အခန်း (၁၂၃)
Vol. 9 Ch. 123
အလွန်ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆင်းရဲသူကို နှိမ့်ချပြီး ချမ်းသာသူကို ဦးစားပေးသော လှေပိုင်ရှင်က ချက်ချင်း ပြေးထွက်လာပြီး အထူးဧည့်သည်တော်များကို ဒုတိယထပ်တွင် ရှိနေသော သီးသန့်အခန်းတစ်ခုထဲသို့ ဖိတ်ခေါ်ခဲ့သည်။ အကယ်၍ သူတို့က အတွင်းထဲသို့ မြည်းကို ခေါ်လာချင်သည်ဆိုလျှင်လည်း အဆင်ပြေသည်ဟု ဆိုသည်။ သူတို့ရှိနေသည့်အတွက် သူ၏ဂေုဏ်ယူရသည်ဟုပင် ပြောခဲ့၏။
သူတို့၏ စွန့်စားခန်းများ အကြောင်းကို ကြားလိုက်ရပြီးနောက် တခြားသောခရီးသည်များကလည်း သူတို့ဆီကို လာရောက်လည်ပတ်ကြပြီး အများစုကတော့ ခါးတွင် ဓားရှည်တစ်လက်အစား ဓားမောက်ကိုသာ ချိတ်ထားခဲ့ကြ၏။ သူတို့က ချန်းပင်အန်းတို့နှင့် ရင်းနှီးချင်နေပုံရသည်။
ချန်းပင်အန်းကတော့ ထိုကဲ့သို့အရာမျိုးနှင့် ရင်းနှီးနေခြင်းမရှိသည့်အတွက် လင်းရှို့ယီကသာ ရှေ့ထွက်လာပြီး သူတို့၏တောင်းဆိုမှုများကို ယဉ်ယဉ်ကျေးကျေး ဖယ်ရှားနေခဲ့ရသည်။
လင်းရှို့ယီက အရာရှိစံအိမ်ထဲတွင် ကြီးပြင်းလာခြင်း ဖြစ်သည့်အတွက် သူ၏အပြုအမူနှင့် စကားပြောဆိုသည့်အမူအရာက အလွန်နူးညံ့သိမ်မွေ့သည်။ သူက ထိုလူများကို ငြင်းဆန်နေသော်လည်း ဧည့်သည်များကတော့ ဝမ်းမြောက်ဝမ်းသာ အပြုံးမျိုးနှင့် ပြန်လည်ထွက်ခွာသွားကြသည်။
သူ့ကိုယ်သူ ပိုင်ကျင်းဟုခေါ်သော ဓားသမားအဘိုးအို တစ်ယောက်ကတော့ တာ့လီအင်ပါယာ၏ တောင်ပိုင်းတွင် နာမည်ကျော် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ့ဓား၏နာမည်က ဝိညာဉ်လေဟာနယ်ဟု နာမည်ခေါ်ပြီး အစစ်အမှန်ရတနာတစ်ခုလည်း ဖြစ်သည်။ ထိုအရာက တာအိုဂိုဏ်းမှ အဆောင်ဂိုဏ်းခွဲ၏ အံ့ဩစရာ လက်နက်တစ်ခုလည်း ဖြစ်၏။
ဒဏ္ဍာရီများအဆိုအရ အစွမ်းထက်ပညာရှင်တစ်ယောက်က သူ၏စိတ်ကို လေ့ကျင့်ရန် တောင်တန်းများထဲသို့ ထွက်ခွာသွားခဲ့သည်။ သူက သစ်တောထဲတွင် ဓားမောက်နှင့် ခုတ်ပိုင်းဖြတ်သန်းလာခဲ့ပြီးနောက် ထိုဓားက သူ ကျန်နေခဲ့သော အမွေအနှစ်တစ်ခု ဖြစ်လာခဲ့သည်။ ထို့နောက် အဖြူဝတ်ဓားသမားက မထင်မှတ်ဘဲ တွေ့ခဲ့ရခြင်းဖြစ်၏။
အလွန်အံ့ဩစရာကောင်းသော ဓားသိုင်းပညာကို အားကိုးပြီး ထိုဓားသမားက ဓားထဲရှိ အစစ်အမှန် အနှစ်သာရများကို တဖြည်းဖြည်း နားလည်လာခဲ့ရသည်။ ထိုအချိန်မှစ၍ သူက စတင်နာမည်ကျော်ကြားလာခဲ့၏။ သို့သော် သူက အချုပ်အနှောင်များကို သဘောမကျပေ။ အဘယ်ကြောင့်ဆိုသော် သူက တာ့လီအင်ပါယာ၏ နန်းတွင်းနှင့် တပ်ဖွဲ့များ၏ ဖိတ်ခေါ်ခြင်းကို လက်မခံခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိုအစား သူက ကမ္ဘာကြီးထဲတွင် လှည့်ပတ်သွားလာရခြင်းကို သဘောကျသည်။ သူ့နာမည်က ပုန်းအောင်းနေသော သားရဲများနှင့် အစွမ်းထက်သော မှော်သားရဲများ ရှိသည့် နယ်မြေထဲတွင်ပင် နာမည်ကျော်ကြားနေသည့်အတွက် ထိုအဖြူဝတ်ဓားသမားက အတော်လေး အံ့ဩစရာကောင်းသော လူတစ်ယောက် ဖြစ်သည်။
သို့သော် သူက ဓားအိမ်ထဲမှ ဓားကိုပင် ဆွဲမထုတ်ရသေးခင် ရှုံးနိမ့်ခဲ့ရသော အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ သူက အတော်လေးကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရခြင်းဖြစ်၏။ ထိုအရာက သူ၏ဓားနှလုံးသားပေါ်တွင် အရိပ်များ ပေါ်လာစေပြီး သူ၏ဓားဆန္ဒများထဲတွင် အညစ်အကြေးများ ကျန်နေစေခဲ့သည်။
ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် ချန်းပင်အန်းတို့အဖွဲ့ဆီတွင် စွမ်းအားမည်မျှရှိကြောင်း သူက သေချာစဉ်းစားမိနေခဲ့၏။ ဤလှေပေါ်တွင် ဗဟုသုတပြည့်စုံသော စာသင်သားများ၊ အတွေ့အကြုံရှိသော ကုန်သည်များနှင့် ခရီးသွားလာနေသော ကျင့်ကြံသူများစွာ ရှိနေသည်။ သူ့ဆီတွင် ရည်ရွယ်ချက်ကောင်းများ ရှိသည်ဖြစ်စေ၊ မကောင်းသောရည်ရွယ်ချက်များ ရှိသည်ဖြစ်စေ သူတို့ထဲမှ အနည်းငယ်ကသာ အရူးများဟု သတ်မှတ်နိုင်သည်။
နောက်ထပ်လာရောက် လည်ပတ်သူ မရှိတော့ကြောင်း မြင်လိုက်ရသည့်အချိန်တွင် လင်းရှို့ယီက ဒေါသထွက်ထွက်နှင့် ခေါင်းကို နှိပ်နေခဲ့၏။ အကယ်၍ သူ အနားယူနေစဉ် အတောအတွင်း ချန်းပင်အန်း၏ လက်ထဲ၌ အစိမ်းရောင် စာအုပ်သေတ္တာလေးက ဖြည်းညင်းစွာ ပုံပေါ်လာသည်ကိုသာ ကိုယ်တိုင် မမြင်ခဲ့ရလျှင် အလွန်စကားနည်းသော လင်းရှို့ယီ၏အမူအကျင့်အရ ထိုဧည့်သည်များကို ယဉ်ယဉ်ကျေးကျေး ပြောမနေဘဲ ဒေါသတကြီး တုန့်ပြန်မိပါလိမ့်မည်။
ချန်းပင်အန်းက သူ့ကို အနည်းငယ် အားနာသည့်အမူအရာနှင့် ပြောလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့။ ငါက မင်းကျေနပ်လောက်မယ့် စာအုပ်သေတ္တာလေးတစ်ခု သေချာပေါက် လုပ်ပေးမယ်…"
လင်းရှို့ယီ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အမူအရာမျိုး ပေါ်လာပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူက ရှားရှားပါးပါး အခြေအနေတစ်ရပ်ကို ထုတ်ဖော်ပြီး တိုးတိုးလေး ပြောလိုက်၏။
"ငါကတော့ အေးအေးဆေးဆေး လေ့ကျင့်ဖို့အတွက် တောက်ပတဲ့တောင်တန်းတွေ၊ တည်ငြိမ်တဲ့ ရေပြင်တွေရှိနေတဲ့ သီးသန့်နေရာတစ်ခုကိုပဲ သွားချင်တော့တယ်၊ ငါက တောင်တန်းတွေထဲမှာ ငါ့ရဲ့သက်တမ်းအတွက်ကိုပဲ စိုးရိမ်နေဖို့ လိုတယ်၊ အပြင်ဘက်ကမ္ဘာကြီးထဲမှာ နှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်း(၁၀၀၀)လောက် ကုန်သွားမယ်ဆိုရင်တောင် ငါကတော့ ဂရုစိုက်စရာမလိုဘူး။ ဒါပေမယ့် ဒီလိုလေ့ကျင့်တဲ့ နည်းလမ်းမျိုးက အထီးကျန်အုတ်ဂူနည်းလမ်းမျိုးလို့ အိုက်လျန်က ငါ့ကိုပြောခဲ့ဖူးတယ်…”
“ဒီနည်းလမ်းက အဆင်ပြေပါတယ်။ ဒါပေမယ့် ကျင့်စဉ်အဆင့်တစ်ခုကို ရောက်နေတဲ့ ချီကျင့်ကြံသူတွေအတွက်ပဲ ဖြစ်နိုင်တယ်။ ငါကတော့ ကျင့်ကြံမှုလမ်းကြောင်းကို အခုမှ အခြေချတာ။ ဒါကြောင့် ငါသာ ဒီနည်းလမ်းကို လေ့ကျင့်ဖို့ ကြိုးစားလိုက်မယ်ဆိုရင် သေချာပေါက် ချီစွမ်းအင်သွေဖယ်မှုကို ခံစားရနိုင်ပြီး ငါ ကိုယ်တိုင် မသိလိုက်ဘဲ လမ်းမှားကို ရောက်သွားနိုင်တယ်…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
"ဒါဆိုရင် မင်းက ပိုပြီး ဂရုစိုက်ဖို့ လိုအပ်တယ်…"
လီဟွိုင်က သူတို့၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ပြောလိုက်၏။
"လင်းရှို့ယီ...
အိုက်လျန်က မင်းကိုခြောက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ တကယ်လို့ မင်းသာ ငါ့ကိုမေးမယ်ဆိုရင် သွားစားပွဲတောင်က အတော်လေး အဆင်ပြေတယ်လို့ ငါက ပြောမိမှာပဲ။ အဲဒါက မင်း အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ သင့်တော်တဲ့နေရာတစ်ခုလေ။ တောင်တန်းသခင် ဝေ့ပိုနဲ့ စကားပြောလို့တောင် ရနိုင်သေးတယ်။ မင်းက လိပ်ကြီးတွေကို စီးလို့ရသလို အနက်ရောင် စပါးအုံးမြွေကိုလည်း စီးလို့ရသေးတယ်။ အဲဒါက အတော်လေး အံ့ဩစရာ ကောင်းတယ် မဟုတ်လား…”
“ဒါပေမယ့် အဲဒီလိုဆိုရင် မင်းက ငါတို့နဲ့အတူ တာ့ဆွေအင်ပါယာကို မသွားတော့ဘူးလို့ဆိုရင် မင်းရဲ့စာအုပ်သေတ္တာကို ငါ့ကို ပေးလိုက်ပါလား။ ငါက အခု အဲဒီအရာကို မသယ်နိုင်သေးပေမယ့် နောက်ထပ် နှစ်အနည်းငယ်ကြာလို့ အရပ်ရှည်ပြီး အစွမ်းထက်လာတယ်ဆိုရင် ဒီစာအုပ်သေတ္တာက ငါ့အတွက် အကောင်းဆုံး အစားထိုးမှုတစ်ခု ဖြစ်လာလိမ့်မယ်။ ငါက မင်းရဲ့သနားကြင်နာမှုကို အမှတ်ရနေမှာပါ။ ငါတို့နောက်ပိုင်း တာ့ဆွေအင်ပါယာထဲကနေ ပြန်လာတဲ့အချိန်ကျရင် မင်းကို စာအုပ်သေတ္တာပြန်ပေးလို့ရတယ်…"
လင်းရှို့ယီက ဉာဏ်နီဉာဏ်နက်များသော လီဟွိုင်ကို လှည့်ကြည့်လိုက်သည်။ သူက အပြုံးနှင့် အေးစက်စွာ ပြောလိုက်၏။
"တကယ်လို့ ငါ ထွက်သွားပြီး သွားစားပွဲတောင်မှာ လေ့ကျင့်မယ်ဆိုရင်တောင် ငါက စာအုပ်သေတ္တာကိုတော့ မင်းကိုမပေးနိုင်ဘူး…"
"ဟုတ်လား ဒါဆိုရင်တော့ ငါတို့နဲ့အတူတူနေပြီး တာ့ဆွေအင်ပါယာကိုပဲ သွားကြတာပေါ့…"
လီဟွိုင်က ပြန်ဖြေလိုက်သည်။
လင်းရှို့ယီက မေးစေ့ကို လက်နှင့်ပွတ်နေခဲ့၏။ အိုက်လျန်တစ်ယောက်တည်းကသာ လီဟွိုင်ကို ထိန်းချုပ်နိုင်သည်ဟု ခံစားမိနေခဲ့သည်။
‘မဟုတ်သေးဘူး..’
လီပေါင်ဖျင်က ထိန်းချုပ်နိုင်သလို ချန်းပင်အန်းကလည်း ထိန်းချုပ်နိုင်သည်။ ထိုသို့ဆိုလျှင် သူတစ်တည်းကသာ လီဟွိုင်ကို ရင်မဆိုင်နိုင်ခြင်းပေလော။
လင်းရှို့ယီက အတော်လေးဆိုးရွားသလို ခံစားလိုက်ရပြီး လီဟွိုင်ကို စိုက်ကြည့်နေခဲ့သည်။
ထိုကောင်လေး၏ ဆံပင်များက ထောင်နေပြီး သူက အေးအေးဆေးဆေး ပြောလိုက်၏။
"ဘာဖြစ်တာလဲ လင်းရှို့ယီ ။ ငါက မင်းကို တကယ်ပဲ ငါတို့နဲ့အတူ တာ့ဆွေအင်ပါယာဆီ လိုက်စေချင်ပါတယ်။ ငါက မင်းရဲ့စာအုပ်သေတ္တာလေးကို နည်းနည်းလေး အားကျမိရုံပဲ။ အဲဒါကိုတော့ ငါလည်း မငြင်းပါဘူး။ ဒါပေမယ့် ငါက ဘာလုပ်နိုင်မှာလဲ။ စာအုပ်သေတ္တာက ငါ့ထက် ပိုပြီးကြီးနေတယ်လေ။ ဒါပေမယ့် မင်းက လှေပေါ်ကနေဆင်းပြီး သွားစားပွဲတောင်ကို ပြန်လှည့်ချင်တယ်ဆိုရင်တော့ ငါလည်း သေချာပေါက် ပျော်ရွှင်ရမှာ မဟုတ်ဘူး။ ပြန်စဉ်းစားကြည့်လိုက်လေ။ ငါတို့(၄)ယောက်ထဲမှာ မင်းကပဲ သူတော်ကောင်းဆန်ပြီး မကောင်းတဲ့ လှည့်ကွက်တွေ ပြည့်နေတယ်။ တကယ်လို့ ငါတို့က လူကောင်းဟုတ် မဟုတ် သေချာမသိတဲ့ လူဆိုးတွေကို တွေ့ရမယ်ဆိုရင် မင်းတစ်ယောက်တည်းကပဲ သူတို့ကိုကြည့်လိုက်ရုံနဲ့ ချက်ချင်းသိနိုင်တယ်။ ဟုတ်တယ်မလား ချန်းပင်အန်း၊ လီပေါင်ဖျင်…"
လီဟွိုင်က အကူအညီတောင်းရန် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
ချန်းပင်အန်းကတော့ ခေါင်းငုံ့၍ စာအုပ်သေတ္တာလေးကိုသာ ဆက်လုပ်နေခဲ့သည်။ သူက လီဟွိုင်၏စကားကို မကြားသလို ထင်မှတ်ရ၏။ တစ်ချိန်တည်းတွင် လီပေါင်ဖျင်၏ စိတ်ကလည်း ကီလိုမီတာတစ်သောင်းခန့်အကွာကိုရောက်နေပြီး ထူးဆန်းတဲ့မေးခွန်းများကို စဉ်းစားနေပုံရသည်။ သူမကလည်း အတွေးပင်လယ် မျောနေခဲ့၏။
လင်းရှို့ယီ၏စိတ်က လေးလံသွားပြီး ပြောလိုက်သည်။
"တာ့ဆွေအင်ပါယာကိုသွားမယ့် ငါတို့ရဲ့ခရီးလမ်းက လွယ်ကူမယ်လို့ထင်လား။ တောင်တန်းတွေ မြစ်တွေကို ဖြတ်သန်းသွားရမယ့် အန္တရာယ်တွေ၊ အတားအဆီးတွေအပြင် ငါတို့က မထင်မှတ်ထားတဲ့ ဒုက္ခတွေ အများကြီးကိုလည်း သေချာပေါက် ကြုံတွေ့ရနိုင်တယ်.."
ထိုစကားကို နားထောင်နေသည့်အချိန်တွင် လီဟွိုင်ကတော့ မျက်လုံးလေး ပေကလပ်ပေကလပ် ဖြစ်နေခဲ့သည်။
"တာ့လီအင်ပါယာက သိုင်းပညာကို အခြေခံပြီး တည်ထောင်ထားခဲ့တာ။ ဒါကြောင့် ကုန်းမြေကြီးပေါ်မှာရှိတဲ့ အဖွဲ့အစည်းတွေ ၊ အင်အားစုတွေကို လျော့တွက်လို့ မရနိုင်ဘူး။ သူတို့ဆီမှာ နာမည်ကျော်စာသင်သားတွေလည်း အများကြီးရှိတယ်။ ငါတို့ရဲ့ဆရာက ချောက်ကမ်းပါးကျောင်းတော်ကို မတည်ထောင်ရသေးခင် တာ့လီအင်ပါယာက လူရိုင်းနယ်မြေတစ်ခုလို့ ကုန်းမြေကြီးထဲမှာရှိတဲ့ လူတိုင်းက သတ်မှတ်ထားကြတယ်…"
လင်းရှို့ယီက ဖြည်းညင်းစွာ ပြောပြလိုက်သည်။
လီဟွိုင်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ငါလည်း အဲဒါကိုသိပါတယ်။ ဆရာချီက အဲဒီအကြောင်းတွေကို ပြောတဲ့အချိန်မှာ လုံးဝရှက်မနေခဲ့ဘူး။ တာ့လီအင်ပါယာရဲ့အခြေအနေကို ငါတို့ရဲ့ရှေ့မှာ အမှန်အတိုင်းပဲ ပြောခဲ့တာ…"
လင်းရှို့ယီက သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။
"ငါ ငယ်ငယ်တုန်းက မီးဖိုကြီးကြပ်သူအရာရှိ ဆရာကြီးစုန့်က ကိစ္စတစ်ခု ပြောခဲ့တာကို မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာလောက်က တာ့လီအင်ပါယာထဲမှာ စာသင်သားတစ်ယောက် ပေါ်ထွက်လာခဲ့တယ်။ သူက ခက်ခက်ခဲခဲ ကြိုးစားခဲ့တဲ့အတွက် စာမေးပွဲကို အောင်မြင်သွားခဲ့ပြီး ကန်ကြည့်ကျောင်းတော်ထဲကို ဝင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူ့ကို ကြိုဆိုနေတဲ့အရာကတော့ ပတ်ပတ်လည်က အရှက်ခွဲစော်ကားမှုတွေပဲ။ သူက ပါးစပ်နဲ့ စော်ကားခံခဲ့ရတဲ့အပြင် ဆရာကြီးစုန့် ပြောခဲ့တဲ့စကားအရ တာ့ဆွေအင်ပါယာရဲ့ကောင်းကလန်နဲ့ လုကလန်က စာသင်သားနှစ်ယောက် ထောင်ချောက်ဆင်တာကိုတောင် ခံခဲ့ရတယ်…”
“ဒါကြောင့် တာ့လီအင်ပါယာက စာသင်သားက စိတ်ပိုင်းဆိုင်ရာ ပျက်စီးသွားခဲ့ပြီး နှစ်ပေါင်းများစွာ ရူးသွပ်သွားခဲ့ရတယ်။ နောက်ဆုံး သူ ပြန်ကောင်းလာတဲ့အချိန်မှာလည်း ချစ်ခြင်းမေတ္တာကြောင့် နှလုံးသားက ထိခိုက်ခဲ့ရပြန်တယ်။ အဆုံးမှာတော့ သူက မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်…”
“ဒီကိစ္စကြောင့် တာ့လီနန်းတွင်းက ဒေါသထွက်သွားခဲ့တယ်။ ဒီအရာကလည်း လုတိုင်းပြည်ကို အကြီးအကျယ် တိုက်ခိုက်စေခဲ့တဲ့ မီးပွားတွေထဲက တစ်ခုပဲ။ ဒါက တာ့လီအင်ပါယာရဲ့ တိုင်းပြည်ကံကြမ္မာတစ်ခုလုံးကို အလောင်းအစား လုပ်ခဲ့တဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်ခဲ့တယ်။ အရင်တုန်းကတော့ တာ့လီအင်ပါယာဆိုတာ လုတိုင်းပြည်ရဲ့လက်အောက်ခံ တိုင်းပြည်တစ်ခုဆိုတာ မင်းတို့လည်း သိနေတာပဲ။ ဒါကြောင့် ငါတို့က ဒေါသကို ဖိနှိပ်ပြီး ငါတို့ကြုံတွေ့ရမယ့် အရှက်ကွဲမှုတွေ ၊ အတားအဆီးတွေကို သည်းခံနေဖို့လိုတယ်…”
“ဒါပေမယ့် အခြေအနေက တော်တော်လေးကို ပြောင်းလဲသွားပြီ။ အခုတော့ တာ့လီအင်ပါယာထဲမှာ စာသင်သားတွေ ပိုပိုပြီးများလာပြီ။ တောင်တန်းတွေပေါ်မှာ ကျင့်ကြံနေကြတဲ့ ချီကျင့်ကြံသူတွေကလည်း တောင်တန်းတွေထဲကနေ ထွက်လာပြီး တိုင်းပြည်နန်းတွင်းထဲမှာ တာဝန်ထမ်းဆောင်နေတယ်။ တစ်ချို့ကလည်း နယ်စပ်မှာ ရန်သူတွေကို သတ္တိရှိရှိ တိုက်ခိုက်နေကြတယ်…”
“ဒါကြောင့် လုံးဝကိုမတူတဲ့ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့ပြီ။ တာ့လီအင်ပါယာမှာရှိတဲ့ စာသင်သားတွေကလည်း အဆင့်အတန်း မြင့်လာကြတယ်။ သူတို့က အရာရှိဖြစ်သွားတာနဲ့ လူတိုင်းထက် ပိုပြီးအဆင့်မြင့်တယ်လို့ ခံစားနေရတယ်။ ဥပမာအနေနဲ့ ပြောရရင် ဝမ်ပင်တိုင်းပြည်ရဲ့ နယ်မြေခံအရာရှိကလည်း မြို့တော်က စာသင်သားတစ်ယာက် ဖြစ်နိုင်ချေရှိတယ်။ သူက နန်းတွင်းစာမေးပွဲကို အောင်မြင်လာပြီး နယ်မြေတစ်ခုကို ပို့ဆောင်လိုက်တဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်…”
“အခု ငါတို့လှေပေါ်ကနေ ဆင်းပြီး သူ့ရဲ့ပိုင်နက်ထဲကို ရောက်တဲ့အချိန်ကျရင် သူက ငါတို့ကို ပစ်မှတ်ထားမှာ စိုးရိမ်နေရတယ်။ သူက စာသင်သားတစ်ယောက်ရဲ့ အပြုအမူကြောင့် ငါတို့ကို ပစ်မှတ်ထားနိုင်သလို သူက အပြောင်းအလဲကို လိုချင်နေတဲ့ အရာရှိအသစ်တစ်ယောက်အနေနဲ့ ငါတို့ကိုပစ်မှတ်ထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်…"
လင်းရှို့ယီက ဆက်ပြောလိုက်သည်။
"သူက စာသင်သားအရာရှိ တစ်ယောက်ဖြစ်နေတာ ကံကောင်းသွားတယ်။ ငါတို့တွေထဲမှာ အခုထိ ပေါ်မလာသေးတဲ့ အင်မော်တယ် တစ်ယောက် ရှိနေသေးတယ်။ သူကတော့ အဲဒီအရာရှိကို ခြိမ်းခြောက်နိုင်မယ် ထင်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စာသင်သားတွေက တာ့လီအင်ပါယာထဲမှာ ဘယ်လောက်ပဲ အဖိုးတန်တန် ချီကျင့်ကြံသူတွေကို မယှဉ်နိုင်သေးဘူးလေ…”
“နယ်မြေခံအရာရှိက ဉာဏ်မကောင်းမှာကိုပဲ ကြောက်ရမှာ။ တိတိကျကျ ပြောရမယ်ဆိုရင် သူက ချီကျင့်ကြံသူတစ်ယောက်ရဲ့ အစစ်အမှန်စွမ်းအားကို နာမလည်မှာပဲ စိုးရတာ။ ဒီလိုဆိုရင်တော့ ငါတို့က ဒုက္ခတွေ အများကြီး ရလာနိုင်တယ်…"
လီဟွိုင်၏မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပြည့်နှက်လာခဲ့သည်။ သူက ဘေးတွင် အိပ်နေသော မြည်းဖြူလေးကို လက်နှင့်ရိုက်လိုက်၏။
"ပြဿနာကောင်…
မင်းက မိန်းမလေးတစ်ယောက် ဒါမှမဟုတ် တခြားတစ်ခုခုလို့ ထင်နေတာလား မင်းကို လာထိလိုက်တာနဲ့ မင်းက ဒေါသထွက်ဖို့လိုလို့လား…"
လီဟွိုင်က ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
"အခုဆိုရင် ဟိုအဘိုးကြီးက နယ်မြေခံအရာရှိရဲ့ အထူးဧည့်သည်တစ်ယောက် သေချာပေါက် ဖြစ်နေလောက်ပြီ…"
လီပေါင်ဖျင်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"သူတို့က အချင်းချင်း မကျေနပ်တာတွေကို ပြောနေလောက်တယ်။ ဒါပေမယ့် အဘိုးအိုရဲ့အဆင့်အတန်းက ပိုပြီးတော့ မြင့်မားလေလေ သူ့ရဲ့ဓားပညာက ပိုပြီးတော့ ကျွမ်းကျင်လာလေလေ နယ်မြေခံအရာရှိက ငါတို့ကို ပွင့်ပွင့်လင်းလင်းစိန်ခေါ်ဖို့ အခွင့်အရေး နည်းလာလေလေပဲ။ ငါ့ရဲ့အစ်ကိုကြီးက ခဏခဏပြောဖူးတယ်။ စာသင်သားတွေက နှစ်ပေါင်းများစွာ ကြာရင်တောင် ဆန့်ကျင်မှုတွေ လုပ်တတ်ကြတယ်…”
“လှည့်ကွက်သေးသေးလေးတွေနဲ့ ငါတို့ကို တိတ်တဆိတ် ပစ်မှတ်ထားတာကတော့ ငါတို့ကြောက်စရာလိုတဲ့အရာ မဟုတ်ဘူး။ သူတို့ဘာပဲလုပ်လုပ် ငါတို့က ရင်ဆိုင်နိုင်တယ်။ သူတို့က နန်းတွင်းရဲ့အစွမ်းကို မသုံးရင်ရပြီ…”
“ဘာတွေကြောက်နေတာလဲ လင်းရှို့ယီ ။ နင့်ရဲ့တည်ငြိမ်မှုတွေ ပျောက်မသွားစေနဲ့။ စိတ်ထဲမှာလည်း ဘာမှမဖြစ်စေနဲ့…"
လင်းရှို့ယီက ထိုအကြာင်းကို သေချာစဉ်းစာပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
"ဒီလိုလည်း ဖြစ်နိုင်ပါတယ်…"
သူမ၏ထင်မြင်ချက်ကို ပြောလိုက်ပြီးနောက် လီပေါင်ဖျင်က ချန်းပင်အန်းကို လှည့်ပြီး မေးလိုက်သည်။
"အဲဒါ ဟုတ်တယ် မဟုတ်လား ဦးလေးငယ်…"
"အဲဒီစာသင်သားတွေ အရာရှိတွေရဲ့အတွေးကို ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့လင်းရှို့ယီတို့က နောက်ပိုင်းပြဿနာကြုံလာရင် ရင်ဆိုင်ရမယ့် အစီအစဉ်တွေကို ဆွေနွေးကြည့်ကြလေ…"
ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
ဆရာကြီးမာ အသတ်ခံလိုက်ရသည့် အဖြစ်အပျက်တွင် ထိုကလေးငယ်များက မြို့ငယ်လေးကို ဘေးကင်းကင်း ပြန်ရောက်လာနိုင်သည့်အပြင် သူ့ကိုယ်သူ တာ့လီအင်ပါယာ၏ သူလျှိုဟုခေါ်သော မြင်းလှည်းမောင်းသမားကိုလည်း လှည့်စားနိုင်ခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် အကြံပေါ်လာသည်မှာ လင်းရှို့ယီဖြစ်ပြီး လီပေါင်ဖျင်က အစီအစဉ် ဆွဲပေးခဲ့သည်။ ထို့နောက် လင်းရှို့ယီက သူတို့၏ အစီအစဉ်ကို ပြဿနာမရှိစေရန် နောက်တစ်ကြိမ် စစ်ဆေးပေးခဲ့သည်။ ထိုကလေးနှစ်ယောက်၏ စိတ်က သက်တူရွယ်တူ အခြားကလေးများထက် အဆပေါင်းများစွာပိုပြီး ရင့်ကျက်နေခဲ့၏။
ချန်းပင်အန်းက သူ၏လှုပ်ရှားမှုများကို ရုတ်တရက် ရပ်လိုက်သည်။ ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက ဓားကို ခြေထောက်ဘေးတွင် ချထားရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူ့စိတ်က တည်ငြိမ်နေခြင်းမရှိလျှင် ချန်းပင်အန်းက မည်သည့်အရာကိုမျှ မလုပ်တတ်ပေ။
သူက တစ်စုံတစ်ခု အမှားလုပ်မိမှာ စိုးသည့်အတွက် မည်သည့်အရာကိုမျှမလုပ်ခြင်းက ပို၍ကောင်းမွန်၏။ သူက နဂါးမီးဖိုကြီးတွင် ကြွေထည်ပြုလုပ်သည့်အချိန်တွင်လည်း အတူတူသာ ဖြစ်သည်။ လက်သီးသိုင်းလေ့ကျင့်သည့်အချိန်တွင်လည်း အတူတူပင်ဖြစ်သည်။
လီပေါင်ဖျင်၊ လီဟွိုင်နှင့် လင်းရှို့ယီတို့အားလုံးက ထိုအချက်ကို တစ်ချိန်တည်းလိုလို သတိထားမိခဲ့ကြသည်။ လီဟွိုင်ကပင် ထိုင်နေသည့်ပုံစံကို အလျင်အမြန် ပြင်ဆင်လိုက်၏။
အနည်းငယ် စိုးရိမ်သွားသော ကလေး(၃)ယောက်၏ တုံ့ပြန်မှုကို မြင်သည့်အခါ ချန်းပင်အန်းက မချိပြုံး ပြုံးပြီး ပြောလိုက်၏။
"မင်းတို့က ဘာလုပ်နေကြတာလဲ။ ငါ့ခေါင်းထဲမှာ ကိစ္စလေးတစ်ခု ပေါ်လာရုံပါပဲ။ မင်းတို့(၃)ယောက်လုံး စိုးရိမ်နေဖို့ မလိုပါဘူး…"
"ဘာဖြစ်လို့လည်း ပြောပြပါလား ဦးလေးငယ်…"
လီပေါင်ဖျင်က ပြောလိုက်သည်။
"ငါက စဉ်းစားကြည့်နေတာ။ ငါက မင်းတို့ဆီကနေ စကားလုံးတွေ သင်ယူတဲ့အပြင် စာအုပ်ထဲမှာ ရေးသားထားတဲ့ ဗဟုသုတတစ်ချို့ကိုလည်း သင်ယူသင့်တယ် မဟုတ်လား…"
ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
လီပေါင်ဖျင်က ခဏကြာ လှုပ်ရှားသွားခဲ့ပြီး ပြန်ဖြေလိုက်၏။
"ဒါပေမယ့် ကျွန်မတို့ကလည်း ဆရာချီဆီကနေ အခြေခံစည်းမျဉ်းတစ်ချို့ကိုပဲ သင်ထားခဲ့ရတာ။ ကျွန်မတို့က ကြီးကြီးကျယ်ကျယ်အရာတွေ တစ်ခုမှ မသင်ခဲ့ရသေးဘူး။ ပြီးတော့ ကျွန်မတို့က အခုမှ ကျောင်းစတက်တဲ့ ကလေးတွေပဲ ရှိသေးတယ်။ ဒီတော့ ဦးလေးငယ်ကို ဘယ်လိုသင်ပေးနိုင်မှာလဲ။ ဆရာချီကတောင် အဲဒီအခြေခံစာအုပ်ထဲမှာ ရှိနေတဲ့ စကားစုတွေနဲ့ ပတ်သက်ပြီး ကျွန်မ မေးတဲ့မေးခွန်းတွေကို မဖြေနိုင်ဘူး။ ဒီတော့ ကျွန်မတို့က ဦးလေးငယ်ကို ဘယ်လိုသင်ပေးနိုင်မှာလဲ။ မေးခွန်းတွေကို အဆင်ပြေသလို ပြန်ဖြေတာက အဆင်မပြေဘူး… "
"ဆရာချီက နင့်ရဲ့မေးခွန်းတွေကို ပြန်မဖြေတာ မဟုတ်ဘူးလေ။ သူက နင့်ရဲ့မေးခွန်းတွေကို နည်းနည်းလေးနောက်ကျပြီး ပြန်ဖြေလိုက်ရင်တောင် နင်က သူ့စကားကို နားမထောင်ချင်တော့တာ မဟုတ်ဘူးလား.. "
လီဟွိုင်က တီးတိုးဝင်ပြောလိုက်သည်။
လီပေါင်ဖျင်က ရုတ်တရက် ပြန်လှည့်လာပြီး လီဟွိုင်၏ခေါင်းကို လက်သီးနှင့် ထိုးလိုက်၏။ ထိုအရာက နာကျင်အောင် ထိုးလိုက်ခြင်း မဟုတ်သော်လည်း လီဟွိုင်ကတော့ ခေါင်းကို လက်နှစ်ဖက်နှင့်ကာ၍ အော်ဟစ်ငိုယိုလိုက်သည်။
"ငါက ဒီလိုမျိုးဆက်ပြီး အသက်မရှင်တော့ဘူး။ ငါလည်း လက်သီးသိုင်း လေ့ကျင့်မယ်။ လီပေါင်ဖျင်က တဖြည်းဖြည်းပိုပြီး အစွမ်းထက်လာပြီ။ တကယ်လို့ ငါသာ ဘာမှမလုပ်ရင် တစ်နေ့နေ့ သူ့ရဲ့လက်ချက်နဲ့ မတော်တဆ သေသွားနိုင်တယ်.."
"ချန်းပင်အန်း…
ဘာလို့ အခြေခံစာအုပ်ထဲမှာရှိတဲ့ ဗဟုသုတတွေကို သင်ချင်နေရတာလဲ…"
လင်းရှို့ယီက စိတ်ဝင်တစား မေးလိုက်သည်။
"ငါက တစ်နေ့နေ့မှာ လူတစ်ယောက်နဲ့ သဘောတရားတွေ၊ အကြောင်းအကျိုးတွေ ဆွေးနွေးရမှာကို စိုးရိမ်နေတာ။ အဲဒီအချိန်ကျရင် ငါပြောတဲ့ အချက်အလက်တွေ အကြောင်းပြချက်တွေက မမှန်မှာကို သိနေတယ်လေ…"
ချန်းပင်အန်းက ဖြည်းညင်းစွာ ပြန်ဖြေလိုက်သည်။
"ဒါကြောင့် အဘိုးယောင်နဲ့ အိုက်လျန်တို့ ငါ့ကို သင်ကြားပေးခဲ့တဲ့အရာတွေအပြင် ငါက စာသင်သားတွေရဲ့ စာအုပ်ထဲမှာ ရေးထားတဲ့ စည်းမျဉ်းတစ်ချို့ကိုလည်း သင်ချင်တယ်.."
လီဟွိုင်က အလွန်အံ့ဩသွားခဲ့သည်။ သူက မှင်တက်သွားသော အမူအရာနှင့် ပြောလိုက်၏။
"ချန်းပင်အန်း …
မင်းက တိုက်ခိုက်ရေးမှာလည်း အရမ်းကျွမ်းကျင်တယ်။ လက်သီးသိုင်းကိုလည်း ဝီရိယရှိရှိနဲ့ လေ့ကျင့်နေတယ်။ မင်းက တခြားသူတွေနဲ့ အကျိုးအကြောင်း ဆွေးနွေးလို့ မရနိုင်တာမှ မဟုတ်တာ…"
လင်းရှို့ယီက ခဏကြာ စဉ်းစားပြီး ခေါင်းခါ၍ ပြောလိုက်သည်။
"ချန်းပင်အန်း …
မင်းက နေရာတိုင်းမှာ အကြောင်းပြချက်တွေ ပေးနေဖို့ မလိုအပ်ဘူးလို့ ငါခံစားမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးထဲမှာရှိတဲ့လူတိုင်းက ကိုယ်ပိုင်လမ်းကြာင်းတွေနဲ့ လျှောက်လှမ်းနေရတာပဲ။ ငါတို့ကသာ ငါတို့ရဲ့သိစိတ်ကို ကာကွယ်ထားနိုင်မယ်ဆိုရင် အဆင်ပြေတယ်။ မဟုတ်ရင် ငါတို့က မဆုံးနိုင်တဲ့ ပြဿနာတွေထဲမှာ နစ်မြောသွားရလိမ့်မယ်။ တစ်ခါတစ်ရံ အလွန်အကျွံ အလုပ်လုပ်တာကလည်း ဘာမှမလုပ်သလို ဆိုးရွားတာပဲ…"
လီပေါင်ဖျင်၏ အမူအရာကလည်း လေးနက်လာပြီးပြောလိုက်၏။
"ဘာမှမစိုးရိမ်နဲ့ ဦးလေးငယ်။ ဒီကိစ္စကို ကျွန်မ သေချာစဉ်းစားလိုက်ဦးမယ်။ ဒါက အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုလို့ ခံစားမိတဲ့အတွက် လေးလေးနက်နက် ဖြေရှင်းဖို့ အရေးကြီးတယ်…"
ထိုအရာက မြို့ငယ်လေးထဲရှိ စာသင်ကျောင်းထဲ၌ လေ့လာနေစဉ် ဆရာချီဆီမှ လီပေါင်ဖျင်ရခဲ့သော တုံ့ပြန်မှုတစ်ခု ဖြစ်သည်။ သူမက ရိုးရှင်းသော မေးခွန်းတစ်ချို့ကို မေးလိုက်သည့်အချိန်၌ ဆရာချီက လေးလေးနက်နက်စဉ်းစားနေခဲ့၏။ ထိုကဲ့သို့ ဖြစ်လာသည့် အချိန်မျိုးတွင် ဆရာချီက သူမကို အဖြေပေးရန် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
ချန်းပင်အန်းကတော့ အတော်လေးကို စိတ်ပျက်သွားမိပြီး အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ သို့သော် ခဏကြာပြီးနောက် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ဘာကြောင့်မှန်းမသိသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
"ငါက ဒီလောက်ပြဿနာတွေ များနေရတာတော့ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တစ်ခုကြောင့်ပဲ။ မင်းတို့တွေကတော့ ဒီအရာကို ကြုံချင်မှလည်း ကြုံရနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းတို့က လက်သီးသိုင်းကို လေ့ကျင့်နေရတာ မဟုတ်လို့ပဲ…”
“ဒါပေမယ့် လက်သီးသိုင်းကို ရပြီးသွားတဲ့အချိန်မှာ ရန်သူတစ်ယောက်ကို ရင်ဆိုင်ရတဲ့ အချိန်တိုင်း အမြဲတမ်းနားထဲမှာ အသံတစ်ခု ကြားရခဲ့တယ်။ မင်းတို့တွေက ငါ့ကို ရယ်မှာလည်း မကြောက်ပါဘူး။ ငါရဲ့လုပ်ရပ်တွေက သင့်တော်တယ်လို့ ခံစားမိတယ်ဆိုရင် အဲဒီအကြောင်းပြချက်က မှန်မှန် မမှန်မှန် ကိစ္စမရှိဘူး။ ငါ့ရဲ့လက်သီးချက်က ပိုပြီးတော့ မြန်လာနိုင်တယ်လို့ လူတစ်ယောက်က ငါ့စိတ်ထဲမှာ လာပြောနေတယ်…"
ထိုစကားကိုကြားသည့်အချိန်တွင် ကလေး(၃)ယောက်လုံးက မရင်းနှီးသော ချန်းပင်အန်းကို ကြည့်နေရသလို ဖြစ်နေခဲ့သည်။
ရွှံ့ပုလင်းလမ်းကြားထဲမှ ဆင်းရဲနွမ်းပါးသော လူငယ်လေးဆီတွင် အလွန်သွက်လက် ဖျတ်လတ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ သူက ဒူးပေါ်သို့ တင်ထားသော လက်သီးကို တင်းတင်းဆုပ်ပြီး ယုံကြည်ချက်ရှိရှိ ဆက်ပြောလိုက်၏။ “ပြီးတော့ ငါ နောက်ထပ် တိုက်ခိုက်မယ့်လက်သီးက ပိုပြီးတော့တောင် မြန်နိုင်တယ်လို့ ငါ့စိတ်ထဲက အသံက ငါ့ကို ပြောပြနေတယ်။ အဲဒါက သေချာပေါက် ပိုပြီးမြန်နိုင်တယ်။ ငါရဲ့ရှေ့မှာ ဘယ်သူပဲ ရပ်နေရပ်နေ ငါက လက်သီးနဲ့ ထိုးနိုင်တယ်…”
လင်းရှို့ယီက မှင်တက်သွားခဲ့ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။
"ဒါက လမ်းမှားရောက်သွားတာလို့ မသတ်မှတ်နိုင်ဘူး မဟုတ်လား။ သူက တော်တော်လေးကို အမှန်တရားဆန်ပြီး အံ့ဩစရာကောင်းတယ်လေ။ အမှန်အတိုင်း ပြောရရင် သူက သူတော်စင်တွေရဲ့ အထူးခြားဆုံး စည်းမျဉ်းတွေအကြောင်း ပြောပြနေတဲ့ ဆရာချီနဲ့တောင် တော်တော်လေးတူတယ်.."
လီပေါင်ဖျင်ကလည်း ထိုမေးခွန်းကို သေချာစဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် ချန်းပင်အန်းကတော့ သူ၏ဓားလေးကို ပြန်ကောက်လိုက်ပြီး လင်းရှို့ယီအတွက် စာအုပ်သေတ္တာလေးကို ပြန်လည်လုပ်ဆောင်ပေးနေခဲ့၏။
Translated by Hein Htet.