အခန်း (၁၂၂)
Vol. 9 Ch. 122
ပန်းထိုးမြစ်က အလွန်အမင်းကို သိမ်မွေ့ပြီး လှပသည်။ ညင်သာသော လှိုင်းလုံးလေးများကလည်း အစိမ်းရောင်ရေမျက်နှာပြင်ပေါ်တွင် လှုပ်ရှားနေခဲ့၏။ ရေပြင်က ကျယ်ဝန်းသော်လည်း အလွန်နွေးထွေးသော ခံစားမှုတစ်ခု ပေးနိုင်သည်။
ချန်းပင်အန်းတို့အဖွဲ့ စီးလာသော တောင်ပိုင်းလှေတွင် အထပ်နှစ်ထပ်ရှိနေပြီး အများစုကတော့ စာသင်သားများ၊ ကုန်သည်များနှင့် ခရီးသွားများ ဖြစ်ကြသည်။ လီပေါင်ဖျင်က မရင်းနှီးသောသူများကို မကြောက်ခဲ့ပေ။ သူမက နောက်ကျောတွင် စာအုပ်သေတ္တာငယ်လေးကိုလွယ်ပြီး လူအုပ်ကြီးထဲတွင် လှည့်ပတ်သွားလာနေခဲ့၏။ သူမက ထိုလူများ၏စကားကိုလည်း သေချာနားစိုက်ထောင်နေခဲ့သည်။
ထိုအရာက အလွန်တက်ကြွပြီး သဘောကောင်းသော ကလေးမလေးတစ်ယောက် ဖြစ်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် စာသင်သားများကလည်း သူမကို အလေးမထားကြတော့ပေ။ သူမက အစိမ်းရောင်စာအုပ်သေတ္တာလေးကိုလွယ်ပြီး ခပ်လှမ်းလှမ်းမှနေ၍ နားထောင်နေသည့်အတွက် ဗဟုသုတရှာဖွေရန် ခရီးထွက်လာကြောင်း သိနေခဲ့ကြသည်။ ထို့ကြောင့် သူတို့က စိတ်ထဲတွင် စိုးရိမ်မှုများမရှိဘဲ ဆက်လက်စကားပြောဆိုနေကြ၏။
လီဟွိုင်ကတော့ မြည်းကို ထိန်းချုပ်ပြီး လှေဦးပိုင်းတွင် ရှိနေသော နေရာငယ်လေးတွင် ဝိုင်းပတ်၍ စီးနေခဲ့သည်။ သူ့ပုံစံက တိုင်းပြည်နယ်စပ်ကို စစ်ဆေးရန် ရောက်လာသော စစ်သူကြီးတစ်ယောက်ကဲ့သို့ ထင်ရ၏။ မြည်းဖြူလေးကလည်း လီဟွိုင်တစ်ယောက်တည်းကိုသာ စီးနင်းခွင့်ပြုသည်မှာ အတော်လေးကို ထူးဆန်းနေသည်။ ထို့ကြောင့် လီဟွိုင်က အလွန်ပျော်ရွှင်နေခဲ့၏။
ထိုမြည်းကို ဖုန်းရွှယ်ကျောင်းဆောင် နတ်ဘုရားစင်မြင့်ဂိုဏ်းခွဲမှ ဝေ့ကျင်း၏ လက်ထဲသို့ ပြန်ပေးပြီး သူ့အတွက် လျော်ကြေးတောင်းရန်အတွက်ကိုတော့ လီဟွိုင်က စဉ်းစားခဲ့ခြင်းပင် မရှိပေ။ သူက အရေးပါသောအရာများကို မေ့လျော့ထားခဲ့ပြီး ထိုအရာကို သူ့နားထဲမှ ဖြတ်သွားသော လေလှိုင်းတစ်ခုကဲ့သို့သာ သတ်မှတ်ထားသည်။
လင်းရှို့ယီက ချန်းပင်အန်းဆီကို လျှောက်လာပြီး လှေ၏လက်ရန်းကိုမှီ၍ ထိုင်လိုက်သည်။ သူက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
"အိုက်လျန်က ငါ့ကို ချီကျင့်ကြံသူ တစ်ယောက်လို့ ဘာလို့ပြောခဲ့လဲဆိုတာ မင်းက စိတ်မဝင်စားဘူးလား။ ပြီးတော့ ငါက ချီကျင့်ကြံသူတစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတာ မသိချင်ဘူးလား..."
ချန်းပင်အန်းက သူ၏ဓားငယ်လေးနှင့် အစိမ်းရောင်ဝါးချောင်းလေးကို လှီးဖြတ်နေရာမှ ရပ်တန့်လိုက်ပြီးနောက် အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ငါက သေချာပေါက် စိတ်ဝင်စားတာပေါ့ ။ ဒါပေမဲ့ ငါက မမေးသင့်ဘူးလို့ ခံစားမိတယ်။ မင်းက အဲဒီအကြောင်းအရာတွေကို အလွန်အကျွံ တွေးနေမှာပဲ ငါက စိုးရိမ်နေတာ.."
လင်းရှို့ယီက အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ကျောင်းငယ်လေးမှ တပည့်(၃)ယောက်တည်းတွင် ချန်းပင်အန်းက လီပေါင်ဖျင် တစ်ယောက်တည်းကိုသာ ဂရုစိုက်ကြောင်း မျက်စိမမြင်သူတစ်ယောက်ကပင် ပြောနိုင်သည်။ သူနှင့် လီဟွိုင်တို့ထဲတွင်လည်း ချန်းပင်အန်းက လီဟွိုင်နှင့် ပို၍ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ထိုအရာကလည်း လီဟွိုင်နှင့် ချန်းပင်အန်းတို့က ဆင်းရဲနွမ်းပါးသော လမ်းကြားလေးထဲတွင် ကြီးပြင်းလာခြင်းကြောင့်ဖြစ်နိုင်သလို သူက စကားနည်းပြီး ထိန်းသိမ်းတတ်သူ တစ်ယောက်ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ ထိုလူငယ်လေးကတော့ အသေးအဖွဲ့ကိစ္စများကို ဂရုမစိုက်ခဲ့ပေ။
သို့သော် လင်းရှို့ယီက အနည်းငယ် မျက်နှာပျက်သလို ခံစားမိနေသေးသည်။
"မင်းက ဘူးသီးခြောက်လေးရဲ့ ကြောက်စရာစွမ်းအားတွေကို သိတာလား မသိတာလား..."
သူက မေးလိုက်သည်။
ချန်းပင်အန်းက ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်ပြီး ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။
"အဲဒီဘူးသီးခြောက်လေးက တော်တော်လေး ရှားပါးတဲ့ ဓားအားဖြည့် ဘူးသီးခြောက်ဆိုတာ အိုက်လျန် ကိုယ်တိုင်တောင် ပြောခဲ့တာဆိုမှတော့ အရမ်းကို အဖိုးတန်ပြီး ရှားပါးမယ်ဆိုတာ သေချာတယ်..."
"ဒါဆိုရင် မင်းက လက်သီးသိုင်း လေ့ကျင့်နေတဲ့အချိန် အရက်သောက်ဖို့ ငြင်းဆန်လိုက်တာက ဘယ်လိုအခွင့်အရေးမျိုးကို ဆုံးရှုံးလိုက်ရလဲဆိုတာ သိလား...."
လင်းရှို့ယီက မေးလိုက်သည်။
"ငါကတော့ ဘူးသီးခြောက်ထဲက အရက်ကို သောက်ခဲ့တဲ့အတွက်ကြောင့် ကျင့်ကြံရေးလမ်းကြောင်းပေါ်မှာ တရားဝင်ခြေချနိုင်ပြီး ချီကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့တယ်။ သာမန်လူတွေရဲ့မျက်လုံးထဲမှာတော့ ငါက တောင်တန်းပေါ်မှာ လေ့ကျင့်နိုင်တဲ့ အင်မော်တယ်တစ်ယောက်ဖြစ်လာတယ်..."
"ငါတို့ဒီခရီးလမ်းကို ပထမဆုံး လာခဲ့တဲ့အချိန် ငါက နောက်ကနေ အမီလိုက်ဖို့ အရုန်းကန်ရဆုံး လူတစ်ယောက်ပဲ။ အဲဒီအရက်ကို သောက်လိုက်ပြီးတဲ့အချိန်မှာတော့ ငါ့ရဲ့ခန္ဓာကိုယ်က လုံးဝကို ပြောင်းလဲလာတယ်ဆိုတာ ခံစားမိခဲ့တယ် ။ငါ့ရဲ့အရိုးတွေ၊ ကြွက်သားတွေ၊ အမြင်အာရုံနဲ့ အကြားအာရုံပဲဖြစ်ဖြစ် ၊ ငါ့ရဲ့သက်လုံနဲ့ ခွန်အားတွေပဲဖြစ်ဖြစ် အရာအားလုံးက တိုးတက်လာတယ်။ တခဏအတွင်း ငါက မင်းကိုတောင် အမီလိုက်လာနိုင်ခဲ့တယ်။ မင်းက အဲဒီအရာကို နားမလည်ခဲ့ဘူးလား.."
ချန်းပင်အန်းက အစိမ်းရောင်ဝါးချောင်းလေးကို ကိုင်ထားရင်း အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါတို့တွေ သံအဆောင်မြစ်ကနေ ထွက်လာပြီး သွားစားပွဲတောင်ကို ရောက်လာတဲ့ အချိန်ကတည်းကစပြီး မင်းက တောင်တန်းတွေပေါ်မှာ အေးအေးဆေးဆေး သွားနိုင်နေပြီလေ...."
လင်းရှို့ယီ၏ အမူအရာကတော့ ပြောင်းလဲသွားခဲ့ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"အော်...မင်းက သိနေတာပဲ..."
"အိုက်လျန်က တော်တော်လေးပျင်းတဲ့ လူတစ်ယောက်ပဲ။ သူက အရမ်းအစွမ်းထက်ပေမယ့် အသေးအဖွဲကိစ္စတွေကို ဂရုမစိုက်ဘူး.."
ချမ်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။
"အဖွဲ့ကို ခေါင်းဆောင်နေရတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ငါက လူတစ်ယောက်ချင်းဆီရဲ့ သက်လုံနဲ့ကန့်သတ်ချက်တွေကို ခေါင်းထဲမှာ ထည့်ထားရတယ်။ ငါက ဘယ်အချိန်မှာ အနားယူရမယ် ၊ ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာကိုလည်း နားလည်ထားဖို့ လိုအပ်တယ်။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် မင်းတို့တွေ တစ်ယောက်ချင်းဆီက အရမ်းပင်ပန်းနေသလို မခံစားရဘဲ သက်လုံကလည်း တိုးတက်လာနိုင်တယ်။ ငါတို့ရဲ့ရှေ့မှာရှိတဲ့ ခရီးလမ်းက အရမ်းရှည်သေးတယ်။ ဒါကြောင့် မေင်းတို့တွေက အခက်အခဲတွေ၊ အတားအဆီးတွေကို အများကြီးမကြုံရဖို့ မျှော်လင့်မိတယ်..."
လင်းရှို့ယီက လက်ပိုက်ပြီး ချန်းပင်အန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"တကယ်လို့ ဒီစကားတွေကို တခြားတစ်ယောက်သာ ပြောမယ်ဆိုရင် ငါက ယုံကြည်မှာ မဟုတ်ဘူး.."
ချန်းပင်အန်းက လက်ထဲတွင် ကိုင်ထားသော ဝါးချောင်းလေးကို ဝှေ့ယမ်းပြလိုက်ပြီး အပြုံးနှင့် မေးလိုက်၏။
"ငါက ဒါတွေမှာ တဖြည်းဖြည်း ပိုပြီးတော့ ကျွမ်းကျင်လာပြီ။ ဒါပေမဲ့ ငါ နောက်ဆုံး လုပ်ပေးမယ့် စာအုပ်သေတ္တာလေးက သေချာပေါက် ကြည့်လို့အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဒါကြောင့် ငါက ဒီတစ်ခုကိုတော့ လီဟွိုင်ကို အရင်ဆုံး ပေးလိုက်ရမလား။ ဒီလိုဆိုရင် ငါက ဒီတစ်ခုကို နည်းနည်းခပ်သေးသေး လုပ်လိုက်မယ်..."
လင်းရှို့ယီက မြည်းအိုကြီး စီးနေသော ကလေးငယ်ကိုကြည့်ပြီး ခေါင်းခါ၍ ပြောလိုက်သည်။
"ထားလိုက်ပါ။ ငါ့ရဲ့စာအုပ်သေတ္တာကိုပဲ အရင်ဆုံး လုပ်ပေးပါ။ အနည်းဆုံးတော့ ငါက သူ့ရဲ့ပွစိပွစိစကားသံကို ကြားရသေးတာပေါ့.."
"ဒါဆိုလည်း ငါက ကြိုးများများသုံးပြီး တတ်နိုင်သမျှ ခိုင်အောင် လုပ်ပေးဖို့ကြိုးစားရတာပေါ့..."
ချန်းပင်အန်းက ပြုံးလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းက အစွမ်းထက်တဲ့ အင်မော်တယ်တစ်ယောက်လေ။ ဒါကြောင့် နောက်ပိုင်း မင်းက လေထဲကို ပျံသန်းသွားတဲ့အချိန်ကျရင် စာအုပ်သေတ္တာက မခိုင်ရင် ပျက်စီးသွားလိမ့်မယ်.."
လင်းရှို့ယီက သက်ပြင်းချလိုက်မိ၏။ သူက ဉာဏ်ထိုင်းနေသလို မခံစားခဲ့ရသော်လည်း ချန်းပင်အန်း၏ အတွေးများကို အမီလိုက်ရန် ခက်ခဲနေသည်ဟု ခံစားမိနေခဲ့သည်။ ထိုအချိန်တွင် သူက အချိန်တော်တော်ကြာ စဉ်းစားနေမိခဲ့သော အရာတစ်ခုကို ရုတ်တရက် အမှတ်ရသွားခဲ့၏။ သူက စိတ်ဝင်တစား မေးလိုက်သည်။
"ငါတို့တွေ ခေါင်းအုံးဆက်သွယ်ရေးစခန်းထဲမှာ ရှိနေတဲ့အချိန်တုန်းက အိုက်လျန် ထွက်သွားပြီး သိပ်မကြာခင် ကျူးဟယ်နဲ့ကျူးလုတို့ ထွက်သွားတဲ့အကြောင်း ဘာလို့ လီပေါင်ဖျင်သိအောင် ပြောခဲ့ရတာလဲ..."
ချန်းပင်အန်း၏အမူအရာက လေးနက်လာပြီး တုံ့ပြန်ပြောဆိုလိုက်သည်။
"ငါက လီပေါင်ဖျင်နဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု ရှိနေတယ်လို့ ထင်တာလား ဒါမှမဟုတ် အဲဒီသားအဖနှစ်ယောက်နဲ့ ပိုပြီးကောင်းတဲ့ ဆက်ဆံရေးရှိနေတယ်လို့ ထင်လား..."
"လီပေါင်ဖျင်နဲ့ပေါ့..."
လင်းရှို့ယီက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
ချန်းပင်အန်းက ခေါင်းညိတ်၍ ရှင်းပြလိုက်၏။
"ဒါကြောင့်လည်း ငါက အခြေအနေတစ်ရပ်လုံးကို လီပေါင်ဖျင် သိအောင် ရှင်းပြခဲ့တာ။ သူ့ကလန်က လူတွေ ဘာလုပ်ခဲ့တယ်ဆိုတာ သူ နားလည်ဖို့ လိုအပ်တယ်။ ကျူးလုက ဘယ်လိုလူမျိုးလဲဆိုတာ ငါ ကောင်းကောင်းကြီး နားလည်တယ်။ အိုက်လျန်က သူ့အတွက် တမင်တကာ ထောင်ချောက်တစ်ခု ဆင်ထားခဲ့တဲ့အချိန်မှာတောင် သူကတော့ တွေဝေနေတာမျိုး မရှိခဲ့ဘူး။ အဲဒီအစား သူ့အဖေကျူးဟယ်က ရှေ့ထွက်လာဖို့ မျှော်လင့်နေခဲ့တယ်..."
"သွားစားပွဲတောင်ပေါ်မှာလည်း သူ့ရဲ့လုပ်ရပ်တွေကြောင့် ငါတို့က ဒုက္ခရောက်ခဲ့တယ်။ ဒါပေမဲ့ ငါတို့အားလုံး ဘာမှမဖြစ်ခဲ့တဲ့အတွက် ငါက သူ့ကိုခွင့်လွှတ်ပေးနိုင်ခဲ့တယ်။ သူက သူ့အဖေအတွက် အစိုးရိမ်လွန်ပြီး ကယ်တင်ချင်နေတဲ့အတွက် စိတ်မထိန်းနိုင်ဘူးလို့ နားလည်ပေးခဲ့တယ်။ တကယ်လို့ ငါသာ သူ့နေရာမှာဆိုရင်လည်း ပိုပြီးတော့ကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါက ဒေါသထွက်နေပေမယ့် သူ့ကို အပြစ်တင်တဲ့စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ ခေါင်းအုံးဆက်သွယ်ရေးစခန်းမှာ သူ့ရဲ့လုပ်ရပ်တွေကတော့ လုံးဝခွင့်လွှတ်လို့မရနိုင်ဘူး။ သူ့ရဲ့သခင်မလေး လီပေါင်ဖျင်ကို ဘေးဖယ်ထားလိုက်မယ်ဆိုရင်တောင် ကျူးလုက တန်ကြေးတစ်ခုခုအတွက် လူတိုင်းကို အချိန်မရွေး သစ္စာဖောက်သွားနိုင်တယ်..."
ချန်းပင်အန်း၏စကားသံထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာပြီး ဆက်ပြောလိုက်သည်။
"တကယ်လို့ သူသာ မပြောင်းလဲဘူးဆိုရင် သူ့ရဲ့လုပ်ရပ်တွေကြောင့် သူ့အဖေ သေသွားမယ့်အချိန်ကို တဖြည်းဖြည်း ရောက်လာနိုင်တယ်။ ဖယောင်းတိုင်နီမြို့ကနေ အသက်ရှင်ရက် ထွက်လာပြီးသွားတဲ့အချိန်ကျရင် ကျူးဟယ်လို သဘောကောင်းတဲ့ လူတစ်ယောက်က သူ့သမီးရဲ့ လက်ထဲမှာ သေသွားတာကို ငါ မမြင်ချင်ဘူး။ သူကတော့ သူ့ရဲ့အဖေနဲ့ ဝမ်းမြောက်ဝမ်းသာသွားလာနိုင်သေးတော့ ဒီဘဝကြီးက ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာကို နားမလည်နိုင်သေးဘူး..."
"ဒီကမ္ဘာကြီးထဲမှာရှိတဲ့ မိဘတွေအားလုံးက မိဘကောင်းတွေလို့ မင်းက တွေးထားတာလား.."
လင်းရှို့ယီက အေးစက်စွာ မေးလိုက်သည်။
"ငါက တခြားသူတွေကို ဂရုမစိုက်ဘူး။ ငါ့ရဲ့မိဘတွေကတော့ အရမ်းကောင်းတဲ့ မိဘတွေပဲ.."
ချန်းပင်အန်းက ပြတ်သားစွာ ပြောလိုက်သည်။
လင်းရှို့ယီ၏မျက်နှာက အနည်းငယ် မည်းမှောင်သွားခဲ့၏။ သို့သော် ချန်းပင်အန်း နောက်ထပ်ပြောလိုက်သောစကားကြောင့် သူ၏ခံစားချက်များက အနည်းငယ်သက်သာရာ ရသွားခဲ့၏။
"ကျူးဟယ်က လူကောင်းတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့သမီးကို ဘယ်လို ဆုံးမရမလဲဆိုတာ မသိဘူး။ သူ့သမီးရဲ့လုပ်ရပ်တွေက မှားနေတယ်ဆိုတာကိုတောင် သူကတော့ ဘယ်လိုသင်ပေးရမလဲဆိုတာ မကြိုးစားဘူး။ ငါက ဒါကို နားမလည်နိုင်ဘူး။ လင်းရှို့ယီ ... မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ။ ဘာလို့ဒီလိုမျိုးဖြစ်ရလဲဆိုတာကိုသိလား..."
လင်းရှို့ယီက အနည်းငယ် ပင်ပန်းသွားပုံရပြီး ပြန်ဖြေလိုက်သည်။
"ဒါက သူ့ရဲ့အားနည်းချက်တစ်ခုလည်း ဖြစ်နိုင်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် မိဘမေတ္တာဆိုတဲ့ သဘောတရားကို ကမ္ဘာကြီးထဲမှာရှိတဲ့ မိဘတိုင်း မကျင့်သုံးနိုင်ဘူး။ ချန်းပင်အန်း ... မိသားစုတိုင်းမှာ ကိုယ်ပိုင်အခက်အခဲတွေ ရှိကြတာပဲ။ မင်းရဲ့မိဘတွေက အစောကြီး သေသွားခဲ့တဲ့အတွက်ကြောင့် မင်းက ဒီလိုကိစ္စတချို့ကို စိုးရိမ်နေဖို့ မလိုအပ်ဘူး။ ဒါပေမဲ့ ငါကလည်း အဲဒီလိုကိစ္စတွေကို ပြောပြဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူး။ တကယ်လို့ ဒီစကားတွေက ကြားရတာ အဆင်မပြေရင် ငါပြောခဲ့တဲ့ စကားတွေကို လျစ်လျူရှုထားလိုက်ပါ. "
ချန်းပင်အန်းက လက်ကာပြပြီး အပြုံးနှင့် ပြောလိုက်သည်။
"အဲဒီလိုလည်း မဟုတ်သေးပါဘူး။ နားထောင်လို့ အဆင်ပြေပါတယ်.."
လင်းရှို့ယီက ချန်းပင်အန်း၏ဆံပင်ကိုကြည့်ပြီး ပြောလိုက်သည်။
"မင်းရဲ့ဆံထိုးက ဒီလိုမျိုးပျောက်သွားတာကို မင်းက လိုက်မရှာဘူးလား…"
ချန်းပင်အန်းက ဝါးချောင်းလေးများနှင့်ဆက်၍ အလုပ်ရှုပ်နေခဲ့သည်။ သူက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
"အဲဒါကို ရှာလို့မတွေ့ဘူး။ ငါ့လို လူတစ်ယောက်က ဒီလိုအဖိုးတန်ပစ္စည်းတစ်ခုကို ဂရုမစိုက်ဘဲ အလွယ်တကူ လက်လွှတ်ခံမယ်လို့ မင်းက ထင်နေတာလား.."
လင်းရှို့ယီ၏အမူအရာက ထူးဆန်းသွားခဲ့ပြီး သူ့ကို ပြန်ပြောလိုက်သည်။
"ဒါကြောင့်လည်း ငါက မင်းနဲ့ နာမည်ချင်း လဲသင့်တယ်လို့ အိုက်လျန်က ပြောခဲ့တာပဲ..."
"ဒီစကားလုံးရဲ့နောက်ကွယ်မှာ ပိုပြီးလေးနက်တဲ့အဓိပ္ပာယ် ရှိနေသေးတာလား..."
ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်သည်။
သို့သော် လင်းရှို့ယီကတော့ ခေါင်းစဉ်ပြောင်းလိုက်၏။ သူက ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး ကျွမ်းကျင်လက်မှုပညာရှင်တစ်ယောက် ဖြစ်သော ချန်းပင်အန်းကို ပြောလိုက်သည်။
"မင်းက စာအုပ်သေတ္တာရဲ့ ဒီအပိုင်းလေးမှာ အကွေးနည်းနည်းလောက် ထည့်လို့ရမလား။ မဟုတ်ရင် ဒါက ဖြောင့်တန်းပြီး ပျင်းစရာ ကောင်းနေလိမ့်မယ်။ တကယ်လို့ ဒီစာအုပ်သေတ္တာလေးမှာ အကွေးနဲ့ အဖြောင့်တွေ ညီမျှနေမယ်ဆိုရင်တော့ အဝေးကနေ ကြည့်နေရင်တောင် တော်တော်လေးကြည့်လို့ကောင်းလိမ့်မယ်.."
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ငါ အကောင်းဆုံးကြိုးစားပေးမယ်။ ဒါပေမဲ့ ပုံစံမလှရင်တော့ ငါ့မှာ တာဝန်မရှိဘူးနော်.."
ချန်းပင်အန်းက စကားကို အမှန်အတိုင်းသာ ပြောတတ်သော လူတစ်ယောက် ဖြစ်ကြောင်း သိနေခဲ့သည့်အတွက် လင်းရှို့ယီက အနည်းငယ် စိုးရိမ်လာခဲ့သည်။
"မလုပ်တော့ဘူး။ အဲဒီလို အရာမျိုး မလုပ်တော့ဘူး.."
သူက အလျင်အမြန် ပြန်ပြောလိုက်ရသည်။
"သွားစားပွဲတောင်က ဝါးချောင်းတွေက အရမ်းတန်ဖိုးရှိပြီး ရှားတယ်။ တစ်ချောင်း သုံးလိုက်ရင် တစ်ချောင်းလျော့သွားမှာပဲ။ စာအုပ်သေတ္တာက အဆင်ပြေပြီး ကြံ့ခိုင်ရင် လုံလောက်ပြီ။ ချန်းပင်အန်း… မင်းက ဝါးကို ဓားနဲ့ဖြတ်တဲ့အချိန်မှာ နည်းနည်းလောက် နှေးလို့ရနိုင်မလား။ မင်းက ပုံစံဖော်တဲ့ အချိန်ကျရင် နည်းနည်းလောက်ရပ်ပြီး စဉ်းစားကြည့်ပါဦး။ မင်းက သေချာစဉ်းစားဖို့ လိုအပ်တယ်လေ.."
သို့သော် ချန်းပင်အန်း၏ လှုပ်ရှားမှုများကတော့ အလွန်လျင်မြန်နေခဲ့၏။ သူက ဓားလေးနဲ့ ဝါးများကို ဆက်၍ ဖြတ်တောက်နေခဲ့သည်။ ဝါးအပိုင်းအစလေးများက ကြမ်းပြင်ပေါ်သို့ ဆက်၍ ပြုတ်ကျလာနေခဲ့၏။ ချန်းပင်အန်းက ထိုအရာများကို ကောက်ယူပြီး သူ၏ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
လင်းရှို့ယီက အလွန်စိုးရိမ်နေသည်ကို မြင်လိုက်ရသည့်အခါ ချန်းပင်အန်းက ရယ်ချင်စိတ်ကို ထိန်းပြီး ပြောလိုက်၏။
"ငါက မင်းရဲ့စာအုပ်သေတ္တာကို နောက်ဆုံးမှ လုပ်ပေးရင် မကောင်းဘူးလား…"
"ငါ့နာမည်က လင်းရှို့ယီ။ ငါက ကိုယ့်စကားကိုယ် ရုတ်သိမ်းလို့ရမလား.."
လူငယ်လေးက ဒေါသထွက်နေသော အမူအရာနှင့် ပြောလိုက်သည်။
အိုက်လျန်က တခြားသူများအပေါ် စနောက်ရခြင်းကို ဘာကြောင့် အလွန်သဘောကျနေကြောင်း ချန်းပင်အန်းက ရုတ်တရက် နားလည်သွားခဲ့သည်။ ထိုအရာက အလွန်ကောင်းမွန်သော ခံစားချက်တစ်ခုဖြစ်၏။
ထိုအချိန်တွင် လီဟွိုင်က သူ့မြည်းကို ဆွဲလာပြီး သူတို့ဆီကို ဒယိမ်းဒယိုင် အမူအရာနှင့် လျှောက်လာ၍ မေးလိုက်၏။
"ချန်းပင်အန်း..
အိုက်လျန် မနက်ဖြန်ပြန်လာမယ်လို့ ထင်လား.."
"မင်း မေ့သွားပြီလား..."
ချန်းပင်အန်းက သူ့ကိုမော့ကြည့်ပြီး မေးလိုက်သည်။
လီဟွိုင်က ပါးစပ်ကို လက်နှစ်ဖက်နှင့် အလျင်အမြန် အုပ်လိုက်၏။ ခဏကြာပြီးနောက် သူက လက်နှစ်ဖက်ကို ချလိုက်ပြီး ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင်မှ သူက မြည်းကို လက်ထဲမှ လွှတ်ပေးလိုက်ပြီး ချန်းပင်အန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်၏။
သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ဒါဆိုရင်လည်း နောက်တစ်နေ့မှပေါ့။ အဲဒါဆိုရင်လည်း အဆင်ပြေပါတယ်။ ငါတို့ လှေပေါ်ကနေ ဆင်းတဲ့အချိန်ထိ သူ့ကို စောင့်နေဦးမယ်။ အဲဒီအချိန်ရောက်လို့မှ အိုက်လျန် ပြန်မလာဘူးဆိုရင်တော့ ငါက သူ့ကို မိတ်ဆွေတစ်ယောက်လို့ မသတ်မှတ်တော့ဘူး။ ချန်းပင်အန်း ငါက အရမ်းသဘောကောင်းတယ် မဟုတ်လား။ ငါပြောတာ ဟုတ်တယ်မလား။ အဲဒီအချိန်ကျရင်တော့ အိုက်လျန်က ဒူးထောက်တောင်းပန်မယ်ဆိုရင် မင်းက သူ့အတွက် စကားနည်းနည်းပြောပေးလို့ ရနိုင်တယ်။ ဒါဆိုရင်တော့ ငါက သူ့ကို နောက်တစ်ကြိမ် မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးပေးမှာပေါ့.."
လင်းရှို့ယီကတော့ မျက်လုံးမှိတ်နေပြီး သူ့အတန်းဖော်ကို လုံးဝလျစ်လျူရှုထားခဲ့သည်။ ထိုအရာက လီဟွိုင်ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
လင်းရှို့ယီက ထိုကဲ့သို့ အမြင်ကတ်စရာကောင်းသော လူတစ်ယောက်ကို လုံးဝမမြင်ဖူးပေ။ အမှန်အတိုင်း ပြောရလျှင်တော့ တစ်နေ့နေ့ ကံဆိုးမှုများ ကျရောက်လာလျှင် လီဟွိုင်၏ကံဆိုးမှုအပေါ် သူက ဝမ်းသာနေမလား သိချင်နေခဲ့သည်။
ထိုအချိန်တွင် မြည်းတစ်ကောင်၏အော်သံနှင့် ကလေးတစ်ယောက် ကုန်းပတ်ပေါ်သို့ လဲကျသွားသောအသံကို ကြားလိုက်ရသည်။
လီဟွိုင်က အသံကြားသည့်နေရာကို လှမ်းကြည့်လိုက်ရာ အနည်းငယ် အံ့သြသွားခဲ့၏။ မြည်းဖြူက သူ့အလိုလို ပြဿနာသွားရှာနေခဲ့သည်။ ကလေးငယ်က မြည်းကို စနောက်ရန် လှည့်ပတ်ပြေးလွှားနေခဲ့သော်လည်း မြည်းဖြူကတော့ အလွန်ဒေါသကြီးသည်။ သူက လုံးဝကို လက်မခံခဲ့ပေ။
သူက လူကို တိုက်ခိုက်ခဲ့ခြင်းမရှိသော်လည်း သူ့ကိုလာ၍ ပြဿနာရှာနေသော ကလေးငယ်ကို ခြောက်လန့်ပစ်နိုင်ခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ ထိုကဲ့သို့ လုပ်ဆောင်ရန်မှာ မြည်းက ကုန်းပတ်ပေါ်တွင် ကဆုန်ပေါက်နေခဲ့ခြင်းဖြစ်သည်။ ကလေးငယ်ကတော့ အလွန်ကြောက်လန့်သွားခဲ့သည့်အတွက် နောက်ထပ်ပင် မငိုရဲတော့ချေ။
ချန်းပင်အန်းက သူ့ဓါးနှင့် ဝါးချောင်းလေးများကို ချက်ချင်း သိမ်းလိုက်ပြီး အလျင်အမြန် လျှောက်သွားခဲ့၏။ သူက ကလေးငယ်ကို ဂရုတစိုက် ကူညီပေးခဲ့သည်။ ထို့နောက် မြည်းဖြူကို လှည့်ပြီး စိတ်အေးအေး ထားရန် အချက်ပြလိုက်၏။
မြည်းက အနည်းငယ် လှုပ်ရှားနေသော်လည်း ချန်းပင်အန်း၏ လက်ဟန်ခြေဟန်ကို မြင်သည့်အချိန်တွင် ကဆုန်ပေါက်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။သူက နေရာတွင်သာ တိတ်တဆိတ် ရပ်နေခဲ့၏။
ထိုအခါ ပိုးဖဲဝတ်ရုံ ဝတ်ဆင်ထားသော ကလေးငယ်က သူ့ကို ကူညီပေးရန် ကြိုးစားနေသည့် ချန်းပင်အန်း၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ လှေ၏ ဒုတိယထပ်မှနေ၍ သူ၏အကြီးအကဲများ ပြေးလာနေသည်ကို မြင်လိုက်ရသည့် အချိန်တွင် သူက ကျယ်လောင်စွာ အော်ဟစ်နေခဲ့၏။
အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူသန်ကြီး၏ ခြေတစ်လှမ်းက သာမန်လူတစ်ယောက်၏ ခြေလှမ်း (၃)လှမ်းစာခန့် ရှိသည်။ သူက တခဏအတွင်း ကလေးငယ်၏ အနားကိုရောက်လာပြီး ဆောင့်ကြောင့်ထိုင်၍ တိတ်တဆိတ် မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ သခင်လေးယု.."
ချန်းပင်အန်းက ခိုးကြောင်ခိုးဝှက် ထွက်ပြေးရန် ကြိုးစားနေသော လီဟွိုင်ကို လက်ကာပြလိုက်သည်။ လီဟွိုင်က ကြောက်လန့်မှုကြောင့် နောက်ဆုတ်သွားသည့် အချိန်တွင် ချန်းပင်အန်း၏အကြည့်ကို မြင်လိုက်ရ၏။ သူက နောက်တစ်ကြိမ် ထွက်ပြေးရဲခြင်း မရှိချ။
သူက ချန်းပင်အန်း၏ အနားသို့ လမ်းလျှောက်လာပြီး စိုးရိမ်နေသော အမူအရာနှင့် ပြောလိုက်၏။
"ငါ့ရဲ့မြည်းဖြူလေးက အကြောင်းပြချက်မရှိဘဲ လူတွေကို သေချာပေါက် ကိုက်မှာ မဟုတ်ဘူး။ ငါ မင်းကို မလိမ်ဘူး ချန်းပင်အန်း.."
"ဒါပေမဲ့ မင်းက သူတို့ကို တောင်းပန်ဖို့လိုသေးတယ်.."
ချန်းပင်အန်းက တိုးတိုးလေး ပြောလိုက်သည်။
လီဟွိုင်က မော့ကြည့်လိုက်ပြီး မကျေမနပ် ဖြစ်နေသည့်အသံနှင့် ပြောလိုက်သည်။
"ဒါပေမဲ့ ဘာလို့တောင်းပန်ရမှာလဲ။ အဲဒီကလေးက အရင်ဆုံး ငါ့ရဲ့မြည်းကို ရန်စတာလေ။ ငါ့ရဲ့မြည်းကလည်း သူ့ကို ထိခိုက်အောင် မလုပ်မှတော့ ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ။ အဲဒီကလေးကပဲ ငါ့ကိုတောင်းပန်သင့်တာ.."
ချန်းပင်အန်းက ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး လီဟွိုင်ကို ရှင်းပြရန် ပြင်လိုက်သည်။ သို့သော် လီပေါင်ဖျင်က အဝေးမှနေ၍ ပြန်ပြေးလာပြီး ချန်းပင်အန်း၏ အနားတွင် ရပ်လိုက်သည်။ တချိန်တည်းတွင် လင်းရှို့ယီကလည်း မတ်တပ်ရပ်လိုက်၏။ သို့သော် သူကတော့ သူတို့၏ပစ္စည်းများကိုလည်း စောင့်ကြည့်နေရန် လိုအပ်သေးသည်။
ကလေးငယ်၏နောက်တွင် ရပ်နေသော လူတစ်ယောက်က ဒေါသတကြီးအော်ဟစ်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်၏။
"ရိုင်းစိုင်းလိုက်တဲ့ကောင်လေးတွေ... မင်းတို့က လူကိုဒဏ်ရာရအောင်တောင် လုပ်ရဲတာပဲ..."
ထိုအရာကတော့ အရာရှိတစ်ယောက်၏ အငွေ့အသက်မျိုး ထွက်ပေါ်လာနေသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။ သူက မျက်နှာပျက်ပျက်နှင့် ချန်းပင်အန်း တစ်ဖွဲ့လုံးကို စိုက်ကြည့်လိုက်၏။
"မင်းတို့ရဲ့အစောင့်အရှောက်တွေ ဘယ်မှာလဲ။ သူတို့ကို ဒီနေရာခေါ်လိုက်."
ချန်ပင်အန်း၏ မျက်နှာအမူအရာက တည်ငြိမ်သွားခဲ့ပြီး တိတ်တဆိတ် ပြောလိုက်သည်။
"လီဟွိုင်..."
ချန်းပင်အန်း၏နောက်တွင် မျက်နှာတစ်ဝက် ဖုံးကွယ်ထားသော လီဟွိုင်က ကြောက်လန့်စွာ ပြောလိုက်၏။
"ကျွန်တော့်ရဲ့မြည်းဖြူလေးကို ကြည့်မထားမိတာ ကျွန်တော့်ရဲ့အမှားပါ။ အကြီးအကဲရဲ့ကလေးကို ခြောက်လှန့်မိတဲ့အတွက် တောင်းပန်ပါတယ်.."
လူစိမ်းများကို တောင်းပန်ရန် သတ္တိမွေးလိုက်ပြီးနောက် လီဟွိုင်က ချက်ချင်း မွန်းကြပ်သွားခဲ့သည်။ အိုက်လျန်က သူ့ကို တစ်ကြိမ်စနောက်ခဲ့ဖူး၏။ သူက အိမ်တွင်သာ ပြောဆိုရဲသော ကြက်ကလေးတစ်ကောင်ဖြစ်ပြီး အပြင်ဘက်ကို ရောက်သည့်အချိန်တွင်တော့ အသံတိတ်နေတတ်သည်။ သူ၏ပြောဆိုမှုကလည်း အမှန်တကယ်ကို တိကျနေခဲ့၏။
ချန်းပင်အန်းက လီဟွိုင်၏ခေါင်းကို ပုတ်လိုက်ပြီး သက်လတ်ပိုင်းလူကြီးကိုလှည့်၍ မေးလိုက်သည်။
"ကျွန်တော်တို့ လုပ်ပေးလို့ရတဲ့ အရာတစ်ခုခုများ ရှိလား..."
သက်လတ်ပိုင်းလူကြီးက ခနဲ့သလို ပြောလိုက်၏။
"ကလေးတစ်ယောက်ရဲ့ပါးစပ်ကနေ စကားကြီး စကားကျယ်တွေ ထွက်လာပါလား။ မင်းတို့ရဲ့အကြီးအကဲတွေ၊ မိဘတွေကိုပဲ ထွက်လာပြီး စကားပြောခိုင်းလိုက်.."
အလွန်ချောမောလှပသော်လည်း မျက်နှာပျက်နေသည့် အမျိုးသမီးတစ်ယောက် ကလေးငယ်ကို ပွေ့ချီထားသည်။ သူမက ကလေးငယ်ရှင်းပြသည့် အခြေအနေကို နားထောင်နေရင်း တဖြည်းဖြည်း မျက်နှာပျက်လာခဲ့သည်။ အထူးသဖြင့် ကလေးငယ်က ထိုမြည်း၏ကြမ်းတမ်းခက်ထန်သော အပြုအမူကို ပြန်ပြောသည့်အချိန်မျိုးတွင် ဖြစ်သည်။
ထိုမြည်းက အနားတွင် ရောက်လာသူများကို ခြေထောက်နှင့် ကန်ပြီး လိုက်ကိုက်နေသည်ဟု ပြောခဲ့၏။ အကယ်၍ သူသာ မြန်မြန်မပြေးလျှင် ထိုမြည်းက သူ့လက်မောင်းကိုလည်း သေချာပေါက် ကိုက်ပစ်နိုင်သည်ဟု ပြောခဲ့သည်။
အမျိုးသမီးက ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
"ရှင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှလုပ်မပေးနိုင်ဘူးလား။ ရှင်က မြို့တော်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့တာ။ ဒါတောင် သားရဲတစ်ကောင်က ရှင့်ရဲ့သားကို နာကျင်အောင် လုပ်လိုက်တာကို ခွင့်ပြုနိုင်သေးတာလား။ တကယ်လို့ ရှင်က အရှက်မရှိရင်တောင် ကျွန်မကတော့ မိန်းမတစ်ယောက်ဆိုတော့ ရှင့်ကိုယ်စား ရှက်မိတယ်..."
ချန်းပင်အန်းက ပင့်သက်ရှိုက်လိုက်ပြီး မျက်နှာပျက်နေသော သက်လတ်ပိုင်းလူကြီးကို ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ အကြီးအကဲတွေက ကျွန်တော်တို့နဲ့အတူ ပါမလာဘူး။ ကျွန်တော်က အရာအားလုံးကို တာဝန်ယူထားရတဲ့သူပါပဲ.."
အမျိုးသမီးက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေပြီး ချန်းပင်အန်းတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"သူက ခြေ(၄)ချောင်းသတ္တဝါတစ်ကောင်ကိုတောင် ကောင်းကောင်းမထိန်းချုပ်နိုင်တာ လူတွေကို ဘယ်လိုများ ထိန်းချုပ်နိုင်မှာလဲ။ မိမဆုံးမ ဖမဆုံးမလေးတွေ…."
လီပေါင်ဖျင်က ဒေါသထွက်သွားခဲ့ပြီး သူမ၏မျက်နှာလေးက နီရဲလာခဲ့သည်။
"ဒီမြည်းဖြူလေးက အမိန့်ကို အရမ်းနာခံတတ်တယ်။ တကယ်လို့ ကျွန်မတို့ တစ်ခုခု အမှားလုပ်မိခဲ့တယ်ဆိုရင် ကျွန်မတို့က ပြန်ပြီးတောင်းပန်မယ်။ ဒါပေမဲ့ ကျွန်မတို့မလုပ်ခဲ့တဲ့ အရာအတွက်တော့ ကျွန်မတို့က မတောင်းပန်နိုင်ဘူး။ ရှင်က အဲဒီကလေးကို ဘာလို့ နောက်တစ်ကြိမ် ထပ်မမေးရတာလဲ။ ရှင်က အခြေအနေမှန်ကို သေချာမသိဘဲ စွပ်စွဲနေတာပဲ..."
လင်းရှို့ယီကလည်း မျက်နှာပျက်နေပြီး သူ၏လက်ကို ရင်ဘတ်ထဲသို့ ထည့်ထားခဲ့သည်။ အဝါရောင်အဆောင်စာရွက်တစ်ထပ်က အဆင့်အမျိုးမျိုးရှိသည်။ လင်းရှို့ယီ၏ကျင့်စဉ်အဆင့်နှင့် ခန္ဓာကိုယ်အစွမ်းအရ သူက အနိမ့်ဆုံးအဆင့် အဆောင်(၃)မျိုးကိုသာ ထိန်းချုပ်နိုင်စွမ်းရှိသည်။
ချန်းပင်အန်းက လင်းရှို့ယီကို လျင်မြန်စွာ စိုက်ကြည့်လိုက်ပြီး သူ့အခြေအနေကို မေးမြန်းလိုက်သည်။ လင်းရှို့ယီက သူ့ကို ခေါင်းညိတ်ပြီး အချက်ပြလိုက်၏။ ယင်နတ်ဘုရားကလည်း ဤနေရာနှင့် မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။ သူက ယင်နတ်ဘုရားနှင့် ဆက်သွယ်ထားသည့်အတွက် ယင်နတ်ဘုရားက အချိန်မရွေး ပေါ်လာနိုင်၏။
ချန်းပင်အန်းက ဆက်မကြည့်တော့ဘဲ သက်လတ်ပိုင်းလူကြီးကို တည်ငြိမ်စွာ ပြောလိုက်သည်။
"အမျိုးသမီးက ကျွန်တော်တို့ကို ခွင့်လွှတ်နိုင်ဖို့ မျှော်လင့်ပါတယ်..."
Translated by Hein Htet.