အခန်း (၁၂၆)
Vol. 9 Ch. 126
မျက်မမြင်တာအိုဘုန်းတော်ကြီးက မက်မွန်သစ်သားဓားနှင့် အနီရောင်မင်္ဂလာဝတ်စုံ ဝတ်ထားသော သရဲမကို ချိန်ထားပြီး မေးလိုက်သည်။
“မင်းက နတ်ဆိုးတစ်ကောင်လား၊ သရဲတစ်ကောင်လား…”
သရဲမက လက်ထဲတွင် ကိုင်ထားသော စက္ကူထီးလေးကို ညှင်သာစွာ လှည့်နေပြီး အဝေးတွင် ရှိနေသော တောင်ထိပ်ပေါ်တွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။ သူမ၏ပုံစံက အတော်လေးကို အထီးကျန်နေပုံရပြီး အထောက်အပံ့လည်း မရှိချေ။
ဤနေရာသို့ ရောက်လာပြီးနောက် သူမ၏အနီရောင် မင်္ဂလာဝတ်စုံလေးက ရွှံ့များ ပေနေခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း သူမက တောင်တန်းထဲတွင် ရှိနေသော မြူခိုးများ၊ ညစ်ပတ်နေသော ရွှံ့များကို ဖယ်ရှားနိုင်သည့် ဝတ်စုံတစ်ခု ဖန်တီးရန် သူမ၏အစွမ်းများကို မသုံးခဲ့ချေ။
ကြည်လင်တောက်ပနေသော အနီရောင်မင်္ဂလာဝတ်စုံလေးက အစစ်အမှန်ပိုးဖဲနှင့် ဖန်တီးထားခြင်းဖြစ်ပြီး ဤတောင်တန်း၏အနားတွင် ရှိနေသော ဝတ်စုံဖန်တီးသူများက ချုပ်လုပ်ထားခြင်း ဖြစ်ပုံရသည်။
ထိုအချိန်တွင် မျက်နှာအရေပြားကို ဖယ်ရှားပစ်ခဲ့သော သရဲမက သူမ၏လက်ကို နောက်တစ်ကြိမ်အပေါ်သို့ ဖြည်းညင်းစွာ မြှောက်လိုက်ရာ မျက်နှာအရေပြားက ပြန်ကပ်သွားခဲ့သည်။ ထို့ကြောင့် သူမ၏မျက်နှာက ဖြူဖပ်ဖြူရော်နှင့် အရောင်ကင်းမဲ့နေခဲ့၏။
သူမက အခန်းထဲတွင် မင်္ဂလာပွဲကို စောင့်ဆိုင်းနေသော မိန်းမလှလေး တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ အကယ်၍ ဖြူဖပ်ဖြူရော်ဖြစ်နေသော အသားအရည်ကြောင့်သာ မဟုတ်လျှင် သူမက သာမန်မိန်းကလေး တစ်ယောက်နှင့် ကွဲပြားမှု မရှိနိုင်ပေ။
ယခု သူမက ဆရာတပည့်(၃)ယောက်နှင့် အလွန်အမင်းကို နီးကပ်နေသော်လည်း မျက်မမြင်တာအိုဘုန်းတော်ကြီးက သူမဆီမှ ထွက်လာသော နတ်ဆိုးစွမ်းအားများကို ခံစားမိခဲ့ခြင်း မရှိချေ။
အမှန်အတိုင်းပြောရလျှင် ကျင့်ကြံမှုမြင့်မားသော နတ်ဆိုးကြီးများက မည်သည့်ပြဿနာမျှမရှိဘဲ လူသားမြို့များ၏ ပတ်ပတ်လည်တွင် လှည့်ပတ်သွားလာနိုင်ကြသည်။ သူတို့ကသာ မြို့နတ်ဘုရားစံအိမ်၊ ဝမ်ချန်းစံအိမ်နှင့် စစ်နတ်ဘုရားကျောင်းဆောင်များအနားကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်သွားခြင်းမရှိလျှင် သာမန်လူသားမြို့များထဲတွင် ရှိနေသော ထိုအဖွဲ့များကလည်း သူတို့ကို ဖိနှိပ်ပစ်မှတ်ထားလိမ့်မည် မဟုတ်ချေ။ သို့သော် သူတို့ကလည်း နတ်ဆိုးအငွေ့အသက်များကို ဖုံးကွယ်ပြီး လူသတ်ချင်စိတ်များကို ဖိနှိပ်ထားရန် လိုအပ်သည်။
သရဲမ၏နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူမ၏နှုတ်ခမ်းက လှုပ်ရှားမှု မရှိသော်လည်း သူတို့၏နားထဲတွင် နောက်တစ်ကြိမ် အသံတစ်ခုကို ကြားလိုက်ရသည်။
“တာအိုဘုန်းတော်ကြီး …
ရှင်က ကောင်းမှုကုသိုလ်တွေ စုဆောင်းဖို့အတွက် နတ်ဆိုးတွေ၊ မကောင်းဆိုးရွားတွေကို ဖယ်ရှားဖို့ ဆန္ဒရှိနေတယ်။ ဒါကြောင့် ကျွန်မက ရှင်နဲ့တွေ့ဖို့ ဒီနေရာကို ရောက်လာခဲ့တာ၊ ရှင်က အမှန်တရားလျှပ်စီး(၅)သွယ် ကျင့်စဉ် သုံးမှာကို ကျွန်မက အေးအေးဆေးဆေး စောင့်နေပါတယ်…”
တာအိုဘုန်းတော်ကြီးက အတော်လေး အံ့ဩသွားခဲ့သည်။ သူ၏အင်္ကျီအိတ်ထဲတွင် ရှိနေသော ပြောင်းပြန်သံလိုက်အိမ်မြှောင်၏ အလွှာများက ပြင်းထန်စွာ လှုပ်ရှားနေခဲ့၏။ ထိုသံလိုက်အိမ်မြှောင်တွင် အတွင်းနှင့်အပြင် အလွှာ(၄)လွှာရှိနေပြီး ထိုအရာများက နတ်ဆိုး၊ ဝိညာဉ်၊ ယင်မကောင်းဆိုးရွားနှင့် သရဲများ၊ တောင်တန်းနတ်ဘုရားများနှင့် မြစ်နတ်ဘုရားများကို ကိုယ်စားပြုနေခဲ့၏။
ယခု ဝိညာဉ်ကို ကိုယ်စားပြုသော အလွှာကလွဲလျှင် သံလိုက်အိမ်မြှောင်၏ တခြားအလွှာ(၃)ခုက ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့သည်။ ထို့ကြောင့် သူတို့၏ရှေ့တွင် ရှိနေသော သရဲမက အလွန်ရှုပ်ထွေးသော နောက်ကြောင်းရာဇဝင်တစ်ခု ရှိနေသည်ဟု အချက်ပြနေခဲ့သည်။
သူမက အသက်ရှင်နေစဉ် အလွန်အစွမ်းထက်သော ကျင့်စဉ်အဆင့်ရှိနေသည့် နတ်ဆိုးတစ်ကောင် ဖြစ်ခဲ့ပုံရသည်။ သေဆုံးသွားပြီးနောက် သူမက နယ်မြေတစ်ခုကို အုပ်ချုပ်ရသော အစွမ်းထက် သရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ သို့သော် သူမက မကောင်းသောလမ်းစဉ်သို့ ကျမသွားသေးခင် တောင်တန်းနတ်ဘုရားမ သို့မဟုတ် မြစ်နတ်ဘုရားမအဖြစ် အဆင့်တက်နိုင်သော အခွင့်အရေးတစ်ခုလည်း ရသွားခဲ့သည်။
မျက်မမြင်တာအိုဘုန်းတော်ကြီးက စိတ်ထဲတွင် အတော်လေး ဝမ်းနည်းသွားခဲ့ရသည်။ သစ်ကိုင်း(၃)ခုတောင်တန်းထဲတွင် အလွန်ဉာဏ်နီဉာဏ်နက်များခဲ့သော တောင်တန်းတစ္ဆေနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုသရဲမက ပို၍အားနည်းမည်လော။ အမှန်အတိုင်းပြောရလျှင် သူတို့က အဆင့်တူရှိနိုင်မည်လော။
တာအိုဘုန်းတော်ကြီးကတော့ သူ၏ခံစားချက်များကို တည်ငြိမ်စေရန် အကောင်းဆုံး ကြိုးစားနေပြီး နှလုံးခုန်သံ မှန်အောင်ကြိုးစားနေခဲ့သည်။ မဟုတ်လျှင် သရဲမက သူ၏စိုးရိမ်ထိတ်လန့်မှုများကို သိသွားနိုင်၏။
သူက မက်မွန်သစ်သားဓားကို ဖြည်းညင်းစွာ ချလိုက်ပြီး လက်ပြန်ကိုင်ထားခဲ့သည်။ သူက တိုက်ခိုက်ရန် ဆန္ဒမရှိကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်၏။ သူက အပြုံးနှင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“ဒီက မိန်းကလေး …
မင်းရဲ့နတ်ဆိုးအငွေ့အသက်တွေက အရမ်းများပေမဲ့ နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်တဲ့ မင်းရဲ့စွမ်းရည်မျိုးက တော်တော်လေး ရှားတယ်။ ငါက နှလုံးသားမျက်လုံးကိုသုံးပြီး မင်းရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့ သတ်ဖြတ်ချင်စိတ်နည်းနည်းကို အာရုံခံမိပေမဲ့ ဘာမှမဟုတ်ပါဘူး။ မင်းက အပြစ်နည်းနည်းလေးပဲ ကျူးလွန်ထားတယ်။ မင်းရဲ့ပတ်ပတ်လည်မှာရှိတဲ့ မကျေနပ်တဲ့ စိတ်ခံစားချက်တွေကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောက်က အကြွင်းအကျန်တွေပဲ ဖြစ်နိုင်တယ်။ ဒါက ပြောစရာတောင် မလိုပါဘူး…”
“တကိုယ်တော် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အတွက် ငါကလည်း မင်းလို ကျင့်ကြံသူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်လေ။ မိန်းကလေး… ငါက မင်းရဲ့ပိုင်နက်ထဲကို မတော်တဆ ကျူးကျော်လာမိပြီး မင်းရဲ့ကျင့်ကြံမှုကို မတော်တဆ နှောင့်ယှက်မိခဲ့တယ်။ ငါ တောင်းပန်ပါတယ်…”
တချိန်လုံး စက္ကူထီးလေးနှင့် အလုပ်ရှုပ်နေသော သရဲမက သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လျှပ်စီးကျင့်စဉ်များ ကျွမ်းကျင်သော တာအိုဘုန်းတော်ကြီးကို စိုက်ကြည့်လိုက်သည်။ ယခုတစ်ကြိမ်တော့ သူမက ပါးစပ်ဟ၍ ပြောလိုက်၏။
“မိန်းကလေး ဟုတ်လား... ကျွန်မရဲ့မင်္ဂလာဝတ်စုံကို မမြင်ဘူးလား။ ကျွန်မကို အမျိုးသမီးလို့ပဲ ခေါ်ရမယ်…”
အနီရောင်မင်္ဂလာဝတ်စုံဝတ်ဆင်ထားသော သရဲမက နောက်ဆုံးစကား(၃)လုံးကို ပြောသည့်အချိန်တွင် အော်ပြောလိုက်သည်။ တခဏအတွင်း တောင်တန်းတစ်ခုလုံးတွင်လည်း သည်းထန်သောမိုးများ၊ ပြင်းထန်သော လေလှိုင်းများ ကျရောက်လာခဲ့၏။
သရဲမက သူမ၏စက္ကူထီးလေးကိ ဖျတ်ခနဲ ပိတ်လိုက်သည်။ သူမက လက်တစ်ဖက်တွင် ထီးကိုကိုင်ထားပြီး တခြားလက်တစ်ဖက်နှင့် ညင်သာစွာ ပုတ်နေခဲ့၏။ သူမက ထီးပေါ်တွင် ရှိနေသော မိုးရေစက်များကို ညင်သာစွာ ဖယ်ရှားနေခဲ့သည်။
သို့သော် တာအိုဘုန်းတော်ကြီးနှင့် သူ့တပည့်(၂)ယောက်ကို ကြည့်နေရင်း သူမ၏မျက်နှာလေးက မည်းမှောင်နေခဲ့၏။
“ထင်ထားတဲ့အတိုင်း မျက်မမြင်တစ်ယောက်ပဲ။ အသက်ကြီးပြီး မျက်စိမမြင်တဲ့ လူတစ်ယောက်၊ ရှင်က နှလုံးသားမျက်လုံးကိုသုံးပြီး လူတစ်ယောက်ကို ကြည့်နိုင်တာလား။ ဒါဆိုရင်လည်း ကျွန်မက ရှင်တို့ကို ကျွန်မရဲ့စံအိမ်ထဲခေါ်သွားမယ်။ ရှင်တို့မှာ မကောင်းတဲ့စိတ်ရှိမရှိ စစ်ဆေးကြည့်ရတာပေါ့။ တာအိုဘုန်းတော်ကြီး.. နှလုံးသားကွဲကြေရတဲ့ နာကျင်မှုက ဘာလဲဆိုတာ ရှင်က နားလည်လာလိမ့်မယ်..”
တာအိုဘုန်းတော်ကြီးက ခံစားချက်များပေါ့ပါးစေရန် သက်ပြင်းချပြီး ပြောလိုက်သည်။
“မိန်းကလေး …
ဒီလောက်ထိဖြစ်ဖို့လိုလို့လား။ ငါတို့က ညှိနှိုင်းဖို့ မဖြစ်နိုင်တော့ဘူးလား…”
သရဲမက ရှေ့ကိုဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူမက ရွှံ့ထူနေသော လမ်းမပေါ်တွင် ခြေတစ်လှမ်းချင်းဆီ လျှောက်လာပြီး လက်တစ်ဖက်တွင် စက္ကူထီးကိုကိုင်၍ လက်တစ်ဖက်က သူမ၏ဂါဝန်ကို မထားခဲ့သည်။ ထို့ကြောင့် ရွှံ့များ စိုနေသော သူမ၏ပန်းထိုးဖိနပ်လေးပင် ပေါ်နေခဲ့သည်။
သူမက အပြုံးနှင့်ပြန်ဖြေလိုက်၏။
“ရှင့်ရဲ့တာအိုကျင့်ကြံမှုက အရမ်းနိမ့်တယ်။ ဒါကိုတောင် ရှင်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မကို ရင်ဆိုင်ရဲသေးတယ်။ သေခြင်းတရားက ရှင့်အတွက် အကောင်းဆုံးရွေးချယ်မှုပဲ။ ဒါဆိုရင် ရှင်က ကျွန်မယောကျ်ားရဲ့စာပေလေ့လာမှုကို နှောင့်နှေးအောင် မလုပ်နိုင်တော့ဘဲ သူ နန်းတွင်းစာမေးပွဲ အောင်မြင်သွားမှာကိုမနှောင့်ယှက်နိုင်တော့ဘူး…”
အဆုံးတွင်တော့ သရဲမအသံက တဖြည်းဖြည်းတိုးလာပြီး သူမ၏မျက်လုံးထဲတွင် သိမ်မွေ့ညင်သာသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သို့သော် သူမ၏စကားလုံးများကတော့ လေလှိုင်းများထဲမှ ထွက်ပေါ်လာသော အသံများကဲ့သို့ ထင်မှတ်ရသည်။
“မိန်းကလေး …
မင်းက တကယ်ပဲ ငါနဲ့သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆန္ဒရှိနေတာလား…”
မျက်မမြင်တာအိုဘုန်းတော်ကြီးက အေးစက်စွာ မေးလိုက်သည်။
တာအိုဘုန်းတော်ကြီးက လွန်ခဲ့သော နှစ်ပေါင်းများစွာအတောအတွင်း နေရာပေါင်းများစွာကို ခရီးသွားလာခဲ့သည်။ သူက အရှေ့ပိုင်းကုန်းမြေကြီး၏ တစ်ဝက်နီးပါးခန့်ကိုပင် လှည့်လည်သွားလာခဲ့၏။ သူက ပြဿနာကို ကြောက်သော လူတစ်ယောက် မဟုတ်ချေ။
ထို့ကြောင့် ပြင်ဆင်၍ မရနိုင်သော အခြေအနေကို မြင်လိုက်ရသည့်အချိန်တွင် သူကတိုးတိုးလေးအော်ဟစ်လိုက်သည်။
“ခွေးကောင်လေး …
ငါတို့အတူတူ ပူးပေါင်းပြီး ရန်သူကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်မယ်ဆိုရင် ငါက ကျိုးအာဆီကနေ အဆောင်နွေဦးရေ (၁)နှစ်မယူတော့ဘူးလို့ ကတိပေးတယ်…”
မသန်စွမ်းလူငယ်က ခေါင်းညိတ်သဘောတူလိုက်သည်။ သူက 'နတ်ဆိုးတွေကို ဖယ်ရှားပြီး တစ္ဆေတွေကို ဖမ်းဆီးမယ်၊ မကောင်းဆိုးရွားတွေကို ဖယ်ရှားပြီး တာအိုကို ကာကွယ်မယ်' ဟူသောစကားလုံးများ ရေးထားသည့် စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းအလံကို ဆုပ်ကိုင်လိုက်သည်။
သူက တည်ငြိမ်စွာ ပြောလိုက်၏။
“ကျွန်တော် အဆင်သင့်ဖြစ်ပြီ…”
တာအိုဘုန်းတော်ကြီးက မြေပြင်ကို အားနှင့်ခြေဆောင့်လိုက်ပြီး သူ၏လက်နှစ်ဖက်တွင် ရှိနေသော လက်ညှိုးများနှင့် လက်ခလယ်များကို ပူး၍ တာအိုလက်ညှိုးဓားများအဖြစ် ဖန်တီးလိုက်သည်။ ထို့နောက် သူက ဓားမှော်အစွမ်းတစ်ခုကို လျင်မြန်စွာ ရွတ်ဆိုလိုက်ပြီး ‘ပြဿနာကို ဖြေရှင်းရန် အရေးပေါ်ကိစ္စ’ဟူသော စကားလုံးနှင့် လျင်မြန်စွာ အဆုံးသတ်လိုက်သည်။
မြေပေါ်တွင် စိုက်ထားသော စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းအလံက ရုတ်တရက် ပွင့်ထွက်လာခဲ့ပြီး လေထဲတွင် လွတ်လပ်စွာ လှုပ်ရှားနေခဲ့သည်။ အလံပေါ်တွင် ရှိနေသော စကားလုံးများကလည်း အဖြူရောင် ပြောင်းလဲလာသည်။ ထိုစကားလုံးများက ငွေရောင်ချပ်ဝတ်အင်္ကျီများ ဝတ်ဆင်ပြီး တိုက်ပွဲထဲတွင် စစ်သူကြီး၏အမိန့်ကို စောင့်နေသော ရဲမက်များကဲ့သို့ ဖြစ်နေကြ၏။
သူတို့က အလံပေါ်တွင် စတင်လှုပ်ရှားလာပြီး ဝင်္ကပါထဲသို့ ဝင်ရောက်လာကြသည်။ နတ်ဆိုးသုတ်သင်ခြင်း ဟူသော စကားလုံးနှင့် တစ္ဆေဖမ်းဆီးခြင်း ဟူသော စကားလုံးများကလည်း အလံထဲမှ စီးဆင်းလာပြီး သစ်သားတိုင်ထဲသို့ ဝင်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် မသန်စွမ်းလူငယ်လေး၏ လက်မောင်းနှင့် ပုခုံးကိုဖြတ်ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်သွားခဲ့ကြ၏။
အဆုံးတွင်တော့ ထိုစကားလုံးများက လူငယ်လေး၏ နားနှင့်နှာခေါင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ချက်ချင်းပင် သူ၏မျက်လုံးများက အဖြူရောင် ပြောင်းလဲသွားခဲ့ပြီး အသက်ရှုသွင်း ရှုထုတ်လိုက်သည့် အချိန်တိုင်း သူ၏မျက်နှာနှင့် ကိုယ်တွင်းပေါက်များထဲမှနေ၍ အနက်ရောင်မီးခိုးများ လွင့်မျောလာခဲ့သည်။
မသန်စွမ်းလူငယ်က လက်သီးဆုပ်လိုက်ပြီး ကောင်းကင်ပေါ်ကိုကြည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကလည်း အနက်ရောင်မီးခိုးငွေ့များ လွှမ်းခြုံလာပြီး ပဲစေ့အရွယ် မိုးရေစက်များကပင် သူ့ခေါင်းနှင့် (၁)မီတာခန့်အကွာသို့ ရောက်သည့်အချိန်တွင် အငွေ့ပျံသွားကြသည်။
ယင်စွမ်းအားများကို ဖုံးကွယ်ထားသော သရဲမနှင့် ယှဉ်လိုက်မည်ဆိုလျှင် မသန်စွမ်းလူငယ်လေးက အပြစ်ကင်းစင်သော သာမန်လူသားများကို ဝါးမြိုသည့် ယင်မကောင်းဆိုးရွားတစ်ကောင် သို့မဟုတ် တစ္ဆေတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။
သရဲမက တချိန်လုံး မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးကိုသာ စိုက်ကြည့်နေခဲ့၏။ မသန်စွမ်းလူငယ်လေးက ဒေါသတကြီး ပြေးဝင်လာသည့်အချိန်မှသာ သူမက စိတ်သက်သာရာရသွားသော တာအိုဘုန်းတော်ကြီးကို လှည့်ကြည့်လိုက်သည်။
“တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာပဲ…”
သူမက တည်ငြိမ်စွာ ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ဒါက လမ်းကြောင်းအမှန်လို့တောင် မသတ်မှတ်နိုင်ဘူး။ အဲဒီအစား ဒါက သနားစရာကောင်းပြီး ကြမ်းတမ်းတဲ့ လမ်းကြောင်းတစ်ခုလို့ပဲ သတ်မှတ်နိုင်တယ်။ တခြားသူတွေကို မှားယွင်းစွပ်စွဲတဲ့ အပြစ်ရှိသူတွေက သေဆုံးခြင်းနဲ့တောင် မထိုက်တန်ဘူး။ အဲဒီအစား သူတို့က သေတာထက်ပိုဆိုးတဲ့ နှိပ်စက်မှုမျိုးနဲ့ပဲ ခံရသင့်တယ်…”
တခဏအတွင်း မသန်စွမ်းလူငယ်က သရဲမ၏အရှေ့ကိုရောက်လာပြီး လေထဲသို့ခုန်၍ သူမ၏ခေါင်းကို ခြေထောက်နှင့် ကန်လိုက်သည်။ သရဲမကတော့ ရှောင်တိမ်းခဲ့ခြင်း မရှိသလို တိုက်ခိုက်မှုကို တားဆီးခဲ့ခြင်းလည်း မရှိပေ။ သူမ၏လက်တစ်ဖက်က တချိန်လုံး ဂါဝန်လေးကိုမထားပြီး သူမက ရှေ့ကိုသာ လှပစွာ လျှောက်လာခဲ့သည်။
ကျယ်လောင်သောအသံတစ်ခု ထွက်လာခဲ့၏။ သရဲမ၏ဦးခေါင်းက လွင့်ထွက်သွားခဲ့ပြီး တောင်တန်း၏ တစ်နေရာသို့ ရောက်သွားခဲ့သည်။ သို့သော် ခေါင်းမရှိသောသရဲမက ရှေ့ကိုဆက်၍ လျှောက်လာခဲ့၏။
မြေပေါ်သို့ ပြန်ကျလာပြီးနောက် မသန်စွမ်းလူငယ်လေးက ခြေထောက်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်သည်။ ယခုတစ်ကြိမ်တော့ သူက သူမ၏ခါးကို ကန်လိုက်ခြင်း ဖြစ်သည်။
သရဲမက စက္ကူထီးကိုင်ထားသောလက်ကိုသုံးပြီး ခါးကိုကန်လိုက်သည့် မသန်စွမ်းလူငယ်လေး၏ ခြေထောက်ကို ပေါ့ပါးစွာ တားဆီးလိုက်သည်။ မသန်စွမ်းလူငယ်လေး၏ တိုက်ခိုက်မှုက သရဲမကို (၁)လက်မပင် ရွေ့သွားအောင် လုပ်နိုင်ခြင်း မရှိသည်မှာ အံ့ဩစရာကောင်းလွန်းလှသည်။
သို့သော် အစွမ်းထက်သော တွန်းကန်အားကိုယူပြီး လူငယ်လေးက လေထဲတွင် တစ်ပတ်လှည့်၍ သရဲမ၏နှလုံးသားကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။
"နတ်ဆိုးများကို သုတ်သင်ခြင်း…”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နတ်ဆိုးများကို သုတ်သင်ခြင်းဟူသော ငွေရောင်စကားလုံးများက လူငယ်လေး၏လက်ခုံပေါ်တွင် ပေါ်လာပြီး အလိုလို ပျက်စီးလာခဲ့သည်။
အဆုံးတွင်တော့ ထိုစကားလုံးများက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသော ငွေရောင်ဓားတိုလေး တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ အဖြူရောင်အလင်းတန်းများ လွှမ်းခြုံနေသော ငွေရောင်ဓားတိုလေးက သူ့လက်ထဲမှ ထွက်သွားပြီး သရဲမ၏နှလုံးသားကို ထိုးလိုက်၏။
သရဲမက လက်မြှောက်ပြီး သူမ၏အနီရောင်မင်္ဂလာဝတ်စုံကို ထိုးဖောက်တော့မည့် ဓားပျံလေးကို လက်နှစ်ချောင်းနှင့် ဖမ်းထားလိုက်သည်။ တစ်ပေခန့်သာ အရှည်ရှိသော ဓားပျံလေးက ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့၏။
“ငါ့ရဲ့ခေါင်းကို ဆုံးရှုံးလိုက်ရရင်လည်း ဘာမှမဖြစ်ဘူး…”
သရဲမက အေးအေးဆေးဆေး အမူအရာနှင့် ပြောလိုက်သည်။
“ဒါပေမဲ့ ဒီမင်္ဂလာဝတ်စုံကတော့ သေချာပေါက် ပျက်စီးလို့မရဘူး။ တကယ်လို့ ညစ်ပတ်သွားတယ်ဆိုရင် ပြန်လျော်လို့ရတယ်။ ပျက်စီးသွားလို့ ပြန်ပြင်ရမယ်ဆိုရင်တော့ မလှနိုင်တော့ဘူးလေ။ မဟုတ်ရင် ငါ့ရဲ့ယောကျ်ားက ငါ့ရဲ့အပ်ချုပ်ပညာကို အမြဲတမ်း လှောင်နေမှာပေါ့…”
မသန်စွမ်းလူငယ်လေးက ချက်ချင်း လက်ဝါးနှင့် ပင့်၍ တိုက်ခိုက်လိုက်သည်။ သို့သော် သူက တစ္ဆေများကို ဖမ်းဆီးခြင်းဟူသော စကားလုံးကို မအော်တော့ပေ။ ထိုသို့ဆိုရာတွင် အလံတွင် ရှိနေသော စကားလုံးများမှ ဓားပျံလေး တစ်လက် ဖြစ်ပေါ်လာပြီး သူ၏လက်ထဲမှ ထွက်လာခဲ့သည်။
သူ၏အမူအရာက အိုးတိုးအမ်းတမ်း ဖြစ်နေပြီး တောင့်တင်းနေခဲ့၏။ သို့သော် မသန်စွမ်း လူငယ်လေးကတော့ အရူးတစ်ယောက် မဟုတ်ချေ။ ရန်သူကို တိုက်ခိုက်လိုက်ပြီးနောက် သူက ပွင့်ပွင့်လင်းလင်း အသုံးချပြီး လျှို့ဝှက်တိုက်ခိုက်ခဲ့သည်။
ထိုအချိန်တွင် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
“အဆင့်နိမ့်သရဲမ …
ဒီတာအိုဘုန်းတော်က ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကို ယူဆောင်ပေးနေတာ။ မင်းက ခေါင်းပျောက်သွားမယ်ဆိုရင်တောင် ငါက ဒေါသလျှပ်စီးကြောင်းတွေနဲ့ မင်းရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သေးတယ်..”
တောင်တက်လမ်း၏အပေါ်ဘက် မီတာ(၃၀)ခန့်အကွာမှနေ၍ အဖြူရောင်လျှပ်စီးကြောင်းကြီးတစ်ခု ကျဆင်းလာခဲ့သည်။
သရဲမကတော့ သူမ၏စက္ကူထီးလေးကို လွှင့်မပစ်ခဲ့ပေ။ သူမ၏ တခြားလက်တစ်ဖက်ကလည်း နတ်ဆိုးများကို သုတ်သင်ခြင်း ဟူသော ဓားပျံလေးကို လက်ညှိုးနှင့် လက်မသုံး၍ ဖမ်းဆီးထားခဲ့သည်။ ထို့နောက် သူမက လက်ကို အနည်းငယ် မြှောက်လိုက်ပြီး လက်သန်းနှင့် လက်သူကြွယ်ကိုသုံး၍ တစ္ဆေများ ဖမ်းဆီးခြင်း ဟူသော ဓားငယ်လေးကိုဖမ်းလိုက်၏။ ထို့နောက် သူမက မသန်စွမ်းလူငယ်လေး၏ခေါင်းကို တံတောင်နှင့် တိုက်လိုက်သည်။
ထို့ကြောင့် သူက နောက်သို့ လွင့်သွားခဲ့ပြီး ရွှံ့ထူနေသော တောင်တက်လမ်းပေါ်တွင် အရှိန်နှင့် ပြုတ်ကျသွားခဲ့သည်။ သူက (၃)မီတာခန့် တရွတ်တိုက်ပါသွားပြီးမှသာ ရပ်တန့်သွားခဲ့၏။
သရဲမက သူမ၏စက္ကူထီးလေးကိုမြှောက်ပြီး ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ အဖြူရောင်လျှပ်စီးကြောင်းက သူမ၏ထီးကို တိုက်ခိုက်မိလိုက်ပြီး အလွန်တောက်ပသော မီးပွားလေးများ ဖြစ်ပေါ်လာခဲ့၏။
သူမက ထီးအောက်တွင် ရပ်နေရင်း လက်ချောင်း(၄)ချောင်းကို အနည်းငယ် အားစိုက်လိုက်ရာ ဓားပျံ(၂)ချောင်းက ထက်ပိုင်းကျိုးသွားခဲ့သည်။ မြေပေါ်သို့ ပြုတ်ကျသွားပြီးနောက် ပျက်စီးသွားသော ဓားပျံများက ငွေရောင်အရည်များအဖြစ် ပြောင်းလဲပြီး ရွှံ့များနှင့် လျင်မြန်စွာ ရောနှောသွားခဲ့သည်။
သရဲမက လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် သူမ၏ဦးခေါင်းက ပျံသန်းလာပြီး သူမ၏လည်ပင်းတွင် ပြန်ဆက်သွားခဲ့သည်။ သူမ၏သွေးကြောများနှင့် အသွေးအသားများကလည်း ပြန်ရောက်လာပြီး သိပ်မကြာခင် မူလရုပ်ရည် ပြန်ဖြစ်သွားခဲ့၏။ လွတ်နေသော လက်တစ်ဖက်ကတော့ ဆံပင်ထဲမှနေ၍ အစိမ်းရောင်မြက်ပင် ဓားသွားလေး အနည်းငယ်ကို ဖယ်ရှားလိုက်သည်။
“နောက်တစ်ကြိမ်…”
မျက်မြင်တာအိုဘုန်းတော်ကြီး၏ နှလုံးသားက တုန်လှုပ်သွားခဲ့၏။ အကယ်၍ သူကသာ သူ၏အစွမ်းကို ပြည့်ပြည့်ဝဝ မသုံးခဲ့လျှင် နောက်ထပ်အခွင့်အရေး မရှိနိုင်တော့ကြောင်း သိနေခဲ့၏။ သူက သက်ပြင်းချလိုက်ပြီး သူ၏အမူအရာက လေးနက်လာခဲ့သည်။
အဝါရောင်အလင်းတန်းတစ်ခုကလည်း သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာခဲ့၏။ သူက ခြေထောက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ့ဗိုက်ကို လက်သီးနှင့် အရှိန်ပြင်းစွာ ထိုးလိုက်၏။ တချိန်တည်းတွင် သူက ကောင်းကင်ပေါ်သို့ လက်ဝါးမြှောက်လိုက်ပြီး သူ၏တံတောင်ဆစ်တွင် ရှိနေသော သင်္ကေတကြိုးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
“အငွေ့အသက်တစ်ခုက တိမ်တိုက်နဲ့ မိုးတွေ ဖြစ်လာစေတယ်၊ အပြုံးတစ်ခုက မိုးကြိုးနဲ့လျှပ်စီးတွေကို ဆင့်ခေါ်နိုင်တယ်။ တိမ်တိုက်ပေါ်မှာ ရွတ်ဖတ်ခြင်း... အင်မော်တယ်တွေ လမ်းပြပေးပါ…”
တာအိုသခင်အိုကြီးက တည်ငြိမ်စွာ ရွတ်ဆိုလိုက်သည်။
သရဲမက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူမက လက်ထဲတွင် ထီးကိုကိုင်ပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော လူငယ်လေးဆီသို့ လျှောက်သွားခဲ့သည်။ သူက လမ်းပိတ်ထားသည့်အတွက် သူမက သူ၏ဘေးဘက်ကို ခြေထောက်နှင့် ကန်လိုက်သည်။ လူငယ်လေးက တောင်ပေါ်မှလွင့်သွားပြီး လေထဲတွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
မျက်နှာဝိုင်းဝိုင်းနှင့်ကလေးမလေးက ရူးသွပ်သွားခဲ့ပြီး ငွေရောင်ဓားငယ်လေးကိုသုံး၍ သူမ၏လက်ဖဝါးနှင့် လက်မောင်းကို ဖြတ်လိုက်သည်။ ထို့နောက် သူမ၏မျက်နှာပေါ်တွင် သေုတ်လိမ်းလိုက်၏။ ထိုသို့လုပ်လိုက်ပြီးနောက် သူမက သရဲမနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ပြေးဝင်လာခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် မိုးရွာနေကြောင်း ကလေးမလေးက မေ့လျော့နေခဲ့၏။ ထို့ပြင် သူမက တာအိုဘုန်းတော်ကြီးကဲ့သို့ အဆောင်တံဆိပ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားများကို ထိန်းသိမ်းရန် စွမ်းအားလည်း မရှိပေ။
ထို့ကြောင့် သရဲမ၏ရှေ့သို့ ရောက်လာသည့်အချိန်တွင် သူမ၏မျက်နှာပေါ်၌ မည်သည့်အရာမျှမရှိတော့ချေ။ ကျန်ရှိနေသည်မှာ မျက်နှာပေါ်မှ စီးကျလာသော မိုးရေစက်များသာ ဖြစ်သည်။ ထိုအချိန်တွင် သူမ၏သွေးများကတော့ ပျောက်ကွယ်သွားခဲ့၏။
သရဲမက ကလေးမလေး၏ မျက်နှာကို အားနှင့်ရိုက်လိုက်ရာ သူမက လေထဲသို့ မြောက်သွားခဲ့သည်။ မသန်စွမ်းလူငယ်ကဲ့သို့ သူမကလည်း လေထဲမှနေ၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရသည်။
ထို့နောက် သရဲမက ခြေ(၁)လှမ်း လှမ်းလိုက်သည့်အချိန်တိုင်း ရေပုံးကြီးတစ်ပုံးခန့် ကြီးမားသော အဖြူရောင်လျှပ်စီးကြောင်းကြီးတစ်ခု ကျဆင်းလာခဲ့သည်။ သူမ၏စက္ကူထီးလေးကို တိုက်ခိုက်မိလိုက်ပြီးနောက် အဖြူရောင်လျှပ်စီးကြောင်းများက ပေါက်ကွဲသွားခဲ့ပြီး ပတ်ဝန်းကျင်တွင် မီးပွားလေးများ ပြည့်နှက်နေခဲ့သည်။
အကယ်၍ တစ်ယောက်ယောက်ကသာ အဝေးမှနေ၍ ထိုတောင်ကို ကြည့်နေမည်ဆိုလျှင် လေထဲမှ ကျဆင်းလာနေသော အဖြူရောင်လျှပ်စီးကြောင်များကို မြင်တွေ့ရပါလိမ့်မည်။ ထိုအရာက သစ်တောကြီးတစ်ခုလုံးကို လင်းထိန်စေနေခဲ့သည်။
…………….
အစောပိုင်းတွင် လင်းနေသည့်အတွက် ချန်းပင်အန်းတို့က ခေါင်းပေါ်တွင် ဝါးဦးထုပ်များကို ဆောင်းပြီးဆက်လျှောက်လာကြသည့်အချိန်တွင် ကြိုတင်သတိပေးထားခြင်းမရှိဘဲ မိုးရေစက်များက အတော်လေးကို သည်းထန်လာခဲ့သည်။ သူတို့က ရှေ့ဆက်သွားရန် အတော်လေးကို ခက်ခဲနေခဲ့၏။
ချန်းပင်အန်းက မိုးရေထဲတွင် နားခိုရန် နေရာတစ်ခု ရှာဖွေရန် အကြံပေးလိုက်သည့်အချိန်တွင် လင်းရှို့ယီက သူ၏ဝါးဦးထုပ်လေးကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်သည်။
“တစ်ခုခုတော့မှားနေပြီ…”
လီဟွိုင်က လီပေါင်ဖျင်၏အင်္ကျီလက်ကိုကိုင်ပြီး ပြောလိုက်၏။
“ငါ နည်းနည်းကြောက်တယ်…”
“စီနီယာ ယင်နတ်ဘုရာလည်း ရှိနေတာပဲမဟုတ်လား။ ဘာကြောက်စရာလိုလို့လဲ..”
လီပေါင်ဖျင်က ထိုကောင်လေးကို ပြောလိုက်၏။
“ဟုတ်တယ်... နင်ပြောတာမှန်တယ်…”
လီဟွိုင်၏မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့သည်။
ထို့နောက် သူက လင်းရှို့ယီ၏နောက်မှ လိုက်လာသော မြည်းဖြူကိုလှည့်၍ ပြောလိုက်၏။
“မြည်းဖြူလေး လမ်းမပျောက်စေနဲ့…”
ထိုမြည်းက အသံပေး၍ နှာမှုတ်လိုက်သည်။
ယင်နတ်ဘုရားက ချန်းပင်အန်း၏ဘေးတွင်ပေါ်လာပြီး အက်ရှရှလေသံနှင့် ပြောလိုက်သည်။
“ဒီနေရာမှာရှိတဲ့တောင်တန်းတွေ၊ မြစ်တွေကို စောင့်ကြပ်နေတဲ့ သရဲမတစ်ယောက် ရှိတယ်။ အခုသူက တာအိုဘုန်းတော်ကြီးနဲ့ တိုက်ခိုက်နေတယ်။ တကယ်လို့ အရာအားလုံးသာ ထင်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် သူက သေချာပေါက် အနိုင်ရနိုင်တယ်။ သူ့ရဲ့ဇစ်မြစ်က မရှင်းလင်းဘူး။ ဒါပေမဲ့ သူ့ရဲ့ကျင့်စဉ်အဆင့်ကတော့ တော်တော်လေးကိုမြင့်တယ်။ တကယ်လို့ သာမန်အချိန်တွေ၊ တခြားနေရာမှာဆိုရင်တော့ ငါက ပြဿနာမရှိဘဲ သူ့ကို ဖမ်းဆီးနိုင်တယ်။ ဒါပေမဲ့ အခုလိုအချိန် ဒီနေရာမှာတော့ ငါက အောင်မြင်ဖို့မဖြစ်နိုင်ဘူး..”
ယင်နတ်ဘုရားက သူတို့၏ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးကြည့်ပြီး ပြောပြလိုက်သည်။
“သာမန်တောင်တန်းနတ်ဘုရားတွေ၊ မြစ်နတ်ဘုရားတွေက သူတို့ပိုင်နက်တွေထဲမှာ တောင်တန်းနဲ့မြစ် မျိုးရိုးစဉ်ဆက်မှတ်တမ်းတွေ ရှိကြတယ်။ သူတို့က သူတို့ရဲ့ပိုင်နက်ထဲမှာ တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အချိန်ကျရင် ကောင်းကင်ဘုံရဲ့ အကူအညီကြောင့် အသာစီးရတတ်ကြတယ်။ အဲဒီနယ်မြေတွေအပြင် နန်းတွင်းက ချမှတ်ပေးထားတာမဟုတ်တဲ့ တောင်တန်းတွေ၊ မြစ်တွေထဲမှာလည်း အစွမ်းထက်တဲ့ နတ်ဆိုးတွေ၊မကောင်းဆိုးရွားတွေ ရှိတတ်တယ်…”
“ဒါပေမဲ့ သူတို့တွေက ကွန်ဖြူးရှပ်ကျောင်းတော်တွေ၊ တာအိုကျောင်းဆောင်တွေနဲ့ သုခဘုံတွေလို ပိုင်နက်တွေ ဖန်တီးဖို့တော့ တော်တော်လေးခက်တယ်။ အဲဒါတွေက အစွမ်းထက်တဲ့ ကျင့်ကြံမှုတစ်ခုတည်းနဲ့ ဖန်တီးနိုင်တဲ့အရာတွေ မဟုတ်ဘူး။ ပြီးတော့ လူတစ်ယောက်မှာ ရေစက်ရှိဖို့လည်း လိုသေးတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက ငါ့လို ယင်မကောင်းဆိုးရွားတွေကို လုံးဝအခွင့်အရေးမပေးခဲ့ဘူး။ ဒီတော့ သာမန်ဘုရင်တွေက တိုင်းပြည်တွေ၊ မြို့တွေကို အုပ်ချုပ်သလို ငါတို့အုပ်စိုးဖို့ ကုန်းမြေတစ်ခုကို ပွင့်ပွင့်လင်းလင်းတောင်းဆိုလို့ ရနိုင်ပါ့မလား…”
“စီနီယာ ယင်နတ်ဘုရားက အသက်ရှင်နေတဲ့အချိန် စာသင်သား တစ်ယောက်ဖြစ်ရမယ်…”
လီဟွိုင်က ကြောက်လန့်နေသော အမူအရာနှင့် တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
ယင်နတ်ဘုရား၏အသံက လေးနက်လာပြီး တောင်တက်လမ်းကို လက်ညှိုးထိုးပြ၍ ဆက်ပြောလိုက်သည်။
“ငါ့မှာ မင်းတို့အတွက် သတင်းဆိုးရှိတယ်။ ဒီနေရာကို အုပ်ချုပ်နေတဲ့ သရဲမက တောင်တန်းနတ်ဘုရားတွေထက် နိမ့်ကျနေတာမျိုး မရှိဘူး။ အမှန်အတိုင်းပြောရရင် သူက မြစ်နတ်ဘုရားရဲ့အစွမ်းတွေကိုလည်း ရနေသေးတယ်။ သူ့ဆီကနေ ထွက်လာနေတဲ့ အရာအားလုံးက တော်တော်လေးကို ထူးဆန်းတယ်။ ပြီးတော့ မင်းတို့လျှောက်နေတဲ့ လမ်းကြောင်းကလည်း စလာကတည်းက အဲဒီသရဲမရဲ့စွမ်းရည်နဲ့ ဖန်တီးထားတာပဲ။ အခုမင်းတို့က သူ လျှို့ဝှက်ပြီး ချထားတဲ့ ငရဲပြည်လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ။ ငါက ယင်နတ်ဘုရား တစ်ယောက်ဆိုတော့ အဲဒီလမ်းကြောင်းကနေ စိတ်ကြိုက်ဝင်နိုင်ထွက်နိုင်တယ်။ ဒါပေမဲ့ ငါက မင်းတို့ကို ဒီလမ်းကြောင်းကနေ အပြင်ကို အတင်းအကြပ် ခေါ်ထုတ်ချင်တယ်ဆိုရင်တော့ မင်းတို့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ဆိုးဆိုးရွားရွား ဒဏ်ရာရအောင်လုပ်ဖို့ပဲ ဖြစ်နိုင်တယ်…”
“စီနီယာယင်နတ်ဘုရား …
စီနီယာက သူ့ကိုလည်း အနိုင်မရဘူး၊ ပြီးတော့ ကျွန်တော်တို့ကလည်း ဒီလမ်းကြောင်းကနေ ထွက်မသွားနိုင်ဘူးဆိုမှတော့ ကျွန်တော်တို့က ဘာလုပ်ရဦးမှာလဲ…”
လင်းရှို့ယီက တည်ငြိမ်သော အမူအရာနှင့်မေးလိုက်သည်။
“သူ ပေါ်လာတဲ့အချိန်ကျမှ ငါတို့ကဒီကိစ္စကိုဆွေးနွေးကြတာပေါ့။ စိတ်မပူပါနဲ့ ..။ ငါက မင်းတို့ကို ထိခိုက်အောင် လုပ်ခွင့်မပေးပါဘူး…”
ယင်နတ်ဘုရားက ပြန်ဖြေလိုက်သည်။
ယင်နတ်ဘုရားက အနည်းငယ်ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။ ထိုအချိန်တွင် သူကတော့ အမှန်တရားလမ်းစဉ် အငွေ့အသက်များကို ဆန့်ကျင်၍ ရှေ့ဆက်လျှောက်ရန် ရွေးချယ်ခဲ့သည်ကို နောင်တရနေခဲ့သည်။ ထိုအရာက သူ၏ကျင့်ကြံမှုကို သိသိသာသာ တိုးတက်လာစေနိုင်သော်လည်း အဓိကပြဿနာကတော့ သူ၏ကျင့်ကြံမှုက မူလတုန်းကထက် (၇၀)ရာခိုင်နှုန်းခန့် ယာယီလျော့ကျနေခဲ့သည်။
ယခုတော့ သူတို့က ငရဲမ၏ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရ၏။ အမှန်အတိုင်းပြောရလျှင် သူမ၏ပစ်မှတ်က ချန်းပင်အန်းတို့ဖြစ်ပြီး မျက်မမြင်တာအိုဘုန်းတော်ကြီးနှင့် သူ့တပည့်(၂)ယောက် မဖြစ်နိုင်ပေ။
တောင်တက်လမ်း၏ အပေါ်ဘက် ကီလိုမီတာပေါင်းများစွာအကွာ လေထဲတွင် လွင့်မျောနေသော အဖြူရောင်မီးအိမ်လေးများက သူတို့ကို မျှားခေါ်နေသောအရာများသာ ဖြစ်သည်။ ယင်နတ်ဘုရား၏အမူအရာက ရှုပ်ထွေးနေခဲ့၏။ မျက်မမြင်တာအိုဘုန်းတော်ကြီး၏ကျင့်စဉ်အဆင့်က မြင့်မားမှုမရှိချေ။ သို့သော် သူကတော့ အတော်လေးကို စကားပြောရိုင်းဆိုင်းသည်။
“မင်းတို့အားလုံး ငါ့နောက်မှာရပ်နေကြ…”
ယင်နတ်ဘုရားက ပြောလိုက်သည်။
သိပ်မကြာခင် ယင်နတ်ဘုရားက အဖွဲ့၏ရှေ့ကို ရောက်လာခဲ့၏။ ချန်းပင်အန်းနှင့် လင်းရှို့ယီတို့က သူ့နောက်တွင် တိုက်ရိုက်ရပ်နေကြပြီး တစ်ယောက်က ဘယ်ဘက်တွင်ရပ်၍ တစ်ယောက်က ညာဘက်တွင် ရပ်နေကြသည်။
ချန်းပင်အန်းက သူ၏ဓားငယ်လေးကို မင်္ဂလာအဆောင်ဓားနှင့်လဲထားခဲ့ပြီး လင်းရှို့ယီ၏လက်တစ်ဖက်ကတော့ အင်္ကျီအိတ်ထဲတွင်ရှိနေသော အဆောင်စာရွက်တစ်ခုဆီကို ကိုင်ထားခဲ့သည်။
လီပေါင်ဖျင်နှင့် လီဟွိုင်တို့က သူတို့၏နောက်တွင် ရပ်နေကြ၏။ အဖွဲ့၏နောက်ဆုံးတွင်တော့ အနည်းငယ် ဒေါသထွက်နေသည့်အတွက် မြေပေါ်တွင် ကဆုန်ပေါက်နေသော မြည်းဖြူလေး ရှိနေပြီး သူက ရွှံ့များကို ကန်ထုတ်နေခဲ့သည်။
အနီရောင်မင်္ဂလာဝတ်စုံဝတ်ထားပြီး စက္ကူထီးတစ်ချောင်း ကိုင်ထားသော သရဲမက အဝေးမှနေ၍ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့သည်။ သူမက လက်တစ်ဖက်တွင် မျက်မမြင်တာအိုသခင်ကြီးကို ခြေထောက်မှဆွဲလာပြီး ချန်းပင်အန်းတို့နှင့် (၇)မီတာခန့်အကွာကို ရောက်သည့်အချိန်တွင် ရပ်လိုက်သည်။
တစ်ဖက်တွင်တော့ တောင်တက်လမ်းပေါ်တွင် မီးအိမ်ပေါင်းများစွာ လင်းထိန်လာခဲ့၏။ ချန်းပင်အန်းနှင့် သူ့အဖော်များ၏နောက်တွင်လည်း အတူတူသာဖြစ်သည်။ အလွန်ပျော့ပြောင်းသော အနီရောင်အလင်းတန်းများက လူတိုင်း၏မျက်နှာပေါ်တွင် နီရဲနေစေခဲ့သည်။
သရဲမက တာအိုဘုန်းတော်ကြီးကို သူတို့ကြားထဲသို့ လှမ်းပစ်လိုက်သည်။ သူကတော့ သေသလားရှင်သလားပင် မသိရတော့ချေ။ သူ၏မျက်နှာပေါ်တွင် အံ့ဩနေသည့် အမူအရာတစ်ခုပေါ်လာနေစဉ် သူမက သူတို့ကို လက်ညှိုးနှင့်ထိုး၍ ရေတွက်နေခဲ့သည်။
“အထူးဧည့်သည်တွေ အများကြီးပါလား။ (၁)ယောက်... (၂)ယောက်... (၃)ယောက်... စာသင်သား(၃)ယောက်။ ပြီးတော့ မင်းတို့တွေထဲက တစ်ယောက်က ကွန်ဖြူးရှပ်ကျောင်းသား ဖြစ်နေတာလား။ ငါ့ရဲ့ယောကျ်ားက လူကြီးလူကောင်း တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ချက်ချထားဖူးတယ်။ ဒါဆိုရင် သူက ကမ္ဘာမြေကြီးကို ငြိမ်းချမ်းမှုတွေ သယ်ဆောင်လာပေးနိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မင်းကတော့ ငါ့ယောကျ်ား မျှော်လင့်နေခဲ့တဲ့ ရည်မှန်းချက်ကို ရသွားပြီ…”
ချန်းပင်အန်းက ရှေ့ကို ထွက်ချင်နေခဲ့သော်လည်း ယင်နတ်ဘုရားက ခေါင်းခါပြီး တိတ်တဆိတ်ပြောလိုက်သည်။
“အလျင်မလိုနဲ့…”
သရဲမက သူမ၏ခေါင်းကို စောင်းလိုက်ပြီး စာအုပ်သေတ္တာငယ်လေးများ သယ်ဆောင်လာသော ကလေး(၃)ယောက်ကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်နေခဲ့သည်။
“တရားမျှတတဲ့ အကျင့်စရိုက်ရှိတဲ့ သူတွေကသာ စာသင်သားအဖြစ် သတ်မှတ်နိုင်တယ်လို့ ငါ့ယောကျ်ားက ပြောခဲ့ဖူးတယ်။ ဒါကြောင့် ငါက ခရီးဝေးကို ထွက်သွားတဲ့ ငါ့ယောကျ်ားကို လွမ်းတဲ့အချိန်တိုင်း ငါ့ပိုင်နက်ကို ဖြတ်သွားတဲ့ စာသင်သားတွေကို ဖိတ်ခေါ်ခဲ့တယ်။ ငါက သူတို့တွေကို လှပတဲ့ အစေခံမလေးတွေနဲ့ သေချာပြုစုခဲ့တယ်။ ကျန်နေခဲ့တာကတော့ ရှေးဟောင်းစာအုပ်တွေ၊ နှစ်ပေါင်း(၁၀၀၀)လောက် သက်တမ်းရှိတဲ့မှတ်တမ်းတွေပဲ။ ငါက သူတို့တွေကို မပျက်စီးနိုင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး သူတို့ဖတ်ပြတာတွေကို နားထောင်တယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး အနုပညာဆန်တဲ့ အပြုအမူတွေက စာတွေကဗျာတွေထဲမှာ ဗဟုသုတရှိတဲ့ စာသင်သားတွေပဲ ပြောနိုင်တာလေ…”
ထိုစကားကို ပြောလိုက်ပြီးနောက် သရဲမက ယင်နတ်ဘုရားကို စိုက်ကြည့်ပြီး အပြုံးနဲ့ ဆက်ပြောလိုက်သည်။
“ဒီမှာ ယင်နတ်ဘုရား …
ရှင်က ဒီတစ်ကြိမ် တော်တော်လေး ကံကောင်းသွားတယ်။ တကယ်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကသာဆိုလျှင် ကျွန်မက ရှင့်ရှေ့မှာ သေချာပေါက် ပေါ်လာရဲမှာ မဟုတ်ဘူး…”
သူမက ခေါင်းငုံ့ပြီး ပါးစပ်ကိုလက်နှင့်အုပ်၍ တိုးတိုးလေး ရယ်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် မေတ္တာတရားများ ပြည့်နှက်နေခဲ့၏။ သူမက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“အမှန်အတိုင်း ပြောရရင်တော့ မိန်းကလေးတွေက သူတို့ရဲ့မျက်နှာကို လူအများရှေ့မှာ ပြတာမကောင်းဘူး…”
သို့သော် သူမ၏ဖြူဖပ်ဖြူရော်မျက်နှာလေးက မီးအိမ်များ၏ အလင်းရောင်ဖျော့ဖျော့အောက်တွင် အတော်လေးကို ကြောက်စရာကောင်းနေခဲ့သည်။
လီဟွိုင်ကတော့ ခေါင်းထုတ်ပြီး ခိုးကြည့်လိုက်သည့်အချိန်တွင် အလွန်ကြောက်လန့်သွားသည့်အတွက် ခြေမခိုင်သလိုပင် ဖြစ်နေခဲ့၏။
သရဲမက အပြုံးနှင့်ပြောလိုက်သည်။
“ငါက လူတွေနဲ့ စကားမပြောတာ အရမ်းကိုကြာနေပြီ။ ဒါကြောင့် ငါက ဒီလိုမျိုးဖြစ်နေတာ။ မင်းတို့က စိတ်ထဲမထားဘူး မဟုတ်လား…”
ထို့နောက် သူမက တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏စက္ကူထီးလေးကို ညင်သာစွာ ပိတ်လိုက်သည်။ တချိန်တည်းလိုလိုပင် ကြောက်စရာကောင်းစွာ ရွာသွန်းနေသော မိုးရေစက်များက ချက်ချင်း ရပ်တန့်သွားခဲ့၏။ ကောင်းကင်ပေါ်တွင် မိုးရေစက်တစ်ခုမျှ မရှိတော့ချေ။
“ဒီက အမျိုးသမီး …
ခင်ဗျားရဲ့စံအိမ်ထဲကို ဖိတ်ခေါ်ခဲ့တဲ့စာသင်သားတွေက ဘာဖြစ်သွားကြလဲ..”
လင်းရှို့ယီက အပြုံးနှင့် မေးလိုက်သည်။
သရဲမက ရှေ့ကို နောက်တစ်ကြိမ် ထပ်လျှောက်လာပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးက ပျောက်ကွယ်သွားသည်။
“သူတို့လား... အဆုံးကျတော့ ငါက ကတိဖျက်တဲ့ စာသင်သားတွေကို ခါးကနေ (၂)ပိုင်းဖြတ်ပစ်တယ်။ သူတို့ကို သွေးတိတ်အောင် ကူညီပေးပြီး ငါ့ရဲ့ဥယျာဉ်ထဲမှာ စိုက်ထားတယ်။ ငါ့ယောကျ်ားပြောတဲ့ စာသင်သားဆိုသူတွေက မြေကြီးထဲမှာရော ကြီးထွားနိုင်လား ငါက သိချင်တယ်လေ။ သူတို့ဆီကနေ ကောင်းမွန်တဲ့ရလဒ်တွေ ရှိလာနိုင်မလား သိချင်နေတာ။ ဒါပေမဲ့ သူတို့က ငါ့ကိုအတော်လေး စိတ်ပျက်သွားစေခဲ့တယ်။ သူတို့က အရိုးခြောက်တွေအဖြစ်ပဲ ပြောင်းလဲသွားတယ်။ ဒါပေမဲ့ အဲဒီလူတွေက အစစ်အမှန် စာသင်သားလို့မသတ်မှတ်နိုင်ဘူးလေ။ မင်းတို့ရောက်လာတဲ့အတွက် ငါက တော်တော်လေးကို ဝမ်းသာသွားပြီ…”
လင်းရှို့ယီ၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ လီပေါင်ဖျင်ကလည်း ဒေါသထွက်သွားခဲ့၏။ ထိုအချိန်တွင် လီဟွိုင်က နားကို လက်နှစ်ဖက်နှင့်အုပ်ပြီး တီးတိုးရေရွတ်နေခဲ့သည်။
“ငါ နားမထောင်ဘူး...ငါနားမထောင်ဘူး…”
“အရင်တုန်းကတော့ ငါက စာသင်သားတွေကို သဘောကျတယ်။။ ဒါပေမဲ့ ငါက သစ္စာမရှိတဲ့သူကို အမုန်းဆုံးပဲ….”
သရဲမက ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။
သူမ၏မျက်လုံးထဲမှနေ၍ သွေးမျက်ရည်များ စီးကျလာခဲ့၏။ ချစ်ခြင်းတရားကို စွဲလမ်းနေသူများက နောက်ဆုံးတွင် စိတ်ပျက်မှုနှင့် သစ္စာဖောက်ခြင်းကိုသာ ခံစားရပါလိမ့်မည်။
လေထဲတွင် လွင့်မျောနေသော အဖြူရောင်မီးအိမ်လေးများဆီမှနေ၍ သွေးစီးကြောင်းများကလည်း တောင်တက်လမ်းပေါ်သို့ စတင်ကျဆင်းလာခဲ့သည်။ အဆုံးတွင်တော့ မီးအိမ်များ အားလုံးငြိမ်းသွားခဲ့သည်။
“အဆုံးမှာတော့ ဒီကမ္ဘာကြီးထဲမှာ သစ္စာမရှိတဲ့ စာသင်သား တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ငါက နားလည်သွားခဲ့တယ်…”
သရဲမ၏မျက်နှာပေါ်တွင် သွေးများပြည့်နှက်နေခဲ့သည်။ သူမက စက္ကူထီးလေးကို ဘေးသို့ချထားလိုက်၏။ ထိုထီးလေးက သူမနှင့် သူမယောကျ်ားတို့၏ချစ်ခြင်းသင်္ကေတတစ်ခု ဖြစ်ခဲ့ဖူးသည်။ သူမက လက်တစ်ဖက်နှင့် မျက်နှာကိုအုပ်လိုက်ပြီး ဝမ်းနည်းမှုများကို ဖိနှိပ်ရန် တရှုံ့ရှူံ့ ငိုကြွေးနေခဲ့သည်။ သူမ၏လက်ချောင်းလေးများ ကြားထဲမှ မျက်ရည်များပင် စီးကျလာခဲ့၏။
“ယောကျ်ား …
ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး။ ကျေးဇူးပြုပြီး ပြန်လာပေးပါ…”
Translated by Hein Htet.