အခန်း (၁၂၄)
Vol. 9 Ch. 124
ပန်းထိုးမြစ်တွင် ကျန်ရှိနေသော သူတို့၏ခရီးလမ်း ကီလိုမီတာ (၁၀၀)ကျော်က အလွန်အမင်းကို ငြိမ်းချမ်းပြီး ချောမွေ့နေခဲ့သည်။
ချမ်းပင်အန်းတို့အဖွဲ့ လှေပေါ်မှ ဆင်းလာခဲ့သည့်အချိန်တွင် လီဟွိုင်နှင့် လင်းရှို့ယီတို့က စာအုပ်သေတ္တာငယ်လေး အသစ်နှစ်ခုကို သယ်ဆောင်ထားကြသည်။ သူတို့ကိုယ်တိုင်လည်းလီပေါင်ဖျင်နှင့်အတူ နောက်ကျောတွင် စာအုပ်သေတ္တာများကိုလွယ်ပြီး ခရီးသွားလာနေကြရပြီဖြစ်၏။ ရလဒ်အနေနှင့်ယခု ချန်းပင်အန်းက အစွမ်းထက်ကလန်မှ ကလေးငယ်များ၏ အစေခံတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။
အကယ်၍ လူတစ်ယောက်ကသာ မျက်လုံးနှင့်သေချာမကြည့်လျှင် ထိုလူငယ်လေးက သိုင်းပညာလေ့ကျင့်ထားသူ တစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းကြည့်ရန် ခက်ခဲနိုင်သည်။ ထို့ပြင် သူက တာ့လီအင်ပါယာ နယ်မြေခံအရာရှိတစ်ယောက်၏ အစောင့်ကို အနိုင်ရထားခဲ့သော သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ သိုင်းပညာရှင်အစောင့်က လက်သီးတစ်ချက်ပင် မထိုးနိုင်ခဲ့ချေ။ သူတို့လှေပေါ်မှ ဆင်းလာခဲ့သည့်အချိန်တွင် ထိုအစောင့်ကို ထမ်းစင်နှင့် သယ်သွားခဲ့ရသည်။
လှေပေါ်မှ ဆင်းမလာခင် ချန်းပင်အန်းက နယ်မြေနှင့်ပတ်သက်သော မြေပုံကို ဂရုတစိုက် လေ့လာထားခဲ့သည်။ သူက ဝမ်ပင်တိုင်းပြည်ကိုဖြတ်၍ ခရီးသွားလာရန် စီစဉ်ထားခဲ့ခြင်း မရှိချေ။ ထိုအစား မြို့ကိုပတ်၍ တောင်ဘက်သို့ သွားသော တောင်တက်လမ်းကို ဖြတ်သန်းသွားရန် စဉ်းစားထားခဲ့သည်။ ထိုခရီးလမ်းက ခြေလျင်သွားလျှင် လဝက်ခန့် အချိန်ပေးရနိုင်သည်။
ချန်းပင်အန်းက လှေပေါ်တွင် လှည့်ပတ်မေးမြန်းနေခဲ့ပြီး သူတို့သွားမည့် တောင်ကြားလမ်းအကြောင်းကို စုံစမ်းထားခဲ့သည်။ သို့သော် ထိုအရာက အပြာရောင်ကျောက်တုံးများ ခင်းထားသော သွားစားပွဲတောင်ကို ဖြတ်သန်းသွားရခြင်းထက် အဆပေါင်းများစွာ ပို၍ခက်ခဲနိုင်၏။ ထိုလမ်းကြောင်းတွင် မြင်းလှည်းများနှင့်သွားရန် မသင့်တော်သည့်အတွက် လူအများစုက မြည်းနှင့်မြင်းလားများကိုသုံးပြီး သွားကြရသည်။
အကယ်၍ သူတို့ကသာ တောင်တက်လမ်းကို ရွေးချယ်ခဲ့ခြင်းမရှိလျှင် မြို့ငယ်လေးကိုဖြတ်၍ သွားရပါလိမ့်မည်။ သို့သော် လင်းရှို့ယီက အဝါရောင်အဆောင်များကို ယခုထိ နားမလည်နိုင်သေးကြောင်း ပြောပြထားခဲ့၏။ ထို့ကြောင့် သူက ယင်နတ်ဘုရား၏ သဘာ၀ ယင်စွမ်းအားများကို ဖုံးကွယ်ပေးရန် မဖြစ်နိုင်သေးသည့်အတွက် ယင်နတ်ဘုရားကလည်း မြို့ငယ်လေးထဲကို ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
အိုက်လျန်ပြောခဲ့သောစကားအရ ၊ မြို့နတ်ဘုရားစံအိမ်၊ ကွန်ဖြူးရှပ်ကျောင်းဆောင် ၊ စစ်နတ်ဘုရားကျောင်းဆောင်နှင့် စစ်သူကြီးစံအိမ်တို့က ယင်နက်ဘုရားကို ဖယ်ထားကြပါလိမ့်မည်။ အကယ်၍ မြို့ငယ်လေးထဲတွင်သာ အစွမ်းထက်သော လူတစ်ယောက် ရှိနေမည်ဆိုလျှင် အခြေအနေက ရှုပ်ထွေးသွားနိုင်၏။
သူတို့က လမ်းလျှောက်လာနေရင်းဖြတ်သွားနေသူများကို ဦးတည်ချက်များ ဆက်လက်မေးမြန်းနေခဲ့ကြ၏။ ထိုအချိန်အတောအတွင်း ချန်းပင်အန်းက ထိုတောင်တန်းများနှင့် ပတ်သက်သော ဒဏ္ဍာရီများ အကြောင်းကို ရွာသားများဆီတွင် စစ်ဆေးမေးမြန်းခဲ့သည်။ ဥပမာအနေနှင့်ပြောရလျှင် ထိုတောင်တန်းများပေါ်၌ တောင်တန်းတစ္ဆေများ ရှိမရှိ မေးမြန်းခြင်းမျိုး ဖြစ်၏။
သူတို့ထဲတွင် စာအုပ်သေတ္တာငယ်လေး သယ်ဆောင်ထားသော ကလေး(၄)ယောက် ပါဝင်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့က စွန့်စားခန်း ထွက်လာသော လူချမ်းသာမိသားစုမှ ကလေးများဟု ရွာသားများက သတ်မှတ်ထားခဲ့ကြ၏။ ထို့ကြောင့် သူတို့က ပတ်ဝန်းကျင်တောင်တန်းများနှင့် ရေလမ်းကြောင်းများ အကြောင်းကို ချန်းပင်အန်းတို့သိအောင် သေချာပြောပြခဲ့ကြသည်။
ထိုနေရာများက နာမည်ပင်မရှိသည့်အတွက် တစ္ဆေများ၊ ဝိညာဉ်များရှိရန် မည်သို့ဖြစ်နိုင်မည်နည်း။ အနည်းဆုံးတော့ သူတို့က ထိုအရာမျိုးကို လုံးဝမကြားဖူးချေ။ အဆုံးတွင်တော့ ရွာသားအများစုက ပန်းထိုးမြစ်ဘေးတွင် ရှိနေသော မြစ်နတ်ဘုရားကျောင်းဆောင်ကို သွားရောက်လည်ပတ်ရန် အကြံပေးခဲ့ကြသည်။ ထိုနေရာတွင် ကံကြမ္မာတုတ်တံဆွဲပြီး နတ်ဘုရားကို အရိုအသေပေးခြင်းက အလွန်အကျိုးသက်ရောက်မှုရှိသည်ဟု သူတို့က ပြောခဲ့ကြ၏။ ထိုနေရာတွင် သူတို့ကို စောင့်ရှောက်သော အစွမ်းထက် မြစ်နတ်ဘုရားတစ်ပါး ရှိနေနိုင်သည်။
နယ်မြေခံအရာရှိများကလည်း နှစ်စဉ်နှစ်တိုင်း ထိုမြစ်နတ်ဘုရားကို ပူဇော်ပသပေးရန် လူစုတတ်ကြသည်။ ထိုနေ့တွင်တော့ ကျယ်လောင်သော မီးရှူးမီးပန်းပေါက်ကွဲသံများကို ကြားရနိုင်ပြီး ထိုနယ်မြေတစ်ခွင်လုံးက သက်ဝင်လှုပ်ရှားနေကြ၏။
နေ့လည်ပိုင်းတွင် ကလေးငယ်(၄)ယောက်က တောင်တန်းရှေ့သို့ ရောက်လာခဲ့ကြသည်။ တောင်တန်း၏ရှေ့တွင် ရပ်နေရင်း လီဟွိုင်က လက်နှစ်ဖက်ဆုပ်၍ (၃)ကြိမ်တိတိ အရိုအသေပေးလိုက်သည်။
သူ ပြန်လှည့်ကြည့်လိုက်သည့်အချိန်၌ ချန်းပင်အန်း၏ လှုပ်ရှားမှုကို မမြင်သည့်အခါ ဇဝေဇဝါဖြစ်နေသောအမူအရာနှင့်မေးလိုက်သည်။
“ချန်းပင်အန်း…
အရင်တစ်ခေါက် သွားစားပွဲတောင်ကို မဝင်သေးခင် မင်းက အရိုအသေပေးခဲ့တယ် မဟုတ်ဘူးလား။ တောင်တန်းနတ်ဘုရားတွေကို အရိုအသေပေးရမယ်လို့ မင်းပြောခဲ့တယ်လေ။ ဒီတစ်ကြိမ် ဘာလို့ အရိုအသေမပေးရတာလဲ…”
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ငါက အဘိုးယောင်နဲ့အတူ တောင်တန်းတွေထဲကို မကြာခဏ သွားခဲ့ဖူးတယ်။ ဒါကြောင့် တောင်တန်းတွေကို လေ့လာတဲ့စွမ်းရည်နဲ့ မြေသားတွေ အရသာခံတဲ့စွမ်းရည်ကို တော်တော်လေး ကျွမ်းကျင်နေပြီ။ သူ့ရဲ့ စိတ်ခံစားချက်ကောင်းတဲ့ အချိန်မျိုးဆိုရင် တောင်တန်းတွေရဲ့ ပုံသဏ္ဍာန်နဲ့ ဦးတည်ချက်တွေအကြောင်းငါ့ကိုပြောပြတတ်တယ်။ ငါတို့က တောင်တစ်တောင်ကို ရောက်တဲ့အချိန်ကျရင် အဲဒီမှာ တောင်တန်းနတ်ဘုရားရှိမရှိ စဉ်းစားလို့ရတဲ့ အချက်တွေ အများကြီးရှိတယ်လို့ သူ ငါ့ကို ပြောဖူးတယ်…”
“တကယ်လို့ ငါတို့က တောင်တစ်တောင်မှာ တောင်တန်းနတ်ဘုရားတစ်ပါး နေထိုင်ခြင်းရှိမရှိ သိချင်တယ်ဆိုရင် တောင်တန်းထဲကိုမဝင်ခင် သေချာဂရုတစိုက် လေ့လာပြီး အကြမ်းဖျင်း ဆုံးဖြတ်ကြည့်လို့ ရနိုင်တယ်။ ပြီးတော့ အဲဒီတောင်တန်းတွေက ဘာမှမထူးဆန်းဘူးလို့ နယ်မြေခံတွေအားလုံးက ပြောလိုက်တယ်လေ။ ဒါကြောင့် ဒီတောင်တန်းမှာ တောင်တန်းနတ်ဘုရားမရှိဘူးဆိုတာ အနည်းနဲ့အများ အတည်ပြုနိုင်တယ်…”
လင်းရှို့ယီက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ထပ်ဖြည့်ပြောလိုက်သည်။
“တိုင်းပြည်တစ်ခုမှာ တောင်တန်းနတ်ဘုရားနဲ့ မြစ်နတ်ဘုရားအရေအတွက်က ကန့်သတ်ချက်ရှိတယ်လို့ ယင်နတ်ဘုရားက ငါ့ကို ပြောပြခဲ့တယ်။ နေရာတိုင်းမှာ နတ်ဘုရားတွေ၊ နတ်တွေ မရှိနိုင်ဘူး။ မဟုတ်ရင် သူတို့ကြောင့် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူတို့က နယ်မြေတစ်ခုရဲ့ ကံကြမ္မာကို ရှုပ်ထွေးသွားအောင် လုပ်ဆောင်နိုင်တယ်။ ပြီးတော့ တောင်တန်းနဲ့မြစ်နတ်ဘုရားတွေရဲ့ ပြဿနာတွေက ကုန်းမြေနဲ့ရေအရင်းအမြစ်ကို လူသားတွေ လုနေသလိုမျိုးပဲ။ တကယ်လို့ နတ်ဘုရားတွေ အရမ်းများလာမယ်ဆိုရင် တိုင်းပြည်က တဖြည်းဖြည်း ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် တိုင်းပြည်မှတ်တမ်းထဲမှာတောင် ရေးမထားတဲ့နေရာမျိုးမှာ တောင်တန်းနတ်ဘုရားတွေ ပေါ်လာမှာ မဟုတ်ဘူး..”
လီဟွိုင်က အနည်းငယ်စိတ်ပျက်သွားခဲ့ပြီး သက်ပြင်းချလိုက်သည်။
“ဟူးးး….ငါက ဆေးခြယ်ထားတဲ့ ရုပ်သေးရုပ် နည်းနည်းထပ်လိုချင်သေးတယ်..”
သွားစားပွဲတောင်ပေါ်တွင် ကံဆိုးမှုက ကံကောင်းမှုအဖြစ် ပြောင်းလဲသွားခဲ့သည့်အတွက်ကြောင့် သူက ဆေးခြယ်ထားသော ရုပ်သေးရုပ်တစ်ခု ရရှိခဲ့သည်။ ထို့ကြောင့် သူက အလွန်စိတ်လှုပ်ရှားသလို ခံစားခဲ့ရ၏။
သူက တောင်တစ်တောင်ကို ရောက်သည့်အချိန်တိုင်း ဆေးခြယ်ထားသည့် ရုပ်သေးရုပ်တစ်ခု လိုချင်နေခဲ့သည်။ အကယ်၍ ထိုသို့ဆိုလျှင် တာ့ဆွေအင်ပါယာထဲ၌ ရှိနေသော ကျောင်းတော်သို့ ရောက်သည့်အချိန်တွင် သူ၏စာအုပ်သေတ္တာငယ်လေးထဲ၌ အရုပ်များနှင့် ပြည့်နေပါလိမ့်မည်။ အကယ်၍ သူ၏စာအုပ်သေတ္တာလေးထဲတွင် ရုပ်သေးရုပ်တစ်ခုနှင့်စာအုပ်သာ ရှိနေမည်ဆိုလျှင် အတော်လေး ဝမ်းနည်းစရာ ကောင်းပါလိမ့်မည်။
“မင်းက ချန်းပင်အန်းကို ထပ်ပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရစေချင်သေးတာလား…”
လင်းရှို့ယီက အပြုံးနှင့် ပြောလိုက်သည်။
“ငါ အဲဒီလို လုံးဝမပြောခဲ့ဘူး။ ချန်းပင်အန်းက သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ ကံကြမ္မာတွေ ဖန်တီးတတ်တဲ့ လူကောင်းတစ်ယောက်ပဲလေ…”
လီဟွိုင်က မျက်နှာပျက်ပျက်နှင့် ပြန်ပြောလိုက်သည်။
“ဒါက အပိုတွေ ပြောနေတာပဲ…”
လင်းရှို့ယီက အေးစက်စွာ ပြောလိုက်၏။
လီဟွိုင်က ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“တကယ်လို့ ငါသာ မတောင်းဆိုခဲ့ရင် မင်းကကော စာအုပ်သေတ္တာငယ်လေးတစ်ခု ရမှာလား။ လင်းရှို့ယီ … မင်းမှာ အသိစိတ်ရော ရှိသေးရဲ့လား…”
“တော်ကြတော့…”
လီပေါင်ဖျင်က ဝင်ပြောလိုက်သည်။
ချန်းပင်အန်းက အနားတွင် လူတစ်ယောက်မျှမရှိသည့်အချိန်တိုင်း လမ်းလျှောက်ကျင့်စဉ်ကို လေ့ကျင့်တတ်သည်။ သို့သော် သူက နောက်ကျောတွင် ခြင်းတောင်းကြီးတစ်ခုကို သယ်ဆောင်ထားရသည့်အတွက်ကြောင့် ကြီးကြီးမားမား လှုပ်ရှားမှုများကို မလုပ်ရဲခဲ့ပေ။ ရလဒ်အနေနှင့်သူလုပ်ဆောင်လိုက်သည့်အချိန်တိုင်း သူ၏အရှိန်က နှေးကွေးသွားပါလိမ့်မည်။
ထို့ပြင် ခေါင်းအုံးဆက်သွယ်ရေးစခန်းထဲ၌ ရပ်တန့်ခြင်း(၁၈)သွယ်ကို သင်ကြားပေးခဲ့သည့်အချိန်တွင် ထိုကျင့်စဉ်၏ အနှစ်သာရက နှေးကွေးရန် ဖြစ်ကြောင်း အိုက်လျန်က သူ့ကို ပြောပြခဲ့သည်။ ယခု သူက (၆)ခုမြောက်နှင့် (၇)ခုမြောက် နေရာတွင် ရပ်နေခဲ့ပြီး မည်သို့ကြိုးစားစေကာမူ ထိုအတားအဆီးကို ကျော်လွှားနိုင်ခြင်း မရှိချေ။ ထို့ကြောင့် ချန်းပင်အန်းက ယောင်ရှန်လက်သီးတိုင်းထဲရှိ လမ်းလျှောက်ကျင့်စဉ်ကိုသာ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
တောင်တန်းထဲသို့ ဝင်လာပြီး (၄)နာရီနီးပါးခန့် လမ်းလျှောက်ခဲ့ပြီးနောက် လီဟွိုင်က အသက်ကို ပြင်းပြင်းရှူလာရသည်။ လီပေါင်ဖျင်ကလည်း ဟောဟဲ စိုက်နေခဲ့၏။ ထိုအရာက သူတို့၏ကန့်သတ်ချက်ဖြစ်ကြောင်း ချန်းပင်အန်းက နားလည်နေခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့က စမ်းချောင်းတစ်ခုကို ဖြတ်သွားရသည့်အတွက် ထိုနေရာတွင် အနားယူရန် ဆုံးဖြတ်လိုက်သည်။ လင်းရှို့ယီက တည်ငြိမ်အေးဆေးနေပြီး သူ၏နဖူးပေါ်တွင် ချွေးစအနည်းငယ်လေးသာ ရှိနေသည်။ ထိုအရာက ကျင့်ကြံမှုလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသော လူတစ်ယောက်၏ အားသာမှုဖြစ်၏။ သူက ချန်းပင်အန်းကိုတော့ ယခုအချိန်ထိ မယှဉ်နိုင်သေးပေ။
သူတို့က ထိုင်ရန်နေရာတစ်ခုကို တွေ့လိုက်ရပြီးနောက် ချန်းပင်အန်းက သူ၏ခြင်းတောင်းကြီးထဲမှနေ၍ လီပေါင်ဖျင်၏ ဓားကို ယူလိုက်သည်။ မင်္ဂလာအဆောင်ဓားဟု အိုက်လျန် ခေါ်ခဲ့သော ထိုဓားက ဓားမောက်ပါးပါးလေးတစ်လက် ဖြစ်သည်။
ထိုအရာက အနိမ့်ဆုံးအဆင့် ဓားတစ်လက်ဟုခေါ်ခဲ့သော်လည်း ချန်းပင်အန်းက အရူးတစ်ယောက်မဟုတ်ပေ။ သူက မီးဖိုချောင်သုံး ဓားများ၊ တောတွင်းသုံးဓားများနှင့် အလွန်ရင်းနှီးနေသော လူတစ်ယောက် ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူက နင်ယောင်၏ စကပ်ဓားတိုကိုပင် အချိန်တော်တော်ကြာ ငှားယူခဲ့ဖူး၏။ ထို့ကြောင့် ဤဓားမောက်က အလွန်တန်ဖိုးရှိမည်ဟု သေချာပေါက် သိနေခဲ့သည်။
အနားတွင် လူတစ်ယောက်မျှမရှိသည့်အချိန်တိုင်း သူက ခြင်းတောင်းထဲတွင် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာခဲ့သော နဂါးခေါင်းဖြတ်ကျောက်တုံးငယ်လေးကို ထုတ်ယူတတ်တယ်။ ထို့နောက် ထိုဓားကို ဂရုတစိုက် သွေးနေတတ်၏။
ဓားကို ဆွဲထုတ်လိုက်ပြီးနောက် ချန်းပင်အန်းက တလက်လက် တောက်ပနေသော နဂါးခေါင်းဖြတ်ကျောက်တုံးကို စမ်းချောင်းထဲသို့ နှစ်လိုက်သည်။ ထို့နောက် သူက စမ်းချောင်းဘေးတွင် ထိုင်ချလိုက်ပြီး ဓားကို သေချာသွေးနေခဲ့၏။ သူ၏လုပ်ရပ်များက အလွန်ချောမွေ့ပြီး သက်သောင့်သက်သာ ရှိနေခဲ့သည်။ သူက အနူးညံ့ဆုံးသော အရာတစ်ခုကို ကိုင်တွယ်နေရသည့်အလား လုပ်ဆောင်နေခဲ့ခြင်းဖြစ်၏။
ချန်းပင်အန်းက တစ်နေရာတည်း၌ အာရုံစိုက်နေရခြင်းကို အလွန်သဘောကျသည်။ အထူးသဖြင့် သူက အဆင့်မြင့်သော တာဝန်တစ်ခုကို လုပ်ဆောင်နေရသည့် အချိန်မျိုးတွင် ဖြစ်၏။ ထိုအရာက လူငယ်လေးကို အလွန်ပျော်ရွှင်စေသလို ခံစားရနိုင်သည်။
ထိုအရာက တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်ကျင့်စဉ်ကို လေ့ကျင့်နေသည့်အချိန်တိုင်း တည်ငြိမ်အေးချမ်းမှုကို ခံစားရသလို ခံစားမှုမျိုးဖြစ်သည်။ ထိုအချိန်တွင် သူ၏မြင်ကွင်းများက ရုတ်တရက် ကျယ်လာခဲ့ရသည်။ သူက လေ့ကျင့်မှု ပြီးဆုံးသွားသည့်အချိန်တိုင်း လန်းဆန်းတက်ကြွနေသလို ခံစားနေရသော်လည်း စိတ်ပျက်မှုအနည်းငယ် ခံစားရသေးသည်။ သူက လက်သီးသိုင်း၏ ကျန်ရှိနေသော သိုင်းကွက်များကို လေ့လာရန် အလွန်ဆန္ဒပြင်းပြနေသလို ခံစားနေရ၏။ သူက တစ်ကြိမ်တည်းနှင့် အရာအားလုံးကို သင်ယူတတ်မြောက်ချင်ခဲ့သည်။
ထိုသို့ဆိုလျှင် သူ၏လက်သီးသိုင်းက ပို၍ကောင်းမွန်လာနိုင်ပြီး ပို၍ကြောက်စရာကောင်းလာသည့်အပြင် ပို၍အန္တရာယ်ရှိလာနိုင်သည်။ အိုက်လျန်က ခေါင်းအုံးဆက်သွယ်ရေးစခန်းမှ အဝေးသို့ပျံသန်းသွားသည့်အချိန်တွင် ထွက်ပေါ်လာခဲ့သော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကဲ့သို့ လက်သီးကို တိုက်ခိုက်ချင်ခဲ့သည်။
သို့သော် ချန်းပင်အန်းက ထိုခံစားမှုပေါ်လာသည့်အချိန်တိုင်း လမ်းလျှောက်ကျင့်စဉ်ကိုသာ တိတ်တဆိတ် လေ့ကျင့်ခဲ့သည်။ သူက မဆင်မခြင် ဖြစ်ပေါ်လာသော ခံစားချက်ကို ဖြည်းညင်းစွာ ဖိနှိပ်ပြီး အလျင်မလိုသင့်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေခဲ့သည်။ သူက စိတ်အေးအေးထားပြီး ပေါ့ပေါ့ပါးပါး နေထိုင်ရန် လိုအပ်သည်။
အကယ်၍ သူ့စိတ်ကသာ မအေးချမ်းလျှင် သူက အရှိန်မြန်လိုက်သည်နှင့် အမှားဖြစ်သွားနိုင်ပြီး ယခင်ကြိုးစားအားထုတ်မှုများအားလုံး အချည်းနှီး ဖြစ်သွားရပါလိမ့်မည်။ ထိုအရာက ကြွေထည်များကို မီးဖုတ်သည့်ပညာနှင့်အတော်လေးကို တူညီနေခဲ့၏။
ထိုသို့ဆိုရာတွင် လမ်းလျှောက်ကျင့်စဉ် လေ့ကျင့်သည့်အချိန်တိုင်း ချန်းပင်အန်းဆီတွင် မတည်ငြိမ်နိုင်သော လှုပ်ရှားမှုများ ရံဖန်ရံခါ ပေါ်လာတတ်သေးသည်။ ထိုအချိန်များထဲမှ တစ်ခုကတော့ ချန်းပင်အန်းက ပြည်နယ်နှင့်စီရင်စုများ၏မြေပုံကို လေ့လာရန် ဆုံးဖြတ်ခဲ့သည့်အချိန်မျိုးတွင် ဖြစ်သည်။
သူက ထိုမြေပုံပေါ်တွင် တာအိုသခင်လု ကိုယ်တိုင်ပေးခဲ့သော ဆေးအညွှန်းထဲမှ စကားလုံး(၃)လုံးကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့သည်။ ထိုစကားလုံးများက စာသင်သားများ ပျင်းရိနေသည့် ပုံသဏ္ဍာန်မျိုး ရေးသားထားခြင်းဖြစ်ကြောင်း နင်ယောင်က သူ့ကိုမှတ်ချက်ပေးခဲ့ဖူး၏။
သို့သော် ယခုတော့ ချန်းပင်အန်းက အလုပ်များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ထိုဆေးအညွှန်း (၃)ခုကို ဖတ်ရှုသည့် အလေ့အထတစ်ခုရှိလာခဲ့သည်။ ထိုသို့လုပ်ဆောင်နိုင်မှသာ သူက အနည်းငယ် တည်ငြိမ်သွားခဲ့၏။
လီပေါင်ဖျင်က သူမ၏မျက်နှာလေးကို ဆေးကြောသန့်စင်လိုက်ရာ နဖူးပေါ်တွင် ဆံပင်မွေးလေးများ ကျန်နေခဲ့သည်။ ခရီးရှည်ကြီး သွားလာခဲ့ရပြီးနောက် ထိုကလေးမလေး၏ အသားအရေက အနည်းငယ် ကြေးနီရောင် ပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် ဆံပင် ဖုံးကွယ်မထားသော နဖူးပေါ်ရှိ နေရာများက ဖြူဖပ်ဖြူရော်နှင့် ချောမွတ်နေခဲ့၏။
သူမ၏ဦးလေးငယ်က တစ်ယောက်တည်း အာရုံစိုက်ပြီး ဓားသွေးနေသည်ကို ကလေးမလေးက ကြည့်နေရင်း သဘောကျနေသည်။ ဓားသွားက နဂါးခေါင်းဖြတ်ကျောက်တုံးပေါ်တွင် သွားချည်ပြန်ချည် လှုပ်ရှားနေသည်ကိုကြည့်ပြီး ဤကမ္ဘာကြီးထဲ၌ သူမ၏ဦးလေးငယ် တစ်ယောက်တည်းသာ ရှိနေသလို ထင်မှတ်ရသည်။ သူမက သူ့ကို ကြည့်နေရသည့်အတွက် လုံးဝပျင်းရိသွားခြင်း မရှိခဲ့ပေ။
ချန်းပင်အန်းက လမ်းလျှောက်နေရင်းလက်သီးသိုင်းပညာကို လေ့ကျင့်နေသည့် အချိန်တွင်လည်း သူမက သဘောကျသည်။ သူက သူမကို နောက်ကွယ်တွင် ကာကွယ်ပေးထားသည့်အချိန်တွင် ၊ သူ၏လက်သီးနှင့်တခြားလူများကို တိုက်ခိုက်နေသည့်အချိန်မျိုးတွင်၊ သူတို့ဆီမှ စကားလုံးများကို အာရုံစိုက်ပြီး သင်ကြားနေသည့်အချိန်မျိုးနှင့် အခြေအနေပေါင်းစုံတွင်သဘောကျနေခဲ့၏။
တစ်ခုကွဲပြားသွားသည်မှာ သူမက နည်းနည်းကြိုက်၊ များများကြိုက်နှင့် အတော်လေးကြိုက်သည်ဟူသော ခံစားမှုသာ ဖြစ်သည်။ သူမ မကြိုက်သော အကြောင်းအရာများလည်း ရှိနေသည်။ သို့သော် လီပေါင်ဖျင်ကတော့ ထိုအကြောင်းအရာများကို အလွန်လျင်မြန်စွာ မေ့ပစ်တတ်သည်။
ကလေးမလေးက ဖယောင်းတိုင်နီမြို့ ခေါင်းအုံးဆက်သွယ်ရေးစခန်းတွင် သူမ၏အိမ်မှ ပို့လိုက်သောစာကို ပြန်လည်စဉ်းစားမိသည့်အချိန်တွင် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
ချန်းပင်အန်းက သူမ၏ခံစားချက် ရုတ်တရက် ပြောင်းလဲမှုကို သတိထားမိခဲ့၏။သူက အပြုံးနှင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ…။ စိတ်ထဲမှာ တစ်ခုခုတွေးမိနေတာလား…”
လီပေါင်ဖျင်က သက်ပြင်းချပြီး ပြန်ပြောလိုက်သည်။
“ကျွန်မက အိမ်မှာ ဘာတွေဖြစ်နေလဲ စိုးရိမ်နေတာ။ အစ်ကို (၂)က တော်တော်လေး ဆိုးတယ်။ နောက်ပိုင်း အစ်ကိုကြီးကရော သူ အနိုင်ကျင့်တာကို ခံရနိုင်လား…”
“ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျူးလုက ငါ့ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တဲ့အပေါ် နောက်ပိုင်း မင်းက မင်းရဲ့အစ်ကို(၂)နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ လိုလိမ့်မယ်..”
ချမ်းပင်အန်းက လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်သည်။
“ဒါပေမဲ့ မင်းရဲ့အစ်ကို(၂)က မင်းကို ဂရုစိုက်နေပါသေးတယ်…”
“ကျူးလုက ဘာလို့ဒီလိုမျိုး လုပ်နိုင်ရတာလဲ။ သူက ဘယ်လိုဖြစ်သွားတာလဲ..”
လီပေါင်ဖျင်က အားနည်းသော အမူအရာနှင့်ပြောလိုက်သည်။
“သူက သိုင်းပညာရှင်တစ်ယောက်လေ။ သူ့ရဲ့အဖေကျူးဟယ်ကလည်း အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ။ တကယ်လို့ သူတို့သာ တပ်ဖွဲ့ထဲကို ပူးပေါင်းမယ်ဆိုရင် သူတို့ကို လိုချင်နေတဲ့သူတွေမရှိဘဲ နေမှာလား။ နောက်ပိုင်းမှာ သူက ဂုဏ်သိက္ခာရှိတဲ့ နာမည်တစ်ခုရဖို့ အခက်အခဲ ရှိနိုင်မှာလား။ ဘာလို့သူက ငါ့အစ်ကို(၂)ရဲ့ညွှန်ကြားမှုတွေကို မစဉ်းစားဘဲ လိုက်လုပ်ခဲ့ရတာလဲ…”
ချမ်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“ဒီမေးခွန်းတွေအတွက်တော့ ငါ့မှာလည်း အဖြေမရှိဘူး…”
အနားတွင် ရှိနေသော လင်းရှို့ယီက မျက်နှာပျက်ပျက်နှင့် မှတ်ချက်ပေးလိုက်သည်။
“အကျိုးအမြတ်နဲ့ စိတ်ဝင်စားမှုအတွက်ဆိုရင် လူတွေက လုပ်နိုင်ကြတာပဲလေ..”
လီဟွိုင်က နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်၏။
“အပိုတွေပါကွာ။ တကယ်လို့ ငါ့အနေနဲ့ ပြောရမယ်ဆိုရင် အဲဒီအရူးမ ကျူးလုကလီပေါင်ဖျင်ရဲ့ အစ်ကို(၂)ကို သဘောကျနေတာ သေချာတယ်။ အချစ်ရဲ့တန်ခိုးကြောင့် သူ့ရဲ့နှလုံးသားက လှုပ်ရှားသွားပြီး မျက်လုံးထဲမှာလည်း ချစ်ခြင်းမေတ္တာတွေပဲ ရှိတော့တယ်။ သူ ချစ်ရတဲ့သူဆီက ကတိတစ်ခု ရတယ်ဆိုတာ ဂုဏ်သိက္ခာရှိတဲ့နာမည်တစ်ခုကို ရတာထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လေ…”
“ဒီလိုဆိုရင်တော့ သူက မကောင်းဆိုးဝါးတစ်ကောင်လို တကယ်ရူးမိုက်လွန်းတယ်။ သူ့ကိုကယ်လို့တောင် မရနိုင်တော့ဘူး…”
လင်းရှို့ယီက ခနဲ့သလို ပြောလိုက်သည်။
ချန်းပင်အန်းက သက်ပြင်းချလိုက်ပြီး အနားတွင် ရှိနေသော ကလေး(၃)ယောက်ကို လှည့်ကြည့်လိုက်၏။ သူက ရွှံ့ပုလင်းလမ်းကြားထဲတွင် နေထိုင်ခဲ့သည့်အချိန်တွင်တော့ ပြဿနာများ၊ အငြင်းအခုန်များ၊ မိန်းမများ၏ရန်ပွဲများ၊ အော်ဟစ်ဆဲဆိုသံများ စသည့်အကြောင်းအရာမျိုးစုံ ကြုံခဲ့ရသည်။
ချန်းပင်အန်းက မနေနိုင်တော့ဘဲ ပြောလိုက်၏။
“မင်းတို့(၃)ယောက်က အခြေအနေတွေကို တော်တော်လေး နားလည်ထားတဲ့ စာသင်သားတွေပဲ။ ပြီးတော့ မင်းတို့တွေက ဆရာချီရဲ့လက်ရင်းတပည့်တွေလည်း ဖြစ်နေကြတယ်။ ဒီတော့ မင်းတို့(၃)ယောက်က ငါ့လိုလူတွေနဲ့ လုံးဝကို ကွဲပြားနေပြီ။ ငါနေခဲ့တဲ့နေရာမှာ အကြီးအကဲတွေ အများကြီးရှိပေမယ့် သူတို့တွေက လှေပေါ်မှာ ငါတို့တွေ့ခဲ့ရတဲ့ နယ်မြေခံအရာရှိ၊ အဘိုးအိုနဲ့ ဘာမှကွဲပြားမှုမရှိဘူး။ သူတို့က အကျိုးအကြောင်း ဆွေးနွေးချင်စိတ်လည်း မရှိကြဘူး။ သူတို့က ကိုယ်ပိုင်သဘောတရားကိုပဲ ပြောပြချင်ကြတာ…”
ချန်းပင်အန်းက ဓားသွေးနေခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ သူက ခံစားချက်များ ပြည့်နှက်နေသောအသံနှင့် ဆက်ပြောလိုက်သည်။
“အဲဒီလူတွေက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိကြပေမယ့် သူတို့ထဲက တချို့ကတော့ တော်တော်လေးကို အစွမ်းထက်တယ်။ တချို့ကတော့ မီးသွေးဖုတ်တာတွေ ကြွေထည်လုပ်တာတွေကနေတဆင့် ဝင်ငွေတွေ ဖန်တီးနိုင်ကြတယ်။ တချို့ကလည်း လယ်စိုက်တဲ့နေရာမှာ အရမ်းကျွမ်းကျင်ကြတဲ့အတွက် သူတို့ရဲ့မိသားစုတွေက ကောင်းကောင်းမွန်မွန် နေနိုင်ကြတယ်။ အဘွားမာလိုမျိုး ဝမ်းဆွဲသည် အလုပ်ကို လုပ်တဲ့လူတွေလည်း ရှိကြတာပဲ…”
“သူကတော့ တော်တော်ဆိုးတယ်လို့ ပြောလို့ရပေမဲ့ သူ့ရဲ့မြေး မာခူရွှမ်အပေါ်တော့ တော်တော်လေး ကောင်းတယ်။ သူက ဒီကမ္ဘာကြီးထဲမှာ ကောင်းတဲ့အရာအားလုံးကို သူ့မြေးဆီ ပေးချင်ခဲ့တယ်…”
ချန်းပင်အန်းက အပြုံးနှင့် ကောက်ချက်ချလိုက်သည်။
“ဒါကြောင့် ငါက အဲဒီအားလုံးရဲ့နောက်ကွယ်မှာရှိတဲ့ အကြောင်းပြချက်တွေကို နားလည်နိုင်ဖို့အတွက် စာအုပ်တွေ ဖတ်ချင်နေတာ..”
လီပေါင်ဖျင်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး စမ်းချောင်းလေး၏ဘေးတွင် လမ်းလျှောက်နေခဲ့သည်။ သူမ၏မျက်နှာပေါ်တွင်လည်း လေးနက်သော အမူအရာတစ်ခု ရှိနေခဲ့၏။
အဆုံးတွင်အေနီရောင်အင်္ကျီ ဝတ်ဆင်ထားသော ကလေးမလေးက ပြောလိုက်သည်။
“ဦးလေးငယ် လှေပေါ်မှာ မေးခဲ့တဲ့မေးခွန်းကို ကျွန်မက တစ်ချိန်လုံး စဉ်းစားနေခဲ့တာ။ အခုတော့ နည်းနည်းလေး အဖြေရှာတွေ့ပြီလို့ ခံစားမိတယ်။ ဦးလေးငယ်က အဲဒါကို နားထောင်ချင်ရဲ့လား…”
လီပေါင်ဖျင်က စိတ်ဆိုးသွားသည့်အတွက် ပါးနှစ်ဖက်ကို ဖောင်းလိုက်ပြီး အဆုံးတွင်တော့ ဒေါသထွက်နေသည့်အမူအရာနှင့် အော်ပြောလိုက်သည်။
“ဦးလေးငယ်…”
“ချန်းပင်အန်းက အလျင်အမြန်ပြုံး၍ ပြောလိုက်၏။
“ဟုတ်ပါပြီ။ ကျေးဇူးပြုပြီး ဆက်ပြောပါဦး…”
မည်သည့်အရာကိုမျှရှင်းမပြနိုင်သေးခင် ကလေးမလေးက သူ့အတွက် နောက်ဆုတ်ရန် လမ်းကြောင်းတစ်ခုကို အရင်ဆုံး ရှာဖွေထားခဲ့သည်။
“ကျွန်မရှင်းပြတဲ့အရာတွေက နည်းနည်းလေး ရှုပ်ချင်ရှုပ်လိမ့်မယ်။ ဒါကြောင့် ဦးလေးငယ်က မမှန်ဘူးလို့ စဉ်းစားမိတယ်ဆိုရင်လည်း ဆက်ပြီး နားထောင်နေပါ။ အဲဒီအရာနဲ့ ပတ်သက်ပြီး ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်မကိုလည်း မရယ်ပါနဲ့…”
ချန်းပင်အန်းက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
“ငါက လှေပေါ်မှာ ငါ့ထက် ပိုပြီးအသက်ကြီးတဲ့လူတွေနဲ့ သဘောတရားတွေ ပြောခဲ့ရတာ။ ဒါကြောင့် နင်နဲ့ရော ပြောလို့ မရဘူးလား။ ဘာမှမစိုးရိမ်ပါနဲ့။ ရှင်းပြဖို့ကိုပဲ အဓိကအာရုံစိုက်ပါ။ ဦးလေးငယ်က သေချာအာရုံစိုက်ပြီး နားထောင်နေပါတယ်..”
လီဟွိုင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူ၏ဆေးရောင်ခြယ် ရုပ်သေးရုပ်လေးကို လေထဲတွင် လွွှဲယမ်းဆော့ကစားနေခဲ့သည်။ သူက ရဲမက်တစ်ထောင်ရှိသော တပ်ဖွဲ့တစ်ဖွဲ့ကို အမိန့်ပေးနေသည့်စစ်သူကြီးတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
“ဟုတ်တယ် ဆက်ပြီးတော့ ရှင်းပြလိုက်တော့။ တခြားသူတွေနဲ့ စကားပြောတာ၊ ငြင်းခုံရတာတွေက မနာကျင်ရပါဘူး။ တိုက်ခိုက်တာကပဲ နာကျင်ရတာလေ..”
သင်ခန်းစာ၏ အဓိကအချက်ကို ထုတ်နုတ်ပြသနေသော စာသင်သားတစ်ယောက်ကဲ့သို့ လီပေါင်ဖျင်က သူမ အရင်ဆုံး ပြောပြမည့် အချက်(၃)ချက်ကို အလေးထား၍ မိတ်ဆက်ပေးလိုက်သည်။
“ကျွန်မက သူတော်ကောင်းတရားနဲ့ ကိုယ်ကျင့်တရား၊ နယ်မြေခံဒေသတွေရဲ့ စည်းမျဉ်းနဲ့ကျင့်ဝတ်တွေ၊ တိုင်းပြည်ရဲ့ စည်းမျဉ်းစည်းမျဉ်းတွေကို ပြောပြပေးမယ်…”
လီဟွိုင်ကတော့ ချက်ချင်းခေါင်းကိုက်လာသလို ခံစားလာရသည်။ သူက လက်ထဲတွင် ကိုင်ထားသော သစ်သားရုပ်သေးလေးကိုသာ အာရုံစိုက်လိုက်ပြီး တစ်နေ့နေ့တွင် ထိုရုပ်သေးက အသက်ဝင်လာပြီး သူနှင့်အဖော် လုပ်ပေးမည့်အချိန်ကို မျှော်လင့်နေမိခဲ့သည်။
လင်းရှို့ယီကတော့ ပါးကိုလက်တစ်ဖက်နှင့်ထောက်ပြီး အပြုံးနှင့်ရှိနေ၏။ သူက စမ်းချောင်းဘေးတွင် ရပ်နေသော လီပေါင်ဖျင်ကို ကြည့်နေခဲ့သည်။
ချန်းပင်အန်း တစ်ယောက်တည်းကသာ သေချာအာရုံစိုက်ပြီး နားထောင်နေခဲ့၏။ သူ ငယ်ငယ်တုန်းကလည်း စာသင်ကျောင်းလေးထဲတွင် ဆရာချီ၏ သင်ခန်းစာများကို နံရံဘေးတွင် ထိုင်၍ နားထောင်ခဲ့ဖူးသည်။ ထိုအရာက မြက်ဖိနပ်နှင့်လူငယ်လေး၏ ပျော်စရာအကောင်းဆုံး မှတ်ဉာဏ်များထဲမှ တစ်ခုလည်းဖြစ်၏။
“အဲဒီအချက်တွေက သူတော်ကောင်းတွေ၊ သာမန်လူတွေနဲ့ မကောင်းတဲ့အလုပ်တွေလုပ်တဲ့လူဆိုးလူမိုက်တွေနဲ့ အဓိကဆက်နွယ်နေတယ်..”
“စာအုပ်တွေအများကြီးကို ဖတ်ပြီးသွားတဲ့အချိန်မှာ လူကောင်းတွေကတော့ စည်းမျဉ်းစည်းကမ်းတွေ ၊ နိယာမတွေကို ပိုပြီးတော့ နားလည်လာကြတယ်။ ဒါပေမဲ့ ကျွန်မတို့က ခေါင်းထဲမှာ တစ်ခုတော့ မှတ်ထားဖို့ လိုတယ်။ အစ်ကိုကြီး ပြောခဲ့သလိုပဲ။ ကိုယ်ကျင့်တရားဆိုတာက အရမ်းကိုကြီးကျယ်ခမ်းနားပြီး ထိတွေ့လို့မရနိုင်တဲ့ သဘောတရားတစ်ခုပဲ…”
“အဆုံးမှာတော့ အဲဒီသဘောတရားက တခြားသူတွေကို ဆုံးမနိုင်တဲ့အရာတစ်ခုတော့ မဟုတ်ဘူး။ အဲဒီအစား အဲဒီသဘောတရားက ကိုယ့်ကိုယ်ကိုယ် ဆုံးမနိုင်တဲ့ အရာတစ်ခုအဖြစ်ပဲ သုံးလို့ရတယ်…”
“လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ချင်တယ်ဆိုရင် မှန်ကန်တဲ့အကျင့်စရိုက်မျိုးရှိဖို့ လိုအပ်တယ်။ မှန်ကန်တဲ့ အကျင့်စရိုက်မျိုးရှိမှပဲ မှန်ကန်တဲ့ ဂုဏ်သတင်းတစ်ခုကို ရရှိနိုင်တယ်။ မှန်ကန်တဲ့ ဂုဏ်သတင်းမျိုးရှိနေမှပဲ သူတို့ရဲ့စကားလုံးက အမှန်တရားတွေကို သယ်ဆောင်ထားနိုင်တယ်။ အဲဒီလိုအမှန်တရားတွေ ပြည့်နှက်နေတဲ့အ ကြောင်းပြချက်တွေနဲ့ပဲ သူတို့ကိုရှာဖွေနေတဲ့အရာတွေကို ရရှိနိုင်တာပဲလေ…”
“ပြီးတော့ လူတစ်ယောက်ကသာ အရမ်းအဆင့်မြင့်တဲ့အထိ လေ့ကျင့်ထားပြီး ကမ္ဘာကြီးအပေါ် ကောင်းကျိုးပြုမယ် ၊ လူသားတွေကို ပညာသင်ကြားပေးမယ်ဆိုရင် သူတို့ရဲ့ဗဟုသုတတွေ၊ သူတော်ကောင်းတရားတွေကို ဖြန့်ဝေပေးဖို့ ရွေးချယ်နိုင်တယ်။ စာသင်ကျောင်းလေးထဲမှာ ကျွန်မတို့ကို သင်ကြားပေးတဲ့ ကျွန်မတို့ရဲ့ဆရာလိုမျိုးပေါ့..”
“သာမန်လူသားတွေကတော့ သူတို့ရဲ့နယ်မြေထဲမှာရှိတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ပဲ လိုအပ်တယ်..”
“အဲဒီအချိန် တိုင်းပြည်ရဲ့စည်းမျဉ်းတွေကတော့ စည်းမျဉ်းချိုးဖောက်တဲ့သူတွေ၊ ပြဿနာရှာတဲ့ သူတွေကိုပဲ အဓိက ပစ်မှတ်ထားနေကြတာ။ အဲဒီစည်းမျဉ်းတွေက လူဆိုးလူမိုက်တွေကို ထိန်းချုပ်ဖို့အတွက် အသုံးပြုတဲ့နေရာမှာ အရမ်းအရေးကြီးတယ်။ အဲဒါတွေက အနိမ့်ဆုံးအဆင့် အရေးပါတဲ့အရာတစ်ခုပဲ။ ပြီးတော့ သူတို့တွေက ကွန်ဖြူးရှပ် ထုံးတမ်းစဉ်လာအရ အနိမ့်ဆုံးအဆင့် စည်းမျဉ်းတွေလို့လည်း သတ်မှတ်နိုင်တယ်..”
ချန်းပင်အန်းက သေချာအာရုံစိုက်ပြီး နားထောင်နေသော်လည်း ထိုစကားလုံးများ၏ နောက်ကွယ်တွင် ရှိနေသော စည်းမျဉ်းများကိုတော့ နားလည်နိုင်ခြင်းမရှိသေးချေ။ သူက စကားလုံးတစ်ခုချင်းဆီတိုင်းကိုသာ နားလည်နေသည်။
ထို့ကြောင့်လည်း အိုက်လျန်က သူ့ကို စာများများဖတ်ရန် ပြောခဲ့ခြင်းဖြစ်၏။
လင်းရှို့ယီကတော့ မတ်မတ်ထိုင်နေပြီးအပြုံးနှင့်ဝင်ပြောလိုက်သည်။
“အဲဒါက လောကကျင့်ဝတ်တွေပဲလေ..”
သူတို့(၃)ယောက်ကိုကြည့်ပြီး လီပေါင်ဖျင်က သေချာပြောလိုက်၏။
“လောကကျင့်ဝတ်ဆိုတာကလည်း ကွန်ဖြူးရှပ် လမ်းစဉ်ကနေ သေချာပေါက် ဆင်းသက်လာတာပဲလေ…”
လင်းရှို့ယီက မှင်တက်သွားမိခဲ့၏။
တစ်ယောက်တည်း အလုပ်ရှုပ်နေသော လီဟွိုင်ကိုမြင်သည့်အချိန်တွင် လီပေါင်ဖျင်က တိတ်တဆိတ် လှမ်းခေါ်လိုက်သည်။
“လီဟွိုင်…”
လီဟွိုင်က စာသင်ကျောင်းလေးထဲတွင် သင်ကြားခဲ့ရသည့်အချိန်ကို ပြန်အမှတ်ရသွားသည့်အလား ဆရာချီက သူ့နာမည်ကို ခေါ်လိုက်သည်ဟု တွေးမိသွားသည့်အတွက် ကျယ်လောင်စွာ အော်လိုက်သည်။
“ကျွန်တော် ဒီမှာပါ…”
သို့သော် သူ့ကိုခေါ်နေသည်မှာ ဆရာချီမဟုတ်ဘဲ သူ့ကို အမြဲတမ်းရိုက်နေသော ကလေးမ လီပေါင်ဖျင် ဖြစ်ကြောင်း လျင်မြန်စွာ နားလည်သွားခဲ့သည်။ သူက အလွန်ဒေါသထွက်သွားခဲ့ပြီး သူ၏တုံ့ပြန်မှုအတွက် ရှက်ရွံ့သွားခဲ့သလိုလည်း ခံစားခဲ့ရသည်။ သူက ခေါင်းငုံ့ပြီး သူ၏ရုပ်သေးနှင့်သာ ဆက်၍ ဆော့ကစားနေခဲ့၏။
လီပေါင်ဖျင်က သူ့ကိုလျစ်လျူရှုထားပြီး ဆက်ပြောလိုက်သည်။
“လူတစ်ယောက်ချင်းဆီမှာ သူတို့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိကြတယ်။ တကယ်လို့ သူတို့ကသာ ပြဿနာမဖြစ်ဘဲ အတူတကွ ယှဉ်တွဲနေထိုင်ကြမယ်ဆိုရင် အဲဒီလူမှုအဖွဲ့အစည်းက အဆင်ပြေလာပြီး ကမ္ဘာကြီးကလည်း ငြိမ်းချမ်းသွားလိမ့်မယ်။ ဘုရင်တွေနဲ့ အုပ်ချုပ်သူတွေကလည်း နည်းနည်းလေး ကြိုးစားအားထုတ်ရုံနဲ့ တိုင်းပြည်ကို ထိန်းသိမ်းနိုင်ကြလိမ့်မယ်။ ဒါဆိုရင် သူတော်စင်တွေရှိနေဖို့ မလိုတော့ဘူး။ လူဆိုးတွေလည်း ရှိမလာနိုင်တော့ဘူး…”
“တာအိုပညာရှင်တွေ ပြောခဲ့ကြတယ်လေ။ သူတော်စင်တွေ ရှိနေသေးသ၍ မကောင်းဆိုးဝါးကြီးတွေလည်း ရှိနေမှာပဲဆိုတဲ့ သဘောတရားအတိုင်းပဲ..”
လင်းရှို့ယီက ဝင်ပြောလိုက်သည်။
လီပေါင်ဖျင်၏မျက်လုံးထဲတွင် အလင်းတန်းလေးတစ်ခု တောက်ပလာပြီးသူမက ကျယ်လောင်စွာ ဝင်ပြောလိုက်၏။
“တကယ်လို့ စည်းမျဉ်းတစ်ခုကို နားလည်သွားမယ်ဆိုရင် တခြားစည်းမျဉ်းတွေ အားလုံးကိုလည်း နားလည်သွားလိမ့်မယ်။ ဒီကမ္ဘာကြီးရဲ့အခြေခံစည်းမျဉ်းကတော့ တသားတည်းဖြစ်ဖို့ပဲ…”
ထိုအချိန်တွင် သူမက တစ်စုံတစ်ခုကို မှတ်မိသွားသည့်အလား အဖော်(၃)ယောက်၏ ရှေ့သို့လျှောက်လာပြီး ဆက်ပြောလိုက်သည်။
“စာသင်ကျောင်းလေးထဲမှာ နောက်ဆုံးသင်ခန်းစာ သင်ကြားနေရင်း နှစ်ယောက်တည်းရှိတဲ့အချိန် ဆရာချီက ငါ့ကို မှန်ကန်ခြင်းနဲ့ သင့်တင့်ခြင်းဆိုတဲ့ သဘောတရားကို ရှင်းပြခဲ့တယ်။ ကွန်ဖြူးရှပ်ဝါဒရဲ့အခြေခံအုတ်မြစ်က စာအုပ်တွေထဲမှာ ရေးသားထားတဲ့ ကိုယ်ကျင့်တရားတွေပေါ် မူတည်နေတယ်..”
နောက်ဆုံးတွင်တော့ လီဟွိုင်က ဝင်ပြောလိုက်၏။
“ဆရာချီက ငါ့ကို ဒီအကြောင်းတွေ လုံးဝမပြောဖူးဘူး။ မင်းကိုရော ပြောဖူးလား လင်းရှို့ယီ…”
လင်းရှို့ယီက ခေါင်းခါပြလိုက်သည်။
လီပေါင်ဖျင်က လက်ပိုက်ပြီး ပြောလိုက်၏။
“နင်တို့တွေထဲက တစ်ယောက်က ဆရာချီရဲ့သင်ခန်းစာတွေကို နားထောင်ရတာ မကြိုက်ဘူး။ တခြားတစ်ယောက်ကဆေရာချီရှင်းပြတာတွေကို ကြားပြီးသွားရင်တောင် မေးခွန်းပြန်မမေးတတ်ဘူး။ ဘာလဲ … ဆရာချီက နင်တို့ရဲ့ဦးနှောက်ထဲကို သူ့ရဲ့အသိပညာတွေ ရိုက်သွင်းပေးဖို့ မျှော်လင့်နေတာလား..”
“တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင်တော့ ငါက အဲဒါကို ဆန့်ကျင်ခဲ့မှာမဟုတ်ဘူး..”
လီဟွိုင်က အပြုံးနှင့် ပြောလိုက်သည်။
“ဆရာချီက ဗဟုသုတ ပြည့်စုံတယ်။ သူ့ရဲ့ဗဟုသုတ နည်းနည်းလေးကတောင် ငါ့ဘဝ တစ်လျှောက်လုံးအတွက် လုံလောက်တယ်။ သူသာ ငါ့ရဲ့ဦးနှောက်ထဲကို ထည့်ပေးနိုင်မယ်ဆိုရင် အချိန်ကုန် လူပင်ပန်း သက်သာတာပေါ့။ အမှန်အတိုင်းပြောရရင် အဲဒါက ငါ့ကိုလမ်းမှားရောက်မသွားအောင် ကာကွယ်ပေးနိုင်တယ်လေ…”
“စည်းမျဉ်းတစ်ခုကို နားလည်သွားရင် စည်းမျဉ်းတွေအားလုံးကို နားလည်နိုင်လိမ့်မယ်။ တကယ်လို့ အဲဒါသာအမှန်ဆိုရင် စည်းမျဉ်းတွေအားလုံးကို နားလည်နိုင်ဖို့ အဓိက စည်းမျဉ်းတစ်ခုကိုပဲ ရှာဖွေဖို့ လိုအပ်တယ်။ ဒါက အိုက်လျန်ပြောခဲ့တဲ့စကားနဲ့လည်း ကိုက်ညီနေတယ်။ လမ်းကြောင်းတစ်ခုကို ရွေးချယ်တဲ့နေရာမှာ သေချာအာရုံစိုက်ပြီး လေးနက်ဖို့လိုတယ်။ လမ်းကြောင်းတိုင်းက ကျယ်ပြန့်ပြီး သေးသိမ်နေတာတော့ မဟုတ်ဘူး..”
လင်းရှို့ယီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။
လီဟွိုင်၏ နှောင့်ယှက်မှုကြောင့် လီပေါင်ဖျင်က တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည်။ သို့သော် ထိုအရာက သူမကို နောက်ထပ်အတားအဆီးတစ်ခု တွေ့သွားစေခဲ့၏။ ထိုကလေးမလေးက အနည်းငယ်ရှက်ရွံ့သွားခဲ့ပြီး ချန်းပင်အန်းကို ပြောလိုက်သည်။
“ဦးလေးငယ် …
ကျွန်မကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ထပ်ပေးပါဦး။ နောက်ထပ်မေးခွန်းတစ်ခုက ကျွန်မကို ပြဿနာရှာနေပြန်ပြီ…”
ချန်းပင်အန်းက သူမကို အပြုံးနှင့် လက်မထောင်ပြလိုက်သည်။
“ကျွန်မ ရှင်းပြတဲ့အရာတွေက မဆိုးဘူးလား…”
လီပေါင်ဖျင်က ဝမ်းသာအားရ မေးလိုက်သည်။
ချန်းပင်အန်းက လက်မကို ရုတ်သိမ်းခဲ့ခြင်းမရှိဘဲ ကျယ်လောင်စွာ ပြောလိုက်၏။
“အရမ်းမိုက်တယ်…”
သို့သော် သူတို့ကိုအဝေးမှနေ၍ စောင့်ကြပ်ပေးနေသော ယင်နတ်ဘုရားက ရေနွေးအိုးထဲမှ ထွက်လာသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ကိုတော့ ကလေး (၄)ယောက်လုံးက လုံးဝမသတိမထားမိခဲ့ကြပေ။
သို့သော် ကံဆိုးမှုနှင့် ကံကောင်းမှုက အတူတူ ရောက်လာတတ်သည်။ ပထမတွင်တော့ ယင်နတ်ဘုရားက ထိုကလေးမလေး၏ သင်ခန်းစာများကို အေးအေးဆေးဆေး နားထောင်နေခဲ့၏။ သို့သော် လက်မခံနိုင်သော အခြေအနေတစ်ရပ် ပေါ်လာခဲ့သည်။ သူ့စိတ်က လှုပ်ရှားသွားခဲ့ပြီးနောက် သူ၏စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခဲ့၏။ သူ၏ကျင့်စဉ်အဆင့်နှင့် တိုက်ရိုက်အချိုးကျသော ယင်စွမ်းအားများကလည်း အစွမ်းထက်သော လေဓားများ၏ ခုတ်ပိုင်းခြင်းကို ခံခဲ့ရသလို ခံစားနေရသည်။
ပထမတွင်တော့ ယင်နတ်ဘုရားက ထိုအခြေအနေကို လက်မခံနိုင်ခဲ့ပေ။ သူက နောက်ကို ခြေတစ်လှမ်းပင် နောက်ဆုတ်လိုခြင်း မရှိချေ။ သို့သော် သူက တဖြည်းဖြည်းနှင့်ထိုအရာကို လက်မခံနိုင်တော့သည့်အတွက် နောက်ကို ဆက်တိုက်ဆုတ်သွားနေခဲ့ရ၏။
အမှန်အတိုင်း ပြောရလျှင်တော့ သူက ကီလိုမီတာပေါင်းများစွာ နောက်ဆုတ်သွားပြီးမှသာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ အခြေအနေကို လက်မခံနိုင်သည့် ယင်နတ်ဘုရားက အမှန်တရားလေလှိုင်းများထဲတွင် အားတင်းပြီး ရှေ့ကို ပြန်လျှောက်လာခဲ့သည်။ သူ့ပုံစံက လှိုင်းထန်နေသော မြစ်ထဲတွင် ရေဆန်ကို လှော်ခတ်နေသည့် လှေငယ်လေးတစ်စီးကဲ့သို့ ဖြစ်နေခဲ့၏။
ဤကမ္ဘာကြီးထဲတွင် ကုန်းမြေကြီး(၉)ခု ရှိသည်ဟု ပြောကြသည်။ စုစုပေါင်း ကွန်ဖြူးရှပ်ကျောင်းတော် (၇၂)ခု ရှိနေပြီး ကွန်ဖြူးရှပ်တပည့်များ၏ စိတ်ထဲတွင် အမှန်တရားကို မြတ်နိုးသော အငွေ့အသက်တစ်ခု ရှိနေသည်။ ထိုအရာများက ကမ္ဘာမြေကြီး ကီလိုမီတာရာပေါင်းများစွာထိတိုက်ခတ်နိုင်သော လေလှိုင်းတစ်ခုကို ဖန်တီးပေးနိုင်သည်ဟု ဆိုကြ၏။
တစ်ချိန်တည်းတွင် …
အလွန်ခြောက်ကပ်နေသော တောင်တန်း၏ ကီလိုမီတာ(၅၀)ခန့်အကွာတွင် ရှိနေသည့် စံအိမ်လေးတစ်ခုထဲတွင် ပိန်ပိန်ပါးပါးနှင့်တစ်ကိုယ်လုံးဖြူဖပ်ဖြူရော် ဖြစ်နေသော အမျိုးသမီးတစ်ယောက်က စက္ကူမီးအိမ်လေးကို မီးထွန်းရန် မြှောက်လိုက်သည်။
သို့သော် သူမက မြှောက်လိုက်သည့်အချိန်တိုင်း မီးအိမ်လေးက လျင်မြန်စွာ မီးငြိမ်းသွားခဲ့၏။ ထို့ကြောင့် သူမက အနည်းငယ် ဒေါသထွက်လာခဲ့သည်။ မင်းသားများ၏ရဲတိုက်ကဲ့သို့ ကြီးကျယ်ခမ်းနားသော စံအိမ်ကလည်း တစ္ဆေသရဲများ ၊ ဝိညာဉ်များနှင့် ပြည့်နှက်လာခဲ့သည်။ ခန်းမနှင့်စြင်္ကံများပေါ်တွင်လည်း ယင်စွမ်းအားလေလှိုင်းများ ထွက်ပေါ်လာခဲ့ကြ၏။
အမျိုးသမီးက အဖြူရောင်မီးအိမ်လေးကို အဝေးသို့ လွှင့်ပစ်လိုက်ပြီး လေထဲသို့ ဖြည်းညင်းစွာ ပျံသန်းလာခဲ့သည် ။ အဆုံးတွင်တော့ သူမက အမိုးထက် ပို၍မြင့်သော တစ်နေရာတွင် ရပ်လိုက်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်ရှုနေခဲ့လေ၏။
Translated by Hein Htet.