အခန်း (၁၂၅)
Vol. 9 Ch. 125
မြောက်ဘက်မှနေ၍ တောင်တန်းထဲကို ဝင်ရောက်လာခဲ့သော ချန်းပင်အန်းတို့အဖွဲ့က ယခုတော့ တောင်ဘက်ကို ဦးတည်နေခဲ့ကြသည်။ ခဏကြာ သွားလာခဲ့ကြပြီးနောက် သူတို့က မြောက်ဘက်သို့ ဦးတည်နေသော တခြား အဖွဲ့တစ်ခုနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ကြ၏။
သူတို့၏ခေါင်းဆောင်က နောက်ကျောတွင် မက်မွန်သစ်သားဓားတစ်ချောင်းနှင့် ခါးတွင် ငွေရောင်ခေါင်းလောင်းကြိုးတစ်ခု ရှိနေသော တာအိုဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ သူ၏တာအိုဝတ်စုံက အလွန်ဟောင်းနွမ်းနေပြီး ခြေထောက်တွင် မြက်ဖိနပ်တစ်စုံ ရှိနေသည်။ သူ့ဆီတွင် အင်မော်တယ် အငွေ့အသက်အနည်းငယ်လေးသာ ရှိနေပြီး ဆင်းရဲနွမ်းပါးသော အငွေ့အသက်များသာ ပြည့်နှက်နေခဲ့၏။
တာအိုဘုန်းတော်ကြီး၏ နောက်ဘက်တွင်တော့ မသန်စွမ်း လူငယ်တစ်ယောက်ရှိနေပြီး သူ၏နောက်ကျောတွင် အလွန်ကြီးမားသော အထုပ်ကြီးတစ်ခုကို သယ်ဆောင်ထား၍ သူ၏ပုခုံးပေါ်တွင်တော့ အလံတစ်ခုကို သယ်ဆောင်ထားသည်။ ထိုအလံပေါ်တွင် “နတ်ဆိုးများကို ရှင်းလင်းပြီး တစ္ဆေများကို ဖမ်းဆီးမယ်၊ မိစ္ဆာတွေကို တိုက်ဖျက်ပြီး တာအိုကို ကာကွယ်မယ်” ဟူသောစကားလုံးများရေးသားထားသည်။
သို့သော် အဝတ်စက အရောင်ပင် မှေးမှိန်နေခဲ့သည်။ ထိုအရာကလည်း အလံကို အကြိမ်ပေါင်းများစွာ ဆေးကြောထားခြင်းကြောင့် ဖြစ်နိုင်၏။ အလံအပေါ်တွင် ရှိနေသော စကားလုံးများကလည်း မှေးမှိန်နေခဲ့သည်။
သူ့အပြင် အသက်(၇)နှစ် (၈)နှစ်ခန့်သာရှိသော မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေး တစ်ယောက်လည်း ရှိနေခဲ့သည်။ သူမက အလွန်ငယ်ရွယ်ပြီး ပိန်ပိန်ပါးပါးနှင့် မျက်လုံးမှိတ်ထားသော တာအိုဘုန်းတော်ကြီးကို လက်နှစ်ဖက်နှင့် တွဲထားသည်။
တာအိုဘုန်းတော်ကြီးက ရုတ်တရက်မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် စိမ်းပြာရောင်နှင့် အနက်ရောင် တောင်တန်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူက အံ့ဩနေသော အမူအရာနှင့် ရေရွတ်လိုက်၏။
“ဟမ်….. ဒီတောင်တန်းတွေက ပန်းထိုးမြစ်ရဲ့ မြစ်နတ်ဘုရားစံအိမ်နဲ့ သိပ်ပြီးတော့မဝေးဘူး။ ဒါပေမယ့် ကောင်းကင်ကြီးပေါ်မှာ ဒီလောက်သိသာထင်ရှားတဲ့ နတ်ဆိုးစွမ်းအားတွေ ရှိနေတာလား။ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ သေချာပေါက် လျှို့ဝှက်ချက်တစ်ချို့ ရှိနေနိုင်တယ်။ တောင်တန်းနဲ့မြစ်ရဲ့ကြားထဲမှာ ကန့်သတ်ချက်တွေ ရှိနေပေမယ့် တခြားသူတွေကတောင် ဝင်ပြီးမနှောင့်ယှက်ဘူးဆိုတော့ ဒီနေရာက တော်တော်လေးကို ထူးဆန်းနေတယ်..”
ထိုစကားကို ကြားလိုက်သည့်အခါ ပါးဖောင်းဖောင်းနှင့်ကလေးမလေးက စိုးရိမ်တကြီး ပြောလိုက်သည်။
“ဆရာ…
ဒါဆိုရင် ကျွန်မတို့ ဘာလုပ်ကြမလဲ။ ဆရာ အရင်တစ်ခေါက် သစ်ကိုင်း(၃)ချောင်းတောင်တန်းမှာလည်း နတ်ဆိုးတွေကို ဖမ်းဖို့ မအောင်မြင်ခဲ့ဘူး။ ကျွန်မတို့ကို ငှားခဲ့တဲ့လူတွေက အရမ်းဒေါသထွက်သွားပြီး ကျွန်မတို့ကို ငွေတစ်ပြားမှတောင် မပေးခဲ့ဘူး။ အခု ကျွန်မတို့မှာ ကြေးပြား မရှိတော့ဘူး။ ကျွန်မတို့က ဒါကို ရှောင်သွားကြရင် မကောင်းဘူးလား…”
“ရှောင်သွားမှာလား…”
တာအိုဘုန်းတော်ကြီးက အေးစက်စွာ ပြောလိုက်သည်။
“တကယ်လို့ ငါက အဲဒီနတ်ဆိုးတွေနဲ့ မတွေ့ခဲ့ဘူးဆိုရင်တော့ ထားလိုက်ပါတော့။ ဒီနတ်ဆိုးတွေက ကံကောင်းတယ်လို့ပဲ သတ်မှတ်နိုင်သေးတယ်။ ဒါပေမယ့် ဒီတာအိုဘုန်းတော်ကြီးက သူတို့ကိုတွေ့နေရမှတော့ သူတို့ကို အလွတ်ပေးဖို့ အကြောင်းပြချက် ရှိသေးလို့လား။ အလံပေါ်မှာ ရေးထားတဲ့ ‘မကောင်းဆိုးဝါးတွေကို သုတ်သင်ပြီး တာအိုကို ကာကွယ်မယ်’ဆိုတာ ဟန်ပြသသက်သက်ပဲလား…”
“ဒီနားမှာ အပြင်လူတစ်ယောက်မှ မရှိပါဘူး…”
ကလေးမလေးက သက်ပြင်းချပြီး သတိပေးလိုက်သည်။
တာအိုဘုန်းတော်ကြီးက အပြုံးနှင့် ပြောလိုက်၏။
“ဒါဆိုလဲ ကြိုတင်ဇာတ်တိုက်ထားတယ်လို့ပဲ မှတ်လိုက်ပေါ့။ ငါက သစ်ကိုင်း(၃)ချောင်းတောင်တန်းထဲက အတွေ့အကြုံတွေကိုတောင် ပြန်မပြောရသေးဘူး။ အဲဒါက တော်တော်လေးကို ဒေါသထွက်စရာ ကောင်းလွန်းတယ်။ ရလဒ်က အဆင်မပြေရင်တောင် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် နည်းနည်းတော့ အကျိုးအမြတ် ရှိသင့်တယ်လေ။ ဒါပေမယ့် သူတို့ကတော့ ကြေးပြားတစ်ဝက်တောင် မပေးချင်ဘူး။ လောကကြီးထဲမှာ ဒီလို အရှက်မဲ့ပြီး စေတနာမရှိတဲ့သူတွေ ရှိနေသေးတာပဲ။ သူတို့ရဲ့ ဘိုးဘေးအုတ်ဂူတွေကို တောင်တန်းတစ္ဆေတွေက ဖျက်ဆီးပစ်ပြီး သူတို့ရဲ့ မျိုးဆက်သစ်တွေကလည်း ဒုက္ခတွေ ဆက်တိုက်ရောက်ကြရမှာ…”
“ဆရာ….
တာအိုသခင်တွေဆိုတာ မျှတတဲ့စိတ်နေစိတ်ထား ရှိရမယ်လို့ ဆရာပြောခဲ့တာ မဟုတ်လား….”
ကလေးမလေးက သူ့ကို နောက်တစ်ကြိမ် သတိပေးလိုက်သည်။
အစောပိုင်းတွင် ပြုံးရွှင်နေပြီး ကရုဏာတရားများ ရှိနေသော တာအိုဘုန်းတော်ကြီးက ရုတ်တရက် ဒေါသထွက်သွားခဲ့၏။ သူက ကလေးမလေး၏ တံတောင်ဆစ်ကို လက်ချောင်းနှစ်ချောင်းနှင့် အားစိုက်ညှစ်လိုက်သည်။
သူက ခပ်တည်တည် အမူအရာနှင့် ပြစ်တင်ကြိမ်းမောင်းလိုက်၏။
“ကိုယ့်ဆရာ ကိုယ်ပြန်ပြီး ဆုံးမဖို့ မင်းကို ဘယ်သူက သတ္တိတွေပေးလိုက်တာလဲ။ မင်းက အကြိမ်ကြိမ်တောင် ပြန်ပြောရဲသေးတာလား…”
ကလေးမလေးက တံတောင်ဆစ်တွင် အလွန်နာကျင်နေလွန်းလှသည့်အတွက် မျက်ရည်များ စီးကျလာခဲ့သည်။ သူမက ခွင့်လွှတ်ပေးရန် အလျင်အမြန် တောင်းပန်လိုက်၏။
“နာတယ်….နာတယ် ဆရာ။ ကျွန်မ နောက်တစ်ကြိမ် မပြောတော့ပါဘူး…”
တာအိုဘုန်းတော်ကြီးက ပြန်လှည့်မကြည့်ဘဲ သူ့ခါးတွင် ချိတ်ထားသော ခေါင်းလောင်းလေးကို အားနှင့် ရိုက်လိုက်သည်။ ခေါင်းလောင်းသံမြည်လာသည့် အချိန်တွင် သူက ကြောက်စရာကောင်းစွာ ပြုံးလိုက်၏။
“ခွေးကောင်လေး …
မင်းက ကိုယ့်ဆရာကိုတောင် သတ်ဖြတ်ချင်စိတ် ပေါ်လာရဲသေးတာလား…”
မသန်စွမ်းလူငယ်က တိတ်ဆိတ်နေခဲ့သည်။ သို့သော် သူ၏နှာခေါင်းနှင့်နားထဲမှနေ၍ သွေးများ စတင်စီးကျလာခဲ့၏။ ထိုသို့ဆိုရာတွင် လူငယ်ကတော့ တိတ်ဆိတ်နေပြီး မလှုပ်မယှက် ရှိနေခဲ့သည်။
ကလေးမလေးကတော့ ပို၍ ဝမ်းနည်းစွာငိုကြွေးနေပြီး တောင်းပန်လိုက်၏။
“ဆရာ..
ကျေးဇူးပြုပြီး အစ်ကိုကြီးကို လွှတ်ပေးပါ။ သူက တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မက နောက်(၃)ရက်အတွင်း ဆရာ့အတွက် နွေဦးရေ အပို(၅၅၀)ဂရမ်လောက်ပေးဖို့ အကောင်းဆုံးကြိုးစားပါ့မယ်…”
တာအိုဘုန်းတော်ကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ကလေးမလေး၏ ခေါင်းကို အားနှင့် ရိုတ်လိုက်သည်။
ပိန်ပိန်ပါးပါးကလေးမလေးက ဘယ်ညာယိမ်းသွားခဲ့ပြီး ချက်ချင်းထပ်ပြောလိုက်၏။
“အကောင်းဆုံး ကြိုးစားမှာ မဟုတ်ပါဘူး။ ကျွန်မ အာမခံပါတယ်….”
နောက်ဆုံးတွင်တော့ တာအိုဘုန်းတော်ကြီးက သစ်ကိုင်းခြောက်တစ်ခုကဲ့သို့ ရှုံ့တွနေသော သူ၏လက်ကို ဖယ်လိုက်သည်။ သူက အားရပါးရရယ်ပြီး ပြောလိုက်၏။
“တောင်တန်းထဲကို ဝင်ကြစို့။ မြင်းတွေက မြက်မစားဘဲ ကြီးမလာနိုင်ဘူး။ ချမ်းသာခြင်းတောင်တန်းက ငါတို့ရဲ့ရှေ့မှာ စောင့်နေတယ်။ အမှန်အတိုင်းပြောရရင် မင်းတို့နှစ်ယောက်ကတော့ ငါ့ကိုကပ်ပြီး စားစရာ သောက်စရာတွေ ရနေတာ။ လေ့ကျင့်နေတဲ့ အချိန်မျိုးမှာ မင်းတို့ဆရာရဲ့စိတ်က ပိုပြီးတော့ အေးချမ်းတယ်။ အခု စဉ်းစားကြည့်လိုက်မယ်ဆိုရင် ငါက နောက်ပိုင်း မင်းတို့နှစ်ယောက်ကိုပိုပြီး ကောင်းကောင်း ဆက်ဆံခဲ့သင့်တယ်။ ဟား..ဟား…ဟား…”
ကလေးမလေးက မျက်မမြင်တာအိုဘုန်းတော်ကြီးကို ဆက်၍ တွဲထားပေးပြီး တောင်ပေါ်သို့ တက်လာခဲ့ကြသည်။
မသန်စွမ်းလူငယ်ကတော့ မျက်နှာပေါ်ရှိ သွေးများကို တိတ်တဆိတ် သုတ်လိုက်၏။ သူက ထိုအရာနှင့် အသားကျနေခဲ့ပြီး ဖြစ်သည်။ ကလေးမလေးက သူ့ကိုပြန်လှည့်ပြီး တိတ်တဆိတ် ပြုံးပြလိုက်၏။ လူငယ်က သူအဆင်ပြေကြောင်း အပြုံနှင့် အချက်ပြလိုက်သည်။
တောင်တန်းထဲကိုဝင်လာပြီးနောက် ဆရာတပည့်(၃)ယောက်က (၅)ရက်ကျော်နီးပါး ခရီးသွားလာခဲ့သည်ကိုပင် နတ်ဆိုးစွမ်းအားများ ရှိနေသောနေရာကို အာရုံခံနိုင်ခြင်း မရှိသည်မှာ အံ့ဩစရာကောင်းလွန်းသည်။ တာအိုသခင်အိုကြီးက အနီးအနား သစ်ပင်များကို လွှမ်းခြုံနေသော နတ်ဆိုးအငွေ့အသက်များကို အာရုံခံနေမိသည်။
ထိုသို့ဆိုရာတွင် သူကတော့ မည်သို့ ကြိုးစားစေကာမူ ထိုစွမ်းအင်များ၏ ဇာတ်မြစ်ကို ခြေရာခံနိုင်ခဲ့ခြင်း မရှိချေ။ ထို့အတွက်ကြောင့် ထိုနတ်ဆိုးက သေချာပေါက် အလွန်အစွမ်းထက်သည်ဟု တာအိုဘုန်းတော်ကြီးက သတိထားမိခဲ့သည်။ မဟုတ်လျှင် သူက ထိုကဲ့သို့ ဖုံးကွယ်ခြင်းဝင်္ကပါကို သုံးနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် တာအိုဘုန်းတော်ကြီးကတော့ လက်မလျော့သေးပေ။ သူက အလံသယ်ထားသော မျက်မမြင်ကောင်လေးကို နေ့စဉ်နေ့တိုင်း ပတ်ပတ်လည်တွင် ကင်းထောက်ရန် အမိန့်ပေးထားခဲ့သည်။
တစ်ချိန်တည်းတွင် သူနှင့် ကလေးမလေးတို့ကတော့ တောင်တက်လမ်း၏အနားတွင် အနားယူနေကြသည်။ မကြာခဏဆိုသလို သူက သစ်သားသံလိုက် အိမ်မြောင်တစ်ခုကို ထုတ်ကြည့်နေခဲ့၏။ ထိုအရာကို ပြောင်းပြန်သံလိုက်အိမ်မြောင်ဟုလည်း လူအများက ခေါ်ကြသည်။
ထိုအရာက တာအိုဘုန်းတော်ကြီးများ၊ သဘာဝပညာရှင်များ အသုံးပြုနေသော ပစ္စည်း တစ်ခုလည်းဖြစ်၏။ ထိုကဲ့သို့ သံလိုက်အိမ်မြောင်မျိုးက ရှားပါးမှုမရှိသော်လည် အနီရောင်အပ်ကလေးပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသော ထိုအရာက လျှို့ဝှက်ချက်များစွာကို သယ်ဆောင်ထားသည်။
ကောင်းကင်ကြီးက နက်မှောင်နေပြီး လေထဲတွင် မြူခိုးများ ရှိနေသည်။ အချိန်မရွေး မိုးရွာကျလာနိုင်၏။ တာအိုဘုန်းတော်ကြီးက ထိုလမ်းကြောင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏သံလိုက်အိမ်မြောင်လေးကို ငုံ့ကြည့်လိုက်သည်။
ထို့နောက် အလွန်ခမ်းနားသောအသံနှင့် ရွတ်ဆိုလိုက်၏။
“အထက်အောက် ပြောင်းပြန်လှန်မယ်။ တောင်တန်း(၂၄)ခုထဲမှာ ရွှေတောင်တွေ ငွေတောင်တွေ ရှိနေတယ်။ အထက်အောက် ပြောင်းပြန်လှန်မယ်။ တောင်တန်း(၂၄)ခုထဲမှာ နဂါးအသိုက်တွေ၊ ကျားရဲတွင်းတွေ ရှိနေတယ်…”
အဘိုးအိုက သူ၏သံလိုက်အိမ်မြောင်ကို သိမ်းလိုက်ပြီးနောက် အဝေးမှ တောင်တန်းများကို လှမ်းကြည့်လိုက်သည်။ သူက အပြုံးနှင့် တိုးတိုးလေး ပြောလိုက်၏။
“ကြွယ်ဝခြင်းလမ်းကြောင်းက ပွင့်သွားပြီ။ ကောင်းကင်ကြီးက ငါတို့အတွက် လမ်းကြောင်းတစ်ခု ချန်ထားပေးတယ်။ ကြည့်ရတာတော့ ငါက ဝမ်ပင်တိုင်းပြည်ကို ရောက်တဲ့အချိန်ကျရင် အရက်နည်းနည်းတော့ သောက်လို့ရတော့မယ် ထင်တယ်..”
မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးက သူ့ဆရာကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်ရာ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။ သူမက မျက်လုံးကို တတ်နိုင်သမျှ ပြူး၍ကြည့်လိုက်၏။
ထိုအဖွဲ့က အနားကို ရောက်လာသည့်အချိန်တွင် ရှေ့ဆုံးမှ လျှောက်လာသည်မှာ နောက်ကျောတွင် ခြင်းတောင်းကြီးတစ်ခုသယ်ပြီး မြက်ဖိနပ်စီးထားသော လူငယ်လေး တစ်ယောက်ဖြစ်သည်။ သူ၏လက်ထဲတွင် တောတွင်းသုံး ဓားတစ်ချောင်းကို ကိုင်ထား၏။ သူက လမ်းပိတ်နေသော သစ်ကိုင်းများ၊ ချုံပုတ်များကို ထိုဓားနှင့် ရှင်းနေခဲ့သည်။
သူ့နောက်တွင်တော့ လူ(၃)ယောက် ပါလာပြီး သူတို့အားလုံးက အတော်လေးကို ငယ်ရွယ်ကြသေးသည်။ တစ်ယောက်ကတော့ အနီရောင်အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားပြီး တစ်ယောက်ကတော့ ခပ်ဆိုးဆိုးပုံစံ လူငယ်လေး တစ်ယောက်ဖြစ်သည်။ တစ်ယောက်ကတော့ အထီးကျန်နေသော အစ်ကိုကြီး တစ်ယောက်ဖြစ်၏။
သူတို့(၃)ယောက်က ချစ်စရာကောင်းသော အစိမ်းရောင်စာအုပ် သေတ္တာလေးများကို သယ်ဆောင်ထားကြသည်။ နောက်ဆုံးတွင်တော့ သူတို့၏နောက်မှနေ၍ အဝတ်ထုပ်များ သယ်ထားသော မြည်းဖြူတစ်ကောင် ရှိနေခဲ့သည်။
ကလေးမလေးက အသံတိုးတိုးနှင့် ပြောလိုက်၏။
“ဆရာ…
သူတို့ကိုကြည့်ရတာ ချမ်းသာတဲ့ပုံလည်းမပေါ်ဘူး။ ကျွန်မတို့က သူတို့ကို အလွတ်ပေးလိုက်ရင် မကောင်းဘူးလား…”
မျက်မမြင်တာအိုဘုန်းတော်ကြီးက မျက်ခုံးပင့်၍ ပြန်ပြောလိုက်သည်။
“ခြင်တစ်ကောင်ရဲ့ ခြေထောက်က ဘယ်လောက်ပဲ သေးငယ်ပါစေ အသားရှိတာပဲလေ။ မင်းက ငါတို့ရဲ့ အရင်းအမြစ်တွေကို ထိန်းချုပ်နေရတာပဲ။ ဒီတော့ ငါတို့ဆီမှာ ကြေးပြားဘယ်လောက်ရှိတယ်ဆိုတာ မသိဘူးလား။ အစားကြီးတဲ့ မင်းရဲ့အစ်ကိုကြီးကြောင့် ငါတို့က ငွေစတွေ ဘယ်လောက်တောင် ကုန်သွားပြီလဲ။ တကယ်လို့ ငါကသာ မင်းတို့နှစ်ယောက်ကို သနားပြီး ခေါ်မလာခဲ့ဘူးဆိုရင် မင်းတို့က ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာကြီးပေါ်မှာ ဘယ်နှစ်ရက်ပဲ နေနိုင်ကြမှာလဲ…”
ဉာဏ်ကောင်းသောကလေးမလေးက တာအိုဘုန်းတော်ကြီး၏ ပုခုံးကို အလျင်အမြန် နှိပ်ပေးလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုပေါ်လာပြီး ကျေးဇူးတင်စွာ ပြောလိုက်၏။
“ဒါကြောင့်လည်း အစ်ကိုကြီးနဲ့ကျွန်မက ဆရာ့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ပေးနေရရင်တောင် လုံးဝ အပြစ်မတင်ပါဘူး။ ဒါပေမယ့် တကယ်လို့ နောက်ပိုင်း ဆရာ ဒေါသထွက်တယ်ဆိုရင် အစ်ကိုကြီး မရှိတဲ့အချိန် ကျွန်မကိုပဲ အပြစ်ပေးလို့ ရမလား။ ဒါဆိုရင် အစ်ကိုကြီးကလည်း ဒေါသမထွက်တော့သလို ဆရာကလည်း သူ့ကို အပြစ်ပေးဖို့ မလိုတော့ဘူးလေ..”
တာအိုဘုန်းတော်ကြီးက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ကလေးမလေးက သူ့လက်ကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး ဘေးတွင်ရပ်လိုက်၏။
သူတို့အနားကို ကပ်လာနေသော အဖွဲ့က တာ့လီအင်ပါယာ၏ နယ်စပ်တွင် ရှိနေသော ယဲ့ဖူတောင်ကြားကို ဦးတည်နေသည့် ချန်းပင်အန်းတို့အဖွဲ့ ဖြစ်ကြသည်။ အမှန်အတိုင်း ပြောရလျှင် ချန်းပင်အန်းက ပြုံးနေသော အဘိုးအိုနှင့် ကလေးမလေးတို့ကို သတိထားမိသည်မှာ ကြာခဲ့ပါပြီ။
ချန်းပင်အန်းတို့အဖွဲ့အနားကို ရောက်လာသည့်အချိန်တွင် တာအိုဘုန်းတော်ကြီးက သူ၏မုတ်ဆိတ်မွှေးကို လက်နှင့်သပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“တကယ်လို့ ငါရဲ့အမြင်သာ မမှားရင် မင်းတို့(၄)ယောက်က ခရီးရှည်ကြီးအတောအတွင်း ခက်ခဲကြမ်းတမ်းတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရလိမ့်မယ်။ ဒါပေမယ့် ကံဆိုးမှုတွေကနေ လွတ်မြောက်လာပြီးမှပဲ ကံကောင်းလာနိုင်မယ်ဆိုတဲ့ စကားလုံးကိုလည်း မင်းတို့က မယုံကြဘူး။ ငါ့အနေနဲ့ ပြောရမယ်ဆိုရင် တကယ့်အစစ်အမှန် ဒုက္ခတွေက ရှေ့မှာ ရှိနေသေးတယ်။ အဲဒီဒုက္ခတွေကို ကျော်လွှားနိုင်မှပဲ မင်းတို့က ကံကောင်းမှုတွေကို ကြုံတွေ့လိမ့်မယ်…”
ချန်းပင်အန်း၏ စိတ်ထဲတွင် ချက်ချင်း သတိထားမိလိုက်သည်။ သို့သော် သူ၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။
ထိုအချိန်တွင် လီပေါင်ဖျင်က အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေသော ကလေးမလေးကို စိုက်ကြည့်နေခဲ့၏။ ထိုကလေးမလေးက ရှက်ရွံ့စွာ ပြုံးပြလိုက်သည့်အတွက် လီပေါင်ဖျင်ကလည်း ပြန်ပြုံးပြလိုက်သည်။ ကလေးမလေးက သူမထက် အနည်းငယ်လေးသာ ပို၍ငယ်သည့်အတွက် သူတို့က အချင်းချင်း ကောင်းမွန်သောခံစားချက်များ ရှိနေကြသည်။
လီဟွိုင်ကတော့ ပါးစပ်ထဲမှ ထွက်တော့မည့် စကားလုံးများကို အလျင်အမြန် မြိုချထားခဲ့ရ၏။
‘ခင်ဗျားက မျက်လုံးကန်းနေတာလား တာအိုဘုန်းတော်ကြီး… ခင်ဗျားက ဘာကို ကြည့်မယ်ကြည့်မယ် ဆိုတဲ့စကားကိုပဲ ပြောနေရတာလဲ….’
သူက ထိုစကားများကို ပြောချင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ပန်းထိုးမြစ်အတိုင်း သွားလာခဲ့စဉ် အတောအတွင်း သူတို့ကြုံတွေ့ခဲ့ရသည့် ဒုက္ခများက လူငယ်လေး၏ခေါင်းထဲတွင် လတ်ဆတ်နေသေး၏။ သူက ချက်ချင်းပင် ပါးစပ်ပိတ်ပြီး နောက်ထပ် ပြဿနာမရှာရန် ဆုံးဖြတ်လိုက်သည်။
လီဟွိုင်၏အတွေးကို ခံစားမိသည့်အလား ဘုန်းတော်ကြီးက ကျယ်လောင်စွာ ရယ်၍ ရှင်းပြလိုက်၏။
“တာအိုဂိုဏ်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းရည်(၁၀)ခုရှိတယ်ဆိုတာ မင်းတို့လူငယ်လေးတွေမှ မသိတာ။ အဲဒီအရာတွေထဲမှာ စိတ်မျက်လုံးကို ဖွင့်ခြင်း၊ ကောင်းကင်ကို ရှင်းလင်းခြင်းနဲ့ တစ္ဆေတွေ ၊ နတ်ဆိုးတွေကို ဖယ်ရှားခြင်းဆိုတဲ့ စွမ်းရည်တွေလည်း ရှိတယ်။ ငါကတော့ အဲဒီစွမ်းအင်ကို တိုက်တိုက်ဆိုင်ဆိုင် သင်ထားခဲ့မိတယ်။ ငါက ပညာရှင်တစ်ယောက်လို့ မဆိုနိုင်ပေမယ့် အဲဒီအရာတွေကို တော်တော်လေးတော့ နားလည်တယ်။ ငါက တခြားလူတွေကို မမြင်ရပေမယ့် သူတို့ရဲ့ အငွေ့အသက်တွေကို စစ်ဆေးကြည့်နိုင်တယ်…”
“ကျွန်တော်တို့က သရဲ၊ တစ္ဆေတွေ၊ နတ်ဘုရားတွေကို မတော်တဆ တွေ့တဲ့အချိန်မျိုးမှာ ထူးခြားတဲ့စွမ်းအားတွေ၊ ခန့်မှန်းလို့မရနိုင်တဲ့ ခွန်အားတွေ၊ ဆန့်ကျင်မှုတွေ အကြောင်း မပြောဖို့ ကွန်ဖြူးရှပ်သူတော်စင်က ကျွန်တော်တို့ကို သင်ပေးထားတယ်…”
လင်းရှို့ယီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
တာအိုဘုန်းတော်ကြီးက အနည်းငယ် အံ့ဩသွားခဲ့၏။ သို့သော် သူကလျင်မြန်စွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ထားလိုက်ပါတော့..ထားလိုက်ပါတော့.။ ဗုဒ္ဓဘုန်းတော်ကြီးတွေက ရေစက်မရှိတဲ့ လူတွေကို မကယ်ဘူး။ တာအိုဘုန်းတော်ကြီးတွေကလည်း လမ်းလွဲနေတဲ့လူတွေကို မကယ်ဘူး။ မင်းတို့က အခုသွားလို့ရပြီ။ ဒါပေမယ့် မင်းတို့ရဲ့ခရီးလမ်းမှာ ဂရုစိုက်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ မင်းတို့က ဒုက္ခတွေ့မယ်ဆိုရင် ဘာမှကြောက်မနေဘဲ အကျယ်ကြီးသာ အော်လိုက်ပါ။ တကယ်လို့ ငါကသာ မင်းတို့ရဲ့ အကူအညီတောင်းသံကို တိုက်တိုက်ဆိုင်ဆိုင်ကြားမယ်ဆိုရင်တော့ မင်းတို့ကို ချက်ချင်းလာပြီး ကူညီပေးမယ်။ ဒါပေမယ့် ငါက အရမ်းဝေးသွားပြီဆိုရင်တော့ မင်းတို့ကို အကူအညီပေးဖို့ အစွမ်းမရှိနိုင်တော့ဘူး…”
ထိုစကားကို ပြောလိုက်ပြီးနောက် မျက်မမြင်တာအိုဘုန်းတော်ကြီးက သူတို့ကို လမ်းဖယ်ပေးလိုက်သည်။
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က အဲဒီအရာကို ဂရုစိုက်ပါ့မယ်…”
အဖွဲ့(၂)ဖွဲ့က အချင်းချင်းဖြတ်ကျော်သွားခဲ့ပြီး လီပေါင်ဖျင်က မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးကို လက်ဝှေ့ ယမ်းပြလိုက်သည်။ ကလေးမလေးကလည်း ကြောက်ရွံ့စွာနဲ့ သူမ၏ရင်ဘတ်ပေါ်သို့ လက်တင်လိုက်ပြီး ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။
ချန်းပင်အန်းတို့အဖွဲ့ ပျောက်ကွယ်သွားသည့်အချိန်တွင် တာအိုဘုန်းတော်ကြီးက တီးတိုးရေရွတ်လိုက်၏။
“ငါတို့ရဲ့ခရီးလမ်းတစ်လျှောက် ငါတို့က တာ့လီအင်ပါယာက သိုင်းပညာရှင်တွေ၊ အနီးနားမြို့တွေထဲက ဗဟုသုတမရှိတဲ့ နယ်မြေခံတွေကို ကြုံတွေ့ခဲ့ရတယ်။ အချိန်တိုင်းမှာ ဒီနည်းလမ်းက အလုပ်ဖြစ်ခဲ့တာပဲ။ ဒါပေမယ့် ဘာလို့ ဒီနေ့အလုပ်မဖြစ်တော့တာလဲ။ တော်တော်လေး ကံဆိုးလိုက်တာ။ ဘာမှအလုပ်မဖြစ်တော့ဘူး။ ကြည့်ရတာတော့ ဒီတစ်ကြိမ် နတ်ဆိုးတွေ လွတ်မသွားဖို့က ပိုပြီးတော့ အရေးကြီးတယ်ထင်တယ်။ ဒီတောင်တန်းတွေထဲမှာ နေထိုင်တဲ့ နတ်ဆိုးကြီးတွေက ကြွယ်ဝချမ်းသာမှုကြီးတွေကို သေချာပေါက် ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် ဒီတစ်ကြိမ် ………..”
မျက်မမြင်တာအိုဘုန်းတော်ကြီး၏ မျက်ခွံများက အနည်းငယ်လှုပ်ရှားသွားသည်။ သူက စကားပြောနေခြင်းကို ချက်ချင်းရပ်တန့်လိုက်၏။ သူက တွေဝေနေသော အမူအရာနှင့် အဝေးတောင်တက်လမ်းကို ငေးကြည့်နေသော ကလေးမလေး၏ခေါင်းကို လက်နှင့်ပုတ်၍ ချိုသာစွာ ပြောလိုက်သည်။
"ကျိုးအာ... တကယ်လို့ ဆရာတို့သာ ဒီတစ်ကြိမ် အောင်မြင်မယ်ဆိုရင် ဆရာ့ရဲ့လျှပ်စီးကျင့်စဉ်က ပိုပြီးတော့ အာမခံချက် ရလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဆရာတို့က ငွေကြေးအတွက် စိုးရိမ်နေဖို့ မလိုတော့ဘူး။ ဒီလိုဆိုရင် ဆရာက မင်းနဲ့မင်းရဲ့အစ်ကိုကြီးအပေါ် သေချာပေါက်ကောင်းပေးမှာပါ…"
ကလေးမလေးက မော့ကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။
"ဆရာသာ တစ်ချိန်လုံး ခေါင်းလောင်းတီးနေတာကို ရပ်မယ်ဆိုရင် ကျွန်မက အရမ်းဝမ်းသာနေမှာပါ…"
မျက်မမြင်တာအိုဘုန်းတော်ကြီးက ထိုအရာကို ပြန်မပြောခဲ့ပေ။ သူက ရုတ်တရက် မော့ကြည့်လိုက်ပြီး လက်ချောင်းလေးများထဲတွင် တံဆိပ်များ စတင်ဖန်တီးလိုက်၏။ သူက အံ့ဩနေခဲ့ခြင်းမရှိဘဲ ဝမ်းသာအားရ ပြောလိုက်သည်။
"ရာသီဥတုက ပြောင်းလဲသွားပြီ။ တော်တော်ကို သိပ်သည်းတဲ့ နတ်ဆိုးစွမ်းအားတွေပဲ။ ပတ်ဝန်းကျင်ရာသီဥတုတောင် ပြောင်းလဲသွားခဲ့တယ်။ အရမ်းကောင်းတယ် .. အရမ်းကောင်းတယ်။ နောက်ဆုံးမှာတော့ ငါတို့က မြွေကို တွင်းထဲကနေ မျှားခေါ်နိုင်ခဲ့ပြီ။ ကျိုးအာ...မကောင်းဆိုးဝါးတွေကို သုတ်သင်ပြီး တာအိုကို ကာကွယ်ဖို့အတွက် ဆရာနဲ့အတူ အသင့်ပြင်ထားပါ…"
ကလေးမလေးက စိတ်လိုလက်ရ ခေါင်းညိတ်ပြလိုက်သည်။ သူမကတော့ နာမည်တစ်ခုတည်းနှင့် သာမန်လူများကို ခြောက်လှန့်နိုင်သော နတ်ဆိုးများ၊ တစ္ဆေများကို လုံးဝမကြောက်ပေ။
သူမက အင်္ကျီအိတ်ထဲတွင် လိပ်ထားသော တစ်လက်မခန့် ရှည်လျားသည့် ငွေရောင်ဓားငယ်လေး တစ်ချောင်းကို ယူလိုက်သည်။ သူမက ထိုဓားနှင့် လက်ကိုဖြတ်ရန် ပြင်နေရင်း မေးလိုက်သည်။
"ဆရာ...
အခု အဆောင်နွေဦးရေကိုရော လိုအပ်သေးလား…"
တာအိုဘုန်းတော်ကြီးက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ဆရာ့ဆီမှာ နည်းနည်းရှိနေသေးပေမယ့် မထင်မှတ်ထားတဲ့ အခြေအနေအတွက် နည်းနည်းလောက်ထပ်ပြီး ပြင်ဆင်ထားတာ ပိုပြီးကောင်းတယ်။ ဒါဆိုရင် နတ်ဆိုးတွေ မထင်မှတ်ဘဲ တိုက်ခိုက်တာကို မခံရတော့ဘူးပေါ့။ ပြီးတော့ မင်းလည်း ရလဒ်ကြောင့် ကံဆိုးမှုတွေနဲ့ မကြုံနိုင်တော့ဘူး…"
ကလေးမလေးက သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် ဓားငယ်လေးနှင့် သူမ၏လက်ကို ဖြတ်လိုက်သည်။ ပူနွေးသော သွေးများ ချက်ချင်းစီးထွက်လာပြီး သူမက အလျင်အမြန် လက်မြောက်၍ ပြောလိုက်၏။
"ဆရာ... အဆင်သင့်ဖြစ်ပါပြီ…"
မျက်မမြင်တာအိုဘုန်းတော်ကြီးက သူ၏လက်ချောင်းလေးကို ကျွမ်းကျင်စွာ အသုံးပြုပြီး လက်ဖဝါးပေါ်တွင် တံဆိပ်တစ်ခု လျင်မြန်စွာ ရေးဆွဲလိုက်သည်။ ထို့နောက် လက်နှစ်ဖက် ပြောင်းလိုက်ပြီး ညာဘက်လက်ဖဝါးပေါ်တွင် နောက်ထပ်တံဆိပ်တစ်ခု ရေးဆွဲလိုက်သည်။
ကလေးမလေး၏မျက်နှာကတော့ တဖြည်းဖြည်း ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူမက အားတင်း၍ မေးလိုက်၏။
"ဆရာ... ဒါဆိုရင် လုံလောက်ပြီလား…"
"ခဏအတွက်တော့ လုံလောက်ပါပြီ…"
တာအိုဘုန်းတော်ကြီးက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ဆရာက အခု ဒီတောင်ထဲမှာရှိတဲ့ နတ်ဆိုးကြီးကို ဆရာ့ရဲ့လျှပ်စီးအစွမ်းတွေ အရသာ မြည်းခိုင်းတော့မယ်။ သူ့ခေါင်းပေါ်ကို လျှပ်စီးကျလာတာက ဘယ်လိုလဲဆိုတာ ကြည့်ကြသေးတာပေါ့…"
ထိုဆရာတပည့်နှစ်ယောက်နှင့် မီတာ(၅၀၀)ခန့်အကွာတွင် …
ချန်းပင်အန်းက ရုတ်တရက် ရပ်လိုက်ပြီး ဓားကိုမြှောက်၍ တစ်ခြားလူများကို သတိထားနေရန် အချက်ပြလိုက်သည်။ တစ်ခြားလူများက လှမ်းကြည့်လိုက်ရာ သစ်တောထဲမှနေ၍ မျောက်တစ်ကောင်ကဲ့သို့ ခုန်ပေါက်ထွက်လာသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။
သူ့လက်ထဲတွင် အလွန်ထူးဆန်းသော အလံတစ်ခုကို ကိုင်ထားသည်။ သူက တောင်တက်လမ်းတွင် သူတို့ကို နောက်ကျောပေး၍ စောင့်နေပြီး ထိုအလံကို အကြိမ်ပေါင်းများစွာ ဝှေ့ယမ်းနေခဲ့သည်။ ထိုအရာကို လုပ်ဆောင်လိုက်ပြီးနောက် သူက တာအိုဘုန်းတော်ကြီး ရှိနေသော နေရာကိုပြန်သွားရန် တောင်တက်လမ်းပေါ်မှ ပြေးဆင်းသွားခဲ့သည်။
သို့သော် သူ ပြန်လှည့်လာသည့်အချိန်၌ ချန်းပင်အန်းတို့ အဖွဲ့ကို မြင်လိုက်ရသည့် အချိန်တွင် သူ၏မျက်နှာပေါ်၌ စိုးရိမ်နေသောအမူအရာတစ်ခု ပေါ်လာခဲ့သည်။
ခဏကြာစဉ်းစားပြီးနောက် အံကြိတ်ထားသော လူငယ်လေးက သူ၏အစီအစဉ်ကို ပြောင်းလဲလိုက်၏။ သူက တောင်တက်လမ်းမှ နောက်ဆုတ်သွားခဲ့ပြီး တောင်တက်လမ်းမှ ပြန်ဆင်းရမည့်အစား သူတို့ကို ရှောင်သွားရန် ရွေးချယ်လိုက်သည်။ တစ်ချိန်တည်းတွင် သူက ချန်းပင်အန်းတို့ကို မြန်မြန်ထွက်သွားရန် အချက်ပြခဲ့၏။
လီဟွိုင်က အံ့ဩသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ…"
လင်းရှို့ယီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"အဲဒီကောင်လေးရဲ့နောက်ကို မကောင်းဆိုးဝါးတစ်ကောင် လိုက်နေတာ ဖြစ်နိုင်တယ်။ ငါက လွင့်မျောနေတဲ့ ယင်စွမ်းအားတွေကို အာရုံခံမိတယ်…"
ခဏကြာပြီးနောက် ချန်းပင်အန်းတို့အဖွဲ့က အနက်ရောင်မီးခိုးငွေ့များ လွှမ်းခြုံနေသော ဝေဝေဝါးဝါး အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်လာနေသော ထိုအရိပ်က သူ့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး အလံကိုင်ထားသော လူငယ်လေး၏နောက်ကိုသာ လိုက်သွားခဲ့သည်။ သူ့နောက်မှ လျင်မြန်စွာ လိုက်သွားခဲ့ခြင်းဖြစ်၏။
ချန်းပင်အန်းက လင်းရှိုယီကို လှည့်ပြီးပြောလိုက်သည်။
"ဒါကို ဘယ်လိုသဘောရလဲဆိုတာ စီနီယာ ယင်နတ်ဘုရားကို မေးလိုက်ပါ…"
ခဏကြာပြီးနောက် လင်းရှို့ယီက ပြန်ဖြေလိုက်သည်။
"ငါတို့က ရှေ့ကို ဆက်လျှောက်ပြီး ဒီနေရာမှာ ရပ်မနေဖို့ စီနီယာ ယင်နတ်ဘုရားက ပြောလိုက်တယ်။ သူက အခွင့်အရေးရရင် အခြေအနေကို ကြည့်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် သူ့ရဲ့တာဝန်က ငါတို့ကိုကာကွယ်ပြီး တာ့လီအင်ပါယာရဲ့နယ်စပ်ထိ လိုက်ပို့ပေးရုံပဲလို့ ပြောတယ်။ ငါတို့ရဲ့ ရည်မှန်းချက်က ပိုဝေးတဲ့နေရာမှာ ဗဟုသုတတွေ သွားရှာဖို့ ဆိုတာကို သူက သတိပေးစေချင်တယ်။ နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေ သတ်ဖြတ်နေတဲ့သူတွေကို မကူညီစေချင်ဘူး။ သူက ငါတို့ကို ပြဿနာတွေကနေ ဝေးဝေးရှောင်ဖို့ မျှော်လင့်နေခဲ့တယ်…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"အခြေအနေကို ကြည့်ပြီး လှုပ်ရှားဖို့ စီနီယာ ယင်နတ်ဘုရားကို ပြောလိုက်ပါ။ တကယ်လို့ သူ တတ်နိုင်တယ်ဆိုရင်တော့ ကူညီပေးနိုင်တယ်။ တကယ်လို့ အခြေအနေက အရမ်းခက်ခဲနေတယ်ဆိုရင်လည်း သူက အတင်းအကျပ် ကူညီပေးစရာ မလိုဘူး။ ပြီးတော့ မင်းကလည်း အဆောင်(၃)ခုကို ပြင်ဆင်ထားသင့်တယ် လင်းရှို့ယီ..။ အခုကစပြီး မင်းက ရှေ့ဆုံးကနေ လျှောက်ရမယ်။ ငါက နောက်ဆုံးကနေ လျှောက်မယ်။ လီပေါင်ဖျင်နဲ့ လီဟွိုင်… တကယ်လို့ ငါတို့က နတ်ဆိုးတွေ ၊ သရဲတစ္ဆေတွေကို တွေ့ရမယ်ဆိုရင်လည်း လုံးဝ မကြောက်နဲ့။ ငါတို့က ဟိုလိုမျိုး.......ထားလိုက်ပါလေ။ ရှေ့ကိုပဲ ဆက်သွားမယ်…"
မူလတုန်းကတော့ သွားစားပွဲတောင်တွင် ကျူးလု၏ပုံစံမျိုး မလုပ်ရန် ချန်းပင်အန်းက ပြောချင်ခဲ့သည်။ သူမက အဆင့်(၂) အထွဋ်အထိပ် သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း ကြောက်စရာကောင်းသည့် အဖြူရောင်စပါးအုံးမြွေနှင့် ရင်ဆိုင်ရသည့်အချိန်တွင် လက်ညှိုးလေးတစ်ချောင်းပင် မမြှောက်နိုင်ခဲ့ပေ။
သို့သော် အိုက်လျန်ပြောခဲ့သော စကားကို အမှတ်ရသွားပြီးနောက် သူပြောချင်နေသော အရာများကို လျင်မြန်စွာ မြိုချလိုက်ရသည်။ နောက်ကွယ်တွင် အတင်းပြောသော သူများကသာ သေချာပေါက် ပြဿနာရှာသူများဖြစ်ကြ၏။
လင်းရှို့ယီက တည်ငြိမ်နေခဲ့သည်။ ထိုအချိန်တွင် သူကတော့ မြို့ငယ်လေးထဲရှိ လီကလန်ဆီမှ ရခဲ့သော အဆောင်စာရွက်တစ်ထပ်ထဲမှ အဆင့်နိမ့်ဆုံး အဝါရောင်အဆောင်စာရွက်(၃)မျိုးကို အသုံးပြုနိုင်သည်။
တစ်ခုကတော့ ပန်းကန်ပြားထဲရှိ ပုလဲလုံးဖြစ်ပြီး ထိုအရာက ရေစွမ်းအား အဆောင်တစ်ခုဖြစ်သည်။ နောက်တစ်ခုကတော့ မီးလျှံမိုးဖြစ်ပြီး ထိုအရာက မီးစွမ်းအားအဆောင် ဖြစ်သည်။ နောက်ဆုံးတစ်ခုကတော့ တောင်(၅)တောင် အကာအကွယ် ဖျက်ဆီးခြင်းဖြစ်ပြီး ထိုအရာက တောင်တန်းအငွေ့အသက် အဆောင်တစ်ခု ဖြစ်သည်။
သို့သော် လင်းရှို့ယီ အမှန်တကယ် အားကိုးနေသည်မှာ စွမ်းအား မသိရသေးသော ထိုအဆောင်စာရွက်(၃)ခု မဟုတ်ချေ။ သူ ကိုယ်တိုင်သာ ဖြစ်၏။ ထိုအရာက ‘တိမ်တိုက်ပေါ်တွင် ရွတ်ဖတ်ခြင်း’ကျမ်းစာထဲ၌ မှတ်တမ်းတင်ထားသော လျှို့ဝှက် လျှပ်စီးကျင့်စဉ်ဖြစ်သည်။
သို့သော် လင်းရှို့ယီက ပြဿနာ မရှာချင်ခဲ့ပေ။ လျှပ်စီး၏စွမ်းအားကို စမ်းသပ်ချင်ရုံသက်သက်နှင့် လူတိုင်းကို အန္တရာယ်ထဲသို့ မရောက်စေချင်ခဲ့ပေ။ သူတို့(၄)ယောက်က လျင်မြန်စွာ လျှောက်သွားခဲ့ကြ၏။
လီဟွိုင်က လမ်းလျှောက်နေရင်း လက်နှစ်ဖက်ကို ခါနေခဲ့သည်။ သူက ရှုပ်ထွေးနေသော အမူအရာနှင့် တီးတိုးရေရွတ်လိုက်၏။
"အခုချိန်ကျမှ မိုးက ရွာလာတာလား။ ငါတို့ကို နည်းနည်းလေးတောင် ကြိုပြီးသတိမပေးဘူးလား…"
ကောင်းကင်ကြီးက မည်းမှောင်နေပြီး မိုးများ ရွာကျနေခဲ့သည်။ မိုးက သည်းထန်မှု မရှိသော်လည်း တောင်တန်းထဲတွင်တော့ ယခင်တုန်းကထက်ပို၍ အေးစိမ့်လာခဲ့၏။
ချန်းပင်အန်းက သူ၏ ခြင်းတောင်းထဲမှနေ၍ ဝါးဦးထုပ်(၄)ခုကို ယူလိုက်သည်။ သူတို့က ဖယောင်းတိုင်နီမြို့ထဲတွင် ထိုအရာများကို ဝယ်ယူထားခဲ့ပြီး မိုးထဲလေထဲတွင် ခရီးဆက်နိုင်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ သူတို့က ဝါးဦးထုပ်တစ်ခုဆီကို ဆောင်းလိုက်ကြပြီး မိုးတိတ်သည့်အချိန်ကို စောင့်မနေတော့ပေ။ ချန်းပင်အန်းက ရံဖန်ရံခါ နောက်သို့ပြန်လှည့်ကြည့်နေခဲ့၏။
အဝေးတွင်တော့ မျက်မမြင်တာအိုဘုန်းတော်ကြီးက မသန်စွမ်းလူငယ် ပြေးလာသောနေရာကို ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အရမ်းကောင်းတယ် ..။ ငါက မင်းရောက်လာမဲ့အချိန်ကို စောင့်နေခဲ့တာ။ တစ္ဆေကောင်တွေ ..၊ မင်းတို့တွေက သေချင်နေတာပဲ.. အခုသေလိုက်တော့.."
တာအိုဘုန်းတော်ကြီးက ရှေ့ကို တစ်လှမ်းလျှောက်လိုက်ပြီး လက်ဝါးနှင့် ရိုက်ချလိုက်သည်။ ထို့နောက်တွင်မှ သူက မသန်စွမ်းလူငယ်လေးကို ကျယ်လောင်စွာ သတိပေးလိုက်၏။
"ငုံ့လိုက်…"
လူငယ်လေးက ရှေ့ကိုခုန်တက်လာပြီး ရွှံ့ထူနေသော တောင်တက်လမ်းအတိုင်း လှိမ့်ချလိုက်သည်။ တာအိုဘုန်းတော်ကြီး၏ လက်ထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး လက်ဝါးချက်တစ်ခုချင်းဆီတိုင်းက ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့၏။ သူ၏လက်ဖဝါးထဲတွင် မိုးကြိုးအငွေ့အသက်တစ်ခုလည်း ရှိနေခဲ့သည်။
အမှောင်ထုနှင့် ဆန့်ကျင်၍ မိုးရွာနေသောအခြေအနေနှင့် ဆန့်ကျင်၍ ရွှေရောင်အလင်းတန်းလေးများက အတော်လေးကို လှပလွန်းလှသည်။ လူငယ်၏ နောက်မှ လိုက်လာသော အနက်ရောင်မီးခိုးလုံးက ရုတ်တရက် ရပ်သွားခဲ့၏။ သူက ထွက်ပြေးရန် ပြင်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းက သူ့ကို ရိုက်ခတ်မိသွားသည်။
သူက ရွှေရောင်ပိုက်ကွန်ကြီးတစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသလို ဖြစ်သွားသည်။ ထို့နောက် တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာပြီး အနက်ရောင်အရိပ်က ဒေါသတကြီး အော်ဟစ်၍ လေထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် လူငယ်လေးက တာအိုဘုန်းတော်ကြီး၏နောက်ဘက်သို့ ပြန်ပြေးလာခဲ့၏။ အသက်ကို ခက်ခက်ခဲခဲ ရှူနေပြီးနောက် သူက စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းအလံကို မြေပြင်ပေါ်သို့ စိုက်လိုက်သည်။ ကလေးမလေးက စိုးရိမ်နေသည်ကို မြင်လိုက်ရသည့်အခါ သူက အဆင်ပြေကြောင်း အပြုံးနှင့် ခေါင်းခါပြလိုက်သည်။
လက်ဝါးချက်တစ်ချက်တည်းနှင့် မကောင်းဆိုးဝါး ပျောက်ကွယ်သွားပြီးနောက် တာအိုဘုန်းတော်ကြီးက အားရပါးရ ရယ်လိုက်၏။
"မင်းတို့က ခြောက်ကပ်နေတဲ့ အရိုးကနေ ဖြစ်ပေါ်လာတဲ့ အဆင့်နိမ့် မကောင်းဆိုးဝါး တစ်ကောင်ပါပဲ။ ဒါတောင် မင်းက ငါ့ရှေ့မှာ ပေါ်လာရဲသေးတာလား…"
မီးခိုးရောင် အငွေ့တစ်ခုက စိုက်ထားသော အလံထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ ထို့နောက် တာအိုဘုန်းတော်ကြီးက ရှေ့ကို အနည်းငယ်ကိုင်းလိုက်ပြီး လေထဲတွင် တစ်ပတ်လှည့်၍ လက်ဝါးနှင့် ရိုက်ချလိုက်သည်။
"လာစမ်း... မင်းတို့အားလုံးလာခဲ့စမ်း... မင်းတို့အားလုံးက ငါ့အတွက် အဆုံးမဲ့ကုသိုလ်တွေ ၊ ကောင်းကျိုးတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်.."
လူငယ်နှင့် ကလေးမလေး၏နောက်ကွယ်မှ ပုန်းလျှိုးကွယ်လျှိုးရောက်လာသော ယင်မကောင်းဆိုးဝါးတစ်ကောင်က တာအိုဘုန်းတော်ကြီး၏ လျှပ်စီးကျင့်စဉ်ကြောင့် ပေါက်ကွဲသွားခဲ့ပြန်သည်။
သိပ်မကြာခင် နောက်ထပ် မီးခိုးရောင် အမျှင်တန်းလေးတစ်ခုက အလံထဲသို့ ပျံသန်းသွားခဲ့၏။ တာအိုဘုန်းတော်ကြီးက ပြေးလာခဲ့ပြီး တောင်တက်လမ်းပေါ်သို့ လှမ်းခုန်လိုက်သည်။ ထို့နောက် သူက လက်ဖဝါးနှင့် ဆက်တိုက်ရိုက်လိုက်၏။
ရွှေရောင်အလင်းတန်းများ တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်ပေါ်လာနေပြီး ကျယ်လောင်သော မိုးခြိမ်းသံများလည်း ကြားနေရသည်။ သူက အားရပါးရ ရယ်နေပြီး သူ၏မျက်နှာပေါ်တွင်လည်း လျှပ်စီးကြောင်းများ တောက်ပနေခဲ့သည်။ သူက အမှန်တကယ်လည်း နတ်ဆိုးများ တစ္ဆေများကို ရှင်းပစ်နိုင်စွမ်းလည်း ရှိသည်။
"ငါရဲ့လျှပ်စီးကျင့်စဉ်က တော်တော်လေးကို ခမ်းနားတယ်မဟုတ်လား။ ဒါက မင်းတို့လို ယင်မကောင်းဆိုးဝါးတွေ ယှဉ်ပြိုင်လို့ရတဲ့အရာမျိုးလား။ နောက်ကွယ်မှာရှိတဲ့ နတ်ဆိုးကြီးက ဒီလိုအသေးအဖွဲလေးတွေကို လာပြီး အသေခံခိုင်းနေတာလား။ မင်းက မြန်မြန်လာပြီး အညံ့ခံဖို့ တိုက်တွန်းချင်တယ်။ မင်းရဲ့ကြွယ်ဝချမ်းသာမှု တစ်ဝက်ကို ပေးလိုက်မယ်ဆိုရင် ငါက သနားငဲ့ညှာသောအားဖြင့် မင်းအသက်ကို ချမ်းသာပေးမယ်.."
လွန်ခဲ့သော နှစ်(၁၀၀၀)အတောအတွင်း တာအိုဂိုဏ်းများ၏ ကျင့်စဉ်များစွာထဲတွင် လျှပ်စီးကျင့်စဉ်များက အမှန်တကယ် လွှမ်းမိုးနိုင်ခဲ့သည်။ သူတို့ကို သုံးလိုက်မည်ဆိုလျှင် အစွမ်းထက်ဆုံးနှင့် ပြိုင်ဘက်ကင်း ကျင့်စဉ်များဟု လူတိုင်းက လက်ခံထားကြ၏။
သို့သော် အမှန်တရား လျှပ်စီး(၅)မျိုးကျင့်စဉ်ကိုတော့ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော တာအိုဂိုဏ်းအနည်းငယ်ကသာ သူ၏အနှစ်သာရကို ပြည့်ပြည့်ဝဝ နားလည်နိုင်ကြသည်။ သူတို့သင်ကြားပေးထားသော ကျင့်စဉ်အများစုက ပြည့်စုံမှုမရှိဘဲ တစ်ချို့ကလည်း အနှစ်သာရများ ပါဝင်နေခြင်း မရှိချေ။
ရလဒ်အနေနှင့် အနှစ်မရှိသော ကျင့်စဉ်များကို လေ့ကျင့်ထားသူများက ဆိုးကျိုးတစ်ခုကို သေချာပေါက် ခံစားရနိုင်၏။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ အသက်စွမ်းအင်များက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားနိုင်ပြီး စောစောသေသွားတတ်ကြသည်။ ပြောရမည်ဆိုလျှင် တာအိုဘုန်းတော်ကြီး မျက်စိကန်းနေသည်မှာ သဘာဝတရားကြောင့် မဟုတ်ချေ။
တောင်တက်လမ်း၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေသော အနက်ရောင် မီးခိုးလုံးများက တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့၏ အော်ဟစ်ငိုကြွေးသံများကလည်း တိတ်ဆိတ်သွားခံ၏။
"ဆရာ....
ကျွန်မတို့ရဲ့အနောက်မှာ မီးအိမ်တွေ အများကြီး ပေါ်လာတယ်…"
ကလေးမလေးက တိတ်တဆိတ် ပြောလိုက်သည်။
မျက်မမြင်တာအိုဘုန်းတော်ကြီးက ပြန်လှည့်လာခဲ့၏။ သူကလည်း လေထဲတွင် လွင့်မျောနေသော အဖြူရောင်စက္ကူမီးအိမ်များစွာကို ခံစားမိနေခဲ့သည်။ ထိုမီးအိမ်များက ထူးဆန်းစွာ လင်းထိန်လာခဲ့၏။ မီတာ(၁၀၀၀)ကျော်ရှည်လျားသော နဂါးကြီးတစ်ကောင်က တောင်တန်းများထဲတွင် ဖြည်းညင်းစွာ ရွေ့လျားလာသလို ထင်ရသည်။
သူ၏ အမူအရာက အလွန်လေးနက်လာခဲ့၏။ သူက လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်သည်။ သူ့တပည့်၏သွေးနှင့် လက်ဖဝါးပေါ်တွင် ရေးသားထားသော တံဆိပ်များက ကန့်သတ်ချက်ကို ရောက်လာနေပြီဖြစ်၏။
တာအိုဘုန်းတော်ကြီးက သူ၏နောက်ကျောမှနေ၍ မက်မွန်သစ်သားဓားကို ဆွဲထုတ်လိုက်သည်။ သူက အစွမ်းထက်ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို ဖြစ်နေခဲ့၏။
အနီရောင် မင်္ဂလာဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ယောက်က တည်ငြိမ်အေးချမ်းသော အမူအရာနှင့် လျှောက်လှမ်းလာခဲ့သည်။ သူမ၏ လက်ထဲတွင်တော့ စက္ကူထီးတစ်ချောင်းရှိနေပြီး သူမ၏ပါးစပ်က လှုပ်ရှားခြင်း မရှိသော်လည်း သူမ၏အသံကို နားထဲတွင် ကြားနေရသည်။
"တာအိုဘုန်းတော်ကြီး …
ကျေးဇူးပြုပြီး ရှင့်ရဲ့အဆောင်တွေ၊ တံဆိပ်တွေကို ဆက်ပြီးဆွဲလိုက်ပါဦး။ ရှင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး အဆောင်တွေ၊ တံဆိပ်တွေ ပြည့်သွားတဲ့အချိန်ထိ ကျွန်မက စောင့်နေနိုင်ပါတယ်။ ပြီးရင်တော့ ကျွန်မက ရှင်တို့(၃)ယောက်ကို ကျွန်မရဲ့ စံအိမ်ထဲ ဖိတ်ခေါ်ပြီး ရှင်တို့ရဲ့ မျက်နှာကိုဆေးကြောမယ်။ ကြွက်သားမျှင်တွေကို ဆွဲထုတ်ပြီး နှလုံးသားကို ဖောက်ပစ်မယ်…"
အနီဝတ်သရဲမက မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးကို စိတ်ဝင်စားမှုအရှိဆုံး ဖြစ်ပုံရသည်။ သူမ၏ အက်ရှရှေလေသံက သူတို့၏နားထဲတွင် ဆက်၍ကြားနေရ၏။ သူမက ဖြူဖွေးနေသော မျက်နှာလေးကို လက်နှင့်ကိုင်ပြီးပြောလိုက်သည်။
"ဥပမာအနေနဲ့ ပြောရရင် မျက်နှာကို ဆေးကြောတယ်ဆိုတာ ဒီလိုမျိုးလေ…"
တခဏအတွင်း မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးက ကြောက်လန့်တကြား မျက်လုံးမှိတ်လိုက်မိသည်။ သရဲမက မျက်နှာပေါ်တွင် တင်ထားသော လက်ကို လှုပ်ရှားလိုက်ပြီး သူမ၏အရေပြားကိုခွာချလိုက်ရာ သွေးများပြည့်နှက်နေသော ကြောက်မက်ဖွယ်ရာ မျက်နှာတစ်ခု ပေါ်လာခဲ့လေသည်။
Translated by Hein Htet.