ရာဖယ်ရယ်
Vol. 50 Ch. 813
တံဆိပ်ပြား ကြေမွသွားသည်နှင့် နေရာလွတ်တစ်ခုလုံး၌ အလင်းရောင် အသေးလေးတစ်ခုက အစေ့တစ်ခုသဖွယ် ပေါ်ထွက် လာခဲ့ပြီး မြင့်မြတ်ကာ လေးနက်သည့် အငွေ့အသက်တစ်ခု ပေါ်လွင်နေခဲ့သည်။ [ ကြယ်ပြာတိုင်းပြည် ] စွမ်းအားကပင် ထိုအငွေ့အသက်ကို မဖုံးကွယ်နိုင်ပေ။
ဇီဟုန်အန်က စိတ်လှုပ်ရှားသွားပြီး “အစေ့”ဆီသို့ လက်ကျန် အင်အားအကုန်ဖြင့် ပြေးသွားလိုက်သည်။ ရုတ်တရက် သူက အလွန်ကြီးမားသော ကပ်ဘေးတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော ထက်မြက်လှသည့် ချီစွမ်းအင်များဖြင့် ရစ်ပတ်ခြင်း ခံလိုက်ရတော့သည်။
“ဆာ-ရာဖယ်ရယ်၊ ကယ်ပါ...”
ဇီဟုန်အန်၏ အော်ဟစ် အကူအညီတောင်းသံက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က တိုင်းပြည်စွမ်းအားကြောင့် လုံးဝ ပျောက်ကွယ်သွား၏။
ချန်လွေ့က အရိပ်လေပြည်ဘွတ်ဖိနပ်နှင့် အခြားသော လျို့ဝှက်ချက်များအကြောင်း မေးမြန်းရန် ဇီဟုန်အန်ကို အသက်ရှင်လျက် ထားချင်ခဲ့သော်လည်း သူ့တွင် ထိုကဲ့သို့ နည်းလမ်းတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက လက်ပြတ်သွားသည့်တိုင် တံဆိပ်ပြားကို အောင်အောင်မြင်မြင်နှင့် အသက်သွင်းနိုင်ခဲ့၏။ ချန်လွေ့က “ရာဖယ်ရယ်” ဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ ရှင်းပြ၍ မရနိုင်အောင် ထိတ်လန့် သွားခဲ့လေသည်။
သို့မဟုတ်ပါကလည်း သူက ဇီဟုန်အန်အား အသက်ရှင်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။
အချိန်က အလွန်အမင်း ကြပ်နေကြောင်း ချန်လွေ့သိသည်။ ဇီဟုန်အန်ကို သတ်ပစ်ပြီးနောက် သူက ဘာကိုမှ မစဉ်းစားဘဲ လက်ကို ဝှေ့ရမ်းကာ အပြာရောင် အလင်းတံခါးတစ်ခုကို ဖွင့်လိုက်၏။ ထိုအချိန်၌ “အစေ့”က အလျင်အမြန်ပင် တောက်ပ နေသော ပုံရိပ်တစ်ခုအဖြစ် ဖြန့်ကျက်သွားခဲ့သည်။ ကြောက်စရာ ကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့သို့ ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားတော့သည်။
ချန်လွေ့က ခဏတာ တုံ့ဆိုင်းသွားခဲ့ပြီး ခန္ဓာကိုယ်က “ပင့်ကူအိမ်”ဖြင့် ထိသွားခဲ့သည်။ [ ကြယ်ဂိတ် ] ၏ အလင်းရောင် အလျင်အမြန်ပင် မှေးမှိန်သွား၏။
ကြယ်မျှော်စင်နေရာလွတ်အပြင်ဘက်ရှိ မှော်ကြေးမုံရှေ့မှ ကာလီဆယ်နှင့် အကြီးတန်း ကောလိပ် အလုပ်အမှုဆောင် အဖွဲ့ဝင်များကလည်း ဇီဟုန်အန် သေဆုံးသွားခြင်းကြောင်း ထိတ်လန့်ကုန်ကြသည်။
“ဌာနမှူးဟောင်း...” ရီဂီယာနာက မျက်နှာထား တင်းမာလျက် ပြောလိုက်သည်။
ရီဂီယာနာ ပြောချင်သည်ကို ကာလီဆယ် သိပြီး ခေါင်းခါလိုက်၏။ “စိတ်မပူပါနဲ့။ ဇီဟုန်အန်ကို သတ်နိုင်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်က ငါတို့ သိနိုင်တဲ့သူ မဟုတ်ဘူး။ သူက ကြယ်မျှော်စင်ထဲ တိတ်တိတ်လေး ဝင်ချင်ရင်တောင် ငါတို့ မတားနိုးင်ဘူး။ ပြီးတော့ နတ်ဘုရားတစ်ပိုင်း စာချုပ် ရှိသေးတယ်။ သိဒ္ဓိကျောင်းတော်က...”
သူ စကားပြော မပြီးသေးခင်မှာပင် မှော်ကြေးမုံထဲရှိ နေရာလွတ်က အပြင်းထန် တုန်ခါသွားခဲ့သည်။ ခွပ်ခနဲ အသံမြည်လာပြီး ကြေးမုံမျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် ၃ခု.....၃ခု...
“ဝုန်း....” မှော်ကြေးမုံတစ်ခုလုံး ကြေမွသွားတော့သည်။ ကာလီဆယ်နှင့် အခြားသူများ၏ မျက်နှာအမူအရာကလည်း တဟုန်ထိုး ပြောင်းလဲသွား၏။ ဒါက ဘယ်လို စွမ်းအားမျိုးလဲ။ နေရာလွတ်၏ နောက်ဆက်တွဲကတောင် ကြယ်နေရာလွတ် စွမ်းအားနှင့် ပေါင်းစပ်ထားတဲ့ မှော်ကြေးမုံကိုတောင် ပျက်စီးစေခဲ့တယ်။
ကြယ်မျှော်စင် နေရာလွတ်ထဲ၌ အပြင်းထန် တုန်ခါမှုက ကြောက်မက်ဖွယ်ရာ ဖိအားကို ထုတ်လွှတ်နေသည်။ အောက်ဘက်ရှိ နေရာလွတ် ကာကွယ်ပေးထားသော ကြယ်မျှော်စင်များက တစ်ခုပြီးတစ်ခု ပြိုလဲကုန်ကာ ပြိုင်ပွဲဝင် အားလုံး တစ်ယောက်မကျန် သတိလစ်ကုန်၏။
နောက်ဆုံးတွင် ကြောက်မက်ဖွယ်ရာ တုန်ခါမှု ပြီးဆုံးသွားခဲ့ပြီး ကောင်းကင်ထက်ရှိ တလက်လက် အလင်းရောင်ထဲ၌ လူသား ပုံရိပ်တစ်ခုက တဖြည်းဖြည်း ထင်ရှားလာတော့သည်။
ထိုသူက ဆံပင်အရှည် အမည်းရောင်နှင့် ထူးကဲသော စိတ်နေသဘောထား ရှိသည့် ယောက်ျားတစ်ယောက် ဖြစ်ကာ လောကကြီးနှင့် အဆက်ပြတ်နေသကဲ့သို့ ဖြစ်နေသည်။ အထူး စွမ်းအားတစ်ခုကြောင့် သူ၏ မျက်နှာအသွင်က အနည်းငယ် ဝေဝါးနေသော်လည်း ချောမောခန့်ညားပြီး နူးညံ့သော ခံစားချက်မျိုး ပေးစွမ်းနေသည်။ ထို့ပြင် အကျင့်ဖြစ်နေသည့် ညင်သာသော အပြုံး တစ်ခုလည်း ရှိနေ၏။
ထိုသူက မနည်းရပ်နေရသော ချန်လွေ့ကို ကြည့်နေပြီး တည်ငြိမ်စွာဖြင့် ပြုံးနေ၏။
နူးညံ့ပုံရသော အကြည့်က ဝိညာဉ်ကို နင်းခြေ နိုင်သကဲ့သို့ပင် ဝိညာဉ်ကို ခြိမ်းခြောက်နိုင်လောက်သည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ချန်လွေ့ ခံစားမိလိုက်သည်။ ထိုကဲ့သို့ “နင်းခြေ”ခြင်းက ဆာရီရယ်၏ မိစ္ဆာမျက်လုံးမှ “ဖောက်မြင်”ခြင်းနှင့် ကွဲပြားသော်လည်း အလွန်အမင်း အန္တရာယ်ရှိလှ၏။
ချန်လွေ့က ပင့်သက်ရှိုက်ပြီး ခန္ဓာကိုယ်ထဲမှ ဝါးမျိုစွမ်းအားကို အသုံးပြုကာ ဆံပင်အမည်းနှင့် ယောက်ျားဖြစ်သူ၏ အကျပ်ကိုင်မှုကို အလျင်အမြန် ဟန့်တားပြီးနောက် ဦးညွှတ်လိုက်သည်။ “ဆာ-ရာဖယ်ရယ်...”
“ဒီနေရာလွတ်ထဲမှာ ပြိုလဲသွားတဲ့ ရေဒြပ်စင် တိုင်းပြည် အငွေ့အသက်ကို ခံစားမိတယ်။ ဇီဟုန်အန်....သေသွားပြီ။” ထိုသို့ ပြောပြီးနောက် ထိုသူ၏ မျက်လုံးများ အရောင်လက်သွား၏။ နေရာလွတ်တစ်ခုလုံးရှိ “ပင့်ကူအိမ်”က ထူးဆန်းသော တည်ဆောက်ပုံ တစ်ခုရှိသည့် အားစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ချန်လွေ့ကို ဖုံးလွှမ်းထားသော ပုံရိပ်ယောင် စွမ်းအားနှင့် ဝါးမျိုခြင်း စွမ်းအားတို့က ရုတ်တရက် ပြိုလဲသွား၏။ သူက အဘက်ဘက်မှ ချိပ်ပိတ်ခြင်းကို ခံလိုက်ရလေသည်။
လူများမပြောနှင့်၊ အသံနှင့် အလင်းကပင် မဖြတ်သန်း နိုင်တော့ပေ။
“အတော်လေးကောင်းတဲ့ ပုံရိပ်ယောင်နဲ့ ဝါးမျိုခြင်း စွမ်းအားပဲ။ အမှောင်သတ္တဝါ တစ်ချို့ရဲ့ ပါရမီတွေနဲ့ ပေါင်းစပ်ထားတဲ့ပုံပဲ။” ရာဖယ်ရယ်၏ ပုံမှန်အသံက ချန်လွေ့၏ ဝိညာဉ်ထဲ၌ ပဲ့တင်ထပ်နေပြီး စိတ်ဝိညာဉ်စွမ်းအား ခုခံမှုကို ကြေမွသွားစေသည်။ “တိုင်းပြည် မဖန်တီးရသေးတဲ့ စွမ်းအားပဲ။ ဇီဟုန်အန်ကို ယှဉ်ဖို့ မဖြစ်နိုင်ဘူး။ သူ့ကို သတ်ဖို့ဆိုရင် ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ လွှမ်းမိုးမှု တံဆိပ်ပြားကို သုံးပြီးတော့ ဒီလောက် အချိန်တိုအတွင်းမှာပေါ့။ အဲဒါထက်စာရင် မင်းရဲ့သတ္တိကို ငါ ပိုပြီးတော့ စိတ်ဝင်စားတယ်။ မင်းရဲ့ တည်ငြိမ်မှုက မင်းစိတ်ထဲကနေ လာတဲ့ပုံပဲ။ ငါ ဘယ်သူလဲ ဆိုတာ မင်း မသိဘူးလား။”
“သိတာပေါ့။ ကျုပ်က နည်းနည်း စပ်စုချင်လို့ပါ။” ချန်လွေ့က ပြောလိုက်သည်။ “ကျုပ်က နာမည်ကျော် ဆာ-ရာဖယ်ရယ်က ဟိုးကတည်းက ကြားခဲ့တာ။ ဒီနေ့ ခင်ဗျားကို ကိုယ်တိုင် မြင်ရတာ ဂုဏ်ယူစရာပါ။”
“ပုရွက်ဆိတ်တွေရဲ့ ကိုးကွယ်မှုကို လက်ခံဖို့ စိတ်မဝင်စားဘူး။” ရာဖယ်ရယ်က ခပ်ပြတ်ပြတ် ပြောလိုက်၏။ “မင်း ဂုဏ်ယူချင်တယ် ဆိုရင် ဒါက မင်းဘဝရဲ့ နောက်ဆုံးခံစားချက် အနေနဲ့ ထားလိုက်တော့။”
ထိုသို့ ပြောပြီးသည်နှင့် ချန်လွေ့က ပင့်ကူအိမ်နေရာလွတ်မှာ မရေမတွက်နိုင်သည့် အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပြည့်နေသော လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။ ရာဖယ်ရယ်က သူ့ကို လုံးဝ သတ်ပစ်ရန်အတွက် အတွေးတစ်ချက်သာ လိုအပ်ပေသည်။ ထိုကဲ့သို့ အကြွင်းမဲ့ စွမ်းအားခြားနားမှုကြောင့် မည်သည့် ပညာရပ်မဆိုက အချည်းနှီးပင်။ ခုခံရန် လုံးဝ မဖြစ်နိုင်ပေ။
ကြောက်မက်ဖွယ်ရာ အေးစက်မှုက ချန်လွေ့ ပြောလိုက်သော “အသူရောချောက်နက်”ဟူသည့် စကားတစ်လုံးကြောင့် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
ရာဖယ်ရယ်က မျက်ခုံးပင့်လိုက်၏။ သူ့မျက်လုံးများက အနည်းငယ် အံ့အားသင့်သော အမူအရာ ဖြစ်သွားဟန်တူသည်။ “မင်း ဘာပြောချင်တာလဲ။ နောက်ဆုံးအနေနဲ့ ပြောချင်တာ တစ်ခုခု ရှိလို့လား။”
ချန်လွေ့က သေလုနီးပါး ဖြစ်ခဲ့သော်လည်း အလွန်အမင်း စိတ်ပြတ်သားနေဆဲဖြစ်ကာ ခေါင်းခါလိုက်၏။ “ဆာ့ကို ဇီဟုန်အန်က ဆင့်ခေါ်ခဲ့တယ်။ ကျုပ်လိုမျိုး သူတော်စင်အဆင့် ပုရွက်ဆိတ်ကို သတ်ဖို့ဆိုရင် စွမ်းအား ဖြုန်းတီးရာ ရောက်ပါတယ်။ ပိုပြီးတော့ အဖိုးတန်တာတစ်ခုခု မရချင်ဘူးလား။ တကယ်တော့ နောက်ဆုံး စကားပဲဖြစ်ဖြစ်၊ သေတာပဲဖြစ်ဖြစ်၊ ကိုယ်ပွားအတွက်က အဓိပ္ပာယ် မရှိဘူး။ ဒါကို ဆာက ကျုပ်ထက် ပိုပြီးတော့ သိလောက်ပါတယ်။”
“ကိုယ်ပွား ဟုတ်လား။”
“ဆာ့ကို ကျုပ်ရဲ့ တကယ့်ခန္ဓာကိုယ်နဲ့ ရင်ဆိုင်ရဲလောက်တဲ့ အထိ ကျုပ် မမောက်မာသေးပါဘူး။ ဆာ့ရဲ့ စွမ်းအားက တစ်ပိုင်းတစ်ပဲ ဆိုရင်တောင်ပေါ့။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ “ပြီးတော့လည်း ဇီဟုန်အန်ရဲ့ စွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းနားကို ကပ်နေပြီ။ သူက ဘယ်လိုလုပ်ပြီးတော့ တိုင်းပြည်တောင် မဖန်တီးနိုင်သေးတဲ့ သူတော်စင်အဆင့် လက်ထဲမှာ သေသွားနိုင်မှာလဲ။”
ထိုစကားက အမှား မဟုတ်ပေ။ ရာဖယ်ရယ် သိဒ္ဓိ အလင်းတောင်ရှိ အလွန်ကြီးမားသော ရုပ်ထုကြီးထဲ၌ အိပ်စက်နေလောက်ပေသည်။ ဆာရီရယ်နှင့်စေတန် ကဲ့သို့ပင် ထိုတံဆိပ်ပြားက ကိုယ်ပွားကိုသာ ဆင့်ခေါ်နိုင်၏။ သို့သော်လည်း ကိုယ်ပွားကပင် ချန်လွေ့ ယခု ကိုင်တွယ်နိုင်သောအရာ မဟုတ်ပေ။ ရာဖယ်ရယ်၏ ကိုယ်ပွားက အနည်းငယ် သူ၏ ယောက္ခမကြီး နဂါးဧကရာဇ် အက်ဂ်လက်စ် အဆင့်ရှိနေကြောင်း ချန်လွေ့ ခံစားမိသည်။ ထို့ပြင် သူ၏ တကယ့် တိုက်ခိုက်ရေး စွမ်းအားက အက်ဂ်လက်စ်ထက် သေချာပေါက် သာလွန်ပေသည်။
ထို့ကြောင့် ထိုနေရာ၌ နေနေသည်မှာ ကိုယ်ပွား အသူရာပင် ဖြစ်လေ၏။
အမှန်တကယ်၌ ချန်လွေ့တွင် ရာဖယ်ရယ်၏ ကိုယ်ပွားကို ယှဉ်နိုင်လောက်သည့် ဝှက်ဖဲနှစ်ချပ် ရှိနေသေးသည်။ ဆာရီရယ်၏ မိစ္ဆာမျက်ဆံ တံဆိပ်ပြားနှင့် စေတန်၏ မြွေပုံစံကွက် တံဆိပ်ပြားတို့ပင်။ သို့သော်လည်း သူက ယခုတွင် လူသားလောက၌ ဖြစ်၏။ နေရာလွတ်ကို ကျော်ဖြတ်ပြီး သူတို့ကို ဆင့်ခေါ်နိုင်မနိုင်က ပြဿနာတစ်ခု ဖြစ်နေသးသည်။ သူတို့က ကိုင်တွယ်ရ မလွယ်ကူသည်မှာကိုမူ ပြောနေစရာပင် မလိုပေ။ ဆင့်ခေါ်ခြင်း အောင်မြင်သွားလျှင်ပင် ကိစ္စအများအပြား ပေါ်သွားနိုင်ပြီး အနာဂတ်တွင် ပြဿနာများ ဖြစ်လာနိုင်စေ၏။
“မင်းရဲ့ ပေါက်ကရတွေကို နားထောင်ဖို့ ငါ့မှာ အချိန် မရှိဘူး။” ရာဖယ်ရယ်က အောက်ဘက်မှ လူအုပ်ကြီးကို ကြည့်လိုက်သည်။ “မင်းရဲ့ တကယ့်ခန္ဓာကိုယ်က တစ်နေရာရာမှာ ပုန်းနေနိုင်တယ်။ တကယ်လို့ ဒီနေရာလွတ်ကို ဖျက်ဆီးလိုက်မယ်ဆိုရင် မင်းနဲ့ မင်းရဲ့ ကိုယ်ပွားလည်း လုံးဝ ပျောက်ကွယ်သွားမှာပဲ။”
“ကျုပ်ရဲ့ တကယ့်ခန္ဓာကိုယ်က ထွက်သွားပြီဆိုတာကို ဆာ မယုံကြည်သေးတဲ့ပုံပဲ။” ချန်လွေ့က ပုခုံးတွန့်လိုက်၏။ “ကျုပ် ဒီမှာ ကိုယ်ပွား ချန်ထားခဲ့တာက ဆာ-ရာဖယ်ရယ်ရဲ့ သူရဲကောင်း အမူအရာကို မြင်တွေ့ရဖို့လည်းဟုတ်သလို အသူရာချောက်နက်နဲ့ ပတ်သက်တဲ့ အပေးအယူတစ်ခု လုပ်ဖို့လည်း ဟုတ်တယ်။”
“ဆက်ပြော။”
“အသူရာချောက်နက်” ဟူသော စကားလုံးက ရာဖယ်ရယ်၏ မျက်လုံးများကို လက်ခနဲ ဖြစ်စေခဲ့သည်။ ထိုသူ၏ သေခြင်း ရှင်ခြင်းကို ရာဖယ်ရယ်က လက်ထဲ၌ လုံးဝ ဆုပ်ကိုင်ထားပြီ ဖြစ်၏။ ဖျက်ဆီးပစ်ရန် အလွယ်လေး ဖြစ်သော်လည်း တစ်ဖက်လူ ပြောသည့် အတိုင်းပင် အဖိုးတန် ဆင့်ခေါ်တံဆိပ်ပြားက ပုရွက်ဆိတ် အနည်းငယ်ကို သတ်ပစ်ရန်အတွက် အလကားသုံးလိုက်ရသလို ဖြစ်သွားပေမည်။ ဇီဟုန်အန်က သေသွားပြီ ဖြစ်ကာ တန်ဖိုး မရှိတော့ပေ။ အပေးအယူကို နားထောင်ပြီး အဖိုးတန်သောအရာ တစ်ခုခု ရနိုင်မနိုင် ကြည့်ခြင်းက ပိုကောင်းပေသည်။
“အသူရာချောက်နက်နဲ့ ပတ်သတ်တဲ့ အရေးအကြီးဆုံး သတင်းတွေ ကျုပ်ပေးနိုင်တယ်။ ဒါပေမဲ့ မေးခွန်းတချို့ရဲ့ အဖြေကို ကျုပ် သိချင်တယ်။”
“မင်းပေးတဲ့ သတင်းက အဖိုးတန်မတန်ကို ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ။” ရာဖယ်ရယ်၏ အကြည့်က သရော်မှု အနည်းငယ် ပြသနေ၏။ “မင်းက ဒီကောလာဟလကို အကြောင်းတိုက်ဆိုင်ပြီး ကြားဖူးတာလဲ ဖြစ်ရင် ဖြစ်မှာပေါ့။”
“ဟုတ်ပါ့မလား။” ချန်လွေ့ ပြုံးလိုက်သည်။ “ကျုပ်မှာ ရိုးရှင်းတဲ့ ပုံရိပ်ယောင် ပညာရပ်တစ်ခု ရှိတယ်။ ဆာ့ကို ပြခွင့်ပြုပါ။”
ထို့သို့ပြောပြီးနောက် ချန်လွေ့၏ မျက်လုံးများက အနီရောင် ဖျော့ဖျော့ လင်းလက်သွားခဲ့ပြီး ရာဖယ်ရယ်ကြောင့် ငြိမ်းသွားသော မှော်စွမ်းအားများ ပြန်လည် စုစည်းလာပြန်သည်။ ထိုနေရာရှိ နေရာလွတ်က ရာဖယ်ရယ်၏ စွမ်းအားဖြင့် ချိပ်ပိတ်ထားပြီ ဖြစ်၏။ မည်သည့်အသံ၊ ပုံရိပ်ကိုမှ မထုတ်လွှင့်နိုင်တော့ပေ။ ထို့ကြောင့် ချန်လွေ့ စိတ်ပူစရာ မလိုအပ်ပေ။
ရုပ်ရှင်ဇာတ်ကား တစ်ခုကဲ့သို့ပင် နေရာလွတ်ထဲ၌ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
အဆုံးမဲ့ သွေးနီရောင်များ၊ မွမ်းကြပ်ခြင်း၊ ပူလောင်ခြင်း၊ လှပပြီး စွဲမက်ဖွယ်ကောင်းသော အသူရာချောက်နက်ပန်း၊ မရေ မတွက်နိုင်သော အသူရာချောက်နက် သတ္တဝါများ၊ အဆုံးမရှိ သေဆုံးခြင်းနှင့် ပျက်စီးခြင်းများ....။ ရာဖယ်ရယ်၏ အကြည့်က အသူရာချောက်နက်စစ်တပ်၏ အဝေးမှ ပုံရိပ်တစ်ခုထံသို့ ရောက်ရှိသွားသည်။ ထိုအရာက မိန်းမတစ်ယောက် ဖြစ်၏။ သူ၏ မျက်နှာကို သေသေချာချာ မမြင်နိုင်သော်လည်း လွန်ကဲလှသော အမုန်းတရားကို ခံစားမိနိုင်သည်။ အမှန်တကယ်၌ ချန်လွေ့ ဖန်တီးထားသော ထိုပုံရိပ်ယောင်မှာ သူ၏မှတ်ဉာဏ်နှင့် ရှေးအဂ္ဂိရတ် မြို့တော် “ကောင်းကင်ဘီး” မှ အချက်အလက်များကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း မှတ်ဉာဏ် သလင်းကျောက်၌ဖြစ်စေ၊ ဒိုရူဒါ၏ အချက်အလက်၌ ဖြစ်စေ၊ ခီလီအန်နာနှင့် ပတ်သက်၍ အကြမ်းဖျင်း ဖော်ပြချက်သာရှိပြီး အသေးစိတ် မရှိသည့်အတွက် ထိုကဲ့သို့ ဝေဝေဝါးဝါး ဖန်တီးလိုက်ရခြင်း ဖြစ်လေသည်။
“အမုန်းတရား နတ်ဘုရား...” ရာဖယ်ရယ်က အနည်းငယ် တုန်လှုပ်သွားပြီးနောက် ပြန်လည် တည်ငြိမ်သွား၏။
“ဟုတ်တယ်။ ခီလီအန်နာ။” ချန်လွေ့က အချိန်မီ ဖြေလိုက်သည်။ “မရဏနက် နော်ကလိုက်တွေက သူ့ကို ဆင်းလာအောင်လုပ်ဖို့ ကြိုးစားနေကြတယ်။”
ထိုစကားကို လုံးဝကို လုပ်ကြံပြောဆိုခြင်း ဖြစ်၏။
နောက်ဆုံး၌ ရာဖယ်ရာ စိတ်လှုပ်ရှားသွားပြီး ဖိအားကို လျှော့လိုက်သည်။ သို့သော်လည်း သူက နေရာလွတ်ကို ချိပ်ပိတ်ထားဆဲ ဖြစ်၏။ “မင်းသိထားတာ အကုန်ပြောပြ။ ငါမင်းကို လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ပဲ။”
ချန်လွေ့က ခေါင်းခါသည်။ “ကျုပ်သိချင်တာက အဖြေပါပဲ။ အဖြေရပြီးရင် ဆာ ဒီနေရာလွတ်ကို ဖျက်ဆီးလို့ရတယ်။ ဒါမှမဟုတ် ကျုပ်ရဲ့ ကိုယ်ပွားကို ဖျက်ဆီးလို့ရတယ်။ သဘောပါ။”
“မေးခွန်း ၃ခု မေးလို့ရမယ်။” ရာဖယ်ရယ်က အနည်းငယ် စဉ်းစားနေလိုက်သည်။ “ငါ ဖြေချင်မှ ဖြေမယ်။”
“ကောင်းပါပြီ။” ချန်လွေ့က မိမိ၏ တန်ကြေးမှာ အကန့်အသတ် ရှိကြောင်း သိသည်။ “ဆာ။ ဒါပေမဲ့ မေးခွန်းတစ်ခုကို အရင် ဖြေပေးပါ။”
“ပြော...”
“အလင်းနတ်ဘုရားကျောင်းထဲမှာ ရှိနေတာက ဘာလဲ။” ချန်လွေ့က လက်ဖြန့်လိုက်သည်။ “ကျုပ်ရဲ့ စွမ်းအားနဲ့က အဖြေကို သိဖို့ မထိုက်တန်ပေမဲ့ ကျုပ် တကယ့်ကို သိချင်စိတ် ထိန်းမရလို့ပါ။”
ရာဖယ်ရယ်၏ အကြည့်က ထူးဆန်းသော အလင်းရောင် တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “အဲဒီအရာတွေက အရာအားလုံးကို ဖန်တီးနိုင်တယ်။ ပြောင်းလဲနိုင်တယ်။ နတ်ဘုရားတွေ ဆိုရင်တောင်ပေါ့....”
ရာဖယ်ရယ်က ဆက်မပြောတော့ဘဲ ချန်လွေ့ကို ကြည့်နေလိုက်ပြီး ဆက်ပြောစရာ မရှိတော့ကြောင်း ဖော်ပြနေ၏။
ချန်လွေ့က စနောက်မှုကို စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူ၏ လက်ထဲ၌ မြေပုံတစ်ခု ပေါ်ထွက်လာပြီး ရာဖယ်ရယ်ထံ လွင့်ပျံသွားခဲ့သည်။ “ဒါက မရဏနက် နောက်လိုက် အဖွဲ့ရဲ့ အရေးပါတဲ့ စခန်းအချို့အတွက် ဖြန့်ဝေမှုတွေနဲ့ အကျဉ်းချုံးပဲ။”
ချန်လွေ့က ထိုအရာအား သိဒ္ဓိကျောင်းတော်ထံ ပေးရန် ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း ကြားလူက အဓိက ခေါင်းဆောင် သုံးဦးထဲမှ တစ်ဦး ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။
ချန်လွေ့၏ တကိုယ်တော် စွမ်းအားဖြင့်ဆိုလျှင် လျို့ဝှက် ဆန်းကြယ်သော ဘာသာရေးဂိုဏ်းကို ရင်ဆိုင်ရန် အတော်လေး ခက်ခဲနိုင်ပေသည်။ သူက သိဒ္ဓိကျောင်းတော်မှ အင်အားစုကို ငှားယူရမည်ဖြစ်ပြီး ထိုထဲမှ အရေးပါသော စခန်းများက အသူရာ၏ “ခေါင်းဆောင်” အန်ဂျလီလက်အောက်မှ ဖြစ်လေသည်။ တစ်ဖက်လူကို ထုတ်ဖော်ခြင်းက သူ၏ သူလျှို အစီအစဉ်ကိုလည်း ပိုမို၍ ချောမွေ့စေနိုင်၏။
ရာဖယ်ရယ်၏ လက်ထဲ၌ မြေပုံ ပျောက်ကွယ် သွားပြီးနောက် ချန်လွေ့က ဒုတိယ မေးခွန်းကို မေးလိုက်သည်။ “တကယ်တော့ ကျုပ်က ဇီဟုန်အန်ကို ပထမဆုံး မေးခွန်း မေးပြီးသွားပြီ။ ဘုရားကျောင်းထဲမှာ “လေတံဆိပ်ပြား”လို့ခေါ်တဲ့ အန္တိမ အဆောင်ပစ္စည်းတစ်ခု ရှိတယ်လို့ သူပြောခဲ့တယ်။ “လေတံဆိပ်ပြား” အကြောင်း ကျုပ် ပိုပြီးတော့ သိချင်တယ်။”
“ဟမ့်။ ကြည့်ရတာ ဇီဟုန်အန်က တကယ့်ကို သေဖို့ ထိုက်တန်တာပဲ။” ရာဖယ်ရယ်က မျက်မှောင်ကြုတ်လိုက်၏။ “နတ်ဘုရားအတွက် ဒါက တားမြစ်ချက်ပဲ။ အလင်းနတ်ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေနဲ့ မင်းမေးတာကို ငါ ဖြေမှာ မဟုတ်ဘူး။”
အလင်းနတ်ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟုတ်လား။ ချန်လွေ့က သရော်ပြုံး ပြုံးလိုက်သည်။ အရိပ်လေပြည် ဘွတ်ဖိနပ်က “နတ်ဘုရားရဲ့ တားမြစ်ချက်”တဲ့။ ဒါက ဘာကို ဆိုလိုတာလဲ။ နတ်ဆိုးဘုံက အဆောင်ပစ္စည်း ၇မျိုးနဲ့ ပတ်သက်ပြီးတော့ နောက်ထပ်ဇာတ်လမ်းတွေ ရှိနေတာလား။
“မရဏနက်နောက်လိုက်တွေက အိပ်မက်ဆိုး တောနက်ထဲမှာ အော့ခ်တွေကို စိတ်ရှုပ်စေဖို့ အတွက် နတ်ဆရာမတွေအဖြစ် ရုပ်ဖျက်ပြီးတော့ မိစ္ဆာနတ်ဘုရားကို ကိုးကွယ်ဖို့ အော့ခ်တွေရဲ့ ယုံကြည်မှုကို လှည့်ဖျားရယူခဲ့တယ်။ သွေးစတေးမှုတွေ လုပ်ပြီးတော့ ခီလီအန်နာ ဆင်းသက်လာဖို့ ယုံကြည်မှုကို အသုံးချခဲ့တယ်.....” ချန်လွေ့က အိပ်မက်ဆိုးတောနက်ထဲ၌ သိရှိခဲ့သည်ကို ရွေးချယ်ကာ ပြောလိုက်သည်။ ထိုထဲမှာ ၉၀%က အမှန်များဖြစ်ကြပြီး ကျန်ရှိသည်များက အမှားများ ဖြစ်ကြသည်။ ခီလီအန်နာ ရောက်ရှိလာခြင်းက အလိမ်အညာ ဖြစ်၏။ ရာဖယ်ရယ်က သူ့ကို သံသယ မဝင်ခဲ့ဘဲ မျက်နှာအမူအရာက လေးနက်နေခဲ့သည်။
“မင်းပြောတာ အမှန်ပဲဆိုရင် ဒါက တကယ့်ကို အလေးအနက် ထားသင့်တဲ့ ကိစ္စတစ်ခုပဲ....။ ငါ့ကို စိတ်ဝင်စားစေတာက ဒီလို လျို့ဝှက်ချက်တွေ အများကြီးကို မင်း ဘယ်လိုသိတာလဲ ဆိုတာပဲ။” ရာဖယ်ရယ်က ခေါင်းညိတ်လိုက်သည်။ “ငါလာတာ အကျိုးရှိဖို့ အတွက် မင်းကို အသက်ရှင်ခွင့် ပေးလိုက်တာက ပိုပြီးတော့ တန်ဖိုးရှိမယ့်ပုံပဲ။”
“ဆာ ဘာကို ဆိုလိုတာလဲ။” ချန်လွေ့ သိမ့်သိမ့်တုန်သွား၏။ “ကျုပ်မှာ တတိယမြောက် မေးခွန်း ရှိသေးတယ်။”
“ငါ ထပ် မဖြေချင်တော့ဘူး။ မင်းက အလဲအလှယ်လုပ်ဖို့ အရည်အချင်း မပြည့်မီတော့ဘူး။” ရာဖယ်ရယ်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ ချန်လွေ့က ပတ်ပတ်လည်မှ စွမ်းအင်မတည်မငြိမ်မှုများက အလွန်အမင်း ထူးဆန်းသွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ ပင့်ကူအိမ်ကဲ့သို့ နေရာလွတ်က ရုတ်တရက် ကြက်ခြေခတ် အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ချန်လွေ့၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ထိုအလင်းရောင်ဖြင့် ဖောက်ထွင်းခံရပြီးနောက် ချန်လွေ့က မည်သည့် နာကျင်မှုကိုမှ မခံစားခဲ့ရပေ။ မရေမတွက်နိုင်သော ပိုးချည်မျှင်များက သူ့ခန္ဓာကိုယ်ထဲ အကြိမ်များစွာ ဖြတ်သန်းပြီး ဝိညာဉ်ထဲ တည့်တည့်ရောက်သွားဟန်တူသည်။ ကိုယ်ပွားက ထိုဖောက်ထွင်းမှုကို ခံစားလိုက်ရရုံသာမက မူလခန္ဓာ၏ ဝိညာဉ်သည်ပင် ခံစားလိုက်ရပြီး ထိုအရာက ထိတ်လန့်စရာပင်။
“ဒါက [ ဒိုင်မန်းရှင်း ဝိညာဉ်အချုပ်အနှောင်ပဲ ]။” ရာဖယ်ရယ်၏ လေသံက အသေးအဖွဲတစ်ခုကို လုပ်လိုက်သကဲ့သို့ပင် အလွန် တည်ငြိမ်နေ၏။ “ဝိညာဉ်ကို ချိပ်ပိတ်နိုင်တဲ့ စွမ်းရည်က အတော်လေး ရှားတယ်။ အထူးသဖြင့် နေရာလွတ်ကို ဖြတ်ပြီးတော့ပေါ့။ ဒါပေမဲ့ အလုံးစုံ စွမ်းအားကြီးတဲ့ ကောင်းကင် တမန်တော်တစ်ယောက် အတွက်တော့ ဒါက အံ့သြစရာ မဟုတ်ဘူး။ ငါက ကလေးတမန်တော်လည်း ဟုတ်တယ်။ လွှမ်းမိုးမှုနဲ့ စွမ်းအားလည်း ဟုတ်တယ်။ ငါက နတ်ဘုရားနဲ့ အနီးစပ်ဆုံး တည်ရှိမှုပဲ။ ကိုယ်ပွားတစ်ခုရဲ့ အခြေခံစွမ်းအားက ဝိညာဉ် စွမ်းအားပဲ။ ပြီးတော့ မင်းရဲ့ ဝိညာဉ်က ချုပ်နှောင်ခံလိုက်ရပြီ။ ဒါက ကိုယ်ပွားတစ်ခုပဲ ဆိုရင်တောင် မူလခန္ဓာကိုယ်ထဲ ပြန်သွားဖို့ မဖြစ်နိုင်တော့ဘူး။ မင်းဆီကနေ ပိုပြီးတော့ အဖိုးတန်တဲ့ အရာတွေ ကြားရနိုင်မယ်လို့ ငါ ယုံကြည်တယ်။”
“ကောင်းကင်တမန် သံုးယောက်ထဲက တစ်ယောက် ဆိုတဲ့ အတိုင်းပဲ။ မိုက်ကယ်နဲ့ ဂေဘရီရယ်တို့ရဲ့ စွမ်းအားတွေကရော ခင်ဗျားနဲ့ ယှဉ်ရင် ဘယ်လိုရှိမလဲ သိချင်မိတယ်။” ချန်လွေ့က သက်ပြင်းချလိုက်သည်။
“ဒါက တတိယ မေးခွန်းလား။” ရာဖယ်ရယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကံဆိုးချင်တော့ မင်းမှာ အလဲအလှယ် လုပ်ဖို့အတွက် အရည်အချင်း မရှိတော့ဘူး။”
“ဒါက တတိယ မေးခွန်း မဟုတ်ပါဘူး။ ကောင်းပြီလေ။ ရာဖယ်ရယ်၊ ကောင်းကင်တမန် သုံးယောက်ထဲက တစ်ယောက်၊ ကလေးတမန်တော်၊ လွှမ်းမိုးမှု၊ စွမ်းအား၊ နတ်ဘုရားနဲ့ အနီးစပ်ဆုံး တည်ရှိမှုက ကျုပ်အပေါ်မှာ ဒိုင်မန်းရှင်း ဝိညာဉ်အချုပ်အနှောင် သုံးခဲ့တယ်။ ရလာဒ်အနေနဲ့ ကျုပ်ကိုယ်ပွားက မူလခန္ဓာကိုယ်ထဲကို ပြန်မသွားနိုင်တော့ဘူး....” ချန်လွေ့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ “ရလာဒ် မတိုင်ခင် နောက်ထပ် ပြောစရာ တစ်ခု ရှိသေးတယ်။ အဲဒါကတော့ ဒီကိုယ်ပွားက သာမန် ကိုယ်ပွားတစ်ခု ဆိုမှပါ။”
ရာဖယ်ရယ်က မျက်ခုံးပင့်လိုက်ပြီး ဒိုင်မန်းရှင်း ဝိညာဉ်အချုပ်အနှောင်ဖြင့် ချိပ်ပိတ်ခံထားရသော “ကိုယ်ပွား”က ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။