တမန်တော်
Vol. 50 Ch. 810
ထိုအချိန်၌ သလင်းကျောက်သဖွယ် ကြည်လင်နေသော ကြယ်ကောင်းကင်က တဖြည်းဖြည်းနှင့် ဝိညာဉ်မဲ့နေသော ခန္ဓာကိုယ် တစ်ခုသဖွယ် ပျောက်ကွယ်သွားတော့သည်။ ချန်လွေ့၏ ပုံရိပ်က ကောင်းကင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
ခုနက ချေမှုန်းခံရလုနီးပါး အဖြစ်အပျက်က သူ့အား ကြောက်လန့်သွားစေခဲ့သည်။ ထိုစွမ်းအားက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သူ၏ လက်ရှိစွမ်းအားထက် များစွာ ကျော်လွန်နေခဲ့သည်။ ကံကောင်းစွာပင် သူ့တွင် စူပါစနစ် ရှိနေခဲ့သည်။ သို့မဟုတ်ပါက သူ ချက်ချင်းပင် ချေမှုန်းခံလိုက်ရပေ လိမ့်မည်။
အရေးတကြီး အခိုက်အတန့်၌ စူပါစနစ်က ထုတ်ခဲ့သော စွမ်းအား အငွေ့အသက်က အရှိန်အဝါအဖြစ် အမှန်တကယ် မပြောင်းလဲနိုင်ခဲ့ပေ။ ၎င်းကို စူပါစနစ်၏ [ ကြယ်ဝါးမျိုခြင်း ] က ဝါးမျိုခဲ့ပြိး [ ကြယ်ကူးပြောင်းခြင်း ] ၌ သိမ်းထားလေသည်။
ခုနက ကြောက်လန့်သွားသည့်အတွက် ချန်လွေ့က ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာစွမ်းအားကို အလွယ်တကူ မထိရဲတော့ပေ။ သူက [ကြယ်ကူးပြောင်းခြင်း]ကို ယာယီ ပိတ်ထားပြီး အတွင်းထဲမှ ချိပ်ပိတ်ထားလိုက်၏။ စွမ်းအားလုံလောက်ပြီး အချိန်ကိုက် ရောက်သည်နှင့် သူက တဖြည်းဖြည်းချင်း ၎င်းကို လေ့လာမည် ဖြစ်သည်။
ကြယ်နေရာလွတ်၏ ပြန်လည်သန့်စင်ခြင်း ပြီးနောက်တွင် ချန်လွေ့၏ ကြယ်စွမ်းအားက အပြည့်အဝ သန့်စင်သွားပြီး ခိုင်မာ သွားခဲ့သည်။ သူ၏စွမ်းအားအကဲဖြတ်မှုက S++ အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ခွန်အား၊ ခန္ဓာအမျိုးအစား၊ အမြန်နှုန်းတို့က နောက်ဆုံး၌ S++ အဆင့်သို့ ရောက်ရှိသွားကြပြီး စိတ်ဝိညာဉ် စွမ်းအားအဆင့်နှင့် ကိုက်ညီသွားကြလေပြီ။ သူက အစစ်အမှန် တိုင်းပြည်ဖန်တီးနိုင်ရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။
အရေးအကြီးဆုံး အရာမှာ ချန်လွေ့က ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားခြင်းပင်။ သူက အစစ်အမှန် မီးတောက် အချုပ်အနှောင် စွမ်းအား အပါအဝင် ဥပဒေသကို အတင်းနားလည်အောင် မကြိုးစားတော့ဘဲ စွမ်းအားကို ထပ်မံ သန့်စင်အောင် ပြုလုပ်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အရာအားလုံးက နေရာတကျ ဖြစ်သွားပြီး တစ်ဆို့မှုကို ချိုးဖောက်ရန် အစွမ်းအထက်ဆုံးပုံစံကို အသုံးပြုနိုင်ပေမည်။
ထိုအခိုက် ကောင်းကင်နေရာလွတ်က မူမမှန်ဘဲ ပျက်ယွင်းလာနေသည်ကို မြင်လိုက်ရသည့်အခါ ချန်လွေ့ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ အနီးအနားရှိ ကြယ်များ အားလုံး တွန်းကန်ခံလိုက်ရပြီး ဝေဝါးဝါး လူသားပုံရိပ်တစ်ခုက ကြယ်နေရာလွတ်ထဲ၌ ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်က အထူးစွမ်းအားတစ်ခုဖြင့် တယ်လီပို့ခုန်လာပုံ ရသည်။ ၎င်းက မူလက နိမိတ်ပုံရိပ်တစ်ခုသာ ဖြစ်ပြီး အလျင်အမြန်ပင် အဟုန်က ပိုမိုပြင်းထန်လာခဲ့သည်။ အောက်ဘက် ကြယ်မျှော်စင်အသေးများထဲမှ ယှဉ်ပြိုင်သူများက သီးခြား နေရာလွတ်ဖြင့် ကာကွယ်ခြင်း ခံထားရသော်လည်း လွှမ်းမိုးပြီး ကြောက်မက်ဖွယ်ရာစွမ်းအားကို သေသေချာချာ ခံစားမိနေသေး၏။
ကြယ်ကောင်းကင်တစ်ခုလုံး မှိန်ကျသွားခဲ့ပြီး ကြယ်များပင် အနည်းငယ် တုန်လှုပ်နေကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုပုံရိပ်က အလျင်အမြန်ပင် အစိုင်အခဲ ဖြစ်တည်မှု ပြီးစီး သွား၏။ [သရုပ်ခွဲမျက်လုံး] မှ အချက်အလက်က ချန်လွေ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေပြီး သူ၏မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့လေသည်။
ထိုသူက ဝတ်ရုံရှည် ဝတ်ထားသော အရပ်မြင့်မြင့် ယောက်ျား တစ်ယောက် ဖြစ်၏။ သူက ဆံပင်အဖြူနှင့် မျက်လုံးအပြာရှိပြီး ခန့်ညားသော မျက်နှာသွင်ပြင် ရှိသည်။ အဖြူ အပြာ ဝတ်ရုံက ရွှေရောင် အနားကွပ်များ ရှိနေသည်။ သူ့နောက်တွင် တောင်ပံနှစ်စုံ ရှိနေပြီး ကျက်သရေရှိကာ ခမ်းနားနေပုံရပြီး အလင်းရောင်နှင့် မြင့်မြတ်သော အငွေ့အသက်များ ထုတ်လွှတ်နေ၏။
မျိုးနွယ် - လူသား (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - SS
ခန္ဓာအမျိုးအစား - SS-
ခွန်အား - SS-
စိတ်ဝိညာဉ် - SS+
အမြန်နှုန်း - SS-
[ စိစစ်ချက် ] - အလင်းဂုဏ်သတ္တိ။ ရေဂုဏ်သတ္တိ။ နေရာလွတ် ဖိနှိပ်ခြင်း။
အန္တရာယ်အဆင့် - အလွန်အမင်း မြင့်မား။
ထိုကဲ့သို့ အဝတ်အစား၊ စွမ်းအား အငွေ့အသက်နှင့် အချက်အလက်များအရ ချန်လွေ့က ချက်ချင်းပင် အလည်လာသူ၏ သရုပ်ကို သိသွားခဲ့သည်။
သိဒ္ဓိကျောင်းတော်မှ တောင်ပံ၄ဖက် တမန်တော် !
ကြယ်မျှော်စင် ယှဉ်ပြိုင်သူများသာမက မှော်ကြေးမံု အရှေ့ရှိ ကြယ်အလင်းကောလိပ်မှ အကြီးတန်း အလုပ်အမှုဆောင် အဖွဲ့ဝင်များပင် ထိတ်လန့်သွားကြသည်။ သိဒ္ဓိကျောင်းတော်က တမန်တော်တွေက နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေ ဖြစ်နေကြပြီ။ သူတို့က တကယ်ပဲ ကြယ်မျှော်စင် နေရာလွတ်ထဲကို ဆင်းသက်လာကြတယ်။ ဒါက တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့အရာပဲ။
ဌာနမှူး၃ယောက်က အချင်းချင်း အလျင်အမြန် ကြည့်လိုက်ပြီး ချက်ချင်းပင် တူညီသော အမြင်တစ်ခု ရရှိသွားခဲ့သည်။ ရီဂီယာနာက ခေါင်းညိတ်လိုက်၏။ “မင်းတို့ ဒီမှာ စောင့်ကြည့်ထား။ ငါက ဌာနမှူးဟောင်းကို ချက်ချင်း သွားဖိတ်လိုက်မယ်။”
ကြယ်မျှော်စင် နေရာလွတ်ထဲ၌ တောင်ပံ၄ခု တမန်တော်က အင်အားကြီး အဟန့်အတား အဟုန်တစ်ခုကို ထုတ်လွှတ်နေ၏။ အံံအားသင့်မှု လုံးဝ မပြသသော မျက်နှာချင်းဆိုင် လေထဲ၌ လွင့်ပျံနေသော လူကို ကြည့်နေရင်း သူက အနည်းငယ် မျက်မှောင် ကြုတ်လိုက်၏။ “ငါ့နာမည်က ဇီဟုန်အန်ပဲ။ အလင်းနတ်ဘုရား လက်အောက်မှာရှိတဲ့ ကလေးတမန်တော် တစ်ပါးပဲ။ လူသား။ မင်းရဲ့ နာမည်က ဘာလဲ ပြောပါ။”
ဇီဟန်အန်၏ အဟုန်က ချန်လွေ့က ဖိအား အတော်များများ ဖြစ်စေခဲ့သည်။ သို့သော်လည်း သူက အစ်ဇ်ယိုရူးကို ရင်ဆိုင်ခဲ့စဉ် ကကဲ့သို့ မစိုးရိမ်နေခဲ့ပေ။ ယခုတွင် သူက အစစ်အမှန် မီးတောက် အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့ပြီး [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို စိတ်ရှိသလို အသုံးပြုနိုင်ပြီ ဖြစ်သည်။
ဇီဟုန်အန်က အစ်ဇ်ယိုရူးနှင့် အဆင့်တူတူ ဖြစ်သည့်အတွက် မိမိကို ဟန့်တားချင်သော ဇီဟုန်ရောက်လာသည်နှင့် ချန်လွေ့က အလွန်ပင် တည်ငြိမ်နေခဲ့သည်။
ခုနက ဆရာသခင် ရိုမန် သေဆုံးသွားပြီ ဖြစ်သည့်အတွက် ချန်လွေ့က အနည်းငယ် ဦးညွှတ်ပြီး အရှက်မရှိ ပြန်ဖြေလိုက်၏။ “ပါ့ဂ်လီအို...”
“မင်းရဲ့ တည်ငြိမ်နေမှုက ငါ့ကို အံ့အားသင့်စေတာပဲ။ ငါမင်းကို ချီးကျူးရမယ်။ မင်းက ငါ မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံး နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်ပဲ။ မင်းက တကယ့်ကို “အဲဒီလိုစွမ်းအား”ကို လွှမ်းမိုးနိုင်တဲ့ လူတော်တစ်ယောက်ပဲ။” ဇီဟုန်အန်က အဟန့်အတားကို ဘေးဖယ်ထားပြီး ချန်လွေ့ကို ချီးမွမ်းလိုက်၏။
“အဲဒီလိုစွမ်းအားမျိုး ဟုတ်လား။” ချန်လွေ့က အစမ်းသဘော မေးကြည့်လိုက်သည်။ “အဲဒါက ဒီစိတ်ပုံရိပ် နေရာလွတ်၏ နဂိုမူလ ခန္ဓာကိုယ်လား။”
ဇီဟုန်အန်၏ မျက်လုံးထဲ၌ ထိတ်လန့်သော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “ဒါက စိတ်ပုံရိပ်ဆိုတာကို မင်း တကယ် မြင်နိုင်တာလား။”
“ဒါက ပါရမီလေးတစ်ခုပါ။ ကျုပ် သိချင်တာကို ဆာ-ဇီဟုန်အန် ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ချန်လွေ့က ဆက်လက် စုံစမ်းချင်သည့်အတွက် ယဉ်ကျေးချင်ယောင် ဆောင်လိုက်သည်။
“ကံဆိုးချင်တော့... ပါ့ဂ်လီအို၊ ဒါက သိဒ္ဓိကျောင်းတော်ရဲ့ ထိပ်တန်း လျို့ဝှက်ချက်တွေထဲက တစ်ခု ဖြစ်နေတယ်။” ဇီဟုန်အန်က ခေါင်းခါလိုက်၏။ “ဒါပေမဲ့ မင်းမှာ အခွင့်အရေးတစ်ခု ရှိနေသေးတယ်။ မင်းရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းနဲ့ဆိုရင် မင်းက ကျောင်းတော်ကို ဝင်လိုက်တာနဲ့ ဒီလျို့ဝှက်ချက်ကို နားလည်ဖို့က အနှေးနဲ့အမြန်ပဲ။ တစ်နေ့ကျရင် မင်းရဲ့စွမ်းအားနဲ့အဆင့် လုံလောက်တဲ့အခါ အဲဒါကို တကယ် ထိတွေ့နိုင်မယ့် အခွင့်အရေး တစ်ခု ရှိနိုင်လောက်တယ်။”
“ဆာ ပြောချင်တာက...” ချန်လွေ့၏မျက်လုံးများ အရောင် တောက်သွား၏။ “...ကျောင်းတော်ထဲ ဝင်ဖို့လား။”
ထိုအချိန်၌ ကြယ်မျှော်စင်အပြင်ဘက်၌ အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး လူနှစ်ယောက် ပေါ်ထွက်လာသည်။ တစ်ယောက်က သိပ်မကြာခင်ကမှ ပျောက်သွားခဲ့သော ဌာနမှူး ရီဂီယာနာဖြစ်ပြီး ကျန်တစ်ယောက်က မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနှင့် အဘိုးအို တစ်ယောက် ဖြစ်လေသည်။ အနီးကပ် ကြည့်လိုက်သည့်အခါ သူ၏ အရေပြားက စိုပြည်ပြီး တောက်ပနေခဲ့သည်။ မျက်လုံးများက ဖောက်ထွင်းမြင်နိုင်သကဲသို့ ဖြစ်နေပြီး အသက်နှင့် မလိုက်သော အသက်ဓာတ်တစ်ခုကို ဖော်ပြနေ၏။
ထိုအဘိုးအို ပေါ်ထွက်လာသည်နှင့် အကြီးတန်း ကောလိပ် အလုပ်အမှုဆောင် အဖွဲ့ဝင်များက အရိုအသေ ပြုလိုက်ကြ၏။ “ဌာနမှူးဟောင်း...”
ထိုသူက ကြယ်အလင်းကောလိပ်မှ ဌာနမှူးဟောင်း ကာလီဆယ် ဖြစ်၏။ သူက ကောလိပ်ထဲ၌ သုတေသန ပြုလုပ်နေခဲ့လေသည်။ သူ၏ စွမ်းအားက အထူး အစွမ်းထက်ပုဂ္ဂိုလ်အဆင့်သို့ ရောက်ရှိ သွားပြီဟုလည်း ပြောကြ၏။
ကာလီဆယ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ အကြည့်က မှော်ကြေးမုံထံသို့ ရောက်ရှိသွားခဲ့သည်။ သူက ချက်ချင်းပင် ထိတ်လန့်သွား၏။ “ဇီဟုန်အန်လား။”
ရီဂီယာနာက အေးလိုက်သည်။ “ဌာနမှူးဟောင်း။ ဒီ ဇီဟုန်အန်....”
“သိဒ္ဓိကျောင်းတော်က ကောင်းကင်တမန်သုံးပါးရဲ့ အောက်မှာ ရှိတဲ့ တောင်ပံ၄ဖက် ကလေးတမန်တော်ပဲ။ သူ့ကို “စူးစမ်းရှာဖွေ နတ်ဘုရား”လို့လည်း သိကြတယ်။” ကာလီဆယ်က သက်ပြင်း ချလိုက်၏။ “သူ့စွမ်းအားက ငါ့ထက်တောင် သာတယ်။”
ရီဂီယာနာက စိတ်ထဲ၌ အံ့အားသင့်သွား၏။ “ဘယ်လိုလုပ် ဒီကလေးတမန်တော်က ကြယ်မျှော်စင် နေရာလွတ်ထဲကို ဆင်းသက်လာတာပဲ။”
“ကြယ်မျှော်စင်က သိဒ္ဓိအလင်းတောင်ထဲမှာရှိတဲ့ တစ်ခုခုက ဖန်တီးထားတဲ့ စိတ်ပုံရိပ် နေရာလွတ်တစ်ခုပဲ။” ကာလီဆယ်က အသာလေး ခေါင်းခါလိုက်သည်။ “ဒီကိစ္စက အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းက လျို့ဝှက်ချက်တစ်ခုနဲ့ ပတ်သက်နေတယ်။ ဒီအထဲက ဇာတ်လမ်းကို ငါတောင် သေချာ မသိဘူး။ ဒါပေမဲ့လည်း ကြယ်မျှော်စင် သမိုင်းကြောင်းထဲမှာ ဘယ်ကျောင်းတော် တမန်တော်ကမှ တိုက်ရိုက် မဝင်ခဲ့ဘူး။ ခုနက ဘာဖြစ်ခဲ့တာလဲ ဆိုတာ မင်းငါ့ကို အသေးစိတ် ပြောပြရမယ် ထင်တယ်။ ဇီဟုန်အန် အရှေ့မှာ ရှိနေတဲ့သူနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်ပေါ့။ ဒီမူမမှန်မှုက သူနဲ့ တစ်ခုခု ပတ်သက်နေလောက်တယ်။”
မှော်ကြေးမုံက အသံကို မလွှင့်နိုင်ပေ။ ထို့ကြောင့် ချန်လွေ့နှင့် ဇီဟုန်အန်တို့ ပြောနေကြသည်ကို ကာလီဆယ်နှင့် အပြင်မှလူများ မကြားနိုင်ကြပေ။
“ပါးနပ်တဲ့သူတွေနဲ့ စကားပြောရတာ လွယ်တာပဲ။” ဇီဟုန်အန်က နွေးထွေးစွာ ပြုံးပြလိုက်၏။ “မင်းမှာ စွမ်းအား၊ အလားအလာနဲ့ ပါရမီ ရှိတယ်။ မင်းကို အရေးအကြီးဆုံး ပါရမီရှင် အနေနဲ့ လေ့ကျင့်ပေးပြီးတော့ လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးကို ပေးမယ်။ မင်းမှာ ဆန္ဒရှိတယ်ဆိုရင် မင်းကို ကောင်းကင်တမန် ဆာ-ရာဖယ်ရယ် လက်အောက်က သိဒ္ဓိတပည့်အနေနဲ့ အကြံပြုပေးလို့ရတယ်။”
“သိဒ္ဓိတပည့်လား။” ချန်လွေ့က သဘောပေါက်သော အပြုံးမျိုး ပြသလိုက်သည်။ သူက ယခင်တစ်ယောက်က သိဒ္ဓိတပည့် လေးယောက်နှင့် ရင်ဆိုင်ခဲ့ရပြီး နှစ်ယောက်ကို ဒဏ်ရာ အကြီးအကျယ် ရစေခဲ့ကာ နှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ နောက်ပိုင်း သူက ဝိုင်းရံသော တိုက်ပွဲအတွင်း သိဒ္ဓိတပည့် ၈ယောက်ကို အရူးလုပ်ခဲ့၏။
“သိဒ္ဓိတပည့်က နတ်ဘုရားရဲ့ အစွမ်းအထက်ဆုံး စစ်သည်တော်ပဲ။ သိဒ္ဓိတပည့် တစ်ယောက်စီမှာ ထူးခြားတဲ့ စွမ်းရည်တွေနဲ့ ထာဝရအသက် ရှိတယ်။ ခန္ဓာကိုယ် သေသွားရင်တောင် ဝိညာဉ်က နတ်ဘုရားတိုင်းပြည်ထဲမှာ ပြန်မွေးဖွားလာလိမ့်မယ်။” ဇီဟန်အန်၏ စကားလုံးများက ဆွဲဆောင်မှုများ ပြည့်နှက်နေသော်လည်း “ပြန်လည်မွေးဖွား” လာခြင်း ဟူသော အမှန်တရားကို သူ့အရှေ့မှ လူက သေသေချာချာ သိနေခဲ့ပြီဖြစ်ကြောင်း သူ မသိခဲ့ပေ။
“ကျုပ် သိရသလောက်ဆိုရင် သိဒ္ဓိတပည့်အတွက် အခြေခံ လိုအပ်ချက်က [ ကောင်းချီးအလင်းခန္ဓာကိုယ် ] မဟုတ်လား။” ချန်လွေ့က တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ “ကျုပ်မှာ အဲဒီလိုမျိုး တော်ဝင်သွေးမျိုးဆက် မရှိဘူး။”
သူ့တွင် အမှန်တကယ်ပင် [ ကောင်းချီးအလင်းခန္ဓာကိုယ် ] မရှိဘဲ လက်ရှိ ပုပ်ရဟန်းမင်း ဗန်တီ-စ်တွင် ရှိနေသော အမြင့်ဆုံး အလင်းဒြပ်စင် ခန္ဓာအမျိုးအစားဖြစ်သည့် [ ကျက်သရေအလင်း ခန္ဓာ ] ရှိနေခြင်း ဖြစ်ပေသည်။
“မင်းက ကျောင်းတော်ကို ကောင်းကောင်း သိနေတဲ့ပုံပဲ။” ဇီဟန်အန်၏ အပြုံးက မပြောင်းလဲဘဲ တည်ရှိနေသည်။ “သိဒ္ဓိတပည့်ဖြစ်ဖို့က အမှန်တကယ်ပဲ အဲဒီလို သတ်မှတ်ချက် ရှိတယ်။ ဒါပေမဲ့ မင်းလိုမျိုး ပါရမီရှင်ကို ခြွင်းချက်အနေနဲ့ အဆင့်တိုးပေးလို့ရတယ်။ မင်းက တိုင်းပြည်အဆင့်ကို ရောက်နိုင်မယ်ဆိုရင် ဆာ-ရာဖယ်ရယ်က မင်းကို နှစ်ခြင်းမင်္ဂလာ လုပ်ပေးပြီးတော့ တမန်တော်စွမ်းအား ပေးလိမ့်မယ်။”
“ဒီလိုကိုး။” ချန်လွေ့က နားလည်သော အမူအရာ ပြသပြီး ရုတ်တရက် ထပ်ပြောလိုက်သည်။ “ခင်ဗျား....လိုမျိုးလား။”
ဇီဟုန်အန်က မျက်ခုံးပင့်လိုက်ပြီး လေသံက အေးစက် သွားခဲ့သည်။ “မင်းက ငါ့ကို လေးစားမှု မရှိတဲ့ပုံပဲ။ ငါမင်းကို သတိပေးလိုက်မယ်။ ချီးမွမ်းတာက မျက်နှာလွှဲတာလို့ မဆိုလိုဘူး။ မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ ကျောင်းတော်နဲ့ ပူးပေါင်း။ မဟုတ်ရင် သေပဲ။”
နောက်ဆုံးတော့ ကြောက်စရာ တကယ့် မျက်နှာတွေကို ပြပြီပေါ့။ ချန်လွေ့က တိတ်တိတ်လေး သရော်ပြုံးပြုံးပြီး ပုခုံး တွန့်လိုက်၏။ “ဆာ-ဇီဟုန်အန်၊ ကျုပ်က မပူးပေါင်းဘူးလို့ မပြောခဲ့ဘူး။ [ ကောင်းချီးအလင်းခန္ဓာ ] မရှိဘဲနဲ့ သိဒ္ဓိတပည့် ဖြစ်လာနိုင်တယ်ဆိုတာကို ထူးဆန်းနေလို့ပါ....။ ကြည့်ရတာ နှင်းဒဲလက်ပန်း ဆုံးရှုံးသွားလို့ ဆာ-အလင်းနတ်ဘုရားက ဂျီးမများနေတော့တဲ့ပုံပဲ။”
“အတင့်ရဲလှချည်လား။ ဒါက စော်ကားတာပဲ!” ဇီဟန်အန်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားခဲ့ပြီး ဖိနှိပ်သော အဟုန်က တဖန် ပေါ်ထွက်လာပြန်သည်။ “နှင်းဒဲလက်ပန်း....အဲဒီအကြောင်း ကောလာဟလကို မင်း ဘယ်ကနေ ကြားခဲ့တာလဲ။”
“အဲဒါက ကောလာဟလလား။” ချန်လွေ့ ကြောက်မနေပေ။ “ကျုပ်က အခု ကိစ္စတစ်ခုကိုပဲ စဉ်းစားနေတာ။ စိတ်ပုံရိပ်ရဲ့ မူလခန္ဓာကိုယ်က ဘာလဲဆိုတာပေါ့။ သိဒ္ဓိကျောင်းတော်ရဲ့ ထိပ်တန်းလျို့ဝှက်ချက်လို့ ခေါ်ရတယ်ဆိုတော့ ဒါက သိဒ္ဓိအလင်းတောင်ထိပ်မှာရှိတဲ့ အလင်းနတ်ဘုရားကျောင်းက တစ်ခုခုများလား။ ကျုပ်က စိတ်ပုံရိပ်ကနေတဆင့် အဲဒါရဲ့ စွမ်းအားကို ထိတွေ့ခဲ့ရလောက်တယ်။ အဲဒါကြောင့် ခင်ဗျားလို တောင်ပံ၄ဖက် တမန်တော်က ဒီကိုရောက်လာတာပဲ။ ဟုတ်တယ် မလား။”
ဇီဟုန်အန်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူက ချက်ချင်းပင် လက်ကို ဝှေ့ရမ်းကာ အနီးအနား ပတ်ဝန်းကျင်ကို ချိတ်ပိတ်ပြီး အော်ပြောလိုက်၏။ “မင်းက ဘယ်သူလဲ။”
“ကျုပ်က ခင်ဗျားကို မေးချင်နေတာ။ ခင်ဗျားက တမန်တော်လား။ လူသားလား။ ဒါမှမဟုတ် နတ်ဘုရားရဲ့ ယုံကြည်မှုကို ခိုးယူတဲ့ တကယ့် စော်ကားသူ တစ်ယောက်လား။”
ထိုစကားက ဇီဟုန်အန်၏ မျက်နှာကို ရုတ်တတရက် ပြောင်းလဲသွားစေခဲ့သည်။ ဒီစိတ်ပုံရိပ် နေရာလွတ်ကို ရောက်ဖို့ အတွက် လျို့ဝှက်ပညာရပ်ကို အသက်သွင်းဖို့ ခက်ခက်ခဲခဲ ကြိုးစားပြီးတဲ့နောက်မှာ ဒီလိုထူးဆန်းတဲ့သူနဲ့ တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။
အလင်းရောင်တစ်ခုကို မြင်လိုက်ရသည့်အခါ သူက လှုပ်ရှားရန် ပြင်လိုက်၏။
ပြင်းထန်လှသော အပြာရောင်အလင်းက တလက်လက် တောက်ပနေခဲ့ပြီး သူ၏အဟုန်က ဖိနှိပ်ထားသော ကြယ်ကောင်းကင်သည်ပင် လင်းလက်နေတော့သည်။
ရောက်ရှိလာသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ခံစားနေရရင်း ဇီဟုန်အန်က ထိတ်လန့်သွားခဲ့ပြီး မကောင်းသော နိမိတ်တစ်ခု ခံစားလာရသည်။ သူက အများကြီး ဂရုမစိုက်နိုင်ဘဲ တောက်ပနေသော အပြာရောင်အလင်း အလယ်ကို ချိန်လိုက်၏။ “[အပြစ်ပေးဓား]!!”
အဖြူရောင် အလင်းတစ်ခုက ထက်မြက်လှသော ဓားတစ်လက် သဖွယ် ပြေးထွက်သွားခဲ့ပြီး လမ်းတလျှောက်ရှိ ကြယ် ရောင်ချည်များက မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ပြတ်ထွက်သွားခဲ့သည်။
သို့သော်လည်း အဖြူရောင်အလင်းက အပြာရောင် အလင်းကို ချဉ်းကပ်သွားသောအခါ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုခုကို ရင်ဆိုင်တွေ့ရသလို ဖြစ်သွားသည်။ ၎င်းက ရှေ့သို့ တစ်လက်မပင် မရွေ့နိုင်ခဲ့ပေ။ ဇီဟုန်အန်က လက်ကို ဝှေ့ရမ်းလိုက်ရာ အဖြူရောင် အလင်းက သူ့လက်ထဲ ပြန်ရောက်လာခဲ့သည်။ ထိုအရာက ငွေရောင် မဟာဓားတစ်လက်ဖြစ်လေသည်။ တောင်ပံ၄ဖက် တမန်တော်က အတော်လေး လေးနက်နေပုံရသည်။
မှော်ကြေးမုံရှေ့သို့ ဌာနှမှူးဟောင်း ကာလီဆယ်နှင့် အခြားသူများလည်း ကြက်သေသေသွားကြသည်။ နေကဲ့သို့ တောက်ပနေသော အပြာရောင်အလင်းက အမှန်တကယ်ပင် တောင်ပံ၄ဖက် တမန်တော် ဇီဟုန်အန်ကို ယှဉ်နိုင်သော စွမ်းအားမျိုး ရှိနေ၏။
အောက်ဘက်ရှိ ကြယ်မျှော်စင်ငယ်လေးထဲမှ လန်ဘိစ်က အံ့အားအသင့်ဆုံး ဖြစ်နေခဲ့သည်။ ဇီဟုန်အန်က နေရာလွတ်ကို ချိတ်ပိတ်လိုက်ပြီးနောက် သူတို့ ပြောနေသည်များကို မကြားနိုင်တော့သော်လည်း လန်ဘိစ်က အပြာရောင်အလင်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားခဲ့သည်။ နောက်ဆုံး၌ အံ့သြဖွယ်ရာများကို တစ်ခုပြီးတစ်ခု ဖန်တီးနေခဲ့သည့် ထိုသူ၏ သရုပ်ကိုလည်း လန်ဘိစ် သိရှိသွားတော့သည်။