[ ငိုကြွေးတံတိုင်း ]
Vol. 50 Ch. 811
တလက်လက် ကြယ်အလင်းရောင်က တဖြည်းဖြည်း စုစည်းလာပြီးနောက် ချပ်ကာအပြာနှင့် ပုံရိပ်တစ်ခုက အလယ်တွင် ပေါ်ထွက်လာခဲ့သည်။ တောက်ပနေသော ချပ်ကာက တောက်ပပြီး မြင့်မြတ်သော အငွေ့အသက်မျိုး ထုတ်လွှတ်နေပြီး ကြယ်ကောင်းကင်၏ ခမ်းနားမှုက ခန္ဓာကိုယ်တစ်ခုထဲတွင် စုစည်း သွားသကဲ့သို့ပင်။ တစ်ဖက်တွင်တော့ တောင်ပံ၄ဖက် တမန်တော် ဇီဟုန်အန်မှာ မှေးမှိန်နေလေသည်။
[ ယုံကြည်မှုချပ်ကာ ] ! ပြီးတော့ ဒီလောက် သန့်စင်ပြီးတော့ အင်အားကြီးတဲ့ ယုံကြည်မှုစွမ်းအား ရှိနေတာပဲ။ ထိုကဲ့သို့ အငွေ့အသက်မျိုးက သူ့ကဲ့သို့ တိုင်းပြည်အဆင့် ထိပ်သီးပိုင်းကို ရောက်ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကိုပင် ထိတ်လန့် သွားစေခဲ့လေသည်။
ဇီဟန်အန်က ထိုပုံရိပ်ကို သတိထားရင်း ကြည့်နေပြီး ထိုသူက မိမိအား မည်သည်ကြောင့် “လိုအပ်သော” လေးစားမှု မပြသ ခဲ့ကြောင်းကို နားလည်သွားခဲ့သည်။ ဒါနဲ့ ဒီ [ ယုံကြည်မှုချပ်ကာ ] ကို.... တစ်နေရာရာမှာ မြင်ခဲ့ဖူးတဲ့ပုံပဲ....
“ကျုပ်စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ရှိနေတယ်။” ဇီဟုန်အန်က မစဉ်းစားနိုင်သေးမှာပင် တစ်ဖက်လူ၏ အသံ တိုးတိုးလေး ထွက်ပေါ်လာ၏။ “ခင်ဗျားကို ဖမ်းနိုင်ရင် ကျုပ်လိုချင်တဲ့ အဖြေကို ရနိုင်လောက်တယ်။”
ပြောရမည်ဆိုလျှင် သိဒ္ဓိအလင်းတောင်၏ အတွင်းထဲ၌ သွားလာနိုင်ခြင်းက အံ့သြစရာတစ်ခု ဖြစ်သော်လည်း သူလျှို တစ်ယောက်က သိုသိုသိပ်သိပ် နေရမည်။ ယခုတစ်ခေါက် ချန်လွေ့၏ လှုပ်ရှားမှုက ထင်းခနဲ ဖြစ်သွားခဲ့ပြီး ယုံကြည်သူများက ရိုးရိုးရှင်းရှင်း ဖြတ်သွားနိုင်သည့်အရာမျိုး လုံးဝ မဟုတ်နိုင်ပေ။ သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ရာဖယ်ရယ်ကဲ့သို့ နတ်ဘုရားယောင် အရှေ့၌ မီးနှင့်ကစားခြင်းက လမ်းဆုံး ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် ယခုတစ်ခေါက် နတ်ဆိုးဘုံ၌ အချိန်က အရေးတကြီး ဖြစ်နေသည့် အတွက်ကြောင့် လူသားလောက၌ အချိန်အကြာကြီး နေနေရန် မဖြစ်နိုင်ပေ။
ချန်လွေ့က ကြာရှည်ပျောက်ဆုံးနေခဲ့သော [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] စွမ်းအားကို ခံစားနေခဲ့သည်။ သူ၏ လက်ရှိ ကြယ်စွမ်းအားက အတော်လေး သန့်စင်နေပြီ ဖြစ်သည်။ အတွေးအမြင် အသစ်များနှင့် ပေါင်းစည်းလိုက်သောအခါ သူ့ထဲသို့ စကြဝဠာအဖြစ် လည်ပတ်နေသော များပြားလှသည့် စွမ်းအားများက ကျောက်စိမ်းသစ်တော ပင်လယ်မှာထက် များစွာ ပိုမို၍ အင်အားကြီးသွားခဲ့သည်။
“ဟမ့်။ ကိုယ့်အစွမ်းအစ ကိုယ်မသိတဲ့ အမှိုက်ကောင်ပဲ။ မင်းက ပျက်စီးလွယ်တဲ့ ခန္ဓာကိုယ်တစ်ခုသာသာပဲ။ တကယ့်စွမ်းအားက ဘာလဲဆိုတာ မကြာခင် မင်း သိရလိမ့်မယ်။” ဇီဟုန်အန်က မဟာဓားကို အရှိန်နှင့် ထိုးချလိုက်ရာ သူ၏ အဟုန်က တဟုန်ထိုး တိုးတက်သွားတော့သည်။
“ဒီလိုစကားမျိုးကို ကိုယ့်ကိုယ်ကိုယ် “တောင်ပံ၄ဖက် တမန်တော်”လို့ပြောတဲ့ နောက်ထပ်လူသားတစ်ယောက်ကနေ ကြားဖူးတယ်။ ဒါပေမဲ့ အဲဒီလူက အခုတော့ လုံးဝ မရှိတော့ဘူး။” ချန်လွေ့က “နောက်ထပ်တမန်တော်”အကြောင်း တွေးမိသည့် အခါ စိတ်ထဲရှိ အမုန်းတရားက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လေသံက အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွား၏။
ဒီ ဇီဟုန်အန်က “ပူးပေါင်းရင်ပူးပေါင်း၊ မပူးပေါင်းရင် သတ်ပစ်မယ်”လို့ ပြောခဲ့တာဆိုတော့ ငါ သူ့ကို သေတဲ့အထိ တကယ့် အဖြေတစ်ခု ပေးလိုက်မယ်။ ဒါကို သော်သော်အတွက် စတေးတာလို့ သဘောထားလိုက်တာပေါ့။
ထိုစကားက ဇီဟုန်အန်ကို ထိတ်လန့်သွားစေခဲ့သည်။ နောက်ဆုံး၌ သူက ထို ခမ်းနားကြီးကျသော [ ယုံကြည်မှုချပ်ကာ ] အား မည်သည့်နေရာ၌ တွေ့ခဲ့ဖူးကြောင်း သတိရသွားခဲ့သည်။ ကျောက်စိမ်းသစ်တောပင်လယ်က နတ်သူငယ်မျိုးနွယ်စုရဲ့ မှော်သလင်းကျောက် ထဲမှာပဲ။ အဲဒီမှာ နောက်ထပ် တောင်ပံ၄ဖက် တမန်တော်ရဲ့ တိုက်ပွဲကို မှတ်တမ်းတင်ထားတယ်။ သူက ရာဖယ်ရယ် လက်အောက်မှာရှိတဲ့ ကလေးတမန်တော် နှစ်ယောက်ထဲက တစ်ယောက်ပဲ။ သူက “ရှာဖွေတွေ့ရှိမှု နတ်ဘုရား”လို့ သိကြတဲ့ အစ်ဇ်ယိုရူးလ်ပဲ။
“မင်းပဲ....” ဇီဟုန်အန်က ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။ လက်စသတ်တော့ အစ်ဇ်ယိုရူးလ်က ဒီလူ့လက်ထဲမှာ သေသွား ခဲ့တာကိုး။
အကယ်၍ ဇီဟုန်အန်က [ ယုံကြည်မှုချပ်ကာ ] ကို အားကိုးပြီး တိုင်းပြည်အဆင့် ရောက်ရုံသာရှိသော ထိုရန်သူအတွက် မူလက အထင်သေးမှုများသာ ရှိခဲ့လျှင် ယခုတွင် ပြိုင်ဘက်ကို အထင်မသေးရဲတော့ပေ။
ချန်လွေ့က အပိုမပြောခဲ့ပေ။ လျှပ်တပြက်အတွင်း သူက ဇီဟုန်အန် အရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး လက်သီးထဲ၌ ဖျက်ဆီးခြင်း ကြယ်အလင်းရောင်ဖြင့် ဇီဟုန်အန်၏ ရင်ဘတ်ကို ထိသွားခဲ့သည်။ ကြယ်အလင်းရောင်က မျက်စိတစ်မှိတ် အတွင်းမှာပင် ရာနှင့်ချီသော ရောင်ခြည်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဌာနမှူးဟောင်းမှလွဲ၍ အောက်ဘက်မှ ကြယ်မျှော်စင်ရှိ လူအားလုံးနှင့် မှော်ကြေးမုံအရှေ့မှ လူတိုင်းက ထိုအမြန်နှုန်းကို လိုက်မမှီနိုင်တော့ပေ။ သူတို့က ကောင်းကင်ထက်၌ တလက်လက် ကြယ်တစ်ခု လင်းလက်လာပြီး မရေမတွက်နိုင်သော ရောင်ခြည်များနှင့်အတူ တမန်တော်ထံ ဝင်တိုက်သွားသည်ကိုသာ ခံစားမိခဲ့ကြသည်။
ဇီဟုန်အန်က ခုနကတည်းက သတိကြီးကြီး ထားနေခဲ့သည်။ “ပါ့ဂ်လီအို”က အစ်ဇ်ယိုရူးလ်ကို သတ်ပစ်ခဲ့သည့် အင်အားကြီး ရန်သူတစ်ယောက်ဖြစ်ကြောင်း သိရှိပြီးနောက် သူက မဟာဓားကို ရှေ့တွင်ကာပြီး ချက်ချင်းပင် အစွမ်းအထက်ဆုံး စွမ်းအားများ ပေါက်ကွဲထွက်သွားတော့သည်။
မရေမတွက်နိုင်သော ကြယ်အလင်းများက ဇီဟုန်အန်ထံသို့ ကြောက်မက်ဖွယ်ရာ အသံတစ်ခုဖြင့် ထိမိသွားခဲ့ပြီး ကောင်းကင်က ထိန်းချုပ်မရဘဲ စတင်တုန်ခါလာသည်။ သို့သော်လည်း ကြယ်အလင်း တစ်ခုစီက ဇီဟုန်အန်နှင့် ၃မီတာ အကွာတွင် ရပ်တန့်နေခဲ့ပြိး တဖြည်းဖြည်း မှိန်ပျသွားခဲ့၏။
ကြယ်အလင်းများက အကြောင်းရင်းမရှိဘဲ မပျောက်ကွယ် သွားပေ။ ဇီဟုန်အန်အရှေ့တွင် ဝဲကတော့ကဲ့သို့ ရေလှိုင်းတွန့်များ ထွက်ပေါ်လာ၏။ ရေလှိုင်းတွန့်များက အတော်လေး ပြင်းထန်လှပြီး ဇီဟုန်အန်၏ ခန္ဓာကိုယ်သည်ပင် အနည်းငယ် တုန်ခါနေလေသည်။ သို့သော်လည်း ကြယ်အလင်းများက ရေလှိုင်းတွန့်၏ ခုခံမှုကို မထိုးဖောက်နိုင်သေးပေ။
ရေလှိုင်းတွန့်များက နေရာတစ်လုံးကို ပျံ့နှံ့သွားခဲ့သည်။ ကြယ်အလင်းများ ပြည့်နှက်နေသော ကောင်းကင်က အလျင်အမြန်ပင် လှိုင်းတွန့်စက်ဝိုင်းများထဲ၌ မှိန်ပျသွားလေသည်။ ချန်လွေ့က လွန်စွာကြီးမားသော ဖိအားကို သေသေချာချာ ခံစားမိလိုက်သည်။ ကြယ်စွမ်းအား လည်ပတ်မှုက တန့်သွားပုံ ရသည်။ ထိုအရာက ဇီဟုန်အန်၏ တိုင်းပြည်ပင်။
ထိုတိုင်းပြည်၏ အလယ်ဗဟိုက မယုံနိုင်စရာ ဥပဒေသများ ပတ်ပတ်လည် ထုတ်လွှတ်နေသော ဇီဟုန်အန်၏ လျို့ဝှက် ဆန်းကြယ်သည့် ခုခံမှု နေရာလွတ် ဖြစ်သည်။ ချန်လွေ့၏ တိုက်ခိုက်မှုများက တန်ပြန်သွားခဲ့ပြီး လမ်းကြောင်းပြောင်းကာ စုပ်ယူခံနေရသည်။
“ငါ့ကို အဲဒီ ငတုံးကောင် အစ်ဇ်ယိုရူးလ်နဲ့ မနှိုင်းနဲ့။” ဇီဟုန်အန်က သရော်ပြုံး ပြုံးလိုက်၏။ “မောက်မာမှုက သူ့ ကျဆုံးမှုအတွက် အကြီးမားဆုံး အကြောင်းရင်းထဲက တစ်ခုပဲ။ မင်းရဲ့ တိုက်ခိုက်မှုက ထိတ်လန့်စရာပါပဲ။ ဒါပေမဲ့ ငါ့ရဲ့ [ ငိုကြွေးတံတိုင်း ] နဲ့ ရင်ဆိုင်ရတော့ ငိုကြွေးရုံပဲ တတ်နိုင်တယ်။”
ပေါက်ကရတွေ။ [ ငိုကြွေးတံတိုင်း ] ဟုတ်လား။ ငါက စပက်တာပဲ....။ ချန်လွေ့က [ သရုပ်ခွဲမျက်လုံး ] မှ ဆန်းစစ်ချက်ကို တွေးလိုက်၏။ ထို့နောက် ခုနက တိုက်ခိုက်မှုမှ ခံစားချက်နှင့် ပေါင်းလိုက်သောအခါ သူက ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ “နေရာလွတ်ဖိနှိပ်တာလား။”
ဇီဟုန်အန်က ထိတ်လန့်သွားခဲ့သည်။ သူက တကယ်ပဲ ငါ့ ဥပဒေသရဲ့ လျို့ဝှက်ဆန်းကြယ်မှုကို ဖောက်မြင်နိုင်တယ်။
“ဟမ့်။ မင်းအမြင်က ကောင်းပေမဲ့ မင်းက အပြောပဲရှိတာ နှမြောစရာပဲ။” ဇီဟုန်အန်က လုံးဝ စိတ်ပိုင်းဖြတ်ထားပုံရသည်။ ခုနက [ ငိုကြွေးတံတိုင်း ] ခံလိုက်ရတဲ့ တိုက်ခိုက်မှုကို ကြည့်ရမယ်ဆိုရင် သူက ဥပဒေသစွမ်းအားကို သုံးလိုက်တာ အသေအချာပဲ။ ဒါပေမဲ့ ထူးဆန်းတာက သူက တိုင်းပြည်အဆင့် မှာပဲ ရှိနေသေးတယ်။
ဒါကြောင့် [ ယုံကြည်မှုချပ်ကာ ] က အဲဒီ “ပါ့ဂ်လီအို” နားလည်ထားတဲ့ စွမ်းအား မဟုတ်ဘဲနဲ့ အင်အားကြီး တည်ရှိမှု တစ်ခုခုကနေ လက်ဆောင်ရထားတဲ့ ယုံကြည်သူ တစ်ယောက် ဆိုတာကို ပြသနေတာပဲ။ ဘာလို့လဲဆိုတော့ [ ယုံကြည်မှုချပ်ကာ ] ကို နားလည်နိုင်တဲ့သူက အနည်းဆုံး နတ်ဘုရားတစ်ပိုင်း အဆင့်ပဲ။ ဒါဆိုရင် ဒီတိုက်ပွဲကို ဆက်တိုက်နေစရာ မလိုတော့ဘူး။
ဒီရန်သူမှာ ယုံကြည်သူရဲ့ [ ယုံကြည်မှုချပ်ကာ ] ပဲ ရှိတာ ဆိုတော့ အချိန် အကန့်အသတ် ရှိရမယ်။ အချိန် အကန့်အသတ် ကျော်သွားတာနဲ့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ပုရွက်ဆိတ်လေးက ငါ့လက်ခုပ်ထဲကရေ ဖြစ်သွားပြီ။ နှင်းဒဲလက်ကို ခိုးယူခဲ့ပြီးတော့ အစ်ဇ်ယိုရူးလ်ကို သတ်ပစ်ခဲ့တဲ့ ရာဇဝတ်သားကို ဖမ်းနိုင်တာက သေချာပေါက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပဲ။
[ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] က သာမန် [ ယုံကြည်မှု ချပ်ကာ ] မဟုတ်သော်လည်း အချိန်အကန့်အသတ် ရှိသည်။ ထို့ကြောင့် ချန်လွေ့က အချိန်မကုန်ခင် ဇီဟုန်အန်ကို သတ်ပစ်ရမည် ဖြစ်သည်။ ပထမဦးစွာ သူက ရန်သူ၏ လိပ်ခွံကဲ့သို့ တိုင်းပြည် ခံစစ်ကို ချိုးဖျက်ရပေမည်။
နေရာလွတ်ဖိနှိပ်ခြင်း၊ အချိန်-နေရာလွတ်က ဒြပ်ထု လှုပ်ရှားမှုကို ရောင်ပြန်ဟပ်တာ ဖြစ်လောက်တယ်။ တချို့ အရာတွေက ပြောင်းလဲနိုင်တဲ့ပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို နေရာလွတ်ဖိနှိပ်ခြင်း ဆိုတာက သိပ္ပံနည်းမကျဘူး။ ဟုတ်တယ် မလား။
သို့သော်လည်း သူကိုယ်တိုင်တွင်ပင် အချိန်စီးကြောင်းကို ပြောင်းလဲနိုင်သော စွမ်းအား ရှိနေသည်။ သိပ္ပံနည်းမကျသော လောကတစ်ခု ဖြစ်သည့်အလျောက် “သိပ္ပံနည်းမကျသော” အမြင်မှကြည့်လျှင် ဖိသိပ်ထားသော စွမ်းအားကြောင့် ခွင့်ပြုနိုင်ခြင်း၊ စိမ့်ဝင်နိုင်ခြင်း စသဖြင့်တို့တွင် သိပ္ပံနည်းမကျ ပြောင်းလဲမှုများ ဖြစ်သွားခဲ့လေသည်။ သာမန်တိုက်ခိုက်မှုများက [ငိုကြွေးတံတိုင်း] ကို ချိုးဖောက်ပြီး ဇီဟုန်အန်၏ မူလခန္ဓာကိုယ်ကို မရောက်နိုင်ပေ။
ရေလှိုင်းတွန့်တိုင်းပြည်ထဲ တောက်ပနေသော အလင်းစက်များ ရှိနေ၏။ မူလက မှိန်နေသော ကြယ်အလင်းများက ချက်ချင်းပင် အလွန်အမင်း လင်းလက်လာခဲ့သည်။ မရေမတွက်နိုင်သော ကြယ်များ၏ နိမိတ်ပုံရိပ်များ စတင်လည်ပတ်လာပြီး ထူးခြားသော စည်းချက်တစ်ခုနှင့်အတူ လှည့်ပတ်လာတော့သည်။ ၎င်းတို့ အားလုံး၏ ဗဟိုချက်က ချန်လွေ့ပင်။
ထိုအရာက [ ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း ] ၏ [ ကြယ်ပြာ တိုင်းပြည် ] ပေတည်း။
ထိုကဲ့သို့ သန့်စင်ပြီး ယှဉ်မရသော တိုင်းပြည်စွမ်းအားကို သေသေချာချာ ခံစားလိုက်မိသည့်အခါ ဇီဟုန်အန်က တိတ်တိတ်လေး ထိတ်လန့်သွားခဲ့သည်။ ငါ့ကို တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ရောက်တော့မယ့်သူတစ်ယောက်တောင် ဒီလိုမျိုး တိုင်းပြည်အဆင့်စွမ်းအားကို မယှဉ်နိုင်ဘူး။ တိုင်းပြည်အဆင့် ရောက်ဖို့အတွက် [ ယုံကြည်မှုချပ်ကာ ] ကို မှီခိုရတဲ့ ယုံကြည်သူ တစ်ယောက်က ဒါကို အသက်သွင်းဖို့ မဖြစ်နိုင်ဘူး။ ဒီ “ပါ့ဂ်လီအို”က ဘယ်သူလဲ။
ဘယ်လိုပဲဖြစ်ဖြစ် [ ယုံကြည်မှုချပ်ကာ ] ရဲ့ စွမ်းအားနဲ့ အချိန်က အကန့်အသတ် ရှိတယ်။ ပြီးတော့ [ ငိုကြွေးတံတိုင်း ] က အစွမ်းအထက်ဆုံး တိုင်းပြည် ခုခံမှုပဲ။ ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ငါ ခုခံနိုင်မယ်ဆိုရင် နောက်ဆုံး အနိုင်ရတဲ့သူ ဖြစ်လာမှာပဲ။
ချန်လွေ့က ကြောက်မက်ဖွယ်ရာ တိုက်ကွက်ကြီးတစ်ကွက်ကို ပြုလုပ်တော့မည် ခံစားမိနေသကဲ့သို့ပင် ဇီဟုန်အန်က မဟာဓားကို အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားများ စုစည်းထားသည့် မရေမတွက်နိုင်သော လျို့ဝှက်စာသားများအဖြစ် ပြောင်းလိုက်၏။ ထိုစာသားများက အလျင်အမြန်ပင် ပြန့်ကျဲသွားပြီး [ ငိုကြွေးတံတိုင်း ] ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
“ဒီတိုင်းပြည်ရဲ့ ခုခံမှုကို မထိုးဖောက်နိုင်ဘူးဆိုတော့ ခင်ဗျားရဲ့ တိုင်းပြည်ကို လုံးဝ အစိတ်စိတ် အမွှာမွှာဖြစ်အောင် လုပ်ပစ်မယ်။” [ ကြယ်ပြာတိုင်းပြည် ] အောက်၌ ချန်လွေ့၏အဟုန်က အလွန်တရာ မြင့်မားသွားခဲ့ပြီး မျက်လုံးထဲ၌ မီးတောက်ကဲ့သို့ အလင်းရောင်များ ထွက်ပေါ်နေကာ အေးစက်စက် ပြောလိုက်လေသည်။
ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင် အငွေ့အသက်က ချက်ချင်းပင် သတ်ဖြတ်ချင်စိတ်များ၊ ဒေါသများနှင့် ထိန်းမရ သိမ်းမရခြင်းများ ပြည့်နှက်သွားတော့သည်။ ကြောက်စရာ ကောင်းသည်မှာ ထိုကဲ့သို့ အငွေ့အသက်က အဆအလိုက် လှိမ့်တက်လာနေသေးခြင်းပင်။ အလွန်အမင်း ကြီးမားသော အန္တရာယ် ခံစားချက်တစ်ခုက ဇီဟုန်အန်၏ စိတ်ထဲ၌ ခံစားမိလာသည်။
တစ်ချိန်တည်းနီးပါးမှာပင် မြွေပုံစံသားရဲ ဒါဇင်ခန့်က ဟိန်းသံပေးလိုက်ပြီး ချစ်ချစ်တောက် အနီရောင်က ချက်ချင်းပင် ဇီဟုန်အန်၏ မျက်လုံးထဲပ ပြည့်နှက်သွားတော့သည်။ ဇီဟုန်အန်သာမက အောက်ဘက်ရှိ မြေပြင်မှ ယှဉ်ပြိုင်သူများနှင့် မှော်ကြေးမုံအရှေ့မှ ပရိသတ်များကပင် ကောင်းကင်တစ်ခုလုံး ချစ်ချစ်တောက် နီရဲသွားကြောင်း ခံစားမိလိုက်ကြသည်။
ကြယ်နေရာလွတ်က အပြင်းအထန် တုန်ခါလာသည်။ အကယ်၍ နေရာလွတ်က ယှဉ်ပြိုင်သူများအတွက် သီးခြား အကာအကွယ် မပေးခဲ့လျှင် ကျန်ရှိသည့် အငွေ့အသက်ကပင် ပါရမီရှင်ဆိုသူ တဝက်ကျော်ခန့်ကို သတိလစ်စေနိုင်၏။
ဇီဟုန်အန်၏ အမြင်က အပြင်းအထန် တုန်ခါသွားခဲ့ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားက အကန့်အသတ်အထိ ပျံ့နှံ့သွားခဲ့သည်။ [ ငိုကြွေးတံတိုင်း ] ထဲ ပြန့်ကျဲသွားတော့ စာသားများက တစ်လွှာချင်း ပေါ်ထွက်လာခဲ့သည်။ သူတို့က ထိန်းသိမ်းမရသော ပင်လယ်နီထဲ၌ အဆက်မပြတ် ဆေးကြောခံရပြီး အစိတ်စိတ်အမွှာ ဖြစ်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် မြင်ကွင်းကို ဖုံးလွှမ်းထားသော သွေးနီရောင်က တဖြည်းဖြည်း ပျောက်ကွယ်သော်လည်း ဇီဟုန်အန်၏ မျက်လုံးများက နီရဲနေဆဲ ဖြစ်သည်။ သူ၏ အသက်ရှူသံက ထိန်းချုပ်မရဘဲ လေးလံကာ မြန်ဆန်နေ၏။ လျို့ဝှက်စာသားများအဖြစ် ပြောင်းလဲသွားသော မဟာဓားက ဓားပုံစံ ပြန်ပြောင်းသွားခဲ့သည်။ သို့သော်လည်း ဓားပေါ်တွင် သိသာထင်ရှားသော အက်ကြောင်းများ ရှိနေခဲ့သည်။ သို့ရာတွင် မဟာဓားက အသက်ရှိသကဲ့သို့ပင် အက်ကြောင်းများက အလိုလို ပြန်ကောင်းသွားခဲ့သည်။
ကောင်းကင်ပေါ်မှ ရေလှိုင်းတွန့်များက အပိုင်းပိုင်း ဖြစ်သွားသော်လည်း မပြိုလဲသွားသေးပေ။ ဇီဟုန်အန်၏ မျက်လုံးများက အလင်းစက်များဖြင့် တောက်ပနေပြီး ကြယ်ပင်လယ်ထဲရှိ ပြန့်ကျဲနေသော ရေလှိုင်းတွန့်များက တဖြည်းဖြည်း ပေါင်းစည်းသွားတော့သည်။ လှိုင်းတွန့်များ ပေါင်းစည်းသွားပြန်၏။ ၎င်းက ကြီးကြီးမားမား ထိခိုက်ခံရခဲ့ဟန် မတူပေ။
ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဒီ [ ငိုကြွေးတံတိုင်း ] ရဲ့ ခုခံမှုက ငါစိတ်ကူးနိုင်တာထက် ကျော်လွန်နေတယ်။ ကြယ်ပြာပိုင်နက်က အသက်သွင်းလိုက်တဲ့ [မီးသင့်နဂါးဟိန်းသံ] ကတောင် ဇီဟန်အန်ရဲ့ တိုင်းပြည်ကို တကယ် မဖျက်ဆီးနိုင်ခဲ့ဘူး။
“သိပ်ပြီးတော့ အံ့သြသွားလား။” ခုနက စွမ်းအား ကုန်ဆုံးမှုက မနည်းပါးလှသော်လည်း ဇီဟုန်အန်၏ ရယ်သံက ပြင်းထန်သော ယုံကြည်ချက်ကို ပြသနေဆဲ ဖြစ်နေ၏။ “ခုနက အကွက်က အတော်လေး အစွမ်းထက်တာ ငါ ဝန်ခံတယ်။ ငါ့လိုမျိုး ခံစစ်ဦးစားပေး ပြိုင်ဘက် မဟုတ်ခဲ့ရင် အဲဒီအကွက်နဲ့ အနိုင်ရသွားမှာ စိုးရလောက်တယ်။ ဒီအပြစ်ပေးဓားနဲ့ဆိုရင် အကွက်တစ်ခုတည်းကို ထပ်ကာထပ်ကာ သံုးတာနဲ့ စွမ်းအားက ကြီးကြီးမားမား လျော့ကျသွားမှာပဲ။ ဒါပေမဲ့ .... ခုနက အကွက်ကို မင်း ထပ်ပြီး သုံးနိုင်မလားဆိုတာတော့ မေးစရာ ရှိသေးတယ်။”
ချန်လွေ့က ဇီဟုန်သည်က မိမိအား ခေါင်းလာစားနေခြင်း ဖြစ်ကြောင်း သိသည်။ သို့သော်လည်း ရန်သူ၏ ခံစစ်က ထိတ်လန့်ဖွယ်ရာ ဖြစ်နေ၏။ အပြစ်ပေးဓားက အလုပ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ သူက [ မီးသင့်နဂါးဟိန်းသံ ] ကို အမှန်တကယ် မသုံးနိုင်တော့ပေ။ အစွမ်းအထက်ဆုံးဝှက်ဖဲဖြစ်သည့် [ဓူဝံကြယ် မုန်တိုင်း]သာ ကျန်ရှိပေတော့သည်။
ဒီအကွက်က [ ငိုကြွေးတံတိုင်း ] ကို အနိုင်မယူနိုင်ရင်တောင် [ ကြယ်ဂိတ် ] ကို ဖွင့်ပြီးတော့ ထွက်ပြေးလို့ ရလောက်တယ်။