← Chapters

ချိန်းကြိုးဖယ်ရှားခြင်း

Vol. 50 Ch. 809

ချိန်းကြိုးဖယ်ရှားခြင်း

Vol. 50 Ch. 809

ယှဉ်ပြိုင်သူများက မျှော်စင်ဖန်တီးခြင်း အဆင့်သို့ ရောက်ရှိ သွားခဲ့သော်လည်း ချန်လွေ့က ယခင် “ကြယ်မြှင့်တင်”၏ နားလည်မှု အဆင့်တွင်သာ ကျန်ရှိနေသေးသည်။ အဆင့်သတ်မှတ်ချက် နေရာလွတ်ထဲ၌ ပြောင်းရွှေ့မှုကပင် သူ၏ ဆင်ခြင်သုံးသပ်မှုကို မနှောင့်ယှက်နိုင်ခဲ့ပေ။

ချန်လွေ့က အသာစီးရရှိနေမှုကို လက်လျှော့လိုက်ပြီး ထိုအရာက ကြယ်ကြွေနှင့် မျှော်စင်ဖန်တီးခြင်းကို လက်လျှော့ လိုက်ခြင်းနှင့် ညီမျှပေသည်။ သို့သော်လည်း သူက ထိုကဲ့သို့ အရာများကို မတွယ်ငြိနေခဲ့ပေ။ အကြောင်းမှာ စူပါစနစ်က ကွဲပြားသော လမ်းကြောင်းတစ်ခု ဖြစ်၍ပင်။ သူက ဤနေရာသို့ ရောက်လာရခြင်းမှာ သူလိုချင်သော အတွေးအမြင်ကို ရရှိရန်သာ ဖြစ်သည်။ ကြယ်မျှော်စင်၏ ယှဉ်ပြိုင်သူ တစ်ဆင့်ချင်း ဖြစ်လာရန် မလိုအပ်ပေ။ အကယ်၍ သူက တိုင်းပြည်အဆင့်၌သာ ကျွမ်းကျင်နိုင်သော ဥပဒေသ အငွေ့အသက်တစ်ခုကို နားလည်နိုင်ခဲ့မည်ဆိုလျှင် ကြယ်ကြွေနှင့် မျှော်စင်ဖန်တီးခြင်းတို့က ထိုကဲ့သို့ အကျိုးအမြတ်မျိုးနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

ယခုမှာ သူ၏ကိုယ်ပိုင်အတွေးများကို စွန့်လွှတ်ပြီး အစမှ ပြန်စခြင်းနှင့် ညီမျှပေသည်။ စိတ်၏ ရှုထောင့် အမျိုးမျိုးကြောင့် သူ မြင်ခဲ့ရသည်နှင့် မြင်တွေ့ရမည်များက မူလအစနှင့် အတော်လေး ကွဲပြားရပေမည်။

အစမှပြန်စမည့် ချန်လွေ့က တစ်စုံတစ်ခုကို ဆုပ်ကိုင်နိုင် တော့မည့်အချိန်၌ လွဲချော်သွားပြန်သည်။ ထို့နောက် သူ လက်လျှော့လိုက်ပြန်၏။ ယခုတစ်ခေါက် သူက အတော်လေးကို ရဲတင်းလှသည်။ သူ ယခု လက်လျှော့လိုက်သည်က တိုင်းပြည်စွမ်းအားကို ဆုပ်ကိုင်နိုင်ရန်အတွက် ယခင်က ကြယ်စွမ်းအား အသုံးပြုမှုကို မဟုတ်ဘဲ ကနဦး နားလည်မှု အားလုံးကို ဖြစ်သည်။

သူက နတ်ဆိုးဘုံသို့ ရောက်ခါစသာ ရှိနေသေးသော အိုတာခုလေး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး အယ်ခိတ်၊ မိုင်ဇာ၊ အလိုင်းယော့သ် အခြေအနေများကို ပြန်လည် ခံစားနေခဲ့သည်....

အချိန်အတော်ကြာပြီးနောက် ချန်လွေ့က မျက်လုံးများကို ဖွင့်လိုက်ပြီး နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။

ထိုအရာက ဥပဒေလည်းမဟုတ် တိုင်းပြည်ဖန်တီးခြင်းလည်း မဟုတ်ဘဲ အခြေခံအုတ်မြစ် ဖြစ်‌နေ၏။

လောကကူးပြောင်းသူ တစ်ယောက်အနေဖြင့် သူ့တွင် စူပါစနစ်ကဲ့သို့ ဝှက်ဖဲရှိနေသည်မှာ ကံကောင်းလေသည်။ နှစ် အနည်းငယ်အတွင်း သူက အင်အားမဲ့သူ တစ်ယောက်အဖြစ်မှ (သာမန်အမျိုးအစား၌) ထိပ်သီးအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာခဲ့သည်။ သို့သော်လည်း ချန်လွေ့က မိမိသည် နားလည်သဘော‌ပေါက်မှု၌ ပါရမီတစ်ယောက် မဟုတ်ခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိနေသည်။ ဝှက်ဖဲနှင့် မဆုတ်မနစ် ကြိုးပမ်းမှုတို့အပြင် ကံအနည်းငယ်ကို အမှီပြုပြီး သူက ယနေ့အထိသို့ ရောက်ရှိလာခဲ့သည်။ သူ၏ အခြေခံအုတ်မြစ်က နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့သော ထိုအစွမ်းထက် ပုဂ္ဂိုလ်များနှင့်ယှဉ်လျှင် ခိုင်မာလိမ့်မည် မဟုတ်ချေ။

ခြားနားချက်က ကြီးမားလွန်းလှသည်။ ခုနက သူ မည်သည်ကိုမှ မခံစားရသော်လည်း ယခုတွင် ပိုမြင့်သောအဆင့်ကို ထိတွေ့လိုက်မိသောအခါ ကွာဟချက်က ပိုမို ထင်ရှားလာခဲ့သည်။ ထိုအရာက သူ ဥပဒေသကို ရေးရေးလေး ထိတွေ့နိုင်သော်လည်း အမှန်တကယ် မဆုပ်ကိုင်နိုင်ရသေးသည့် အကြီးမားဆုံး အကြောင်းတရားပင်။

စူပါစနစ်ရဲ့ ဆင့်ကဲပြောင်းလဲတာက စနစ်ရဲ့ အလိုလို “တိုးတက်မှု”တွေ အပေါ်မှာ အမှီမပြုဘဲနဲ့ ပိုမြင့်တဲ့ အဆင့်ကို ရောက်လာတော့ ပိုပြီးတော့ ဦးဆောင်မှုတွေ၊ နားလည်မှုတွေ လိုအပ်လာတယ်။ ဥပဒေသက နတ်ဘုရားတစ်ပိုင်း အဆင့်ကို ဝင်ရောက်ဖို့အတွက် စမှတ်အသစ်ပဲ။ တကယ်လို့ ငါက ဒီအတိုင်း ဆက်ပြီးတော့ တိုးတက်သွားမယ်ဆိုရင် ဒီအကန့်အသတ်ကို ကျော်လွန်နိုင်ရင်တောင် ငါ့ရဲ့ အားနည်းတဲ့ အခြေခံအုတ်မြစ်ကြောင့် အစွမ်းထက်ဆုံး တိုက်ခိုက်ရေးစွမ်းအား ထုတ်နိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့ အနာဂတ် အဆင့်တက်မှုတွေက ပိုပြီးတော့ ခက်ခဲလာမယ်။ ပြီးတော့ ငါ့ တစ်ဘဝလုံး အတွက်တောင် ရပ်တန့်သွားရင် ရပ်သွားနိုင်လောက်တယ်။

ထိုသို့ စဉ်းစားမိပြီးနောက် ချန်လွေ့က ရုတ်တရက် ထိတ်လန့်စွာဖြင့် ချွေးများပြန်သွားတော့သည်။ ကံကောင်းချင်တော့ အချိန်ရှိသေးတယ်။ ငါ ဥပဒေသကို ထပ်ပြီး မထိတော့ဘူး။ ငါ့ရဲ့ လက်ရှိစွမ်းအားကိုပဲ သန့်စင်ရမယ်။ အရည်အသွေးအရ မပြောင်းလဲသေးခင် ငါ့ရဲ့ အရေအတွက် ပြောင်းလဲမှုကို အကောင်းဆုံး အခြေအနေရောင်အောင် အရင် လုပ်ရမယ်။

ကြယ်မျှော်စင်က ဒီလိုမျိုး လေ့ကျင့်ဖို့အတွက် အကောင်းဆုံး ပတ်ဝန်းကျင်ပဲ။

ချန်လွေ့၏စိတ် လှုပ်ရှားသွားခဲ့သည်။ သူက ခုနက ကြယ်မျှော်စင်၏ စွမ်းအားကို ကြယ်စွမ်းအားဖြင့် လမ်းပြခဲ့ပြီး ကြယ်မျှော်စင်၏ ဇစ်မြစ်ကို ရေးရေးလေး သ‌ဘောပေါက်ခဲ့သည်။ ထို့ကြောင့်ပင် အရာအားလုံးကို ကျော်လွန်နိုင်သော ရွှေရောင်အလင်း ထွက်ပေါ်လာခဲ့ခြင်းပင်။ ယခုတွင် သူက ထိုဥပဒေသနောက်သို့ ထပ်မလိုက်တော့ဘဲ ထိုနားလည်မှုမျိုးကို ပြန်လည်ရရှိပြီး ကိုယ်ပိုင် ကြယ်စွမ်းအားကို ထိုနေရာလွတ်ထဲရှိ သန့်စင်ပြီး ယှဉ်ပြိုင်မရသော ကြယ်စွမ်းအားထဲသို့ ပေါင်းစပ်လိုက်၏။ ထိုလုပ်ရပ်က မမျှော်လင့်ထားလောက်အောင် ချောမွေ့နေခဲ့သည်။

ကြယ်မျှော်စင်စမ်းသပ်ချက်က နောက်ဆုံးအဆင့်ဖြစ်သော မျှော်စင်ဖန်တီးခြင်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။ အလယ်တွင် အပြာရောင်မျှော်စင် ဗဟိုပြုပြီး စက်ဝိုင်းပုံ ကွန်ရက်ထဲသို့ ယှက်နွှယ်နေသော တလက်လက် ‌တောက်ပနေသည့် မျှော်စင် များစွာ ရှိနေလေသည်။ ပိရမစ်၏ အထက်နှင့်အောင် မျဉ်းများအကြား ဆက်သွယ်မှုက စတင်၍ ပေါ်ထွက်လာ၏။ အလယ်သို့ လှိမ့်တက်နေသော ကြယ်အလင်းများ ပတ်ဝန်းကျင်သို့ ပြန်ရောက်သွားပြန်သည်။ ထိုအရာက “အသက်ဖြစ်တည်မှု” စက်ဝန်းကဲ့သို့ ဖြစ်နေလေသည်။

မြင့်မားလှသည့် အမျိုးမျိုးသော မျှော်စင်များအကြား၌ ချန်လွေ့ဘက်မှ မျှော်စင်ပုံပင် ရှိမနေသော ရိုးရှင်းသည့် ကြယ် အလင်းရောင်က တထူးတလည် ထင်ရှားနေခဲ့သည်။

မှော်ကြေးမုံက ချက်ချင်းပင် တောက်ပသွားခဲ့သည်။ တောက်ပမှု အဆင့်က လူတိုင်း ဖန်တီးထားသော ကြယ်မျှော်များ၏ တောက်ပမှုကိုပင် လွှမ်းမိုးသွားခဲ့၏။

အားလုံး အံ့အားသင့်သွားကြသည်။ သူတို့၏’ ပထမဆုံး တုံ့ပြန်မှုက မှော်ကြေးမုံ ရောင့်ပြန်ဟပ်ခဲ့သော ရွှေရောင်အလင်း “ပြန်လည်ရှင်သန်”လာပြီ ဟူ၍ပင်။ လူတိုင်း ကြောင်တောင်တောင် ဖြစ်သွားကြ၏။ လက်စသတ်တော့ အားအနည်းဆုံးသူက ခုနက အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်နေတာကိုး။

ကံကောင်းချင်တော့ အခုမှ ဒီရွှေအလင်းရောင် ထွက်ပေါ်လာတာက နောက်ကျလွန်းသွားပြီ။ ကြယ်ကြွေစွမ်းအားကို လွဲချော်သွားခဲ့တယ်။ သူက မျှော်စင်ကိုတောင် မဖန်တီးနိုင်သေးဘူး။ ဘယ်လိုလုပ် ကြယ်မျှော်စင်ရဲ့ တကယ့် စွမ်းအားတွေကို ရနိုင်မှာလဲ။

အလယ်ရှိ အမြင့်မားဆုံးသော မျှော်စင်သုံးခုထဲမှ တစ်ခုဖြစ်သည့် လန်ဘိစ် အပါအဝင် ကြယ်မျှော်စင်၌ ယှဉ်ပြိုင်နေသူများက ထိုသို့ ထင်မြင်ကြသည်။ လန်ဘိစ်၏ ရင်သပ်ရှုမောဖွယ် အလှတရားအပြင် သူက အခြားနေရာများ၌ သိုသိုသိပ်သိပ် နေနေခဲ့သည်။ အထူးသဖြင့် ကိုယ်ပိုင်စွမ်းအား၌ ဖြစ်၏။ ယနေ့တွင် သူက မိမိ၏ ဂုဏ်ကျက်သရေကို ပြသပြီး ကြယ်မျှော်စင်၏ ထိပ်ဆုံး ၃နေရာသို့ ခုန်တက်လာခဲ့သည်။ သူက တကယ့် သူတော်စင်အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားနိုင်ချေ မြင့်မားပေသည်။ ကြယ်ြမှင့်တင်အဆင့်၌ အလျင်အမြန် ပြိုင်စံရှား တောက်ပခဲ့သော ပါရမီရှင်က ပြန်လာနိုင်သည့်တိုင် နောက်ကျသွားပြီ ဖြစ်လေသည်။ အဆုံးသတ်၌ သူက အရှုံးသမား တစ်ယောက်သာ ဖြစ်၏။ ထိုသူက အလားအလာ ပိုမြင့်များပြီး လက်ရှိ ပါရမီရှင်များက အားနည်းမှုအား ပိုကောင်းနေနိုင် လောက်သည်။ သို့သော်လည်း အောင်မြင်ရင် အခြေအနေများ ရှိနေခြင်းက အောင်မြင်ခြင်းကို မဆိုလိုပေ။ ထိုအရာက လက်တွေ့ အမှန်တရားပင် ဖြစ်၏။

အလင်းရောင်က မျှော်စင်ပုံစံ မစုစည်းသွားသေးသော်လည်း ပိုမို လင်းလက်လာကာ မယုံနိုင်စရာကောင်းလောက်အောင် တောက်ပ လာခဲ့သည်။ အဆုံးမဲ့ ကြယ်ကောင်းကင်ထဲ၌ ကြယ်အလင်း အားလုံးက ထိုအလင်းရောင်ပေါ်တွင် စုစည်း နေကြသည်။ အလင်းရောင်၏ တလက်လက် ခံစားချက်က တဖြည်းဖြည်း မှိန်ပျသွားပြီး ကြယ်လင်သော အလင်းရောင် တစ်ခုဖြင့် အစားထိုးသွားခဲ့သည်။ ထိုအရာက မီးဖိုထဲ၌ အဆက်မပြတ် သန့်စင်နေသော ဓားတစ်လက် ကဲ့သို့ပင်။

လူ၂၀၀ ရှိသော “ကြယ်မျှော်စင်”၏ တည်ဆောက်ပုံ အလုံးစုံက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ မျှော်စင်ငယ်လေးရှိ ကြယ်စွမ်းအား လည်ပတ်မှုက ပိုမိုမြန်ဆန်လာပြီး စွမ်းအားက တဖြည်းဖြည်း အားကောင်းလာကြောင်း လူတိုင်း ခံစားမိနေသည်။ သို့သော်လည်း ဗဟိုချက်က အမြင့်ဆုံးသော မျှော်စင်၃ခုမှ မဟုတ်ဘဲ မျှော်စင်ပင် မဟုတ်သေးသော အလင်းရောင်မှ ဖြစ်နေ၏။

“ဒါ မဖြစ်နိုင်တာပဲ။” မှော်ကြေးမုံအရှေ့၌ နောက်ထပ် လက်ထောက် ဌာနမှူး အီရီဒန်က တီးတိုး ရေရွတ်လိုက်သည်။ “သူ့ ကြယ်အဆင့်က နောက်ဆုံးမှာပဲ။ ပြီးတော့ သူက ကြယ်ကြွေတာကနေ ဘာစွမ်းအားမှ မရခဲ့ဘူး....”

ထိုကဲ့သို့ အခြေအနေမျိုး၌ ၎င်းက အစွမ်းအထက်ဆုံး “ကြယ်မျှော်စင်” ဖြစ်လာခဲ့လေသည်။ ထိုအရာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

“ဒါကို ရှင်းပြနိုင်တာ တစ်ခုပဲ ရှိတယ်။” ရီဂီယာနာက တောက်ပနေသော ကြယ်ရောင်များကို မယုံကြည်နိုင်စွာဖြင့် အနီးကပ် စိုက်ကြည့်နေလိုက်သည်။ “သူက ဥပဒေရဲ့ ကန့်သတ်ချက် အောက်ကနေ လွတ်မြောက်သွားလို့ပဲ။ ဒါပေမဲ့ သူ ဘယ်လို လုပ်ခဲ့တာလဲဆိုတာတော့ ငါလည်း မသိဘူး...”

ထိုအရာက ကြယ်မျှော်စင် သမိုင်းကြောင်း၌ မယုံနိုင်စရာ အကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။ အမှန်တကယ်၌ ထိတ်လန့်မှုက စတင်ရုံသာ ရှိနေသေးသည်။

ကောင်းကင်မှ ကြယ်များက တဖြည်းဖြည်း လှုပ်ရှားလာသည်။ ကြယ်တစ်လုံးတည်း မဟုတ်ဘဲ ကြယ်ကောင်းကင်တစ်ခုလုံး၏ စည်းချက်က ကြယ်များနှင့် ပဲ့တင်ထပ်နေပုံရသည်။ ကြယ်များက မြင့်သထက် မြင့်လာလေသည်။ နေရာလွတ်ထဲရှိ ယှဉ်ပြိုင်သူများ အပါအဝင် လူတိုင်းက ကြယ်များမှာ ကြယ်ကောင်းကင် တစ်ခုလုံးနှင့် ပေါင်းစည်းသွားကြောင်း မြင်ယောင်သွားခဲ့ကြသည်။

ကြယ်များက ကြယ်ကောင်းကင်နှင့် ပေါင်းစပ်သွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ မူလက အလွန် နူးညံ့ သိမ်မွေ့ဟန်တူသည့် ကျယ်ပြောလှသော ကြယ်ကောင်းကင်က ချက်ချင်းပင် အသက်ဓာတ်များ ပြည့်နှက်နေခဲ့သည်။ အလယ်ရှိ အကြီးမားဆုံးကြယ်က နေသဖွယ် ပူလောင်ပြီး တောက်ပ လာသည်။ ပတ်ဝန်းကျင်ကြယ်များ၏ လမ်းကြောင်းများကလည်း ထူးထူးဆန်းဆန်း ပြောင်းလဲလာပြီး “နေ”ကို စတင် လှည့်ပတ် နေတော့သည်။

လန်ဘိစ်က ကြယ်ကောင်းကင်ကို သိမ်ငယ်သော အပြုံးဖြင့် မော့ကြည့်နေလိုက်သည်။ မျှော်စင်ဖန်တီးတာ မရှိတော့ ဘာဖြစ်လဲ။ အဲဒီအလင်းရောင်က အဲဒါတွေ မလိုအပ်ဘူး။ အဲဒီ ပါရမီရှင်က ကြယ်ကောင်ကင်တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ တည်ရှိမှုပဲ။ ကြယ်မျှော်စင် ဖန်တီးဖို့ ကောင်းကင်ကနေ ဆင်းသက်လာတဲ့ စွမ်းအားကို အမှီပြုနေရတဲ့ ငါတို့က သူ့ကို မော့ကြည့်လို့ပဲ ရနိုင်မယ်။

ဒါက လောကခြားနေတာပဲ။

ကျယ်ပြန့်လှသော နွေးထွးမှု ပင်လယ်ထဲ၌ ဝိညာဉ်နှင့် ကြယ်စွမ်းအားတို့က အဆက်မပြတ် သန့်စင်ခံနေရသည်။ ထိုအချိန်၌ ချန်လွေ့က အလွန်ပင် မယုံကြည်နိုင်အောင် ခံစား နေရသည်။ သူက စူပါစနစ်၏ စွမ်းအားက ထိုကြယ်နေရာလွတ်သို့ လုံးဝ ပေါင်းစည်းနိုင်ခဲ့လေသည်။

အမျိုးမျိုးသော ဆန်းကြယ်သည့် စည်းချက်များ၊ စွမ်းအားများ၊ ဥပဒေသနှင့် နီးစပ်သော နားလည်မှုများကပင် ချန်လွေ့၏ စိတ်ထဲ၌ ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ချန်လွေ့က စိတ်မပျံ့လွင့်ဘဲ ၎င်းတို့ကို မဖမ်းဆုပ်ခဲ့ပေ။ မည်သည့်အရာ ပေါ်ထွက်လာစေကာမူ သူက စူပါစနစ်၏ ဇစ်မြစ်ကြယ်စွမ်းအားကို အသုံးပြုပြီး အခြေခံ အကျဆုံး ကြယ်စွမ်းအားကို စိတ်ရင်းနှင့် သန့်စင်ရန် စိတ်ကိုသာ အာရုံစိုက်နေလေသည်။

ရုတ်တရက် ကြက်ခြေခတ် ချစ်ချစ်တောက် နီရဲနေသော ချိန်းကြိုးများ ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့က အတော်လေး မွန်းကြပ် နေစေသည်။ ကြယ်အလင်း ဖိအားအောက်တွင် ချစ်ချစ်တောက် ချိန်းကြိုးနီက အရောင်ပိုမှိန်လာပြီး နောက်ဆုံး၌ ကွယ်ပျောက် သွားခဲ့သည်။ မရေမတွက်နိုင်သော ပြန့်ကျဲနေသည့် မီးပွင့်များကို ကြယ်ကောင်းကင်က ဝါးမျိုလိုက်ပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

ခဏကြာပြီးနောက် အလွန်ကြီးမားသော အလုံးတစ်လုံး ပေါ်ထွက်လာခဲ့ပြီး ဧရာမမျက်လုံးနှင့် တူနေကော ထူးဆန်းသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေ၏။ ထိုအငွေ့အသက်က အလျင်အမြန် ပြိုကွဲသွားခဲ့ပြီး ကြယ်အလင်း အငွေ့အသက်များက ဧရာမျက်လုံးကို ရစ်ပတ်လိုက်သည်။ ချစ်ချစ်တောက် ချိန်းကြိုးနီနှင့် မတူဘဲ ထိုဧရာမမျက်လုံးက မပျက်စီးသွားခဲ့ပေ။ သို့သော်လည်း “မျက်ဆံ”ထဲရှိ အနက်ရောင်က သလင်းကျောက် အလင်းရောင်ဖြင့် အဆက်မပြတ် ဖယ်ရှားဖယ်ခံနေရပြီး အရောင်မဲ့သွားခဲ့သည်။ တဖြည်းဖြည်းနှင့် ဧရာမမျက်လုံးက ပတ်ဝန်းကျင်ကြယ်များနှင့် လုံးဝပေါင်းစပ်သွားခဲ့ပြီး ကြယ်ကောင်းကင်ထဲသို့ ပျောက်ကွယ် သွားတော့သည်။

ထိုအပြောင်းအလဲ နှစ်ခုပြီးနောက်တွင် ကြယ်လင်နေသော ကြယ်ကောင်းကင်က တဖြည်းဖြည်း သိပ်သည်းလာခဲ့သည်။ အောက်ဘက်မှ ကြယ်မျှော်စင်သို့ ယှဉ်ပြိုင်သူ အများအပြားက ရရှိထားသော စွမ်းအားများ ထပ်မံ သန့်စင်သွားသည်ကို မြင်သည့်အခါ အံ့အားသင့်ပြီး ‌ပျော်ရွှင်သွားကြသည်။ သူတို့က အခွင့်အရေးကို အရယူပြီး ဥပဒေသကို နားလည်ရန် ကြိုးစား ကြတော့သည်။

ထိုအခိုက်၌ ချန်လွေ့၏ စိတ်ထဲ၌ ပိုကြီးမားသော အံံ့အားသင့်စရာ တစ်ခု ရှိနေသည်။ ခုနက သူသည် ကြယ်ကောင်းကင် စွမ်းအားကို အသုံးချပြီး ခန္ဓာကိုယ်ထဲမှ စစ်မှန် မီးတောက် အချုပ်အနှောင်ကို ထိခိုက်စေရန် ကြိုးစားခဲ့ပြီးနောက် တစ်ခါတည်းဖြင့် အလုပ်ဖြစ်သွားခဲ့သည်။ နှစ်ဝက်နီးပါး စုပ်ယူခဲ့သော စစ်မှန်မီးတောက် အချုပ်အနှောင်ကို စူပါစနစ်က လုံးတ စုပ်ယူနိုင်ခဲ့ပြီ ဖြစ်လေသည်။

ဆိုလိုသည်မှာ ချန်လွေ့ကို ချုပ်တည်းနေခဲ့သော စစ်မှန် မီးတောက် အချုပ်အနှောင်၏ ဥပဒေသစွမ်းအားကို စူပါစနစ်က လုံးဝ စုပ်ယူနိုင်ခဲ့ခြင်းပင်။ တစ်ချိန်တည်းမှာပင် ယုံကြည်မှု အသွင်ပြောင်းလဲခြင်း ကန့်သတ်ချက်ကိုလည်း ပယ်ဖျက် နိုင်ခဲ့သည်။ တစ်နည်းပြောရလျှင် ချန်လွေ့က ယခုတွင် ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်း၌ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး စွမ်းရည်ဖြစ်သော [ ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း ] ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။

ဒုတိယ အံ့သြစရာမှာ ဆာရီရယ်၏ မိစ္ဆာလ မှော်သင်္ကေတကို စူပါစနစ်က သဟဇာတ ဖြစ်စေခဲ့ပြီး ခြိမ်းခြောက်နိုင်မှု လုံးဝ မရှိတော့ခြင်းပင်။ ထို့အပြင် မိစ္ဆာမျက်ဆံကလည်း ချန်လွေ့၏ ကိုယ်ပိုင်စွမ်းအား ဖြစ်သွားခဲ့ပြီး ဆာရီရယ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်ကာ ထိန်းချုပ်နိုင်‌တော့မည် ဖြစ်သည်။ ချန်လွေ့၏ တမင်တကာ ထိန်းချုပ်မှုကြောင့် ဆာရီရယ်၏ စိတ်ဝိညာဉ် အမှတ်အသားက ကျန်ရစ်နေသေးသည်။ ထိုသို့မှသာ သူက ဆာရီရယ်၏ ဆက်လက်၍ အဆက်အသွယ်ရနေပြီး မိစ္ဆာလ မှော်သင်္ကေတ၏ မူမမှန် ပြောင်းလဲမှုကို သတိထားမိလိမ့်မည် မဟုတ်ချေ။

အစစ်အမှန်မီးတောက် အချုပ်အနှောင်နှင့် မိစ္ဆာလ မှော်သင်္ကေတတို့၏ ဥပဒေသအားလုံးကို စူပါစနစ်က စုပ်ယူခဲ့သော်လည်း ချန်လွေ့၏ ခံစားချက်က ယခင်နှင့် လုံးဝ ကွဲပြားနေခဲ့သည်။ သူက ၎င်းတို့ကို နားလည်အောင် ပြုလုပ်ရန် ၊ စုပ်ယူရန် အလောမကြီးနေခဲ့ပေ။ ထိုအစား သူက အာရုံရှုပ်စေသော အတွေးများကို ဘေးဖယ်ထားပြီး ကြယ်နေရာလွတ် ဇစ်မြစ်ကို အသုံးချပြီး ကြယ်စွမ်းအား ပိုကောင်းကာ သန့်စင်လာစေရန်သာ အာရုံစိုက်နေခဲ့သည်။ ထိုကဲ့သို့ အားသစ်လောင်းခြင်းမျိုး၌ သူ၏ စွမ်းအားကလည်’း တဖြည်းဖြည်း တိုးတက်လာခဲ့တော့သည်။

တဖြည်းဖြည်းနှင့် ချန်လွေ့က ထူးထူးဆန်းဆန်း ခံစားလာရသည်။ ကြယ်မျှော်စင် နေရာလွတ်က အစစ်အမှန် မဟုတ်ဘူးထင်တယ်။ ဒါက တစ်စုံတစ်ယောက်ရဲ့.....စိတ်ပုံရိပ် လိုမျိုးပဲ။

ဒီစိတ်ပုံရိပ်ကို တကယ်လွှမ်းမိုးနေတာက စကားနဲ့ ဖော်ပြလို့ မရတဲ့ စွမ်းအား အငွေ့အသက်တစ်ခုပဲ။ ဒါက စကြဝဠာထဲက အမှန်တရားလိုမျိုး ဥပဒေသတစ်ခုခုနဲ့ ဆင်တူနေတယ်။ ဖျတ်ခနဲ ကြည့်လိုက်ရင် ရိုးရှင်းပြီး နားလည်ရလွယ်ကူတယ်၊ လက်လှမ်းမှီတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ဒါကို ငါ အာရုံစိုက်ပြီး နားလည်ဖို့ ကြိုးစားလိုက်တော့ အတော်လေးကို ဆန်းကြယ် ပြီးတော့ လက်လှမ်းမမှီနိုင်တော့ဘူး။

ချန်လွေ့က ထို “အမှန်တရား”ကို ထိကြည့်ပြီး နားလည်ရန် အတွက် ဝိညာဉ်စွမ်းအားကို အသုံးပြုရန် ကြိုးစားကြည့်သည်။ သူ အနားကပ်လာသည်နှင့် ဝိညာဉ်တစ်ခုလုံးက တုန်လှုပ်သွားပြီး အကန့်အသတ် ရောက်ရှိသွားသော ပူဖောင်းတစ်လုံး ပေါက်ကွဲသွားတော့မလို ဖြစ်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲသွားတော့မည် ဖြစ်သည်။

ထိုအချိန်၌ စူပါနစ်က ချက်ချင်းပင် အစွမ်းပြလာပြီး “ပူဖောင်း”မှ “အငွေ့”အားလုံးကို ဖယ်ရှားပေးလိုက်၏။ ချန်လွေ့က သတိပြန်ဝင်လာခဲ့ပြီး ထိုအခွင့်အရေးကို အသုံးချကာ ထိုကြောက်မက်ဖွယ်ရာ နားလည်သဘောပေါက်မှုကို အစွမ်းကုန် ဖယ်ရှားလိုက်တော့သည်။ သူက လွန်စွာ ထိတ်လန့်သွားခဲ့ပြီး ချွေးများ ရွှဲနစ်သွားလေသည်။

All Chapters