အခန်း (၁၃၃)
Vol. 9 Ch. 133
အကယ်၍ ဘဝကို မြစ်တစ်စင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက မထင်မှတ်ထားသော တွေ့ဆုံမှုများသည် ခဏတာ ဖြတ်သန်းသွားသော ရေစီးကြောင်းများနှင့်တူပြီး ခဏတာ တွေ့ဆုံပြီးသွားသည့်အခါ ကိုယ့်လမ်းကိုယ် သွားလေ့ရှိကြသည်။
ရွှမ်ကုကျီဟု ခေါ်ဝေါ်သည့် မျက်မမြင် တာအိုဘုန်းတော်ကြီးက အချိန်တော်တော်ကြာ တိတ်ဆိတ်စွာ ရှိနေခဲ့သည်။ တပည့်ဖြစ်သူ ကျိုးအာက ထိုအနေအထားနှင့် အနည်းငယ် စိမ်းသက်နေခဲ့၏။
မသန်စွမ်းလူငယ်လေးက မြွေကျောက်တုံးကို ပေးလိုစိတ် မရှိခဲ့သော်လည်း ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး မကြာခဏ စိတ်ဆိုးဒေါသထွက်တတ်သည့် သူ့ဆရာဆီ ထိုကျောက်တုံးကို ပေးလိုက်ရန် ဆုံးဖြတ်ခဲ့သည်။
တာအိုဘုန်းတော်ကြီးက ချောမွေ့ပြီး လှပသည့် ထိုကျောက်တုံးကို ယူလိုက်ပြီး လက်ဖဝါးထဲတွင် ဂရုတစိုက် စစ်ဆေးကြည့်နေခဲ့သည်။ ထို့နောက် အံ့ဩစရာကောင်းစွာပင် သူက ထိုကျောက်တုံးကို လူငယ်လေးထံ ပြန်ပေးပြီး ပြောလိုက်၏။
"ဒါက မင်းအတွက်ပဲ ..။ သိမ်းထားလိုက်…"
မသန်စွမ်းလူငယ်လေးက ထိုကျောက်တုံးကို ပြန်လည်လက်ခံရင်း လုံးဝမှင်တက်သွားခဲ့သည်။ သူက ကလေးမလေး ကျိုးအာကို လှည့်ကြည့်လိုက်သည့်အခါ သူမကလည်း သူတို့ဆရာ၏အတွေးကို နားမလည်ကြောင်း ခေါင်းကို ခပ်ဖွဖွ ခါယမ်းပြလိုက်သည်။
"မသန်စွမ်းကောင်လေး…
ဒါက မင်း၏ကံကြမ္မာအခွင့်အလမ်းပဲ။ ဆရာ ယူလို့ရတဲ့ အရာမဟုတ်ဘူး။ တကယ်လို့ ငါက ဒါကို တကယ်ယူဖို့ ကြိုးစားခဲ့မယ်ဆိုရင် ဆိုးကျိုးတွေပဲ ဖြစ်လာလိမ့်မယ်…" တာအိုဘုန်းတော်ကြီးက ရှင်းပြသည်။
"မင်း ဘယ်လိုထင်လို့လဲ…။ အဲဒီလူငယ်လေး ချန်းပင်အန်းက နောက်ထပ် ဆက်သွယ်ရေးစခန်းကို ရောက်တဲ့အချိန်ကျရင် လုံချွမ်တိုင်းပြည်ကို စာတစ်စောင်ပို့မယ်လို့ ပြောခဲ့တယ်။ ငါ့ရဲ့ခန့်မှန်းမှုအရ မင်းအစား ငါသာ မုန့်ဆိုင် ဒါမှမဟုတ် ကုန်စုံဆိုင်ဆီ အဲဒီကျောက်တုံးကို ယူသွားခဲ့မယ်ဆိုရင် လုံချွမ်တိုင်းပြည်ထဲမှာ ငါတို့နေထိုင်ဖို့အတွက် ဒုက္ခရောက်လိမ့်မယ်။ သူတို့က ငါတို့ကို ဒုက္ခပေးဖို့ ကြိုးစားမှာ မဟုတ်ငေါတို့အခြေချနေထိုင်ဖို့ ခက်ခဲလာမှာ သေချာတယ်။ ကျင့်ကြံဖို့ တောင်တစ်လုံး ရှာဖွေတာလည်း ပိုပြီးခက်ခဲလာလိမ့်မယ်…"
"အော်..."
မသန်စွမ်းလူငယ်လေးက ပြန်ဖြေလိုက်သည်။ သူက ဉာဏ်များတတ်သူ တစ်ယောက် မဟုတ်သည့်အတွက် ထိုကဲ့သို့သော ကိစ္စရပ်များကို နားလည်ရန် ဉာဏ်ကောင်းနေခြင်း မရှိချေ။
မျက်မမြင် တာအိုဘုန်းတော်ကြီးက ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်သည်။
“မင်းတို့ နှစ်ယောက်လုံးက တကယ့်ကို ကံကောင်းတဲ့လူတွေပဲ…"
ကလေးမလေး ကျိုးအာက သူမ၏အစ်ကိုထက် ပို၍စူးစမ်းတတ်သူဖြစ်သည့်အတွက် သူမက ပြန်မေးလိုက်သည်။
"ဆရာ…
အဲဒီအစ်မကြီးနှင့် သူမ၏အဖွဲ့သားတွေဆီမှာ နောက်ခံအင်အားကြီးတွေ ရှိနေတာလား…"
တာအိုဘုန်းတော်ကြီးက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"အဲဒီလူငယ်လေးပြောခဲ့တဲ့ လုံချွမ်တိုင်းပြည်ဆိုတာ တာ့လီအင်ပါယာရဲ့ ကောင်းကင်ယံမှာ ပျံဝဲနေခဲ့တဲ့ လီကျူးသုခဘုံ ပြိုကွဲပြီး မြေပြင်ကို ပြုတ်ကျလာတဲ့အတွက် ပေါ်လာခဲ့တာပဲ။ ကွန်ဖြူးရှပ်ပညာရှင် ချီကျင့်ချွန်က အဲဒီသုခဘုံကို နှစ်ပေါင်း(၆၀)ကျော် စောင့်ရှောက်ခဲ့တယ်။ စာအုပ်သေတ္တာလေးတွေ သယ်ထားတဲ့ ကလေးတွေ အားလုံးက အရမ်းဉာဏ်ကောင်းကြတယ်။ ပြီးတော့ သူတို့က တာ့ဆွေတိုင်းပြည်ထဲမှာရှိတဲ့ ကျောင်းတော်ကို ခရီးထွက်လာတယ်လို့ ပြောခဲ့ကြတယ်။ ဒီလိုဆိုရင် သူတို့က ဘယ်သူရဲ့တပည့်များဖြစ်မှာလဲ…"
ကလေးမလေးက အနည်းငယ် အားကျသွားပြီး ပြောလိုက်သည်။ "ကွန်ဖြူးရှပ်ပညာရှင်ရဲ့တပည့်တွေ.. တော်တော်ထူးခြားတာပဲ…"
"အဲဒီလို မဟုတ်ရင် ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်းက အဆင့်တစ်ဆင့်တက်ပြီး တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာလာချင်း သူတို့ကို ကယ်တင်ဖို့ အလျင်အမြန် ရောက်လာမှာတဲ့လား…"
တာအိုဘုန်းတော်ကြီးက လှောင်ရယ်နေရင်း ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကလေးတွေကို စောင့်ကြပ်နေတဲ့ ယင်နတ်ဘုရားက ထူးခြားတဲ့အစွမ်းတွေ ရှိနေတဲ့အပြင် ကြောက်စရာသရဲမရဲ့ တောင်တန်းအုတ်မြစ်နဲ့ မြစ်ချောင်းတွေရဲ့အရင်းအမြစ်ကို ခြိမ်းခြောက်နိုင်ခဲ့တယ်။ အဲဒီကလေးတွေထဲမှာ တစ်ယောက်မှ ရိုးရှင်းတဲ့သူ မရှိဘူး…"
သူက စိတ်လှုပ်ရှားနေသော အသံနှင့် ပြောလိုက်သည်၊
"သူတို့ရဲ့ အနာဂတ်အလားအလာက အကန့်အသတ်မရှိဘူး။ လုံးဝကို အကန့်အသတ်မရှိတာ…"
ကလေးမလေး ကျိုးအာက တစ်စုံတစ်ခုကို သတိရသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဆရာ…
သူတို့ဆီမှာ အင်အားကြီးတဲ့ အစောင့်တစ်ယောက်ရှိတယ်ဆိုတာ သိနေမှတော့ ဘာလို့ သစ်ကိုင်း(၃)ချောင်းတောင်မှာ အစွမ်းထက် တစ္ဆေတစ်ကောင်ရှိတယ်လို့ အပိုလုပ်ပြီး သတိပေးနေရသေးတာလဲ။ ဒီကိစ္စကို သူတို့ စိတ်ပူစရာ မလိုဘူးလေ…"
တာအိုဘုန်းတော်ကြီးသည် အကျင့်ပါနေသည့်အတွက် သူမ၏ပါးကို ညှစ်လိုက်ပြီး ရယ်၍ ပြောလိုက်သည်။
"အရူးမလေး…
ဒါက ဘာမှမကုန်ဘဲ တစ်ခြားသူကို ကျေးဇူးပြုတယ်လို့ ခေါ်တယ်။ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ လူကောင်းတစ်ယောက်လို လုပ်လို့ရတာပဲ၊ ဒါကို ဘာလို့ မလုပ်ရမှာလဲ…"
“ဒါပေမယ့် သူတို့က ဆရာရဲ့အတွေးကို သိသွားရင် မလိုအပ်တာတွေကို လုပ်မိလို့ အခြေအနေက ပိုဆိုးသွားမှာ မဟုတ်ဘူးလား..”
ကလေးမလေးက ကြောက်ရွံ့စွာ မေးလိုက်သည်။
တာအိုဘုန်းတော်ကြီးလည်း စကားပြောရန် မတတ်နိုင်တော့ချေ။ သူက ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ သူက ကျိုးအာ၏ ခေါင်းကို ဖွဖွလေးပွတ်ပြီး ပြောလိုက်၏။
“နောက်ဆို ဆရာက မင်းတို့နှစ်ယောက်ကို ပိုဂရုစိုက်ပေးရမယ်။ ဒီနှစ်တွေအတွင်း ဆရာက ကံကောင်းထောက်မပြီး လမ်းဘေးမှာ ထူးခြားတဲ့ အရည်အချင်းရှိတဲ့ တပည့် တစ်ယောက် ရှာတွေ့ဖို့ အိပ်မက်မက်ခဲ့တယ်။ မင်းတို့နှစ်ယောက်ဆီမှာ ဆိုးရွားတဲ့ နောက်ခံရှိနေတယ်လို့ပဲ အမြဲတမ်း ညည်းနေခဲ့တာ။ ဒါပေမယ့် အခုပြန်ကြည့်လိုက်တော့ မင်းတို့ရဲ့အရည်အချင်းတွေကို မမြင်နိုင်ခဲ့တာ ဆရာပဲ ဖြစ်နေတယ်….”
ကလေးမလေးက အနည်းငယ် စိုးရိမ်လာခဲ့သည်။ ယခု သူမက ဆရာဖြစ်သူကို မရင်းနှီးတော့သလို ခံစားနေရ၏။ သူမ၏မျက်နှာကလည်း အနည်းငယ် ဖြူဖျော့လာပြီး ပြန်မေးလိုက်သည်။
“ဆရာ…
သရဲဝင်ပူးနေတာလား။ ကျိုးအာ … ဆရာ့ကို မမှတ်မိဘူး…”
တာအိုဘုန်းတော်ကြီးက အားရပါးရ ရယ်မောလိုက်သည်။ ရုတ်တရက် သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
“ကျိုးအာလေး…
ဆရာ မင်းဆီက အဆောင်နွေဦးရေကို တစ်နှစ်လုံး မယူဘူးလို့ ကတိပေးခဲ့တယ်။ အခု ထပ်ပြီး ဆွေးနွေးကြရအောင်။ တစ်နှစ်အစား (၆)လပဲ လုပ်လို့ရမလား။ ဘယ်လိုလဲ…”
“စဉ်းစားကြည့်လိုက်လေ.။ အရင်နှစ်တွေအတွင်း မကောင်းဆိုးဝါးအင်အားစုတွေက ဆရာတို့ထက် အမြဲတမ်း ခြေတစ်လှမ်း ကြိုရောက်နေသလိုပဲ။ သရဲမက ဆရာ့ကို ရက်စက်စွာ ရိုက်နှက်ခဲ့တဲ့အပြင် ဆရာတို့ရဲ့အလံမှာရှိတဲ့ စာလုံး(၈)လုံးထဲက (၄)လုံး ဆုံးရှုံးခဲ့ရတယ်။ အဲဒီအပြင် ကျောင်းဆောင် အကြီးအကဲတွေဆီက လက်ဆင့်ကမ်းလာတဲ့ တောင်တန်းရှာဖွေခြင်းမှတ်တမ်းကိုလည်း ပေးလိုက်ရတယ်။ တပည့်တွေအနေနဲ့ မင်းတို့နှစ်ယောက်က ဆရာ့ကို နည်းနည်းလေးတောင် ဂရုမစိုက်သင့်ဘူးလား။ နည်းနည်းလေးတောင် မပေးသင့်ဘူးလား…”
ယခုမှ ကလေးမလေးလည်း ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ထိုအရာကသာ သူမ ရင်းနှီးနေသည့် ဆရာ ဖြစ်၏။ ထို့ကြောင့် သူမက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်၊
"ဒါဆိုလည်း (၆)လပဲ လုပ်လိုက်ပါ့မယ်…"
မသန်စွမ်းလူငယ်လေးက ကျောက်တုံးကို ဂရုတစိုက် သိမ်းထားလိုက်သည်။ "ဒီကျောက်တုံးကတော့ ကျွန်တော့်အပိုင် ဖြစ်ပြီနော်…"
သူက ညည်းညူနေသည့် အသံဖြင့် ပြောလိုက်၏။
မျက်မမြင် တာအိုဘုန်းတော်ကြီးက အလွန်စိတ်ဆိုးသွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
"ခွေးတွေက မစင်စားတဲ့ အကျင့်ကို ပြင်လို့ကို မရဘူး…"
ကလေးမလေးက ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်လိုက်သည်။
မသန်စွမ်းလူငယ်လေးကလည်း ခပ်ပြုံးပြုံး ရယ်လိုက်မိ၏။
……………..
လူရှင်းသည့် နေရာတစ်ခုသို့ ရောက်သည့်အခါ ယင်နတ်ဘုရားက သူ၏ မူလခန္ဓာကိုယ်ကို ဖော်ပြခဲ့သည်။ သို့သော် သူ၏ခန္ဓာကိုယ်က ဝေဝါးနေပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနက်ရောင်မီးခိုးများ ပျံဝဲနေသည်။ သူ့ဆီမှ ယင်စွမ်းအင်များ ထွက်လာနေပြီး အက်ရှရှလေသံဖြင့် တောင်းပန်လိုက်၏။
“ငါ မင်းတို့အားလုံးကို ကာကွယ်မပေးနိုင်ခဲ့ဘူး။ မင်းတို့ကို သရဲမရဲ့စံအိမ်ထဲ ရောက်သွားအောင်ပါ လုပ်မိခဲ့တယ်။ တောင်းပန်ပါတယ်…”
ချန်းပင်အန်းက သူ့ကို မည်သို့ အားပေးရမှန်း အမှန်တကယ် မသိခဲ့ပေ။ စကားလုံးများကို အတော်ကြာ စဉ်းစားပြီးမှ နောက်ဆုံးတွင် သူက ပြောလိုက်သည်။
"စီနီယာက အကောင်းဆုံး ကြိုးစားထားတဲ့အတွက် ဘာမှမဖြစ်ပါဘူး…."
ယင်နတ်ဘုရား၏မျက်နှာပေါ်တွင် ဝမ်းနည်းသည့် အပြုံးတစ်ခု ပေါ်လာနေသည်။ သူက ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်က ငါ့အမှားပဲ။ အထူးသဖြင့် ငါ့ရဲ့ကျင့်ကြံမှုကို ဦးစားပေးမိလို့ မင်းတို့ကလေးတွေကို ဒီလိုအန္တရာယ်မျိုးထဲ ရောက်သွားအောင် လုပ်မိခဲ့တာ။ ငါက ကိုယ့်ကိုယ်ကိုယ် တကယ် ခွင့်လွှတ်လို့မရဘူး။တကယ်လို့ တစ်ခုခုသာ ဆိုးဆိုးဝါးဝါး ဖြစ်သွားခဲ့မယ်ဆိုရင် တောင်တန်းရဲ့အုတ်မြစ်နဲ့ မြစ်ချောင်းရဲ့အရင်းအမြစ်ကို ဖျက်ဆီးပြီး သရဲမနဲ့အတူ အဆုံးသတ်သွားခဲ့ရရင်တောင် ငါက ညည်းညူနေမှာ မဟုတ်ဘူး…”
လီပေါင်ဖျင်က အပြုံးနှင့် ပြောလိုက်သည်။
“ကျွန်မ ငယ်ငယ်တုန်းကဆိုရင် အစ်ကိုကြီးက ကျွန်မကို ထူးဆန်းတဲ့ အကြောင်းအရာတွေ အမျိုးမျိုး ပြောပြတတ်တယ်။ တစ်ခါကတော့ မြို့နတ်တစ်ပါးရဲ့ ဇာတ်လမ်းကို ပြောပြခဲ့တယ်။ ဖုံးကွယ်ထားတဲ့ ကုသိုလ်ကို တိုင်းတာတဲ့နည်းလမ်းက နည်းနည်းကွဲပြားတယ်လို့ သူက ပြောခဲ့တယ်။ ကျွန်မ အဲဒါကို သေချာရှင်းရှင်းလင်းလင်း မှတ်မိသေးတယ် ။ ကောင်းတဲ့အလုပ်ကို ရည်ရွယ်ပြီး လုပ်ခဲ့ပေမဲ့ ဆုလာဘ်မရဘူး။ မကောင်းတဲ့အလုပ်ကို မရည်ရွယ်ဘဲ လုပ်မိခဲ့ရင် အပြစ်ဒဏ်မရဘူး။ လူတစ်ယောက်ရဲ့စွမ်းရည်က ကန့်သတ်ချက်ရှိတာမလို့ မင်းက အတွေးနဲ့ လုပ်ရပ် နှစ်ခုလုံးမှာ အကောင်းဆုံး ကြိုးစားပြီးပြီဆိုရင် အရမ်းအပြစ်ရှိတယ်လို့ ခံစားနေစရာ မလိုဘူး။ မဟုတ်ရင် ဘယ်လောက်ပင်ပန်းနေမလဲ…”
ယင်နတ်ဘုရားဆီတွင် ပြန်ပြောစရာ စကားမရှိခဲ့ချေ။ သူက ကလေးမလေး တစ်ယောက်၏ သင်ကြားမှုကို ခံခဲ့ရသည့်အတွက် အနည်းငယ် အဆင်မပြေဖြစ်နေ၏။ သိပ်မကြာသေးခင်အချိန်တွင် သူမက မြင့်မြတ်သည့် လူတစ်ယောက်၏ အငွေ့အသက်ကို ပြသခဲ့ဖူးသော်လည်း သူ့အတွက် အဆင်မပြေသေးချေ။
လီပေါင်ဖျင်ကတော့ သူမ၏ကိုယ်ပိုင်လောကထဲသို့ ပြန်လည်နစ်မျောသွားခဲ့ပြီး၊ လက်သီးဖြင့် လက်ဖဝါးကို တဖတ်ဖတ်ထုရင်း အနည်းငယ် စိတ်ဆိုးနေသလို ပြောလိုက်သည်။
“အစ်ကိုကြီးက ဒီလိုထူးဆန်းတဲ့အကြောင်းတွေကို အမြဲတမ်း ပြောပြတတ်တယ်။ အဲဒီတုန်းကတော့ ကျွန်မက အဲဒါတွေကို စိတ်ဝင်စားစရာ ဇာတ်လမ်းတွေလို့ပဲ သဘောထားခဲ့တယ်။ ကျွန်မသာ သေချာသိခဲ့ရင် အဲဒါတွေကို သေချာနားထောင်မိခဲ့မှာပဲ…”
ချန်းပင်အန်းသည် တစ်ခုခု ပြောချင်ခဲ့သော်လည်း နောက်ဆုံးတွင် ဘာမျှမပြောဘဲ နေလိုက်သည်။
ယင်နတ်ဘုရားသည် သူ့ကို ကြည့်ပြီး အပြုံးနှင့် မေးလိုက်၏။
"ငါတို့ နှစ်ယောက်တည်း စကားပြောလို့ ရမလား…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး လင်းရှို့ယီနှင့် တခြားသူများကို အရင်ဆက်သွားရန် ပြောလိုက်သည်။ လင်းရှို့ယီနှင့် တခြားသူများက မီတာ (၃၀၀)ခန့် ဝေးသွားသည့်အခါ ယင်နတ်ဘုရားက ပြောလိုက်၏။
"အဘိုးကြီးယန်က လီဟွိုင်ကို ကာကွယ်ပေးဖို့ ငါ့ကို ပြောခဲ့တယ်…"
ချန်းပင်အန်းသည် ခေါင်းကုတ်ရင်း ပြန်ပြောလိုက်သည်၊
"သြော်..အစတုန်းကတော့ စီနီယာက ပေါင်ဖျင် ဒါမှမဟုတ် လင်းရှို့ယီကို ကာကွယ်ဖို့ လိုက်လာတယ်လို့ ကျွန်တော် ထင်နေတာ…"
“လီဟွိုင်ရဲ့အဖေ လီအာ့က စုန့်ချန်ကျင့်ကို သတ်ပစ်နိုင်လုနီးပါး လုပ်နိုင်ခဲ့တယ်။ သူက အရမ်းအစွမ်းထက်တယ်….”
ယင်နတ်ဘုရားက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“တစ်ခါက လီအာ့က အဘိုးကြီးယန်ဆီ သွားပြီး သူ့ဇနီးကို တခြားသူတွေ အနိုင်ကျင့်ခဲ့တယ်လို့ ပြောတယ်။ ဒါကြောင့် သူက အဲဒီလူတွေရဲ့ဘိုးဘေးတွေကို လိုက်ပြီး ကလဲ့စားချေဖို့ လိုတယ်တဲ့။ ဒီအတွက် သူက လီကျူးသုခဘုံကို ထားခဲ့ရမယ်။ အဘိုးကြီးယန်က သူ့ကို မဖြောင်းဖြနိုင်ခဲ့လို့ နောက်ဆုံးမှာ မသက်မသာနဲ့ သဘောတူခဲ့ရတယ်…”
“နောက်ပိုင်းမှာ ကြားရတာတော့ လီအာ့ကအရှေ့ပိုင်းကုန်းမြေကြီးထဲက အစွမ်းထက် အင်မော်တယ်အဖွဲ့တစ်ခုရဲ့ ဘိုးဘေးခန်းမကို သူ့ရဲ့လက်သီးတွေနဲ့ အတင်းအကြပ် ဖျက်ဆီးပစ်ခဲ့တယ်။ ပြီးတော့ သူက တောင်ခြေကနေ တောင်ထိပ်ထိ တိုက်ခိုက်ပြီး တက်သွားခဲ့တယ်…”
ထိုအကြောင်းကို ကြားသည့်အခါ ချန်းပင်အန်းက ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ လူတိုင်းက လီအာ့ကို မြို့အနောက်ဘက်မှ အမှိုက်ကောင်ဟု ခေါ်ကြခြင်း မဟုတ်ပေလော။ အမှန်အတိုင်းပြောရလျှင် သူ၏သားဖြစ်သူ လီဟွိုင်ပင်လျှင် ထိုသို့ သတ်မှတ်ထားခဲ့သည်။
"ဒါဆိုရင် လီအာ့က လီဟွိုင်ကို အဲဒီအကြောင်းတွေ ဘာလို့ မပြောပြရတာလဲ…"
ချန်းပင်အန်းက နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်သည်။
လီအာ့အကြောင်း ပြောလိုက်ပြီးနောက်ယင်နတ်ဘုရား၏ စိတ်အခြေအနေက သိသိသာသာ ပိုမိုကောင်းမွန်လာခဲ့သည်။ သူက ပြန်ဖြေလိုက်၏။
"လီအာ့က အရမ်းခေါင်းမာပြီး တဇွတ်ထိုး လုပ်တတ်တဲ့လူတစ်ယောက်လေ။ မဟုတ်ရင် သူက အဲဒီမိန်းမနှင့် လက်ထပ်ခဲ့မှာ မဟုတ်ဘူး…"
ချန်းပင်အန်းသည် ရယ်ပြီး ပြောလိုက်သည်၊
"လီဟွိုင်သာ ဒီအမှန်တရားကို သိသွားရင် တော်တော် ပျော်သွားလောက်မှာပဲ…"
“မင်းက လီဟွိုင်ကို ဒီအကြောင်းပြောဖို့ စဉ်းစားမထားဘူးလား…”
ယင်နတ်ဘုရားက လေးနက်စွာ မေးလိုက်သည်။
“အိုက်လျန်က ချက်ချင်း မပြောဖို့ သတိပေးခဲ့တာတောင်မှ မင်းက ခေါင်းအုံးဆက်သွယ်ရေးစခန်းမှာ ကျူးလုနဲ့ သူ့အဖေ ထွက်သွားတဲ့ အကြောင်းအရင်းကို လီပေါင်ဖျင်ဆီ တိုက်ရိုက်ပြောပြခဲ့တယ်…”
ချန်းပင်အန်းက ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာရင်း ပြန်ဖြေလိုက်သည်။
“အဲဒါက ကျွန်တော်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စလေ။ ဒါကြောင့် ပြောလိုက်တာက မှန်တယ်လို့ ခံစားမိလို့ ကျွန်တော့်ဘာသာ ဆုံးဖြတ်လိုက်တာ။ ဒါပေမယ့် လီဟွိုင်ရဲ့ အဖေက သူ့သားကို ဒီအကြောင်း မပြောစေချင်ဘူးဆိုရင် ကျွန်တော့်လို အပြင်လူတစ်ယောက်က ဘာလို့ဝင်စွက်ဖက်ရမှာလဲ။ လီဟွိုင်ကို ပိုပြီးပျော်စေချင်လို့ အမှန်တရားကို ပြောပြလိုက်ရင် ဒါက မမှန်တော့ဘူးလေ…”
ယင်နတ်ဘုရားက နားလည်စွာ ခေါင်းညိတ်ပြလိုက်၏။ လီအာ့က တခြားသော ပါရမီရှင်ကလေးများထက် ရွှံ့ပုလင်းလမ်းကြားထဲက ထိုကလေးငယ်ကို ပိုမြင့်မားစွာ တန်ဖိုးထားခဲ့သည်ကို သူ ပြန်အမှတ်ရသွားခဲ့သည်။ လီအာ့က စည်းကမ်းဖောက်ဖျက်၍ပင် နေဂါးဘုရင်ခြင်းတောင်းကို ချန်းပင်အန်းဆီသို့ ပေးရန် ကြိုးစားခဲ့ဖူး၏။
ချန်းပင်အန်းက ရုတ်တရက် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး မေးလိုက်သည်။
“ကျွန်တော့်ရဲ့အမြင်အာရုံက အရမ်းကောင်းတယ်။ အစတုန်းက စီနီယာက လူဆိုး တစ်ယောက်ဖြစ်နေမှာကို စိုးရိမ်မိခဲ့တာ။ ဒါကြောင့် ကျွန်တော်တို့ ပထမဆုံး တွေ့တဲ့အချိန်တုန်းက စီနီယာ ကျွန်တော့်ကို ကြည့်ပြီးမှ လီဟွိုင်ကို ကြည့်ခဲ့တာကို သေချာမှတ်မိတယ်။ ဘာလို့လဲ။ ရိုးရိုးရှင်းရှင်းပဲလား၊ ဒါမှမဟုတ် တခြားအကြောင်းပြချက်ရှိသေးလား။ ဒီမေးခွန်းကို မဖြေချင်ရင်တော့ ကျွန်တော် မမေးခဲ့သလို သဘောထားလိုက်ပါ…”
အကယ်၍ ယင်နတ်ဘုရားကသာ အသက်ရှင်နေသော လူသားတစ်ယောက် ဖြစ်နေခဲ့လျှင် လက်ရှိအချိန်၌ အာခေါင်ခြောက်ပြီး ဆူးမွေ့ယာပေါ်တွင် ထိုင်နေရသလို ခံစားရနိုင်၏။
ထိုအချိန်တွင် ချန်းပင်အန်းက ထိုကဲ့သို့ သတိထားတတ်သူတစ်ဦးဖြစ်လိမ့်မည်ဟု သူလည်း လုံးဝထင်မထားမိခဲ့ချေ။ သူက ထိုကလေးကို ခဏသာ စိုက်ကြည့်ခဲ့ပြီး ထိုအကြည့်ကို သေချာဖုံးကွယ်ထားခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် ဤခရီးစဉ်တစ်လျှောက် ချန်းပင်အန်းရဲ့အပြုအမူများကို ပြန်လည်စဉ်းစားမိသည့်အခါ ယင်နတ်ဘုရားက ထိုအချက်ကို လက်ခံလိုက်မိသည်။ ထိုအကြောင်းအရာကြောင့်ပင် ချန်းပင်အန်းက သူ့အဖော်များထံမှ ယုံကြည်မှုကို ရရှိခဲ့ခြင်း ဖြစ်နိုင်၏။
လင်းရှို့ယီက အလယ်ဘုံ(၅)ဆင့်သို့ ရောက်ရှိပြီး စစ်မှန်သည့် အင်မော်တယ်တစ်ပါး ဖြစ်လာသော်လည်း လီပေါင်ဖျင်က သူ့စကားကို နားမထောင်သလို လီဟွိုင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ယင်နတ်ဘုရားကိုယ်တိုင်ပင် ထိုအတိုင်း ဖြစ်နိုင်၏။ သူ့အမြင်အရ လင်းရှို့ယီက အလွန်ဉာဏ်ကောင်းပြီး ထူးချွန်သည့် အငယ်တစ်ယောက်သာ ဖြစ်သည်။
ဤသည်မှာ ထူးဆန်းသော ခံစားမှုတစ်ခုပင် ဖြစ်ပေသည်။
ချန်းပင်အန်းဆီတွင် အခြားသူများကို စိတ်အေးသွားစေနိုင်သည့် ထူးခြားသော အငွေ့အသက်တစ်ခု ရှိသလို ခံစားရသည်။ သူက တစ်စုံတစ်ခုကို မမှန်ကန်ဟု သတ်မှတ်လျှင် သူ့အဖော်များကလည်း ထိုကိစ္စကို မမှန်ကန်ဟု ခံစားရသည်။ သူက တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်သည်ဟု ဆိုလျှင် သူ့အဖော်များကလည်း ထိုအလုပ်ကို လုပ်ဆောင်နိုင်သည်ဟု ခံစားရ၏။
သို့သော် ထိုအချက်က အထူးဆန်းဆုံးအရာ မဟုတ်ပေ။ ပို၍ထူးဆန်းသည်မှာ ချန်းပင်အန်းက သူ၏စွမ်းရည်များကို တမင်တကာ ပြသရန် တစ်ခါမျှ မကြိုးစားခဲ့ခြင်း ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် သူက ဦးလေးငယ် ဟု ခေါ်သည့် ကလေးမလေးထံမှ စကားလုံးများနှင့်စာဖတ်နည်းကို လေးနက်စွာ သင်ယူသည်။ လီဟွိုင်ကိုလည်း ရင့်ကျက်မှုမရှိသည့် ကလေးငယ်တစ်ဦးကဲ့သို့ မဆက်ဆံခဲ့ပေ။ လင်းရှို့ယီနှင့်စကားပြောနေရင်း အပြင်ကမ္ဘာအကြောင်း သူ၏ဇာတ်လမ်းများကို စိတ်ဝင်တစား နားထောင်တတ်သည်။
ယင်နတ်ဘုရားက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ဒီမေးခွန်းကို အခုမဖြေပေးသေးဘူး။ ဒါပေမယ့် မင်း စိတ်ချလို့ရပါတယ်၊ ငါက မင်းကို အန္တရာယ်ပြုမှာ မဟုတ်ဘူး…”
ချန်းပင်အန်းက ရှေ့ကို ပြေးသွားရင်း ပြန်လှည့်ကြည့်ပြီး အပြုံးနှင့် ပြောသည်။
“စီနီယာကို ယုံကြည်လို့သာ ကျွန်တော် ဒီမေးခွန်းကို မေးလိုက်တာပါ…”
ယင်နတ်ဘုရားက သူ၏အရိပ်ကို ဖြည်းညင်းစွာ ဖုံးကွယ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။ ဤကလေးများနှင့်အတူခရီးရှည်တစ်ခု လိုက်ပါရခြင်းသည် အတော်လေး စိတ်ပင်ပန်းရသည်။
အမှန်အတိုင်း ပြောရလျှင်တော့ စိတ်သဘောထားဆိုးသည့် အစေခံမလေး ကျူးလုကို သာမန်အင်ပါယာတစ်ခုရှိ အင်အားစုတစ်ခုတွင် ထားမည်ဆိုလျှင် ထူးချွန်သည့် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရနိုင်သည်။ သို့သော် ဤအဖွဲ့ထဲတွင် ရှိနေသည့် ကလေးများနှင့် ယှဉ်လိုက်လျှင်တော့ သူမက အလွန်နိမ့်ကျလွန်းသည်။ သူမက နေရာတိုင်းတွင် နိမ့်ကျနေခြင်း ဖြစ်၏။
သူတို့က တောင်ဘက်ခရီးစဉ်အတွင်း နဂါးနှုတ်ခမ်းမွေးစမ်းချောင်းနှင့် သံအဆောင်မြစ်ကို ဖြတ်ကျော်ပြီး၊ ပန်းထိုးမြစ်နှင့် လှုပ်ရှားတည်ငြိမ်မြစ်တို့ကို ဖြတ်ခဲ့ရသည်။ တောင်တန်းများထက် ရေလမ်းကြောင်းများကို ပို၍ဖြတ်သန်းခဲ့ရ၏။ သို့သော် နောက်ထပ်တစ်ရက်ခွဲအတွင်း သူတို့၏ ရေလမ်းကံတရားက ကုန်ဆုံးသွားသလို ဖြစ်လာခဲ့သည်။ သူတို့က တောင်တန်းများထဲတွင် စမ်းချောင်းတစ်ခုပင် ရှာမတွေ့ခဲ့ချေ။
သူတို့က ရေနှင့် တွေ့ခဲ့သည့်တိုင် ထိုအရာများက ရေသေများဖြစ်ပြီး သောက်၍မရနိုင်သည့် ရေအိုင်ကလေးများသာ ဖြစ်သည်။ ထိုရေအိုင်များတွင် အမှိုက်များပြည့်နေသည့်အတွက် ရေစီးနိုင်ခြင်း မရှိချေ။ ထိုအပင်များက မြင့်မားလှခြင်း မရှိဘဲ ကွေ့ကောက်ပြီး ဘေးသို့ လဲကျနေသည့်အရာများလည်း ရှိသည်။ အင်းဆက်များ၏အသံကလည်း ဆူညံနေသည့်အတွက် ပတ်ဝန်းကျင်က အတော်လေး စိတ်မသက်မသာ ခံစားရစေသည်။
လီဟွိုင်က အနည်းငယ် ကြောက်ရွံ့နေ၏။ အကြောင်းကလည်း မျက်မမြင်တာအိုဘုန်းတော်ကြီး ရှုယင်ကျန်းက တစ္ဆေများ နေထိုင်သည့် သစ်ကိုင်း(၃)ချောင်းတောင်တန်းကို ဖြတ်သန်းရမည်ဟု ပြောပြထားခဲ့သည်။ ထိုနေရာတွင် ရန်လိုသည့် တစ္ဆေတစ်ကောင်သာမက ယင်အလောင်းများကပါ လက်အောက်ခံအဖြစ် ရှိနေခဲ့သည်။
ထိုအကြောင်းကို စဉ်းစားမိသောအခါ လီဟွိုင်လည်း စိတ်ဓာတ်ကျနေမိသည်။ သူ၏ ဆေးရောင်ခြယ်ရုပ်သေးနှင့် ရွှံ့ရုပ်တုများက အလွန်သေးငယ်လှသည့်အတွက် သူတို့ အသက်ဝင်လာခဲ့သည့်တိုင် တိုက်ခိုက်နိုင်စွမ်း မလုံလောက်နိုင်ချေ။ ထို့ပြင် ဝေ့ကျင်းပေးခဲ့သည့် ရွှံ့ရုပ်တု(၅)ခုကို သူ့လက်ထဲတွင် မည်သို့ပင် နွေးထွေးအောင် ကိုင်ထားသည့်တိုင် အသက်ဝင်မလာခဲ့ချေ။ ထိုဓားအင်မော်တယ် ဝေ့ကျင်းက လိမ်ညာသူ မဟုတ်ပေလော။ အစစ်အမှန် ရတနာကို မပေးချင်သည့်အတွက် သူ၏ ဓားအင်မော်တယ်ပုံရိပ်ကို မထိခိုက်စေရန် တမင်လိမ်ညာခဲ့ခြင်းပေလော…။
ညနေခင်း ရောက်လာသည့်အခါ ချန်းပင်အန်းက ညစာချက်ပြုတ်ရန် ယာယီမီးဖိုတစ်ခု ဖန်တီးလိုက်သည်။ လီဟွိုင်က ခြောက်သွေ့သည့် သစ်ကိုင်းများကို သွားကောက်ပြီး ချန်းပင်အန်း ဘေးတွင် ထိုင်ကာ ညည်းညူနေသည်။
“ချန်းပင်အန်း…
ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်းက အိုက်လျန်လို မကောင်းဘူးလို့ ထင်တယ်…”
ချန်းပင်အန်းက သူ့ကို ဂရုမစိုက်ခဲ့ချေ။
လီဟွိုင်က သူ၏စာအုပ်သေတ္တာဆီ ပြန်ပြေးသွားပြီး ဆေးရောင်ခြယ်ရုပ်သေးနှင့်ရွှံ့ရုပ်တုတစ်ခုကို ယူလာသည်။ ထို့နောက် ဆေးရောင်ခြယ်ရုပ်သေးကို အသုံးပြု၍ ဓားသမားရွှံ့ရုပ်တုကို ရက်စက်စွာ အနိုင်ကျင့်ခဲ့၏။ ခဏကြာပြီးနောက် ရွှံ့ရုပ်တုကို ဒူးထောက်လျက်သား ထားလိုက်ပြီး သူ့ကို အသနားခံနေသည့်ပုံစံ ဖန်တီးကာ အော်လိုက်သည်။
“အစွမ်းထက်သရဲမ…
ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျွန်တော် ဝေ့ကျင်း ကိုယ့်အပြစ်ကိုယ် နားလည်ပါပြီ…”
ထိုအရာကြောင့် ချန်းပင်အန်းက ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ နောက်ဆုံးတွင် သူက ရှင်းပြလိုက်သည်။
“ဝေ့ကျင်းက အရမ်းကောင်းတဲ့လူ တစ်ယောက်ပါ…”
လီဟွိုင်က မျက်ခုံးပင့်လိုက်သည်။ သူ၏လက်များကတော့ ဆက်၍ လှုပ်ရှားနေပြီး ဆေးရောင်ခြယ်ရုပ်သေးကို အသုံးပြု၍ ရွှံ့ရုပ်တုကို ဆက်လက် ခြောက်လှန့်နေသည်။
လင်းရှို့ယီကတော့ အနီးအနား ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေရင်း တောင်တန်းရှာဖွေခြင်းမှတ်တမ်း စာအုပ်ကို လှန်လှောဖတ်ရှုနေခဲ့သည်။ သူက ချန်းပင်အန်းကို ကြည့်လိုက်ပြီး ပြော၏။
“ငါ့အမြင်မမှားခဲ့ရင် ဝေ့ကျင်းက မင်းကို နည်းနည်းလျှော့တွက်နေသလိုပဲ။ ပိုပြီးတိတိကျကျပြောရရင် သူက မင်းရဲ့စွမ်းရည်ကို မျှော်လင့်ချက်အနည်းဆုံးပဲ…”
ထိုစကားကို ကြားသောအခါ စာအုပ်သေတ္တာလေးကို တိတ်တဆိတ် သိမ်းဆည်းနေသည့် လီပေါင်ဖျင်က စိတ်ဆိုးသွားသည်။
“တကယ်လား…”
ချန်းပင်အန်းက မြေပြင်ပေါ်တွင် လဲှနေရင်း မီးဖိုထဲသို့ ဖြည်းဖြည်းချင်း မီးထိုးနေ၏။ ထို့နောက် သူက ပြန်ထိုင်လိုက်ပြီး ညစာချက်ပြုတ်ရန် ပြင်ဆင်နေရင်း မေးသည်။
“သူ ငါ့ကို လျှော့တွက်တာက သူ လူကောင်းဖြစ်တဲ့ အချက်ကို ပြောင်းလဲသွားစေလို့လား…”
လီဟွိုင်က အံ့သြသွားသည်။
“ချန်းပင်အန်း…
မင်း ဘာစဉ်းစားနေတာလဲ။ ငါ့ကို လျှော့တွက်တဲ့သူက ဘယ်လိုလုပ် အရမ်းကောင်းတဲ့ လူကောင်းတစ်ယောက် ဖြစ်နိုင်မှာလဲ။ သူတို့က သိပ်မကောင်းတဲ့ လူကောင်းတွေပဲ ဖြစ်နိုင်တယ်…”
ချန်းပင်အန်းက ညစာချက်ပြုတ်ရန် စတင်လုပ်ကိုင်နေစဉ် သူ၏လှုပ်ရှားမှုများက စည်းကမ်းတကျ ရှိနေသည်။
“ဝေ့ကျင်းက တော်တော်အစွမ်းထက်တဲ့လူတစ်ယောက်လေ။ သူ့ကို တခြားသူတွေကတောင် မြေပြင်ဓားသမားအင်မော်တယ်လို့တောင် ဂုဏ်ပြုခေါ်ဝေါ်ကြတယ်။ ဒါပေမယ့် ငါတို့ကလေးတွေကို စကားပြောတဲ့အချိန် သူ့ပုံစံက နွေးထွေးညင်သာပြီး ယဉ်ကျေးတယ်။ အခြေအနေနဲ့ အကြောင်းအရာတွေကို ငါတို့သိအောင် သေချာရှင်းပြဖို့လည်း ဆန္ဒရှိတယ်။ အင်မော်တယ်တွေအားလုံးက အဲဒီလိုပဲလို့ မင်း ထင်လား…”
“လူတိုင်း အဲဒီလို မဟုတ်ဘူး။ ငါတို့ မြို့ငယ်လေးက ထွက်မလာခင်တုန်းက စိတ်တိုင်းကျ သတ်ဖြတ်တတ်တဲ့ အင်မော်တယ်တစ်ယောက်ကို တွေ့ခဲ့ဖူးတယ်။ သူတို့က သူတို့ရဲ့အကြောင်းပြချက်ကိုပဲ လက်ခံကြတယ်။ တကယ်တမ်းတော့ တစ်ယောက်တည်းမဟုတ်ဘူး၊ ထပ်ပြီးတွေ့ခဲ့ရတာတွေလည်း ရှိတယ်…”
ချန်းပင်အန်းက ထိုကဲ့သို့သော တွေ့ဆုံမှုများကို အနည်းငယ်သာ ပြောပြခဲ့ပြီး ထိုအရာများကို ထပ်မံချဲ့ကား ပြောပြလိုခြင်း မရှိချေ။
“တခြားသူတွေက မင်းကို လျှော့တွက်တာကို မခံချင်ဘူးဆိုရင် ကိုယ်ကိုယ့်ကိုယ်ပဲ အားကိုးရမယ်။ သီးနှံစိုက်ပျိုးတဲ့နေရာမှာ အကောင်းဆုံးဖြစ်ရင်၊ ကြွေထည်ဖုတ်တဲ့နေရာမှာ အကောင်းဆုံးဖြစ်ရင်၊ မီးသွေးဖုတ်ဖို့ ထင်းခုတ်တဲ့နေရာမှာ အကောင်းဆုံးဖြစ်ရင် ဒါမှမဟုတ် အခြားလမ်းကြားတွေနဲ့ ရေခပ်ပြိုင်ကြတဲ့အခါ ရဲရင့်စွာ ဦးဆောင်နိုင်ရင် တခြားသူတွေက မင်းကို လျှော့တွက်မှာ မဟုတ်တော့ဘူး…”
ချန်းပင်အန်းက အခြားသူများကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ငါတို့မြို့ငယ်လေးမှာလည်း အဲဒီလိုပဲ။ ဒါပေမယ့် တာ့ဆွေတိုင်းပြည်က ကျောင်းတော်ကို ရောက်တဲ့အခါကျရင်တော့ နည်းနည်းကွဲပြားသွားလိမ့်မယ်။ လီပေါင်ဖျင်က စာပေသင်ယူမှုမှာ ထူးချွန်ရင်၊ လင်းရှို့ယီက ငယ်ငယ်လေးနဲ့ ထူးခြားတဲ့ ချီကျင့်ကြံသူတစ်ဦး ဖြစ်လာရင် မင်းတို့နှစ်ယောက်ကို တခြားသူတွေက အထင်ကြီးလာလိမ့်မယ်။ လီဟွိုင်… မင်းကတော့ အခုထိ ငယ်သေးတယ်၊ ဒါကြောင့် ဒီအကြောင်းတွေကို စိတ်ပူစရာမလိုသေးဘူး…”
“ချန်းပင်အန်း…
မင်းက စိတ်မပူရင်လည်း ငါကတော့ ပူတယ်…”
လီဟွိုင်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။
“မင်းက မနက်စောစော ငါနဲ့အတူ လမ်းလျှောက်ကျင့်ကြံခြင်းနဲ့ လက်သီးကျင့်စဉ်ကို လေ့ကျင့်နိုင်လား…”
ချန်းပင်အန်းက မေးလိုက်သည်။
“လုံးဝမလုပ်နိုင်ဘူး…”
လီဟွိုင်က စဉ်းစားနေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ငါက မတ်တပ်ကျင့်ကြံခြင်းကျင့်စဉ်ကို သင်ပေးမယ်…”
ချန်းပင်အန်းက ပြောလိုက်သည်။
လီဟွိုင်က စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာနှင့် ပြောလိုက်၏။
“ဘာလို့ ငါက အဲဒါကို သင်ရမှာလဲ။ ငါက ငယ်ငယ်လေးပဲ ရှိသေးတယ်…”
“သြော်…အခုတော့ မင်းကိုယ်မင်း ငယ်သေးတယ်လို့ သိလာပြီလား။ ဒါဆို စောနက ဘာလို့ အဲဒီလောက် စိတ်ပူနေခဲ့တာလဲ…”
ချန်းပင်အန်းက စိတ်မရှည်နိုင်စွာ မေးလိုက်သည်။
လီဟွိုင်က လုံးဝ စွန့်အသွားသည်။ သူက အကြာကြီး စဉ်းစားခဲ့သော်လည်း ပြန်ဖြေစရာ စကားမရှိခဲ့ချေ။ နောက်ဆုံးတွင် သူတို့အားလုံး ညစာ အတူတူစားရန် ဝိုင်းထိုင်လိုက်ကြစဉ် လီဟွိုင်က တူဖြင့် ဆလတ်ရွက် တစ်ဖတ်ကို ယူလိုက်ပြီး ထမင်းတစ်လုပ် စားရင်း မေးလိုက်သည်။
“တစ်ညတည်းနဲ့ အောင်မြင်မှု ရနိုင်မယ့် ကျင့်စဉ်ဖြတ်လမ်းနည်းတစ်ခုခု ရှိလား။ ဥပမာ ဒီနေ့ကျင့်ကြံပြီး မနက်ဖြန် အင်မော်တယ်ဖြစ်လာနိုင်တဲ့ နည်းလမ်းမျိုးလေ…”
“အိုက်လျန်က ဒီလိုနည်းလမ်းမရှိဘူးလို့ ပြောခဲ့တယ်။ တကယ်လို့ ငါသာ စောစော သိခဲ့မယ်ဆိုရင် ဝေ့ကျင်းကို ဒီအကြောင်း မေးခဲ့သင့်တယ်။ အိုက်လျန်မှာ ဒီလိုနည်းလမ်းမရှိရင်လည်း ဝေ့ကျင်းမှာရော ရှိမှာလား။ ဒါဆိုရင် ငါက ရွှေအိုး တွေ့သွားသလို ဖြစ်မှာပဲ။ ကျန်တဲ့ခရီးစဉ်တစ်လျှောက်လုံး ငါက ဓားပျံတစ်ချောင်းနဲ့ လေထဲ ပျံသန်းသွားလို့ရမယ်။ ဟိုဟိုဒီဒီ ပျံသန်းသွားတာက ချန်းပင်အန်းရဲ့ လမ်းလျှောက်ကျင့်ကြံမှုထက်တောင် မြန်နိုင်တယ်။ ငါက လေလှိုင်းတစ်ခုလို ဖြတ်သန်းသွားနိုင်တယ်။ မင်းတို့အားလုံးက ငါ့နောက်ကနေ လိုက်လာပြီး ဖုန်မှုန့်တွေပဲ စားရတော့မယ်…”
“ဘယ်သူက ဖုန်မှုန့်စားရမှာလဲ…”
လီပေါင်ဖျင်က တင်းမာသည့်အမူအရာဖြင့် မေးလိုက်၏။
လီဟွိုင်က ပါးစပ်ပိတ်ပြီး လင်းရှို့ယီကို ကြည့်လိုက်သည်။ ထို့နောက် သူက ချန်းပင်အန်းကို တိတ်တဆိတ် လှည့်ကြည့်လိုက်၏။ နောက်ဆုံးတွင်တော့ လီဟွိုင်က အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။ သို့သော် ထူးခြားသည့် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး သူက ဆေးရောင်ခြယ်ရုပ်သေးကို အလျင်အမြန် ပြန်ကောက်ယူလိုက်သည်။
“သူက ဖုန်မှုန့်စားမှာ။ အခု သူက ငါ့ရဲ့အစွမ်းထက်ဆုံး စစ်သူကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက အကြီးဆုံး၊ အလှဆုံး၊ အတွေ့အကြုံအရှိဆုံးသူပဲ။ သူက ငါနဲ့အတူ အချိန်အကြာကြီး ရှိနေခဲ့တာ ။ အဲဒီ ရွှံ့ရုပ်တု(၅)ခုကတော့ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနဲ့ ဆဋ္ဌမအဆင့်ပဲ ရမယ်။…”
“ဒါဆို ရေဖြတ်ကမ်းပါး စာအုပ်ထဲက သတ္တဝါလေးတွေကရော…”
လင်းရှို့ယီက အပြုံးနှင့် မေးသည်။
“သူတို့လား။ ငါက သိပ်မကြိုက်ဘူး…”
လီဟွိုင်က ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
“နင်က စာဖတ်တာ မကြိုက်လို့ သူတို့ကို မကြိုက်တာ မဟုတ်လား။ စာအုပ်ကို အရင်ဖွင့်ဖတ်မှ သူတို့ကို မြင်ရမှာဆိုတော့လေ…”
လီပေါင်ဖျင်က အစစ်အမှန် အကြောင်းပြချက်ကို ထုတ်ပြောလိုက်သည်။
လီဟွိုင်က မကြားချင်ယောင်ဆောင်လိုက်၏။
ချန်းပင်အန်းက ခေါင်းမော့လိုက်ပြီး အနည်းငယ် မြင့်မားသည့် သစ်ကိုင်း(၃)ချောင်း တောင်တန်းကို အဝေးမှ ငေးကြည့်ရင်း မေးလိုက်သည်။ “သစ်ကိုင်း(၃)ချောင်းတောင်တန်းကို ဖြတ်ပြီး နောက်ထပ်မြို့တစ်မြို့ကို ရောက်တဲ့အခါကျရင် မင်းတို့အားလုံးက ဘာတွေဝယ်ချင်ကြလဲ…”
လီပေါင်ဖျင်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
“ဦးလေးငယ်…
ကျွန်မ စုစည်းထားတဲ့စာအုပ်တွေ ဝယ်ချင်တယ်။ ကွန်ဖူးရှပ်လမ်းစဉ်အပြင် အတွေးအခေါ်(၁၀၀)ကျောင်းတွေမှာလည်း တန်ဖိုးရှိတဲ့ ဂန္တဝင်စာအုပ်တွေ ရှိတယ်လို့ ဆရာချီက ပြောခဲ့တယ်။ တခြားတောင်တစ်လုံးက ကျောက်တုံးတွေကိုလည်း ကျောက်စိမ်းအဖြစ် ဖန်တီးနိုင်တယ်လို့ ဆရာချီက ပြောခဲ့တယ်…”
“ချန်းပင်အန်း…
ဖြစ်နိုင်ရင် ငါ ကျားကွက်ခုံတစ်ခု ဝယ်ချင်တယ်။ ဈေးအနည်းဆုံးဆိုလည်း ရတယ်..”
လင်းရှို့ယီက ပြောလိုက်သည်။
“မင်းကရော လီဟွိုင်…”
ချန်းပင်အန်းက မေးသည်။
“ဘာမှမဝယ်ရင် ပိုက်ဆံပဲ ပေးလို့ရလား။ ငါ ပိုက်ဆံစုချင်တယ်။ အိတ်ထဲမှာ ပိုက်ဆံရှိထားရင် ဘယ်အခြေအနေမှာမဆို စိတ်အေးအေးနေနိုင်တယ်လို့ ငါ့အမေက သင်ပေးခဲ့တယ် ”
လီဟွိုင်က ပြောလိုက်၏။
“မင်း ဘယ်လိုထင်လဲ…”
ချန်းပင်အန်းက ပြန်ပြောလိုက်သည်။
လီဟွိုင်က အပြုံးနှင့် ပြောလိုက်၏။
“ငါက ကံစမ်းရုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ရုတ်တရက်လက်ခံလိုက်ရင်ကော..”
ချန်းပင်အန်းက အေးစက်စွာ ပြုံးလိုက်သည်။
လီဟွိုင်၏ မျက်နှာအမူအရာက ချက်ချင်း ငြိမ်သက်သွားပြီး အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်၏။
“မျက်မမြင်တာအိုဘုန်းတော်ကြီးက ညအချိန်မှာ သစ်ကိုင်း(၃)ချောင်းတောင်တန်းထဲ မဝင်ဖို့ ငါတို့ကို ပြောခဲ့တယ် မဟုတ်ဘူးလား…”
လင်းရှို့ယီက ခေါင်းခါပြီး ရှင်းပြလိုက်သည်။
“ယင်နတ်ဘုရား၊ ချန်းပင်အန်းနဲ့ ငါက ဒီအကြောင်းကို ဆွေးနွေးပြီးပြီ။ ညပိုင်း သစ်ကိုင်း(၃)ချောင်းတောင်တန်းကို ဖြတ်သွားတဲ့အချိန် ရန်လိုတဲ့တစ္ဆေက ထွက်လာပြီး တိုက်ခိုက်ရင် ငါတို့က သူ့ကို ထိပ်တိုက်ရင်ဆိုင်ပြီး ဖိနှိပ်ပစ်မယ်။ ယင်နတ်ဘုရားက အရင်ဖုံးကွယ်ထားလိမ့်မယ်။ ငါက အဆောင်တွေနဲ့ လျှပ်စီးကျင့်စဉ်တွေသုံးပြီး တစ္ဆေကို အနိုင်ယူဖို့ ကြိုးစားမယ်။ ဒါက ငါ့အတွက် လေ့ကျင့်ဖို့ အခွင့်အရေးပဲ။ ဒါပေမယ့် တစ္ဆေက ပုန်းနေပြီး ထွက်မလာရင်လည်း ငါတို့လည်း ထားလိုက်ပြီး ခရီးကို ဆက်သွားကြမယ်…”
ညအချိန် ရောက်လာသောအခါ ကလေး(၄)ဦးက သစ်ကိုင်း(၃)ချောင်း တောင်တန်းပေါ်ကို ဖြည်းညင်းစွာ တက်လာခဲ့သည်။ ထိုတောင်တန်းက မြင့်မားလှခြင်း မရှိသော်လည်း တောင်တက်လမ်းက ညင်သာပြီး အလွန်ရှည်လျား၏။
တောင်ထဲတွင် အမည်မသိ အုတ်ဂူများစွာ ရှိနေသည့်အတွက် ချန်းပင်အန်းက ကွေ့ပတ်၍ သွားခဲ့သည်။ တချို့အုတ်ဂူများကိုတော့ သူတို့၏မျိုးဆက်များက မကြခဏ သန့်ရှင်းပေးထားပုံရသည်။ ထိုအုတ်ဂူများပေါ်တွင် စာများ ရေးထားပြီး မီးမလောင်သေးသော ငွေစက္ကူစာရွက်များလည်း အုတ်ဂူများပေါ်တွင် ပြန့်ကျဲနေ၏။
သူတို့က နှစ်နာရီပင် မကြာသော အချိန်လေးအတွင်း သစ်ကိုင်း(၃)ချောင်း တောင်တန်းကို ဖြတ်သန်းနိုင်ခဲ့သည်။ ညအချိန် တဟူးဟူး တိုက်ခတ်နေသည့် အေးမြသော လေညင်းလေးကလွဲ၍ ထူးဆန်းသည့် ကိစ္စတစ်ခုမျှ မကြုံခဲ့ရချေ။
လင်းရှို့ယီက အနည်းငယ် စိတ်ပျက်သွားမိသည်။ သို့သော် သူက တမင်တကာ တိုက်ခိုက်ရန်တော့ ကြိုးစားနေမည် မဟုတ်ချေ။
ထို့နောက် တာ့လီတိုင်းပြည်၏ နယ်စပ်ရှိ ယဲ့ဖူတောင်ကြားသို့ သွားနေသော သူတို့၏ ခရီးစဉ်က ပို၍ပင်ဖြောင့်ဖြူးလာခဲ့သည်။
မြို့ငယ်လေးတစ်မြို့၏ ဈေးကို ဖြတ်သန်းသွားခဲ့စဉ် လီပေါင်ဖျင်သည် စာအုပ်(၅)အုပ်၊ (၆)အုပ်ခန့် ဝယ်ယူခဲ့သည်။ ထိုစာအုပ်များထဲတွင် တချို့က ခရီးသွားမှတ်တမ်းများ၊ တချို့က ဗုဒ္ဓဘာသာနှင့်တာအိုဘာသာ ဂန္တဝင်စာအုပ်များ၊ တချို့က စာပေပညာရှင်များ၏ မှတ်စုများဖြစ်၏။
လင်းရှို့ယီကတော့ ကျားကွက်ခုံတစ်ခု ဝယ်ယူခဲ့ပြီး ချန်းပင်အန်းကို ဆော့နည်း သင်ပေးပြီးနောက် သူတို့အားလပ်ချိန်တိုင်း ကစားလေ့ရှိသည်။ လီပေါင်ဖျင်ကတော့ စိတ်မရှည်သည့်အတွက် တစ်ကြိမ်ချလျှင် (၇)ခု (၈)ခုချထားချင်၏။ ထို့ပြင် လင်းရှို့ယီက နှေးကွေးလွန်းသည်ဟု အပြစ်တင်တတ်သည်။
လီဟွိုင်ကမူ ဦးနှောက်သုံးရန် အလွန်ပျင်းနေခဲ့၏။ သို့သော် အလွန်အံ့အားသင့်စရာကောင်းနေသည်မှာ ယင်နတ်ဘုရားက လင်းရှို့ယီနှင့် ကျားကစားခြင်းကို အကြိမ်အများဆုံး ကစားပေးခဲ့ခြင်း ဖြစ်၏။
ဖယောင်းတိုင်နီမြို့တွင် ငွေစ (၁၀)စနီးပါးသုံးပြီး မကောင်းသည့် စာအုပ်တစ်အုပ် ဝယ်မိခဲ့သည့်အရာက လီဟွိုင်အတွက် လတ်ဆတ်နေဆဲဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူက မည်သည့်အရာမျှ မဝယ်ခဲ့ချေ။
ချန်းပင်အန်းသည် ဓားပညာကို လေ့ကျင့်ချင်သော်လည်း တစ်ခါတစ်ရံ သူ၏ ခြင်းတောင်းထဲမှ သစ်သားဓားကို ထုတ်ယူခြင်းမှလွဲ၍ အမှတ်တကယ် လေ့ကျင့်ခဲ့ခြင်း မရှိချေ။
သူ့အနေနှင့်ပြောရလျှင်ယခုအချိန်တွင် အရေးအကြီးဆုံးက လက်သီးကျင့်စဉ်ကို သေချာလေ့ကျင့်ရန် ဖြစ်သည်။ သူ့ဆီ၌ အာရုံစိုက်ရန် အချိန်ရှိမှသာ ဓားပညာကို စတင်လေ့ကျင့်နိုင်ပါလိမ့်မည်။ အိုက်လျန် သင်ပေးခဲ့သည့် ချီစွမ်းအင် လှည့်ပတ်ခြင်းကျင့်စဉ်နှင့် ပတ်သက်၍ ချန်းပင်အန်းက တစ်ဝက်သာ ရှိသေးသည်။ သူက မည်သို့ပင် ကြိုးစားစေကာမူ ဆဋ္ဌမရပ်တန့်ခြင်း ကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ချေ။
ယခုအချိန်တွင် သူက ဓားပညာကို လေ့ကျင့်နိုင်ခြင်း မရှိသေးသော်လည်း ရပ်တန့်ခြင်း (၁၈)သွယ်က ဓားသမားများစွာ၏ အခက်အခဲများဖြင့် ဖန်တီးထားသည့် ကျင့်စဉ်တစ်ခုဖြစ်သည်ဟု အိုက်လျန်က ပြောခဲ့သည်။ ရပ်တန့်ခြင်း(၁၈)သွယ်ကို ဇွဲရှိရှိလေ့ကျင့်ခြင်းက အနာဂတ်တွင် ဓားပညာလေ့ကျင့်မှုအတွက် ခိုင်မာသည့် အုတ်မြစ်ချခြင်းနှင့် ညီမျှသည်။ ထိုအကြောင်းကို စဉ်းစားမိသည့်အချိန်တိုင်း ချန်းပင်အန်းက စိတ်အားထက်သန်လာပြီး တက်ကြွလန်းဆန်းလာ၏။
သူက အားလပ်သည့်အချိန်တိုင်း တောင်ထိပ်ပေါ်ရှိ သစ်ကိုင်းကြီးတစ်ခုပေါ်တွင် ဖြစ်စေ၊ စမ်းချောင်းဘေးရှိ တောင်ထိပ်အစွန်တွင်ဖြစ်စေ… ထိုလူငယ်လေးက တောင်တန်းများ မြစ်ချောင်းများကို ငေးကြည့်နေရင်း လက်သင်္ကေတများနှင့် မတ်တပ်ကျင့်စဉ်ကို တစ်ယောက်တည်း လေ့ကျင့်နေတတ်သည်။ တောင်တန်းများ ရှိသည့်နေရာတွင် တောင်တန်းများကို ကြည့်ပြီး မြစ်ချောင်းများ ရှိသည့်နေရာတွင် ရေသံကို နားထောင်ရင်း တိတ်ဆိတ်စွာ လေ့ကျင့်နေတတ်၏။
Translated by Hein Htet.