← Chapters

အခန်း (၁၃၂)

Vol. 9 Ch. 132

အခန်း (၁၃၂)

Vol. 9 Ch. 132

မိုအတွေးအခေါ်ဂိုဏ်းမှ လူငယ်ဓားသမားက သူ၏ဓားလက်ကိုင်ကို တံတောင်ဆစ်ပေါ်တွင် တင်ထားပြီး ဓားထိပ်ဖျားကတော့ သရဲမ၏စံအိမ်ရှေ့တွင် ရှိနေသော ဆိုင်းဘုတ်အောက်တွင် ထောက်ထားခဲ့သည်။ ထိုသို့ဆိုရာတွင် သူ့ဆီတွင် ပင်ပန်းနွမ်းနယ်နေသည့် ခံစားချက်မျိုး မရှိခဲ့ပေ။

“မိန်းကလေးချူး…”

သူက တိုးတိုးလေး ခေါ်လိုက်သည်။ သို့သော် သူက မည်သည့်စကားကိုမျှထပ်မပြောခဲ့ချေ။

မီးအိမ်ကိုင်ထားသည့် နန်းရေးဝန်ကြီးနှင့် ပန်းထိုးမြစ်မှ မဟာမြစ်နတ်ဘုရားတို့ကလည်း နားလည်မှုရှိနေသည့်အလား သူတို့၏အသက်ရှုသံကို တိုးနိုင်သမျှ တိုးလိုက်ကြသည်။ သူတို့၏အမူအရာက တည်ငြိမ်လာကြ၏။

“ဘာလဲ နင်က ငါ့ကိုအပြစ်ပေးချင်လို့လား…”

သရဲမက ခနဲ့သလို ပြောလိုက်သည်။

လူငယ်ဓားသမားက ဝေ့ကျင်း၏ဓားပျံ ထိုးဖောက်သွားခဲ့သော အကာအကွယ်နေရာကို မော့ကြည့်လိုက်သည်။

“မိန်းကလေးချူး ဒေါသထွက်ပြီး အဲဒီလိုစကားတွေပြောနေဖို့ မလိုပါဘူး။ ဒါပေမဲ့ မင်းက ဒီနေရာကနေ ကလေးတွေ ထွက်သွားတာကို မတားဖို့နဲ့ တာအိုဘုန်းတော်ကြီးနဲ့ သူ့တပည့်(၂)ယောက်ကို မတားဖို့တော့ မျှော်လင့်ပါတယ်။ မင်းရဲ့လုပ်ရပ်တွေက တမင်ရည်ရွယ်ပြီး လုပ်တာပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ လုပ်မိတာပဲဖြစ်ဖြစ် တာ့လီအင်ပါယာ စုန့်ကလန်က မိန်းကလေးချူးအပေါ် အမြဲတမ်းကျေးဇူးတင်သလို ခံစားနေမှာပါ…”

“ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့လုပ်ရပ်တွေက စုန့်ကလန်ရဲ့အင်ပါယာကို သက်တမ်းဆွဲဆန့်နိုင်အောင် ကူညီပေးခဲ့တယ်။ ပြီးတော့ တာ့လီအင်ပါယာရဲ့ စုန့်ကလန်က မိန်းကလေးချူးအပေါ် အပြစ်ရှိသလို ခံစားနေရတဲ့အတွက် သေချာပေါက် လျော်ကြေးတစ်ခု ပေးပါလိမ့်မယ်…”

“ငါက အဲဒီဝမ်းနည်းစရာ အဖြစ်အပျက်ကို သိလိုက်ရတဲ့အချိန်မှာ ဒေါသထွက်ပြီး ဝမ်းနည်းသလို မခံစားရပေမဲ့ အပြင်လူတစ်ယောက်အနေနဲ့ သနားငဲ့ညှာတတ်တဲ့ ခံစားမှုတစ်ခုတော့ ရှိပါသေးတယ်…”

အရာအားလုံးက တိတ်ဆိတ်သွားခဲ့သည်။ သရဲမက လက်မြှောက်ပြီး သူမ၏ဆံပင်လေးကို သပ်လိုက်၏။ ထိုအရာက နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ယောက်၏ အပြုအမူလည်း ဖြစ်သည်။ သူမက အပြုံးနှင့် ပြောလိုက်၏။

“အခု နင်က ရှင်းပြ‌နိုင်ပြီပဲ…”

လူငယ်ဓားသမားက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မိန်းကလေးချူးက စာသင်သားတွေကို တရားလွန် သတ်နေတဲ့လုပ်ရပ်တွေက တဖြည်းဖြည်း ဖုံးကွယ်ထားဖို့ ခက်ခဲလာပြီ။ အမှန်တရားကလည်း တဖြည်းဖြည်း ပေါ်လာပြီ။ ပြီးခဲ့တာတွေကတော့ ပြီးသွားပါပြီ။ ဥပမာအနေနဲ့ ပြောရရင်တော့ ဒီနေ့လိုပေါ့…”

“ဘုရင်ကြီးက ဘာတွေတွေးနေလဲဆိုတာတော့ ငါလည်း မတွေးရဲဘူး။ ဒါပေမဲ့ နောက်ပိုင်း ဒီနေရာမှာ စာသင်သားတစ်ယောက် ပျောက်သွားတဲ့အကြောင်း ငါကြားရမယ်ဆိုရင်တော့ ငါကိုယ်တိုင် မိန်းကလေးချူးဆီ လာပြီး မိန်းကလေးချူးကို ရေအကျဉ်းထောင်ထဲ ခေါ်သွားရလိမ့်မယ်…”

“စိတ်မပူပါနဲ့ ဘုရင်ကြီးက ပတ်သက်မှုတွေကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ သူက စည်းမျဉ်းစည်းကမ်းကို သေချာပေါက် ပိုပြီးတန်ဖိုးထားတယ်။ ပြီးတော့ လူတွေကြားထဲမှာ ဘယ်လောက်ပဲ စိတ်ကောင်းရှိရှိ တချိန်ချိန်မှာ ကုန်ခမ်းသွားနိုင်တာပဲလေ…”

လူငယ်ဓားသမားက သက်ပြင်းချပြီး လှိုက်လှိုက်လှဲလှဲအမူအရာနှင့် ပြောလိုက်သည်။

“မိန်းကလေးချူး …

မင်းက ဒါကိုယုံချင်ယုံ မယုံချင်နေ ဒီလိုနေ့တနေ့ လုံးဝရောက်မလာဖို့တော့ ငါလည်း မျှော်လင့်ပါတယ်…”

သရဲမက အဝေးကို ငေးကြည့်နေပြီး လက်ချောင်းလေးများနှင့် သူမ၏မင်္ဂလာဝတ်စုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိခဲ့သည်။ ထိုအရာက သူမအတွက် ရှားရှားပါးပါး တည်ငြိမ်အေးချမ်းမှုဖြစ်ပြီး သူမက သိမ်မွေ့ညင်သာစွာ ပြန်ဖြေလိုက်၏။

“ရှင်က စကားသံတိုးတိုးနဲ့ ဒီလောက် စိတ်ရှည်လက်ရှည် ပြောနေတော့ ကျွန်မ ရှင့်ကို ယုံပါတယ်…”

ခဏကြာရပ်လိုက်ပြီးနောက် သူမ၏အမူအရာက တဖြည်းဖြည်း အေးစက်လာခဲ့သည်။

“အခုချိန်မှာတော့ ကျွန်မက ဖြတ်သွားတဲ့ စာသင်သားတွေကို မသတ်ပါဘူးလို့ ကတိပေးနိုင်တယ်။ ဒါပေမဲ့ နောက်ပိုင်း ခရီးသွားနေရင်း ကဗျာရွတ်ဆိုနေတဲ့ စာသင်သားတွေကို မထင်မှတ်ဘဲ မြင်တဲ့အချိန်မျိုးမှာ ကျွန်မကိုယ်ကျွန်မ ထိန်းချုပ်နိုင်ဖို့ မသေချာတာကိုတော့ ရှင်လည်း နားလည်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မက ရှင့်ကို တောင်းပန်နေတာ မဟုတ်ဘူး။ ကျွန်မက အမှန်တရားကို ပြောပြနေတာ။ အဲဒီအချိန်ကျရင်တော့ ရှင်က ကျွန်မကိုအပြစ်ပေးလို့လည်းရတယ်။ ကျွန်မကိုဖမ်းပြီး ရေအကျဉ်းထောင်ထဲမှာ ထည့်ထားလို့လည်းရတယ်။ တောင်တန်းတွေရဲ့အုတ်မြစ်နဲ့ မြစ်တွေရဲ့ အရင်းအမြစ်ကို အရင်ဆုံး ဖြတ်ပစ်ချင်လည်း ရတယ်။ ကျွန်မတို့က ကိုယ့်အစွမ်းကိုယ် အားကိုးနေရတာပဲ။ ဒီတော့ ကိုယ့်လုပ်ရပ်ရဲ့အကျိုးဆက်ကို ရင်ဆိုင်ရမှာပေါ့…”

“ကောင်းပြီလေ။ သဘောတူတယ်…”

လူငယ်ဓားသမားက အပြုံးနှင့် ပြောလိုက်သည်။

ပန်းထိုးမြစ်၏ မဟာမြစ်နတ်ဘုရားက တစ်စုံတစ်ခု ပြောချင်နေသည်။ သို့သော် သူက တိတ်တိတ်နေရန် ရွေးချယ်ခဲ့၏။

လူငယ်ဓားသမားက ထွက်မသွားခင် မဟာမြစ်နတ်ဘုရားကိုလှည့်ပြီး ပြောလိုက်သည်။

“ဒီကိစ္စတွေကိုထပ်ပြီး ဖုံးကွယ်ထားဖို့ မလိုတော့ဘူး။ မိန်းကလေးချူးက အမှန်တရားကို သိအောင် မင်း ပြောပြလို့ရတယ်။ အရင်နှစ်တွေအတောအတွင်း မိန်းကလေးချူးကလည်း ဒါတွေကို သိ‌ပြီးလောက်မှာပေါ့။ ဖြစ်လာမဲ့ကိစ္စတွေအားလုံးကို ငါ တာဝန်ယူတယ်။ နန်းတွင်းက မင်းကို အပြစ်တင်မှာ စိုးရိမ်မနေနဲ့…”

မဟာမြစ်နတ်ဘုရားက လက်နှစ်ဖက်ဆုပ်ပြီး တလေးတစား ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ တကယ်လို့ နောက်ပိုင်း ကိုယ်ရေးကိုယ်‌တာ ကိစ္စတစ်ခုခု ရှိလာမယ်ဆိုရင် ကျွန်တော်က မီးပင်လယ်ကိုဖြတ်ပြီး‌ လာရမယ်ဆိုရင်တောင် သေချာပေါက် လာခဲ့ပါ့မယ်…”

လူငယ်ဓားသမားက လက်ကို ဝှေ့ယမ်းလိုက်ပြီး နန်းရေးဝန်ကြီးဟန်နှင့်အတူ လေထဲသို့ ပျံသန်းသွားခဲ့သည်။

မိန်းကလေးချူးကတော့ ထိုနေရာတွင် ရပ်နေပြီး တာ့လီအင်ပါယာ၏ ယုံကြည်မှုကိုခံရသည့် မဟာမြစ်နတ်ဘုရားကို အထင်သေးသလို အမူအရာမျိုး ပေါ်လာခဲ့၏။ သူမကတော့ သူ့ကို စံအိမ်ထဲသို့ ဖိတ်ခေါ်ခဲ့ခြင်း မရှိသလို မောင်းထုတ်ခဲ့ခြင်းလည်း မရှိချေ။

မဟာမြစ်နတ်ဘုရားက ရှေ့ကို ဖြည်းဖြည်းချင်းလျှောက်လာပြီး အေးအေးဆေးဆေးထိုင်၍ ပြောလိုက်၏။

“မင်းက ငါတို့ကိုကြမ်းတမ်းတဲ့ သိုင်းပညာရှင်တွေလို့ သတ်မှတ်ပြီး အထင်သေးနေတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် ငါက တိုတိုပဲ ပြောပြတော့မယ်။ မင်း‌ရဲ့ယောကျ်ားက မင်းတို့ရဲ့အချစ်ကို သစ္စာမဖောက်ခဲ့ဘူး။ ဒါပေမဲ့ တာ့လီအင်ပါယာရဲ့ နန်းတွင်းက အမှန်တရားကို လုံးဝပြောမပြခဲ့ဘူးဆို‌တာ သူတို့က တိုင်းပြည်ရဲ့အကျိုးစီးပွားကိုပဲ မျှော်လင့်နေခဲ့ကြလို့ပဲ။ မင်း ဒီနေရာကနေ ထွက်သွားရင် သွားစားပွဲတောင်မှာ အသိပ်သည်းဆုံးဖြစ်နေတဲ့ နတ်ဘုရားရေ တိုင်းပြည်ရဲ့ လက်ကျန်အငွေ့အသက်တွေကို ဖိနှိပ်ပေးမယ့် လူတစ်ယောက်မှ မရှိတော့မှာကို သူတို့က ကြောက်နေကြတာ။ ဒါကြောင့်လည်း နန်းတွင်းက စာသင်သားတွေကို နားလည်မှုလွဲအောင် မင်းကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားခဲ့တာ…”

မိန်းကလေးချူး၏ မင်္ဂလာဝတ်စုံအင်္ကျီလက်က လှုပ်ရှားသွားခဲ့ပြီး သူမ၏မျက်လုံးများက သွေးရောင်ပြောင်းလဲလာခဲ့သည်။ ပါးနှစ်ဖက်ပေါ်တွင်လည်း သွေးမျက်ရည်များ စီးကျလာခဲ့၏။ သို့သော် သူမ၏အမူအရာကတော့ တည်ငြိမ်နေသေးသည်။

“အခြေအနေတွေက ဒီလောက်ထိ ဖြစ်နေတာကိုတောင် ရှင်က ကျွန်မကို လိမ်ချင်နေသေးတာလား။ ကျွန်မကို (၃)နှစ်သား ကလေးတစ်ယောက်လို့ ထင်နေတာလား။ ကျွန်မက သူ ထွက်သွားခဲ့တဲ့အချိန်ကစပြီး ဒီတောင်တန်းတွေ မြစ်တွေရဲ့အပြင်ဘက်ကို လုံးဝခြေမချခဲ့သလို ဝမ်ပင်တိုင်းပြည်နဲ့ ဖယောင်းတိုင်နီမြို့ကိုလည်း မသွားခဲ့ဘူး။ ဒီအချိန်အတောအတွင်း သူက ကန်ကြည့်ကျောင်းတော်ထဲမှာ ဘာတွေလုပ်ခဲ့လဲဆိုတာကို ကျွန်မက မမြင်ဘူး မကြားဘူးလို့ ရှင်ထင်နေတာလား…”

“ဖြတ်သွားတဲ့ စာသင်သားတွေအများကြီးက ဒီကိစ္စကို ပြောခဲ့တယ်။ ဒါကြောင့် သူ ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်မ တိတိကျကျသိတယ်။ ကျွန်မက အဲဒီအရာတွေအားလုံးကို သိတယ်။ အဆုံးမှာတော့ သူက တခြားမိန်းမတစ်ယောက်ကို ချစ်သွားခဲ့တာပဲလေ။ တကယ်လို့ သူက တခြားတစ်ယောက်ကို ချစ်သွားတယ်ဆိုရင် အဲဒီလူကို နှစ်နှစ်ကာကာ ချစ်သွားတယ်လို့ ဆိုလိုတာ ကျွန်မ သဘောပေါက်တယ်…”

မိန်းကလေးချူးက တီးတိုးပြောလိုက်သည်။

မဟာမြစ်နတ်ဘုရားက တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

“ဒါဆိုရင် တာ့လီအင်ပါယာရဲ့ ပထမဆုံးစာသင်သားက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကျောင်းတော်ထဲကို ဝင်လာခဲ့တဲ့အချိန်မှာ ကန်ကြည့်ကျောင်းတော်ထဲမှာရှိတဲ့ လူပေါင်းများစွာ ပစ်မှတ်ထားတာကို ခံရပြီး ဆိုးဆိုးရွားရွား အခြေအနေ ရောက်ခဲ့တာကိုလည်း မင်းက သိသင့်တယ်…”

“အစတုန်းကတော့ သူတို့က သူ့ကို အလွန်အကျွံ ချီးကျူးမြှောက်ပင့်ခဲ့ကြတယ်။ တချို့ကတော့ နာမည်အကျော်ကြားဆုံး ပြည့်တန်ဆာတစ်ယောက်ကို ငှားပြီး သူ့ရဲ့အရည်အချင်းတွေကို လေးစားချင်ယောင်ဆောင်ခိုင်းတယ်။ အဲဒီကနေတဆင့် သူ့ရဲ့နာမည်ဂုဏ်သတင်းက တဖြည်းဖြည်း ပျံ့နှံ့လာအောင် လုပ်ဆောင်ခဲ့တယ်။ သူတို့က အနီးနားတိုင်းပြည်မှာရှိတဲ့ ကွန်ဖြူးရှပ် စာသင်သားတွေကိုလည်း အသက်အရွယ်ကွာခြားတဲ့ သူ့ကို မိတ်ဆွေလို ဆက်ဆံပေးဖို့ ရည်ရွယ်ချက်ရှိရှိ တောင်းဆိုခဲ့တယ်။ တချိန်တည်းမှာပဲ သူ့ရဲ့လက်ရေးပညာကို တမြို့လုံးက တန်ဖိုးထားလာတဲ့အထိ လုပ်ဆောင်ခဲ့ကြတယ်…”

“သူတို့က နည်းလမ်းပေါင်းစုံ သုံးပြီး တခြားသူတွေနဲ့ ချည်နှောင်ခဲ့ကြတယ်။ အဆုံးမှာတော့ သူက‌ ကွန်ဖြူးရှပ်ကျောင်းတော်တွေ တရားဝင်အသိအမှတ်ပြုတဲ့ တာ့လီအင်ပါယာက ပထမဆုံး အဆင့်မြင့်လူတစ်ယောက်ဖြစ်လာဖို့ ခြေလှမ်းတစ်ဝက်လောက်ပဲ လိုတော့တယ်…”

“ဒါပေမဲ့ တစ်ညတည်းနဲ့ အရာအားလုံး ပျက်စီးသွားခဲ့ရတာပဲ။ လူတစ်ယောက်က သူ့ရဲ့ကဗျာတွေကို ကူးချပါတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့အချိန်မှာ သူ့ရဲ့ဂုဏ်သတင်းက ပျက်စီးသွားခဲ့ရတယ်။ နာမည်ကျော်ပြည့်တန်ဆာကလည်း သူ့ရဲ့အရည်အချင်း မပြည့်ဝမှုတွေ၊ သန္ဓေမမှန်မှုတွေကို စွပ်စွဲပြောဆိုခဲ့တယ်။ တချိန်တည်းမှာပဲ နာမည်ကျော် စာသင်သားတွေက သူ့ကို ကန်ကြည့်ကျောင်းတော်ရဲ့အမှိုက်တစ်စလို့ စွပ်စွဲပြီး ကြောင်သူတော်တစ်ကောင်လို့ စွပ်စွဲလာကြတယ်…”

“အဲဒီအရာတွေကြောင့် တချိန်တုန်းက အရမ်းတက်ကြွနေခဲ့ပြီး ပါရမီရှိတဲ့ စာသင်သားက ရူးသွားခဲ့ရတာပဲ။ သူက အချိန်တော်တော်ကြာ ရူးသွပ်သွားခဲ့တယ်။ ပြီးတော့ အစမကောင်းခဲ့တဲ့ စာသင်သားက ကန်ကြည့်ကျောင်းတော်တစ်ခုလုံးရဲ့ ဟာသကြီးတစ်ခု ဖြစ်ခဲ့ရတယ်…”

“တာ့လီအင်ပါယာက မြောက်ပိုင်းလူရိုင်းတိုင်းပြည်ဆိုတဲ့စွပ်စွဲချက်ကလည်း ပိုပိုပြီးတော့ ခိုင်မာလာခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူက ရုတ်တရက် သတိပြန်ဝင်လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ဘူး…”

ပန်းထိုးမြစ်၏ မဟာမြစ်နတ်ဘုရားက ရပ်လိုက်ပြီး ငေးငိုင်နေပုံရသော မိန်းကလေးချူးကို ကြည့်လိုက်သည်။

“သူဘာလို့ သတိပြန်ဝင်လာလဲဆိုတာ မင်းသိလား…”

မိန်းကလေးချူးက လှေကားထစ်တွင် ဖြည်းညင်းစွာ ထိုင်လိုက်ပြီး သူမ၏ မင်္ဂလာဝတ်စုံကို ဘေးသို့ ချထားလိုက်သည်။ သူမ၏မျက်နှာပေါ်တွင် အနီရောင်ပါးနီလေးများ ရှိနေသလို ထင်ရ၏။

“တာ့လီအင်ပါယာက ချီကျင့်ကြံသူတွေက သူ့ကို ကူညီပေးလိုက်လို့လား..”

လူသန်ကြီးက ပြုံးလိုက်ပြီး သူ၏မျက်လုံးထဲတွင် အေးစက်မှုများ ရှိနေခဲ့သည်။

“တကယ်လို့ တာ့လီအင်ပါယာက တစ်ခုခုလုပ်ချင်တယ်ဆိုရင် သူ့ကိုသတ်ပစ်ဖို့ပဲ ရွေးချယ်ကြလိမ့်မယ်…”

မိန်းကလေးချူးက မျက်နှာပျက်သွားပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

“သူက တိုင်းပြည်ကို အရှက်‌ရစေခဲ့တယ်။ ဒါကြောင့် အဲဒါလည်း အဓိပ္ပာယ်ရှိပါတယ်လေ။ တိုင်းပြည်တွေရဲ့တိုက်ပွဲတွေကြောင့် စတေးရတဲ့ လူပေါင်းစုံလည်း ရှိသေးတာပဲ။ ဒါက သဘာဝကျပါတယ်…”

ထိုလူက လေပူများကို မှုတ်ထုတ်ပြီး ပြောလိုက်၏။

“စာသင်သားက သတိပြန်ဝင်လာတယ်ဆိုတာ သူနဲ့အရမ်းရင်းနှီးနေတဲ့ မိန်းကလေးတစ်ယောက် သူ့အနား ရောက်လာတာကို သတိထားမိခဲ့လို့ပဲ..”

မိန်းကလေးချူး၏ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။

မဟာမြစ်နတ်ဘုရားက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး လှေကားပေါ်မှ ဆင်းသွားခဲ့၏။

“အဲဒီမိန်းကလေးက မိန်းကလေးချူးနဲ့ တပုံစံတည်းတူတဲ့ မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားတယ်။ ငါထင်တာ မမှားရင် သူက မိန်းကလေးချူးရဲ့အသံ၊ အမူအကျင့်၊ အကျင့်စရိုက်တွေအားလုံးကိုလည်း အတုခိုးထားခဲ့တယ်။ နဂိုတုန်းကတော့ အဲဒီစာသင်သားက တိုင်းပြည်(၂)ခုရဲ့ ပြဿနာကြောင့်ပစ်မှတ်ထားခံရတာဆိုရင် သူက စာသင်သားတွေရဲ့ တိုက်ပွဲကြောင့် စိတ်ကိုပါ ဖျက်ဆီခံလိုက်ရပြီး သေသွားအောင် တွန်းအားပေးခံခဲ့ရတာ…”

မဟာမြစ်နတ်ဘုရားက နောက်ဆုံးအမှန်တရားကို ပြောပြီး အဝေးသို့ ထွက်သွားရန် ပြင်လိုက်သည်။

“အမှန်တရားကို သိသွားတဲ့အချိန်မှာ စာသင်သားက ရေကန်ထဲကိုခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်သွားခဲ့တယ်။ အဲဒီအရာက အမှန်တရားပဲ။ သူ ကန်ကြည့်ကျောင်းတော်ကနေ ထွက်မလာခင် နန်းတွင်းကျောင်းတော်ထဲမှာ သူနဲ့မိတ်ဆွေဖြစ်‌ခဲ့တဲ့ လူ(၂)ယောက်ရဲ့စကားအရ မင်းက လူတစ်ယောက် မဟုတ်ဘူးဆိုတာ သူ သိထားတာ ကြာပြီ။ အဲဒီအတွက်ကြောင့်လည်း သူက အဆင့်အတန်းမြင့်တဲ့ ကွန်ဖြူးရှပ်ပညာရှင် တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ထားခဲ့တာ။ ဒါဆိုရင် သူက တာ့လီအင်ပါယာကို ပြန်ရောက်တာနဲ့ မင်းကို မင်္ဂလာဆောင်ဖို့ နန်းတွင်းကို ယုံကြည်ချက်ရှိရှိ တောင်းဆိုလို့ရတယ်လေ…”

မဟာမြစ်နတ်ဘုရားက ထွက်ခွာသွားခဲ့သည်။

သို့သော် မင်္ဂလာဝတ်စုံဝတ်ထားပြီး မကောင်းမှုများစွာ ကျူးလွန်ခဲ့သော သရဲမကတော့ လှေကားထစ်‌တွင် ထိုင်နေပြီး သူမ၏မျက်နှာအမူအရာက အလွန်တည်ငြိမ်နေခဲ့၏။ ထိုအချိန်တွင် သူမက အလွန်နူးညံ့သိမ်မွေ့နေပြီး သူမ၏အင်္ကျီလက်ကို သေချာခေါက်နေခဲ့သည်။ ထိုအရာက သူမအတွက် လုံးဝမပင်ပန်းသော အရာတစ်ခုလည်း ဖြစ်၏။

…………..

ဝေ့ကျင်းက သူ့မြည်းနှင့် ထွက်သွားပြီး သိပ်မကြာခင် ချန်းပင်အန်းတို့နောက်မှနေ၍ အော်သံတစ်ခုကို ကြားလိုက်ရသည်။

“ကျေးဇူးရှင်တို့ ကျေးဇူးပြုပြီးရပ်ပါဦး…”

ပြန်လှည့်ကြည့်လိုက်ရာ သူတို့၏နောက်မှ ပြေးလိုက်လာနေသည်မှာ မျက်မမြင်တာအိုဘုန်းတော်ကြီးနှင့် သူ့တပည့်(၂)ယောက် ဖြစ်သည်။ တာအိုဘုန်းတော်ကြီးက အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသော်လည်း နောက်ကြောင်းမသိရသော ထိုကလေးငယ်များ၏ ကျေးဇူးကြောင့် တောင်တန်းထဲမှ လုံလုံခြုံခြုံ ထွက်လာနိုင်ကြောင်း သိနေခဲ့သည်။

သို့သော် အလွန်ခေါင်းမာသောသရဲမက ရုတ်တရက် စိတ်ပြောင်းပြီး သူ့ကိုထပ်ဖမ်းမှာ စိုးရိမ်နေခဲ့၏။ သူ့တပည့်(၂)ယောက် ပြောသည့်စကားအရ စံအိမ်ထဲရှိ ဥယျာဉ်ထဲတွင် အစစ်အမှန် စာသင်သားများကို တန်းစီ၍ အပင်စိုက်ထားထဲ့သည်။ ထို့ပြင် သူတို့ထဲမှတချို့ကတော့ ခက်ခက်ခဲခဲ ရုန်းကန်လာပြီးနောက် မြေကြီးထဲမှ ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်နိုင်ပုံရသည်။ သူတို့၏အရိုးများကိုကြည့်လိုက်လျှင် သူတို့က ခါးမှနေ၍ထက်ပိုင်းဖြတ်ခံရသော သနားစရာလူများ ဖြစ်နေကြသည်။

တာအိုဘုန်းတော်ကြီးက မျက်နှာဝိုင်းဝိုင်း ကလေးမလေး၏ အထောက်အပံ့နှင့် သူတို့နောက်ကို အလျင်အမြန် လိုက်လာခဲ့သည်။ သူ၏တာအိုဝတ်ရုံတွင်လည်း လမ်းဘေးနှစ်ဖက်မှ ဆူးများ ပြည့်နှက်နေပုံရ၏။ သူကတော့ ထိုအရာကို ဂရုစိုက်နိုင်ခြင်း မရှိပေ။

အမှန်အတိုင်းပြောရလျှင် တာအိုဘုန်းတော်ကြီး၏ လမ်းမှားလျှပ်စီးကျင့်စဉ်က သရဲမကို အမှန်တကယ် ဖိနှိပ်နိုင်ခြင်း မရှိပေ။ သူက သာမန်လူသားကမ္ဘာကြီးထဲတွင် ဆိုလျှင်တော့ သူ့အစွမ်းကို သေချာပေါက် ပြသနိုင်ပါလိမ့်မည်။

အမှန်အတိုင်း ပြောရလျှင် သူက မြောက်ပိုင်းသို့သွားသော ခရီးစဉ်အတောအတွင်း အစွမ်းထက်သော အင်မော်တယ်တစ်ယောက်အဖြစ် ချီးကျူးခြင်းကို ခံခဲ့ရသည်။ သူက သစ်ကိုင်း(၃)ချောင်းတောင်တန်းထဲတွင် အရည်အချင်းမရှိသော လူလိမ်‌တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ထိုကဲ့သို့ ဆိုးဆိုးရွားရွားအခြေအနေက အတော်လေးကို ရှားရှားပါးပါးကြုံတွေ့ရခြင်း ဖြစ်သည်။

တာအိုဘုန်းတော်ကြီးက ယခင်တုန်းက‌ကဲ့သို့ လျို့ဝှက်ဆန်းကြယ်နေသလိုပုံစံမျိုး ဟန်ဆောင်နေခဲ့ခြင်း မရှိချေ။ သူက အပြုံးနှင့် မေးလိုက်၏။

“ဖုန်းရွှယ်ကျောင်းဆောင်က ဓားအင်မော်တယ်ဝေ့ ဘယ်ရောက်သွားလဲ။ ဒီတာအိုဘုန်းတော်ကြီးရဲ့ လူနာမည်က ရှုယင်ကျန်းလို့ ခေါ်ပါတယ်။ ငါ့ရဲ့တာအိုနာမည်က ရွှမ်ကုကျီလို့ ခေါ်တယ်။ ငါက ဓားအင်မော်တယ်ဝေ့ကို ရှာနေတာ တော်တော်လေး ကြာပြီ။ ငါက ဓားအင်မော်တယ်နဲ့ ဒီမှာတွေ့ခွင့်ရတာ တော်တော်လေးကို ကံကောင်းတာပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဓားသိုင်းကွက်တွေကို ကိုယ်တိုင်မြင်တွေ့လိုက်ရတာ ဘဝမှာ ကံအကောင်းဆုံးအရာတစ်ခုပါပဲ…”

“မြေပြင်ဓားအင်မော်တယ်က မြောက်ပိုင်းကို တစ်ယောက်တည်း ထွက်သွားပြီ…”

လင်းရှို့ယီက အေးစက်သောအပြုံးနှင့် ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျားက သူ့ကို တွေ့ချင်တာဆိုရင်တော့ မြောက်ဘက်ကို မြန်မြန်လိုက်သွားပါ။ ခင်ဗျားက သူ့ကို မီချင်လည်း မီမှာပေါ့…”

တာအိုဘုန်းတော်ကြီးက အားတင်း၍ ပြုံးလိုက်၏။

“တကယ်လို့ ငါတို့က အခွင့်အရေးကို လွတ်သွားတယ်ဆိုရင်လည်း ထားလိုက်ပါတော့။ ကံကြမ္မာက ငါတို့ကိုထပ်ပြီး ဆုံစည်းခွင့်မပေးမှတော့ အတင်းအကြပ် လုပ်လို့လည်း မရနိုင်ဘူးလေ…”

ဝေ့ကျင်းက အထက်ဘုံ(၅)ဆင့်မှ အင်မော်တယ် တစ်ယောက်ဖြစ်ပြီး နဂါးများကဲ့သို့ အလွန်ရှားပါးသော အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်သည်။ တာအိုဘုန်းတော်ကြီးက သူ၏စွမ်းရည်ကို ကောင်းကောင်းနားလည်နေခဲ့၏။ ထို့ကြောင့် အကယ်၍ သူက ဖုန်းရွှယ်ကျောင်းဆောင်မှ ဓားသမားကို မီသွားလျှင်ပင် ဝေ့ကျင်းကို စိတ်ရှုပ်အောင်သာ လုပ်မိမည်ဖြစ်ပြီး သူ့ဆီမှ တခြားအကျိုးအမြတ်များ မရနိုင်ပေ။

သာမန်လူသားများအတွက်တော့ အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများက အလွန်ရှားပါးသည်။ သို့သော် အင်မော်တယ်များအချင်းချင်း တွေ့ဆုံမှုကတော့ ကံကြမ္မာဟုသာ သတ်မှတ်နိုင်သည်။ ထိုအရာကလည်း အမှန်သာ ဖြစ်၏။ ထိုသို့ဆိုရာတွင် ကံကြမ္မာဟူသည်မှာ ကောင်းသောကံကြမ္မာနှင့် ဆိုးသောကံကြမ္မာဟူ၍ ခွဲခြားနိုင်သည်။

တာအိုဘုန်းတော်ကြီးက လမ်းခရီးတစ်လျှောက်တွင် နတ်ဆိုးများကို ဖမ်းဆီးပြီး မကောင်းဆိုးရွားများကို ရှင်းလင်းခဲ့သည်။ ထိုအရာက သူ့အတွက် လျှို့ဝှက်ကောင်းမှုများကို စုဆောင်းရန် ကြိုးစားခဲ့ခြင်းလည်းဖြစ်၏။

သူက ထူးဆန်းသောတိုက်ပွဲ(၅၀)ခန့် တိုက်ခိုက်ခဲ့ပြီး အဆင့်(၅) ချီကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ ထို့ပြင် သူက လမ်းမှားလျှပ်စီးကျင့်စဉ်ကိုလည်း ကျင့်ကြံထားခဲ့၏။

အခြေအနေက တိတ်ဆိတ်နေသည်ကို သတိထားမိသည့်အခါ တာအိုဘုန်းတော်ကြီးက အလျင်အမြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်သည်။

“ကျိုးအာလေး ၊ မသန်စွမ်းကောင်လေး …

မင်းတို့ရဲ့ကျေးဇူးရှင်တွေကို မြန်မြန်ကန်တော့လိုက်…”

သူ့ဆရာ၏အမိန့်ကို ကြားသည့်အခါ မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးက ဒူးထောက်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင် အရောင်မွဲညစ်ညစ်အလံကို ကိုင်ထားသော မသန်စွမ်းလူငယ်၏ မျက်နှာအမူအရာကတော့ မည်းမှောင်နေခဲ့၏။

ချန်းပင်အန်းက ရှေ့ထွက်လာပြီး ကလေးမလေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူက အပြုံးနှင့်ပြောလိုက်၏။

“မလိုပါဘူး…”

ထို့နောက် သူက မသန်စွမ်းလူငယ်ကိုလှည့်ပြီးပြောလိုက်သည်။

“ငါတို့ကို တောင်ပေါ်မှာ သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…”

မသန်စွမ်းလူငယ်က မှင်တက်သွားခဲ့ပြီး သူ၏မျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီရဲနေခဲ့သည်။ သူက တီးတိုးရေရွတ်ခဲ့ပြီး မည်သို့ပြန်ဖြေရမှန်း မသိခဲ့ချေ။ အဆုံးတွင်တော့ သူက တခြားတစ်နေရာကို လှည့်ကြည့်ရန်သာ ရွေးချယ်ခဲ့သည်။

ထိုအချိန်တွင် မသန်စွမ်းလူငယ်ကတော့ သရဲမကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး အနီးကပ်ပင် တိုက်ခိုက်ခဲ့သည်။ သူတို့၏စွမ်းအားကွာဟမှုက အလွန်ကြီးမားသော်လည်း သူ၏ အငွေ့အသက်များကတော့ အနည်းငယ်လေးပင် လျော့ကျသွားခြင်းမရှိပေ။ သူက ထိုကဲ့သို့ အလွယ်တကူရှက်တတ်သော လူငယ်လေး တစ်ယောက်ဖြစ်နေမည်ဟု မည်သူက တွေးထားမည်နည်း။

တာအိုဘုန်းတော်ကြီးက ဝမ်းသာသွားခဲ့၏။ မသန်စွမ်းလူငယ်ကို ခြေထောက်နှင့် ကန်လိုက်ပြီးနောက် သူက တမင်တကာ ဒေါသထွက်ချင်ယောင်ဆောင်ပြီး ကြိမ်းမောင်းလိုက်သည်။

“တော်တော်ခေါင်းမာတဲ့ ခွေးကောင်လေး…”

ထို့နောက် သူက တည်ငြိမ်သောအသံနှင့် ပြောလိုက်သည်။

“ကျေးဇူးရှင်တို့….

တကယ်လို့ မင်းတို့က ဒီတောင်တန်းကနေ ထွက်သွားပြီး တောင်ဘက်ကို သွားမယ်ဆိုရင် တစ်ရက်ခွဲလောက် ခရီးသွားပြီးတာနဲ့ သစ်ကိုင်း(၃)ချောင်းတောင်တန်းကို ရောက်လိမ့်မယ်။ ဒါပေမဲ့ အဲဒီတောင်တန်းကို ညအချိန် ဖြတ်မသွားပါနဲ့။ အဲဒီမှာရှိတဲ့ အုတ်ဂူထဲမှာ အစွမ်းထက်တဲ့ သရဲတစ်ကောင်နေတယ်။ သူက အဲဒီမိသားစုရဲ့ သုခဘုံတစ်ခုကို သိမ်းပိုက်ထားပြီး သူတို့ရဲ့ဘိုးဘေးကောင်းမှုတွေနဲ့ စွမ်းအားတွေကို စုပ်ယူနေတယ်။ တကယ်လို့ အဲဒီလိုသာ မဟုတ်ရင် တွက်ချက်မှုရလဒ်တွေအရ အဲဒီမိသားစုရဲ့ အရင်မျိုးဆက်မှာရှိတဲ့ အဖွဲ့ဝင်တစ်ယောက်က အဆင့်မြင့်အရာရှိ တစ်ယောက်ဖြစ်နိုင်တယ်…”

“အဲဒီတစ္ဆေရဲ့ကျင့်စဉ်အဆင့်က တော်တော်လေးကို အစွမ်းထက်တယ်။ သူ့ရဲ့အစွမ်းက အဆင့်(၄) ချီကျင့်ကြံသူတစ်ယောက်ကိုတောင် ယှဉ်နိုင်လောက်တယ်။ အရေးကြီးဆုံးအရာကတော့ သူက အရိပ်တစ်ခုလို သွားလာနိုင်ပြီး သူ့ကိုဖမ်းဖို့ တော်တော်လေးခက်တယ်။ သူက ကြောက်စရာကောင်းတဲ့ကျင့်စဉ်တချို့ကိုသုံးပြီး ရုပ်သေးအလောင်း တစ်ဒါဇင်ကျော်ကိုလည်း ဖန်တီးနိုင်သေးတယ်…”

“ငါက သူနဲ့တိုက်ခိုက်ခဲ့တဲ့အချိန် အတော်လေး အခက်တွေ့ခဲ့ရတယ်။ ငါက အဖိုးတန်တဲ့ မိုးကြိုးအဆောင်တွေ အများကြီး ကုန်ခဲ့ရတဲ့အပြင် နယ်မြေခံတွေက လူလိမ်တစ်ယောက်လို့ အထင်လွဲတာကိုတောင် ထင်ခဲ့ရတယ်။ အဲဒါက တော်တော်ဒေါသထွက်ဖို့ကောင်းတယ်…”

လင်းရှို့ယီက ယင်နတ်ဘုရား၏ လျှို့ဝှက်သတိပေးမှုကိုကြားသည့်အခါ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“ခင်ဗျားက အမှန်တရား လျှပ်စီး(၅)သွယ်ကျင့်စဉ်ကို လေ့ကျင့်ထားတာလား။ တာအိုဘုန်းတော်ကြီး ခင်ဗျားက ဘယ်ဂိုဏ်းကလဲ…”

သူက မေးလိုက်သည်။

တာအိုဘုန်းတော်ကြီးက အနည်းငယ် အိုးတိုးအမ်းတန်း ဖြစ်သွားသလို ခံစားလိုက်ရ၏။ ထိုလူငယ်လေးက ကျင့်ကြံမှုလမ်းကြောင်းကို ယခုမှလျှောက်လှမ်းလာသော လူသစ်တစ်ယောက် ဖြစ်သည့်အတွက် စည်းမျဉ်းများကို နားမလည်ခြင်းဖြစ်သည်ဟု သူက ခံစားမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ လူတစ်ယောက်၏ နောက်ကြောင်းကို ထိုမျှပွင့်ပွင့်လင်းလင်းမေးမြန်း၍ မရနိုင်ချေ။

တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်စေ၊ သိုင်းပညာရှင်တစ်ယောက်ဖြစ်စေ ထိုအရာက အကြီးမားဆုံးအပြစ်တစ်ခု ဖြစ်သည်။ သို့သော် သူတို့က အခက်အခဲများကို အတူတူ ကျော်ဖြတ်ခဲ့ရပြီး မြေပြင်ဓားအင်မော်တယ်ဝေ့ကျင်းကလည်း သူတို့ကို လွတ်မြောက်အောင် ကူညီပေးခဲ့သည့်အတွက် တာအိုဘုန်းတော်ကြီးက ထိုကိစ္စကို ခေါင်းထဲထည့်မထားတော့ပေ။

သေချာစဉ်းစား‌ပြီးနောက် သူက ‌ဖြည်းညင်းစွာ ပြန်ဖြေလိုက်၏။

“ရှင်းပြရမှာတော့ အရှည်ကြီးပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး သည်းခံပြီး ‌နားထောင်ပေးပါ ကျေးဇူးရှင်လေးတို့။ ငါ့ရဲ့မွေးရပ်မြေတိုင်းပြည်က တာအိုလမ်းစဉ်မှာ တခြားနေရာအားလုံးထက် ပိုပြီးအဆင့်မြင့်တဲ့ နာမည်ကျော် တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ပဲ။ အဲဒီနယ်စပ်နားမှာ အရမ်းကြီးတဲ့ တာအိုဂိုဏ်းကြီးတစ်ခုရှိတယ်…”

“အဲဒါကတော့ အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို ဦးဆောင်နေတဲ့ တာအိုဂိုဏ်းပဲ။ ဒီဂိုဏ်းက သုခဘုံ(၇၂)ခုထဲက တစ်ခုဖြစ်တဲ့ ကြည်လင်ရေကန် သုခဘုံကို ပိုင်ဆိုင်ထားတယ်။ သူတို့ရဲ့ဂိုဏ်းချုပ်က တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ရဲ့ တော်ဝင်နန်းဆရာဖြစ်တဲ့အပြင် ပတ်ပတ်လည်မှာရှိတဲ့ တိုင်းပြည်တွေရဲ့ ဘုရင်တွေ ကိုယ်တိုင်ကလည်း သူ့ရဲ့ထူးခြားတဲ့တာအိုစွမ်းအားတွေ ၊ အရည်အချင်းတွေကြောင့် သူ့ကို အစစ်အမှန်အရှင်သခင်ဆိုတဲ့ဂုဏ်ပုဒ် အပ်နှင်းဖို့ ကိုယ်တိုင် ရောက်လာခဲ့ကြတယ်…”

“သူက မတူညီတဲ့တိုင်းပြည်(၄)ခုမှာ အဆင့်မြင့်ဆုံး အစစ်အမှန် အရှင်သခင် တစ်ယောက်အဖြစ် သူကောင်းပြုခံခဲ့ရတယ်။ ဒါကြောင့် အဲဒီတာအိုအင်မော်တယ်က အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ အကြီးမြတ်ဆုံးအင်မော်တယ်(၁၀)ယောက်ထဲက တစ်ယောက်လို့ အသိအမှတ်ပြုထားကြတယ်။ အမှန်အတိုင်းပြောရရင် ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်း နောက်တစ်ဆင့်ကို မတက်ခင် အဲဒီတာအိုအင်မော်တယ်ကို တွေ့ရမယ်ဆိုရင် သူ ကိုယ်တိုင်ကလည်း သူနဲ့တန်းတူ ဖြစ်နိုင်မှာ မဟုတ်ဘူး…”

ချန်းပင်အန်းနှင့်‌ လင်းရှို့ယီတို့က သေချာအာရုံစိုက်၍ နားထောင်နေပြီး စကားလုံးတစ်ခုမျှလွဲချော်သွားလိုခြင်း မရှိကြချေ။ လူတစ်ယောက်က မည်မျှအစွမ်းထက်စေကာမူ ပို၍အစွမ်းထက်သော လူတစ်ယောက် ရှိနေသည်။

အထူးသဖြင့် ထိုအရာက အစစ်အမှန်အရှင်သခင်ဂုဏ်ပုဒ်နှင့် ပတ်သက်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ မြို့ငယ်လေးထဲသို့ ဝင်လာခဲ့သော အပြင်လူတစ်ယောက်ဖြစ်သည့် လျှိုကျစ်မောက်ကလည်း မြစ်ဖြတ်အင်မော်တယ်ဟူသော ဂုဏ်ပုဒ်ကို ရရှိထားခဲ့သည် မဟုတ်ပေလော။

သို့သော် လီပေါင်ဖျင်နှင့် လီဟွိုင်တို့ကတော့ တခြား(၂)ယောက်ထက် ပို၍စိတ်ရှုပ်နေကြပုံပေါ်သည်။ လီပေါင်ဖျင်က မျက်မမြင် တာအိုဘုန်းတော်ကြီး၏ ဘေးတွင် ကြောက်လန့်တကြား ပုန်းနေပုံရသော ကလေးမလေးကို ရံဖန်ရံခါ ငေးကြည့်နေခဲ့၏။ သူမက တခြားလူများကို အလွန်ရှက်‌ရွံ့နေပုံရသည်။

မျက်မမြင်တာအိုဘုန်းတော်ကြီးက စကားပြောရန် စိတ်ပါနေပုံရသည်။ ကျိုးအာ၏အကူအညီနှင့် သူက ချန်းပင်အန်းနှင့် လင်းရှို့ယီတို့၏ကြားထဲကို လျှောက်လာခဲ့၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဂိုဏ်းလို့ခေါ်တဲ့ အင်အားစုတွေကို ဘိုးဘေးဂိုဏ်း၊ သာမန်ဂိုဏ်းနဲ့ အဆင့်နိမ့်ဂိုဏ်းလို့ အဆင့်(၃)ဆင့် ခွဲခြားထားတယ်။ သူတို့တွေထဲမှာ ဘိုးဘေးဂိုဏ်းတွေကတော့ ဘိုးဘေးကျောင်းဆောင်တွေလို့လည်း ခေါ်ကြတယ်။ အဆင့်နိမ့်ဂိုဏ်းတွေကတော့ လက်အောက်ခံအဖွဲ့အစည်းတွေ အများကြီး ရှိတတ်ကြတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေရဲ့ နာမည်နဲ့ ပတ်သက်ပြီးတော့ သူတို့ကသာ ခွင့်ပြုချက်မရှိဘဲ ဂိုဏ်းရဲ့နာမည်ကို မသုံးရင် တခြားလူတွေရဲ့ သင်ပြမှုကို မသုံးရင် အဆင်ပြေတယ်။ ဥပမာအနေနဲ့ ပြောရရင် တာအိုကျောင်းဆောင်တွေ၊ ဗုဒ္ဓကျောင်းဆောင်တွေလိုမျိုးပေါ့..”

“အဲဒီအဖွဲ့အစည်းတွေက သူတို့ရဲ့အဆင့်နိမ့်ဂိုဏ်းတွေကို နှစ်စဉ်လက်ဆောင် ပဏ္ဍာပေးအပ်ဖို့ လိုအပ်တဲ့အပြင် တိုင်းပြည်ဘုရင်တွေနဲ့ ဆက်ဆံရေးကောင်းဖို့လည်း လိုအပ်တယ်။ အဲဒီလိုမှပဲ သူတို့က နယ်မြေတစ်ခုရပြီး ငြိမ်းငြိမ်းချမ်းချမ်း လေ့ကျင့်နိုင်ကြတာ။ သူတို့က သူတို့ရဲ့သင်ကြားမှုတွေကို လက်ဆင့်ကမ်းပေးဖို့ ပါရမီရှင်တပည့်တွေကိုလည်း ခေါ်နိုင်ကြတယ်…”

“ငါကတော့ တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ထဲမှာ ထိပ်တန်းအင်အားစုဖြစ်ခဲ့တဲ့ အမှန်တရားရှာဖွေခြင်းကျောင်းဆောင်ကနေ ရောက်လာခဲ့တာ။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းက လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)လောက်မှာ ‌စပြီးတော့ ယုတ်လျော့လာခဲ့တယ်။ ငါတို့မျိုးဆက်ကို ရောက်တဲ့အချိန်မှာတော့ ငါတို့ရဲ့ အကြီးအကဲတွေ အားလုံးနီးပါးက သူတို့ရဲ့ကြိုးကြာတွေကိုစီးပြီး အနောက်ဘက်ကို ပျံသွားခဲ့ကြတယ်။ အနည်း‌ငယ်လောက်ပဲ ငါတို့နဲ့ကျန်ခဲ့တော့တယ်။ ပြီးတော့ ငါတို့တွေတစ်ယောက်မှ အောင်မြင်မှုကြီးကြီးမားမားမရခဲ့ဘူး…”

“ငါ ကအလှောင်ခံရမှာကိုလည်း ကြောက်မနေတော့ပါဘူး။ အစစ်အမှန်ရှာဖွေခြင်းကျောင်းဆောင်ရဲ့ အမှန်တရားလျှပ်စီး(၅)မျိုးကျင့်စဉ်က ပုံမှန်လျှပ်စီးကျင့်စဉ်တစ်ခုတော့ မဟုတ်ဘူး။ ငါတို့က အသည်းနဲ့ ကပ်ပယ်အိတ်ထဲမှာရှိတဲ့ သွေးကြောမှတ်တွေကို အာရုံစိုက်ပြီး လေ့ကျင့်ကြတယ်။ ငါတို့ရဲ့ ဗဟုသုတတွေကလည်း အငွေ့အသက်နဲ့ ပြောဆိုတဲ့စကားလုံးတွေကို အပေါ် အာရုံစိုက်ထားတယ်။ ဒါကြောင့် ‘အငွေ့အသက်တစ်ခုက တိမ်တိုက်တွေ ၊မိုးတွေကို ဖြစ်ပေါ်စေတယ်။ အပြုံးတစ်ခုက မိုးကြိုးနဲ့ လျှပ်စီးတွေကိုဆင့်ခေါ်နိုင်တယ်’ဆိုတဲ့ စကားစုကနေ ယူထားခဲ့တာပဲ…”

“အဲဒီကျင့်စဉ်ကို အောင်အောင်မြင်မြင် သင်ပြီးသွားတဲ့အချိန်မှာ တိမ်တိုက်တွေ၊ မိုးတွေ ထွက်ပေါ်လာတာကို မြင်တွေ့ခဲ့ရပြီး စိတ်မျက်စိကိုသုံးပြီး လေ့လာကြည့်မယ်ဆိုရင် မိုးကြိုးနဲ့လျှပ်စီးတွေ ပေါ်လာတာကိုလည်း မြင်တွေ့နိုင်တယ်။ အဲဒီလို ထူးခြားတဲ့ဖြစ်စဉ်တွေကို ကြုံတွေ့ရတဲ့အချိန်မှာ လူတစ်ယောက်က ကမ္ဘာမြေကြီးနဲ့ ဆက်သွယ်မှုရနိုင်လိမ့်မယ်။ သူတို့ရဲ့လက်ကို မြှောက်လိုက်ရုံနဲ့ မကောင်းဆိုးရွားတွေကို အပြစ်ပေးဖို့ နတ်ဘုရားလျှပ်စီးတွေကို ဆင့်ခေါ်နိုင်လိမ့်မယ်…”

“ဒါပေမဲ့ အမှန်တရားရှာဖွေခြင်းကျောင်းဆောင်ရဲ့လမ်းမှားကျင့်စဉ်တွေက ဓားအင်မော်တယ်ဝေ့ရဲ့ အစွမ်းထက်ဓားသိုင်းနဲ့ ယှဉ်လိုက်မယ်‌ဆိုရင်တော့ တကယ့်ဟာသသက်သက်ပါပဲ…”

လင်းရှို့ယီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ကိုယ်တွင်းအင်္ဂါ(၅)မျိုးထဲမှာ နှလုံး၊ အသည်း၊ သရက်ရွက်၊ ကျောက်ကပ်နဲ့ အဆုတ်တို့ပါတယ်။ အဲဒီကိုယ်တွင်းအင်္ဂါ(၅)ခုရဲ့ အငွေ့အသက်တွေကို စုစည်းနိုင်မှသာ လျှပ်စီးကြောင်း(၅)မျိုးက မဟာတာအိုရဲ့ကျင့်စဉ်တစ်ခုအဖြစ် ထုတ်သုံးနိုင်တယ်။ ဘာလို့ ခင်ဗျားတို့ရဲ့ကျောင်းဆောင်က ကိုယ်တွင်းအင်္ဂါ(၅)မျိုးရဲ့ ပြင်ပမှာ ရှိနေတဲ့ ကပ်ပယ်အိတ်ကို အလေးထားလေ့ကျင့်ပြီး လျှပ်စီးဆင့်ခေါ်တဲ့ နည်းလမ်းတစ်ခုအဖြစ် အသုံးချခဲ့ရတာလဲ…”

မျက်မမြင်တာအိုဘုန်းတော်ကြီး၏ အမူအရာက အိုးတိုးအန်းတမ်း ဖြစ်သွားခဲ့သည်။ သူက သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေခဲ့၏။

“ငါတို့မှာ ရွေးချယ်စရာမရှိဘဲ လုပ်ရတာပဲလေ။ အမှန်တရားလျှပ်စီး(၅)သွယ်ကျင့်စဉ်က သာမန်ဂိုဏ်းတွေက ပြင်ပအဖွဲ့တွေကို သင်မပေးတဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပဲ။ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် အပြင်လူတစ်ယောက်ရဲ့လက်ထဲ အဲဒီကျင့်စဉ် ရောက်လာရင်တောင် ခွင့်ပြုချက်မရှိဘဲ ဘယ်သူက လေ့ကျင့်ရဲမှာလဲ…”

“အမှန်တရားရှာဖွေခြင်းကျောင်းဆောင်က အသည်းနဲ့ ကပ်ပယ်အိတ်ထဲမှာရှိတဲ့ သွေးကြောမှတ်တွေကို အာရုံစိုက်ပြီး လေ့ကျင့်ရတယ်။ ဒါပေမဲ့ အသည်းနဲ့ ပတ်သက်တဲ့ကျင့်စဉ်တွေက ကျောင်းဆောင်ရဲ့ အရင်သခင်ကြီးတွေဆီကနေ တိုက်တိုက်ဆိုင်ဆိုင် သင်ခဲ့ရတာ။ အဲဒီနည်းလမ်းတွေက ပုံသဏ္ဌာန်တစ်ခုပဲရှိပြီး အငွေ့အသက်‌အနေနဲ့ လုံးဝကိုပျောက်ကွယ်နေတယ်။ ဒါကြောင့်လည်း ဒီကမ္ဘာကြီးမှာရှိတဲ့ သာမန်ဂိုဏ်းတွေနဲ့ သာမန်ဂိုဏ်းခွဲတွေမှာ လမ်းမှားအင်အားစုတွေ၊ လမ်းမှားကျင့်စဉ်တွေ အများကြီးရှိနေတာပေါ့…”

“အဲဒီလိုလား…”

လင်းရှို့ယီက နားလည်သွားခဲ့သည်။

“မဟာတာအိုက လျှောက်လှမ်းဖို့ ခက်ခဲတယ်။ ဒီအခက်အခဲကလည်း လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာလောက်ကတည်းက ရှိနေခဲ့တာပဲ…”

တာအိုဘုန်းတော်ကြီးက ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချလိုက်မိသည်။

“ကျောင်းဆောင်ရဲ့လျှပ်စီးကျင့်စဉ်တွေက လမ်းမှားဖြစ်နေတော့ ကောင်းကျိုးရော ဆိုးကျိုးရော (၂)ခုလုံးရှိတယ်။ သဘာဝပညာရှင်တွေက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ရင် ပုံသဏ္ဌာန်ကင်းမဲ့တဲ့ အပြစ်ပေးမှုကို ခံရသလိုမျိုးပဲ။ အဲဒီအတွက်ကြောင့် ငါတို့က ကျောင်းဆောင်ကို အဲဒီလိုဖယ်ရှားနိုင်တဲ့ အရည်အချင်းရှိတဲ့ တပည့်တွေ ရွေးချယ်ခေါ်ယူရတယ်။ ကောင်းကင်ဘုံက ဒီလိုလူတွေကို သနားကြတယ်လေ။ ဒါကြောင့် အမှန်တရားရှာဖွေခြင်းကျောင်းဆောင်က လျှပ်စီးကျင့်စဉ်တွေကို မကြာခဏသုံးတဲ့ အချိန်မျိုးမှာ သူတို့က ပျက်စီးမှုလည်း နည်းတာပေါ့…”

“အဲဒီအနှစ်သာရတွေက အသည်းနဲ့ ကပ်ပယ်အိတ်ရဲ့အနှစ်သာရကို ထိခိုက်စေနိုင်တယ်။ ငါတို့က အင်မော်တယ်လမ်းစဉ်ကို မျှော်လင့်လို့မရပါဘူး။ ဒါပေမဲ့ ကံကောင်းမယ်ဆိုရင်‌တော့ အသက်ကြီးပြီး သက်တောင့်သက်သာနဲ့ သေဆုံးသွားနိုင်တာပေါ့…”

“ကြားဖူးတဲ့စကားအရဆိုရင် တခြားကုန်းမြေကြီးကနေ ရောက်လာတဲ့ ချီကျင့်ကြံသူတွေက သူတို့ရဲ့ပုံမှန်မိုးကြိုးကျင့်စဉ်ကို သုံးလိုက်မယ်ဆိုရင် မိုးကြိုးအစောင့်အရှောက်တွေနဲ့ လျှပ်စီးနတ်ဘုရားတွေ၊ မိုး‌နတ်ဘုရားတွေ၊ လေနတ်ဘုရားတွေ၊ တာအိုအင်အားစုတွေ၊ လေအရာရှိတွေကို ဆင့်ခေါ်နိုင်ကြတယ်။ အဲဒီလူတွေအားလုံးက ပေါ်လာပြီး သူတို့ရဲ့အမိန့်ကို နာခံကြတဲ့အတွက် သူတို့က ပိုပြီးကြောက်စရာကောင်းတဲ့အစွမ်းတွေကို သုံးနိုင်တဲ့လူတွေလို့ ပြောကြတယ်။ မင်းက အဲဒီအရာကို တွေးကြည့်လို့တောင်ရရဲ့လား။ အဲဒီလို ထူးခြားတဲ့ကျင့်စဉ်ကို သုံးပြီးသွားတဲ့အချိန်မှာ တောင်တန်းနဲ့မြစ်တွေကတောင် အရောင်ပြောင်းလဲသွားနိုင်တယ် မဟုတ်လား….”

မျက်မမြင်တာအိုဘုန်းတော်ကြီးကတော့ ထိုအရာများကို သူနှင့် လုံးဝမသက်ဆိုင်သောအရာများကဲ့သို့ ပြောပြနေခဲ့သည်။ သူကတော့ အနည်းငယ်လေးပင် စိတ်ပျက်သွားခြင်း မရှိခဲ့ချေ။

ကျင့်ကြံခြင်းက ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲနေသော်လည်း ထိုအခက်အခဲကြောင့်သာ လူအများက အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်နေကြခြင်း ဖြစ်သည်။

ကျင့်ကြံမှုလမ်းကြောင်းပေါ်သို့ ခြေချလိုက်ပြီး သက်ရှည်တံတားပေါ်သို့ နင်းဖြတ်လိုက်ပြီးနောက် တောင်ထိပ်ပေါ်တွင် ရှိနေသော အံ့ဩမှင်တက်ဖွယ်ရာ မြင်ကွင်းများကို မြင်ခဲ့ ကြားခဲ့ရနိုင်သည်။ ထို့ပြင် မသေနိုင်သည့်စွမ်းရည်၊ ထူးခြားသော ကျင့်စဉ်များကို သင်ယူနိုင်သည့်အခွင့်အရေး၊ လေနှင့်မိုးများကို ဆင့်ခေါ်နိုင်သည့်အစွမ်း၊ တောင်တန်းကိုရွှေ့ ၊ ပင်လယ်ကိုမှောက်နိုင်သောစွမ်းအားနှင့် ထူးခြားသောအမြင်အာရုံမျိုးစုံလည်း ရှိနေသေးသည်။ သာမန်လူသားကမ္ဘာကြီးထဲတွင် ထိုကဲ့သို့အရာမျိုးကို မည်သူက စွန့်လွှတ်နိုင်ကြမည်နည်း။

တာအိုဘုန်းတော်ကြီးက သက်ပြင်းချပြီးပြောလိုက်သည်။

“ငါက လွန်ခဲ့တဲ့နှစ်တွေအတွင်း ငါ့ရဲ့တပည့်(၂)ယောက်နဲ့ နေရာပေါင်းစုံကို ခရီးသွားလာခဲ့တယ်။ ငါတို့က နတ်ဆိုးတွေကို ရှင်းလင်းပြီး မကောင်းဆိုးရွားတွေကို ဖယ်ရှားခဲ့တယ်။ တ‌စ္ဆေတွေကို ဖမ်းဆီးပြီး မိစ္ဆာတွေကို အကြိမ်ကြိမ် ရှင်းပစ်ခဲ့တယ်။ပြီတော့ ငါတို့က အခကြေးငွေအဖြစ် ငွေသားတွေလက်ခံရတယ်။ ဒီအရာနဲ့ပတ်သက်ပြီး ငါတို့လုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ ငါတို့ကတော့ ချမ်းသာကြွယ်ဝမှုအတွက် ကျင့်ကြံနေရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သက်ရှည်တံတားကို တည်ဆောက်ရတာက ဒီကမ္ဘာကြီးထဲမှာ ငွေကြေးအကုန်ကျဆုံးအရာတစ်ခုပဲလေ…”

“တကယ်လို့ အစွမ်းထက်ပြီး အင်အားကြီးတဲ့ ကလန်တွေက မကောင်းဆိုးရွား ဝိညာဉ်တွေရဲ့ ပြဿနာရှိနေရင်တောင် ငါတို့မှာတော့ ဘာနောက်ခံမှမရှိသလို ငါတို့ကို ကူညီပေးမဲ့သူလည်း တစ်ယောက်မှ မရှိဘူး။ ဒါကြောင့် ငါက သူတို့ဆီကနေ အကူအညီတောင်းဖို့ သူတို့ရဲ့စံအိမ်ထဲကိုတောင် ဝင်သွားလို့မရနိုင်ဘူး..”

“ချမ်းသာကြွယ်ဝတဲ့မိသားစုတွေက ကုန်းမြေနဲ့မြစ်ချောင်းမှတ်တမ်းတွေရဖို့ လုပ်ဆောင်နေကြတဲ့အချိန်မှာ သူတို့က အဲဒီနယ်မြေထဲမှာ နာမည်ကျော်ကြားတဲ့ ဘုန်းတော်ကြီးတွေ၊ တာအိုသခင်တွေကို ဖိတ်ကြားနိုင်ကြတယ်။ သူတို့က အပြင်လူတွေကို မယုံကြည်ကြဘူး…”

“ဒါပေမဲ့ ငါကလည်း သာမန်လူတွေကို ခြောက်လန့်ဖို့အတွက် ငါ့ရဲ့မိုးကြိုးကျင့်စဉ်တွေကို သုံးလို့မရတော့ ငါက လူလိမ်တစ်ယောက် မဟုတ်ဘူးဆိုတာ ဘယ်လို‌သက်သေပြပါ့မလဲ။ ဒါကြောင့် ငါလည်း ဘာလုပ်ရမလဲ မသိတော့ဘူး။ တကယ်လို့ ငါတို့က နတ်ဆိုးတွေကို အနိုင်ရတယ်ဆိုရင် ငွေကြေးကို စိုးရိမ်ဖို့ မလိုဘူး။ တကယ်လို့ ငါတို့ ကျရှုံးသွားတယ်ဆိုရင်တော့ ဆုံးရှုံးမှုက ပိုပြီးများတယ်။ ကျင့်ကြံမှုက တော်တော်လေးကို ခက်ခဲတာပဲ…”

သူတို့က လမ်းလျှောက်နေရင်း စကားပြောနေကြသည်။ သူတို့သတိပြန်ဝင်လာသည့်အချိန်တွင် သူတို့က လှောင်အိမ်ကဲ့သို့ ဖြစ်နေသော ချိုင့်ဝှမ်းထဲမှ ထွက်လာခဲ့ပြီဖြစ်ကြောင်း နားလည်သွားခဲ့၏။

ထိုအရာက ပုံရိပ်ယောင်တစ်ခုကဲ့သို့‌ ဖြစ်နေသော်လည်း သူတို့၏ပတ်ဝန်းကျင်က လင်းထိန်လာခဲ့ပြီး နောက်တစ်ကြိမ် လှပလာခဲ့သည်။ သူတို့က အစောပိုင်းတွင် ခံစားခဲ့ရသလို အေးစက်မှုနှင့် မှောင်မည်းသော အငွေ့အသက်များကို မခံစားရတော့ပေ။

ခဏကြာသော်လည်း တာအိုဘုန်းတော်ကြီးက ထွက်သွားရန် ဆန္ဒမရှိကြောင်း ချန်းပင်အန်းက တွေ့လိုက်ရသည်။ သူက သူတို့နှင့်အတူတောင်ဘက်ကိုဆက်၍ လိုက်လာခဲ့၏။

အဆုံးတွင်တော့ ချန်းပင်အန်းက မနေနိုင်တော့ဘဲမေးလိုက်သည်။

“တာအိုဘုန်းတော်ကြီး …

ခင်ဗျားရဲ့ဦးတည်ချက်က မြောက်ဘက်မှာ မဟုတ်လား…”

တာအိုဘုန်းတော်ကြီးက အားရပါးရရယ်ပြီး ပြောလိုက်သည်။

“ငါတို့က အရေးမကြီးပါဘူး။ နည်းနည်းလေး နှောင့်နှေးသွားရုံပါပဲ။ မင်းတို့က ငါတို့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ဘာမှပြန်မပေးနိုင်ဘူး။ ဒါကြောင့် ဒါကို ငါနဲ့ ငါ့တပည့်(၂)ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားလို့ သတ်မှတ်လိုက်ပါ။ ဒါက ခြေလှမ်းနည်းနည်းလောက် ထပ်လျှောက်လိုက်ရုံပါပဲ..”

ထို့နောက် ခရီးသွားအဖွဲ့(၂)ဖွဲ့က တောင်ဘက်ကိုဆက်၍ လျှောက်သွားကြသည်။ အရာအားလုံးက ချောမွေ့နေခဲ့ပြီး သူတို့က မည်သည့်အတားအဆီးမျှမတွေ့ခဲ့ရပေ။ သူတို့က တောင်တန်းထဲမှ ထွက်လာခဲ့သည့်အချိန်တွင်တော့ တာအိုဘုန်းတော်ကြီးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

သူက လမ်းဘေးတွင် ထိုင်စရာနေရာတစ်ခု ရှာလိုက်၏။ ကျိုးအာဟုခေါ်သော မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးက သူ့ကို ရေတိုက်လိုက်သည်။ ထိုအချိန်တွင် မသန်စွမ်းလူငယ်ကတော့ တာအိုဘုန်းတော်ကြီး၏နောက်တွင် မတ်တပ်ရပ်နေပြီး တောင်တန်းကြီးများကို ငေးကြည့်နေခဲ့၏။ သူ့စိတ်ထဲတွင် မည်သည့်အရာများ တွေးနေကြောင်း မည်သူမျှမသိကြပေ။

သူတို့လူချင်းမခွဲခင် တာအိုဘုန်းတော်ကြီးက သူ့အိတ်ထဲမှနေ၍ သေချာသိမ်းဆည်းထားသော စာရွက်လိပ်တစ်ခုကို ပေးလိုက်သည်။ ထိုအရာကို ချန်းပင်အန်း၏လက်ထဲသို့ ထည့်ပေးလိုက်၏။

“ဒီစာရွက်လိပ်က ကျောင်းဆောင်ထဲမှာ လက်ဆင့်ကမ်းလာတဲ့ တောင်တန်းရှာဖွေခြင်းမှတ်တမ်းပဲ။ ဒီထဲမှာ တောင်တန်းဝိညာဉ်နဲ့ တောင်တန်းတစ္ဆေ အမျိုးအစား(၁၀၀)နီးပါးလောက်ကို မှတ်တမ်းတင်ထားတယ်။ နောက်ပိုင်း မင်းတို့ခရီးသွားတဲ့အချိန်ကျရင် ဒါကိုကြည့်ပြီး လေ့လာလို့ရတာပေါ့။ မင်းတို့ကလေးတွေက ဗဟုသုတရှာဖို့ ခရီးအရှည်ကြီးသွားတာ ပထမဆုံးအကြိမ်လေ။ ဒီတော့ မင်းတို့က ခရီးသွားနေတဲ့ အတောအတွင်း တောင်တန်းတွေ အများကြီးကို ဖြတ်သွားရလိမ့်မယ်။ ဒီမှတ်စုက နောက်ပိုင်း မင်းတို့အတွက် အသုံးဝင်လာမှာပါ။ ငါက ဒီမှတ်စုထဲမှာရှိတဲ့ အရာအားလုံးကို မှတ်မိသွားပြီ။ ဒီတော့ ငါ့အတွက် သိမ်းထားရုံပဲ ရှိတော့မယ်။ ဒီလိုဆိုမှတော့ မင်းတို့ကလေးတွေကို ပေးလိုက်တာက ပိုကောင်းပါတယ်။ မင်းတို့က ဒီတောင်တန်းရှာဖွေခြင်းမှတ်တမ်းကို သေချာလေ့လာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သွားနိုင်မှာပါ…”

လင်းရှို့ယီက ချန်းပင်အန်း၏အင်္ကျီလက်ကိုဆွဲလိုက်သည်။ ချန်းပင်အန်းက သူ၏ရည်ရွယ်ချက်ကို နားလည်နေသည့်အတွက် တောင်တန်းရှာဖွေခြင်းမှတ်တမ်းကို လက်ခံလိုက်၏။

သို့သော် သူကလည်း‌ကျန်ရှိနေသော မြွေကျောက်တုံး အနည်းငယ်ကိုယူပြီး မသန်စွမ်းလူငယ်ကို လက်ဆောင်ပေးလိုက်သည်။ ထိုအရာက သူ၏မွေးရပ်မြေတွင် ထူးခြားသောအရာတစ်ခုဖြစ်ပြီး ငွေကြေးနှင့် တိုင်းတာ၍မရကြောင်း ရိုးရှင်းစွာ ပြောခဲ့သည်။ ထိုအရာက အနည်းငယ်တော့ ရှားပါး၏။

ပထမတော့ မသန်စွမ်းလူငယ်က ထိုလက်ဆောင်ကိုငြင်းချင်ခဲ့သည်။ သို့သော် မျက်မမြင်တာအိုဘုန်းတော်ကြီးက ထိုအရာကိုလက်ခံရန် သူ့ကို အလျင်အမြန် တိုက်တွန်းလိုက်၏။ ထိုအရာက ကျေးဇူးရှင်များ၏ စိတ်သဘောထားလည်းဖြစ်သည်။ ထို့ကြောင့် လူငယ်ကလည်း တိတ်တဆိတ် လက်ခံလိုက်ရသည်။ သူက စကားပြောချင်နေသော်လည်း စကားမပြောနိုင်ခဲ့ပေ။ အဆုံးတွင်တော့ သူက ကျေးဇူးတင်သည်ဟူသော စကားသာ ပြောခဲ့ရသည်။

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

“‌ဖယောင်းတိုင်နီမြို့နဲ့ သွားစားပွဲတောင်ကို ဖြတ်သွားပြီးရင် မင်းတို့က လုံချွမ်တိုင်းပြည်လို့ခေါ်တဲ့နေရာကို ရောက်လိမ့်မယ်။ အဲဒီကိုရောက်တဲ့အချိန်ကျရင် ကုန်စုံဆိုင်နဲ့ မုန့်ဆိုင်ကိုသွားပြီး ရွမ်ရှို့လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ကို သွားရှာပါ။ တကယ်လို့ မင်းတို့က ဒီမြွေကျောက်တုံးတွေကို သူ့ကိုပြလိုက်မယ်ဆိုရင် ငါ့ရဲ့မိတ်ဆွေဆိုတာ သူက နားလည်လိမ့်မယ်။ မင်းတို့က အဲဒိမြို့ငယ်လေးထဲမှာ အခြေချဖို့တောင် သူက ကူညီပေးနိုင်လိမ့်မယ်။ ငါက နောက်ထပ်ဆက်သွယ်ရေးစခန်းတစ်ခုကို ရောက်တဲ့အချိန်ကျရင် အခြေအနေတွေကို ရှင်းပြဖို့ သူ့ဆီကို စာတစ်စောင် ပို့လိုက်မယ်..”

ထို့‌နောက် သူတို့က လူချင်းခွဲသွားခဲ့ကြပြီး မျက်မမြင်တာအိုဘုန်းတော်ကြီးကတော့ တောင်တန်းကြီးထဲသို့ ဝင်သွားရမည့်အစား ကွေ့ရှောင်၍သာ သွားခဲ့သည်။ သူက ထိုနေရာကို နောက်တစ်ကြိမ် ခြေမချချင်တော့ပေ။

သူတို့က တောင်ဘက်ကိုဆက်၍ ထွက်ခွာလာကြပြီး ချန်းပင်အန်းတို့က ပြန်လှည့်ကြည့်လိုက်၏။ ထို့နောက် သူက အကြည့်ကို‌ ဖြည်းညင်းစွာ ရုတ်သိမ်းလိုက်သည်။

ရုတ်တရက်ဆိုသလို ချန်းပင်အန်းကတော့ ဓားသိုင်းပညာကို လေ့ကျင့်ချင်စိတ် ပေါ်လာခဲ့လေ၏။

Translated by Hein Htet.

All Chapters