← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

ကြောက်စရာကောင်းသော သရဲမ၏ နှောင့်ယှက်မှုမရှိတော့သည့်အတွက် ချန်းပင်အန်းတို့အဖွဲ့က တောင်တန်းကြီးထဲမှ ဖြတ်သန်းသွားလာရသည်မှာ ယခင်တုန်းကထက် ပို၍ချောမွေ့လာခဲ့သည်။

ထိုတောင်ကြားထဲတွင် သရဲမ၏စံအိမ်ဆီကို ဦးတည်နေသော လမ်းကြောင်း တစ်ခုတည်းသာ ရှိ၏။ ထိုလမ်းကြောင်းက မြင်းလှည်းနှစ်စီးဘေးချင်းယှဉ်၍ သွားနိုင်လောက်အောင် ကျယ်ဝန်းနေသော်လည်း ယခုတော့ မြက်ရိုင်းများ၊ မြူခိုးများနှင့်သာ ပြည့်နှက်နေခဲ့သည်။

ထိုသို့ဆိုရာတွင် အကာအကွယ်ဖျက်ဆီးရေးအဆောင်ကို သုံးလိုက်ပြီးနောက် သူတို့ရောက်လာခဲ့သော လမ်းကြောင်းထက် အဆပေါင်းများစွာပို၍ ကောင်းမွန်နေသေးသည်။ ထိုလမ်းကြောင်းကတော့ မင်္ဂလာအဆောင်ဓားကိုသုံးပြီး ချန်းပင်အန်း ကိုယ်တိုင် ဖြည်းဖြည်းချင်း ရှင်းလာခဲ့ရခြင်း ဖြစ်သည်။

သရဲမက မြေပြင်ဓားအင်မော်တယ်ဟုခေါ်ခဲ့သော လူကတော့ သူတို့၏အဖွဲ့နှင့် ရုတ်တရက် ပူးပေါင်းခဲ့ပြီးနောက် စကားပြောခဲ့ခြင်း မရှိပေ။ ထိုအစား ဖုန်းရွှယ်ကျောင်းဆောင် နတ်ဘုရားစင်မြင့်မှ ဓားအင်မော်တယ်က လက်တစ်ဖက်နှင့် မြည်းဖြူလေး၏ ဇက်ကြိုးကိုကိုင်ပြီး လက်တစ်ဖက်ကိုတော့ ဓားလက်ကိုင်ပေါ်သို့တင်၍ မျက်လုံးမှိတ်ကာ လမ်းလျှောက်နေခဲ့သည်။

တစ်ချိန်တည်းတွင် သူ၏စိတ်ကတော့ အဝေးတစ်နေရာကို ရောက်ရှိနေပုံရ၏။ အောက်ဘုံ(၅)ဆင့်နှင့် အလယ်ဘုံ(၅)ဆင့်ကြားထဲတွင် ကွာဟမှုကြီးတစ်ခု ရှိနေသလို အဆင့်(၁၀)နှင့် အဆင့်(၁၁)ပညာရှင်၏ ကြားထဲတွင်လည်း ကောင်းကင်နှင့်မြေကြီးပမာ ကွာဟမှုကြီးတစ်ခု ရှိနေသည်။

အဆင့်(၁၀) ချီကျင့်ကြံသူများကပင် သာမန်တိုင်းပြည်များထဲတွင် ပင်မဒေါက်တိုင်များအဖြစ် သူကောင်းပြုခံရနိုင်သော်လည်း သူတို့က တစ်ကြိမ် လေ့ကျင့်လျှင် နှစ်ပေါင်း(၁၀၀)ကျော် တံခါးပိတ်လေ့ကျင့်ရန် လိုအပ်သည်။ ထိုအချိန်ကျမှသာ သူတို့က အဆုံးစွန်သော တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်၏။

ထိုအခြေအနေက သူတို့ကို အဆင့်(၁၁)တက်ရန် ကူညီပေးနိုင်သော အခြေအနေလည်း ဖြစ်သည်။ သို့သော် ထိုအခြေအနေကို ရောက်လာပြီးနောက် သူတို့၏ဂိုဏ်းနှင့် ကလန်မှ ထွက်လာသော ချီကျင့်ကြံသူများထဲတွင် အဆင့်(၁၁)ကိုတက်ရန် ကျရှုံးသွားသူများလည်း များပြားစွာ ရှိနေကြသည်။ အကယ်၍ ထိုသို့ဆိုလျှင် သူတို့က ဂိုဏ်းနှင့် ကလန်သို့ ပြန်ရောက်လာပြီး တိတ်တဆိတ် ဆက်လက်လေ့ကျင့်နေတတ်ကြ၏။

ဝေ့ကျင်းက ဖုန်းရွှယ်ကျောင်းဆောင်၏ ထူးခြားသော အသက်ရှုလေ့ကျင့်ခန်း တိတ်တဆိတ် လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်သည်။ သူက မျက်လုံးဖွင့်လိုက်ပြီး အိုက်လျန်နှင့် ရင်းနှီးသော ကလေးငယ်များကို သေချာစိုက်ကြည့်နေခဲ့၏။ သို့သော် သူ၏အလေးထားသည်မှာတော့ ဖုန်းရွှယ်ကျောင်းဆောင်မှ ဝတ္တရားသာဖြစ်သည်။ သူက ထိုအရာမှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။ သူက သူ့ဆရာ၏ အုတ်ဂူကို သွားရောက်လည်ပတ်ပြီး သူ့ဆရာကို အရက်ပူဇော်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

အိုက်လျန်၏ပုံပြင်များကို ကြားလိုက်ရပြီးနောက် ယခုဝေ့ကျင်းက ကမ္ဘာကြီးနှစ်ခု၏ နယ်စပ်တွင် ရှိနေသော ကျောက်စက်ပန်းဆွဲတောင်တန်းကို သွားရောက် လည်ပတ်ချင်နေခဲ့သည်။ သူက ထိုမြို့နံရံဆီကို လည်ပတ်ရန် ပို၍ စိတ်အားထက်သန်နေခဲ့သည်။ ထိုအရာကတော့ မရေမတွက်နိုင်သော ဓားအင်မော်တယ်များ ရှိနေသည့် မဟာတံတိုင်းလည်း ဖြစ်သည်။

ဝေ့ကျင်းကတော့ နှလုံးသား၏ဆန္ဒများကို ဖြေလျော့နိုင်ခြင်း မရှိသည့်အလား စိတ်ပျက်နေသလို ခံစားနေရသည်။ အကယ်၍ သူ့ခန္ဓာကိုယ်ကသာ တည်ငြိမ်ပြီး သူ၏ဓားဆန္ဒများနှင့် ဟာကွက်မရှိ ပေါင်းစပ်နိုင်ခဲ့မည်ဆိုလျှင် "လှပသောရေ အဆင့်မြင့်သော လေလှိုင်း" ဆိုင်းဘုတ်အောက်တွင် ရပ်နေသည့်အချိန်၌ မိုအတွေးအခေါ်ဂိုဏ်းမှ ဓားအင်မော်တယ်ကို နောက်ဆုံးတိုက်ခိုက်ခဲ့ရာတွင် မပြည့်စုံသည့်အရာများ ပါဝင်လိမ့်မည် မဟုတ်ချေ။

ပြောရမည်ဆိုလျှင် မိုအတွေးအခေါ်ဂိုဏ်းမှ ဓားအင်မော်တယ်က သူ့ဓားကို တစ်လက်မထက် ပို၍ထုတ်ရန် လိုအပ်သည်။ အမှန်အတိုင်းပြောရလျှင် အနည်းဆုံး ဓားတစ်ဝက်ခန့် ထုတ်ရန် လိုအပ်၏။

လီဟွိုင်ကတော့ အဖြူဝတ်အင်မော်တယ်၏ အကြည့်ကို စိတ်ဝင်တစား ပြန်ကြည့်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူက အလွန် စိတ်ပျက်သွားသလို ခံစားမိခဲ့၏။

အကယ်၍ အိုက်လျန်သာ ရှိနေလျှင် မည်မျှ ကြီးကျယ်နေမည်နည်း။ လီဟွိုင်က အိုက်လျန်၏ ပုခုံးကိုပုတ်ပြီး အစွမ်းထက်သော ဓားသမားတစ်ယောက်ဟူသည်မှာ ထိုကဲ့သို့ဖြစ်ကြောင်း ပြောပြချင်ခဲ့၏။ အိုက်လျန်ကို ဝေ့ကျင်းဆီမှ သင်ယူရန် သူက ပြောချင်ခဲ့သည်။

မည်သို့ဖြစ်စေကာမူ ဝေ့ကျင်း ရောက်လာခဲ့သည့်ပုံစံကို ဥပမာပေး၍ ရနိုင်သည်။ သူကိုယ်တိုင် ရောက်မလာခင် သူ့ဓားက အရင်ဆုံး ရောက်လာခဲ့၏။ ဓားချီစွမ်းအင်များကလည်း အဖြူရောင်ဝတ်စုံ၏ ပတ်ပတ်လည်တွင် လွင့်မျောနေခဲ့၏။ ထို့နောက် သူက သရဲမကို တိုက်ခိုက်ခဲ့သည့်အတွက် သူမက ငိုသွားခဲ့ရသည်။

ထိုအရာက အလွန်အံ့ဩစရာကောင်းပြီး ကြောက်စရာကောင်းနေသည် မဟုတ်ပေလော။ ထိုအရာက ဝါးဦးထုပ်ဆောင်းပြီး မြည်းဖြူလေးနှင့် မြစ်ကမ်းဘေးတွင် လျှောက်လာသော အိုက်လျန် မရနိုင်သော အရာမျိုးပင် မဟုတ်ပေလော။

ဝေ့ကျင်းက သူတို့ကို ကြည့်နေကြောင်း လင်းရှို့ယီကလည်း သတိထားမိခဲ့သည်။ သို့သော် ဖုန်းရွှယ်ကျောင်းဆောင်မှ ဓားသမားက အတွေးလွန်နေကြောင်း သူလည်း သတိထားမိခဲ့၏။ သီးသန့်နေတတ်သော လူငယ်က သူ၏စာအုပ်သေတ္တာလေးကို တိတ်တဆိတ် ပြင်ဆင်လိုက်ပြီး သူ၏ကျင့်ကြံမှုကိုသာ ဆက်လက်စဉ်းစားနေခဲ့သည်။

သရဲမ၏ ကြောက်မက်ဖွယ်ရာစွမ်းရည်နှင့် အစွမ်းထက်ဓားသမားနှစ်ယောက်၏ တိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် လင်းရှို့ယီ၏ စိတ်ထဲတွင် လေးလံနေခဲ့သည်။ သူ့ရှေ့တွင် အလွန်ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသော လမ်းကြောင်းတစ်ခု ရှိနေသေး၏။ လက်ရှိအချိန်တွင် သူ၏သေးငယ်သော ကျင့်ကြံမှုလေးကတော့ သူတို့ကို တိုက်ခိုက်ရန်ပင် မလုံလောက်ပေ။

ဝေ့ကျင်းက သူတို့ကို ကြည့်နေရာမှ ရပ်တန့်လိုက်ပြီး သူ၏အင်္ကျီအိတ်ထဲမှ ကျောက်စိမ်းပြားလေးတစ်ခုကို ယူလိုက်သည်။ သူက အပြုံးနှင့် ရိုးရိုးသားသား ပြောလိုက်၏။

"ငါက မင်းတို့ကလေးတွေနဲ့အတူ ယဲ့ဖူတောင်ကြားကို လိုက်မပေးနိုင်တော့ဘူး။ ငါက လီကျူးသုခဘုံကို ချက်ချင်းသွားပြီး အဲဒီမှာရှိတဲ့ နဂါးခေါင်းဖြတ်စင်မြင့်မှာ အဆင့်မြင့်အလင်းတန်းနဲ့ ငါ့ရဲ့အသက်ဓားပျံကို သွေးဖို့ လိုအပ်တယ်။ ပြီးတော့ ငါက နောက်ပိုင်း ကျောက်စက်ပန်းဆွဲတောင်ကို ခရီးသွားဖို့အတွက် ပြင်ဆင်ဖို့လည်း လိုအပ်တယ်။ အခုကျောက်စက်ပန်းဆွဲတောင်ရဲ့အပြင်ဘက်မှာ နှစ်ပေါင်းတစ်ရာမှာ တစ်ကြိမ်သာ ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်နေတယ်လို့ အိုက်လျန်က ငါ့ကိုပြောခဲ့တယ်။ အဲဒါက ငါ သေချာပေါက် လွဲချော်လို့မရတဲ့ အရာတစ်ခုပဲ…"

မည်သူမျှ ကျောက်စိမ်းပြားကို ထွက်လာပြီး မယူကြောင်း တွေ့ရသည့်အခါ သူက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"မင်းတို့ကလေးတွေနဲ့အတူ တော်တော်လေး အစွမ်းထက်တဲ့ ယင်နတ်ဘုရား ပါလာပေမယ့် မင်းတို့က ဒီနေ့လို မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်မလာအောင် ဒီကျောက်စိမ်းပြားကို ပေးလိုက်တာ။ ဒါက ဖုန်းရွှယ်ကျောင်းဆောင်နဲ့ စစ်တောင်တန်းမှာ အရမ်းထူးခြားတဲ့ ငြိမ်းချမ်းခြင်းနဲ့ လုံခြုံခြင်းတံဆိပ်ပြားပဲ။ တကယ်လို့ မင်းတို့ကသာ ပြဿနာတွေ့တယ်ဆိုရင် မင်းတို့ရဲ့ ချီစွမ်းအားနဲ့ ဒီကျောက်စိမ်းပြားကို အသက်သွင်းပြီးမင်းတို့ရဲ့အခြေအနေကို ရှင်းပြလို့ရတယ်။ မင်းတို့က အဲဒါကို လွှတ်လိုက်တာနဲ့ ဂိုဏ်းကို အလိုလိုပြန်သွားပြီး အကူအညီ တောင်းပေးလိမ့်မယ်…"

ကလေးငယ်များက အရေးပါသော ကျောက်စိမ်းပြားကို ရှေ့ထွက်ပြီး လက်ခံရန် ငြင်းဆန်နေကြောင်း မြင်လိုက်ရသည့်အခါ သူတို့က ရူးမိုက်ပြီး အသိဉာဏ် မရှိသည့်အတွက် ဝေ့ကျင်းက သူတို့ကို အပြစ်မတင်ခဲ့ပေ။ ထိုအစား အပြုံးနှင့် ပြောလိုက်၏။

"တကယ်လို့ ဒီကျောက်စိမ်းပြားလေးကို ပေးမယ့်အစား ငါကိုယ်တိုင် မင်းတို့နဲ့ လိုက်လာတာက ပိုပြီးလုံခြုံတယ်လို့ ခံစားရတယ်ဆိုရင်လည်း ငါက မင်းတို့ရဲ့ တောင်းဆိုမှုကို မငြင်းပါဘူး။ ငါက မင်းတို့နဲ့ ထင်မြင်ချက်လေး နည်းနည်းလောက် ဆွေးနွေးရုံပါပဲ။ ရွေးချယ်ခွင့်ကတော့ မင်းတို့အပေါ်ပဲ မူတည်တယ်…"

"စီနီယာ ဓားအင်မော်တယ်...

စီနီယာရဲ့ဓားတွေ သွေးဖို့ လုံချွမ်တိုင်းပြည်မှာရှိတဲ့ နဂါးခေါင်းဖြတ်စင်မြင့်ကို သွားလို့ရပါတယ်။ ကျွန်တော်တို့က ဒီကျောက်စိမ်းပြားကို လက်ခံပါ့မယ်…"

ချန်းပင်အန်းက ပြောလိုက်သည်။

"စီနီယာ ယင်နတ်ဘုရားက ယဲ့ဖူတောင်ကြားကို ကျွန်တော်တို့နဲ့အတူ လိုက်လာဖို့ စီစဉ်ထားတယ်။ တာ့လီအင်ပါယာရဲ့ နန်းတွင်းကလည်း အတားအဆီးမရှိဘဲ အဲဒီနေရာကို သွားခွင့်ပေးထားတယ်။ ဒါကြောင့်လည်း သရဲမရဲ့ရှေ့မှာ ကျင့်ကြံသူ(၃)ယောက် ပေါ်လာခဲ့တာပေါ့။ သူတို့က နည်းနည်းနောက်ကျပေမယ့် ကတိတည်တယ်ဆိုတာ သက်သေပြနေပါသေးတယ်…"

ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး စိတ်လိုလက်ရ ပြောလိုက်သည်။

"ဒီနေ့လို အဖြစ်အပျက်မျိုးက နောက်တစ်ကြိမ် ထပ်ပြီး ဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်…"

သူက ကျောက်စိမ်းပြားကို ယူလိုက်ပြီး လင်းရှို့ယီကို ပေး၍ တိတ်တဆိတ် ပြောလိုက်သည်။

"ဒါကို သေချာသိမ်းထားဖို့ မမေ့ပါနဲ့။ မင်းက စာအုပ်သေတ္တာထဲကို ထည့်မထားရင် အကောင်းဆုံးပဲ။ မဟုတ်လို့ အရမ်းဝေးနေမယ်ဆိုရင် အရေးပေါ်အခြေအနေမှာ ယူဖို့ခက်လိမ့်မယ်…"

လင်းရှို့ယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

"ငါ နားလည်ပါတယ်.။ ငါက ဒါကိုအဆောင်စာရွက်နှစ်ခုရဲ့အနားမှာပဲ ထားလိုက်မယ်.."

ဝေ့ကျင်းက ပြုံးလိုက်မိသည်။ ကျိုးကြောင်းဆင်ခြင်တတ်သော ချန်းပင်အန်း၏ သဘာဝကြောင့် သူလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူက ခေါင်းဆောင်ဖြစ်နေသည့်အတွက် ဝေ့ကျင်းက အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့၏။

သရဲမ၏စံအိမ် အရှေ့လမ်းမပေါ်တွင် ရပ်နေသည့်အချိန်၌ လင်းရှို့ယီက အင်မော်တယ်တံတားပေါ်ကို ခြေချနိုင်သော လူငယ်တစ်ယောက်ဖြစ်ကြောင်း ဝေ့ကျင်းက သတိထားမိခဲ့သည်။ သူ၏သွေးကြောများထဲတွင် အသက်စွမ်းအင်များ ပြည့်နှက်နေပြီး ထိုအရာများက များပြားသည့်အပြင် တည်ငြိမ်နေခဲ့သည်။

သူက ရှားပါးသော ကျင့်ကြံရေးပါရမီရှင်တစ်ယောက် ဖြစ်၏။ ထို့ပြင် ထိုလူငယ်လေးက သီးခြားနေတတ်ပြီး မာနကြီးသော လူငယ်တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူက တခြားသူများ၏စကားကို နားထောင်ချင်မည်လော။ ချန်းပင်အန်းက ခေါင်းဆောင်ဖြစ်နေသည့်အတွက် သူက ပြဿနာမရှိဟု ခံစားမိနေခြင်းပေလော။

သူတို့ထဲတွင် အငယ်ဆုံးနှင့် ပေါ့ပျက်ပျက်နေတတ်သော ကလေးငယ်ကတော့ အိုက်လျန် ကိုယ်တိုင် မြည်းဖြူလေးကို စောင့်ရှောက်ရန် တာဝန်ပေးထားခဲ့သည့်အတွက် သူ၏ကံကောင်းမှုအကြောင်း ပြောစရာပင် မလိုအပ်ပေ။ ထိုအတွက်ကြောင့် ဝေ့ကျင်းက သူ့ကို နှုတ်ဆက်လက်ဆောင်တစ်ခု သေချာပေါက်ပေးရမည်ဖြစ်သည်။

တိုင်းပြည်ပေါင်းများစွာကို လှည့်လည်ခရီးသွားလာပြီးနောက် ဝေ့ကျင်းက ကံကြမ္မာမျိုးစုံကို ကြုံတွေ့ခဲ့ရပြီး ရှားပါးရတနာမျိုးစုံကို ရရှိခဲ့သည်။ သူက အများစုကို ရေစက်ရှိသော လူများ၏လက်ထဲသို့ ပေးခဲ့သည့်အတွက် ယခု သူ့ဆီတွင် ရှိနေသည်မှာ အဖိုးတန်ဆုံး ပစ္စည်းများသာ ကျန်တော့သည်။

ထို့ပြင် ကြည်လင်တောက်ပသော သူ၏ဓားနှလုံးသားမှတစ်ဆင့် လီဟွိုင်ကို လေ့လာကြည့်လိုက်ပြီးနောက် တစ်စုံတစ်ယောက်က သူ့အတွက် ကာကွယ်ပေးထားသော အရာကို ဖောက်၍ကြည့်ရှုလိုက်ရာ လီဟွိုင်၏ မွေးရာပါ ပါရမီက လင်းရှို့ယီထက်ပင် ပိုသာကြောင်း တွေ့လိုက်ရသည်။ သူက စစ်ကျောင်းအကြီးအကဲများ အလွန်အမင်း လိုချင်နေကြသည့် ထိပ်တန်းကျောက်စိမ်းတုံးလေး တစ်တုံးလည်းဖြစ်သည်။

ဓားအင်မော်တယ်ဝေ့ကျင်း၏ မျက်လုံးထဲတွင် အဖြူရောင်မြူခိုးများ လွှမ်းခြုံနေစဉ် အနီဝတ် ကလေးမလေးက မေးလိုက်၏။

"တကယ်လို့ ဒီကျောက်စိမ်းပြားက ဒီနေ့လိုအခြေအနေမျိုး ကြုံရမယ်ဆိုရင် မရပ်ဘဲ အဝေးကို တကယ်ပျံသန်းသွားနိုင်မှာလား။ အဲဒါက ငရဲပြည်လမ်းကြောင်းထဲကနေ ဖောက်ထွက်နိုင်ပြီး စီနီယာရဲ့ဓားပျံနဲ့ ဖျက်ဆီးလိုက်တဲ့ အကာအကွယ်ကိုတောင် ဖောက်ထွက်သွားနိုင်မှာလား…"

ဝေ့ကျင်းက အားရပါးရရယ်ပြီး ရှင်းပြလိုက်သည်။

"စိတ်မပူပါနဲ့...အဆင့်(၁၀)သူတော်စင်တွေရဲ့ အကာအကွယ်ကတောင် ဒါကိုတားဆီးနိုင်မှာ မဟုတ်ဘူး။ ဒီကျောက်စိမ်းပြားလေးက အရမ်းကိုမြန်တယ်။ ဓားပျံတစ်လက် ခရီးသွားတာထက်တောင် ပိုပြီးတော့ မြန်သေးတယ်။ ကျောက်စိမ်းပြားလေးက ဖုန်းရွှယ်ကျောင်းဆောင်ကို သွားနေတဲ့ လမ်းတစ်လျှောက်မှာ ခရီးသွားလာနေတဲ့ ဂိုဏ်းသားတွေက သူ့ကို သတိထားမိကြတာနဲ့ လျှို့ဝှက်ကျင့်စဉ် တစ်ခုကို သုံးလိုက်လိမ့်မယ်။ အဲဒီတပည့်တွေက အကူအညီလည်း ပေးကြလိမ့်မယ်။ ဒါကြောင့် ဂိုဏ်းက အကူအညီတောင် မလိုအပ်ဘဲ အန္တရာယ်အများစုကို ဖြေရှင်းနိုင်လိမ့်မယ်…"

လီပေါင်ဖျင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျွန်မ နားလည်ပြီ။ ဒီကျောက်စိမ်းပြားလေးကိုယ်တိုင်က ခရီးသွားလာခွင့် တံဆိပ်ပြားတစ်ခုလိုပဲ။ တကယ်လို့ စီနီယာ ယင်နတ်ဘုရားကတောင် အနိုင်မရနိုင်ဘူးဆိုရင် အဲဒီရန်သူတွေဆီမှာ အစွမ်းထက်တဲ့ နောက်ခံမျိုး သေချာပေါက် ရှိနေမှာပဲ။ သူတို့ရဲ့ အတွေ့အကြုံတွေ သက်တမ်းတွေအရ သူတို့က ဖုန်းရွှယ်ကျောင်းဆောင်ရဲ့ ငြိမ်းချမ်းခြင်းနဲ့ လုံခြုံခြင်းတံဆိပ်ပြားကို ချက်ချင်း မှတ်မိကြမှာပဲ။ ဒါဆိုရင် သူတို့က စီနီယာ ဓားအင်မော်တယ်နဲ့ စီနီယာတို့ရဲ့ ဂိုဏ်းကို သေချာပေါက် ကြောက်လန့်သွားကြလိမ့်မယ်။ ဒါကြောင့် ကျောက်စိမ်းပြားလေးက ဖုန်းရွှယ်ကျောင်းဆောင်ကို မရောက်နိုင်ရင်တောင် ဒီကျောက်စိမ်းပြားလေးကိုယ်တိုင်က ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်တယ်။ ဒီကျောက်စိမ်းပြားလေးကို ပြလိုက်တာက ဖုန်းရွှယ် ကျောင်းဆောင်ကို ရန်မစဖို့ တခြားလူတွေကို သတိပေးလိုက်သလိုပဲ…"

ထိုစကားကို ကြားသည့်အခါ ဝေ့ကျင်းက လှုပ်ရှားသွားခဲ့သည်။ သူကတော့ အလွန်ဉာဏ်ကောင်းပြီး နားလည်လွယ်သော ကလေးမလေးကို ကြည့်၍ အံ့ဩနေမိခဲ့၏။ သူက ချက်ချင်းပင် အလွန်လေးနက်သော အမူအရာရှိနေသည့် လီပေါင်ဖျင်ကို သဘောကျသွားမိခဲ့သည်။ ထို့ကြောင့်လည်း သူက ရင်းနှီးဖော်ရွေပြီး သဘောကောင်းနေခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးတွင်တော့ ဝေ့ကျင်းက မြက်ဖိနပ်စီးထားသော လူငယ်လေးကို သတိလက်လွတ် လှည့်ကြည့်လိုက်မိသည်။ သူက အသက်အကြီးဆုံး ဖြစ်သည့်အတွက် ခေါင်းဆောင် ဖြစ်လာခြင်းပင်လော။

ဝေ့ကျင်းက သူ့ကိုယ်စား တစ်ချိန်လုံး မြည်းဖြူလေးကို စောင့်ရှောက်ပေးနေသော လီဟွိုင်ကို လှည့်ကြည့်လိုက်သည်။ ခဏကြာစဉ်းစားပြီးနောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ သူ၏လက်ဖဝါးပေါ်တွင် ရွံ့ရုပ်ထုလေးများ ပေါ်လာခဲ့သည်။

သူတို့က လက်ညှိုးတစ်ဝက်ခန့် အရွယ်အစားသာ ရှိပြီး ခါးတွင် ဓားချိတ်ထားသော ဓားသမားတစ်ယောက်၊ မြင်းမြီးကြာပွတ်တစ်ခု ကိုင်ထားသော တာအိုသခင် တစ်ယောက်၊ ချပ်ဝတ်အင်္ကျီဝတ်ထားသော ရဲမက်တစ်ယောက်၊ ကြိုးကြာစီးနေသော မိန်းမပျိုတစ်ယောက်၊ ဗုံတီးနေသော အစောင့်တစ်ယောက်တို့ ဖြစ်ကြသည်။ စုစုပေါင်း ရွှံ့ရုပ်ထု ငါးခုဖြစ်၏။

“ဒီရွှံ့ရုပ်ထု (၅)ခုက တစ်ဝက်တစ်ပျက် အသွင်ပြောင်းနေတဲ့ ပစ္စည်းတွေလို့ သတ်မှတ်နိုင်တယ်။ သူတို့တွေထဲမှာ ရုပ်သေးနဲ့ပတ်သက်ပြီး သဘာဝပညာရှင်တွေနဲ့ မိုအတွေးအခေါ်ပညာရှင်တွေရဲ့ဗဟုသုတတွေ ၊ အဆောင်နဲ့ပတ်သက်ပြီး တာအိုဂိုဏ်းရဲ့ ဗဟုသုတတွေ ပေါင်းစပ်ထားတယ်…”

ဝေ့ကျင်းက ရွှံ့ရုပ်ထုလေးများကို လီဟွိုင်ဆီသို့ပေးပြီး ရှင်းပြလိုက်သည်။

"သူတို့ရဲ့ နောက်ကွယ်မှာရှိတဲ့ ရှုပ်ထွေးမှုတွေကိုတော့ ငါ နားမလည်ဘူး။ တကယ်လို့ မင်းကသာ သူတို့ကို သေချာဂရုစိုက်ပြီး သူတို့ရဲ့အငွေ့အသက်နဲ့ ရင်းနှီးလာမယ်ဆိုရင် တစ်နေ့နေ့မှာ သူတို့က အသက်ဝင်ကောင်း ဝင်လာနိုင်တယ်။ ပြီးရင်တော့ မင်းက သူတို့ကို မီးဝိညာဉ်၊ ရေအဆီအနှစ်လို ဓာတ်ကြီး(၅)ပါး အနှစ်သာရတွေနဲ့ ဆက်တိုက်အစာကျွေးဖို့ လိုအပ်တယ်။ သူတို့ရဲ့အရွယ်အစားသေးငယ်မှုကြောင့် သူတို့ဆီမှာ သေးငယ်တဲ့ သွေးကြောမှတ်တွေ၊ သွေးကြောလေးတွေလည်း ရှိတယ်။ သူတို့က အများဆုံး အဆင့်(၇) အဆင့်(၈) ကျင့်ကြံသူအဆင့်ကိုပဲ ရောက်နိုင်တယ်.."

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် သူ စကားပြောသည်မှာ အလွန်များသွားပြီ ဖြစ်ကြောင်း ဝေ့ကျင်းက နားလည်သွားခဲ့သည်။ ထို့ကြောင့် သူက စကားမပြောတော့ပဲ လီဟွိုင်ကို အပြုံးနှင့်ကြည့်နေခဲ့၏။

ထိုကလေးငယ်က ချန်းပင်အန်းကို ပြန်လှည့်ကြည့်ရန် မမေ့ခဲ့ပေ။ ချန်းပင်အန်းက အလျင်အမြန် ခေါင်းညိတ်ပြလိုက်မှသာ လီဟွိုင်ကလည်း ရွှံ့ရုပ်ထု(၅)ခုကို ယူလိုက်သည်။ ယခုတော့ သူ၏စာအုပ်သေတ္တာငယ်လေးထဲတွင် ဆေးခြယ်ထားသော ရုပ်သေးအပြင် ရုပ်သေးငယ်လေး (၆)ခု ရှိလာခဲ့သည်။

ဝေ့ကျင်းက မြည်းဖြူလေးပေါ်သို့ ခုန်တက်ပြီး ပြောလိုက်၏။

"ဒါဆိုလည်း နှုတ်ဆက်ပါတယ်။ မင်းတို့အားလုံးက ချောချောမွေ့မွေ့ သွားလာနိုင်ဖို့ မျှော်လင့်ပါတယ်…"

ဝေ့ကျင်းက အလွန်ရက်ရောပြီး သူရဲကောင်းဆန်သူ တစ်ယောက်ဖြစ်သော်လည်း လူတိုင်းကို ရတနာများ ၊ ကြွယ်ဝချမ်းသာမှုများ အလွယ်တကူ ပေးတတ်သော လူတစ်ယောက်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။

ကျင့်ကြံမှုလမ်းကြောင်းက အလွန်ရှည်လျား၏။ ထိုကဲ့သို့သော ခဏတာတွေ့ဆုံမှုများက ကံကောာင်းခြင်းလော ကံဆိုးခြင်းလော မည်သူက သိနိုင်မည်နည်း။ အလွန်အစွမ်းထက်သော ဝေ့ကျင်း၏ကံတရားနှင့် ထိတွေ့ခံစား၍ မရနိုင်သော ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကြောင့် တစ်ယောက်ယောက်ကသာ လုံလောက်သော ကံကြမ္မာမရှိဘဲ မသင့်တော်သောအချိန်မျိုးတွင် ဝေ့ကျင်း၏လက်ဆောင်ကို လက်ခံမိလိုက်မည်ဆိုလျှင် မည်သည့်အရာများ ဖြစ်လာမည်ကို မည်သူက သိနိုင်မည်နည်း။

အကယ်၍ သူတို့ကသာ ထိုကဲ့သို့ ကံကောင်းမှုကို လက်ခံရရှိရန် ရေစက်မရှိလျှင် သူတို့အတွက် ကံဆိုးမှုများသာ ကျရောက်လာနိုင်ပြီး စောစောသေသွားနိုင်သည် မဟုတ်ပေလော။

ထို့ကြောင့်လည်း အင်မော်တယ်များက တပည့်ခေါ်သည့်အချိန်တွင် အလွန်ရွေးချယ်နေရခြင်း ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် တစ်ချို့စမ်းသပ်မှုများက နှစ်ပေါင်းများစွာပင် ကြာမြင့်တတ်၏။

ထိုကလေးငယ်များက အိုက်လျန်နှင့်အတူ ခရီးသွားလာခဲ့ကြသည့်အတွက် သူတို့က သေချာပေါက် သာမန်ကလေးများ မဟုတ်ကြောင်း ဝေ့ကျင်းက ယုံကြည်နေခဲ့သည်။ အိုက်လျန်က မည်သူ့ကို ဂရုအစိုက်ဆုံး ၊ မည်သူ့ကို အလေးအထားဆုံးနှင့် မည်သူ့ကို မျှော်လင့်ချက်အရှိဆုံး ဟူသည့်အရာကိုတော့ သူလည်း သေချာ မပြောတတ်ပေ။

ကံကောင်းမှုများ ပြည့်နှက်နေသလို အစွမ်းထက်သော နောက်ခံရှိနေသည့် ကလေးငယ် လီဟွိုင် ဖြစ်နိုင်သလို အနီရောင်အပေါ်ထပ် ဝတ်ထားသော ကလေးမလေးလည်း ဖြစ်နိုင်သည်။ သူ၏တာအိုနှလုံးသားအတိုင်းသာ နေထိုင်သော ကောင်လေး လင်းရှို့ယီလည်း ဖြစ်နိုင်၏။ ထိုအရာအားလုံးက ဖြစ်နိုင်ချေရှိသည်။

အိုက်လျန်ကတော့ ထိုကလေးငယ် (၃)ယောက်၏ကြားထဲတွင် ချစ်ခြင်းမေတ္တာကို ရိုးရှင်းစွာ ဖြန့်ဝေပေးခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ဝေ့ကျင်းအတွက် အရေးကြီးဆုံးအရာကတော့ ကျောက်စက်ပန်းဆွဲတောင်ကို သွားရန်ဖြစ်သည် ။ မဟုတ်လျှင် သူက အလွန်ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီးကို မြင်တွေ့ရန် အခွင့်အရေး လက်လွှတ်ဆုံးရှုံးရပါလိမ့်မည်။

အကယ်၍ ထိုသို့မဟုတ်လျှင်တော့ သူကိုယ်တိုင် ထိုကလေးများကို ယဲ့ဖူတောင်ကြားဆီသို့ လိုက်ပို့ခဲ့မည်ဖြစ်သည်။ ဓားတာအို၏ အထွဋ်အထိပ်ကို ရောက်ရန် ရည်မှန်းချက် ရှိနေသော ဓားသမားတစ်ယောက်ဖြစ်သည့်အတွက် သူက နှစ်(၁၀၀)တွင် တစ်ကြိမ်သာ ဖြစ်နိုင်သော အခွင့်အရေးကို မည်သို့လက်လွှတ်နိုင်မည်နည်း။

ချန်းပင်အန်းက လက်နှစ်ဖက်ဆုပ်ပြီး တလေးတစား ဦးညွတ်လိုက်သည်။ သို့သော် သူက ပန်းထိုးမြစ်ထဲတွင် စီးနင်းလာသော လှေပေါ်ရှိ ပထမဆုံးအတွေ့အကြုံအရ ဘယ်ဘက်လက်ကို ညာဘက်လက်ပေါ်တွင် ထပ်၍ ဦးညွတ်ခဲ့သည်။ သို့သော် ယခုတော့ ဝေ့ကျင်းနှင့် လူငယ်ဓားသမားတို့နှစ်ယောက်လုံးက သူတို့လက်သီးဆုပ်သည့် အချိန်တွင် ဘယ်ဘက်လက်ပေါ်သို့ ညာဘက်လက်ကို ထပ်လိုက်ကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် ချန်းပင်အန်းက အနည်းငယ် အိုးတိုးအမ်းတမ်း ခံစားနေခဲ့ရ၏။ သူက စည်းမျဉ်းတစ်ချို့ကို ချိုးဖောက်မိမှာ စိုးရိမ်နေသည့်အတွက် သူ၏လက်ပုံစံကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

ဝေ့ကျင်းက ထိုအသေးစိတ်ကိုပင် သတိထားမိခဲ့သည်။ ရှက်ရွံ့နေသည့် လူငယ်လေး၏ အမူအရာကို မြင်သည့်အခါ သူလည်း ပြုံးလိုက်မိ၏။ သူက မိတ်ဆွေဟောင်းကြီး၏ နောက်ကျောကိုပုတ်ပြီး ပြောလိုက်သည်။

"သွားကြစို့....."

မြည်းဖြူလေးက ရှေ့ကို ပျော်ရွှင်စွာ လျှောက်လာခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် သူက ရုတ်တရက်ပြန်လှည့်လာပြီး ချန်းပင်အန်းဆီကို ပြေးလာ၍ လူငယ်၏မျက်နှာကို နမ်းလိုက်သည်။ ထို့နောက်တွင်မှသာ သူ့သခင်နှင့်အတူ ခရီးရှည်ကြီးကို ထွက်ခွာသွားခဲ့၏။

လီဟွိုင်က မြည်းဖြူလေးကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသော်လည်း ထိုလူငယ်လေးကတော့ စိတ်ရှည်ရှည်နှင့် ထိုသို့လုပ်နိုင်မည်လော။ ချန်းပင်အန်းက သူ့ကို တိတ်တဆိတ် အစာကျွေးခဲ့ပြီး သူ၏နှာခေါင်းကို သန့်ရှင်းရေး လုပ်ပေးသည့်အပြင် ခြင်များကိုလည်း မောင်းထုတ်ပေးခဲ့သည်။ ချန်းပင်အန်းက မြည်းဖြူလေးကို အပြုံးနှင့် နှုတ်ဆက်လိုက်၏။

အဖြူဝတ်ဓားသမားက အံ့အားသင့်စွာ ပြုံးလိုက်မိသည်။ သူက မြည်းဖြူလေး၏ နောက်ကျောကို မှီလိုက်ပြီး လက်နှင့်ပုတ်လိုက်၏။ ကြည့်ရသည်မှာ ထိုမြေပြင်ဓားအင်မော်တယ်နှင့် တခြားလူများ၏ ပတ်သက်မှုက သူ၏မိတ်ဆွေဟောင်းကြီးထက်ပင် ပို၍နိမ့်ကျနေခဲ့သည်။

………….

ကမ္ဘာမြေကြီးက ပျက်စီးနေပြီး နေရာတိုင်းတွင် အမှောင်ထုနှင့် တိတ်ဆိတ် ခြောက်ကပ်မှုကသာ လွှမ်းခြုံနေခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကြားထဲတွင် နံရံကြီးတစ်ခုတည်းသာ ရှိနေခဲ့၏။ ထိုအရာက ခန့်မှန်း၍ မရနိုင်သော အရှည်မျိုးရှိနေခဲ့ပြီး အမြင့်ကလည်း တိုင်းတာကြည့်၍ပင် မရနိုင်ပေ။

တောင်ဘက် ကီလိုမီတာ(၅၀)ခန့်အကွာမှ ကြည့်လိုက်လျှင် ထိုနံရံပေါ်၌ ဓားချီစွမ်းအင်များကိုသုံး၍ ရေးထိုးထားသော စကားလုံးကြီး (၁၈)ခုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုအချက်ကိုကြည့်၍ ထိုစကားလုံးများက မည်မျှကြီးမားကြောင်း သိသာ၏။ ထိုမဟာတံတိုင်းကလည်း မည်မျှမြင့်မားကြောင်း သိနိုင်သည်။

"တာအိုစွမ်းအား ၊ ကြီးကျယ်ခမ်းနားမှု ၊ အနောက်ပိုင်းနယ်မြေ၊ မိုးကြိုးရေကန် ကန့်သတ်နယ်မြေ၊ ထာဝရတည်တံ့ခြင်း ဓားချီစွမ်းအင် ၊ ချီ ၊ တုံ ၊ ချမ်း ၊ ကြောက်စရာကောင်းမှု…"

“ဘူ….”

မဟာတံတိုင်း၏ တောင်ဘက် ကီလိုမီတာ(၁၀၀)ခန့်အကွာမှ နေ၍ ကျွဲချိုမှုတ်သံတစ်ခု ရုတ်တရက် ထွက်လာခဲ့သည်။ ထိုအသံက ကမ္ဘာကြီးကိုပင် ဖျက်ဆီးတော့မလို ထင်မှတ်ရ၏။ များပြားလွန်းလှသော အနက်ရောင်အရိပ်များက အလွန်သိပ်သည်းသော လူအုပ်ကြီးတစ်ခုအဖြစ် စုစည်းလာခဲ့သည်။

ကျွဲချိုမှုတ်သံနှင့်အတူ မီးပွားလေးများ စတင်ပေါ်ပေါက်လာပြီး မီးအလင်းတန်းကြီး တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ မြောက်ဘက်အဝေးမှနေ၍ ငုံ့ကြည့်လိုက်မည်ဆိုလျှင် သူတို့က တလက်လက် တောက်ပနေသော မီးတောက်ပင်လယ်ကြီးတစ်ခုကို တွေ့ရပါလိမ့်မည်။

မြို့နံရံပေါ်တွင် ရပ်နေခဲ့သော အဘိုးအိုတစ်ယောက်က အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဓားတွေ ပျံသန်းလိုက်ကြတော့…"

ကီလိုမီတာ တစ်သောင်းကျော် အရှည်ရှိသော မဟာတံတိုင်းကြီးက ဤနေရာတွင် တည်ရှိနေသည်မှာ နှစ်ပေါင်းတစ်သန်းကျော် ရှိနေပါပြီ။ ထိုခဏတွင် ဓားပျံ တစ်သိန်းကျော်က မြို့နံရံပေါ်မှ တစ်ပြိုင်နက်တည်း ပျံသန်းသွားကြပြီး တောင်ဘက်ကို ထွက်ခွာသွားကြ၏။ သူတို့နှင့်အတူ အလွန်တောက်ပသော ဓားချီစွမ်းအင်များကိုလည်း သယ်ဆောင်သွားကြသည်။ ရေလှိုင်းများက အရာအားလုံးကို ဖျက်ဆီးပစ်တော့မလို ထင်မှတ်ရ၏။

ဤကမ္ဘာကြီးထဲတွင် ထိုကဲ့သို့ အံ့ဩစရာ မြင်ကွင်းမျိုးထက် ပိုကောင်းသောအရာ မည်သို့ရှိနိုင်မည်နည်း။

Translated by Hein Htet.

All Chapters