တံဆိပ်ပြား
Vol. 50 Ch. 812
ဇီဟုန်အန်က ချန်လွေ့ကို စဉ်းစားရန် အချိန် မပေးခဲ့ပေ။ သူ့နောက်မှ တောင်ပံများနှင့် လက်ထဲမှ မဟာဓားတို့က တချိန်တည်းမှာပင် ချစ်ချစ်တောက် လင်းလက်သွားခဲ့သည်။ [ ငိုကြွေးတံတိုင်း ] တိုင်းပြည်ထဲမှ ရေပုံစံကွက်အားလုံးက အဖြူရောင်အလင်း အလွှာတစ်ခု ဖြစ်သွားပြီး ထူးဆန်းသော နည်းလမ်းတစ်ခုဖြင့် လှိုင်းတွန့်သွားခဲ့သည်။ အလင်းရောင်က ဇီဟုန်အန်၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ မီးတောက်တစ်ခုသဖွယ် လင်းလက်နေတော့သည်။
“တကယ်တော့ ငါက ခုခံမှုမှာ အတော်ဆုံး ဖြစ်ပေမဲ့ ငါ့မှာရှိတာက ခံစစ်စွမ်းအား တစ်ခုတည်း မဟုတ်ဘူး။” ဇီဟုန်အန်၏ လက်ထဲမှ အပြစ်ပေးဓားက ချန်လွေ့ကို ချိန်လိုက်၏။ အဟုန်အက တဟုန်ထိုးတက်သွားပြီးနောက် တိုင်းပြည်ထဲရှိ ရေလှိုင်းတွန့်များက အလွန်ကြီးမားသော ဝဲကတော့တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ချန်လွေ့ကို ဝိုင်းရံလိုက်၏။
“[ ပြစ်ဒဏ်စီရင်ချက် ]!”
အပြစ်ပေးဓားက အလွန်ကြီးများသော အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ချန်လွေ့ထံ ပစ်လွှတ်လိုက်၏။ အလင်းတန်းထဲ၌ ခုနက လေးလံပြီး ကျစ်လစ်သော ခုခံမှုနှင့် ကွဲပြားသည့် စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်နေသော လျို့ဝှက် စာသားများ မရေမတွက်နိုင်အောင် ရှိနေသည်။ ထိုလျို့ဝှက် စာသားများက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်နှင့် ဖျက်ဆီးခြင်း များကို ထုတ်လွှတ်နေ၏။ သူတို့ ဖြတ်သွားသော နေရာတိုင်း [ကြယ်ပြာတိုင်းပြည်]၏ ကြယ်နိမိတ်ပုံရိပ်များက အလင်းငွေ့များ အဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်သွားကြတော့သည်။
ချန်လွေ့၏ မျက်လုံးများက ထိုအင်အားကြီး တိုက်ကွက်ကို စိုက်ကြည့်နေရင်း ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ ရှောင်တိမ်းရန် နောက်ကျသွားလေပြီ။ သူက မျက်စိတစ်မှိတ် အတွင်းမှာပင် အလင်းတန်း၏ ရစ်ပတ်ခြင်းကို ခံလိုက်ရ၏။ ပရိသတ်များက တလက်လက် တောက်ပနေသည်ကို ခံစားမိကြပြီး တည့်တည့် မကြည့်နိုင်သည့်အတွက် မျက်လုံးများ မှိတ်လိုက်ကြသည်။
ဌာနမှူးဟောင်းသာ သေသေချာချာ မြင်နေရသည်။ အလင်းတန်း၏ လျို့ဝှက်စာသားများက ကြောက်မက်ဖွယ်ရာ ဓားတစ်လက်ကဲ့သို့ ဖြစ်နေပြီး အလင်းတန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် သွားနေခဲ့သည်။ ကာလီဆယ်၏ နှလုံးခုန်သံ မြန်ဆန်နေ၏။ ငါသာဆိုရင် ဒီအကွက်နဲ့ သေသွားလောက်ပြီ။ သူ ဘယ်လို ကိုင်တွယ်မလဲ မသိဘူး။
[ အပြစ်ဒဏ်စီရင်ချက် ]၏ အလင်းတန်းက ရုတ်တရက် တုန်လှုပ်သွားခဲ့ပြီး တစ်ခုခု၏ ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ပင် အလျင်အမြန် မှိန်ကျသွားခဲ့သည်။ လျို့ဝှက်စာသားများ အားလုံးက ချန်လွေ့၏ လက်ဝါးထဲ၌ ငြိမ်းသွားတော့သည်။
အပြစ်ပေးဓားက တောင်ပံ၄ဖက် တမန်တော်၏ လက်ထဲ၌ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ အက်ကြောင်းများက ပိုမို၍ နက်ရှိုင်းလာခဲ့ပြီး ထိုအချိန်၌ ဇီဟုန်အန်က မျက်လုံးများကိုပင် မယုံနိုင်ခဲ့ပေ။ ဒီတိုက်ကွက်က လုံးဝနီးပါး သန့်စင်တဲ့ အလင်း ဒြပ်စင်စွမ်းအားတွေ ပါဝင်နေတဲ့ ငါ့ရဲ့ အစွမ်းအထက်ဆုံး အဆုံးသတ်တိုက်ကွက်ပဲ။ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ပြိုင်ဘက်တွေတောင် ဒါကို အလွယ်လေး မခုခံနိုင်ဘူး။ ဒီရန်သူက ဘာခုခံမှု အစွမ်းမှ မသုံးဘဲ တည့်ခံလိုက်တာပဲ။
ဒါက အဲဒီ [ ယုံကြည်မှု ချပ်ကာ ] ကြောင့်လား။ ဇီဟုန်အန်က ရန်သူ၏ တကိုယ်လုံးကို ဖုံးလွှမ်းထားသော ချပ်ကာကို ကြည့်လိုက်၏။ ဒီချပ်ကာ ခမ်းနားတဲ့ ကြယ်အလင်းတွေ ရှိနေတယ်။ အက်ကြောင်းတောင် ရှိမနေဘူး။ ဒါပေမဲ့ ဒီချပ်ကာက မယုံနိုင်စရာ ခုခံမှု စွမ်းအားတွေ ရှိနေရင်တောင် တိုင်းပြည်အဆင့်စွမ်းအား အကုန်ထုတ်သုံးတာကို မခုခံနိုင်ဘူး။ ပြီးတော့ ရန်သူက နောက်ကို ၁၀မီတာတောင် မဆုတ်သွားခဲ့ဘူး။ သူ့ရဲ့ အငွေ့အသက်ကို ကြည့်ရတာ ဘာဒဏ်ရာမှ မရဘဲနဲ့ တကယ် ခုခံနိုင်ခဲ့တာပဲ။
ခဏနေဦး...အလင်းဒြပ်စင်စွမ်းအား ဝါးမျိုခံရတဲ့ ခံစားချက်.... ဇီဟုန်အန်က အတွေးတစ်ခု ရသွားခဲ့ပြီး ချက်ချင်းပင် အလျင်အမြန် ပယ်ချလိုက်၏။ ဘယ် [ကောင်းချီးအလင်းခန္ဓာ] ကမှ ဒီလိုမျိုး အင်အားကြီးတဲ့ သက်ရောက်မှုတွေ မရှိနိုင်ဘူး။ အဲဒါထက် သာလွန်မှပဲ....
အဲဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ ပုပ်ရဟန်းမင်း ဗန်တီစ်ကလွဲရင် အဓိကဂိုဏ်းချုပ် နှစ်ယောက်မှာတောင် အဲဒီလို ခန္ဓာအမျိုးအစား မရှိဘူး။ ဒီလိုခန္ဓာအမျိုးအစားရှိတဲ့ ဘယ်သူ့ကိုမဆို အင်ပါယာကပဲဖြစ်ဖြစ်၊ ကျောင်းတော်ကပဲ ဖြစ်ဖြစ်၊ ပထမဦးစားပေးပြီး ပျိုးထောင်မှာပဲ။ ကျောင်းတော်ရဲ့ ဆန့်ကျင်ဘက်မှာ ပေါ်လာဖို့ မဖြစ်နိုင်ဘူး။
ထိုကဲ့သို့ “မဖြစ်နိုင်သော” ထင်မြင်ချက်က အဖြေမှန် ဖြစ်နေလိမ့်မည်ဟု ဇီဟုန်အန် စိတ်မကူးမိခဲ့ပေ။
[ကျက်သရေအလင်းခန္ဓာ]၏ အံ့သြဖွယ်ရာများကို ထို တိုင်းပြည်အဆင့် အလင်းဒြပ်စင် တိုက်ခိုက်မှုအောက်တွင် အမှန်တကယ် စမ်းသပ်ခဲ့ပြီးပြီဖြစ်ကာ ဇီဟုန်အန်၏ အင်အားကုန် တိုက်ကွက်က တဝက်ကျော် အားနည်းသွားခဲ့ပြီး ကျန်တဝက်ကို အလိုလို စုပ်ယူလိုက်လေသည်။
အစွမ်းအပြည့်တိုက်ခိုက်မှုက အဆောင်ပစ္စည်းယောင် ဆန်းကြယ်ကျောက်စိမ်း ချပ်ကာနှင့် ပေါင်းစည်းထားသော [ ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း ] ချပ်ကာ အရှေ့၌ မိုးဖွဲသဖွယ် သတ်မှတ်၍ရနိုင်ပေသည်။
“အပြစ်ဒဏ် ဆိုတာက ဒီလောက်ပဲလား။” ချန်လွေ့၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး [ အပြစ်ဒဏ်စီရင်ချက် ] ကြောင့် ပျောက်ကွယ်သွားသော ကြယ်နိမိတ်ပုံရိပ်များ ပြန်ပေါ်လာပြန်၏။ [ကြယ်ပြာတိုင်းပြည်] တစ်ခုလုံးက မြန်နှုန်းမြင့် စတင် လှည့်ပတ် လာတော့သည်။
ဇီဟုန်အန်က မူးဝေသလို ခံစားလိုက်ရပြီး နိမိတ်မကောင်း ဖြစ်လာသည်။ သူက အလျင်အမြန်ပင် [ ငိုကြွေးတံတိုင်း ] တိုင်းပြည်စွမ်းအားကို ရုတ်သိမ်းလိုက်၏။ လှိုင်းတွန့်များ ပျံ့နှံ့သွားပြီး ခုခံရန် အသင့်ဖြစ်နေလေပြီ။
ရုတ်တရက် ဇီဟုန်အန်က တိုင်းပြည်ထဲ၌ အေးစက်သော အငွေ့အသက်တစ်ခု ရှိနေကြောင်း ခံစားလိုက်ရသည်။ ထို အငွေ့အသက်က ကျောက်မျက်တစ်ခုပေါ်ရှိ အက်ကြောင်း တစ်ခု ကဲ့သို့ဖြင့် အလျင်အမြန် ကျယ်ပြန့်လာတော့သည်။ ကျောက်မျက် တစ်ခုလုံးကပင် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပျောက်ကွယ်သွားတော့သည်။ ထို့အပြင် ထိုအက်ကွဲနေသော ရေကဲ့သို့ လှိုင်းတွန့်များလည်း အမှန်တကယ်ပင် အလျင်အမြန် ကွယ်ပျောက်လာလေသည်။ ဇီဟုန်အန်၏ မျက်နှာက တမုဟုတ်ချင်း ပြောင်းလဲသွားတော့သည်။ “မင်း ဘာလုပ်လိုက် တာလဲ။”
“ခင်ဗျားရဲ့ [ ငိုကြွေးတံတိုင်း ] ထဲမှာ ငိုနေလိုက်တော့။” ချန်လွေ့က မမျှော်လင့်ထားသော မေးခွန်းတစ်ခုကို ပြန်ဖြေလိုက်သည်။ သူက လက်မောင်းကို ဆန့်တန်းလိုက်ရာ ကျောဘက်၌ ဧရာမ အပြာရောင်တောင်ပံနှစ်ဖက် ပေါ်ထွက်လာပြီး အဆုံးအစမဲ့ ဆန့်တန်းသွားကာ [ ကြယ်ပြာတိုင်းပြည် ] နှင့် တစ်ခုတည်း ပေါင်းစပ်သွားတော့သည်။
ခုနက ချန်လွေ့က [ တိုင်းပြည်ပိုင်နက် ] ကို အသုံးပြုခဲ့သော်လည်း မိစ္ဆာမျက်ဆံက အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။ မိစ္ဆာမျက်ဆံက ယခုတွင် ချန်လွေ့၏ စွမ်းအား အစစ်အမှန် ဖြစ်သွားခဲ့လေသည်။ [ အထူးစိစစ်မှု ] နှင့် ပေါင်းလိုက်သောအခါ မယုံနိုင်စရာ အစွမ်းပြတော့သည်။ ခုနက မိစ္ဆာမျက်ဆံသည် တိုင်းပြည်ထဲရှိ အားစက်ကွင်း အသေးစိတ်ကို စိစစ်ရန် မြင်နှုန်းမြင့် ဖြတ်နိုင်သော ခေ-တ်မှီဆန်းသစ်သည့် ကွန်ပျူတာ တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ၎င်းက အားနည်းချက် များကို ဖောက်မြင်နိုင်သည့် အိတ်စ်-ရေး အမြင်ကဲ့သို့ အားနည်းသည့် အစိတ်အပိုင်းအချို့ကို ချက်ချင်း ဆုံးဖြတ်ပေးနိုင် လေသည်။
ထိုကဲ့သို့ အစွမ်းမျိုးက စိတ်ဝိညာဉ်စွမ်းအား သိသိသာသာ ကုန်ဆုံးနိုင်သော်လည်း တိုက်ပွဲအတွင်း မမျှော်လင့်ထားသော အစွမ်းများ ပြသနိုင်၏။ ချန်လွေ့က [ ငိုကြွေးတံတိုင်း ] ၏ တည်ဆောက်ပုံ ဝိသေသလက္ခဏာထဲသို့ အတွေးအမြစ်များ ရရှိနိုင်ရန် ထို “ဖောက်ထွင်း မြင်နိုင်သော” ပညာရပ်ကို အသုံးပြု ခဲ့လေသည်။
ခုခံမှု အရဆိုင်လျှင် [ ငိုကြွေးတံတိုင်း ] ၏ အဆုံးမဲ့ တည်ဆောက်ပုံက ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်။ ဖျက်ဆီးရန် မည်သည့် ဖြတ်လမ်းကိုမှ ရှာမတွေ့နိုင်ပေ။ သို့သော်လည်း တိုက်ခိုက်မှုနှင့် ခုခံမှုတို့က ဒွန်တွဲ တည်ရှိ မနေနိုင်ပေ။ ဇီဟုန်အန်က အပြစ်ပေးဓားကို အသုံးပြုကာ တိုက်ခိုက်လိုက်စဉ်တွင် ခံစစ်က နောက်ဆုံး၌ ဟာကွက်တစ်ခု ထွက်ပေါ်လာတော့သည်။ ချန်လွေ့က အခွင့်အရေးကို အသုံးချပြီး [ ဆောင်းပိုင်နက် ] ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။ ထိုအရာက [ ငိုကြွေးတံတိုင်း ] ထဲ ထိုးဖောက်ဝင်ရောက်သော ကွန်ပျူတာ ဗိုင်းရပ်စ် တစ်ခုကဲ့သို့ ဆောင်ရွက်ပြီး အားစက်ကွင်းထဲရှိ အရေးပါသော မျှခြေ အမှတ်များကို ဖျက်ဆီးခဲ့လေသည်။
ထိုအပြောင်းအလဲများက မျက်စိတစ်မှိတ်အတွင်း ပြီးစီး သွားခဲ့သည်။ ချန်လွေ့က ထိုအတွက် အလဲအလှယ် အနေဖြင့် အပြစ်ပေးဓားကို ခုံခံရသည်။ ဟာကွက်ကို အခွင့်အရေး ရယူနေစဉ် အသုံးပြုခဲ့သော [ ဆောင်းပိုင်နက် ] က ဇီဟုန်အန်၏ တိုင်းပြည်ကို အမှန်တကယ် မပြိုလဲစေနိုင်ခဲ့ပေ။ ၎င်းက [ ငိုကြွေးတံတိုင်း ]၏ ခုခံမှုကို ကြီးကြီးမားမားသာ အားနည်းသွားစေခဲ့သည်။ အကယ်၍ ဇီဟုန်အန်ကို အချိန်အနည်းငယ် ပေးခဲ့လျှင် ထို “ဗိုင်းရပ်စ်များ”ကို ဖြေရှင်းနိုင်ပေလိမ့်မည်။
ကံဆိုးစွာပင် ချန်လွေ့က သူ့ကို အချိန်ပေးမည် မဟုတ်ပေ။
ဇီဟုန်အန်လည်း ၎င်းကို သဘောပေါက်သည်။ သူက အလျင်အမြန်ပင် အင်အားအကုန်သုံးပြီး အပြစ်ပေးဓား၏ ခုခံမှု လျို့ဝှက်စာသားများကို အသက်သွင်းလိုက်ရသည်။ မဟာဓားက အလျင်အမြန်ပင် စိတ်ဝိညာဉ်စွမ်းအား စာသားများအဖြစ်သို့ ပြောင်းလဲသွားပြီး [ ငိုကြွေးတံတိုင်း ] နှင့် ပေါင်းစပ် သွားတော့သည်။
ထိုစဉ် [ကြယ်ပြာတိုင်းပြည်] မှ ဂြိုဟ်များ၏ လှုပ်ရှားမှု မြန်သထက် မြန်လာခဲ့ပြီး ပုံရိပ်က အလျင်အမြန်ပင် ဝေဝါး သွားခဲ့ကာ ကြယ်ပြာမှုန် အလွှာများ မြန်နှုန်းမြင့် ရွေ့လျား နေသည်ကိုသာ မြင်နိုင်တော့သည်။ တောက်ပနေသော ကြယ်မှုန်က နေရာလွတ်ထဲ၌ မူမမှန်သော သေစေနိုင်သည့် မျဉ်းကွေးများကို ဖြစ်စေခဲ့ပြီး ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ မုန်တိုင်း တစ်ခုအဖြစ် စုစည်းသွားတော့သည်။
“[ ဓူဝံကြယ်မုန်တိုင်း ] !”
မျက်စိတစ်မှိတ် အတွင်းမှာပင် လူတိုင်း၏ အမြင်က မရေမတွက်နိုင်သော ကြယ်အလင်းများကို ဖုံးကွယ်သွားသော ထိုမုန်တိုင်းဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့က အခြေအနေကို သေသေချာချာ မမြင်နိုင်တော့ဘဲ မူးဝေသွားကြသည်။ မှော်ကြေးမုံသည်ပင် အနည်းငယ် လှုပ်ခါသွား၏။
နောက်ဆုံး၌ မုန်တိုင်း ငြိမ်သက်သွားခဲ့ပြီး ကြယ်ကောင်းကင်က မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သို့သော်လည်း ရေလှိုင်းတွန့် အလွှာကတော့ ပျောက်ကွယ်သွား၏။ ချန်လွေ့က နောက်ဘက်ရှိ တောင်ပံများကို ရုတ်သိမ်းလိုက်ပြီးနောက် ဇီဟုန်အန်ကို အသာလေး ကြည့်လိုက်သည်။
“ခင်ဗျား ရှုံးသွားပြီ။”
ဇီဟုန်အန်က တစ်ခုခု ပြောချင်နေဟန်တူသည်။ သူ့နှုတ်ခမ်း ထောင့်က တုန်ခါနေခဲ့ပြီး လက်ထဲရှိ အပြစ်ပေးဓားက တုန်လှုပ်နေကာ ဧင်္ကတေကြမ်းပြင်ပေါ်သို့ အမြင့်မှ ပြုတ်ကျသော ဖန်ခွက်တစ်ခုသဖွယ် ကွဲကြေပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဇီဟုန်အန် နောက်ဘက်ရှိ အဖြူရောင် အလင်းတောင်ပံ လေးခုက မှိန်ပျသွားပြီး ပါးစပ်၊ နှာခေါင်းနှင့် နားတို့မှ သွေးများ တပြိုင်နက်တည်း စီးကျလာလာတော့သည်။ သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် အလွန်အမင်း ဖြူဖျော့သွားခဲ့လေသည်။
တစ်ဖက်လူ ပြောသည်မှာ မှန်ပေသည်။ သူက ဆိုးဆိုးရွားရွား ရှုံးနိမ့်ပြီး ကျရှုံးသွားခဲ့၏။
တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ရောက်တော့မည့် အထူး အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က [ ယုံကြည်မှုချပ်ကာ ] ကို အမှီပြုပြီး တိုင်းပြည်စွမ်းအားကို ရရှိထားသော “သူတော်စင်” အဆင့် လူတစ်ယောက်အား အမှန်တကယ် ရှုံးနိမ့်ခဲ့လေသည်။ ထိုအရာက လုံးဝကို မယုံနိုင်စရာတစ်ခုပင်။ ပြိုင်ဘက်၏ တကယ့် စွမ်းအားက သူတော်စင်အဆင့် မဟုတ်ချင် မဟုတ်နိုင်ပေ။ သို့သော်လည်း ယခုသူက ရှုံးနိမ့်သွားပြီ ဖြစ်ရာ ထိုအရာက အရေးမပါတော့ပေ။
အပေါ်ယံ ဒဏ်ရာက အဓိက မဟုတ်ပေ။ [ ငိုကြွေးတံတိုင်း ] ပျက်စီးသွားခြင်းက သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ် စွမ်းအားကို အပြင်းအထန် ထိခိုက်သွားစေခဲ့သည်။ တစ်ဖက်လူ၏ အင်အားကြီး တိုင်းပြည်စွမ်းအားက ယခုတွင် သူ့ကို ပို၍ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားနေသည်။ သူက မြေပွေး၏ စောင့်ကြည့်ြခင်းကို ခံနေရသော ဖားတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက အချိန်မရွေး ပျောက်ကွယ်သွားနိုင်လေသည်။
“ဇီဟုန်အန်။ ခင်ဗျား ရှုံးနိမ့်သွားပြီ ဆိုတာကို နားလည်သွားပြီ ထင်ပါတယ်။ ဒါဆို ကျုပ်တို့တွေ ကောင်းကောင်း စကားပြော သင့်တယ်။ တကယ်လို့ ကျုပ် ကျေနပ်လောက်မယ့် အဖြေကို ရနိုင်မယ်ဆိုရင် အစ်ဇ်ယိုရူးလ်လို အဆုံးမသတ်ဘဲနဲ့ ခင်ဗျားကို အသက်ရှင်ခွင့် ပေးချင်ပေးမယ်...”
ဇီဟုန်အန်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ရာ ချန်လွေ့နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။ တစ်ဖက်လူ၏ မျက်လုံးက ကြောက်မက်ဖွယ်ရာ ဖောက်ထွင်းအင်အားတစ်ခုကို သယ်ဆောင်ထားပြီး ဝိညာဉ်ကို ဖောက်ထွင်းနိုင်သကဲ့သို့ပင် သူ ခံစားလိုက်ရသည်။ သူ၏ စိတ်က တုန်လှုပ်သွားခဲ့ပြီး နောက်ဆုံး၌ မေးလိုက်၏။ “မင်း ဘာသိချင်တာလဲ။”
“သိဒ္ဓိအလင်းတောင်ထိပ်ပေါ်က ဘုရားကျောင်းထဲမှာ ဘာရှိတာလဲ။”
ဇီဟုန်အန်၏ မျက်လုံးထဲ၌ သရော်သော အမူအရာတစ်ခု လက်ခန္ဲ ဖြစ်သွားခဲ့သည်။ “ဒီနေ့ မင်းငါ့ကို နိုင်ခဲ့တယ် ဆိုရင်တောင် အဲဒီမှာရှိတဲ့အရာက မင်းလိုကောင်မျိုး တပ်မက်နိုင်တဲ့ အရာမဟုတ်ဘူး။”
“အခုတော့ မလုံလောက်သေးဘူးပေါ့။ နတ်ဘုရားယောင် အဆင့် ရောက်ရင်တော့ ဖြစ်နိုင်ပါတယ်။”ချန်လွေ့က တည်ငြိမ်စွာ ပြောလိုက်၏။ ထိုအရာက အလင်းဒြပ်စင်ဘုရင် ပေးထားသော အကြံ ဖြစ်လေသည်။ ထိုကဲ့သို့ တမင်ပြောလိုက်သည့်အတွက် ဇီဟုန်အန်က သူ့ကို ပို၍ပင် စဉ်းစားမရနိုင်အောင် ဖြစ်သွားခဲ့သည်။
“မင်းက တကယ် ဘယ်လောက်တောင် သိနေတာလဲ။” ဇီဟုန်အန်က မျက်မှောင်ကြုတ်လိုက်၏။
“သိပ်တော့ မနည်း၊ သိပ်တော့ မများဘူး။” ချန်လွေ့က သွေးတိုးစမ်းသလို ပြောလိုက်သည်။ “ဥပမာပြောရရင် အန္တိမ အဆောင်ပစ္စည်းရဲ့ အစိတ်အပိုင်း ၇ခုထဲက တစ်ခုဖြစ်တဲ့ လေတံဆိပ်ပြားပေါ့....”
“လေတံဆိပ်ပြား” နှင့် “အန္တိမအဆောင်ပစ္စည်း”တို့က မီးဒြပ်စင်ဘုရင်ထံမှ ပေါက်ကြားခဲ့သော အတွင်းဇာတ်လမ်းများမှ ဖြစ်သည်။ ထိုအရာက သာမန်လူသိနိုင်သော လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ဇီဟုန်အန်က အသေအချာပင် ထိတ်လန့်သွားခဲ့၏။ သူက အသံပင် ပျောက်သွားခဲ့သည်။ “မင်း ဒီအကြောင်း ဘယ်က ကြားခဲ့တာလဲ။ အဲဒီမိန်းမ....”
မိန်းမ ဟုတ်လား။ ချန်လွေ့က သေချာ အာရုံစိုက် နေခဲ့သည်။ ဒါက ဘာကို ဆိုလိုတာလဲ။
ချန်လွေ့က အလျင်အမြန် စဉ်းစားနေစဉ် ဇီဟုန်အန်က ပြောတော့မည့် အရာကို အချိန်မီ ရပ်တန့်လိုက်၏။ ထိုအစားက သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ချန်လွေ့က မော့ကြည့်လိုက်သည်။ သို့သော် ဘာမှ မရှိနေပေ။
သူက ချက်ချင်းပင် အကြည့်လွှဲလိုက်ရာ ဇီဟုန်အန်၏ လက်ထဲ၌ တံဆိပ်ပြားတစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
ချန်လွေ့က တံဆိပ်ပြားပေါ်မှ ပုံစံကွက် အသေးစိတ်ကို မမြင်ခဲ့ရသော်လည်း ပစ္စည်းတစ်ခုကို ချက်ချင်း တွေးလိုက်မိသည်။ ဆင့်ခေါ် တံဆိပ်ပြား။
ဒါက ငါ့ မြွေပုံစံကွက် တံဆိပ်ပြားနဲ့ မိစ္ဆာမျက်ဆံ တံဆိပ်ပြား လိုမျိုးပဲ။
ဒါဆိုရင် ဒီဆင့်ခေါ်တံဆိပ်ပြားက.....
ချန်လွေ့၏ အမွှေးအမျှင်များ ထောင်သွားခဲ့ပြီး တိုင်းပြည် စွမ်းအားက ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။ ထက်လှသော လေတစ်ချက်က လွှတ်ခန္ဲ ဖြတ်သန်းသွားခဲ့သည်။
တိုင်းပြည်စွမ်းအားဖြင့် အချုပ်ချ ခံထားရသည့်အတွက် ဇီဟုန်အန်က မရှောင်နိုင်ခဲ့ပေ။ တံဆိပ်ပြားကို ကိုင်ထားသော ညာလက်က အေးစက်သွားကြောင်း ဇီဟုန်အန် ခံစားလိုက်ရသည်။ သွေးများ ဒလဟော စီးကျလာခဲ့ပြီး ပြတ်သွားသော လက်ကောက်ဝတ်က ပြတ်ကျသွားတော့သည်။ ခုခံမှု ဆုံးရှုံးသွားပြီးနောက် တိုင်းပြည်အဆင့် ခန္ဓာကိုယ်ကပင် [ဓူဝံကြယ်အသွင်ပြောင်းခြင်း] အခြေအနေရှိ [ အရှိန်အဝါဓားသွား ] ကို မခုခံနိုင်ခဲ့ပေ။
လက်ကောက်ဝတ်သာမက [ အရှိန်အဝါဓားသွား ] ၏ ကျန်ရှိသော အားကလည်း ဇီဟုန်အန်၏ နံရိုးများကို ထိသွားခဲ့ပြီး အရိုးပင်ပေါ်သော သွေးပျက်ဖွယ် ဒဏ်ရာတစ်ခု ရရှိသွားခဲ့သည်။ သူက ချက်ချင်းပင် အော်ဟစ်လိုက်၏။
ချန်လွေ့က အသံကျယ်ကျယ်နှင့် ပြောသည်။ “ခင်ဗျား အသက်ရှင်ချင်တယ်ဆိုရင်....”
ဇီဟုန်အန်၏ မျက်နှာအမူအရာက နာကျင်မှုကြောင့် ရှုံ့တွ နေခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေသော အပြုံးတစ်ခု ရှိနေခဲ့သည်။ ပြတ်သွားသော လက်ကောက်ဝတ် အစွန်းမှ သွေးများက စာသားတစ်တန်း ဖြစ်သွား၏။ တိုင်းပြည် စွမ်းအားက အမှန်တကယ်ပင် ၎င်းကို မဖောက်ထွင်းနိုင်ခဲ့ပေ။ နောက်ထပ် စက္ကန့်ပိုင်းအတွင်း၌ ပြတ်သွားသော လက်ဝါးက တံဆိပ်ပြားကို ဖိခြေလိုက်တော့သည်။