← Chapters

သေရွာပြန်နဂါး

Vol. 50 Ch. 825

သေရွာပြန်နဂါး

Vol. 50 Ch. 825

ရိုင်ဇန်က အသံကို မဖိနှိပ်ထားခဲ့ပေ။ ထိုသို့ ပြောလိုက်သော အခါ လူတိုင်း ထိတ်လန့်သွားကြကုန်သည်။

“အာသာ”က တကယ်တမ်း ကြယ်ကြွေတမန် အင်ပါယာက ဧကရီ ရှီရာရဲ့ ကြင်ရာတော်မင်းသား “အက်ဂ်ယော”လား။

တစ်ယောက်ယောက်ကသာ ထိုသို့ပြောမည်ဆိုလျှင် သေချာပေါက် အထင်သေးစွာဖြင့် လျစ်လျူရှု ခံရပေမည်။ တစ်ယောက်က နှစ်ပေါင်းသိန်းနဲ့ချီ အဂ္ဂိရတ်ပညာရှင် ဖြစ်ခဲ့တဲ့ ပထမဆုံး အဂ္ဂိရတ် ပါရမီရှင်နဲ့ အထူး မဟာဆရာသခင်။ တခြား တစ်ယောက်က ရှီရာနဲ့အတူ မ‌ရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ တိုက်ခဲ့တဲ့ နာမည်ကျော် နတ်ဆိုးအရှင်သခင် ထိပ်သီးအဆင့် အစွမ်းထက်ပုဂ္ဂိုလ်။ နယ်ပယ်အသီးသီးမှာ ထူးချွန်တဲ့ အောင်မြင်မှုတွေ ရထားပြီးတော့ တစ်ခါမှ မဆုံဖူးတဲ့ ဒီလူနှစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ တစ်ယောက်တည်း ဖြစ်နိုင်မှာလဲ။

သို့သော် ထိုစကားက နတ်ဆိုးဘုံရှိ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်၊ သွေးရောင်အင်ပါယာရှိ လော့ဒ်-ရိုင်ဇန်ထံမှ ထွက်ပေါ်လာသည့်အတွက် သူတို့ ယုံကြည်ရတော့သည်။

ဒီအဂ္ဂိရတ်ပြိုင်ပွဲမှာ အတော်ပဆုံး ကြယ်ပွင့်နဲ့ အထူးချွန်ဆုံး မဟာဆရာသခင်က ကြယ်ကြွေတမန်အင်ပါယာရဲ့ ကြင်ရာတော် မင်းသား “အက်ဂ်‌ယော” ဖြစ်နေတာလား။

“အာသာ”က အလွန်အန္တရာယ်များနေသော အခြေအနေ၌ မဟုတ်ခဲ့လျှင် ကြယ်ကြွေတမန်အင်ပါယာ ပရိသတ်များ အားလုံးက ကောင်းချီးသြဘာ ပေးကြပေလိမ့်မည်။

“ဆာမန်”၏ စွမ်းအားက သေချာပေါက် ရိုင်ဇန်နှင့် အဆင့်တူတူ ဖြစ်သည်။ ရိုင်ဇန်က “အက်ဂ်ယော”အား မှော်ဆရာခံတပ်တွင် အလွယ်တကူ အနိုင်ယူခဲ့ဖူးသည်။ ထို့ကြောင့် ယခု အက်ဂ်ယော...

ထိုအခိုက် ရိုင်ဇန် ရုတ်တရက် မျက်ခုံးပင့်လိုက်၏။

ထို့နောက် ချက်ချင်းမှာပင် လူတိုင်းက အလင်းရောင် တစ်ခုကို မြင်လိုက်ရသည်။

တောက်ပသော အလင်းရောင်တစ်ခုပင်။

“အက်ဂ်ယော”ကို ဝိုင်းရံနေသော အနက်ရောင်အငွေ့က အလင်းတန်းအောက်တွင် အရုဏ်ဦးက ပယ်ဖျောက်လိုက်သော အမှောင်ထုကဲ့သို့ ပြိုလဲသွားလေသည်။ ထိုအရာက “ဆာမန်”၏ သနားစရာ အော်သံကို ယဲ့ယဲ့လေး ကြားရစေသည်။

အလင်းရောင်က အလွန်တောက်ပနေ၏။ ကောင်းကင်မှ ခရမ်းရောင်ပြောင်းသွားသော လနှစ်စင်း မပြောနှင့်၊ နေ့အချိန်မှ လနှစ်စင်းကပင် ထိုမျှ မတောက်ပခဲ့ပေ။ ထိုအရာက လူသား လောကမှ ဒဏ္ဍာရီလာ “နေ”ကဲ့သို့ပင် ဖြစ်လေသည်။

မဟုတ်ပေ။ နေက ပူသင့်သော်လည်း ထိုအလင်းရောင်က တောက်ပပြီး ခမ်းနားနေ၏။ ၎င်းက ကြယ်အလင်းရောင်ပင်။

ကြယ်အလင်းရောင်၏ တောက်ပမှုကို တုံ့ပြန်သော တောက်ပကာ အင်အားကြီး စွမ်းအားအငွေ့အသက်လှိုင်းများက တိုင်းပြည်ဖန်တီးနိုင်ရန် ခြေတစ်လှမ်းသာ လိုနေသော ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့အား သိမ့်သိမ့်တုန်သွားစေသည်။

ရိုင်ဇန်က အားကောင်းသော အဟုန်ကို ခံစားနေရင်း တလက်လက် ကြယ်အလင်းအား မရှောင်တိမ်းဘဲ စိုက်ကြည့်နေ၏။ သူ၏ ခန္ဓာကိုယ်က ဟိန်းဟောက်နေသော တိုက်ခိုက်ချင်စိတ်နှင့် အတူ လောင်ကျွမ်းနေလေသည်။

“အက်ဂ်ယော”ရဲ့ စွမ်းအားက တကယ်ကြီး ဒီအဆင့်ကို ရောက်နေပြီ။

ဒါနဲ့ မှော်ဆရာခံတပ်မှာ “အက်ဂ်ယော”က ဥပဒေသ အဆောင်ပစ္စည်းကြောင့် အချုပ်နှောင် ခံထားရတယ်လို့ ပြောခဲ့တယ်။ ကြည့်ရတာ သူက အချုပ်အနှောင်ကနေ လွတ်‌မြောက်သွားတဲ့ပုံပဲ။ မဟုတ်သေးဘူး။ အဲဒါက ၂နှစ် ကြာမယ်လို့ သူပြောခဲ့တာ မဟုတ်ဘူးလား။

ရိုင်ဇန်၏ မျက်လုံးများက တောက်ပသွားခဲ့ပြီး အနီးအနားရှိ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း စက်လူသား၄ယောက်က တစ်ချိန်တည်းမှာပင် အမှုန့် ဖြစ်သွားတော့သည်။

တလက်လက် ကြယ်အလင်းရောင်က တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီး အလယ်တွင် လူပုံစံ ပေါ်လွင်လာ၏။ “အက်ဂ်ယော”တွင် ကြယ်အလင်းကဲ့သို့ နက်ရှိုင်းပြီး ခမ်းနားသော ခန္ဓာကိုယ်အပြည့် ချပ်ကာတစ်စုံ ရှိနေပြီး နောက်ဘက်တွင် အလွန်ကြီးမားသော တောင်ပံတစ်စုံ ရှိနေကာ ကျက်သရေရှိပြီး လေးနက်သော အမူအရာ ပြသနေရင်း လူအများအား မော့ကြည့်ချင်စိတ် ဖြစ်စေလေသည်။

[ ယုံကြည်မှုချပ်ကာ ] လား။ ရိုင်ဇန်က အသာလေး မျက်မှောင်ကြုတ်လိုက်ပြီးနောက် တစ်ခုခု လွဲနေကြောင်း ချက်ချင်း ခံစားလိုက်မိသည်။ တကယ်လို့ သူက တိုင်းပြည်အဆင့်ကို ယာယီ ရောက်ဖို့အတွက် [ယုံကြည်မှုချပ်ကာ]ကို သုံးလိုက်တာဆိုရင် တကယ့် ဥပဒေစွမ်းအားရှိဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါ့ရဲ့သွေး တုန်ခါနေတာကနေ အတော်လေး သန့်စင်တဲ့ တိုင်းပြည် စွမ်းအားကို သေသေချာချာ ခံစားမိနေတယ်။

“ဆာမန်”ရဲ့ စွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်လောက်ပေသည်။ ရိုင်ဇန်ထက် သာလွန်သည်။ သို့သော် သူ၏ စွမ်းအားက နေရာလွတ်ကြောင့် ကြီးကြီးမားမား လျော့ကျနေ၏။ သိပ်မကြာခင်က နားလည်ထားခဲ့သော တိုင်းပြည်စွမ်းအားများ၊ မန်မွန်တော်ဝင်မိသားစု၏ သွေးမျိုးဆက်ပါရမီနှင့် အမှောင် ဒြပ်စင် စွမ်းအားကို ချူပ်ထိန်းနိုင်သော သွေးရောင် လက်စွပ်တို့ ပေါင်းလိုက်မည်ဆိုလျှင် ရိုင်ဇန်က စွမ်းအား ခြားနားမှုကို ကျော်လွှားပြီး “ဆာမန်”ကို အနိုင်ရရန် ယုံကြည်ချက် ရှိသည်။ အက်ဂ်ယောက ယုံကြည်မှု လွန်ကဲတဲ့သူမျိုး မဟုတ်ဘူး။ ကြည့်ရတာ [ ယုံကြည်မှုချပ်ကာ ] ရဲ့ ဒီလိုမျိုး အသွင်ပြောင်းတဲ့ ပုံစံက ငါစိတ်ကူးထားတာထက် ပိုပြီး‌ သေချာပေါက် အစွမ်းထက် တဲ့ပုံပဲ။ ဒါက တကယ့် တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေကို ယှဉ်နိုင်လောက်တယ်။

“ဆာမန်”၏ အနက်ရောင်အငွေ့များ နောက်ပြန်ဆုတ်သွားပြီး ဒဏ်ရာအသေးစားတစ်ခု ခံစားလိုက်ရ၏။ သူ၏ အေးစက်သော မျက်လုံးများက ကြောက်ရွံ့စွာဖြင့် လှစ်ခနဲ လှုပ်သွားခဲ့သည်။ “မင်းက ဘယ်သူ့ရဲ့ ယုံကြည်သူလဲ။ မင်းမှာ တကယ်ကြီး ဒီလောက် စွမ်းအားကြိးတဲ့ [ ယုံကြည်မှုချပ်ကာ ] ရှိနေတယ်။”

ထိုကဲ့သို့ [ ယုံကြည်မှုချပ်ကာ ]၏ အစွမ်းထက် အငွေ့အသက်က အရေးမကြီးပေ။ ဆာမန် ကြောက်ရွံ့သည်မှာ ကြောက်မက်ဖွယ်ရာ နတ်ဘုရားယောင်အဆင့် ဖြစ်ရမည့် ထိုချပ်ကာ နောက်ကွယ်မှ တည်ရှိမှုကိုပင်။

ချန်လွေ့က “ဆာမန်”၏ မေးခွန်းကို မဖြေဘဲ အေးစက်စက် ပြောလိုက်သည်။ “ကျုပ်တို့ ပြိုင်ပွဲက မပြီးသေးဘူး။ ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို သုံးပြီးတော့ ခင်ဗျားကို နစ်မွန်းအောင်လုပ်မယ်။ ပြီးရင် ခင်ဗျားဝိညာဉ်ကို ဖျက်ဆီးပစ်မယ်။”

“အရှက်မရှိ ကြွားလံုးထုတ်နေတာပဲ။ ဒါက တိုးမြှင့် အခွံလေးပဲ။ မင်းက တကယ့် တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကို ယှဉ်နိုင်မယ် ထင်နေတာလား။ ဒါမှမဟုတ် တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို ရောက်တော့မယ့် နဂါးတစ်ကောင်ကိုလား။” ဆာမန်က မောက်မာစွာဖြင့် ရယ်လိုက်ပြီးနောက် အင်အားကြီး နဂါးအဟုန်က လှိမ့်တက်လာခဲ့သည်။ “မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ ငါ့ရဲ့အစာ ဖြစ်လာမှာပဲ။ ဒါက အမှတ်အသား နေရာလွတ်ရဲ့ ဥပဒေသ ကျေးဇူးကြောင့်ပဲ။ မဟုတ်ရင် ငါက မင်းရဲ့ သက်တမ်းကို တကယ် ရနိုင်မှာ မဟုတ်ဘူး။”

ဥပဒေသစွမ်းအားကို သုံးပြီး ချန်လွေ့၏ အသက်ကို ယူရန်က ထိုဧရာမနဂါး၏ တကယ့် ရည်ရွယ်ချက် ဖြစ်သည်။ အစပိုင်း၌ သူက ဆာမန်၏ အဂ္ဂိရတ် မဟာဆရာသခင် စွမ်းအားဖြင့်ဆိုလျှင် ပြိုင်ဘက်၏ အသက်ကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သည်။ တစ်ဖက်လူက ဆာမန်ထက် သာလွန်သော မမျှော်လင့်ထားသည့် စွမ်းအားများကို ပြသလိမ့်မည်ဟု ကြိုမမြင်နိုင်ခဲ့ပေ။ ရလာဒ်အနေဖြင့် သူက ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး ကိုယ်ပိုင် (ဧရာနဂါး) ဘဝကိုပင် ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုအဆင့်၌ ဧရာမနဂါးက လက်ကျန်အသက်ဓာတ်ကို လောင်ကျွမ်းပြီး စွမ်းအား ပမာဏ အများအပြားကို စတေးကာ ဥပဒေသ စွမ်းအားကို ပြောင်းပြန်လှန်ရန် လျို့ဝှက်ပညာရပ်ကို အသုံးပြုခဲ့၏။ သူက အမှန်တကယ်ပင် ပြန်လမ်း မရှိတော့ပေ။

“နဂါး ဟုတ်လား။” လှောင်ရယ်သံက တောက်ပနေသော ချပ်ကာဆီမှ ထွက်ပေါ်လာသည်။ “မသေမျိုး အဖြစ် မတုံ့ဆိုင်းဘဲ ပြောင်းလဲခဲ့တဲ့ နဂါးနက်က ကိုယ့်ကိုယ်ကိုယ် နဂါးလို့ ခေါ်ရဲသေးတာလား။ ကျုပ် ခင်ဗျားကို ....သေရွာပြန်နဂါးလို့ ခေါ်ရမှာထင်တယ်။ ဟုတ်တယ်မလား။ နဂါးကျွန်းက သစ္စာဖောက်၊ အူးကလီးရက်စ်...”

ဧရာနဂါး ပတ်ပတ်လည်မှ အနက်ရောင်အငွေ့များက ခဏတာ ရပ်တန့်သွားခဲ့သည်။ သူက လွှတ်ခနဲ ပြောလိုက်မိ၏။ “ဒီလျို့ဝှက်ချက်တွေကို မင်း ဘယ်လိုသိတာလဲ။ မင်းက ဘယ်သူလဲ။”

အူးကလီးရက်စ်က အထိတ်တလန့် အဖြစ်စေဆုံးမှာ တစ်ဖက်လူက သူ၏ သေရွာပြန်နဂါး ခန္ဓာကိုယ်နှင့် နဂါးနက် ဆိုသည်ကို မြင်သွားခဲ့ရုံ သာမက သူ၏ နာမည်အရင်းနှင့် ဇစ်မြစ်ကိုပင် ထုတ်ပြောလိုက်ခြင်းကိုပင်။

ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် သေရွာပြန်နဂါးက ခန္ဓာကိုယ်ကို စွန့်ပစ်ပြီး မသေမျိုးမှော်ပညာရှင်က အလောင်း အောက်လမ်းပညာရှင်အဖြစ် ပြောင်းလဲလိုက်သလိုမျိုးပင် အစွမ်းထက် မှော်သတ္တဝါအဖြစ် အရိုးခြောက်တဝက်ပုံစံ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ သေရွာပြန်နဂါးတွင် နဂါးများ မုန်းတီးပြီး ရွံရှာသော အင်အားကြီး မှော်ပညာနှင့် တိုက်ခိုက်ရေး စွမ်းအား ရှိပေသည်။

အက်ဂ်လက်စ်က နဂါးကျွန်းဆီသို့ ပြန်ရောက်လာသောအခါ အူးကလီးရက်စ်ကို ကြီးမားသော စွမ်းအားဖြင့် အနိုင်ယူပြီး နဂါးဧကရာဇ်နေရာကို ပြန်ရယူခဲ့သည်။ အူးကလီးရက်စ်က ဒဏ်ရာ အပြင်းအထန်ရပြီး ထွက်ပြေးသွားခဲ့သည်။ သေလုနီးပါး အချိန်တွင် သူက တားမြစ် လျို့ဝှက်ပညာရပ်ကို အသက်သွင်းပြီး ထာဝရ အသက်ရှင်ရန်အတွက် သေရွာပြန်နဂါးအဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မူလက အလွန်အန္တရာယ် များနေသော ပြောင်းလဲခြင်း လုပ်ငန်းစဉ်တွင် အူးကလီးရက်စ်က မ‌တော်တဆ အမှားတစ်ခု လုပ်ခဲ့မိလေသည်။ သူက ပျောက်ကွယ်တော့မည့်အချိန်၌ ထွက်ပြေးနေသော ဆာမန်နှင့် ဆုံတွေ့သွားခဲ့သည်။

အူးကလီးရက်စ်က ဆာမန်၏ အမှတ်အသား စွမ်းအားကို အသုံးပြုပြီး ပြောင်းလဲခြင်း ဖြစ်စဉ်ကို အတင်းပြီးမြောက်အောင် ပြုလုပ်ကာ နောက်ဆုံး၌ သေရွာပြန်နဂါး ဖြစ်သွားခဲ့သည်။ အမှတ်အသား ဥပဒေသကြောင့် အူးကလီးရက်စ်နှင့် ဆာမန်တို့၏ အသက်က အတူတူ ချည်နှောင်ခံခဲ့ရသည်။ သူက တကယ့် မသေမျိုးခန္ဓာကိုယ်လည်း မပိုင်ဆိုင်နိုင်သလို အသက်သေတ္တာ ကိုလည်း မဖန်တီးနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ဆာမန်နောက်ကို လိုက်ပြီး အ‌လောင်းအစား တိုက်ပွဲများ၌ ဝင်ပါကာ ဥပဒေသကို အသုံးချပြီး အသက်ရှင်ရန်အတွက် အခြားသူများ၏ သက်တမ်းကို ဝါးမျိုရလေသည်။ သူ၏ အောင်မြင်မှုနှင့် ကျရှုံးမှုတို့က တူညီသော အကြောင်းတရားကြောင့် ဖြစ်သည်ဟု ပြော၍ ရနိုင်ပေသည်။

အူးကလီးရက်စ်နှင့် ဆာမန်တို့က ကြယ်ကြွေတမန် မြို့တော်၌ ချန်လွေ့နှင့် တွေ့သောအခါ သူ၏အသက်စွမ်းအားက အလွန်အမင်း အားကောင်းကြောင်း ရှာတွေ့ခဲ့သွားသည်။ ၎င်းက နှစ်တစ်သိန်းကျော်ပြိး ထယ်တင်းနစ်ထက် များစွာ သာလွန်နေသည်။ ထိုကဲ့သို့ ပိုကောင်းသော လက်ဆောင်ကို အစားထိုးရန်အတွက် အူးကလီးရက်စ်က ပြိုင်ပွဲကို နောက်ဆုတ်ရန်အတွက် အသက်၃၀၀ကိုပင် မတုံ့ဆိုင်းဘဲ စတေးခဲ့လေသည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် သူက ကျရှုံးမှုနှင့် ဆုံတွေ့ခဲ့ရ၏။

အကယ်၍ အူးကလီးရက်စ်က ပြိုင်ဘက်၏ အသက်စွမ်းအားကို မဝါးမျိုနိုင်လျှင် ဥပဒေသစွမ်းအားက ပြန်ထိန်းချုပ်ပြီး သေဒဏ်ပေးရန် မခံရသည့်တိုင် သူက နည်းပါ‌းသော အသက်စွမ်းအားများ ကုန်ခမ်းသွားမည်ဖြစ်ပြီး ဆာမန်နှင့်အတူ ချေမှုန်းခံရပေမည်။ ထိုအရာ နောက်ဆုံး ခိုကိုးရာပင်။

အဲဒါကြောင့် ငါ ဘယ်လိုပဲဖြစ်ဖြစ် “အာသာ”ကို ဝါးမျိုရမယ်။

အူးကလီးရက်စ်က သံရှည်ဆွဲကာ ဟိန်းဟောက်လိုက်၏။ အလွန်ကြီးမားသော အားစက်ကွင်းတစ်ခု ဖန်တီးရန်အတွက် မသေမျိုးစွမ်းအားနှင့် ရောနှောနေသော နဂါးမာန်က အေးစက်ပြီး ထူးဆန်းသော အငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။ သူက အစွမ်းအထက်ဆုံး တိုင်းပြည်စွမ်းအားကို အသက်သွင်းလိုက် လေသည်။

ချန်လွေ့၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော နိမိတ် ပုံရိပ်များ ရှိနေသည်။ သူက အလယ်တွင် ရှိနေပြီး လျို့ဝှက် ဆန်းကြယ်သော ဥပဒေ ဖြစ်သည့် [ ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း ] ၏ [ ကြယ်ပြာပိုင်တိုင်းပြည် ] အတိုင်း လည်ပတ်နေတော့သည်။

ကြယ်များ၏ နိမိတ်ပုံရိပ်များမှ သန့်စင်ပြီး ပြိုင်စံရှာ သန့်စင်သော တိုင်းပြည်စွမ်အားကို ရိုင်ဇန် အာရုံခံမိလိုက်၏။ သူ၏မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ကြယ်နိမိတ်ပုံရိပ်နှင့် အားစက်ကွင်း အစွန်အဖျားတွင် သွေးရောင်အလင်း အလွှာတစ်ခု ရှိနေလေသည်။ ထိုအရာက ပရိတ်သတ်များထံ တိုက်ပွဲ စွမ်းအား မပျံ့နှံ့စေရန်အတွက် အကာအကွယ် စွမ်းအားမျိုး ဖြစ်၏။ သူက တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်နှင့်လည်း ယှဉ်ရန် ရည်ရွယ်ထားလေသည်။

ယခုတွင် အူးကလီးရက်စ်၏ ဇစ်မြစ် ပေါ်သွားပြီဖြစ်ရာ ဖုံးကွယ်နေရန် မလို‌တော့ပေ။ သူက ဖုံးကွယ်ထားသော အနက်ရောင် အငွေ့များကို ရုတ်သိမ်းပြီး ကြောက်မက်ဖွယ်ရာ ခန္ဓာကိုယ်ကို ထုတ်ပြလိုက်၏။ ထိုအရာက အရိုးခြောက် ဧရာမ နဂါးတစ်ကောင် ဖြစ်ပေသသည်။ ၎င်းက ဂူရာဒန် ပြုလုပ်ခဲ့သော စိတ်ဝိညာဉ်နဂါးနှင့် မတူညီပေ။ အရိုးခြောက်သက်သက်သာ မဟုတ်ဘဲ ကိုယ်ပိုင် “အသား” ရှိနေသည်။ အတိအကျ ပြောရလျှင် စက်ခန္ဓာ ဖြစ်၏။ အရည်လဲ့နေသည့်အတွက် သလင်းကျောက် နဂါးနှင့် တစ်နည်းတစ်ဖုံ ဆင်တူနေလေသည်။ ထိုအရာက ဆာမန်၏ လက်ရာမြောက်တစ်ခု ဖြစ်လောက်ပေသည်။

စက်ယန္တရားစွမ်းရည်များ အပြည့်အဝရှိသည့် သေရွာပြန်နဂါး။

ချန်လွေ့ လှုပ်ရှားလိုက်သည်နှင့် အူးကလီးရက်စ် အပေါ်သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် လူတိုင်းက မူးဝေသွားသလို ခံစားလိုက်ရပြီး ဥက္ကာပျံတစ်ခုက ဧရာမနဂါး၏ ကျောပေါ်သို့ ကျသွားသလို ဖြစ်သွားခဲ့သည်။

အူးကလီးရက်စ် ထိတ်လန့်သွားခဲ့သည်။ သူ၏ အလွန် ကြီးမားသော ခန္ဓာကိုယ်က တည့်တည့်ပင် မြေပြင်ပေါ်သို့ ပိကျသွားခဲ့သည်။ လွန်ကဲသော အက်ကြောင်းတစ်ခုက မှော်အစီအရင် ကာကွယ်ထားပေ‌းသော မြေပြင်ပေါ်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ထိုအရာက ရိုင်ဇန်၏ တိုင်းပြည် အကာအကွယ် ရလာဒ်ကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ထိုတိုက်ခိုက်မှု၏ နောက်ဆက်တွဲက ပြိုင်ကွင်းတစ်ခုလုံးကိုပင် ပြိုလဲသွားစေနိုင်လေသည်။

“တကယ့် တိုင်းပြည်စွမ်းအား!!” အူးကလီးရက်စ်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက တိုင်းပြည်အခွံအလွှာနဲ့ ဖုံးထားတဲ့ နတ်ဆိုး အရှင်သခင် အဆင့်ပဲ ဖြစ်သင့်တာလေ။”

ထိုသို့ ပြောလိုက်သည်နှင့် ချန်လွေ့၏ပုံရိပ်က ပျောက်ကွယ် သွားပြန်သည်။ မရေမတွက်နိုင်သော “ဥက္ကာပျံများ”က အူးကလီးရက်စ်ထံ ပျံသန်းလာခဲ့သည်။ ချန်လွေ့က ကြယ်မျှော်စင် နေရာလွတ်တွင် အဖိုးတန် အတွေးအမြင်များ ရရှိခဲ့သည့်အတွက် သူက ထိုနေ့ရက်များ၌ အခြေခံအကျဆုံး ကြယ်စွမ်းအားကို သန့်စင်ပြိး စုဆောင်းနေခဲ့သည်။ ထို့ကြောင့် [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] စွမ်းအားက ဇီဟုန်အန်ကို တိုက်ခိုက်ခဲ့စဉ်ထက် များစွာ ပိုမို၍ အစွမ်းထက်နေခဲ့လေသည်။

အူးကလီးရက်စ်၏ အလွန်ကြီးမားသော ခန္ဓာကိုယ်နှင့်ယှဉ်လျှင် ထို“ဥက္ကာပျံ”များက အလင်းတန်း အသေးလေးများသာ ဖြစ်နေ၏။ သို့သော်လည်း ၎င်းက စိတ်ကူးနိုင်သည်ထက် ကျော်လွန်သော ထိခိုက်မှုတစ်ခုကို ဖြစ်စေခဲ့သည်။

သိပ်သည်းလှပြီး လုံးထွေးနေသော ထိခိုက်သံများကြားထဲ၌ အူးကလီးရက်စ်၏ ခန္ဓာကိုယ်က တဖြည်းဖြည်းနှင့် မြေကြီးထဲသို့ နစ်ဝင်သွားခဲ့ပြီး ကျောပြင်ကလည်း သိသာထင်ရှားသော အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ဟိန်းသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဧရာမ တောင်ပံများကို ဖြန့်လိုက်ကာ လှိမ်ယှက်နေသော ပင့်ကူအိမ်များ ပေါက်ကွဲထွက်သွား၏။

ထိုအရာက ချုပ်ထိန်းခြင်း၌ အသုံးအများဆုံး “ပင့်ကူအိမ် ပညာရပ်” ဖြစ်သော်လည်း အမာကြောဆုံး သတ္တုကိုပင် ပြတ်သွားစေနိုင်လောက်သည့် ပင့်ကူမျှင်များနှင့် တွယ်ဆက် ထားသော ကြောက်မက်ဖွယ်ရာ ပိုင်းဖြတ်စွမ်းအားကို ချန်လွေ့ သေသေချာချာ ခံစားမိလိုက်သည်။ သူ၏ ပုံရိပ်က ပင့်ကူအိမ်ကို ရှောင်တိမ်းရန်အတွက် သုံးလေးကြိမ် တယ်လီပို့ ခုန်လိုက်၏။

သို့ရာတွင် သူ ရပ်လိုက်သော အချိန်တွင် နေရာပေါင်းစုံမှ လွတ်လပ်များ အပိတ်ခံလိုက်ရကြောင်း ရှာတွေ့သွားခဲ့သည်။

အူးကလီးရက်စ်က မြေပြင်ပေါ်မှ ထလာပြီးနောက် ခန္ဓာကိုယ်ပေါ်မှ အက်ကြောင်းများက အလိုလို ပြန်ကောင်း သွားခဲ့သည်။ မသေမျိုးသတ္တဝါက နာကျင်မှု မခံစားရပေ။ ချန်လွေ့၏ တိုက်ခိုက်မှုက အလွန်အမင်း ပြင်းထန်လှသော်လည်း တကယ့် ထိခိုက်မှု မဖြစ်စေခဲ့ပေ။

လွတ်လမ်းမရှိသော ပြိုင်ဘက်ကို ကြည့်လိုက်ရင်း အူးကလီးရက်စ်က ဧရာမပါးစပ်ကြီးကို ဟလိုက်ကာ အေးစက်စက် ကြောက်မက်ဖွယ်ရာ မီးတောက်ဖြင့် ချက်ချင်းပင် ချန်လွေ့ထံ မှုတ်ထုတ်လိုက်‌တော့သည်။

နတ်ဆိုးသမက် စာစဉ် (၅၀) ပြီးပါပြီ.....

All Chapters