← Chapters

အခန်း (၁၃၅)

Vol. 9 Ch. 135

အခန်း (၁၃၅)

Vol. 9 Ch. 135

အရုဏ်တက်ချိန်တွင် မြင်းလှည်းတစ်စီးက ယွမ်ကလန်စံအိမ်၏ အပြင်ဘက်တွင် ရပ်လိုက်သည်။ ယုလုနှင့်ရှဲ့ရှဲ့တို့က နောက်ကျောတွင် သူတို့၏အထုတ်များနှင့်အတူ မြင်းလှည်းဘေးတွင် စောင့်နေကြ၏။

ချွေးချန်းကတော့ ပျင်းရိစွာ သန်းဝေနေရင်း စံအိမ်အပြင်ဘက်ကို ထွက်လာခဲ့သည်။ သူက ဆင်စွယ်ရောင် ထူးခြားသောဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့နောက်တွင်တော့ စိတ်ပျက်တွေဝေနေပုံရသော လူငယ်လေးတစ်ယောက် လိုက်လာခဲ့သည်။

“ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ သခင်လေး…”

ယုလုက မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ငါက မင်းတို့ကို တာ့ဆွေတိုင်းပြည်ထဲမှာ ပညာသင်ကြားဖို့အတွက် ခေါ်သွားပေးမယ်။ မင်းတို့(၂)ယောက်က ချောက်ကမ်းပါးကျောင်းတော်က ကျောင်းသားတွေ ဖြစ်ခွင့်ရလိမ့်မယ်…”

ချွေးချန်းက ပျင်းရိ‌နေသောအသံနှင့် ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ယုလုနှင့် ရှဲ့ရှဲ့တို့က အလွန်ကျေနပ်သွားသည့် အမူအရာနှင့် အချင်းချင်း ကြည့်လိုက်မိကြသည်။

မြင်းလှည်းမောင်းသမားက တာ့လီအင်ပါယာ၏ သူလျှိုများထဲမှ တစ်‌ယောက်ဖြစ်သည်။ သူက မြင်းလှည်း၏ရှေ့တွင် တည်ငြိမ်စွာ ထိုင်နေခဲ့၏။

ချွေးချန်းက မြင်းလှည်း၏တံခါးပေါက် ကန့်လန့်ကာကိုမြှောက်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

“ဝမ်ယိဖူကို မြင်းလှည်းမောင်းခိုင်လိုက်။ မင်းက လုံချွမ်တိုင်းပြည်ထဲမှာနေပြီး နဂါးစီးလမ်းကြားနဲ့ တရုတ်ဆီးသီးပွင့်လမ်းကြားကိုဆက်ပြီး စောင့်ကြည့်ထား…”

သူလျှိုက ခေါင်းညိတ်ပြလိုက်ပြီး မြင်းလှည်းပေါ်မှဆင်း၍ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ (၁၅)မိနစ်ခန့် ကြာပြီးနောက် ဝမ်ယိဖူက မြင်းလှည်းမောင်းသမား၏နေရာကို အစားထိုးရန် ရောက်လာခဲ့သည်။

ယုလုကတော့ သူ့ကို တည်ငြိမ်နေသော အမူအရာနှင့် တည့်တည့်စိုက်ကြည့်နေပြီး ရှဲ့ရှဲ့၏ မျက်လုံးထဲတွင်တော့ အေးစက်သောအမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူမက ဝမ်ယိဖူကို သဘောကျပုံမရချေ။ ဝမ်ယိဖူက စုန့်ယုကျန်းကိုသတ်ဖြတ်ရန် တာဝန်ပေးခံရသောလူလည်း ဖြစ်သည်။

သူက လုတိုင်းပြည်၏ စစ်သူကြီးတစ်‌ယောက် ဖြစ်ခဲ့သော်လည်း တာ့လီအင်ပါယာ၏ အကျဉ်းသားတစ်ယောက် ဖြစ်မသွားသည့်အပြင် တာ့လီအင်ပါယာ၏တပ်ဖွဲ့ထဲသို့ ရောက်ရှိသွားခြင်းလည်း မရှိချေ။ ထိုအစား သူက စုန့်ကျိရှင်းအမေ၏ နောက်လိုက် တစ်ယောက် ဖြစ်လာခဲ့သည်။ ယခု သူမကို ထာဝရနွေဦးနန်းတော်ထဲသို့ နယ်နှင်ဒဏ်ပေးထားခဲ့သည့်အတွက် ဝမ်ယိဖူ၏သခင်က သူမဆီမှ ချွေးချန်းဆီသို့ ပြောင်းလဲသွားခဲ့သည်။

သူတို့က ပင်မလမ်းမကြီးအတိုင်း သွားလာကြမည်ဖြစ်သည့်အတွက် သူတို့စီးလာသော မြင်းလှည်းက အ‌တော်လေးကို ကြီးမားကျယ်ပြန့်သည်။ အတွင်းထဲတွင် လူ(၃)ယောက်ထိုင်ရန် လုံလောက်၏။ သို့သော် ချွေးချန်းက ယုလုနှင့်ရှဲ့ရှဲ့တို့ကို အပြင်ဘက်တွင်ထိုင်ရန် ညွှန်ကြားလိုက်ပြီး မြင်းလှည်းထဲတွင်တော့ သူတစ်ယောက်တည်းသာ ထိုင်ခဲ့သည်။

သိပ်မကြာခင် မြင်းလှည်းထဲမှနေ၍ ကျယ်လောင်သော စာဖတ်သံတစ်ခုကို ကြားလိုက်ရသည်။ ချွေးချန်းက တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာဖြစ်ပြီး ကုန်းမြေကြီးတစ်ခုလုံးတွင် အတော်ဆုံး ကျားကစားသမားတစ်ယောက်လည်း ဖြစ်သည်။ သို့သော် သူကတော့ နေ့စဉ်နေ့တိုင်း ထိုကလေးများ၏ စာအုပ်ထဲမှ စကားစုများကို ရွတ်ဖတ်နေသည်မှာ အတော်လေးရယ်စရာကောင်လှသည်။

မြင်းလှည်းက အရှေ့တံခါးမှနေ၍ မြို့ထဲမှ ထွက်သွားခဲ့၏။ချွေးချန်းက အရှေ့တံခါးနားသို့ ရောက်သည့်အချိန်တွင် အသစ်တည်ဆောက်နေသော နယ်မြေရုံးတော်ကို ကန့်လန့်ကာဖွင့်၍ လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် ရုံးတော်၏အုတ်မြစ်ကသာ ပုံသဏ္ဌာန် ပေါ်နေပြီး နယ်မြေခံအရာရှိများ၏ ကြီးကြပ်မှုအောက်တွင် မြို့ထဲရှိ အလုပ်သမားများစွာက အလုပ်ရှုပ်နေကြ၏။ အရှေ့တံခါးတစ်ခုလုံးတွင်လည်း ဖုန်မှုန့်များ ပြည့်နှက်နေသည်။

ချွေးချန်းက မျက်နှာပျက်ပျက်နှင့် ကန့်လန့်ကာ ပြန်ချလိုက်၏။ မြို့ထဲမှ ထွက်သွားပြီးနောက် မြင်းလှည်းက လမ်းမ‌ကြီးပေါ်တွင် (၂)နာရီနီးပါးခန့်သွားခဲ့ပြီး ချွေးချန်းက မြင်းလှည်းကိုရပ်ရန် ဝမ်ယိဖူကို ညွှန်ကြားလိုက်သည်။

သူက မြင်လှည်းထဲမှ ပြန်ထွက်လာပြီးနောက် တောင်ကုန်းငယ်လေးတစ်ခုပေါ်သို့ တက်သွားခဲ့၏။ ထိုနေရာတွင် ကန်ကျိကျောင်းတော်မှ ချွေးမင်ဟွမ်က သူ့ကိုစောင့်နေသည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သည်။

ချွေးချန်းကို မြင်လိုက်ရသည်နှင့် ချွေးမင်ဟွမ်က တလေးတစား ဦးညွတ်လိုက်သည်။ ချွေးချန်းက တောင်ထိပ်ပေါ်တွင် ရပ်လိုက်ပြီး မြို့ငယ်လေးကို ပြန်လှည့်ကြည့်လိုက်သည်။ သူ၏ကျင့်စဉ်အဆင့်က သိသိသာသာ လျော့ကျသွားခဲ့သည့်အတွက် သူက မြို့ငယ်လေးကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

“ငါက ပိယွင်တောင်ကို ငါတို့တာ့လီအင်ပါယာရဲ့ မြောက်ပိုင်းတောင်အဖြစ် ပြောင်းပေးဖို့ အချိန်တော်တော်လေးပေးရဦးမယ်။ ဒီတော့ အဲဒီအရာက ခဏလေးအတွင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပိယွင်တောင်ပေါ်မှာရှိတဲ့ ကျောင်းတော်အသစ် တည်ဆောက်မှုကိုတော့ ဆက်ပြီးတော့ လုပ်ရမယ်…”

“အနည်းဆုံးနှစ်ဝက်အတွင်း ပြီးမှရမယ်။ စိတ်မပူပါနဲ့ ..။ မင်းက စွန့်စားမှုကြီးတစ်ခု ယူပြီးသွားပြီ။ မင်းရဲ့အသက်ကိုလည်း ဆုံးရှုံးလုနီးပါးကြုံခဲ့ရပြီ။ ဒါကြောင့် ငါက ပေးထားတဲ့ကတိကို သေချာပေါက်ပြန်ဖျက်မှာ မဟုတ်ဘူး။ ဒီကျောင်းတော် တည်ဆောက်ပြီးသွားရင် မင်းက ဒုတိယတောင်တန်းသခင် တစ်ယောက် ဖြစ်လာလိမ့်မယ်။ ပြီးရင်တော့ တာ့လီအင်ပါယာက ဒီကျောင်းတော်အသစ်ကို ထောက်ပံ့ပေးဖို့အတွက် အစွမ်းကုန်ကြိုးစားလိမ့်မယ်။ ဒါဆိုရင် ဒီကျောင်းတော်က ကွန်ဖြူးရှပ်ကျောင်းတော်(၇၂)ခုထဲက (၁)ခုဖြစ်လာပြီး ချောက်ကမ်းပါးကျောင်းတော်ထက်တောင် ပိုပြီးတော့ ထိုက်တန်လာလိမ့်မယ်..”

ထိုစကားကိုကြားသည့်အခါ ချွေးမင်ဟွမ်က အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့သည်။ သူက ပြတ်သားစွာ ပြောလိုက်၏။

“ကျွန်တော့်ကို စိတ်မပျက်စေရပါဘူး ဘိုးဘေး…”

ချွေးချန်းက ချွေးမင်ဟွမ်၏ကတိကို အလေးမထားဘဲ ဆက်ပြောလိုက်သည်။

“ငါက ဒီကြွေထည်ကောင်လေးကို မင်းဆီမှာ ထားခဲ့မယ်။ ကျောင်းတော်အသစ် တည်ဆောက်ပြီးသွားရင် သူ့ကို ဒီမှာပဲ လေ့လာခိုင်းထားလိုက်။ ဘာအနှောင့်အယှက်မှ မရှိရင် သူ့ရဲ့ကျင့်ကြံမှုက အရမ်းကို ချောမမွေ့လိမ့်မယ်။ အမှန်အတိုင်းပြောရရင် သူက အလယ်ဘုံ(၅)ဆင့်ကို မြန်မြန်ဆန်ဆန် ရောက်လာနိုင်တယ်။ ဒါကြောင့် မင်းက စိတ်ထဲမှာ ပြင်ဆင်ထားသင့်တယ်။ မင်းက သူ့ကို ဖုံးကွယ်ထားဖို့တော့ ငါက အကြံပေးချင်တယ်….”

“အပြင်ဘက်ကမ္ဘာကြီးက သူ့အကြောင်းကို စောစောသိမသွားစေနဲ့။ ငါက ကြွေထည်တောင်က ပျက်စီးနေတဲ့ ကြွေထည်အပိုင်းအစတွေကို သေချာအသေးစိတ် ရွေးချယ်ထားခဲ့ရတာ။ ပြီးတော့ ဒီကြွေထည်ကို စိတ်ဝိညာဉ်‌တစ်ခု ပိုင်ဆိုင်ထားတဲ့ ကြွေထည်လူသားတစ်ယောက်အဖြစ် ပြောင်းလဲဖို့ တော်တော်လေးကို အချိန်ပေးပြီး ကြိုးစားအားထုတ်ခဲ့ရတယ်။ သူက တန်ဖိုးမရှိတဲ့ ကြွေထည်တစ်ခု‌ဆိုပေမဲ့ အခုတော့ သက်ရှိလူတစ်ယောက်နဲ့ မခြားတော့ဘူး။ သူ့ကို ဖန်တီးထားတာက ငါ့ဘဝတလျှောက်လုံးရဲ့အမြင့်ဆုံးလုပ်ရပ်တစ်ခုပဲ…”

“ဒါက ကံကြမ္မာတွေနဲ့လည်း အများကြီး သက်ဆိုင်တယ်။ ဒါကြောင့် မင်းက သူ့ကို သေချာဂရုစိုက်ဖို့လိုတယ်။ သူတို့ထက်တော့ အခြေအနေတွေက ပိုပြီးတော့ ဆိုးမသွားစေနဲ့။ အထူးသဖြင့် အခု ငါက မင်းကို ပြည့်ပြည့်ဝဝ ယုံကြည်နေခဲ့တယ်ဆိုတာ ငါက သူ့ကို ကိုယ်တိုင်ဂရုမစိုက်နိုင်တော့လို့ပဲ…”

ချွေးမင်ဟွမ်က ခံစားချက်များကို ဖယ်ရှားလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ ဦးညွတ်လိုက်သည်။

“စိတ်မပူပါနဲ့ ဘိုးဘေး။ သူ့ကို ကျွန့်တော့်ရဲ့သွေးသားတစ်ယောက်လို သေချာပေါက် ဂရုစိုက်ပါ့မယ်…”

ချွေးချန်းက အနည်းငယ် အားနည်းနေသောပုံစံနှင့် ပြောလိုက်သည်။

“စုန့်ချန်ကျင့်ကလွဲရင် မင်းက မြို့ထဲမှာ သူလျှိုအဖွဲ့(၂)ဖွဲ့နဲ့ အလုပ်လုပ်လို့ရတယ်။ ငါက သူတို့ကို ကြိုပြောထားပြီးသား။ ဒါကြောင့် သူတို့က မင်းရဲ့အမိန့်ကို နာခံကြလိမ့်မယ်။ မင်း အားတဲ့အချိန်ကျရင် ယန်မိသားစုဆေးဆိုင်မှာရှိတဲ့ အဘိုးကြီးယန်နဲ့ သွားတွေ့ပြီးတော့ စကားပြောလိုက်ဦး…”

“အဲဒီအဘိုးကြီးက သူလုပ်တဲ့အရာအားလုံးမှာ အရမ်းမျှတတယ်။ သူက ကောင်းတာဆိုးတာတွေ ရန်သူတွေမိတ်ဆွေကိုလည်း ခေါင်းထဲထည့်ထားတာ မဟုတ်ဘူး။ သူ့ကို အဆင်ပြေအောင် ဖြောင်းဖြပြီး အပေးအယူ သဘောတူအောင် ကြိုးစားပါ။ ရွမ်ချုံနဲ့ကတော့ ဝေးဝေးနေဖို့ပဲ အကြံပေးချင်တယ်။ လက်ရှိအချိန်မှာ မိသားစုကြီး(၄)ခုနဲ့ မျိုးနွယ်စု(၁၀)ခုက ပြိုလဲသွားကြပြီ။ သူတို့တွေက အရင်တုန်းကလို တစ်စုတစ်စည်းတည်း မရှိတော့ဘူး…”

“မင်းက လီကလန်ကို စောင့်ကြည့်ဖို့လည်း မမေ့ပါနဲ့။ ပြီးတော့ လီကျိရှန်လည်း အတူတူပဲ။ လီကလန်က မောက်မာတဲ့ဒုတိယသခင်လေး လီပေါင်ကျန်းကတော့ အခုသူ့ရဲ့နောက်ခံပျက်စီးသွားပြီဆိုတော့ သူလည်း ပြုတ်ကျလာလိမ့်မယ်။ ဒါပေမဲ့ မြို့တော်ထဲမှာ ကိစ္စရပ်တွေက ခန့်မှန်းလို့ မရနိုင်ဘူးဆိုတာ သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်သလိုပဲ…”

“မင်းက အဲဒီညီအစ်ကိုနှစ်ယောက်တည်းက တစ်ယောက်ကို ရွေးချယ်နိုင်တယ်။ ဒါပေမဲ့ မင်းက လူတစ်ယောက်ကိုပဲ ရွေးချယ်လို့ရမယ်။ ဝူယွမ်ကိုတော့ အဆင်ပြေတဲ့အချိန် စကားပြောလို့ရတယ်။ ဒါပေမဲ့ ရုံးတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ သူနဲ့လုံးဝမပြောမိစေနဲ့…”

ချွေးချန်းက အလွန်ချောမောခန့်ညားသော ကောင်လေးတစ်ယောက်ဖြစ်နေသည်ကိုပင် သူ့ရှေ့၌ ရပ်နေသည်မှာ ဆယ်ဘဝခန့် အသက်ရှင်နေသော အဘိုးအို တစ်ယောက်ကဲ့သို့ ချွေးမင်ဟွမ်က ခံစားနေမိခဲ့သည်။

ချွေးမင်ဟွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး မေးလိုက်သည်။

“ဖြစ်နိုင်တာ ဝူယွမ်က...”

ချွေးချန်းက လက်ကာပြလိုက်ပြီး တောင်ကုန်းပေါ်မှ ဆင်းသွားခဲ့သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“သူက မိဖုရားကြီးကို တာဝန်ထမ်းဆောင်နေတာ။ မိဖုရားကြီးက ဆင်းရဲနွမ်းပါးတဲ့ လူတွေကိုပဲရွေးချယ်ရတာ ဝါသနာပါတယ်။ ဒါပေမဲ့ သူတို့တွေက ဉာဏ်ကောင်းပြီး ရည်မှန်းချက်ကြီးတယ်။ ထူးထူးခြားခြားကို ခံနိုင်ရည်လည်း ရှိကြတယ်။ တချိန်တည်းမှာပဲ သူတို့အားလုံးဆီမှာ သူ ထိန်းချုပ်နိုင်တဲ့ အားနည်‌းချက်တွေလည်း ရှိကြတယ်…”

ထိုစကားကို ကြားသည့်အခါ ချွေးမင်ဟွမ်က နားလည်သွားခဲ့သည်။

“ကျွန်တော် သိပါပြီ။ ဒါကြောင့် ယွမ်ကလန်ရဲ့ ဘိုးဘေးစံအိမ်ထဲမှာ ကျွန်တော်နဲ့စကား ပြောတဲ့အချိန် တစ်ခုခုမှားနေတယ်လို့ ကျွန်တော်က ခံစားမိခဲ့တာပဲ။ ပြီး‌မှပဲ ဝူယွမ်ရှိနေတဲ့ အတွက်ကြောင့်ဆိုတာ ကျွန်တော်က နားလည်သွားခဲ့တာ…”

ချွေးချန်းက သက်ပြင်းချလိုက်ပြီး အမှန်တရားကို ဖုံးကွယ်ရမည့်အစား ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်သည်။

“ယွမ်ကလန်ရဲ့ဘိုးဘေးစံအိမ်ထဲမှာ ငါက သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ အရင်တုန်းကတော့ သူက မိဖုရားကြီးကို အသေးအဖွဲကိစ္စလေးတွေ အားလုံး ပြောပြခဲ့တယ်။ ဒါပေမဲ့ ငါက အဲဒီအရာတွေအားလုံးကို မသိချင်ယောင်ဆောင်ထားခဲ့တယ်။ ဒါပေမဲ့ စံအိမ်ထဲကနေ ထွက်သွားပြီး သူသာ အဲဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင်တော့ ငါက သူ့ရဲ့ကံကြမ္မာကို ဖယ်ရှားပစ်မလို့ပဲ။ တပည့်တစ်ယောက်က သူတို့ရဲ့ဆရာကို သစ္စာဖောက်ရဲမယ်ဆိုရင် ဆရာက တပည့်ကိုသတ်ပစ်တာလည်း တရားမျှတတယ်လေ…”

ချွေးမင်ဟွမ်က ထိုစကားကို တုံ့ပြန်နိုင်ခြင်း မရှိချေ။

ချွေးချန်းက သူ့ပုခုံးကိုပုတ်ပြီး ပြောလိုက်၏။

“ငါက မင်းကို အရမ်းမျှော်လင့်ထားတယ်။ မဟုတ်ရင် ဒီအရာတွေ အားလုံးပြောပြမှာ မဟုတ်ဘူး…”

“ကျွန်တော်က ဂုဏ်ယူမိသလို ကြောက်လည်းကြောက်ပါတယ်…”

ချွေးမင်ဟွမ်က အပြုံးနှင့် ပြန်ဖြေလိုက်၏။

“မင်းက ဒီမှာပဲ ရပ်လိုက်တော့။ ငါ့ကိုဆက်ပြီး လိုက်ပို့စရာမလိုတော့ဘူး…”

ချွေချန်းက တောင်ကုန်းပေါ်မှ အလျင်အမြန် ဆင်းသွားခဲ့သည်။

သူက ခြေလှမ်း(၇)လှမ်းခန့် လျှောက်သွားပြီးနောက် ပြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်၏။

“မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ။ ဒီတော့ ငါက ဝူယွမ်ကို ဘယ်လိုထောင်ချောက်ဆင်ခဲ့လဲဆိုတာ မင်းက စဉ်းစားနေမယ်ဆိုတာ သေချာတယ်။ ငါက မင်းအတွက်လည်း ထောင်ချောက်တစ်ခု‌ ဆင်ထားခဲ့တယ်။ အမှန်အတိုင်း ပြောရရင်တော့ မင်းက မမှားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နေရာတိုင်းမှာ ထောင်ချောက်ဆိုတာ ရှိနေတာပဲ။ ဒီတော့ မင်းက သေမလားရှင်မလား ဆုံးဖြတ်နိုင်သလို အဲဒီအရာကို ကိုယ်တိုင်စဉ်းစားဖို့ ရွေးချယ်လို့လည်း ရသေးတယ်..”

ထိုစကားကို ကြားသည့်အခါ ချွေးမင်ဟွမ်က အလွန်ကြောက်လန့်သွားခဲ့သလို မကျေနပ်သည့် ခံစားချက်များလည်း ပြသရဲခြင်းမရှိပေ။ ထိုအစားက သူ၏မျက်လုံးထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေခဲ့၏။

“ကျွန်တော်က ဖတ်ဖို့ လိုအပ်တဲ့စာအုပ်တွေအားလုံးကို ဖတ်ပြီးသွားပြီ။ ဒါကြောင့် ဒီနေရာကနေစပြီး ကျွန်တော့်ရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းပါ့မယ်…”

ချွေးမင်ဟွမ်က ပြန်လှည့်လာပြီး တောင်ခြေ‌တွင်ရှိနေသော မြင်လှည်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက အင်္ကျီလက်ကိုဝှေ့ယမ်းပြီး ပြောလိုက်၏။

“မင်းက တကယ်ပဲ တပည့်(၃)မျိုးကို လိုအပ်တယ်။ ချွေးမင်ဟွမ်၊ ဝူယွမ်နဲ့ ကြွေထည်ကောင်လေး။ ငါက တာဝန်ပြီးသွားပြီ။ အခုကစပြီး ငါတို့(၄)ယောက်က လူချင်းခွဲလိုက်ကြပြီး ငါတို့ဆီမှာ ဘယ်လိုကံကြမ္မာတွေရှိလဲဆိုတာ ကြည့်ကြတာပေါ့”

လမ်းလျှောက်လာရင်း ချွေးချန်းက ရုတ်တရက်တုန်လှုပ်သွားပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ချန်းပင်အန်းရဲ့ အကျင့်စရိုက်အရ သူသာ တနေ့နေ့မှာ အမှန်တရားကို သိသွားမယ်ဆိုရင် စဉ်းစားမနေဘဲ ငါ့ကိုသတ်ပစ်မှာပဲ…”

သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် စိုးရိမ်‌မှုတစ်ခုပေါ်လာပြီး ဆက်ပြောလိုက်သည်။

“အဆိုးဆုံးအရာကတော့ ဆရာတစ်ယောက်က သူတို့ရဲ့တပည့်ကို တရားမျှတစွာ သတ်ပစ်ခွင့်ရှိနေတယ်။ ငါက ဒီလိုဆိုးရွားတဲ့ကံကြမ္မာမျိုး တွေ့လို့လုံးဝမရဘူး။ ငါက ဒီပြဿနာကနေ ရုန်းထွက်ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားထားရမယ်…”

ရုတ်တရက်ဆိုသလို ချွေးချန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက အေးအေးဆေးဆေး အမူအရာနှင့် တောင်ကုန်းပေါ်မှ ဆင်းသွားခဲ့ပြီး တစ်ယောက်တည်း ပြောလိုက်၏။

“ငါက ဒီပြဿနာကို တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာအပေါ်ကိုပဲ အပြစ်တင်လို့ရတယ်။ ငါ့နာမည်က ချွေးတုံရှန်း၊ ငါက ချွေးချန်းမဟုတ်ဘူး…”

လက်ရှိ သူအသုံးပြုနေသော ခန္ဓာကိုယ်က အလွန်အမင်းကို အဖိုးတန်သော ရတနာတစ်ခုဟု သတ်မှတ်ထားနိုင်သည်။ ထိုအရာက မွေးရာပါသန့်စင်သော ခန္ဓာကိုယ်တစ်ခုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုနှင့် မွေးဖွားလာသော ကလေးတစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်သည်။ သူက အသက်(၆)နှစ် မတိုင်ခင် သေဆုံးသွားခဲ့ခြင်းဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာ အတောအတွင်း ချွေးချန်းက လျှို့ဝှက်ကျင့်စဉ်တစ်ခုကိုသုံးပြီး ထိုခန္ဓာကိုယ်ကို သန့်စင်၍ သူ ယာယီနေထိုင်နိုင်သော‌ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲထားခဲ့သည်။

လီကျူးသုခဘုံက သူ့အတွက် အလွန်အမင်းကို အရေးပါနေ၏။ ထိုနေရာတွင် သူ၏တာအိုအကူ ရှိနေသည့်အတွက် သူက မြို့ငယ်လေးထဲကို ကိုယ်တိုင်ဝင်သွားရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ထို‌ခန္ဓာထဲတွင် သူ၏စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ပို့ဆောင်ထားခြင်းဖြစ်၏။

ရလဒ်အနေနှင့် ဤကမ္ဘာကြီးထဲတွင် ချွေးချန်း(၂)ယောက် ရှိနေသည်။ တစ်ယောက်က အဘိုးကြီးဖြစ်ပြီး တစ်ယောက်က လူငယ်လေးဖြစ်၏။ လူအိုကြီးချွေးချန်းက တာ့လီအင်ပါယာ၏ မြို့တော်ထဲတွင် ရှိနေပြီး ‌တော်ဝင်နန်းဆရာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး ကိစ္စရပ်များကို ကြီးကြပ်နေသည်။

လူငယ်လေးချွေးချန်းကတော့ မြို့ငယ်လေးထဲကို ဝင်ရောက်လာပြီး မထင်မှတ်ထားသော ကိစ္စများ ဖြစ်မလာစေရန် ယွမ်ကလန်၏ ဘိုးဘေးနေအိမ်ထဲတွင် နေထိုင်ခဲ့၏။ ထို့ပြင် ချွေးချန်းဆီ၌ ဒုတိယဦးတည်ချက်တစ်ခု ရှိသည်။ ထိုအရာက ချီကျင့်ချွန်၏ ကျဆုံးမှုကို သူ၏မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့လိုခြင်းဖြစ်၏။

ဘဝတွင် တစ်ကြိမ်ပဲဖြစ်ဖြစ် သူက ချီကျင့်ချွန်နှင့် မျှမျှတတ တိုက်ခိုက်ချင်ခဲ့သည်။ သို့သော် ချွေးချန်း မျှော်လင့်ထားသည့်အရာများက လုံးဝမအောင်မြင်ခဲ့ပေ။ သူက ချီကျင့်ချွန်ကို ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားခဲ့ပြီး ထိုအရာက သူခံစားခဲ့ရသော ဒုက္ခများ၏အစသာ ဖြစ်နေသည်။

ချီကျင့်ချွန် သေဆုံးသွားသည့်အချိန်တွင် ကုသိုလ်သစ်တောထဲ၌ သေဆုံးသွားသည်ဟု‌ထင်ရသော အဘိုးကြီးက သူ့ကို လာရောက်ရှာဖွေခဲ့သည်။ သူနှင့်မူလခန္ဓာကိုယ်၏ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီး သူ့ကို အပြစ်တစ်ခုပေးခဲ့၏။ ထိုအရာက နေ့စဉ်နေ့တိုင်း စာအုပ်အနည်းငယ်ကို ဖတ်ရန်ဖြစ်သည်။

ပို၍ရယ်စရာကောင်းသည်မှာ ထိုစာအုပ်များက အဘိုးကြီး ရေးထားသော စာအုပ်များ မဟုတ်ချေ။ အခြေအနေကို ပို၍ဆိုးရွားသွားစေသည်မှာ သူက ရယ်စရာကောင်းသော ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချပေးခဲ့သည်။ ချွေးချန်းကို ချန်းပင်အန်း၏ တပည့်အဖြစ် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်၏။

“ငါက ချန်းပင်အန်းဆီကနေ ဘာတွေသင်နိုင်မှာလဲ။ မီးသွေးဖုတ်တဲ့ပညာလား၊ ဒါမှမဟုတ် ကြွေထည်လုပ်တဲ့ပညာလား…”

ထိုအဘိုးကြီး စဉ်းစားနေသည့်အရာကိုတော့ ကောင်းကင်ဘုံကသာသိပါလိမ့်မည်။ အဘိုးကြီးက လူသားကမ္ဘာကြီးထဲတွင် မြင့်မားသော စာသင်သား အဆင့်အတန်းကို လုံးဝမရခဲ့သော်လည်း ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲတွင်တော့ (၄)ယောက်မြောက်သူတော်စင်အဖြစ် နာမည်ကျော်ကြားသည်။

ထိုအချိန်တွင် သူ၏စွမ်းအားများအမြင့်ဆုံးကိုလည်း ရောက်ခဲ့၏။ လူအများက သူ၏နတ်ဘုရားရုပ်ထုကို ကျောင်းဆောင်ထဲသို့ သယ်လာပြီး လေးလေးစားစား ကိုးကွယ်နေကြသည်။ ထိုအဘိုးကြီးကိုယ်တိုင်ကပင် သူတို့ကိုမတားခဲ့ကြပေ။ သို့သော် ထိုအချိန်၌ ဖြစ်ခဲ့သောအရာများကို ထိုအဘိုးကြီးက အတော်လေးဝမ်းသာနေသည်ဟု ချွေးချန်းက ခံစားမိခဲ့သည်။ သူက တားဆီးရန် လေးလေးနက်နက် မလုပ်ခဲ့ပေ။

………………

တာ့လီအင်ပါယာ၏ တောင်ပိုင်းနယ်စပ်သို့ သွားသော လမ်းမကြီးပေါ်တွင် မြင်းလှည်းတစ်စီးက လမ်းမဘေးတွင် ဆိုက်ကပ်နေခဲ့၏။ ချွေးချန်းက မြင်းလှည်းအမိုးပေါ်တွင် ထိုင်ပြီး မြောက်ဘက်ကို မျှော်လင့်တကြီး စိုက်ကြည့်နေခဲ့သည်။

ဝမ်ယိဖူက မြင်းလှည်းမောင်းသမားနေရာတွင် ထိုင်နေပြီး သူက လုံးဝကို တိတ်ဆိတ်နေခဲ့၏။ ယုလုက သူ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းနေပြီး ရှဲ့ရှဲ့က ဝမ်ယိဖူအနားတွင် ထိုင်နေခဲ့သည်။ သူမနှင့် ယုလုတို့က နောက်ကျောပေးထားခဲ့ပြီး နေကြာစေ့စား၍ ခြေထောက်လေးများကို လွှဲယမ်းလှုပ်ရှားနေခဲ့၏။

ရုတ်တရက်ဆိုသလို ချွေးချန်းက ပြောလိုက်သည်။

“နောက်ဆုံးတော့ သူတို့ ဒီနေရာကိုရောက်လာပြီ…”

ဝမ်ယိဖူက ယုလုကိုကြည့်ပြီး တိတ်တဆိတ် ပြောလိုက်၏။

“ဂရုစိုက်ပါ မင်းသားလေး…”

ယုလုက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

“ခင်ဗျားလည်း အတူတူပါပဲ စစ်သူကြီးဝမ်…”

ဝမ်ယိဖူက ခေါင်းညိတ်ပြလိုက်ပြီးနောက် တစုံတစ်ခုထပ်ပြောရန်ပြင်လိုက်စဉ် ရှဲ့ရှဲ့က နေကြာစေ့ စားပြီးသွားသည့်အတွက် လက်နှစ်ဖက်ကို ခါလိုက်သည်။ သူမက ပေါ့ပါ့ပါးပါး ပြောလိုက်၏။

“ရှင့်လို ဂုဏ်သရေရှိ စစ်သူကြီးတစ်ယောက်က ကျွန်မတို့လို အဆင့်နိမ့်တဲ့ အကျဉ်းသားတွေကို စကားပြောဖို့မလိုပါဘူး…”

“ငါက မင်းတို့ရဲ့ဆရာအပေါ် အကြွေးကြီးတစ်ခု တင်နေတယ်…”

ဝမ်ယိဖူက အပြုံးနှင့် ပြောလိုက်သည်။

ရှဲ့ရှဲ့က ဒူးနှစ်ဖက်ပေါ်သို့ လက်တင်ထားပြီး ကောင်းကင်ကြီးပေါ်ကို မော့ကြည့်၍ ပြောလိုက်၏။

“ဒီလိုဆိုရင်တော့ ရှင်က သေသွားတဲ့လူတွေအားလုံးကို အဲဒီစကားပြောသင့်တယ်။ ကျွန်မက အဲဒီတိုက်ပွဲမှာ မပါခဲ့သလို အဲဒီတိုက်ပွဲပြီးသွားတဲ့အချိန်မှာလည်း ကျွန်မရဲ့အသက်က သေမသွားခဲ့ဘူး။ တစ်ဖက်မှာတော့ ကျွန်မက ကောင်းကောင်းနေရတယ်။ ကျွန်မက သိပ်မကြာခင် ချောက်ကမ်းပါးကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်လာတော့မယ်။ ဒါကြောင့် ရှင်က ဒီအကြောင်းအရာတွေ ကျွန်မကိုပြောဖို့ အကြောင်းပြချက်မရှိဘူး စစ်သူကြီးဝမ်…”

“သူ့ကို ခေါင်းထဲထည့်မထားနဲ့ ဝမ်ယိဖူ…”

ယုလုက ဝင်ပြောလိုက်သည်။

“သူက အခုချိန်ထိ မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်လိုပဲ။ သူ့မှာ ဒေါသတွေပဲ ရှိနေတယ်။ သူ့ရဲ့စိတ်ပျက်မှုတွေကို ဘယ်လိုဖြေဖျောက်ရမလဲဆိုတာမသိလို့ လူတိုင်းကို ရန်ရှာနေတာ…”

“နင်က လုတိုင်းပြည်က မင်းသားလေးတစ်ယောက်လို့ ထင်နေသေးတာလား။ နင်က ငါ့ကို ဒီလိုမျိုးအပြစ်တင်ဖို့အခွင့်အရေးရှိလို့လား…”

ရှဲ့ရှဲ့က မကျေမနပ် အမူအရာနှင့် ပြောလိုက်သည်။

ယုလုက ပြုံးလိုက်ပြီး သူမကို တုံ့ပြန်ခဲ့ခြင်း မရှိချေ။ သူက ပစ္စည်းများကို ဆက်၍ သိမ်းဆည်းနေခဲ့၏။

ထိုအချိန်တွင် ဝမ်ယိဖူကတော့ အနည်းငယ် စိတ်ပျက်နေမိခဲ့သည်။ အကယ်၍ သူသာ ထိုကလေး(၂)ယောက်၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်နေခဲ့ခြင်း မရှိလျှင် စုန့်ကျိရှင်း၏အမေဆီ၌ တာဝန်ထမ်းဆောင်ရန် သဘောတူခဲ့လိမ့်မည် မဟုတ်ချေ။

……………

ချန်းပင်အန်းတို့အဖွဲ့က လမ်းမကြီးအတိုင်း တောင်ဘက်သို့ ရောက်လာခဲ့သည့် အချိန်တွင် အလွန်ရင်းနှီးသော လူငယ်လေးတစ်ယောက် သူ့ဆီသို့ ပြေးလာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုလူငယ်လေးက ချန်းပင်အန်းကို မြင်လိုက်ရသည့် အချိန်တွင် သူ နေ့စဉ် အိပ်မက် မက်နေရသော မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရသည့်အလား အလွန်ဝမ်းသာသွားခဲ့၏။ ထိုလူငယ်လေးကတော့ တခြားလူမဟုတ်ဘဲ ချွေးချန်းဖြစ်သည်။

သူက အပြုံးနှင့်ပြောလိုက်၏။

“ချန်းပင်အန်း ဒီစကားက မင်းအတွက် ရယ်စရာဖြစ်နေမယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အခုငါ မင်းကို လှိုက်လှိုက်လှဲလှဲနဲ့ လေးလေးနက်နက် ပြောမယ်။ ဒီနေ့ကစပြီး ငါက မင်းရဲ့တပည့်ပဲ။ တကယ်လို့ မင်းက ငါ့ကိုတပည့်အဖြစ် လက်မခံဘူးဆိုရင် ငါက ဒီနေရာမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်။ ငါ သေသွားရင် ငါ့အတွက် အုတ်ဂူတစ်ခု လုပ်ပေးဖို့ မမေ့ပါနဲ့။ ပြီးတော့ အုတ်ဂူပေါ်မှာ ‘ချန်းပင်အန်းတပည့်ရဲ့ အုတ်ဂူ’ဆိုတဲ့စကားကိုရေးပေးပါ…”

ချန်းပင်အန်းက တိတ်ဆိတ်သွားခဲ့ပြီး အချိန်တော်တော်ကြာပြီးမှသာ သတိပြန်ဝင်လာပြီး မေးလိုက်သည်။

“မင်းရဲ့အစစ်အမှန်နာမည်ကဘာလဲ…”

“ချွေးတုံရှန်း…”

ချွေးချန်းက အပြုံးနှင့် ပြောလိုက်၏။

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် ငါက အုတ်ဂူပေါ်မှာ မင်းရဲ့နာမည်ကိုပါ ရေးပေးမယ်…”

Translated by Hein Htet.

All Chapters