာစေနိုင်သော သင်္ကေတဟု လူတိုင်းက သတ်မှတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ချပ်ဝတ်အင်္ကျီဝတ် အဆောင်ရဲမက်(၂)ယောက်က နှစ်ပေါင်း(၂၀၀)ခန့် မည်သူ့ကိုမျှရွေးချယ်မှုမရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

စုန့်ကျိရှင်း၏ မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

“ကျွန်တော့်ရဲ့ဓားတွေ ဘယ်မှာလဲ။ ကျွန်တော့်ရဲ့ဓားတွေက ဘယ်နေရာကို ရောက်သွားတာလဲ။ ဓားပျံ(၆)ချောင်း ကျန်နေသင့်တယ် မဟုတ်လား။ ဘာလို့ ကျွန်တော်က အဲဒီဓားတွေကို အာရုံခံကြည့်လို့မရတော့တာလဲ…”

ဘုရင်ကြီး၏အမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်လုံးထဲတွင်တော့ နာကျင်မှုများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

“အနည်းဆုံးတော့ တာ့လီအင်ပါယာရဲ့နှစ်ပေါင်း(၂၀)လောက် ကံကြမ္မာက တခဏအတွင်း ပျက်စီးသွားခဲ့ရပြီ။ မီတာ(၁၀၀၀)ခရီးလမ်းမှာ မီတာ(၉၀၀)ဆိုတာက တစ်ဝက်ပဲတဲ့ ။ ငါတို့ဘိုးဘေးတွေက မမှားခဲ့ဘူး။ ကျောက်စိမ်းဖြူနန်းတော်မှာ ကျန်နေတာက အခွံသက်သက်ပဲ။ ဓားပျံ(၁၂)ချောင်း မရှိတော့ရင် ရေတိုအနေနဲ့ ဘယ်အရာကိုသုံးရမှာလဲ။ ငါ့အတွက် ကျန်နေခဲ့တာကတော့...”

ဘုရင်ကြီးက ကုန်းမြေကြီးတစ်ခုလုံးကို သိမ်းပိုက်ရန် ရည်မှန်းချက်ရှိခဲ့သည်။ သူက ပုံမှန်ပြန်ဖြစ်သွားသော ကောင်းကင်ကြီးကို‌ ဖြည်းညင်းစွာ မော့ကြည့်လိုက်၏။

“မင်းက ဓားချက်တစ်ချက်တည်းနဲ့ ငါ့ကို ခေါင်းဖြတ်သွားသင့်တယ်….”

သူက ပင့်သက်ရှိုက်လိုက်ပြီးနောက် ပြန်လှည့်ပြီး အမိန့်ပေးလိုက်သည်။

“ချန်ကျင့် …

မြို့နံရံပေါ်ကိုသွားပြီး မင်းကိုယ်တိုင် စောင့်နေပေးပါ။ တကယ်လို့ ဒီအခွင့်အရေးကိုသုံးပြီး တစ်ယောက်ယောက်က ပြဿနာရှာချင်တယ်ဆိုရင် ချွင်းချက်မရှိ သတ်ပစ်လိုက်ပါ။ အခုကစပြီး မင်းကို ငါ့ရဲ့ကိုယ်စား စိတ်ကြိုက်လုပ်ခွင့်ပေးတယ်…”

“တကယ်လို့ နန်းတွင်းစုန့်ကလန်က လူတွေဆိုရင်ရော...”

စုန့်ချန်ကျင့်က မေးလိုက်သည်။

ဘုရင်ကြီး၏မျက်နှာပေါ်တွင် နာကျင်နေသောအပြုံးတစ်ခုပေါ်လာပြီး ပြန်ဖြေလိုက်သည်။

“အရင်တုန်းကတော့ ငါတို့က အမှိုက်တွေကိုတောင် ပျိုးထောင်ပေးခဲ့သေးတာပဲ။ တာ့လီအင်ပါယာရဲ့ဘုရင်ဖြစ်နေမှတော့ ငါ့ဆီမှာ ကြွယ်ဝချမ်းသာမှုတွေ၊ သဘောထားကြီးမှုတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းသွားပြီ။ တကယ်လို့ သူတို့က သေချင်နေတယ်ဆိုရင် သေခိုင်းလိုက်ပေါ့..”

“ဒါဆိုရင် သူ့ကိုရော…”

စုန့်ချန်ကျင့်က မေးလိုက်သည်။

ဘုရင်ကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“သူ့ကိုတော့ ငါကိုယ်တိုင် ဖြေရှင်းလိုက်မယ်…”

စုန့်ချန်ကျင့်က ခေါင်းခါပြီး လမ်းလျှောက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေခဲ့၏။ တာ့လီအင်ပါယာထဲတွင် ကျင့်ကြံသူများ ပျံသန်းခြင်းကို တားမြစ်ထားသည်။ သူတို့က နန်းတွင်းထဲတွင် ခြေလျင်သွားလာရန်သာ ခွင့်ပြုထားခဲ့၏။ စုန့်ချန်ကျင့်က တော်ဝင်နန်းဆရာ ချွေးချန်းကဲ့သို့ ထိုစည်းမျဉ်းကို ချိုးဖောက်နိုင်သော အစွမ်းမျိုးရှိသော်လည်း ဤနေရာတွင် ကြီးပြင်းလာသူ တစ်ယောက် ဖြစ်သည့်အတွက် ထိုစည်းမျဉ်းကို မချိုးဖောက်ချင်ခဲ့ပေ။ ထိုအရာက တာ့လီအင်ပါယာကို ထောင်မတ်ထားသော စည်းမျဉ်းအနည်းငယ်ထဲမှ တစ်ခုလည်းဖြစ်သည်။

ဘုရင်ကြီးက အဆောက်အဦး၏လှေကားထစ်ဆီသို့ လျှောက်သွားပြီး မိုခေါင်းဆောင်လွမ်၏ အနားတွင် ထိုင်ချလိုက်သည်။ သူကတော့ မိုအတွေးအခေါ်ဂိုဏ်းကို ဦးဆောင်မည်ဟူသော နာမည်နှင့် မကိုက်ညီခဲ့ပေ။

သရဖူဆောင်းထားသော ဆရာကြီးလုကလည်း စိတ်ပျက်လက်ပျက်နှင့် ထိုင်နေခဲ့၏။ ထိုအဘိုးကြီး(၂)ယောက်လုံးက စကားပြောချင်နေသော်လည်း ဘာပြောရမှန်းမသိခဲ့ချေ။

ဘုရင်ကြီးက စကားစပြောလိုက်၏။

“ငါသိပါတယ်။ အခုချိန်မှာ ငါ့ရဲ့သက်တမ်းကို ဆွဲဆန့်ဖို့က အိပ်မက်တစ်ခုလိုဖြစ်သွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အိုက်လျန် လုပ်ခဲ့တဲ့အရာပဲ။ ငါက လယ်ယာကျောင်းက အဆင့်(၁၂) ချီကျင့်ကြံသူတစ်ယောက် မဟုတ်သရွေ့ ငါ့ရဲ့သက်တမ်းကိုမြှင့်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ အဲဒီအချိန်ကျရင်လည်း ငါက ရှင်သန်ဖို့ ဘယ်နှစ်ရက်ကျန်သေးလဲဆိုတာကို လက်ချိုးရေတွက်ဖို့ မလိုတော့ဘူး..”

အဘိုးကြီးနှစ်ယောက်က နားလည်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။

“ငါ့ရဲ့သက်တမ်းက (၁၀)နှစ်ပဲကျန်တော့တယ်။ အများဆုံး (၁၅)နှစ်ပဲ”

ဘုရင်ကြီးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သရော်သလို ပြောလိုက်သည်။

“ဒီလောကကြီးထဲမှာရှိတဲ့ ဘုရင်တွေရဲ့ကံကြမ္မာနဲ့ ကံတရားက အမြဲတမ်း အတက်အကျ ရှိနေတယ်။ ဒီလိုဆိုရင်တော့ ငါက တာ့ဆွေအင်ပါယာကို ခက်ခက်ခဲခဲ အနိုင်ရမယ့်နေ့ထိဆက်ပြီး ရှိနေရဦးမှာပေါ့။ အဲဒါပြီးသွားရင်တော့... ကြည့်ရတာ ငါ့မှာလုပ်စရာ ဘာမှမရှိတော့ဘူး ထင်တာပဲ…”

“တာ့လီအင်ပါယာက တောင်ပိုင်းကို ချီတက်မယ်။ ငါတို့ရဲ့စစ်မြင်းခွာသံတွေက တောင်ပိုင်းမှာရှိတဲ့ နယ်မြေတွေကို နင်းဖြတ်ပြီး တာ့လီအင်ပါယာရဲ့နဂါးအလံကလည်း တောင်ပိုင်းကမ်းရိုးတန်းမှာရှိတဲ့ နဂါးတက်လှမ်းခြင်းမြို့ပေါ်မှာ တလူလူ လွင့်နေလိမ့်မယ်။ ငါက အဲဒီလိုမြင်ကွင်းမျိုးကိုမြင်နိုင်မှာ မဟုတ်တော့ဘူး…”

ဘုရင်ကြီးက မျက်လုံးမှိတ်လိုက်ပြီး ဒူးကို လက်သီးနှင့် ထိုးနေခဲ့သည်။ သူက အပြုံးနှင့် အံကြိတ်ပြီး ပြောလိုက်၏။

“အကြီးမားဆုံးပြဿနာကတော့ ငါ့ရဲ့ကံကြမ္မာကို ဆုံးဖြတ်သွားတဲ့သူက တခြားနေရာကို တက်လှမ်းသွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူက ငါတို့ရဲ့လူသားကမ္ဘာကြီးကို စောင့်ကြည့်နေတာလဲ ဖြစ်နိုင်သေးတယ်။ သူက တနေ့နေ့မှာ ပြန်လာပြီး ငါတို့ရဲ့ရှေ့မှာ ပေါ်လာနိုင်သေးတယ်။ သူက မသေဘူး... သူက မသေသေးဘူး…”

ထို့ကြောင့် တာ့လီအင်ပါယာက လက်တုံ့ပြန်ရန် အိပ်မက်ပင် မမက်ရဲခဲ့ပေ။ ထိုအရာက တာ့လီအင်ပါယာအတွက် အမွန်းကြပ်ဆုံးအရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိုက်လျန်က သူ့ကို ဓားချက်တစ်ချက်တည်းနှင့်ပင် ခေါင်းဖြတ်နိုင်သော အစွမ်းမျိုးရှိနေခြင်းကြောင့် ဖြစ်၏။ အနည်းဆုံးတော့ ထိုအရာက သူ့ကို မွန်းကြပ်နေသော ခံစားမှုမှ လွတ်မြောက်သွားစေနိုင်သည်။

မြို့တော်၏ မြို့နံရံပေါ်တွင် အစိမ်းရောင်ဝတ်ထားသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်က လက်နောက်ပစ်ပြီး ကောင်းကင်ကြီးပေါ်ကို မော့ကြည့်နေခဲ့၏။

ခဏကြာပြီးနောက် အရပ်ပုပုနှင့် နန်းတွင်းဝတ်စုံဝတ်ဆင်ပြီး ခန္ဓာကိုယ် အချိုးအစားလှပသော အမျိုးသမီးက သူ့အနားတွင် ပေါ်လာပြီး တိုက်ရိုက်မေးလိုက်သည်။

“တော်ဝင်နန်းဆရာချွေး... ဒီလိုမထင်မှတ်ထားတဲ့ ကံဆိုးမှုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကျွန်မက ဘာလုပ်သင့်လဲ…”

အဘိုးအိုက သူ၏အကြည့်ကို ရုတ်သိမ်းလိုခြင်း မရှိချေ။ သူက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။

“သေခြင်းတရားကို စောင့်နေဖို့ပဲရှိတယ်…”

အမျိုးသမီး၏ရင်ထဲတွင် အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။ သူက တိုးတိုးလေး ရေရွတ်လိုက်၏။

“တော်ဝင်နန်းဆရာ

ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ…”

မြို့ငယ်လေးထဲရှိ ငယ်ရွယ်သော ချွေးချန်းနှင့် ကွဲပြားနေသည့် အဘိုးအိုချွေးချန်းက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အပြုံးနှင့် ပြောလိုက်သည်။

“တကယ်လို့ မင်းက ကံကောင်းမယ်ဆိုရင်တော့ မသေမရှင်အဖြစ်ကို စောင့်နေနိုင်တယ်…”

အမျိုးသမီးကတော့ မကျေမနပ်ဖြစ်သွားပြီး တော်ဝင်နန်းဆရာကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“ရှင်…ချွေးချန်းကရော ကျွန်မထက် ပိုကောင်းမယ်လို့ ထင်နေတာလား…”

နောက်ဆုံးတွင်တော့ အဘိုးအိုက ပြန်လှည့်လာပြီး တာ့လီအင်ပါယာ၏မိဖုရားကြီးကို အပြုံးနှင့် ပြောလိုက်၏။

“စိတ်မကောင်းပါဘူး။ ငါက ဘဝသေသွားတာ ကြာပြီလေ…”

………….

လူအနည်းငယ်ကလွဲလျှင် ကောင်းကင်၏အပေါ်ဘက်၌ တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်ကို မည်သူမျှ မသိကြပေ။ သူက လူသားကမ္ဘာကြီးကို ငုံ့ကြည့်နေခဲ့၏။ ထိုလူအတွက်တော့ ကမ္ဘာ(၂)ခု၏ကြားထဲတွင် အပ်ချည်မျှင်စာ အကွာအဝေးသာ တည်ရှိသည်။

အောက်ကိုငုံကြည့်နေရင်း သူက အလင်းတန်းများစွာ စု‌စည်းနေခြင်းကို မြင်လိုက်ရသည်။ သူက ကြယ်အစုအဝေးများကို ကြည့်နေရသလို ထင်မှတ်ရ၏။ ကြယ်အစုအဝေးများ၏အလယ်တွင်တော့ ကြယ်များက ရုတ်တရက်ပေါက်ကွဲပြီး တခဏအတွင်း ပျောက်ကွယ်သွားတတ်သည်။

ထူးထူးခြားခြား တောက်ပလာသော ကြယ်များလည်း ရှိနေ၏။ တဖြည်းဖြည်း မှေးမှိန်သွားပြီး အမှောင်ထုကြီး ဖြစ်သွားသော ကြယ်များလည်း ရှိသည်။ အသက်ကင်းမဲ့သွားသော ကြယ်များလည်း ရှိ၏။ သူတို့ဆီတွင် ကြီးမားသော ခန္ဓာကိုယ်များရှိကြပြီး မလှုပ်ရှားနိုင်သော လိပ်အိုကြီးများကဲ့သို့ ဖြစ်နေသည်။ ထိုလူက မတ်တပ်ရပ်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်၏။

“အဘိုးကြီး …ခင်ဗျားပြောတာမှန်တယ်”

သူက ပြုံးလိုက်သည်။

“လူသားကမ္ဘာကြီးက တော်တော်စိတ်လှုပ်ရှားဖို့ကောင်းတယ်…”

ဤကမ္ဘာကြီးအတွက် သူ ချန်ထားခဲ့သော နောက်ဆုံးမှတ်ချက်က အလွန်စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။

“ကောင်လေး …

မင်းက ဓားသိုင်းကို သေချာလေ့ကျင့်ဖို့အတွက် ကြိုးစားရမယ်။ နောက်ပိုင်းမှာ မင်းက ငါ့လိုကြမ်းတမ်းခက်ထန်လာဖို့ လိုအပ်တယ်။ ငါ့ထက် ပိုပြီးကြမ်းတမ်းခက်ထန်ဖို့ကတော့ ဟားဟားဟားဟား... ထားလိုက်ပါတော့ အဲဒါက အရမ်းကို ခက်ခဲလွန်းတယ်…”

Translated by Hein Htet

All Chapters