အခန်း (၁၃၀)
Vol. 9 Ch. 130
ဝေ့ကျင်းက အပြုံးနှင့် မေးလိုက်သည်။
“မင်းက မိုအတွေးအခေါ်ဂိုဏ်းက အဲဒီလူလား…”
ဆိုင်းဘုတ်အောက်တွင် ရပ်နေသော လူငယ်ဓားသမားက အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့၏။
“စီနီယာအိုက်လျန် …
အနည်းဆုံးတော့ ခင်ဗျားက သူတို့ကို ကျွန်တော့်နာမည် ပြောပြခဲ့သင့်တယ် မဟုတ်လား…”
“ခဏနေဦး...”
သူက ဝေ့ကျင်းကို ပြောလိုက်သည်။
လူငယ်ဓားသမားက ဆိုင်းဘုတ်ထဲတွင် စိတ်ဝိညာဉ်ရှိနေသော သရဲမကို ပြန်လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“မိန်းကလေးချူး...
အခြေအနေတွေက ဒီလောက်ထိဖြစ်နေမှတော့ မင်းက နည်းနည်းလေးတော့ အလျော့ပေးသင့်တယ်မဟုတ်လား…”
သရဲမက ခေါင်းညိတ်ပြလိုက်ရာ ကောင်းကင်ပေါ်တွင် ရှိနေသော အကာအကွယ်ကြီးက ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ပိုင်နက်ပတ်ပတ်လည်တွင် ရှိနေသော အကာအကွယ် ပျောက်ကွယ်သွားသည့်အတွက် သူမက သာမန်လူများကို တံခါးဝတွင် ကြိုဆိုနေသည့်သင်္ကေတလည်း ဖြစ်သည်။ သူမက မည်မျှပင် သီးသန့်နေထိုင်ပြီး ဗဟုသုတမရှိစေကာမူ ထိုလူ၏ အောင်မြင်မှုများစွာကို ကြားဖူးထားသေးသည်။
သူက မိုအတွေးအခေါ်ဂိုဏ်းမှ လေလွင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ တာ့လီအင်ပါယာထဲကို မိုအတွေးအခေါ်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်နှင့်အတူ ခိုလှုံလာခဲ့ပြီးနောက် ဘုရင်ကြီးကိုယ်တိုင်က အထူးဧည့်သည်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ရသည်။ ယခုသူက တာ့လီအင်ပါယာ၏မြို့တော်ထဲတွင် ဂုဏ်သရေရှိ အစောင့်အရှောက်တစ်ယောက်ဖြစ်ပြီး အင်မော်တယ်အဖွဲ့အစည်းများကို စောင့်ကြည့်ရသော အရေးပါသည့် လူများထဲမှ တစ်ယောက်လည်း ဖြစ်သည်။
သူက အားနေသည့်အချိန်တိုင်း လောကတစ်ခွင်လုံးကို တစ်ယောက်တည်းလှည့်လည်သွားလာသည်ဟု ပြောခဲ့ကြသည်။ သူက တောင်တန်းများကို ဖြတ်သန်းသွားသည့် အချိန်တိုင်း သို့မဟုတ် လှပသောမြင်ကွင်းများကို တွေ့သည့်အချိန်တိုင်း ထိုမြင်ကွင်းများကို သူ၏ကိုယ်ပိုင်ဓားဆန္ဒများအဖြစ် ပြောင်းလဲပစ်တတ်သည်။
အထွေထွေရေးရာဌာနမှ နန်းရေးဝန်ကြီးနှင့် ပန်းထိုးမြစ်၏ မဟာမြစ်နတ်ဘုရားတို့က လမ်းပေါ်တွင် ပေါ်လာပြီးနောက် လူငယ်ဓားသမားကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးသည့်အခါ သူက အသိအမှတ်ပြုရုံ ခေါင်းညိတ်ပြလိုက်သည်။ ထိုအရာက တာ့လီအင်ပါယာထဲတွင် သူ၏အဆင့်အတန်းကို ဖော်ပြနေသောအရာလည်း ဖြစ်၏။
ယင်နတ်ဘုရားကလည်း ချန်းပင်အန်း၏ဘေးတွင် ရပ်နေပြီး သူ၏ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက ကောင်းကင်ပေါ်သို့ မြင့်တက်လာနေခဲ့သည်။ ထိုအချိန်တွင် သူကတော့ သူ၏ကျင့်ကြံမှုကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် တောင်တန်း၏အုတ်မြစ်ကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။ သူက သရဲမနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ဆန္ဒရှိနေခဲ့၏။ တောင်တန်း၏အုတ်မြစ်သာ ပျက်စီးသွားမည်ဆိုလျှင် သရဲမ၏အကာအကွယ်က ပျက်စီးသွားပါလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူမက အဆင့်(၁၀)ကျင့်ကြံသူများကို ယှဉ်နိုင်သော စွမ်းရည်ကိုလည်း ဆုံးရှုံးသွားရမည်ဖြစ်၏။
ဆိုင်းဘုတ်ထဲမှနေ၍ ချောမွေ့သော လက်ကလေးတစ်ဖက် ထွက်လာပြီး အနီရောင်မင်္ဂလာဝတ်စုံကို ယူလိုက်သည်။ သရဲမက ဆိုင်းဘုတ်ထဲမှ နောက်တစ်ကြိမ် ပြန်ထွက်လာသည့်အချိန်တွင် အနီရောင်မင်္ဂလာဝတ်စုံကို ပြန်ဝတ်ပြီးသား ဖြစ်၏။ သူမက ဝေ့ကျင်းကြောင့် (၄)ပိုင်းပြတ်သွားပြီး သေလုဆဲဆဲ ဖြစ်သွားခဲ့သော်လည်း သူမ၏မင်္ဂလာဝတ်စုံကိုတော့ အကောင်းအတိုင်း ရှိနေစေချင်သေးသည်။ ထို့ကြောင့် ထိုမင်္ဂလာဝတ်စုံက သူမအတွက် မည်မျှအဖိုးတန်လဲဟူသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်၏။ သူမက ထိုအရာကို အလွန်စွဲလမ်းနေခဲ့ခြင်းဖြစ်သည်။
ဆိုင်းဘုတ်ထဲမှ ထွက်လာပြီးနောက် သရဲမက ကလေးငယ်များ၏ နောက်ကျောတွင် ရှိနေသော စာအုပ်သေတ္တာလေးကို မထင်မှတ်ဘဲ ကြည့်လိုက်မိသည်။ ထိုအချိန်တွင် သူမ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်ထဲမှနေ၍ ရန်လိုသည့်အငွေ့အသက်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူမက ထိုအရာကိုဖိနှိပ်ရန်အကောင်းဆုံးကြိုးစားခဲ့သော်လည်း တခြားသူများက အလွယ်တကူ သတိထားမိသွားသေးသည်။
လူငယ်ဓားသမားက သက်ပြင်းချလိုက်ပြီး ပန်းထိုးမြစ်ပေါ်ရှိ လှေပေါ်တွင် တစ်ကြိမ်တွေ့ခဲ့ဖူးသော မြက်ဖိနပ်စီး လူငယ်လေးကိုကြည့်လိုက်သည်။ သူက လှိုက်လှိုက်လှဲလှဲ အမူအရာနှင့် မေးလိုက်၏။
“မင်းက ဒီကလေး(၃)ယောက်ရဲ့ စာအုပ်သေတ္တာတွေကို အရင်ဆုံး သိမ်းထားပေးလို့ရမလား။ မိန်းကလေးချူးက စာသင်သားတွေအပေါ် မကျေနပ်တဲ့စိတ်ကြောင့် တောင်တန်းနတ်ဘုရားမ ဒါမှမဟုတ် မြစ်နတ်ဘုရားမ ဖြစ်လာဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့တာ။ ဒီနောက်ကွယ်မှာရှိတဲ့ အကြောင်းပြချက်တွေက စကားလုံးနည်းနည်းလေးနဲ့ ရှင်းပြဖို့ တော်တော်ခက်တယ်။ ချန်းပင်အန်း … မင်းလည်း ဘာမှကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ဘူးဆိုတော့ မင်းနဲ့ မင်းရဲ့အဖော်တွေက သနားငဲ့ညှာသောအားဖြင့် ဒီကိစ္စကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ မင်းက ဘယ်လိုသဘောရလဲ…”
လူငယ်ဓားသမားက ခဏကြာစဉ်းစားပြီး အပြုံးနှင့် ထပ်ပြောလိုက်သည်။
“တကယ်လို့အဆင်ပြေမယ်ဆိုရင် ငါက ပုံရိပ်ယောင်ကျင့်စဉ်တစ်ခု သုံးချင်တယ်။ မင်းက သဘောတူဖို့ပဲ လိုအပ်တယ်…”
“လုပ်လိုက်ပါ…”
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ ထိုအခါ အစိမ်းရောင် စာအုပ်သေတ္တာငယ်လေး(၃)ခုက လူတိုင်း၏ မျက်စိရှေ့မှနေ၍ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ ချီကျင့်ကြံသူများက အာရုံစိုက်နေမည်ဆိုလျှင်တော့ ထိုအရာများကို မြင်တွေ့နိုင်သေးသည်။
လူငယ်ဓားသမားက အရှေ့ပိုင်းကုန်းမြေကြီးထဲရှိ အထက်ဘုံ(၅)ဆင့်တွင် အငယ်ဆုံး ကျင့်ကြံသူဖြစ်သော ဝေ့ကျင်းကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုအရာတွင်သာမက ဝေ့ကျင်းက အဆင့်တစ်ခုကို မြင့်တက်သွားသော ဓားသမားတစ်ယောက်လည်း ဖြစ်နေခဲ့၏။ သူက အသက်(၄၀) မရောက်သေးသော်လည်း အထက်ဘုံ(၅)ဆင့်ကို ရောက်နေခဲ့ပြီ ဖြစ်သည်။ သူက လူတိုင်းကို အံ့ဩသွားစေနိုင်သော အထွဋ်အထိပ် ပါရမီရှင်တစ်ယောက်ဖြစ်၏။ သူက မည်သည့်ကုန်းမြေကြီးတွင်ဖြစ်စေကာမူ လူတိုင်းကို အံ့ဩသွားစေနိုင်သည်။ ထိုအရာက အကျယ်ဆုံးနှင့် အခမ်းနားဆုံး အလယ်မြေကြီးနတ်ဘုရားကုန်းမြေထဲတွင်ပင် အတူတူသာ ဖြစ်သည်။
ငယ်ရွယ်သော ကျင့်ကြံသူများထဲတွင် ဖုန်းရွှယ်ကျောင်းဆောင်မှ ဝေ့ကျင်းနှင့် တာ့လီအင်ပါယာမှ စုန့်ချန်ကျင့်တို့က တောင်ဘက်နှင့် မြောက်ဘက်တွင် ပြိုင်ဘက်ကင်းကျောက်စိမ်းနံရံများဟု သတ်မှတ်နိုင်သည်။ တစ်ယောက်က အဆင့်(၁၀)မှနေ၍ အဆင့်(၁၁) ဓားအင်မော်တယ်တစ်ယောက်ဖြစ်လာပြီး တခြားတစ်ယောက်ကတော့ ဒဏ္ဍာရီထဲမှ အဆင့်(၁၀) သိုင်းပညာရှင် တစ်ယောက်ဖြစ်လာခဲ့သည်။ သူတို့(၂)ယောက်လုံးက မျှော်လင့်ချက်အတိုင်း နာမည်ကျော်ကြားခဲ့ကြ၏။
တစ်ယောက်က မြို့ပြအရာရှိတစ်ယောက်ဖြစ်ပြီး တစ်ယောက်က စစ်မက်ရေးရာ အရာရှိတစ်ယောက် ဖြစ်သည်။ သို့သော် (၂)ယောက်လုံးက အနာဂတ်အတွက် အကန့်အသတ်မရှိသော အရည်အချင်းများကို ပိုင်ဆိုင်ထားခဲ့၏။
လူငယ်ဓားအင်မော်တယ်က အပြုံးနှင့် မေးလိုက်သည်။
“လက်ရှိပြဿနာတွေကို ဖြေရှင်းတဲ့အပြင် ဓားအင်မော်တယ်ဝေ့က တာ့လီအင်ပါယာထဲကို ခရီးသွားဖို့ အစီအစဉ်ရှိသေးလား…”
လောကတခွင်လုံး သွားလာနေတတ်သော ဝေ့ကျင်းက သူရဲကောင်း ဓားသမားတစ်ယောက်ဟု နာမည်ကျော်ကြားသည်။ သူက အပြုံးနှင့်ပြောလိုက်၏။
“ငါ့မှာ အစီအစဉ်မရှိရင် ဘာဖြစ်လို့လဲ။ တကယ်လို့ အစီအစဉ်ရှိတယ်ဆိုရင်ရော ဘာဖြစ်မှာလဲ…”
“တကယ်လို့ မင်းက ခရီးသွားလာဖို့ စီစဉ်ထားတယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ ကန့်သတ်နယ်မြေအနည်းငယ်ကလွဲရင် နေရာတိုင်းကို သွားလည်ဖို့ကြိုဆိုပါတယ်..”
လူငယ်ဓားသမားက ထူးဆန်းစွာ ပြန်ဖြေလိုက်၏။
“တကယ်လို့ မင်းသာ စိတ်မရှိရင် ငါက မင်းကို လမ်းပြအနေနဲ့ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေပြီး တာ့လီအင်ပါယာကို အခွင့်ကောင်းယူဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ငါက မင်းရဲ့လမ်းမှာ တားဆီးရလိမ့်မယ်။ ပြီးတော့ ဓားအင်မော်တယ်ဝေ့ရဲ့ ဓားပျံက ဘယ်လောက်မြန်လဲဆိုတာ ကိုယ်တိုင် စမ်းသပ်ကြည့်ရတာပေါ့…”
ဝေ့ကျင်းက သူ၏နာမည်ကျော်ဓားပျံဖြစ်သော အဆင့်မြင့်အလင်းတန်းကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ခါးတွင် ချိတ်ထားသော ဓားအိမ်ထဲသို့ ထည့်လိုက်သည်။
“ဖုန်းရွှယ်ကျောင်းဆောင်မှာ ငါက ဆရာရွမ်ကို အလေးစားဆုံးပဲ။ ဒါပေမဲ့ ငါက သူနဲ့တွေ့နိုင်ဖို့ အခွင့်အလမ်းတွေ၊ အကြောင်းပြချက်တွေ အများကြီးရှိတယ်။ ဒါကြောင့် လီကျူးသုခဘုံထဲကနေ ဆရာရွမ်ရဲ့စာကို ရတဲ့အချိန်မှာ ဒီကလေးတွေကို တာ့လီအင်ပါယာရဲ့နယ်စပ်မှာရှိတဲ့ ယဲ့ဖူတောင်ကြားကို ခေါ်သွားပေးဖို့ တာဝန်ကို လက်ခံခဲ့တာ။ ဒါပေမဲ့ ငါက ဒီနေရာကိုလာနေရင်း လမ်းမှာ အိုက်လျန်လို့ခေါ်တဲ့ စီနီယာတစ်ယောက်က ဓားပညာနဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုတချို့ ပေးခဲ့တယ်။ ဒါကြောင့်လည်း ငါက တံခါးပိတ်လေ့ကျင့်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာ။ ပြောရမယ်ဆိုရင်တော့ မြောက်ပိုင်းကိုသွားမဲ့ ငါ့ရဲ့ခရီးကို စိုးရိမ်နေဖို့ မလိုပါဘူး…”
မျက်နှာချင်းဆိုင်တွင် ရှိနေသော ဓားသမားလူငယ်က သူ့ကို လှိုက်လှိုက်လှဲလှဲဆက်ဆံနေခြင်း ဖြစ်သည်။ ဝေ့ကျင်းကလည်း နဂိုကတည်းက အလွန်ပွင့်လင်းသော လူငယ်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဝေ့ကျင်းက ဓားသမားလူငယ်ကို ရန်စသည့်ပုံစံနှင့် ခက်ထန်စွာ ဆက်ဆံနေခဲ့ခြင်း မရှိချေ။
ထိုအစား သူကတော့ တောင်တန်းများကိုပင် ရွေ့လျားနိုင်သည့် စွမ်းရည်ရှိနေသော လူငယ်ဓားသမားကို ရိုးရိုးသားသား ပြောလိုက်သည်။
“တကယ်လို့ မင်းက ငါနဲ့လက်ရည်စမ်းချင်တယ်ဆိုရင်တော့ ငါက မင်းရဲ့တောင်းဆိုမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါ။ နဂိုတုန်းကတော့ ငါက အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ နောက်ထပ်ခရီးသွားဖို့ စိတ်ကူးမရှိတော့ဘူး။ အပြင်ဘက်ကမ္ဘာကြီးအကြောင်း အိုက်လျန် ပြောပြတဲ့ပုံပြင်တွေကို နားထောင်ပြီးသွားတဲ့အချိန်မှာတော့ ငါက အိုက်လျန်လေ့ကျင့်နေတဲ့ ကျောက်စက်ပန်းဆွဲတောင်တန်းကို သွားလည်ဖို့ ဆန္ဒရှိတယ်။ အဲဒီနေရာမှာ ငါ့ရဲ့ဓားသိုင်းပညာတွေကို လေ့ကျင့်ချင်တယ်…”
ဝေ့ကျင်းက နေရာများစွာသို့ သွားလာခဲ့ဖူးသည့်အတွက် လုံ့လဝိရိယဟူသော စကားလုံး၏ အရေးပါမှုကို သိနေသော လူပေါင်းများစွာကို ကြုံတွေ့ဖူးသည်။
မျက်မမြင်တာအိုသခင်အိုကြီးကတော့ စကားဖြတ်ပြောရဲခြင်း မရှိချေ။ ဖုန်းရွှယ်ကျောင်းဆောင်မှ နာမည်ကျော် ဝေ့ကျင်းတစ်ယောက်တည်းကပင် လမ်းမှားပညာရှင်တစ်ယောက်ဖြစ်သော အဘိုးအိုကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည်။ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အထက်ဘုံ(၅)ဆင့်မှ ကျင့်ကြံသူများ မည်မျှရှိနေသနည်း။
တစ်ဖက်တွင်တော့ အဆင့်(၁၀)ကျင့်ကြံသူများကပင် တိုင်းပြည်နှင့် အင်ပါယာများ၏ ထောက်တိုင်များ ဖြစ်လာရန် လုံလောက်သော အစွမ်းမျိုးရှိနေပြီး ရှင်ဘုရင်များက သူတို့တိုင်းပြည်၏ ကံကြမ္မာကို ကာကွယ်စောင့်ရှောက်ရန် အထူးဧည့်သည်များအဖြစ် သတ်မှတ်ထားကြသည်။
အထက်ဘုံ(၅)ဆင့် ပညာရှင်များက နဂါးများကဲ့သို့ ထူးခြားနေခြင်း မဟုတ်ပေလော။ သူတို့က ကိုယ်ပိုင်ဂိုဏ်းများပင် တည်ထောင်နိုင်စွမ်း ရှိနေသော အစွမ်းထက် ကျင့်ကြံသူများဖြစ်ကြသည်။ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် တည်ရှိနေသော တိုင်းပြည်များ၊ အင်ပါယာများထဲတွင် ကိုယ်ပိုင်ဂိုဏ်း တည်ထောင်နိုင်သော အင်မော်တယ်ကလန် အဖွဲ့အစည်း မည်မျှရှိနေသနည်း။ သူတို့ကိုလက်ချိုးရေတွက်ပင် ရနိုင်သည်။
ဝေ့ကျင်းက လက်သီးဆုပ်ပြီး လူငယ်ဓားသမားကို ပြောလိုက်သည်။
“ဒါဆိုလည်း ငါတို့က နောက်ကျရင် ပြန်တွေ့ကြတာပေါ့…”
လူငယ်ဓားသမားက လပ်သီးဆုပ်ပြီး ပြန်ပြောလိုက်သည်။
"မင်းက ကျောက်စက်ပန်းဆွဲတောင်တန်းကို ခရီးသွားလာနေတဲ့ သတင်းတွေအကြောင်း အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ပြန်ကြားရဖို့ မျှော်လင့်ပါတယ်…”
ဓားသမား(၂)ယောက်က အချင်းချင်းပြုံးပြလိုက်သည်။ အသက်ကြီးသည်အထိ ပေါင်းသင်းလာကြသော မိတ်ဆွေများက သူစိမ်းများကဲ့သို့ ဖြစ်သွားနိုင်သလို မတော်တဆ ကြုံတွေ့ရသော မိတ်ဆွေများကလည်း အရင်းနှီးဆုံးမိတ်ဆွေများကဲ့သို့ ဖြစ်သွားနိုင်သည်။ ထိုစကားလုံးကလည်း အလွန်အဓိပ္ပာယ်ရှိ၏။
“သွားကြစို့…”
ချန်းပင်အန်းက တိုးတိုးလေး ပြောလိုက်သည်။
လီပေါင်ဖျင်၊ လီဟွိုင်နှင့် လင်းရှို့ယီတို့အားလုံးကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။
မျက်မမြင်တာအိုသခင်အိုကြီးက အံ့ကြိတ်ပြီး အားတင်း၍ ပြောလိုက်၏။
“အင်မော်တယ် …
ကျွန်တော့်ရဲ့တပည့်(၂)ယောက်က မိန်းကလေးချူးရဲ့စံအိမ်ထဲကို ရောက်နေပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော် ထွက်မသွားခင် သူတို့ကို ခေါ်သွားလို့ ရနိုင်မလား။ ကျွန်တော့်ရဲ့တပည့်တွေက မိန်းကလေးချူးရဲ့စည်းမျဉ်းတွေကို မတော်တဆ ချိုးဖောက်မိမှာ စိုးရိမ်လို့ပါ…”
လူငယ်ဓားသမားက သရဲမကို ပြန်လှည့်ကြည့်ပြီး သိမ်မွေ့စွာမေးလိုက်သည်။
“သူတို့ကို လွှတ်ပေးနိုင်မလား မိန်းကလေးချူး…”
“ရှင်ကတောင် ဒီလိုပြောနေမှတော့ ကျွန်မက ငြင်းရဲဦးမှာလား”
သရဲမက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
မြို့တော်၏အစောင့်ဓားသမားက ဓားကို ဓားအိမ်ထဲမှ တစ်လက်မသာထုတ်ပြီး ဝေ့ကျင်း၏ တတိယမြောက် တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ သူက အဆပေါင်းများစွာ ပို၍အစွမ်းထက်သည့်အတွက် မည်မျှကြောက်စရာကောင်းကြောင်း သရဲမက သိနေခဲ့သည်။ ရိုးရှင်းစွာ ပြောရမည်ဆိုလျှင် ထိုအရာက သူမ ယှဉ်ပြိုင်နိုင်သော လူတစ်ယောက်မဟုတ်ချေ။ အကယ်၍ သူမက အထွဋ်အထိပ် အခြေအနေတွင် ရှိနေပြီး တောင်တန်းနှင့်မြစ်များ၏ အကာအကွယ်ရှိနေလျှင်ပင် ရင်ဆိုင်နိုင်ခြင်း မရှိပေ။
မည်သို့ဖြစ်စေကာမူ သူမက အဆင့်(၁၀)ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ခြင်း မရှိချေ။ မိုအတွေးအခေါ်ဂိုဏ်းမှ ထူးဆန်းသော ဓားသမားကတော့ ဝေ့ကျင်းနှင့် တူညီနေပြီး အဆင့်(၁၁) မြေပြင်ဓားအင်မော်တယ် တစ်ယောက်ဖြစ်နိုင်သည်။
သူမက အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ကလေးငယ်များကို လှည့်ကြည့်လိုက်သည်။ အကယ်၍ သူတို့ကသာ သူမ ဖယောင်းတိုင်ထွန်းညှိနေခြင်းကို တားဆီးခဲ့ခြင်း မရှိလျှင် သူမက ခရီးသွားနေသော စာသင်သားများအဖြစ် သူတို့ကို သတ်မှတ်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူမက ယခုလိုဆိုးရွားသော ကံကြမ္မာမျိုးကို မည်သို့ကြုံတွေ့ခဲ့ရမည်နည်း။
သူမက ဝေ့ကျင်း၏ တိုက်ခိုက်မှု(၂)ကြိမ်ကို ရင်ဆိုင်လိုက်ရခြင်းက ကိစ္စမရှိသော်လည်း သူမ၏ပိုင်နက်ထဲတွင် ရှိနေသော တောင်တန်းများ၏ အုတ်မြစ်နှင့် မြစ်များ၏ အရင်းအမြစ်က ယင်နတ်ဘုရားကြောင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့သည်။
မြည်းဖြူလေး၏ဇာတ်ကြိုးကို ကိုင်လိုက်ပြီး ဝေ့ကျင်းက ချန်းပင်အန်းတို့ကို အပြုံးနှင့် မေးလိုက်၏။
“ဒါဆိုရင် အခု ငါတို့သွားကြတော့မလား…”
ချန်းပင်အန်းက ငြင်းဆန်နေခဲ့ခြင်း မရှိချေ။ ယခုတော့ မြောက်ဘက်သို့သွားမည့် သူတို့၏ခရီးလမ်းတွင် ဓားအင်မော်တယ်အသစ်တစ်ယောက် ပူးပေါင်းလာခဲ့ပြီဖြစ်သည်။
လီပေါင်ဖျင်က ချန်းပင်အန်း၏အနားသို့ လျှောက်လာပြီး မေးလိုက်သည်။
“ဦးလေးငယ်…”
“ဘာဖြစ်လို့လဲ…”
ချန်းပင်အန်းက တိုးတိုးလေးမေးလိုက်၏။
လီပေါင်ဖျင်က အပြုံးနှင့်ပြန်ဖြေလိုက်သည်။
“ဘာမှမဟုတ်တော့ပါဘူး…”
ချန်းပင်အန်းက သူမ၏ခေါင်းကို ပုတ်လိုက်၏။ အနီရောင်အပေါ်ထပ် ဝတ်ထားသော ကလေးမလေးက ချန်းပင်အန်း၏အနားသို့ လျှောက်လာခဲ့သည်။ ပထမတွင်တော့ သူမက သူမ၏အစ်ကိုကြီးအကြောင်းကို တွေးမိခဲ့၏။
သရဲမက လက်ကိုဝှေ့ယမ်းလိုက်သည့်အချိန်တွင် မသန်စွမ်းလူငယ်နှင့် မျက်နှာဝိုင်းဝိုင်း ကလေးမလေးက မျက်မမြင်တာအိုသခင်အိုကြီး၏ရှေ့ကို ရောက်လာခဲ့သည်။
ထို့နောက် သူမက တစ်နေရာကို မျက်စောင်းထိုး၍ ကြည့်လိုက်မိ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် မြက်ဖိနပ်နှင့်လူငယ်လေးကလည်း ပြန်လှည့်ကြည့်လိုက်ကြောင်း သူမက တွေ့လိုက်ရသည်။ သူတို့(၂)ယောက်က အကြည့်ချင်းစုံသွားခဲ့၏။
ချန်းပင်အန်း၏အကြည့်က အေးစက်နေခဲ့သည်။ ဘာကြောင့်မှန်းမသိသော်လည်း ထိုအခိုက်တွင် သူမက အနည်းငယ်စိုးရိမ်သွားသလို ခံစားလိုက်ရသည်။ သို့သော် ထိုအရာက ရယ်စရာကောင်းသည့်အတွက် လျင်မြန်စွာ ဖယ်ရှားလိုက်၏။ သူမက မျက်လုံအကြည့်ကို ရုတ်သိမ်းလိုက်ပြီး သာမန်လူငယ်လေးနှင့် အချိန်ဖြုန်းနေလိုခြင်း မရှိခဲ့ပေ။
ဘာကြောင့် သူမက ထိုကဲ့သို့ ခံစားခဲ့ရကြောင်း ရှုပ်ထွေးနေခဲ့၏။ ထို့နောက် သူမက နောက်တစ်ကြိမ် သတိလက်လွတ် ပြန်လှည့်ကြည့်လိုက်ရာ မြက်ဖိနပ်နှင့် လူငယ်လေးက ဖြည်းညင်းစွာ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ သူက အဖွဲ့၏နောက်ဆုံးတွင် ဖြစ်နေခဲ့၏။
…………..
မြို့ငယ်လေးထဲတွင် နဂါးမီးဖိုကြီး(၃၀)၏ တိုက်ပွဲအတွင်း ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲမှ မိသားစု(၄)ခုနှင့် ကလန်(၁၀)ခုက နှစ်ထောင်ပေါင်းများစွာ အဆုံးမဲ့ တိုက်ခိုက်ခဲ့ကြသည်။ ယခုတော့ မြို့ငယ်လေးက လုံချွမ်တိုင်းပြည်ဖြစ်နေပြီး အပြင်လူများကို ဖွင့်ပေးလိုက်သည့်အတွက် သူတို့က မဟာမိတ်ဖွဲ့ပြီး သူတို့၏အစွမ်းများကို ပေါင်းစည်းလာခဲ့ကြသည်။ သို့သော် သူတို့ကရော နန်းတွင်းနှင့် တာ့လီအင်ပါယာမှ အင်မော်တယ်အဖွဲ့များကို သီးသန့်ဆက်သွယ်မှုမရှိဘဲ နေကြမည်လော။
အပြင်ဘက်ကမ္ဘာကြီးထဲတွင် ကောလဟာလများက တောမီးများသဖွယ် ပျံ့နှံ့လာခဲ့သော်လည်း ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲတွင် ရှိနေသော မိသားစုများနှင့် ကလန်များက အလေးအနက် မထားခဲ့ပေ။ ဥပမာအနေနှင့် ပြောရလျှင် လီကလန်၏ မီးငှက်နှင့် ဇာမဏီတို့က လီပေါင်ဖျင်၏ ဆရာသေသွားသည့်အချိန်တွင် ဟာသများဖြစ်လာသည်ဟု ပြောကြသည်။
ထိုအစား ကျိုးယောင်နှင့် အစွမ်းထက်မိသားစုများ၊ ကလန်များမှ လူငယ်စာသင်သားလေးများကသာ လျော့တွက်၍ မရနိုင်ကြောင်း ပြောခဲ့ကြသည်။ ထိုလူငယ်လေးများက အင်မော်တယ်ဖြစ်လာရန် အရည်အချင်း ရှိနေကြ၏။
သို့သော် လီကလန်ခေါင်းဆောင်၏ ဒုတိယသား လီပေါင်ကျန်းက မြို့တော်ထဲတွင် အစွမ်းထက်သော လူတစ်ယောက်နှင့် တွေ့ခဲ့ရသည်။ ထိုလူက ချွင်းချက်ထားပြီး သူ့ကို နန်းတွင်းကျောင်းတော်ထဲတွင် တပည့်တစ်ယောက်အဖြစ် လက်ခံခဲ့၏။ သူက နန်းတွင်းထဲမှ နာမည်ကျော် စာသင်သားတစ်ယောက်ဖြစ်သော လျှိုဝမ်ဟုဆီမှ မဟာလောကကျင့်ဝတ်များကို လေ့လာနေရသည်။ သူကြောင့် မြို့ငယ်လေးထဲတွင် လှိုင်းဂယက်လေးများ ဖြစ်ပေါ်စေခဲ့၏။
လီဟုန်၏အကြီးဆုံးသား၊ ဖုလုလမ်းကြားထဲတွင် ရှိနေသော အကြီးအကဲများ သဘောကျခဲ့ကြသော လူငယ်ကတော့ စာပေအလွန်ဖတ်ရှုသော စာဂျပိုးတစ်ယောက် ဖြစ်သည်။ တချိန်တည်းတွင် သူ့သမီး လီပေါင်ဖျင်ကတော့ အပြင်ဘက်တွင် လှည့်လည်သွားလာတတ်နေသော အရူးမလေးတစ်ယောက်ဖြစ်သည်။ သူမက ငယ်ငယ်ကတည်းက ထိုသို့လုပ်ဆောင်ခဲ့၏။
ထိုအရာကလွဲလျှင် လီဟုန်၏သားအကြီးဆုံးနှင့် သမီးတို့က ထူးခြားမှုမရှိကြပေ။ သူ၏ဒုတိယသား လီပေါင်ကျန်းကသာ လီကလန်ကိုအောင်မြင်မှုများ ယူဆောင်ပေးရန် အခွင့်အရေးရှိနေသည်။
လီကလန်၏ စာကြည့်ခန်းထဲတွင် လူငယ်လေးတစ်ယောက်က သူ့အဖေ လီဟုန်ဆီသို့ စာတစ်စောင် ပေးလိုက်သည်။ ထိုအရာက မြို့တော်မှ စာတစ်စောင်လည်းဖြစ်သည်။
လီဟုန်က အပြုံးနှင့်ပြောလိုက်၏။
“ပေါင်ကျန်းကလည်းမင်းညီမလေးနဲ့ အတူတူပဲ။ သူက အဖေအမေဆီကို စာပို့ရမဲ့အစား သူ့အစ်ကိုကြီးဆီကိုပဲ စာပို့ချင်နေတာ.”
လူငယ်လေးက မချိပြုံးပြုံးပြီး တိုးတိုးလေး ပြောလိုက်သည်။
“အဖေ စာထဲမှာ ရေးထားတဲ့အရာတွေအတွက် စိတ်ထဲမှာကြိုပြီး ပြင်ဆင်ထားသင့်တယ်…”
လီဟုန်၏အမူအရာက ချက်ချင်းတည်ငြိမ်သွားခဲ့သည်။ သူက စာအိတ်ထဲမှစာကို ဆွဲထုတ်လိုက်၏။ နှုတ်ဆက်စာနှင့် အသေးအဖွဲအကြောင်းအရာများကို ကျော်လိုက်ပြီးနောက် သူက စာဖတ်နေရင်း တဖြည်းဖြည်း မျက်နှာပျက်လာခဲ့၏။ ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး ရေနံဆီမီးအိမ်လေးကို ထွန်းကာ စာကို မီးရှို့လိုက်သည့်အတွက် အပြာရောင်ပြာမှုန့်လေးများ ကျဆင်းလာခဲ့၏။
ထိုလူက သူ့သား၏အပြုအမူကို စကား(၂)ခွန်းတည်းနှင့်သာ အကျဉ်းချုပ်နိုင်ခဲ့သည်။
“တော်တော်ရယ်ဖို့ကောင်းလိုက်တာ…”
“ဒီကိစ္စကို မင်းဘယ်လိုထင်လဲ…”
လီဟုန်က သူ့သားကြီးကို မေးလိုက်သည်။
“ငါတို့က မင်းညီလေးရဲ့ အကြံပေးချက်ကို နားထောင်ပြီး နယ်မြေခံရုံးတော်ထဲမှာ ကျူးဟယ်နဲ့ ကျူးလုတို့ရဲ့ဘိုးဘေးမှတ်တမ်းကို ဖယ်ရှားပေးသင့်လား။ ငါတို့က သူတို့ကို သာမန်လူတွေဖြစ်သွားအောင် ကူညီပေးသင့်လား…”
အကယ်၍ ကျူးဟယ်နှင့် ကျူးလုတို့ကသာ အဆင့်အတန်းပြောင်းလဲသွားပြီး လီကလန်၏ အခိုင်းအစေဟူသော နာမည်ကို ဖယ်ရှားလိုက်မည်ဆိုလျှင် သူတို့၏သားသမီးမြေးမြစ်များက မျိုးရိုးစဉ်ဆက်အစေခံများ ဖြစ်မလာနိုင်တော့ပေ။ ထိုအရာက နဂါးတံခါးကိုဖြတ်ကျော်သွားသော ငါးတစ်ကောင်ဟု ပြောမည်ဆိုလျှင်လည်း လွန်ရာကျမည်မဟုတ်ချေ။ သူတို့၏ကံကြမ္မာက လုံးဝပြောင်းလဲသွားခြင်းဖြစ်သည်။
အမတ်ချုပ်ကြီး၏တံခါးတွင် စောင့်ကြပ်နေရသော အစောင့်ကို အဆင့်(၇) အရာရှိတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ အဆင့်တူထဲတွင်ပင် မည်သူက တိုးတက်နိုင်မလဲဟူသည်မှာ အစေခံဟူသော အချုပ်အနှောင်ကို ဖယ်ရှားပြီး လွတ်မြောက်နိုင်သည့် စွမ်းရည်ရှိမရှိအပေါ်သာ မူတည်နေသည်။
အကယ်၍ လူတစ်ယောက်က ပါရမီမရှိလျှင်တော့ သူတို့က ပို၍အစွမ်းထက်သော လူများကို အားကိုးနေခြင်းက ပို၍ကောင်းမွန်သည်။ အကယ်၍ ဗဟုသုတ ပြည့်စုံမည်ဆိုလျှင်တော့ ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ခြင်းက ပို၍ကောင်းမွန်နိုင်၏။
လူငယ်က မချိပြုံး ပြုံးပြီး ပြန်ဖြေလိုက်သည်။
“အဖေက ဆုံးဖြတ်ပြီးသွားပြီပဲလေ…”
လီဟုန်က ထိုင်ခုံတွင်မှီလိုက်ပြီး ခေါင်းကို လက်နှင့်နှိပ်နေခဲ့သည်။
“ဒါပေမဲ့ ငါက မင်းရဲ့ထင်မြင်ချက်ကို ကြားချင်သေးတယ်။ ကလန်ထဲမှာ ရှိတဲ့သူတိုင်းက အန္တရာယ်တွေ၊ စွန့်စားမှုတွေကနေ ကြွယ်ဝချမ်းသာမှုနဲ့ အခွင့်အရေးတွေကို လိုချင်နေတာ မဟုတ်ဘူးလေ…”
လူငယ်၏မျက်လုံးထဲတွင် အလင်းရောင်တစ်ခုတောက်ပလာပြီး တိတ်တဆိတ် ထိုင်လိုက်သည်။ သူက ပြောလိုက်၏။
“ဒီနေရာမှာ စိန်ခေါ်မှုအရှိဆုံးအရာကတော့ အဖေက ဘာကိုပဲရွေးချယ်ရွေချယ် တဖက်လူက ကလန်ကနေ ဝေးကွာသွားသလို ခံစားရမှာပဲ။ ဒါကြောင့် ပေါင်ကျန်းရဲ့ အပြုအမူတွေက မမှန်ဘူး။သူက ကိုယ့်သဘောနဲ့ ကိုယ်ဆုံးဖြတ်လိုက်ပြီး ကလန်ကို နောက်ဆုတ်ဖို့ လမ်းကြောင်းမပေးတာက ပိုပြီးတော့မမှန်ဘူး။ သူ့ရဲ့လုပ်ရပ်တွေက အဆင်မပြေဘူး။ ရွှံ့ပုလင်းလမ်းကြားထဲက ချန်းပင်အန်းအပေါ် မကောင်းတဲ့ စိတ်ထားနေတာကတော့ အဆိုးဆုံးပဲ…”
လီဟုန်ကတော့ အလွန်ရှုပ်ထွေးနေသောအမူအရာနှင့် သူ့သားကြီးကို ကြည့်လိုက်သည်။
“ပေါင်ကျန်းရဲ့ အစ်ကိုတစ်ယောက်ဖြစ်မှတော့ မင်းက သူ့ရဲ့အကျင့်စရိုက်ကို မသိဘူးလား။ ကိစ္စတွေက ဒီလိုအခြေအနေမျိုးနဲ့ အဆုံးသတ်သွားမှာကို မင်းက သိနေမှတော့ ဘာလို့ အဲဒီအချိန်တုန်းက သူနဲ့အတူမြို့တော်ကို လိုက်မသွားခဲ့ရတာလဲ…”
“အဘိုးက တံခါးပိတ်လေ့ကျင့်နေတယ်။ ပေါင်ဖျင်က ခရီးအရှည်ကြီး ထွက်သွားတယ်။ အဲဒီအချိန်မှာ မြို့ငယ်လေးကလည်း ပြောင်းလဲမှုကြီးတွေ ဖြစ်လာနေတယ်။ အခုအချိန်က မိသားစုနဲ့ကလန်တွေရဲ့ အနာဂတ်ဦးတည်ချက်ကို ဆုံးဖြတ်ဖို့အတွက် အရေးကြီးတဲ့အချိန်ပဲ။ လီကလန်ကလည်း မျက်စိပိတ်ပြီး နေလို့မရဘူး..”
လူငယ်လေးက ပြန်ဖြေလိုက်သည်။
“တကယ်လို့ ကျွန်တော် ထွက်သွားမယ်ဆိုရင် စိတ်အေးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်က ထွက်သွားဖို့ စဉ်းစားထားတယ်ဆိုရင်တောင် ဒီမှာရှိနေတဲ့ အခြေအနေတွေ တည်ငြိမ်သွားမှပဲ ဖြစ်နိုင်မယ်။ တကယ်လို့ တခြားရွေးချယ်စရာမရှိရင် ကျွန်တော်က နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ကို ခဏရွှေ့ဆိုင်းထားလို့လည်း ရသေးတယ်..”
အလွန်ရင့်ကျက်တည်ငြိမ်သော သူ့သားကြီး၏ ပထမစကားများကို ကြားသည့်အချိန်တွင် လီဟုန်က ခေါင်းညိတ်လိုက်မိသည်။ သို့သော် သူ့သားကြီးဆီမှ နောက်ဆုံးစကားလုံး အနည်းငယ်ကို ကြားသည့်အချိန်တွင် သူက ချက်ချင်း စိုးရိမ်လာခဲ့၏။ သူက မတ်မတ်ထိုင်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“မင်းက အဲဒီလို လုပ်လို့မရဘူး။ နန်းတွင်းစာမေးပွဲကနေတဆင့် စာသင်သားတွေ ခေါ်တာက တာ့လီအင်ပါယာအတွက် အရေးပါဆုံး တိုင်းပြည်စည်းမျဉ်းတွေထဲက တစ်ခုပဲ။ ဒါက အင်မော်တယ်အဖွဲ့အစည်းကနေ နန်းတွင်းထဲကို ဆင့်ခေါ်တာထက် နိမ့်ကျနေမှာ မဟုတ်ဘူး…”
“လီပေါင်ကျန်းက မင်းလောက် စိတ်မရှည်ဘူး။ သူ အိမ်ကနေ ထွက်မသွားခင် စည်းမျဉ်းတွေကို လိုက်နာပြီး လှည့်ကွက်တွေ မသုံးပါဘူးလို့ ငါနဲ့မင်းရဲ့အဘိုးကို ကတိပေးခဲ့တယ်။ သူက သူ့ရဲ့ကံကြမ္မာကို တွန်းပို့ပြီး စွန့်စားမှုတွေမလုပ်ဘူးလို့လည်း ကတိပေးခဲ့တယ်။ ရလဒ်က ဘာဖြစ်သွားလဲ။ သူက အရင်ဆုံး ဆုံးဖြတ်ပြီး နောက်မှမေးတာပဲ မဟုတ်လား။ ငါတို့ကတော့ ရွေးချယ်စရာမရှိဘဲ ရယ်စရာကောင်းတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို လက်ခံရလိမ့်မယ်။ ဒီလိုဆိုမှတော့ နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ ရွှေ့ဆိုင်းလိုက်တဲ့ မင်းရဲ့ဆုံးဖြတ်ချက်က လီကလန်ရဲ့ တိုးတက်မှုကို အနည်းဆုံး(၃)နှစ်လောက် နောက်ကျသွားစေနိုင်တယ်…”
လူငယ်လေးကတော့ နှုတ်ခမ်းဖျားသို့ ရောက်လာတော့မည့်စကားလုံးများကို တိတ်တဆိတ် မျိုချလိုက်မိသည်။ အကယ်၍ သူသာ ထိုစကားလုံးများကို ပြောလိုက်မည်ဆိုလျှင် စွန်းထင်းနေသော သူ့ညီလေးနှင့် သူ၏ဆက်ဆံရေးက အဆုံးသတ်သွားပါလိမ့်မည်။ အောက်ဆုံးကိုရောက်နေသော သူတို့၏ဆက်ဆံရေးက နောက်တစ်ကြိမ် ပြန်လည်ပြင်ဆင်၍လည်း မရနိုင်တော့ပေ။
ထို့ပြင် ထိုစကားလုံးများကို ပြောဆိုခြင်းက လုံးဝအဓိပ္ပာယ်မရှိတော့ပေ။ သူ့အဖေက ဆုံးဖြတ်ချက်ချထားပြီဖြစ်၏။ သူ၏ရင်ထဲတွင်တော့ သူ့ညီလေးက အခွင့်အရေးနှင့် ကြွယ်ဝချမ်းသာမှုများအတွက် စွန့်စားမှုများလုပ်သည်ကို သဘောမတူခဲ့ပေ။
လမ်းမှားပေါ်တွင် (၃)နှစ်တိတိ စောစောထပြီး ကြိုးစားအားထုတ်မလား သို့မဟုတ် လမ်းမှန်ပေါ်ကို လျှောက်လှမ်းရန် (၃)နှစ်တိတိ သိုသိုသိပ်သိပ်နှင့် စောင့်နေမလား။ အကျိုးသက်ရောက်မှုက ကလန်နှင့် မျိုးဆက်(၂)ခုအပေါ် နောက်ထပ် နှစ်ပေါင်း(၃ဝ)ခန့် သက်ရောက်နိုင်ပါလိမ့်မည်။
လူငယ်က စာကြည့်ခန်းထဲမှထွက်သွားပြီး သူ ကိုယ်တိုင်လှပစွာ ပြင်ဆင်ထားသော စြင်္ကံဆီသို့ လျှောက်သွားခဲ့၏။ သူက တံစက်မြိတ်မှ ကျလာသော ခေါင်းလောင်းသံလေးများကို ကြားနေရသည်။
သူက အင်္ကျီအိတ်ထဲသို့ လက်ထည့်လိုက်ပြီး မျက်လုံးမှိတ်၍အပေါ်ကို မော့ကြည့်နေခဲ့၏။ အလွန်သာယာနာပျော်ဖွယ် ခေါင်းလောင်းသံလေးများကို နားထောင်ပြီး သူက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
“အနားမှာ ဉာဏ်ကောင်းတဲ့သူတွေ အများကြီးရှိတာက တော်တော်ဆိုးတာပဲ…”
စိမ်းပြာဝတ် စာသင်သားလေးကတော့ လီကျိရှန်ဟု ခေါ်သည်။
Translated by Hein Htet.