ကြယ်မျှော်စင်
Vol. 50 Ch. 807
ချန်လွေ့ ထွက်သွားပြီးနောက် ဘယ်လီယာက နိုင်းလ်နှင့် အခြားသူများကို လျစ်လျူရှုထားပြီး ရုံးအဆောက်အအုံဆီသို့ လမ်းလျှောက်သွားခဲ့သည်။ လန်ဘိစ်က နိုင်းလ်ကို နှစ်သိမ့်ပြီးနောက် ထွက်သွားခဲ့ကာ ဒေါသမျက်နှာဖြစ်နေသော နိုင်းလ်တစ်ယောက်တည်းသာ လက်သီးဆုပ်လျက် ကျန်ရစ်ခဲ့၏။
ထိုနေရာ၌ လူအများအပြား မရှိသော်လည်း နိုင်းလ်က မိမိ၏ နောက်ဘက်တွင် လူအများအပြား စကားပြောနေကြကြအောင်း ခံစားမိနေပြီး သူတို့က သူ့ကို ဟားတိုက်နေကြဟန်တူသည်။ သူက အကြီးအကျယ် အရှက်ခွဲခံရသည်ဟု ခံစားမိပြီး “ရိုမန်”ကို ပို၍ပင် မုန်းတီးသွားခဲ့လေသည်။
ချူအင်က ပြောသည်။ “ဒီရိုမန်က တော်တော်လေး မောက်မာတာပဲ။”
ထိုစကားလုံးများက နိုင်းလ်ကို စိတ်ဝင်စားသွားစေခဲ့သည်။ “ချူအင်။ မင်း ကြယ်မျှော်စင်ကို ဝင်တဲ့အခါ သူ့ကို သင်ခန်းစာပေးဖို့ ငါကို ကူညီနိုင်မလား။”
ချူအင်က မျက်မှောင်ကြုတ်ပြီး ပြန်မဖြေခဲ့ပေ။ သူက စဉ်းစားနေဟန်တူ၏။
“မင်းက ကြယ်နီသံနဲ့ လုပ်ထားတဲ့ အဲဒီလက်နက်ကို အမြဲတမ်း လိုချင်နေခဲ့တာ မဟုတ်လား။” နိုင်းလ်က အံကြိတ်လိုက်၏။ “မင်း ငါ့ကို ကူညီပေးမယ်ဆိုရင် ငါမင်းကို အဲဒါ ပေးမယ်။”
“ကောင်းပြီလေ။ ငါမင်းကို ကတိပေးတယ်။” ချူအင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ “ကြယ်မျှော်စင်မှာ စည်းမျဉ်းတွေ ရှိတယ်။ ငါ သူ့ကို သင်ခန်းစာ ပေးနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ အမုန်းတရားကို ပြေပျောက်စေနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါမင်းကို အကြံတစ်ခု ပေးမယ်။ လူတစ်ယောက်ကို သွားရှာလိုက်။ သူက မင်းကို ကူညီဖို့ အကောင်းဆုံး ကြိုးစားမှာ သေချာတယ်။”
“ဘယ်သူလဲ။”
“မင်း ခုနက မတွေ့ဘူးလား။ ရိုမန်ဆိုတဲ့ကောင်နဲ့ အရာရှိ ဘယ်လီယာတို့ ပတ်သက်မှုက ထူးခြားတဲ့ပုံပဲ။ အဲဒီလူကို မင်း ပြောလိုက်မယ်ဆိုရင်....”
နိုင်းလ်က မျက်လုံးများ အရောင်တောက်သွားပြီး တုံ့ပြန်လိုက်၏။ “နည်းပြ မက်ခ်ဂေါလ်ကို ပြောတာလား။”
မက်ခ်ဂေါလ်က အကြီးတန်း ဓားရေးနည်းပြဖြစ်ပြီး ထူးချွန်သော စွမ်းအားရှိသော်လည်း သည်းမခံတတ်ပေ။ သူက ဘယ်လီယာကို ပိုးပန်းနေခဲ့သော်လည်း ကံဆိုးစွာပင် ဘယ်လီယာက သူ့ကို လုံးဝ စိတ်မဝင်စားခဲ့ပေ။ ယခုတစ်ခေါက် မက်ခ်ဂေါလ်လည်း ကြယ်မျှော်စင်သို့ ဝင်ရောက်မည် ဖြစ်သည်။ အကယ်၍ သူက “ရိုမန်”နှင့် ဘယ်လီယာတို့ အကြားမှ မရေမရာ ပတ်သက်မှုကို ကြားခဲ့လျှင် သေချာပေါက် ထိုင်ကြည့်နေလိမ့်မည် မဟုတ်ချေ။
နိုင်းလ်၏ အဝေးမှ နောက်ကျောကိုကြည့်ရင်း ချူအင်၏ မျက်လုံးများက အထင်သေးသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ ငါက ချူအင်ပဲ။ ဘယ်လိုလုပ်ပြီးတော့ ငါက နိုင်းလ်ရဲ့ အမြောက်စာအနေနဲ့ အသုံးချခံရမှာလဲ။ နိုင်းလ်၏ အဖေ မြို့တော်ဝန်နဲ့ ကောလိပ်မှာ တကယ့်အာဏာရှိတဲ့ သူ့အဒေါ်တို့ ကြောင့်သာ မဟုတ်ရင် ငါက သူနဲ့ အဖွဲ့ဖွဲ့ရမှာတောင် အရှက်ရမိတယ်။ မက်ခ်ဂေါလ်ကို ငါ “အကြံပေး”ခဲ့တာက ဆိုခရစ်တီးနဲ့ ဘယ်လီယာကြားက ပတ်သက်မှုကြောင့် ငါ လှုပ်ရှားဖို့ အဆင်မပြေလို့ပဲ။
ဒါပေမဲ့ ခုနက “ရိုမန်”က တော်တော်လေး စိတ်ရှုပ်စရာ ကောင်းတယ်။ သူက ငါ့လို ပါရမီရှင်မျိုးကို လစ်လျူရှုပြီးတော့ လန်ဘိစ်ကို အဲဒီအကြည့်မျိုးနဲ့ ကြည့်ရဲတယ်။ ငါ့မှာ အခွင့်အရေး ရမယ်ဆိုရင် ကြယ်မျှော်စင်မှာ သူ့နောက်ကျောကို ဓားနဲ့ထိုးဖို့ စဉ်းစားရမယ်။
ပြောရရင် ဘယ်လို ဆက်ဖြစ်လာမလဲ ကြည့်ကြတာပေါ့။
ချန်လွေ့က နေ့လယ်အထိ ဆိုခရစ်တီး၏ စမ်းသပ်ခန်းထဲ၌ အလုပ်များနေခဲ့သည်။ သူက နေ့လယ်စာကိုပင် စမ်းသပ်ခန်းထဲ၌ စားခဲ့ရသည်။ သို့သော်လည်း အကျိုးအမြတ်အချို့ ရရှိခဲ့သေး၏။ သူက ဆာ-ဌာနမှူးဆီက ကြယ်မျှော်စင်အကြောင်း အခြေခံ ဗဟုသုတအချို့ကို သိရှိခဲ့ရလေသည်။
နတ်ဆိုးဘုံရှိ ရှေးမှော်မျှော်စင်များကဲ့သို့ မဟုတ်ဘဲ ကြယ်မျှော်စင်က သူထင်ထားသကဲ့သို့ ဘုရားကျောင်းပုံစံ မဟုတ်ဘဲ စကြဝဠာ ကြယ်များ၏ လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပြည့်နှက်နေသည့် အလွန်ကြီးမားပြီး ထူးဆန်းသော နေရာလွတ်တစ်ခု ဖြစ်နေသည်။
ကြယ်မျှော်စင်ကို ဆယ်နှစ်တစ်ကြိမ် ဖွင့်လှစ်၏။ ၎င်းက အဆင့်အသီးသီး၊ နယ်ပယ်အသီးသီးမှ လူများကို အဖိုးတန် အတွေးအမြင်များ ရရှိစေသည်။ ပထမဆုံးအကြိမ် ဝင်ရောက်လျှင် အကျိုးအမြတ် အရရှိဆုံး ဖြစ်ပြီး ၁၀နှစ်ပြီးနောက် ဒုတိယအကြိမ် ဝင်ရောက်သည့် သက်ရောက်မှုက များစွာ နည်းပါးသွားပေသည်။ ပြောရမည်ဆိုလျှင် ၃ကြိမ်ဝင်ပြီးနောက် အာနိသင် ဆုံးရှုံးသွားမည် ဖြစ်ပေသည်။
မျှော်စင်ထဲ၌ လေ့ကျင့်ခြင်း အဆင့်၄ဆင့် ရှိသည်။
ပထမအဆင့်က နားလည်သဘောပေါက်ြခင်း ဖြစ်ပြီး “ကြယ်မြင့်တင်”ဟု သိကြသည်။ ထိုအရာက ကြယ်စွမ်းအားကို နားလည်ခြင်းနှင့် သဘောပေါက်ခြင်းနှင့် ညီမျှသည်။ ၎င်းက ကြယ်မျှော်စင်ထဲ၌ ရရှိနိုင်သော အခြေခံအုတ်မြစ် ဖြစ်၏။
ဒုတိယ အဆင့်မှာ ကြယ် “အဆင့်” ဖြစ်သည်။ ထိုအဆင့်က ကြယ်တိုးမြှင့်အပေါ် နားလည်သဘောပေါက်ခြင်းအပေါ်တွင် အခြေခံသည်။ ကြယ်တိုးမြှင့် အတိုင်းအတာ ပိုမြင့်လေလေ၊ ကြယ်အဆင့် ပိုမြင့်လေလေ ဖြစ်၏။
တတိယအဆင့်က နေရာလွတ်ထဲ၌ ကြယ် ဇစ်မြစ်စွမ်းအား ချီးမြှင့်ပေးရာ “ကြယ်ကြွေ” ဖြစ်သည်။ ကြယ်အဆင့် မြင့်လေလေ၊ ရရှိမည့် ကြယ်စွမ်းအားက ပိုမိုကြီးမားပြီး သန့်စင်လေလေ ဖြစ်လေသည်။
စတုတ္ထအဆင့်မှာ “မျှော်စင်ဖန်တီခြင်း” ဖြစ်သည်။ ကြယ်စွမ်းအား ရရှိပြီးနောက် နားလည်သဘောပေါက်ခြင်းနှင့် စွမ်းအားအပေါ် အခြေခံ၍ ကြယ်စွမ်းအားကို အလိုလို စုပ်ယူနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖေးမနိုင်သော မျှော်စင်တစ်ခုကို စုစည်း ဖန်တီးနိုင်၏။ ထိုအဆင့်မှစ၍ လူတိုင်းက သီးခြား ကြယ်မျှော်စင် တစ်ခုစီ ဖြစ်နေကြပြီ ဖြစ်သည်။
ထို့အပြင် မျှော်စင်ဖန်တီးခြင်း အောင်မြင်ပြီးနောက် နေရာလွတ်ကို ဝင်ရောက်သူတိုင်းက ဆန်းကြယ်သော ချိတ်ဆက်မှုမှတဆင့် “မျှော်စင်” တစ်ခုလုံး ဖြစ်လာနိုင်သည်။ ချန်လွေ့၏ နားလည်သဘောပေါက်မှုအရ ထို “မျှော်စင်”က ပိရမစ်၏ အထက်နှင့်အောက်အကြား ပတ်သက်မှု ဖြစ်သည်။ နားလည်မှု အဆင့်မြင့်သောသူက အဆင့်နိမ့်သူများထံမှ ကြယ်စွမ်းအားကို စုပ်ယူမည်ဖြစ်ပြီး အဆင့်နိမ့်သူများက အဆင့်မြင့်သူများ၏ နားလည်မှုများက သက်ဆိုင်ရာ ပြန်လည်တုံ့ပြန်မှု ပမာဏ အနည်းငယ်ကို ရရှိမည် ဖြစ်သည်။ ထိုရှုထောင့်မှကြည့်လျှင် လူတိုင်းက “ကြယ်မျှော်စင်”၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။
ထိုကဲ့သို့ ထူးခြားသော စမ်းသပ်ချက်က ချန်လွေ့ကို စိတ်ဝင်စားသွားစေခဲ့သည်။ ပိရမစ်တည်နေရာအပေါ် နောက်ဆုံး ဆုံးဖြတ်ချက်က မျှော်စင်ဖန်တီးခြင်း၏ နားလည်သဘောပေါက်ခြင်း ဖြစ်သော်လည်း အရင်ဦးစွာ အရည်အသွေးပြောင်းလဲရန် အရေအတွက် အပြောင်းအလဲ လိုအပ်သည်။ ယခင် ကြယ်မြှင့်တင်နှင့် ကြယ်အဆင့်တို့က ကြယ်ကြွေအတွက် အုတ်မြစ်ကို တည်ဆောက်ပေးသည်နှင့် ညီမျှပြီး ၎င်းတို့ကို မလျစ်လျူရှုသင့်ပေ။
နေ့လယ်ပိုင်းတွင် ကြယ်မျှော်စင်သို့ ဝင်ရောက်မည့်သူ အားလုံးက ကောလိပ်နောက်ဘက်ရှိ တောင်ကုန်းပေါ်မှ စင်မြင့် တစ်ခုတွင် စုဝေးနေကြသည်။ စင်မြင့်အလယ်ရှိ နေရာလွတ်က ဘောလံုးကွင်း လေးကွင်းစာခန့် ရှိနေသည်။ လေးဖက်လေးနံ တွင်လည်း အလွန်ကြီးမားသော ကျောက်တိုင်လုံးများ ရှိနေပြီး မှော်ကွန်းကျောက်တိုင်နှင့် ဆင်တူ၏။ အဖျားပိုင်းတွင် အမြင့် အမျိုးမျိုးရှိသော မရမတွက်နိုင်သည့် သလင်းကျောက်တိုင်များ ပြည့်နေပြီး တစ်ခုစီက အနုစိတ်ပြီး လျို့ဝှက်ဆန်းကြယ်သော ပုံစံကွက်များ ထွင်းထုထားလေသည်။
ထိုစင်မြင့်က လွှမ်းမိုးပြီး ထင်းခနဲဖြစ်နေသော ကြယ်အလင်း ကောလိပ်၏ ကျောင်းဂိတ်တံခါးကဲ့သို့ပင် ခမ်းနားကြီးကျယ်သော အငွေ့အသက်တစ်ခု ပေးစွမ်းနေ၏။ အထင်ကြီးလောက်စရာ လူအင်အားနှင့် ကုန်ကြမ်းအရင်းအမြစ်မရှိဘဲ ၎င်းကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ရန် မဖြစ်နိုင်ပေ။
ယခုတစ်ခေါက် ကြယ်မျှော်စင် စမ်းသပ်ချက်က ပါဝင် ယှဉ်ပြိုင်သည်မှာ အယောက် ၂၀၀ မပြည့်ပေ။ သူတို့ထဲတွင် ကြယ်အလင်းကောလိပ်၏ နည်းပြများနှင့် ကျောင်းသားများက ၇၀% ပါဝင်ကြပြီး ကျန်လူများက အကြံပြုချက် နေရာများ ရရှိထားသော အပြင်လူများ ဖြစ်ကြသည်။ အချို့က နောက်ခံနှင့် အချိတ်အဆက် တောင့်တင်းပြီး အချို့က ကောလိပ် နည်းပြအတွက် အလျောင်းအလျာများ ဖြစ်ကြသည်။ ထိုအရာက ကြယ်အလင်း ကောလိပ်အတွက် ဆရာအင်အား တိုးမြှင့်ရန် ထိရောက်သော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။
ကြယ်အလင်းကောလိပ်၏ ဌာနမှူးသုံးယောက် ဦးဆောင်မှု အောက်တ်ွင် ကြယ်မျှော်စင်က နောက်ဆုံး၌ ဖွင့်လှစ်တော့သည်။
အဘက်ဘက်မှ မှော်ကွန်းကျောက်တိုင်များက အနီရောင်၊ လိမ္မော်ရောင်၊ အပြာရောင်နှင့် ခရမ်းရောင်များ တစ်ချိန်တည်း တောက်ပနေခဲ့သည်။ အနီးအနားရှိ သလင်းကျောက် တိုင်လုံးများပေါ်တွင် ရေးထွင်းထားသော သင်္ကေတများက အလင်းရောင်ကြောင့် အသက်ဝင်လာပုံရသည်။ ၎င်းတို့က တစ်ခုပြီးတစ်ခု ရောင်ပြန်ဟပ်လာကြပြီး ထူးဆန်းသော စာသားများ ဖြစ်လာစေသည်။ ထိုစာသားများကို ထူးခြားသော စည်းချက် တစ်ခုဖြင့် စီစဉ်ထားပြီး မန္တန်တစ်ခု မန်းမှုန်နေသလို ဖြစ်နေ၏။ “ဂါထာမန္တန်တရား”၏ လွှမ်းမိုးမှုအောက်တွင် အဖြူရောင် တံခါးတစ်ခုက အလယ်၌ ပေါ်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် မှော်ကြေးမုံတစ်ခုက စင်မြင့်အရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး ကြယ်မျှော်စင်ထဲမှ အခြေအနေကို လူအများ မြင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင် လုံးဝ နက်မှောင်နေ၏။
စမ်းသပ်ချက်တွင် ပါဝင်သူများက ကြယ်မျှော်စင်သို့ ဝင်ရောက်ရန်အတွက် ကြိုတင်၍ အသိပေးထားပြီးပြီ ဖြစ်သည်။ အချို့က ကြယ်မျှော်စင်သို့ ဝင်ရောက်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြပေ။ အများအပြားက စိတ်လှုပ်ရှားနေကြသော်လည်း အစီအစဉ်တကျနှင့် ဂိတ်တံခါးဆီသုိ့ တစ်ယောက်ချင်း ဝင်သွားကြသေးသည်။
ချန်လွေ့၏နေရာက လူအုပ်ကြီး၏ နောက်ဘက်တွင် ဖြစ်သည်။ အရှေ့ဘက်မှ လူအုပ်ကြီးက အားလုံးနီးပါး ဝင်သွားသောအခါ နောက်မှ ကောင်မလေးတစ်ယောက်က ရုတ်တရက် သူ့ကို ထိလိုက်သည်။ ချန်လွေ့ ခေါင်းလှည့်လိုက်သည်နှင့် တစ်ဖက်လူက စာလေးတစ်စောင် ကမ်းပေးပြီး တီးတိုးပြောလိုက်သည်ကို ကြားလိုက်ရ၏။ “ရှင့်ကို တစ်ယောက်ယောက် ပေးခိုင်းလိုက်တာ။”
ချန်လွေ့က စာကို ကြည့်လိုက်၏။ “အကြီးတန်း ဓားရေးနည်းပြ မက်ခ်ဂေါလ်။ သူတော်စင်ယောင်အဆင့်။ မနာလိုစိတ် ကြီးမားတယ်။ ဘယ်လီယာကို နှစ်ပေါင်းများစွာ ပိုးပန်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါက ကြယ်မျှော်စင်ဆီ သူ ဝင်တာ ဒုတိယမြောက်။”
ထိုစကားလုံးများက လှပပြီး ကျက်သရေ ရှိလှသော်လည်း လက်မှတ်တစ်ခုပင် မပါခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ ချန်လွေ့က ဆိုလိုရင်းကို သဘောပေါက်သည်။ တစ်စုံတစ်ယောက်က သူ့ကို သတိပေးနေခြင်း ဖြစ်၏။ သူ စဉ်းစားနေစဉ် စာကို အလိုလိုပင် အစအနမကျန် ပြာဖြစ်သွားခဲ့သည်။
အစပိုင်း၌ ချန်လွေ့က ထိုစာကို ဆိုခရစ်တီး၏ တပည့်မ ဆိုရီယာ ရေးခဲ့လေသလားဟု ထင်ထားခဲ့သည်။ သက်သေ ဖျက်ဆီးသော မြင်ကွင်းကို မြင်သည့်အခါ သူက ကျောင်းရေးရာဌာန အဆောက်အအုံအရှေ့မှ အတွေ့အကြုံကို သတိရလိုက်ပြီး သူ့ခေါင်းထဲ၌ လှပသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူက ခေါင်းလှည့်ပြီး လှည့်ပတ်ကြည့်လိုက်ရာ လူအုပ် အစွန်က မျက်လုံးတစ်စုံနှင့် တွေ့ဆုံသွားခဲ့သည်။ လှပသော မျက်လုံး တစ်စုံက သူ့ကို ခဏတာ ကြည့်ပြီး အကြည့်လွှဲသွားခဲ့၏။
သေချာတယ်။ သူပဲ !
ဒီလိုသတိပေးတာက စိတ်ကောင်းစေတနာကောင်းကို ပြသနေတာ အသေအချာပဲ။ ကျောင်းရေးရာဌာန အဆောက်အအုံ အဖြစ်အပျက်အတွက် တောင်းပန်တဲ့အပြင်ကို ပိုပြီးတော့ ရှေ့ရောက်တဲ့ ရည်ရွယ်ချက်တွေလည်း ရှိလောက်တယ်။
လန်ဘိစ်က သူ့နားမှာရှိတဲ့ အရင်းအမြစ်တွေကို လက်မလွှတ်တတ်တကို ကျောက်စိမ်းသစ်တောပင်လယ်က ပန်ကြားချက်ကနေ မြင်နိုင်တယ်။ သူက ရှေ့ကို ကြိုမြင်ပြီးတော့ စေ့စပ်သေချာတယ်။ ပြတ်သားတယ်။ သူက ကိစ္စကြီးတွေကို ကိုင်တွယ်နိုင်တယ်။
အခွင့်အရေးတစ်ခု ရတာနဲ့ ဒီလိုလူမျိုးက ကောင်းကင်အထိကို ထိုးတက်သွားတတ်တယ်။
“အာသာ”က ထပ်ပြီးတော့ မပေါ်လာလောက်တော့ဘူး။ နိုင်ငံရေးမှာ စတေးခံ သားကောင်ဖြစ်နေရတဲ့ ဒီမင်းသမီးက သူ့လက်ထဲမှာ ကိုယ့်ကံကြမ္မာကို လုံးဝ ဆုပ်ကိုင်နိုင်တယ်။
ချန်လွေ့က အများကြီး မစဉ်းစားဘဲ လူအုပ်ကြီးနောက်သို့ လိုက်သွားခဲ့သည်။ ဒီတစ်ခေါက် ကြယ်မျှော်စင်မှာ စိတ်ဝင်စားစရာ တစ်ခုခုကို ကြုံတွေ့ရမယ့်ပုံပဲ။
ကြယ်မျှော်စင် နေရာလွတ်ထဲသို့ ဝင်လိုက်သည်နှင့် ချန်လွေ့က အလင်းရောင်များ ရုတ်တရက် မှိန်သွားပြီး လက်ချောင်းများကိုပင် မမြင်နိုင်တော့ကြောင်း ခံစားလိုက်မိသည်။ ခဏကြာပြီးနောက် ကောင်းကင်ထဲ၌ အလင်းရောင်များ စတင် လင်းလက်လာခဲ့သည်။ ထိုအလင်းရောင်က တောက်ပသထက် တောက်ပလာ၏။ ခဏအကြာ နေရာလွတ်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။ နေရာလွတ် အပြင်ဘက်ရှိ မှော်ကြေးမုံကလည်း နေရာလွတ်ထဲမှ အခြေအနေကို ရှင်းရှင်းလင်းလင်း ရောင်ပြန်ဟပ်နေ၏။
ကြယ်ပင်လယ်။ ကောင်းကင်ကြီးတစ်ခုလုံးက အဆုံးမဲ့ ကြယ်ပင်လယ်တစ်ခု ဖြစ်နေ၏။
ကျက်သရေရှိပြီး တလက်လက်ဖြစ်နေသော ကြယ်အလင်းက နေရာတိုင်းသို့ ပြန့်ကျဲနေခဲ့သည်။ နေရာလွတ်က ထူးခြားသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။ အချိန် အကန့်အသတ်ကြောင့် လူအများအပြားက သင့်တော်သော နေရာများကို ရွေးချယ်ကြီပြီး နေရာလွတ်ထဲမှ ထိုကြယ်များ၏ စွမ်းအားကို နားလည်ရန် စတင်ကြိုးစားကြတော့သည်။
အတွင်းထဲမှ အချိန်ဥပဒေသက အနည်းငယ် ထူးခြား၏။ တစ်ရက်က အပြင်ဘက်၌ ၂နာရီနှင့် ညီမျှသည်။ “ကြယ်မြှင့်တင်” အတွက် အချိန်က တစ်နာရီဖြစ်ပြီး အဆင့်သတ်မှတ်ခြင်း စတင်မည် ဖြစ်သည်။ အဆင့်သတ်မှတ်ခြင်း သုံးနာရီအတွင်း နားလည် သဘောပေါက်ရန် ဆက်လက် ဆောင်ရွက်နိုင်ပြီး အဆင့်ကို သတ်မှတ်ပေမည်။
အဆင့်သတ်မှတ်ခြင်း ပြီးနောက် လူတိုင်း၏ နေရာက အတည်တကျ ဖြစ်သွားပြီး သီးခြား နေရာလွတ်ငယ်များသို့ အလိုလို ဝင်ရောက်ကြရပြီး ကြယ်ကြွေကို လက်ခံကာ တစ်ချိန်တည်းမှာပင် ကြယ်မျှော်စင်ကို စတင်စုစည်းရမည် ဖြစ်သည်။ ကြယ်မျှော်စင်ကို အောင်အောင်မြင်မြင် ဖန်တီးပြီးသည်နှင့် စွမ်းအား ပိုမို သန့်စင်ရန်အတွက် နားလည်သဘောပေါက်မှု အဆင့်အလိုက် အဆင့် ပိုင်းခြားပေမည်။ ထိုလုပ်ငန်းစဉ်က ၃ရက် ကြာမြင့်မည် ဖြစ်သည်။ ထို့နောက်တွင် လူတိုင်းက ကြယ်မျှော်စင်မှ အလိုလို ထုတ်ပယ်ခံရပြီး စမ်းသပ်ချက် အဆုံးသတ် ဖြစ်၏။
ချူအင်က သက်လတ်ပိုင်း လူကြီးတစ်ယောက်ထံ လျှောက်သွားပြီး ချန်လွေ့ဘက်သို့ ဖျတ်ခနဲ ကြည့်လိုက်သည်။ ထိုသူက ချူအင်၏ အကြည့်အတိုင်း လိုက်ကြည့်နေ၏။
ထိုသူ၏မျက်နှာက အနည်းငယ် ရှည်မျောသည်။ သူ၏ပုံစံက သာမန်ဖြစ်ပြီး မုတ်ဆိတ်မွှေးရှိကာ နက်ရှိုင်းသော မျက်နှာ အသွင်အပြင်များ ရှိသည်။ သူ့မျက်လုံးများက ရန်လိုမှု အငွေ့အသက် ထုတ်လွှတ်နေပြီး “ရိုမန်”ကို ကြည့်နေသောအခါ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။
သတ်လက်ပိုင်လူကြီးက “ရိုမန်”ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်ကို မြင်သည့်အခါ ချူအင်က ဝင့်ကြွားသော အမူအရာတ်စခု ပြသခဲ့ပြီး မနီးမဝေးတွင် ထိုင်နေလိုက်သည်။ ဘာမှမသိသော အမှိုက်ကောင် “ရိုမန်”က ကြုံတွေ့ရမည့်ကို ကပ်ဘေးကို မသိသေးပေ။
ထိုသူက ကောလိပ်၏ အကြီးတန်း ဓားရေး နည်းပြ မက်ခ်ဂေါလ် ဖြစ်၏။ သူ၏စွမ်းအားက တကယ့် သူတော်စင် အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းလိုနေသေးသည်။ သူက အမြဲပင် ဘယ်လီယာ၏ အလှအပကို တပ်မက်နေခဲ့ပြီး သူ့ကို အကြိမ်များစွာ ပိုးပန်းခဲ့သည်။ ကံဆိုးစွာပင် ဘယ်လီယာ၏ မျက်လုံးထဲ၌ နောက်ခံမရှိ၊ စွမ်းအား သာမန်သာဖြစ်သော မက်ခ်ဂေါ်လ်က သိပ်ပြီး တန်ဖိုးမရှိလှသည့်အတွက် မျက်နှာသာ လုံးဝ မပေးခဲ့ပေ။
မက်ခ်ဂေါလ်က သဘောထား ကျဉ်းမြောင်းပြီး မနာလိုစိတ် ကြီးမား၏။ သူ့စိတ်ထဲမှ နတ်ဘုရားမက ရိုမန်အမည်ရသောသူနှင့် ပရောပရည် ပတ်သက်မှု ရှိနေကြောင်း နိုင်းလ် ပြောသည့်အခါ သူက ချက်ချင်းပင် မနာလိုဖြစ်သွားပြီး ကြယ်မျှော်စင်ထဲ၌ “ရိုမန်”အား ရက်ရက်စက်စက် သင်ခန်းစာပေးရန် ဆုံးဖြတ်ခဲ့လေသည်။
“ရိုမန်”၏ စွမ်းအားက စစ်သည်တော်အဆင့်ထက် နိမ့်ကျသည်။ မက်ခ်ဂေါလ်၏ အမြင်အရ သူက ပုရွက်ဆိတ် တစ်ကောင်နီးပါးပင် ဖြစ်သည်။ သူက ချက်ချင်းပင် သူတော်စင်ယောင် စိတ်ဝိညာဉ်စွမ်းအားကို လည်ပတ်စပြီး ပြိုင်ဘက်ထံ အမြန်ပြေးသွားလိုက်သည်။ ဒီတိုက်ကွက်က ရန်သူကို ကြက်သေသေစေနိုင်ပြီးတော့ ကြယ်စွမ်းအား နားလည်မှုနဲ့ အကျိုးအမြတ်တွေ မရနိုင်အောင် ဟန့်တားပေးတယ်။ သူက အပြင်ထုတ် မခံရရင်တောင် ကြယ်မျှော်စင် ခရီးက အလကား ဖြစ်သွားမှာပဲ။
စိတ်ဝိညာဉ်စွမ်းအား အားနည်းတဲ့ သူတွေက ကြယ်စွမ်းအားကို နားလည်သဘောပေါက်အောင် လုပ်နေတဲ့အချိန် ပင်ပန်းတဲ့အတွက် သတိလစ်တတ်တယ်။ ဒီလို အဖြစ်အပျက်မျိုးက ပုံမှန်ပဲ။ ဘယ်သူမှ အမှန်တရားကို သိကြမှာ မဟုတ်ဘူး။
ထိုစိတ်ဝိညာဉ် တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်နှင့် “ရိုမန်”က လုံးဝ မတောင့်ခံနိုင်ဘဲ ရှေ့သို့ လဲကျသွားတော့သည်။