← Chapters

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း (၁၂၉)

Vol. 9 Ch. 129

ကောင်းကင်အကာအကွယ်ကို ဖျက်ဆီးပြီးနောက် ဓားက အလွန်ကြီးကျယ်ခမ်းနားသော စံအိမ်ရှေ့တွင် စိုက်နေခဲ့သည်။ တစ်ချိန်တည်းတွင် ထိုဓားက အစွမ်းထက်သော အကာအကွယ်ကို ဖြတ်ကျော်ပြီး ခရီးဆုံးသွားခဲ့သည်မှာ ကြာခဲ့သော်လည်း ကြယ်တံခွန်ကဲ့သို့ ဖြစ်နေသော ဓားချီစွမ်းအင်များကတော့ ပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။ ထိုအစား အသက်ကင်းမဲ့နေသော အခန်းတစ်ခုထဲတွင် နေရောင်ခြည်ကျလာသလို ဖြစ်နေခဲ့သည်။

ထိုအရာက မသိသော မြို့တစ်ခုထဲတွင် မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့ရသည့်အလား မြည်းဖြူလေးကတော့ ဓား၏ ပတ်ပတ်လည်တွင် ပျော်ရွှင်စွာ လှည့်ပတ်သွားလာနေခဲ့သည်။

မိန်းကလေးချူးက အတော်လေးကို အံ့ဩသွားခဲ့၏။ ထိုတောင်တန်းနှင့်မြစ်များ၏ အရှင်သခင် ဖြစ်သည့်အတွက် သူမက တခြားလူများထက်ပိုပြီး ထိုဓား၏အစွမ်းကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ တောင်တန်းများ၏ အုတ်မြစ်က လှုပ်ရှားသွားခဲ့ပြီး မြစ်ထဲတွင် ရှိသော ရေများက ဆူပွက်လာသည်။ အကယ်၍ သူမကသာ သူမ၏အငွေ့အသက်များကိုသုံးပြီး နောက်ကွယ်တွင် ရှိနေသော စံအိမ်ကို ဖုံးကွယ် ထားခဲ့ခြင်း မရှိလျှင် အတွင်းထဲ၌ ချိတ်ဆွဲထားသည့် မီးအိမ်တစ်ထောင်ခန့်က တခဏအတွင်း မီးငြိမ်းသွားနိုင်သည်။

သရဲမက အလွန်အံ့ဩပြီး ဒေါသထွက်နေခဲ့၏။ သူမက ဓားကျသည့်နေရာကို မကြည့်ခဲ့ဘဲ အမှောင်ကောင်းကင်ကြီးပေါ်တွင် ရှိနေသော ဧရာမအက်ကွဲကြောင်းကြီးကိုသာ မော့ကြည့်လိုက်သည်။

တစ်ချိန်တည်းတွင် သူမ၏ အနီရောင်မင်္ဂလာဝတ်စုံထဲမှနေ၍ သွေးလုံးများ စတင်ထွက်ပေါ်လာခဲ့၏။ ကြာရွက်ပေါ်ကို ဖြတ်သန်းလာသော ရေစက်များကဲ့သို့ သူမ၏မင်္ဂလာဝတ်စုံထဲမှနေ၍ ပို၍များပြားသော သွေးများ စီးထွက်လာခဲ့၏။ တဖြည်းဖြည်းနှင့် ရေကန်တစ်ခုသဖွယ် စုစည်းလာခဲ့သည်။ သူမက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

“ပိုင်နက်ထဲကို ကျူးကျော်ရဲတဲ့သူတွေက သေဆုံးရမယ်။ ရိုင်းစိုင်းလိုက်တဲ့ ဓားအင်မော်တယ်.. ကျွန်မက ရှင့်ရဲ့ ဦးခေါင်းကို လိမ်ချိုးပြီး ကျွန်မရဲ့ဥယျာဉ်ထဲမှာ စိုက်မယ်။ ကျွန်မက နှစ်ပေါင်းတစ်ထောင်လောက် ကြာတဲ့အထိ ရှင့်ကိုနှိပ်စက်ပစ်မယ်..”

အဝေးမှနေ၍ ကျယ်လောင်သော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆုံးတွင်တော့ ထိုအသံက ဓားပျံပေါ်တွင် စုစည်းလာခဲ့၏။ ထိုအသံက သိမ်မွေ့ညင်သာပြီး ရိုးသားသည့်အပြင် ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားသည်။ အဆင့်မြင့်သော တပည့်တစ်ယောက်က အချစ်ဇာတ်လမ်းတစ်ပုဒ် ပြောပြနေသလို ခံစားမှုမျိုးဖြစ်သည်။

သို့သော် အသံထဲတွင်တော့ မာနများကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

“ခဏလောက် စောင့်ပါဦး မိန်းကလေး။ငါ့ရဲ့ခန္ဓာကိုယ်က အခုချိန်ထိ လုံးဝမတည်ငြိမ်သေးဘူး။ ဒါကြောင့် ငါက ငါ့ရဲ့ဓားပျံလို မြန်မြန်ဆန်ဆန် ခရီးမသွားနိုင်သေးဘူး။ ဒါပေမယ့် မင်းရဲ့ ဥယျာဉ်က ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါလည်း သိချင်ပါတယ်…”

“ကျွန်မရဲ့ ဥယျာဉ်က မကြီးပါဘူး။ မြင်ကွင်းတွေကလည်း အိမ်တစ်ခုနဲ့ ဘာမှမကွာဘူး။ ဒါပေမယ့် ခေါင်းတစ်လုံး အပိုထပ်စိုက်ဖို့တော့ လုံလောက်ပါတယ်…”

ကြောက်စရာကောင်းသော သရဲမ၏ ဖြူဖပ်ဖြူရော်မျက်နှာပေါ်တွင် ခရမ်းရောင်များ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြောက်စရာကောင်းလာသည်။ သူမ၏အပြုံးက ကြောက်စရာကောင်းပြီး အင်္ကျီအိတ်ထဲမှနေ၍ ရေစီးကြောင်းနှစ်ခု စီးထွက်လာကာ ကောင်းကင်ပေါ်၌ ရှိနေသော အက်ကွဲကြောင်းကြီးဆီသို့ ပျံသန်းသွားခဲ့သည်။

“ဓား ရောက်လာပြီ။ မကောင်းတာတွေ ဖယ်လိုက်တော့…”

လူတစ်ယောက်က ကြေညာလိုက်သည်။

အလွန်သိပ်သည်းသော အကာအကွယ်ကြီးက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့၏။ ကောင်းကင်ပေါ်၌ ရှိနေသော အက်ကွဲကြောင်းဆီသို့ စုစည်းသွားခဲ့ပြီးနောက် သွေးစီးကြောင်းနှစ်ခုက ပေါက်ကွဲသွားခဲ့ပြီး ပတ်ပတ်လည်သို့ ဖြာကျသွားခဲ့သည်။ ထိုအရာက သွေးမိုးများ ရွာကျနေသလို ထင်မှတ်ရ၏။

သရဲမက တုန်လှုပ်သွားခဲ့ပြီး သူမ၏ အင်္ကျီလက်ကို ညင်သာစွာ လှုပ်ရှားလိုက်သည်။ သွေးစက်ပေါင်းများစွာက သူမ၏မင်္ဂလာဝတ်စုံထဲသို့ ပြန်ရောက်လာခဲ့၏။

ကောင်းကင်ပေါ်မှ လူငယ်တစ်ယောက် ဆင်းသက်လာခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် မြူခိုးအလွှာတစ်ခုရှိနေပြီး သူ့ကို ရေကန်ကြီးထဲရှိ မြူခိုးများ သို့မဟုတ် တောင်ထိပ်ပေါ်ရှိ မြူခိုးများ လွှမ်းခြုံနေသလို ထင်ရသည်။ သူ့ဆံပင်ကို စည်းနှောင်ထားပြီး ဆံထိုး ထိုးထားခြင်းမရှိသလို သရဖူတစ်ခု ဆောင်းထားခြင်းလည်း မရှိချေ။

သူက လက်ညှိုးနှင့်လက်ခလယ်ကိုပူးပြီး ဓားတစ်လက် ပုံစံဖန်တီးထားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ လူတစ်ယောက်၏ လက်မောင်းအရွယ်အစားခန့် ကြီးမားသော ဓားချီစွမ်းအင်တိုင်လုံးတစ်ခု ထွက်နေခဲ့သည်။

ထိုအရာက အလွန်တောက်ပသော ဓားချီစွမ်းအင်တိုင်လုံးတစ်ခုဖြစ်၏။ ထိုအရာက ရေထဲမှနေ၍ လျင်မြန်စွာ မြင့်တက်လာသော အဖြူရောင်ရေနဂါးတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။ သွေးစက်များနှင့် အနက်ရောင်အညစ်အကြေး အငွေ့အသက်များက ထိုဓားချီစွမ်းအင်အလင်းတန်းနှင့် ထိတွေ့မိလိုက်ချိန်တွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အသက်(၃၀)အရွယ်ပင် မရှိသေးသည့် ခပ်ချောချောလူငယ် တစ်ယောက်က သရဲမနှင့် ချန်းပင်အန်း ဦးဆောင်သော ကလေးများ၏ ကြားထဲတွင် လှပစွာ ဆင်းသက်လိုက်သည်။

သူ့ဓားက တစ်ခဏအတွင်း ထိုလူ၏ အနားသို့ ပျံသန်းလာပြီး ဓားဦးကတော့ “လှပသောရေ အဆင့်မြင့်သော လေလှိုင်း” ဟူသည့် ဆိုင်းဘုတ်ကို တည့်တည့်ချိန်ထားခဲ့သည်။ ထိုလူက လက်ချောင်းလေးများကို ရုတ်သိမ်းလိုက်ရာ အလွန်အစွမ်းထက်ပြီး ထိတွေ့၍ ရသလို ထင်ရသည့် ဓားချီစွမ်းအင်တိုင်လုံးက ယာယီလှုပ်ရှားသွားခဲ့သည်။

သူက နောက်ပြန်လှည့်ကြည့်လိုက်ပြီး စာအုပ်သေတ္တာငယ်လေးနှင့် အနီဝတ်ကလေးမလေးကို မြင်တွေ့ချိန်တွင် ချက်ချင်း နားလည်သွားခဲ့သည်။ တစ်ချိန်တုန်းက သူနှင့်အတူ အေးအတူ ပူအမျှ ရှိနေသော ပစ္စည်းဟောင်းတစ်ခုက သူ မပိုင်တော့ကြောင်း ရုတ်တရက် နားလည်သွားခဲ့၏။

သူ၏မျက်နှာပေါ်တွင် လွတ်လပ်ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာခဲ့ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ လီပေါင်ဖျင်၏ အစိမ်းရောင်စာအုပ်သေတ္တာလေးက အနည်းငယ် လှုပ်ရှားသွားသည်။ အတွင်းထဲတွင် ရှိနေသော ငွေရောင်ဘူးသီးခြောက်ငယ်လေးက ညင်သာစွာ လှုပ်ရှားလာပြီး ဓားအားဖြည့် ဘူးသီးခြောက်ထဲမှနေ၍ နှစ်လက်မ အရှည်သာရှိသော အဖြူရောင်ဓားပျံလေးတစ်လက် ထွက်ပေါ်လာခဲ့သည်။

ဓားချီစွမ်းအင်တိုင်လုံးကလည်း ထိုဓားပျံထဲသို့ တွေဝေစွာ ပျံသန်းသွားခဲ့၏။ ထို့နောက် ဓားပျံလေးက လူငယ်၏ မျက်ခုံးကြားထဲသို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

ဓားအင်မော်တယ်က သူ၏ မျက်ခုံးကြားထဲကို လက်နှင့်နှိပ်ပြီး ရယ်ချင်နေသော အမူအရာနှင့် ပြောလိုက်၏။

“ငါတို့က ဒီကုန်းမြေကြီးတစ်ခုလုံးကို ငါတို့ရဲ့အိမ်အဖြစ် သတ်မှတ်လို့ မရဘူးလား။ မင်းကလည်း အခန်းထဲမှာ လက်ထပ်ဖို့ စောင့်နေတဲ့ မိန်းကလေးတစ်ယောက်မှ မဟုတ်တော့တာ။ ဒါကြောင့် မင်းက ဒီအဆောက်အဦးကို တစ်ချိန်လုံးဖက်တွယ်နေဖို့ မလိုပါဘူး…”

မြည်းဖြူလေးကတော့ လူငယ်ဆီသို့ ပြေးလာပြီး လူငယ်၏ပုခုံးကို ခေါင်းနှင့် ချစ်စရာကောင်းစွာ တိုက်နေခဲ့သည်။ လူငယ်က မြည်းဖြူလေး၏ခေါင်းကို လက်နှင့်ပုတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“မတွေ့ရတာကြာပြီ မိတ်ဆွေဟောင်းကြီး…။ငါ မင်းကို တကယ် သတိရနေတာ..”

သူ အတင်းအကျပ် ဝင်ရောက်လာခဲ့သည့် ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းကြီးက ဖြည်းညင်းစွာ ပိတ်သွားသည်။ သို့သော် ထိုအရာက တောင်တန်းနှင့်မြစ်များ၏ စွမ်းအားအတော်များများကို အသုံးပြုခဲ့ရ၏။ တခဏလေးအတွင်း နှစ်ပေါင်း(၅၀)နီးပါးခန့် စုစည်းထားသော စွမ်းအားများက လေထဲတွင် ပျောက်ကွယ်သွားခဲ့ရသည်။

မိန်းကလေးချူးက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ခနဲ့သလို ပြောလိုက်သည်။

“ခါးမှာ ဓားတစ်လက်ချိတ်ထားတယ်။ ဓားချီစွမ်းအင်တွေကို ပြင်ပမှာ ထုတ်နိုင်တယ်။ ပြီးတော့ ဆက်သွယ်ထားတဲ့ ဓားပျံတစ်လက်…။ တစ်ခုထက်တစ်ခု ပိုပြီးတော့ အစွမ်းထက်တယ်။ တော်တော်ကို ထူးချွန်တဲ့ မြေပြင်ဓားအင်မော်တယ်တစ်ယောက်ပဲ။ ရှင်က တာ့လီအင်ပါယာထဲကတော့ မဟုတ်ဘူးမလား…”

ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသော ဓားအင်မော်တယ်က အပြုံးနှင့် ပြောလိုက်သည်။

“ငါက အခြေအမြစ်မရှိတဲ့ ဗေဒါပင်လေး တစ်ခုပါပဲ။ ငါ့မှာ ဘာအနှောင်အဖွဲ့မှ မရှိဘူး။ ငါ့နာမည်ကိုတော့ ပြောဖို့တောင် မထိုက်တန်ပါဘူး…”

ထိုစကားကို ပြောလိုက်ပြီးနောက် ထိုလူက ခေါင်းတစ်ခုတည်းပင် ပြန်လှည့်လာခြင်း မရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပြန်လှည့်လာပြီး သရဲမကို အတင့်ရဲစွာ နောက်ကျောပေးထားရဲသည်။

တံခါးပိတ်လေ့ကျင့်နေရာမှ ထွက်လာခဲ့သော မြေပြင်ဓားအင်မော်တယ်၏အသံက သိမ်မွေ့ညင်သာနေခဲ့သည်။ သူက ရှင်းပြလိုက်၏။

“ငါက အိုက်လျန်ရဲ့ မိတ်ဆွေတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ နည်းနည်းပေါ့လေ။ ငါတို့ရဲ့ဆက်ဆံရေးမှာတော့ ငါက သူ့ရဲ့တစ်ပိုင်းတစ်စ တပည့်တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် အိုက်လျန်က ဒါကို အသိအမှတ်မပြုတာတော့ ရှက်စရာပဲ။ ငါ့ရဲ့သဘာဝက အရမ်းကို ရှေးရိုးဆန်ပြီး ပြဿနာတွေကို ဖြေရှင်းတဲ့အချိန်မှာ အရမ်းပျော့ညံ့တယ်လို့ သူက ပြောခဲ့တယ်။ ဒါ့ကြောင့် ငါက ဓားကိုဆွဲထုတ်တဲ့အချိန်မှာ လုံလောက်အောင် မမြန်ခဲ့ဘူး။ သူက ငါ့ကို တပည့်အဖြစ် အသိအမှတ်ပြုရမှာကို ရှက်နေတယ် ထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါက ငါ့ရဲ့မိတ်ဆွေဟောင်းကြီးနဲ့ ဓားအားဖြည့်ဘူးသီးခြောက်ထဲမှာ မူမမှန်တာကို ခံစားမိတဲ့အတွက် အဝေးကနေ ရောက်လာခဲ့တာ။ ကျေးဇူးပြုပြီး မေးခွန်းမေးရတဲ့အတွက် ခွင့်လွှတ်ပေးပါ။ အိုက်လျန်က ဘယ်မှာလဲ…။ မင်းတို့ ကလေးတွေကရော ဘယ်သူတွေလဲ..”

“ကျွန်တော်တို့က အိုက်လျန်ရဲ့မိတ်ဆွေတွေပါ…”

ချန်းပင်အန်းက ရှင်းပြလိုက်သည်။

“ဘူးသီးခြောက်လေးကိုတော့ အိုက်လျန်က လီပေါင်ဖျင်ကို ပေးခဲ့တယ်။ လီဟွိုင်ကတော့ ဒီမြည်းကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် တာဝန်ယူထားတယ်။ အိုက်လျန် ဘယ်ကိုသွားလဲဆိုတာကတော့ စီနီယာက နောက်ပိုင်းမှာ သေချာပေါက်ကြားရမှာပါ…”

သရဲမနှင့် ယှဉ်လိုက်မည်ဆိုလျှင် ခေါင်းထဲ၌ ထူးဆန်းသော အတွေးပေါင်းစုံ ရှိနေသည့် လီဟွိုင်က အိုက်လျန်၏မိတ်ဆွေဟုပြောသော မြေပြင်ဓားအင်မော်တယ်ကို ပို၍ရင်းနှီးသလို ခံစားနေရသည်။ သူ့အမြင်အရ ပြောရရင်တော့ အိုက်လျန်၏မိတ်ဆွေက သူ့မိတ်ဆွေဟု သတ်မှတ်နိုင်သည် မဟုတ်ပေလော။ သူက အင်မော်တယ်တစ်ယောက် ဟုတ်မဟုတ်ဟူသောအချက်က သူတို့မိတ်ဆွေများ ဆိုသည့်အချက်ထက် ပို၍အရေးကြီးနိုင်မည်လော။

သို့သော် လှေပေါ်တွင်ကြုံခဲ့ရသော အဖြစ်အပျက်ကြောင့် လီဟွိုင်က စကားကို မဆင်မခြင်မပြောရဲတော့ပေ။ သူက မြည်းဖြူလေးကိုသာ မျက်လုံးနှင့်ဆက်၍ ကြည့်နေခဲ့၏။

လူငယ်ဓားသမားက ချန်းပင်အန်း၏ ရှင်းပြမှုကို အလေးထား၍ နားထောင်နေခဲ့ပြီး အဆုံးတွင်တော့ ခေါင်းညိတ်၍ ပြောလိုက်၏။

“အခုတော့ ငါက အခြေအနေကို တော်တော်ကြီး နားလည်သွားပြီ…”

ရုတ်တရက်ဆိုသလို မြေပြင်ကြီးက အနည်းငယ် လှုပ်ရှားသွားကြောင်း လူတိုင်းက သတိထားမိသွားခဲ့သည်။ ဧရာမလူသန်ကြီးက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သလိုမျိုး တောင်တန်းကြီးတစ်ခုလုံးက ပျက်စီးတော့မလို ဖြစ်လာခဲ့၏။

သရဲမ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမက ထွက်သွားချင်နေသော်လည်း ဓားပျံလေးက သူမ နောက်ဆုတ်မည့်လမ်းကြောင်းကို ပိတ်ထားကြောင်း တွေ့လိုက်ရ၏။ အဖြူရောင်ဓားပျံလေးက ဘယ်အချိန်တုန်းက ရောက်နေမှန်းမသိရသော်လည်း သူမ၏ နဖူးနှင့် တစ်မီတာခန့်အကွာကို ရောက်နေခဲ့သည်။

သူမက ဒေါသတကြီး အော်ဟစ်လိုက်၏။

“နန်းရေးဝန်ကြီးဟန်… ပန်းထိုးမြစ်က မဟာမြစ်နတ်ဘုရား..

ရှင်တို့နှစ်ယောက်က ဘာမှမလုပ်တော့ဘူးလား။ တကယ်လို့ အဲဒီ ယင်နတ်ဘုရားကသာ ဒီမှာရှိတဲ့တောင်တန်းရဲ့အုတ်မြစ်ကို တကယ် ဖြတ်တောက်လိုက်မယ်ဆိုရင် ပန်းထိုးမြစ်နဲ့ တခြားမဟာမြစ်နှစ်ခုလုံး သက်ရောက်ခံရမယ့်အပြင် မြောက်ပိုင်းမှာရှိတဲ့ သွားစားပွဲတောင် ၊ သံအဆောင်မြစ်နဲ့ နဂါးနှုတ်ခမ်းမွှေးမြစ်တို့ကရော လွတ်နိုင်မှာလား။ အဲဒီအရာတွေ တစ်ခုမှ မသက်ရောက်တော့ဘူးလား…”

လက်ထဲတွင် မီးအိမ်ကြီး ကိုင်ထားသော အဘိုးအိုက အကာအကွယ်၏အပြင်ဘက်တွင် ရပ်နေရင်း အေးစက်စွာ ပြောလိုက်သည်။

“မိန်းကလေးချူး..

ကြောက်စရာကောင်းပြီး ယုံကြည်ချက်ရှိနေတဲ့ မင်းရဲ့အပြုအမူတွေ ဘယ်ရောက် သွားပြီလဲ…”

သရဲမက အတော်လေးကို မျက်နှာပျက်နေခဲ့သည်။

အဘိုးအို၏ဘေးတွင် ရပ်နေသည်မှာ ငွေချပ်ဝတ်အင်္ကျီဝတ်ဆင်ပြီး လက်တစ်ဖက်တွင် စိမ်းပြာရောင် မြွေတစ်ကောင်ပတ်နေသော နတ်ဘုရားတစ်ပါးဖြစ်သည်။ သူကတော့ ဤနေရာတွင် နန်းရေးဝန်ကြီးဟန်နှင့် သရဲမတို့၏ပြဿနာကို ပြေလည်အောင် ကူညီပေးရန် ရောက်လာခြင်းဖြစ်သည်။ မဟုတ်လျှင် တာ့လီအင်ပါယာ၏ ကံကြမ္မာကို သက်ရောက်သွားစေနိုင်သည်။

သူက တည်ငြိမ်စွာ ပြောလိုက်၏။

“မိန်းကလေးချူး …

ဒီတောင်တန်းရဲ့အုတ်မြစ် ဖြတ်တောက်နေတာကို တားဆီးဖို့အတွက် နန်းရေးဝန်ကြီးဟန်နဲ့ ငါက ယင်နတ်ဘုရားကို ဖြောင်းဖြပေးနိုင်တယ်။ ဒါပေမယ့် မိန်းကလေးချူးက စိတ်ငြိမ်ငြိမ်ထားပြီး ရန်စတဲ့စကားတွေ မပြောဖို့ မျှော်လင့်ပါတယ်..”

သရဲမက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“တကယ်လို့ ငါက ဒီဓားအင်မော်တယ်နဲ့ လက်ရည်စမ်းချင်တယ်ဆိုရင်ကော၊ အဲဒါက ရန်စတဲ့ တောင်းဆိုမှုပဲလား…”

နန်းရေးဝန်ကြီးဟန်က ဒေါသထွက်ထွက်နှင့် ပြောလိုက်မိသည်။

“မင်းက တော်တော်လေးကို စိတ်ထားကောင်းတာပဲ မိန်းကလေးချူး.။ဒီနေ့တော့ ငါက တော်တော်တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုရသွားပြီ။ အရမ်းကောင်းတယ်..။ အရမ်းကောင်းတယ်။ နောက်ပိုင်း တာ့လီအင်ပါယာရဲ့ အထွေထွေရေးရာဌာနက မင်းကို သေချာပေါက် ကျေးဇူးတင်ရလိမ့်မယ်…”

“ရှင်က ဘာမှအရေးမပါတဲ့ နန်းရေးဝန်ကြီး တစ်ယောက်ပဲ။ ဒါကိုတောင် ဒီလိုခြိမ်းခြောက်တဲ့စကားလုံးတွေ ပြောရဲသေးတာလား။ ရှင်က ကလေးတစ်ယောက်ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား…”

သရဲမက ခနဲ့သလို ပြောလိုက်သည်။

“ရှင်က အထွေထွေရေးရာဌာနရဲ့ တာဝန်ရှိအမတ်ကြီး ဖြစ်လာတဲ့အချိန်ကျမှပဲ ကျွန်မကို အမိန့်ပေးဖို့ အခွင့်အရေးရှိတယ်…”

မဟာမြစ်နတ်ဘုရား၏ လက်မောင်းတွင် ရှိနေသော စိမ်းပြာရောင်မြွေက တရွှီရွှီ အော်ဟစ်လိုက်ပြီး လေထဲသို့ အဖြူရောင်မြူခိုးများ မှုတ်ထုတ်လိုက်သည်။ မဟာမြစ်နတ်ဘုရားက တစ်ယောက်တည်းနေထိုင်ခဲ့သော သရဲမထက်စာလျှင် တာ့လီနန်းတွင်း၏ အနာဂတ်ရည်မှန်းချက်ကို ပို၍ရင်းနှီးနေသည်။ ထို့ကြောင့် သူ၏မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာတစ်ခုပေါ်လာပြီး သတိပေးလိုက်၏။

“မိန်းကလေးချူး.....”

သရဲမက ပါးစပ်ကို လက်နှင့်အုပ်လိုက်ပြီး တိုးတိုးလေး ရယ်လိုက်သည်။ တစ်ချိန်တည်းတွင် သူမက ဂါဝန်လေးကို လက်နှင့်ကိုင်ပြီး တလေးတစားပြောလိုက်၏။

“ဒါဆိုလည်း ကျွန်မက သခင်ကြီးဟန်ကို တောင်းပန်ပါတယ်…”

အဘိုးအို၏မျက်နှာက ဒေါသကြောင့် နီရဲနေသော်လည်း တာ့လီအင်ပါယာ၏ တောင်တန်းနှင့်မြစ်များ တည်ငြိမ်နေဖို့အတွက် တိတ်တိတ်လေးနေရန် ရွေးချယ်ခဲ့သည်။ မဟုတ်လျှင် ဖြတ်သွားဖြတ်လာ စာသင်သားများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ပစ်နေသော မိန်းကလေးချူး၏ အကျင့်စရိုက်ကို တာ့လီအင်ပါယာက နှစ်ပေါင်းများစွာ မမြင်ချင်ယောင်ဆောင်ထားပေးမည်လော။

သို့သော် နန်းတွင်း၏ဆုံးဖြတ်ချက်က မှားယွင်းသည်ဟု အဘိုးအိုကတော့ လုံးဝ မခံစားမိခဲ့ချေ။ ထိုအရာက နှစ်ပေါင်း တစ်ထောင်ကျော် ၊ တစ်သောင်းကျော် မျိုးရိုးစဉ်ဆက် တည်တံ့နေသော ကြီးကျယ်ခမ်းနားသည့် အင်ပါယာတစ်ခုဖြစ်သည်။ စာသင်သားအနည်းငယ် သေဆုံးသွားသည့်အခါ ဘာများဖြစ်သနည်း။ သူတို့က အပြစ်ကင်းစင်နေလျှင်ရော ဘာလုပ်ရမည်နည်း။

အကယ်၍ သူကသာ တာ့လီအင်ပါယာ၏ အရာရှိတစ်ယောက် မဟုတ်ခဲ့လျှင် အထွေထွေရေးရာဌာန၏ နန်းရေးဝန်ကြီးတစ်ယောက် ဖြစ်လာပြီး ချီကျင့်ကြံသူများကို ဆက်သွယ်ဆင့်ခေါ်ရသည့် နန်းရေးဝန်ကြီးတစ်ယောက် မဟုတ်ခဲ့လျှင် သူ၏ အကျင့်စရိုက်နှင့် ကွန်ဖြူးရှပ်တပည့်တစ်ယောက်၏ အဆင့်အတန်းအရ ထိုသရဲမကို ပြတ်ပြတ်သားသား တိုက်ခိုက်မိပါလိမ့်မည်။ အကယ်၍ ရလဒ်က နှစ်ဦးနှစ်ဖက် ဆိုးရွားသွားမည်ဆိုလျှင်ပင် သေချာပေါက် တိုက်ခိုက်ဦးမည်သာ ဖြစ်၏။

သို့သော် လက်ရှိရာထူးကို တက်လှမ်းလာစဉ် အတောအတွင်း ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများထဲ၌ လူသောင်းပေါင်းများစွာ သေဆုံးသွားခဲ့ရသည်ကို မြင်တွေ့ခဲ့ရသည်။ မြို့တော်ထဲတွင် မတူညီသော အရာရှိဌာနများ၏ အကြီးအကဲများ ပြောင်းလဲမှုကို မြင်တွေ့ခဲ့ရသည်။ တခြားတိုင်းပြည်များမှ လုပ်ကြံသူများ၊ သူလျှိုများကို မြင်တွေ့ခဲ့ရသည်။ ထို့ပြင် အင်မော်တယ်များ၏ ပဋိပက္ခတိုက်ပွဲကြောင့် အပြစ်မဲ့သော သာမန်လူသိန်းပေါင်းများစွာ သေဆုံးခြင်းကိုလည်း မြင်တွေ့ခဲ့ရသည်။

နန်းရေးဝန်ကြီးဟူသော ရာထူးကြောင့် သူက ပြဿနာများကို မတူညီသော အမြင်တစ်ခုမှနေ၍ မြင်တွေ့ခဲ့ရသည်။ နန်းရေးဝန်ကြီးဟန်က ကွန်ဖြူးရှပ် သင်ခန်းစာများကို ဂရုတစိုက် ဖတ်ရှုရန် လိုအပ်သော လူငယ်လေး တစ်ယောက် မဟုတ်တော့ပေ။ သူက စာအုပ်ပေါ်တွင် ရေးသားထားသော ဗဟုသုတများကိုသာ သိနေသည့် ဆင်းရဲနွမ်းပါးသော စာသင်သားလေးတစ်ယောက်လည်း မဟုတ်တော့ပေ။

အမှန်အတိုင်းပြောရလျှင် တာ့လီအင်ပါယာ၏ဥပဒေကို ထိန်းသိမ်းရန်အတွက် သူက အပြစ်ကင်းစင်သော သာမန်လူများ၏ကိုယ်စား အင်မော်တယ်များကို လက်တုံ့ပြန်ရန် တောင်းဆိုနေသည့် သိုင်းပညာရှင်တစ်ယောက်ကိုပင် ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်ခဲ့ဖူးသည်။

ဒဏ်ရာများကို မကုသခင် တာ့လီအင်ပါယာကို ဆဲဆိုကြိမ်းမောင်းနေခဲ့သော သိုင်းပညာရှင်များက အတော်လေးကို ရယ်စရာကောင်းသည်ဟု ထိုလူက ပြောခဲ့သည်။ နန်းရေးဝန်ကြီးဟန်က အင်မော်တယ်များ၏ အောက်ဆွဲဟုပင် သူ့ကို နာမည်တပ်ခဲ့သည်။ သို့သော် တစ်နေ့နေ့တွင် ထိုကဲ့သို့ ဖြစ်လာနိုင်သည်ဟု နန်းရေးဝန်ကြီးဟန်က သိုင်းပညာရှင်ကို တည်ငြိမ်စွာ ပြောပြခဲ့၏။

နှစ်ပေါင်း(၃၀)၊ (၅၀) အတောအတွင်း တာ့လီအင်ပါယာက ထိုကဲ့သို့ အပြစ်ကင်းစင်သော သေဆုံးမှုများ ခံစားရတော့မည် မဟုတ်ချေ။ နောက်ဆုံး သေမသွားသေးခင် အမှန်တရားဘက်တော်သား သိုင်းပညာရှင်က သူ၏မျက်နှာကို သွေးနှင့် ထွေးခဲ့သည်။ ကမ္ဘာကြီးပေါ်တွင်ရှိနေသော ကိစ္စရပ်များက အဖြူအမဲ သဲသဲကွဲကွဲ ရှိနိုင်မည်လော။

လက်ထဲတွင် မီးအိမ်ကြီးကို ကိုင်ပြီး အလွန်ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည့် အဘိုးအိုက မြောက်ဖက်ကို လှည့်ကြည့်လိုက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း သူ၏အထက်လူကြီးက သူ့ရှေ့တွင် ပေါ်လာခြင်း မရှိသလို ဝင်ရောက် နှောင့်ယှက်ခြင်းမျိုးလည်း မရှိပေ။

ဓားအင်မော်တယ်က မိန်းကလေးချူးနှင့် တာ့လီအင်ပါယာ၏ နန်းရေးဝန်ကြီးကို အလေးမထားခဲ့ပေ။ မဟာမြစ်နတ်ဘုရားနှင့် ယင်နတ်ဘုရားကိုတော့ သူက ပို၍ပင် အလေးမထားခဲ့ပေ။

သူက ဓားနှင့် တားဆီးထားသော သရဲမကို ရိုးရှင်းစွာ ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့်မေးလိုက်သည်။

“မင်းက ငါနဲ့ တိုက်ခိုက်ချင်သေးတာလား…”

မိန်းကလေးချူးက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“တကယ်လို့ လက်ရည်စမ်းရုံပဲဆိုရင်တော့ ကျွန်မက ပိုပြီးတော့ ဆန္ဒရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ရှင့်လို ငယ်ရွယ်တဲ့ မြေပြင်ဓားအင်မော်တယ် တစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာလေ…”

လူငယ်ဓားအင်မော်တယ်က လက်ကို ဝှေ့ယမ်းလိုက်ရာ မြည်းဖြူလေးက လီဟွိုင်ဆီသို့ အလျင်အမြန် နောက်ဆုတ်သွားခဲ့သည်။ ထို့နောက် သူက ဓားလက်ကိုင်ကို ကိုင်လိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်၏။

“ကောင်းပြီလေ…”

သရဲမက မျက်မှောင်ကြုတ်၍ ပြန်ဖြေလိုက်၏။

“ဟုတ်လား.. ရှင်က နောက်နေတာ မဟုတ်ဘူးလား…”

လူငယ်ဓားအင်မော်တယ်က ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

“အဆင့်မြင့်အလင်းတန်း…”

သူက ရိုးရှင်းစွာ ခုတ်ချလိုက်သည်။ သို့သော် ကမ္ဘာမြေကြီးက အရောင်ပြောင်းလဲသွားခဲ့ပြီး မြူခိုးများနှင့် သေးငယ်သော ကမ္ဘာငယ်လေးကိုလည်း အလွန်တောက်ပသော အလင်းရောင်တစ်ခု ဖုံးလွှမ်းသွားခဲ့သည်။ ဓားချီစွမ်းအင်များက မိန်းကလေးချူးဆီသို့ ရောက်လာခဲ့၏။

အလွန်ထိတ်လန့်ပြီး လှုပ်ရှားသွားခဲ့သော သရဲမက မည်သည့်အရာမျှလုပ်ချိန်မရှိခဲ့ဘဲ လက်ကိုမြှောက်၍ မျက်နှာကို ကာကွယ်လိုက်ရသည်။ တစ်ချိန်တည်းတွင် သူမ၏ အင်္ကျီလက်ကြီးက ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထား၏။ ထိုသို့ဆိုရာတွင် သူမက နှစ်ပိုင်းပြတ်သွားသေးသည်။

မိန်းကလေးချူး၏ ဒေါသတကြီးအော်သံက သူမ၏နောက်တွင် ရှိနေသော စံအိမ်ကြီးထဲသို့ ပျံ့နှံ့သွားခဲ့သည်။ အစေခံများ၊ အစောင့်များအားလုံးက လဲကျသွားခဲ့ကြပြီး သူတို့၏မျက်နှာပေါ်မှနေ၍ သွေးများ စတင်စီးကျလာခဲ့သည်။ တစ်ချို့ကတော့ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားခဲ့ပြီး မြူမှုန်များအဖြစ် ပျော်ကျသွားခဲ့၏။

စံအိမ်ထဲတွင် အပ်ချုပ်ပညာကို သင်ကြားနေသည့်အလား လက်မောင်းကို အပ်နှင့် အကြိမ်ကြိမ်ထိုးနေသော မိန်းကလေးတစ်ယောက် ရှိသည်။ အချင်းချင်း ဦးခေါင်းကို လက်သီးနှင့်ထိုး၍ တိုက်ခိုက်နေကြသော အစောင့်နှစ်ယောက်လည်း ရှိနေကြ၏။ သူတို့က သိုင်းပညာလေ့ကျင့်နေသလို ထင်မှတ်ရသည်။ သို့သော် သူတို့၏ ဦးခေါင်းတစ်ဝက်သာ ကျန်သည့်အချိန်တွင်ပင် သူတို့၏လှုပ်ရှားမှုကို ရပ်တန့်ခြင်း မရှိကြပေ။

သရဲမက စံအိမ်တံခါးဝဆီသို့ အလျင်အမြန်ပြေးသွားခဲ့သည်။ ထိုအချိန်တွင် အလွန်များပြားလှသော အပ်ချည်မျှင်လေးများက သူမ၏ ခန္ဓာကိုယ်နှစ်ခြမ်းကို ဆက်ပေးလိုက်၏။ သူမက လေထဲကို ပျံသန်းသွားသည့်အချိန်တွင် ခန္ဓာကိုယ်က လျင်မြန်စွာ ဆက်သွားခဲ့သည်။

“နောက်တစ်ကြိမ်..”

လူငယ်ဓားအင်မော်တယ်က တည်ငြိမ်စွာ ပြောလိုက်၏။

သူက ရေပြင်ညီအတိုင်း ခုတ်ချလိုက်သည်။ တလက်လက်တောက်ပနေသော ရေမျက်နှာပြင်တစ်ခုကဲ့သို့ ဓားအလင်းတန်းက ကောင်းကင်ကြီးကို ဖြတ်သန်းသွားခဲ့၏။

မိန်းကလေးချူးက ခါးတွင် ပြတ်တောက်သွားခဲ့ပြီး သူမ၏ပုံစံက ရေထဲမှ ထွက်လာသော မိန်းမလှလေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။ သူမ၏ မင်္ဂလာဝတ်စုံကတော့ စံအိမ်ရှေ့ အပေါ်ဆုံးလှေကားထစ်ပေါ်တွင် ညင်သာစွာ ကျလာခဲ့သည်။

သရဲမက ဖရိုဖရဲမီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်ဆိုင်းဘုတ်ဆီသို့ ပျံသန်းသွားခဲ့၏။ ကြမ်းပြင်ပေါ်တွင်လည်း သွေးများဆက်တိုက် ကျဆင်းလာနေခဲ့သည်။ တစ်ချိန်တည်းတွင် သူမက အလွန်နာကျင်နေသော အမူအရာနှင့် ဆိုင်းဘုတ်ပေါ်တွင် ပေါ်လာပြီး တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ် ..။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ ဓားအင်မော်တယ်..”

လူငယ်ဓားအင်မော်တယ်က နှစ်ကြိမ်သာ တိုက်ခိုက်ခဲ့သည်။ တစ်ကြိမ်က အပေါ်မှ အတည့်အတိုင်း ခုတ်ချခြင်းဖြစ်ပြီး တစ်ကြိမ်က ရေပြင်ညီအတိုင်း ခုတ်ချခြင်းဖြစ်သည်။ ထိုအရာက အလွန်မောက်မာပြီး ရိုင်းစိုင်းသောသရဲမ၏ စိတ်ဝိညာဉ်ကို (၄)ပိုင်း ပိုင်းပစ်နိုင်ပြီး သူမက ဤကမ္ဘာငယ်လေးကို ထိန်းသိမ်းထားသည့် ဆိုင်းဘုတ်ထဲတွင် ပုန်းကွယ်နေရသည်။

အမှန်အတိုင်းပြောရလျှင် ထိုဆိုင်းဘုတ်က တောင်တန်းများ၏ အုတ်မြစ်နှင့် မြစ်များ၏ အရင်းအမြစ် ဖြစ်သည်။ ထိုနေရာတွင် နေထိုင်မှသာ သရဲမက အသက်ရှင်ရက် ရှိနေနိုင်မည်ဖြစ်၏။

ဤကမ္ဘာကြီးထဲတွင် စကားတစ်ခုရှိသည်။ “တခြားသူများ၏ အရိပ်အောက်တွင် ရှင်သန်နေထိုင်ခြင်း” ဟူသောစကားလုံးဖြစ်၏။ အမှန်အတိုင်းပြောရလျှင် ထိုစကားလုံးထဲတွင် လျှို့ဝှက်ချက်များ ရှိနေခဲ့၏။ သူတို့က တံစက်မြိတ်အောက်တွင် နေသည်ဖြစ်စေထုပ်တန်းအောက်တွင် နေထိုင်သည်ဖြစ်စေ တစ်ခါတစ်ရံ အရာအားလုံးက လျှို့ဝှက်ချက်များ၊ ဆန်းကြယ်မှုများ ပြည့်နှက်နေတတ်သည်။

လင်းရှို့ယီက စိတ်ထဲတွင် လှုပ်ရှားသွားခဲ့၏။ ထို့ကြောင့်လည်း ဓားအင်မော်တယ်များက ချီကျင့်ကြံသူများထဲတွင် အလွတ်လပ်ဆုံးနှင့် ကြောက်စရာ အကောင်းဆုံးဖြစ်ပြီး သဘောတရား ပြောပြရန် မလိုအပ်ကြောင်း နားလည်သွားခဲ့သည်။

သို့သော် လင်းရှို့ယီက ကျင့်ကြံမှုတွင် အလွန်အမင်းကို ပါရမီရှိသော်လည်း ဓားနှင့် မသင့်တော်သည်မှာ စိတ်ပျက်စရာကောင်းလှသည်။ သူက အနည်းငယ် စိတ်ပျက်သွားသလို ခံစားခဲ့ရ၏။ သို့သော် သူ၏တာအိုနှလုံးသားက လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။

အကယ်၍ သူကသာ သူ၏အထွဋ်အမြတ် တာအိုစွမ်းအားများကိုသုံးပြီး နောက်ပိုင်းတွင် အစွမ်းထက် မြေပြင်ဓားအင်မော်တယ်များကို အနိုင်ရမည်ဆိုလျှင် ပိုကောင်းသည် မဟုတ်ပေလော။ သို့သော် သူတို့၏ရှေ့တွင် ရပ်နေသော မြေပြင်ဓားအင်မော်တယ်က ဒဏ္ဍာရီထဲမှ အထက်ဘုံ(၅)ဆင့် ချီကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ကြောင်း သိနေခဲ့သည်။

အကယ်၍ သန့်စင်သော သိုင်းပညာရှင် တစ်ယောက်က ချီကျင့်ကြံသူများထက် နိမ့်ကျသည်ဟု သတ်မှတ်နိုင်မည်ဆိုလျှင် ဓားအင်မော်တယ်များကတော့ ချီကျင့်ကြံသူများအားလုံးထက် ပို၍အဆင့်မြင့်သည်ဟု သတ်မှတ်နိုင်သည်။ အကြောင်းပြချက်ကလည်း ရိုးရှင်း၏။ မည်သူကမျှ အစွမ်းထက် ဓားအင်မော်တယ်များကို တိုက်ခိုက်လိုခြင်း မရှိကြပေ။

လူတစ်ယောက်က ထိုအရာနှင့်ပတ်သက်ပြီး မှတ်တမ်းကောက်ယူဖူးသည်ဟု ပြောဖူးသည်။ တခြားလူများ၏ သက်ရှည်တံတားကို ဖျက်ဆီးပစ်ခဲ့သော လူများထဲတွင် (၃)ပုံ (၁)ပုံက ဓားအင်မော်တယ်များ ဖြစ်ကြသည်။ ထိုအရာကလည်း တိုက်ပွဲထဲတွင် အလွန်ဆုံးဖြတ်ချက်ပြတ်သားသော စစ်ကျောင်းကျင့်ကြံသူများထက်တောင် ပို၍များပြား၏။

ဤကမ္ဘာကြီးထဲတွင် ကျင့်ကြံမှုလမ်းကြောင်း တစ်သောင်းကျော် ရှိနေပြီး လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာများ ရှိကြသည်။ အတွေးအခေါ်ကျောင်း၊ ဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းများစွာလည်း ရှိနေကြ၏။ ဓားအင်မော်တယ်များကတော့ ထိုလမ်းကြောင်းများစွာထဲမှ တစ်ခုဟုသတ်မှတ်နိုင်သည်။

ချန်းပင်အန်း၏အတွေးကတော့ လင်းရှို့ယီထက် ပို၍ရိုးရှင်း၏။ သူက အကြောင်းအရာတစ်ခုတည်းကိုသာ တွေးနေခဲ့သည်။ ဓားကို ထိုကဲ့သို့လည်း အသုံးပြု၍ ရနိုင်၏။

လူငယ်ဓားအင်မော်တယ်က လက်တစ်ဖက်ကို နောက်ပစ်၍ လက်တစ်ဖက်တွင် ဓားကိုကိုင်ပြီး ပြောလိုက်သည်။

“အမှားတစ်ခုကို (၃)ကြိမ်ထက်ပိုပြီး မလုပ်သင့်ဘူး.. မိန်းကလေးချူး။ ဘာလို့ ငါ့ဆီကနေ နောက်ထပ် ဓားချက်တစ်ချက် လက်မခံတော့တာလဲ…”

ဆိုင်းဘုတ်အောက်တွင် လူတစ်ယောက် တိတ်တဆိတ် ပေါ်လာခဲ့၏။ ထိုအရာကတော့ သာမန်ရုပ်ရည်သာရှိပြီး ခါးတွင် ဓားတစ်လက် ချိတ်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။

“ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်း… ဒီလောက်ဆို တော်လောက်ပြီ…”

သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

“မှားလို့ …နတ်ဘုရားစင်မြင့်က ဝေ့ကျင်းလို့ခေါ်သင့်တာ..”

အဖြူဝတ်ဓားအင်မော်တယ်က အပြုံးနှင့် ပြန်လည်ပြင်ဆင်လိုက်သည်။

မြေပြင်ဓားအင်မော်တယ်ကတော့ စကားတစ်ခွန်းမျှ ထပ်မပြောဘဲ နောက်တစ်ကြိမ် ဓားနှင့် ခုတ်လိုက်ပြန်သည်။

သူနှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေသော အဖြူဝတ်ဓားအင်မော်တယ်က သူ၏ ဓားလက်ကိုင်ကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်ပြီး ဓားအိမ်ထဲမှနေ၍ ဓားကို တစ်လက်မခန့် ဆွဲထုတ်လိုက်သည်။ သူ့ဓားကို နောက်ထပ် ထပ်မထုတ်ခဲ့ပေ။

သို့သော် ဓားသမားနှစ်ယောက်၏ ကြားထဲတွင် အလွန်သေးငယ်ပြီး ချစ်စရာကောင်းသော တောင်တန်းလေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက လေထဲတွင် လွင့်မျောနေသော တောင်တန်းတစ်ခုဖြစ်၏။

လူငယ်ဓားအင်မော်တယ် ဝေ့ကျင်းက တောင်တန်းကို ဓားနှင့်ခုတ်လိုက်မိသည်။ သို့သော် သူ၏ဓားခုတ်ချက်က ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ သို့သော် ဝေ့ကျင်းက ခေါင်းမာမာနှင့် နောက်ထပ် တိုက်ခိုက်ခဲ့ခြင်း မရှိတော့ချေ။

ကီလိုမီတာ (၅ဝ)ခန့်အရှည်ရှိသော တောင်တန်းကြီးတစ်ခုပေါ်၌ ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး အလွန်ကြီးမားသော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ထိုတောင်တန်းကြီးက အင်မော်တယ်တစ်ယောက်၏ ဓားချက်ကို ရင်ဆိုင်လိုက်ရသလို ထင်မှတ်ရ၏။

Translated by Hein Htet.

All Chapters