အခန်း (၁၃၄)
Vol. 9 Ch. 134
ဝူယွမ်က သူ အယုံကြည်ရဆုံး ကိုယ်ရံတော်တစ်ယောက်နှင့်အတူ ဖုလုလမ်းကြားတွင် ရှိနေသော လီကလန်၏စံအိမ်ထဲမှ ထွက်လာခဲ့သည်။ သူက အရာရှိစံအိမ် ရှိနေသော လမ်းအတိုင်း လျှောက်လာနေရင်း ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက်တည်းနှင့် ဟန်ချက်ထိန်းလိုက်ပြီးနောက် ဖိနပ်ထဲတွင် ရှိနေသော သဲများကို အပြင်ဘက်သို့ ခါထုတ်လိုက်၏။ သူ့ကိုယ်ရံတော်ကတော့ ထိုမြင်ကွင်းနှင့် အသားကျနေပြီဖြစ်သည်။
သို့သော် ဖုလုလမ်းကြားက အတိတ်တုန်းကထက်စာရင် ပို၍လူသူစည်ကားနေခဲ့သည်။ ထို့ကြောင့် ဝူယွမ်က လူအများ၏ရှေ့တွင် ထိုကဲ့သို့ အရာမျိုးကို ထိန်းသိမ်းသင့်သည်ဟု စာသင်သားကိုယ်ရံတော်က ခံစားမိခဲ့သည်။
တစ်ချိန်တည်းတွင် သူက တိတ်တဆိတ် ပြောလိုက်၏။
“လီဟုန်က အင်မော်တယ်အုတ်ဂူနဲ့ ပတ်သက်တဲ့ကိစ္စကို သေချာဂရုစိုက်ပြီး ပြောခဲ့တယ်။ ဒါပေမယ့် ဘာလို့ သူက ရုတ်တရက် စိတ်ပြောင်းသွားခဲ့တာလဲ။ သူရဲ့ပုံရိပ်ကိုတောင် ထိခိုက်ခံခဲ့တာဆိုတော့ ငါတို့ရဲ့မျက်လုံးထဲမှာ သူက တော်တော်လေးကို အဆင်မပြေတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သလို ဖြစ်သွားတာမဟုတ်လား…”
ဝူယွမ်၏မျက်နှာပေါ်တွင် ပင်ပန်းနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ဒါကလည်း လီဟုန်ရဲ့ဒုတိယသား လီပေါင်ကျန်းကြောင့် ဖြစ်နိုင်တယ်။ သူက မြို့တော်မှာ နာမည်တစ်ခု ရနေပြီလေ။ သူ့မှာ အစွမ်းထက်တဲ့ နောက်ခံတစ်ယောက် ရှိနေတယ်။ ဒီကိစ္စကို သူ့ရဲ့မျိုးနွယ်ဝင်တွေဆီ စာပြန်ပို့လိုက်တဲ့အတွက် လီဟုန်က အလျင်စလို မဆုံးဖြတ်ရဲတာ ဖြစ်လိမ့်မယ်…”
“ပြောရမယ်ဆိုရင်တော့ လီဟုန်ကို အကြံပေးနေတဲ့ သူ့ရဲ့သားကြီးက အခုချိန် ဘေးထွက်ပြီး စောင့်ကြည့်နေတယ်။ ဒီဆုံးဖြတ်ချက်ကို ဘယ်လိုဆက်လုပ်မယ်ဆိုတာ ပြောဖို့တော့ ခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကသာ ဒီရလဒ်ကို သေချာပေါက် ခံစားရမှာလေ။ ငါတို့ရဲ့ မူလအစီအစဉ်တွေအားလုံးက ငါ့ဆရာအပေါ်ဘဲ အခြေခံတယ်..”
“ဒီကိစ္စကိုထပ်ပြီး မပြောတော့ဘူး။ ဆန္ဒရှိရင် နည်းလမ်းရှိပါသေးတယ်။ ငါတို့က မက်မွန်နွေဦးအရက်တစ်ခွက်လောက် သွားသောက်ကြရအောင်။ ငါ မင်းကို တိုက်ပါ့မယ်၊ ဒါပေမယ့် ငါ့မှာ ပိုက်ဆံမပါဘူး။ ဒါကြောင့် မင်းအရင်ပေးထားလိုက် ။ ငါမင်းကို နောက်မှပြန်ပေးမယ်..”
စာသင်သားကိုယ်ရံတော်က အရှက်မရှိသော ဝူယွမ်၏ ပုံစံကို ရင်းနှီးနေပြီးသား ဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် စိတ်ဝင်စားနေသော အမူအရာတစ်ခု ပေါ်လာပြီး မှတ်ချက်ပေးလိုက်၏။
“မြို့ငယ်လေးထဲမှာ ကောလာဟလတစ်ခု ပျံ့နေတယ်၊ ဖုလုလမ်းကြားထဲက လီကလန်မှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတယ်။ သူတို့တွေက ကြီးကျယ်တဲ့ အရာတွေ ပိုင်ဆိုင်ဖို့ ကံပါလာခဲ့တာ မဟုတ်ဘူးလား…”
ဝူယွမ်က သူ၏ ဖြူဖျော့ဖျော့ မျက်နှာလေးကို လက်နှင့်ပွတ်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“မင်းက ဒီလိုစကားမျိုးကိုလည်း ယုံတာပဲလား။ ငါတို့ တာ့လီအင်ပါယာရဲ့ မြို့တော်မှာ နာမည်ရချင်တဲ့ လူတိုင်းက အဆက်အသွယ်တွေ ၊ ဂုဏ်သတင်းတွေ တည်ဆောက်တဲ့ နေရာမျိုးမှာ ဘယ်သူကရော နိမ့်ကျတဲ့ အဆင့်အတန်းကနေ ရောက်လာလို့လဲ။ ကြွယ်ဝချမ်းသာပြီး အစွမ်းထက်တဲ့ ကလန်ကြီးတွေကတောင် ကောင်းကောင်းလုပ်နိုင်တယ်လို့ အာမ မခံရဲကြဘူး….”
“မင်းတို့ ဖူကလန်က အရမ်းကို ကြွယ်ဝချမ်းသာတယ်လို့ နာမည်ကျော်ကြားတယ်။ ဂုဏ်သတင်းက ဟုတ်မဟုတ် မင်းကိုယ်တိုင် အမှန်တရားကို သိနေတာပဲ မဟုတ်လား ဖူယု…”
ထိုစကားကိုကြားသည့်အခါ ဖူယုက အတော်လေး မကျေမနပ်ဖြစ်သွားပြီး ဆန့်ကျင်ပြောဆိုလိုက်သည်။
“မင်းက ဘာလို့ ငါ့ကလန်ရဲ့အကြောင်းကို ရုတ်တရက် ပြောရတာလဲ…”
မကျေမနပ် ဖြစ်နေသော ဖူယု၏ အမူအရာကြောင့် ဝူယွမ်၏ ခံစားချက်များက ပေါ့ပါးသွားခဲ့သည်။ သူက အားရပါးရ ရယ်လိုက်ပြီး ဖူယု၏ပုခုံးကို ပုတ်၍ ပြောလိုက်၏။
“ငါတို့နှစ်ယောက်လုံးက တစ်လှေတည်းစီးနေတာပါ။ ဒီတော့ ငါတို့က အချင်းချင်း ဒီလိုမြင်လို့မရဘူးလေ…”
ထိုစကားကိုကြားသည့်အခါက ဖူယုကလည်း အားရပါးရရယ်လိုက်သည်။
“ငါတို့က ရည်မှန်းချက်တူပြီး ဘဝကို ရှာဖွေနေတယ်လို့ပြောတာ ပိုမကောင်းဘူးလား…”
“ဒါကတော့ တော်တော်လေးကို ဘဝင်မြင့်တဲ့ စကားတွေ ဖြစ်သွားပြီ…”
ဝူယွမ်က ပြုံးလိုက်သည်။
“လူကြီးလူကောင်းတစ်ယောက်ပုံစံ ဟန်ဆောင်ရတာက တော်တော်လေး ပင်ပန်းလွန်းတယ်။ ငါတို့က လူဆိုးတစ်ယောက်လို နေရတာကမှ ပိုပြီးတော့ လွယ်သေးတယ်…”
“မင်းက ကိုယ့်ကိုယ်ကိုယ် တကယ်လွှတ်ပေးလိုက်တော့မလို့လား…”
ဖူယုက ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။
ဝူယွမ်ကလည်း တမ်းတမ်းတတနှင့် သက်ပြင်းချလိုက်မိပြီး ခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။
“ငါ့မိန်းမကို လွမ်းလိုက်တာကွာ…”
ဖူယုက အပြုံးနှင့် ပြောလိုက်သည်။
“ငါတို့က လုံချွမ်တိုင်းပြည်ထဲမှာရှိတဲ့ ပြည့်တန်ဆာတွေအပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားလို့ မရသေးဘူးလား။ အရက်ကောင်းတွေကတော့ သူ့အလိုလို ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အတူသောက်ပေးမယ့် မိန်းမလှလေးတွေ မရှိရင် အရသာကတော့ တော်တော်လေး လိုအပ်နေလိမ့်မယ်…”
ဝူယွမ်က ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“လုတိုင်းပြည် အကျဉ်းသားတွေထဲက မိန်းကလေးတွေကတော့ ဒီတာဝန်အတွက် ကိုက်ညီလိမ့်မယ်။ သူတို့က သစ်တောနဲ့ တောင်တန်းတွေထဲမှာ သေသည်ထိ အလုပ်လုပ်မလားဆိုတာနဲ့ သူတို့ကို နောက်ထပ်ရွေးချယ်ခွင့်တစ်ခု ပေးလိုက်ကြတာပေါ့..”
“ငါတို့က သူတို့ကို တွန်းအားပေးလို့တော့ မရဘူး။ ဆုံးဖြတ်ချက်ကိုတော့ သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ။ ဖူယု အခုကစပြီး မင်းက ငါနဲ့အတူ မြို့ထဲကို လိုက်လာဖို့ မလိုတော့ဘူး။ အဲဒီအစား မင်းက ဒီကိစ္စကို ကြီးကြပ်ဖို့တာဝန်ယူရမယ်…”
ထိုစကားကို ကြားသည့်အခါ ဖူယုက အလွန်ဝမ်းသာသွားခဲ့သည်။ သူကတော့ ထိုအရာကို စနောက်နေသည်ဟုသာ သတ်မှတ်ထားခဲ့သည့်အတွက် မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“မင်းက တကယ်ကြီး အလေးအနက်ပြောနေတာလား..”
ဝူယွမ်က သူ၏အင်္ကျီကော်လံကို အနည်းငယ်ပြင်ဆင်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ငါက ဒီကိစ္စကို အလေးအနက်မရှိဘူးလို့ မင်းက ဘာလို့တွေးရတာလဲ။ ဒီတောင်တန်းတွေက တဖြည်းဖြည်း တိုးတက်လာပြီ။ အနာဂတ်စံအိမ်အများစုကလည်း အင်မော်တယ်တွေပဲ ဖြစ်လာလိမ့်မယ်။ ငါတို့က အဲဒီအင်မော်တယ်တွေကို ငါတို့မြို့ထဲမှာပဲ ငွေကြေးတွေ သုံးဖြုန်းလာအောင် ကြိုးစားရမှာပဲ မဟုတ်လား။ မင်းက အဲဒီအရာကို လုပ်နိုင်မှာလား.. ဒါမှမဟုတ် ငါက အဲဒီတာဝန်ကို လုပ်ရမယ်လို့ ထင်တာလား…”
“ငါက မီးဖိုကြီးကြပ်သူရာထူးကနေ ဖယ်ရှားခံရတော့မယ့် မထင်မရှားမြို့စားလေး တစ်ယောက်ပါပဲ။ အင်မော်တယ်တွေက ရုပ်ရည်တစ်ခုတည်းနဲ့ သာမန်မိန်းကလေးတွေကို စိတ်မဝင်စားဘူးလို့ ငါ့ဆရာက ပြောဖူးတယ်။ ဘာလို့လဲဆိုတော့ ကျင့်ကြံသူမိန်းကလေးတွေရဲ ခန္ဓာကိုယ်က သာမန်မိန်းကလေးတွေထက် အဆပေါင်းများစွာပိုပြီးတော့ ထူးခြားတယ်လေ။ ဒါ့ကြောင့် သာမန်မိန်းကလေးတွေက အင်မော်တယ်တွေကို ဆွဲဆောင်နိုင်တယ်ဆိုတာ သူတို့ရဲ့အဆင့်အတန်းကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဥပမာအနေနဲ့ပြောရရင် ပျက်ဆီးသွားတဲ့ တိုင်းပြည်တစ်ခုရဲ့ မင်းသမီးလေး ဒါမှမဟုတ် နိမ့်ကျသွားတဲ့ အစွမ်းထက်ကလန်တစ်ခုက သခင်မလေးဆိုတဲ့အရာမျိုးက အင်မော်တယ်တွေရဲ့ မျက်လုံးထဲမှာ ရှားရှားပါးပါးအရာတွေပဲ။ လုတိုင်းပြည်က အကျဉ်းသားတွေကတော့ အဲဒီအရာတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်မရှိဘူး…”
ဖူယု၏မျက်နှာပေါ်တွင် အံ့ဩသွားသည့် အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“အဲဒီအချိန်တုန်းက နန်းတွင်းက မင်းကို ဘာလို့ မီးဖိုကြီးကြပ်သူအရာရှိ တာဝန်ပေးလိုက်တယ် ဆိုတာကို ငါ စဉ်းစားမရခဲ့ဘူး။ ကြည့်ရတာတော့ မင်းက တော်တော်လေးကို ဉာဏ်နီဉာဏ်နက်များတာပဲ။ ပြီးခဲ့တဲ့နှစ်လအတွင်း မင်းက တောင်(၆၀)လုံးကို တစ်ခုမကျန် ခြေလျင်လျှောက်ပြီး သွားခဲ့တဲ့အပြင် အဲဒီမြေခွေးအိုကြီးတွေနဲ့လည်း သေချာအချိန်ပေးပြီး ဆွေးနွေးခဲ့တယ်…”
“တိုင်းပြည်ရုံးတော်နဲ့ မြို့နတ်ဘုရားစံအိမ် တည်ဆောက်မှုကနေ ဝမ်ချန်းစံအိမ်နဲ့ စစ်နတ်ဘုရားကျောင်းဆောင် မြေနေရာရွေးချယ်မှု ၊ တည်ဆောက်ရေးပစ္စည်းတွေကို နေရာချမှုကနေ လုတိုင်းပြည်က အကျဉ်းသားတွေကို စီစဉ်ပေးမှု၊ မင်းက ကိစ္စတိုင်းကို သေချာကြီးကြပ်နေပြီး အသေးအဖွဲ့ကိစ္စလေးတွေကိုတောင် တစ်ရက်မှ မနားခဲ့ဘူး။ မင်းက တစ်ရက်ကို ခြောက်နာရီတောင် ပြည့်အောင်မအိပ်ခဲ့ဘူး…”
“အခုတော့ နန်းတွင်းက အဘိုးကြီးတွေက မင်းကို တာဝန်ပျက်ကွက်တဲ့အတွက် အပြစ်တင်လို့ ရဦးမှာလား။ နန်းတွင်းက တစ်ယောက်ယောက်က မျိုးရိုးကြီး(၄)ခုနဲ့ ကလန်(၁၀)ခုကို ထိန်းချုပ်နေပြီး မင်းကို အခက်တွေ့အောင် ညွှန်ကြားနေတာ ဖြစ်နိုင်တယ်။ မင်းက လုံချွမ်တိုင်းပြည်ရဲ့ အရာရှိရာထူးမှာပဲ သေချာနေအောင် သူတို့က ကြိုးစားနေကြတာ…"
ထိုအရာက စိတ်ကူးယဉ်ဆန်သော ယူဆချက်တစ်ခုဖြစ်ကြောင်း နားလည်နေသည့်အတွက် ဖူယုက မကျေမနပ်ဖြစ်နေသော အမူအရာနှင့် ပြောလိုက်သည်။
“အနည်းဆုံးတော့ မင်းက အသက်(၅၀)မတိုင်ခင် ဌာနကြီးတစ်ခုခုရဲ့ ခေါင်းဆောင် ဖြစ်မလာအောင် သူတို့က ကြိုးစားနေကြတာ။ အခုချိန်မှာ မင်းလုပ်နိုင်တာကတော့ မင်းရဲ့ကြိုးစားအားထုတ်မှုကနေ ဆုလာဘ်မယူဘဲ ဖြည်းဖြည်းချင်း အဆင့်တက်နိုင်အောင် လုပ်ဖို့ပဲရှိတယ်…”
ဝူယွမ်က တစ်စုံတစ်ခုကို ပြောချင်နေသည့်အလား ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင်တော့ တိတ်တိတ်နေခဲ့သည်။
ရုတ်တရက်ဆိုသလို ဖူယုက အားရပါးရ ရယ်လိုက်၏။
ဝူယွမ်က သူ့ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“သူက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ထရယ်နေရတာလဲ…”
ဖူယုက ပြန်ဖြေလိုက်သည်။
“လုံချွမ်တိုင်းပြည်က နေရာငယ်လေးတစ်ခုပဲ။ ဒါပေမယ့် အရမ်းကိုကြီးကျယ်ခမ်းနားတဲ့ မြို့တော်နဲ့ ယှဉ်လိုက်ရင် ငါကတော့ ဒီမှာနေရတာကို ပိုပြီးသဘောကျတယ်။ မနက်မိုးလင်းတာနဲ့ အရက်ကောင်းတွေ ၊ စားစရာတွေနဲ့ အသားပြားတွေကို ရနိုင်တယ်။ တကယ်လို့ ငါတစ်ခုခု စားချင်တယ်ဆိုရင် ခြေလျင်လျှောက်ပြီး လာဝယ်လိုက်ရုံပဲ။ ငါက အများဆုံး အသွားအပြန် တစ်နာရီလောက်ပဲ အချိန်ပေးရတယ်။ တစ်ခါတစ်လေ ငါက ခံစားချက်ကောင်းရင်လည်း အရက်ဆိုင်ကိုသွားပြီး အရက်တစ်ပိုင်း မှာလို့ရတယ်။ ပြီးရင်တော့ တစ်နာရီလောက် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေလို့ရတယ်။ အနားကို လူတစ်ယောက်မှ ရောက်လာမှာ မဟုတ်ဘူး။ တကယ်လို့ ငါက ခံစားချက်ကောင်းနေတယ်ဆိုရင်လည်း အသားလုံးတစ်ပန်းကန်နဲ့ အသီးအရွက်ကြော်တစ်ပန်းကန်မှာပြီး အရက်ဆိုင်မှာ အရက်သောက်လို့ရသေးတယ်…”
“ငါက ငါရဲ့နေ့ရက်တွေကို ဒီလိုမျိုးပဲ ကုန်ဆုံးချင်နေတာ။ ဒါက ဒီနေရာမှာ စိတ်ပါလက်ပါ အလုပ်လုပ်ဖို့ ပိုပြီးတော့ အဆင်ပြေတယ်လေ။ တကယ်လို့ ဒီမှာ အခက်အခဲတွေ ရှိနေရင်တောင် ကိစ္စမရှိတော့ဘူး…”
ဝူယွမ်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ငါတို့ လုပ်နေတဲ့အရာတွေကတော့ ပျင်းရိနေတဲ့ပုံစံနဲ့ တခြားသူတွေက ငါတို့ကို အဆင့်မြင့်တက်လာအောင် အားကိုးနေရတာပဲ။ ဒါက အရာရှိဆိုတဲ့ရာထူးနဲ့ ဘာများသက်ဆိုင်လို့လဲ။ ငါတို့က ခြေလျင်လျှောက်ပြီး လူတွေအကျိုးရှိမယ့်အရာတွေ လုပ်ဆောင်ရမယ်…”
“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းက ငါ့ထက်ပိုပြီးတော့ တော်တယ်။ ငါကတော့ မထင်မရှား မိသားစုကနေ ရောက်လာခဲ့တာ။ ဒါကြောင့် သာမန်လူအများနဲ့ လုပ်ရတဲ့ကိစ္စတွေမှာ အခက်အခဲတွေကို သိတယ်။ တစ်ဖက်မှာတော့ မင်းက ဂုဏ်သရေရှိ ဖူကလန်က သခင်လေးတစ်ယောက်ပဲ။ ဒီတော့ မင်းက ဒီလိုတွေးတယ်ဆိုတာ တော်တော်လေး အံ့ဩဖို့ကောင်းတယ်…”
သူတို့နှစ်ယောက်က ဘေးချင်းယှဉ်၍ လျှောက်လာနေကြပြီး ဖူယုက သက်ပြင်းချလိုက်သည်။
“အဲဒီမှာ ပြဿနာတွေရှိတယ်။ မင်းက လူတွေရဲ့ကိုယ်စား ကိစ္စတွေကို လုပ်ပေးနိုင်ပေမယ့် လူတွေကတော့ မင်းကို ကျေးဇူးတင်မှာ မဟုတ်ဘူး။ သမိုင်းကြောင်းထဲမှာ လူတွေရဲ့ကိုယ်စား အလုပ် ကြိုးကြိုးစားစား လုပ်ပေးခဲ့တဲ့ အရာရှိတွေရဲ့ ဥပမာတွေလည်း မနည်းဘူး။ သူတို့တွေကတော့ အရှက်တကွဲနဲ့ အရာရှိရာထူးကနေ ဖယ်ရှားခံခဲ့ရတယ်…”
“လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော် အတောအတွင်း အဲဒီလို အရာရှိတွေက သူတို့ရဲ့လုပ်ရပ်တွေကြောင့် သေပြီးမှပဲ သူကောင်းပြုခံကြရတယ်။ ဒါပေမယ့် အဲဒီဥပမာတွေက အရမ်းကို ဝေးလွန်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သေသွားမှတော့ ဘာလုပ်နိုင်ကြတော့မှာလဲ…”
“အဲဒါက စဉ်းစားတဲ့ပုံ မမှန်သေးဘူး…"
ဝူယွမ်က ခေါင်းခါလိုက်ပြီး ထိုအချက်ကို သဘောမတူခဲ့ပေ။
“တကယ်လို့ မင်းက တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အဲဒီအရာကိုပဲ အာရုံစိုက်သင့်တယ်။ မင်းရဲ့ရည်ရွယ်ချက်က မင်း ဂုဏ်ယူရလောက်တဲ့အရာတစ်ခုကို ပြီးဆုံးအောင် လုပ်ဖို့ပဲ။ လူတွေက မင်းအပေါ် ကျေးဇူးတင်တာ ၊ မင်းရဲ့လုပ်ရပ်တွေကို နန်းတွင်းက ချီးကျူးတာတွေအတွက်တော့ မင်း စဉ်းစားဖို့ မလိုဘူး။ ဒီလိုကိစ္စတွေကို အလွန်အကျွံ စဉ်းစားလိုက်တာက ဝေဝါးမှုတွေပဲ ဖြစ်သွားနိုင်တယ်။ မင်းက အလုပ်လုပ်ချင်တဲ့စိတ်ကို ဆုံးရှုံးသွားနိုင်ပြီး ဘာမှမလုပ်ဖြစ်အောင် တွန်းအားပေးနေလိမ့်မယ်…”
“ငါတို့လို ကွန်ဖြူးရှပ်စာသင်သားတွေက တာအိုသခင်တွေ ၊ ဗုဒ္ဓပညာရှင်တွေနဲ့ မတူဘူး။ သူတို့တွေကတော့ သူတို့ယုံကြည်နေရတဲ့ သင်ကြားမှုတွေရဲ့ ကန့်သတ်ချက်ကိုပဲ အမြဲတမ်းရှာဖွေနေကြတာ…”
ထိုစကားကို ကြားသည့်အခါ ဖူယုက သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် ဝူယွမ်က တစ်ယောက်တည်း ပြောသည့်အလား ဆက်ပြောလိုက်၏။
“သင်ကြားမှု(၃)ခုထဲမှာ တာအိုလမ်းစဉ်က တည်ငြိမ်အေးချမ်းမှုကို ပေးနိုင်တယ်။ အဲဒီအရာက ကိုယ့်ကိုယ်ကိုယ် အလေးထားရတဲ့ သင်ကြားမှုတစ်ခုပဲ။ ကောင်းကင်ကြီးက ပြိုကျလာပြီး ကမ္ဘာမြေ ပျက်ဆီးသွားမယ်ဆိုရင်တောင် လူတစ်ယောက်က ထာဝရ ရှင်သန်မှုကို ရနိုင်မယ်ဆိုရင် လုံလောက်ပြီ…”
“သူတို့တွေက အတိတ်နဲ့ အနာဂတ်ဘဝတွေကို အလေးမထားဘူး။ အဲဒီအစား လက်ရှိသူတို့နေထိုင်နေတဲ့ ပစ္စုပ္ပန်ဘဝကိုပဲ အလေးထားကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က မသေမျိုး ခရီးစဉ်ပြည့်စုံဖို့အတွက် လက်ရှိခန္ဓာကိုယ်ကို လိုအပ်တယ်လေ။ တစ်ဖက်မှာတော့ ဗုဒ္ဓလမ်းစဉ်မှာ မဟာယာန ဗုဒ္ဓလမ်းစဉ်နဲ့ ထေရဝါဒ ဗုဒ္ဓလမ်းစဉ်ဆိုပြီး နှစ်ခြမ်းကွဲတယ်..”
“ထေရဝါဒကတော့ တာအိုလမ်းစဉ်နဲ့ တူညီတယ်။ မဟာယာန ကတော့ သူ့ရဲ့ယုံကြည်သူတွေအားလုံးကို ဒီဘဝရဲ့ဒုက္ခတွေ ၊ နာကျင်မှုတွေက နောက်ဘဝမှာ ကံကောင်းမှုတွေ ရနိုင်တယ်လို့ ပြောကြတယ်။ အဲဒါကြောင့် သူတို့ရဲ့ယုံကြည်သူတွေဆီမှာ မျှော်လင့်ချက်တွေ ရှိလာကြတယ်…”
“ကွန်ဖြူးရှပ်သူတော်စင်တွေကတော့ သင်ကြားမှု(၃)ခုထဲမှာ လူသားကမ္ဘာကြီးနဲ့ ရင်းနှီးမှုအရှိဆုံးပဲ။ ပြီးတော့ အဲဒီအရာက ပိုပြီးတော့ သင်ယူလေလေ လူတစ်ယောက်ရဲ့ ကျင့်စဉ်အဆင့်က ပိုပြီးတော့ မြင့်မားလေလေဖြစ်နိုင်တဲ့အပြင် သူတို့က ပိုပြီးတော့ သတိထားလာလေလေ သူတို့ရဲ့စကားလုံးတွေ ၊ အပြုအမူတွေက တစ်ချို့စည်းမျဉ်းတွေ ၊ အကန့်အသတ်တွေကို ထိုးဖောက်နိုင်တယ်ဆိုတာ နားလည်လာလေလေပဲ…”
“ဥပမာအနေနဲ့ ပြောရရင် ငါ့ဆရာရဲ့လမ်းစဉ်ကတော့ လက်တွေ့စွမ်းဆောင်ရည်ကို စာတွေ့ဗဟုသုတတွေထက် ပိုပြီးတော့ တန်ဖိုးထားသင့်တယ်ဆိုတာပဲ။ သူ့ရဲ့ရည်ရွယ်ချက်ကလည်း ဗဟုသုတမရှိတဲ့ အရည်အချင်းမရှိတဲ့ ကွန်ဖြူးရှပ်စာသင်သားတွေကို ဖယ်ရှားပစ်ဖို့ပဲ။ ဒါပေမယ့် အတွေးအခေါ်အသစ်တွေကို ပြောတဲ့သူတွေအားလုံးက ဝိုင်းဝန်းတိုက်ခိုက်ခံရပြီး ရန်သူတွေ အများကြီးရှိလာတာ ကံဆိုးတယ်…”
ဝူယွမ်က ခေါင်းခါပြီး ပြန်ပြောလိုက်သည်။
“ငါ့ဆရာရဲ့အတွေးက မှန်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ လုပ်လိုက်မယ်ဆိုရင်တော့ သေချာပေါက် ခါးသီးသွားလိမ့်မယ်။ ပြီးတော့ လူတိုင်းမှာ ပျင်းရိတဲ့ စိတ်အခံတစ်ခုလည်း ရှိကြတယ်လေ…”
“ဒီတော့ ငြိမ်းချမ်းနေတဲ့ အတောအတွင်း နှစ်ပေါင်း(၅၀၀)၊ နှစ်ပေါင်း(၁၀၀၀) ဆိုရင်တောင် စာသင်သားတွေက သူတော်စင်တွေ သင်ကြားပေးတဲ့ စာအုပ်တွေကိုပဲ ဆက်ပြီး ဖတ်နေကြဖို့ များတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ကြိုးစားရမည့်အစား အရမ်းကို မောက်မာပြီး အဆင့်မြင့်တဲ့ ပုံစံမျိုးတွေ လုပ်နေကြတယ်။ အဲဒီအချိန်မှာတော့ ဒါက ပြဿနာတစ်ခု မဟုတ်ဘူး…”
“ကွန်ဖြူးရှပ်စာသင်သားတွေ လိုက်နာရမယ့် စည်းမျဉ်း(၃)ခုက အစွမ်းထက်တဲ့ ကိုယ်ကျင့်တရားနယ်ပယ်တစ်ခု တည်ဆောက်ရန်၊ လူထုနဲ့ တိုင်းပြည်ကို အကျိုးဆောင်ပြီး စကားတစ်လုံး ၊ စာတစ်လုံးက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းဖို့ ထိုက်တန်တဲ့စကားလုံးတွေ ဖြစ်ရမယ်ဆိုတဲ့အရာတွေပဲ။ အဲဒီအချိန်မှာ ကွန်ဖြူးရှပ် စာသင်သားတွေကတော့ အဲဒီစည်းမျဉ်း(၃)ခုလုံးကို တန်းတူညီမျှပဲသတ်မှတ်ကြတယ်…”
“ဒါပေမယ့် တကယ်လို့ ငါ့ဆရာရဲ့လမ်းစဉ်ကသာ ပြည့်စုံသွားမယ်ဆိုရင် လူထုနဲ့ တိုင်းပြည်ကို အကျိုးပြုရမယ်ဆိုတဲ့ စကားစုက တဖြည်းဖြည်း အလေးသာသွားလိမ့်မယ်။ တကယ်လို့ အဲဒီလိုအတွေးမျိုးဝင်သွားပြီဆိုရင် စာသင်သားတွေက အစွမ်းထက်တဲ့ ကိုယ်ကျင့်တရားနယ်ပယ်တစ်ခု တည်ဆောက်ပြီး စာတွေ့ဗဟုသုတတွေကို ရှာဖွေရမယ်ဆိုတာကို ပြန်ပြီးတော့ ကြေညာရလိမ့်မယ်။ အဲဒါက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ လောကကြီးတစ်ခု ဖြစ်လာမှာပဲ.."
ထိုစကားကိုကြားသည့်အခါ ဖူယုက မှင်တက်သွားခဲ့သည်။ သူ့မျက်နှာပေါ်တွင်လည်း သတိထားနေသည့် အမူအရာတစ်ခု ပေါ်လာပြီး ဝူယွမ်၏လက်ကိုကိုင်၍ အလျင်အမြန် ပြောလိုက်သည်။
“ဝူယွမ်..
မင်းက ဘာကိစ္စပဲရှိရှိ ဒီစကားတွေကို မင်းဆရာဆီ ပြောလို့မရဘူး။ မင်းက ကျင့်ကြံသူ တစ်ယောက် မဟုတ်တဲ့အတွက် မဟာတာအိုလမ်းစဉ်က ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းလဲဆိုတာကို မသိဘူး။ မင်းရဲ့ စကားလုံးတိုင်း ၊ အပြုအမူတိုင်းက မင်းကိုသေသွားစေနိုင်တယ်…”
ဝူယွမ်က ဖူယု၏လက်ကိုပုတ်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ငါက ဒီစကားကို ငါ့ဆရာဆီပြောဖို့သတ္တိလည်း မရှိပါဘူး။ ပြီးတော့ ငါ့ဆရာရဲ့ ဉာဏ်ရည်နဲ့ ဗဟုသုတအရ ဆိုရင် ငါက သူ့ရဲ့လမ်းစဉ်ကို ပြည့်ပြည့်ဝဝ နားလည်ဖို့လည်း မဖြစ်နိုင်ဘူးလေ။ ငါ့ဆရာမှာ သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေရှိမှာ သေချာပါတယ်…”
ဖူယုက ဝူယွမ်၏လက်ကို လွှတ်လိုက်ပြီးနောက် နောက်တစ်ကြိမ် သတိပေးလိုက်သည်။
“မင်းက ဒီအတွေးတွေကို လုံးဝမပြောမိပါစေနဲ့။ မင်းကလည်း စုန့်ယုကျန်းရဲ့နောက်ကို လိုက်သွားရမှာ ငါမမြင်ချင်ဘူး…”
မသင့်တော်သော ခေါင်းစဉ်များကိုပြောသည့်အချိန်တွင် ဖူယု၏အသံက တဖြည်းဖြည်း တိုးသွားခဲ့သည်။
ဝူယွမ်က ခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။
“ဖူယု…
တကယ်လို့ ငါက လမ်းမှားကို ရောက်သွားပြီးဆိုရင် ငါ့ကို သတိပေးဖို့မမေ့ပါနဲ့။ အဲဒီအချိန်ကျရင် ငါက ဘယ်လောက်ပဲ အဆင့်မြင့်မြင့် ငါ့ရဲ့မျက်နှာကိုမထောက်ဘဲ ပြောနိုင်တယ်။ ငါ သတိပြန်ဝင်လာပြီး လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လာအောင် မင်းပဲ ကြိုးစားပေးပါ…”
“စိတ်မပူပါနဲ့…. အဲဒီအချိန်ရောက်လာလို့ ငါ့ရဲ့စကားတွေက မင်းအတွက် အသုံးမဝင်ဘူးဆိုရင်တော့ မင်းက ငါ့ဆီကနေ လက်သီးတစ်ချက်ကို မျှော်လင့်ထားလို့ ရတာပေါ အမတ်ကြီးဝူ…”
“ဌာနကြီး(၆)ခုထဲက တစ်ခုရဲ့အမတ်ကြီးဆိုတာ အဆင့်(၂) အရာရှိအဆင့်ပဲ ရှိသေးတယ်။ အဲဒါက ငါ့အတွက်တော့ အရမ်းကို နိမ့်ကျသေးတဲ့ ရာထူးတစ်ခုပဲ…”
“အဲဒီလိုလည်းမဟုတ်ဘူးလေ။ ငါတို့တာ့လီအင်ပါယာကသာ အရှေ့ပိုင်းကုန်းမြေကြီးကို သိမ်းပိုက်နိုင်ပြီဆိုရင် ဌာနကြီး(၆)ခုထဲက တစ်ခုရဲ့အမတ်ကြီးဆိုတာက နိမ့်ကျတဲ့ အဆင့်အတန်းတစ်ခု ဖြစ်နိုင်ဦးမှာလား။ ငါ့အနေနဲ့ ပြောရမယ်ဆိုရင်တော့ အဲဒါက ရည်မှန်းချက်ထားသင့်တဲ့ ပန်းတိုင်တစ်ခုပဲလေ…”
“အခုကတည်းက ရှင်းရှင်းလင်းလင်း ပြောထားမယ်။ ငါ့ဆီမှာက ဟိုတစ်စ ဒီတစ်စ အတွေးအခေါ်တွေပဲ ရှိတာ။ ငါက လိုက်လျောညီထွေနေတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါကြောင့် ငါက မသေမချင်း မင်းနောက်ကိုပဲ လိုက်နေမှာ။ တကယ်လို့ နောက်ပိုင်း မင်းက အမတ်ကြီးတစ်ယောက်ဖြစ်လာရင် မင်းက ငါ့ကို လက်ယာအမတ်ကြီးရာထူး ပေးလို့မရဘူးလား…”
စာသင်သားနှစ်ယောက်က ထိုအကြောင်းအရာကို စနောက်ကျီစယ်ရင်း ဆက်လက်ဆွေးနွေးနေကြသည်။ သူတို့က တဖြည်းဖြည်း နယ်မြေရုံးတော်ဆီသို့ ပြန်ရောက်လာခဲ့ကြ၏။
ယွမ်ကလန်စံအိမ်ထဲတွင် စိမ်းပြာရောင်ဝတ်စုံဝတ်ထားသော စာသင်သားက သူ၏စာအုပ်ကိုကောက်ပြီး အပြုံးနှင့် ရေရွတ်လိုက်၏။
“ဝူယွမ်....
ငါ့ရဲ့လမ်းစဉ်က လက်တွေ့ကျတဲ့ အကျိုးဆောင်မှုတွေကို အလေးထားတယ်ဆိုတဲ့ မင်းရဲ့အတွေးကတော့ မှန်ပါတယ်။ ပြီးတော့ မင်းက ငါ့ရဲ့လမ်းစဉ်ကို ပြည့်ပြည့်ဝဝ နားမလည်နိုင်ဘူး ဆိုတာလည်း မှန်တာပဲ…”
Translated by Hein Htet.