ကန့်လန့်ကာ ချလိုက်ပြီ
Vol. 50 Ch. 817
နတ်ဆိုးဘုံ အင်ပါယာသုံးခုက ပူးပေါင်းကျင်းပသော “ငြိမ်းချမ်းရေးဖလား” တိုက်ပွဲဘောလုံးလိဒ်က နောက်ဆုံးတွင် ပြီးစီးသွားတော့သည်။ ကြယ်ကြွေတမန် အင်ပါယာမှ သွေးနီအသင်းက လိဒ်ချန်ပီယံ ဖြစ်သွားခဲ့၏။ ယခုတစ်ခေါက် လိဒ်အတွက် တုံ့ပြန်ပုံက အတော်လေး အားတက်သရော ရှိကြသည်။ အထူးသဖြင့် အိမ်ကွင်းနှင့် အဝေးကွင်းစနစ်က တိုက်ပွဲဘောလုံး အားကစားကို အတော်လေး ဆွဲဆောင်မှု ရှိစေခဲ့သည်။ လိဒ် စတင်စဉ်အတွင်း ပွဲကြည့်စင်က ထိုင်ခုံအပြည့် ဖြစ်ခဲ့သည်။ အများဆုံး နေရာများရှိ မှော်ရုပ်မြင်သံကြား၌ပင် ပရိသတ်များ ပြည့်နှက်နေ၏။ အတော်များများက အားပေးရန်အတွက် မိုင်ပေါင်းထောင်နှင့်ချီမှ ရောက်လာကြသော ပရိတ်သတ်များ ဖြစ်ကြပေသည်။
မှော်ဂိမ်း၏ အချိန်အကန့်အသတ်ကြောင့် တိုက်ပွဲဘောလုံးက သက်ရောက်မှု အများအပြား မခံခဲ့ရပေ။ ထိုအစား ၎င်းက မှော်ဂိမ်းပြီးနောက်တွင် ကျန်သောအချိန်တွင် နာမည်အကြီးဆုံး အားကစားလှုပ်ရှားမှု ဖြစ်သွားခဲ့သည်။
ပြောရမည်ဆိုလျှင် ပထမဆုံး နတ်ဆိုးဘုံလိဒ်က အတော်လေး အောင်မြင်ခဲ့ပြီး အကျိုးအမြတ်များနှင့် သက်ရောက်မှုများက မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ အင်ပါယာသုံးခုက နောက်တစ်နှစ် တစ်ချိန်တည်းမှာပင် ဒုတိယမြောက် လိဒ်ကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုအချိန်၌ ယှဉ်ပြိုင်မည့် အသင်းများက ပိုများလာမည်ဖြစ်ပြီး အင်ပါယာ တစ်ခုစီက ချန်ပီယံရှစ်ကို ယှဉ်ပြိုင်ရန်အတွက် အသင်း(၄)သင်း စေလွှတ်မည် ဖြစ်သည်။ ထိုသတင်းက လက်ခုတ်သြဘာများ လက်ခံရရှိ ခဲ့လေသည်။
တိုက်ပွဲဘောလံုးလိဒ်၏ ရူးသွပ်မှုများ မပျောက်သွားခင်မှာပင် နတ်ဆိုးဘုံတစ်ခုလုံးက မျှော်လင့်နေခဲ့သော နောက်ထပ် ပွဲစဉ်တစ်ခု လာတော့မည် ဖြစ်သည်။ ထိုအရာက အင်ပါယာသုံးခု ပူးပေါင်း စီစဉ်သော အဂ္ဂိရတ်ပြိုင်ပွဲပင်။
ယခင်က အဂ္ဂိရတ်ပြိုင်ပွဲမှာ ဆေးရည်ပညာရှင် ပြိုင်ပွဲဖြစ်ပြီး အိုဆိုင်ဒန် အာဏာရခဲ့စဉ်က ကျင်းပရန် စီစဉ်ထားခဲ့သည်။ အဆုံးတွင် “ရန်ပုံငွေအလိမ်အပညာ”နှင့် အမှောင်လကို တိုက်ခိုက်ခြင်းတို့ကြောင့် ထပ်ကာထပ်ကာ နောက်ဆုတ်ခဲ့သည်။ အိုဆိုင်ဒန် ရှုံးနိမ့်သွားသောအခါ ပြိုင်ပွဲက အကန့်အသတ်မရှိ နောက်ဆုတ်သွားပြန်ပြီး ရှီရာ နန်းပြန်တက်မှသာ အရိပ်နက် အင်ပါယာနှင့် ပူးပေါင်းပြီး ဆေးရည်ပညာနှင့် ယန္တရားပညာ အပါအဝင် ဆရာသခင်အဆင့်ပြိုင်ပွဲ ကျင်းပရန် စီစဉ်ခဲ့သည်။ သို့သော်လည်း သွေးရောင်အင်ပါယာ၏ ကျူးကျော်မှုကြောင့် ရပ်တန့်ခဲ့ရလေသည်။ အပြင်းအထန် တိုက်ခိုက်မှုပြီးနောက် အရိပ်နက်အင်ပါယာ၏ ကြားဝင်မှုကြောင့် နောက်ဆုံးတွင် အင်ပါယာသုံးခုက စစ်ဆိုင်းစာချုပ် ချုပ်ဆိုလိုက်ကြပြီး အဂ္ဂိရတ် ပြိုင်ပွဲကို ပထမဆုံး ကြယ်ကြွေတမန်မြို့တော် ကျင်းပရန် စီစဉ်ခဲ့ကြလေသည်။
ထိုအဂ္ဂိရတ်ပြိုင်ပွဲက ယန္တရားနှင့် ဆေးရည်ဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားထားသည်။
ထိုအမျိုးအစားနှစ်ခုကို အဖွဲ့(A) နှင့် အဖွဲ့ (B) ဟူ၍ ပိုင်းခြားထားပြန်ပြီး အဖွဲ့(B)က သာမန်ယန္တရားနှင့် ဆေးရည် ပညာရှင်ပြိုင်ပွဲ ဖြစ်ပြီး အဖွဲ့(A)က ဆရာသခင်အဆင့် ဖြစ်၏။
ဆွဲဆောင်မှု အရှိဆုံးက ဆရာသခင်အဆင့် ပြိုင်ပွဲပင်။ လူတိုင်းက နတ်ဆိုးဘုံရှိ ထိပ်တန်း ယန္တရားဆရာသခင်များနှင့် ဆေးရည်ဆရာသခင်များ အချင်းချင်း ယှဉ်ပြိုင်ကြသည်ကို မြင်တွေ့ချင်ကြလေသည်။
ဆေးရည်ပညာရှင် ပြိုင်ပွဲ စည်းကမ်းများက သာမန် ယန္တရား ပြိုင်ပွဲနှင့် ကွာခြားသည်။ ဥပမာ ယန္တရားဆရာသခင်ပြိုင်ပွဲ၌ အဆင့်တူလျှင် အထူးပြု အမျိုးမျိုးအတွက် အမှတ်အပိုများ ရှိသည်။ ထိုစဉ်က သွေးရောင်အင်ပါယာမှ နိတ်သည် နှစ်သွယ် အထူးပြုကြောင့် ယန္တရားဆရာသခင် ပြိုင်ပွဲကို အနိုင်ရခဲ့ပြီး နတ်ဆိုးဘုံရှိ ထိပ်တန်း ယန္တရားဆရာသခင် ဖြစ်လာခဲ့လေသည်။ သို့ရာတွင် ထိုထိပ်တန်းယန္တရားဆရာသခင်၏ စရိုက်က အလွန်အမင်း နိမ့်ကျလေသည်။ သူက အခြားသူများ၏ အစွမ်းများကို ခိုးယူရန်အတွက် အမှန်တကယ်ပင် မှော်အတတ် အသုံးပြုခဲ့လေသည်။ ထိုအဖြစ်အပျက် ပေါ်သွားပြီးနောက် နိတ်၏ ဂုဏ်သတင်း ကျဆင်းသွားပြီး သူ့ကို ရိုင်ဇန်က အကျဉ်းချထား ခဲ့သေလည်။
မည်သို့ပင်ဆိုစေကာမူ နိတ်၏ အာဏာက ရှိနေဆဲ ဖြစ်သည်။ ရိုင်ဇန်က နိတ်အား ပြိုင်ပွဲတွင် သွေးရောင်အင်ပါယာအတွက် ကိုယ်စားပြုရန် ခွင့်လွှတ်ပေးပြီး အကျဉ်းထောင်မှ လွှတ်ပခဲ့သည်ဟု ပြောကြသည်။
အကယ်၍ ပြိုင်ပွဲတွင် နိတ် ယှဉ်ပြိုင်မည်ဆိုလျှင် ဆရာသခင် ပြိုင်ပွဲက ပို၍ပင် ထူးခြားလောက်ပေမည်။ အကြောင်းမှာ ကြယ်ကြွေတမန်အင်ပါယာက ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ ဖွန်ဆက်လည်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့၍ပင်။ ဖွန်ဆက်မှာ နဂိုက သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၏ လက်ထောက်ဥက္ကဋ္ဌ ဖြစ်ပြီး နတ်ဆိုးဘုံ၌ ထိပ်တန်း သားရေ ဆရာသခင် ဖြစ်ပေသည်။ သူက နိတ်၏ အကောက်ကြံခြင်းကို ခံခဲ့ရပြီး မိသားစု ဖျက်ဆီးခံခဲ့ရသည်။ နှစ်ပေါင်းများစွာ အမည်မသိ နေလာပြီးနောက် နိတ်၏ ဂုဏ်သတင်း ကျဆင်းသွားချိန် သူက ကြယ်ကြွေတမန်အင်ပါယာ၌ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့လေသည်။ ယခုတစ်ခေါက် ပြိုင်ပွဲတွင် နိတ်နှင့် တွေ့ရခြင်းမှာ ရန်သူများ၏ ရှောင်လွှဲမရသော ထိပ်တိုက်ရင်ဆိုင်မှုဟု ပြော၍ရနိုင်ပေသည်။ ထိုအချိန်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။
ဖွန်ဆက်နှင့် နိတ်တို့နှင့်ယှဉ်လျှင် နောက်တစ်ယောက်က ပို၍ အာရုံစိုက်စရာ ကောင်းပေသည်။ ထိုသူက အရိပ်နက်အင်ပါယာရှိ ယန္တရားအစည်းအရုံးမှ ပါရမီရှင် ဆရာသခင် “အာသာ” ဖြစ်၏။
“အာသာ”က အရိပ်နက်အင်ပါယာ၏ ယန္တရားပြိုင်ပွဲတွင် အံ့သြလောက်စရာ ပါရမီနှင့် စွမ်းအားတို့ဖြင့် အနိုင်ရရှိခဲ့သည်။ ထိုဗိုလ်လုပွဲကို ယနေ့အချိန်အထိ ပြောနေကြဆဲ ဖြစ်၏။ နဂိုက သာမန် ယန္တရားပညာ ပြိုင်ပွဲတစ်ခုက အဆုံးသတ်တွင် ဆရာသခင် ပြိုင်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချန်ပီယံနှစ်ယောက်က သာမန် ဆရာသခင်များကို ကျော်လွန်သော ပါရမီရှင်များ ဖြစ်ကြ၏။ သို့သော်လည်း အာသာက နှစ်သွယ်အထူးပြုဆရာသခင် ဟောဖို့ဒ်ကို သုံးသွယ်အထူးပြု ဆရာသခင်အဆင့်ဖြင့် အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာခဲ့သည်။ “အာသာ”က ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့သော်လည်း ထိုအရာက အဂ္ဂိရတ်ပြိုင်ပွဲသာဖြစ်ခဲ့ပြီး ဆရာသခင်အဆင့် မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူ၏ ဂုဏ်သတင်းက သေချာပေါက် မလုံလောက်ခဲ့ပေ။ သို့သော်လည်း ယခုတစ်ခေါက်မှာ နတ်ဆိုးဘုံရှိ အစွမ်းအထက်ဆုံး ဆရာသခင် ပြိုင်ပွဲ ဖြစ်၏။ ထိုပြိုင်ပွဲ၌ အနိုင်ရမည်ဆိုလျှင် သေချာပေါက် နံပါတ်(၁) အဂ္ဂိရတ် ဆရာသခင်ဖြစ်ရန် ထိုက်တန်သွားပေမည်။
ထို့အပြင် ထိပ်တန်း သတ္တုဆရာသခင် အန်ဒါဆန်၊ ထိပ်ဆန်း အဆင်တန်ဆာ ဆရာသခင် ထယ်တင်းနစ် စသဖြင့် နာမည်ကျော် အကြီးတန်း ယန္တရားဆရာသခင်များစွာ ရှိကြပေသည်။ ထို့ကြောင့် ထိုယန္တရားဆရာသခင် ပြိုင်ပွဲက အံ့သြဖွယ်ရာ တိုက်ပွဲကို ကျင်းပပေးပေလိမ့်မည်။
ဆေးရည်ဆရာသခင် ပြိုင်ပွဲကိုလည်း မလျစ်ရှူသင့်ပေ။ အရိပ်နက်အင်ပါယာမှ ဆေးရည်အစည်းအရုံး ဥက္ကဋ္ဌ အန်ဂျီဂီလီ၊ သွေးရောင်အင်ပါယာမှ ဆေးရည်အစည်းအရုံး ဥက္ကဋ္ဌ ဝယ်ဆန်တို့ နှစ်ယောက်လုံးက အကြီးတန်း ဆရာသခင်များ ဖြစ်ကြ၏။ သူတို့က မဟာဆရာသခင်အဆင့်သို့ အလွန်အမင်း နီးကပ်နေပြီဟု ပြောကြပြီး ကြယ်ကြွေတမန်အင်ပါယာမှ လူသား အဲဒက်စ်လည်း အနိုင်ရရှိရန် နာမည်ပြေးနေသူတစ်ယောက် ဖြစ်၏။ ဆေးရည် ပါရမီရှင် အန်ဒရူးကို ချီးပေါက်ကာ သတ်ပစ်ခဲ့သော အမှောင် နတ်သူငယ်၏ ဇာတ်လမ်းက ယနေ့အထိ ပြောနေကြဆဲ ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ နှစ်ပေါင်း သန်းနှင့်ချီကြာအောင် ဆေးရည် မဟာဆရာသခင်များက ဆေးရည် ဆရာသခင် ပြိုင်ပွဲမှ အမြဲပင် ပေါ်ထွက်လာလေသည်။ နတ်ဆိုးဘုံတွင် နှစ်ပေါင်း တစ်သောင်းနီးပါးကြာအောင် မဟာဆရာသခင် မရှိခဲ့ပေ။ ထို့ကြောင့် ယခုတွင် လူအများက ထိုဆေးရည်ဆရာသခင် ပြိုင်ပွဲ၌ ထိုသမိုင်းတင် အဖြစ်အပျက်ကို မြင်တွေ့ရရန်အတွက် အံ့သြဖွယ်ရာ တစ်ခုကို အလွန်ပင် စောင့်မျှော်နေကြလျက် ရှိနေလေသည်။
ညရောက်လာသောအခါ လနှစ်စင်းက ခရမ်းရောင် လင်းလက်လာပြီး တောက်ပစွာ လင်းလက်နေသာ မြို့တော်ပေါ် လွှမ်းမိုးသွားတော့သည်။
ညပိုင်း လှုပ်ရှားမှုများနှင့် ညနေဘဝကို သဘောကျသော နတ်ဆိုးများအတွက် နေ့တစ်နေ့၏ အလုပ်များဆုံးအချိန်က ယခုမှ စတင်မည် ဖြစ်ပေသည်။
အဂ္ဂိရတ်ပြိုင်ပွဲ တရားဝင် ဖွင့်လှစ်ရန် ရက်အနည်းငယ် ကျန်နေသေးသော်လည်း ကြယ်ကြွေတမန်အင်ပါယာသို့ လူဝင်ရောက်မှုက ပုံမှန်ထက် သုံးလေးဆ ပိုများလာပြီး ပြိုင်ပွဲအတွက် လက်မှတ်ကလည်း ရောင်းကုန်သွားပြီ ဖြစ်သည်။ ဆိုင်အများအပြားကလည်း ပိုက်ဆံရှာရန်အတွက် လျှော့စျေး အမျိုးမျိုး ပေးကြတော့သည်။
ညစျေးကွက်၊ တိုက်ပွဲဘောလုံးကွင်း၊ စားသောက်ဆိုင် စသဖြင့်တို့က စည်ကားနေ၏။ ၎င်းတွင် မှော်ဂိမ်းခေါင်းစွပ် ဝတ်ကာ စိတ်ဝိညာဉ်လောကထဲ၌ ဝင်ရောက် တိုက်ခိုက်နေသော ပရိသတ်များ မပါဝင်ကြသေးပေ။
တရားဥပဒေ စိုးမိုးရေးကို တည်မြဲစေရန်အတွက် မြို့တော်က အစောင့်အင်အားကို အထူး တိုးမြှင့်ထားသည်။ ကင်းလှည့်နေသော အစောင့်များကို နေရာတိုင်း၌ မြင်တွေ့နိုင်၏။ အလွန်ကြီးမားသော မှော်ရုပ်မြင်သံကြားကိုလည်း ဗဟိုပလာဇာကဲ့သို့ အများပြည်သူ နေရာများ၌ ခရီးသွားများ အခမဲ့ ကြည့်ရှုနိုင်ရန်အတွက် တပ်ဆင် ထားလေသည်။ ပြိုင်ပွဲအတွက် လက်မှတ် မရှိသူများက ထိုနေရာ၌ စုဝေးပြီး တိုက်ရိုက် ကြည့်နိုင်ပေသည်။
ကြယ်ကြွေတမန်အင်ပါယာရှိ တော်ဝင် တည်းဆိုခန်း၌ -
အသက် ၄၀ ဝန်းကျင်ရှိသော ဝတုတ်တုတ် ယောက်ျား တစ်ယောက်က ခါးကိုင်းထားပြီး ဦးညွှတ်ထားကာ ရှေ့မှ ကုလားထိုင်အား အလွန်လေးစားသော အမူအရာ ပြသနေ၏။
ကုလားထိုင်ပေါ်တွင် လူတစ်ယောက် ထိုင်နေ၏။ အသွင်အပြင် ဖြစ်စေ၊ အဟုန်ဖြစ်စေ၊ ကုလားထိုင်ပေါ်မှလူကို “သာမန်”ဟူသော စကားလုံးဖြင့်သာ ဖော်ပြ၍ ရနိုင်သော်လည်း သူ့ဘေးမှလူက စိတ်ထဲ၌ စစ်မှန်သော အကြောက်တရားဖြင့် ပြည့်နှက်နေပြီး မလှုပ်ရှားရဲပေ။
ကုလားထိုင်ပေါ်မှလူက တိတ်ဆိတ်နေခဲ့သည်။ ဦးညွှတ် နေသော သူ၏ ခေါင်းပေါ်မှ ချွေးများ စီးကျလာသော်လည်း မတ်မတ် မရပ်ရဲပေ။ မမြင်နိုင်သော ဖိအားက သူ့ခေါင်းပေါ်၌ သားသတ်သမား၏ ဓားဖြင့် ချိန်ထားသကဲ့သို့ ဖြစ်နေပြီး အချိန်မရွေး ခေါင်းဖြတ်နိုင်သကဲ့သို့ ဖြစ်နေ၏။
သာမန်လူက နောက်ဆုံးတွင် ပြောလိုက်သည်။ “နိတ်။ မင်းမှာ အခွင့်အရေး တစ်ခုပဲ ရှိတာ သဘောပေါက်လား။”
“သဘောပေါက်ပါတယ်။ အရှင်မင်းကြီ။” ဝတုတ်တုတ်လူက ပို၍ပင် ဦးညွှတ်လိုက်၏။
သာမန်လူက လက်ကို ဝှေ့ရမ်းလိုက်ရာ ဝတုတ်တုတ်လူက စိတ်သက်သာရာ ရသွားဟန်တူသည်။ သူက အလျင်အမြန်ပင် အရိုအသေပေးပြီး နောက်ပြန်ဆုတ်သွားခဲ့ပြီးနောက် မိမိ၏ အဝတ်အစားများက ချွေးများဖြင့် စိုရွှဲနေကြောင်း မြင်တွေ့လိုက်ရ လေသည်။
ရိုင်ဇန်က သူ့ကို သွေးရောင်အင်ပါယာမှ အကျဉ်းထောင်မှ လွှတ်ပေးပြီး ကြယ်ကြွေတမန်အင်ပါယာသို့ ရောက်လာသည်အထိ ၎င်းကိုသာ ပြောခဲ့သည်။ သူက အဓိပ္ပာယ် အတော်များများကို သဘောပေါက်သွား၏။
ယခုတစ်ခေါက်တွင် အင်ပါယာသုံးခု၏ အုပ်ချုပ်သူများက ပြိုင်ပွဲကို အဆုံးအဖြတ်ပေးသူများအဖြစ် တက်ရောက်ကြမည် ဖြစ်ပြီး ပြိုင်ပွဲ၏ အရေးပါပုံကို ပြသနေလေသည်။ သွေးရောင် အင်ပါယာကိုယ်စား ယှဉ်ပြိုင်မည့် ဆရာသခင်များထဲမှ တစ်ယောက်လည်းဖြစ်၊ အစွမ်းအထက်ဆုံး ဆရာသခင်လည်းဖြစ်၊ အကျဉ်းသားတစ်ယောက်လည်း ဖြစ်သည့်အတွက် ထိုအရာက တစ်ခုတည်းသော အဖတ်ဆယ်စရာ အခွင့်အရေး ဖြစ်၏။ နတ်ဆိုးဘုံက အစွမ်းထက်ပုဂ္ဂိုလ်များကို လေးစားပေသည်။ တခြားတရံ၌ ခွန်အားက အရာအားလုံးကို လွှမ်းမိုးနိုင်၏။ အကယ်၍ သူက ပြိုင်ပွဲကို အနိုင်ရနိုင်မည်ဆိုလျှင် ယခင် ဂုဏ်သိက္ခာကို ပြန်ရရှိနိုင်ချေများပြီး အခွင့်အရေးကို အရယူရန် ဆုံးရှုံးခဲ့ပါက လူသိရှင်ကြား အကျဉ်းသားဖြစ်နေသောသူက နောက်ဆုံး တည်ရှိမှု တန်ဖိုး ဆုံးရှုံးသွားပေလိမ့်မည်။
ဒီပြိုင်ပွဲမှာ ငါ အနိုင်ရရမယ် !
ကြယ်ကြွေတမန်မြို့တော်ရှိ ချောင်ကျသော ခြံဝင်းတစ်ခု၌ -
“ဆရာ...” ချန်လွေ့က ဝိုင်တစ်ပုလင်း ကမ်းပေးလိုက်၏။ “ဒါက အသစ်လုပ်ထားတဲ့ ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက်ပဲ။ အရင်ကထက် ပိုပြီးတော့ အရသာရှိတယ်။ ဒါကို မထုတ်ရောင်း ရသေးဘူး။ မြည်းကြည့်ပါ။”
ထယ်တင်းနစ်က ဝိုင်ပုလင်းကိုယူပြီး အဆို့ကိုဖွင့်ကာ အနံ့ခံကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်သွား၏။ သူက တစ်ငုံသောက်လိုက်ပြီး ကျေနပ်သော အမူအရာ ပြသလိုက်သည်။ “သိပ်ကောင်းတယ်။ ဒါနဲ့ အဲဒက်စ်။ မင်း ပြင်ဆင်ထားတာ ဘယ်လိုနေလဲ။”
ဘေးဖက်မှ အမှောင်နတ်သူငယ်က မည်းမှောင်သော အမူအရာ တစ်ခု ပြသပြီး ခေါင်းခါလိုက်သည်။ “ကျွန်တော့်ရဲ့ လေ့လာမှု နှေးကွေးတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ဆရာ။ အဲဒီ ထူးခြား လျို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်ကို အခုအထိ မဖမ်းဆုပ် နိုင်သေးပါဘူး။ ကျွန်တော်က မဟာဆရာသခင်ယောင် အဆင့် ရောက်ဖို့အတွက် နည်းနည်း လိုနေပါသေးတယ်။”
“မလောနဲ့။ ဒီပြိုင်ပွဲက လေ့ကျင့်တာ သက်သက်ပဲ။ မင်းရဲ့ အလားအလာက သိပ်ပြီးတော့ မထူးချွန်ပေမဲ့ မင်းမှာရှိတဲ့ ဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံမှုက ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် မင်းရဲ့ အရည်အချင်းတွေထက် အောင်မြင်ဖို့ လမ်းကြောင်းကို ရှာတွေ့ဖို့ ပိုပြီးတော့ လွယ်လိမ့်မယ်။” ထယ်တင်းနစ်က ချန်လွေ့ကို ရုတ်တရက် လှမ်းကြည့်လိုက်၏။ “အဲဒီဥပဒေသက မယုံနိုင်စရာ ပါရမီနဲ့ ကံကောင်းမှု ရှိတဲ့ သူတစ်ယောက် အတွက်တော့ မသင့်တော်ဘူးပေါ့။”
“ဆရာ။ ကျုပ်ရဲ့ ဝိုင်ကို သောက်တယ်ဆိုတော့ ကျုပ်ကို ချီးမွမ်းရမှာ မဟုတ်လား။” ချန်လွေ့က ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ဝက်နံရိုးနှပ် နောက်တစ်ပန်းကန် ချပေးလိုက်သည်။ “ဒါတွေ အားလုံးကို ကျုပ်ကိုယ်တိုင် လုပ်ထားတာ။ မဟာဆရာသခင် အဆင့်ကို အောင်အောင်မြင်မြင် အဆင့်တက်သွားတဲ့အတွက် ဆရာ့ကို ဂုဏ်ပြုတာပါ။”
“ဟမ့်။ လက်မခံရဲပါဘူး။ ငါက မင်းကို ဆရာလို့ ခေါ်ရမှာ။” ထယ်တင်းနစ်က တပည့်ဖြစ်သူအား ကြည့်နေရင်း တင်းမာစွာ ပြောလိုက်သော်လည်း မျက်လုံးများက ဖုံးကွယ်မထားသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။ ထိုနေ့ရက်များအတွင်း ချန်လွေ့၏ အကူအညီနှင့် အကြံပေးမှုများနှင့်အတူ မဟာဆရာသခင်ယောင် အဆင့်၌ နှစ်ပေါင်းများစွာ ရှိနေခဲ့သော ထယ်တင်းနစ်က နောက်ဆုံးတွင် ကြာရှည် အမြတ်တနိုး ထားခဲ့သော ဆန္ဒကို ပြီးမြောက်သွားကာ မဟာဆရာသခင်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိ သွားခဲ့လေသည်။
“ဆရာ။ ကျုပ် လက်မခံရဲပါဘူး။ ဒီဂုဏ်ပုဒ်က ကျုပ်ကို ဆက်ခံမှုပေးတဲ့ မဟာ့မဟာဆရာသခင်ကို ပေးလို့ရပါတယ်။ ကျုပ်ရဲ့ စိတ်ထဲမှာတော့ အဘိုးကြီး...အဲ...ဆရာက အမြဲတမ်း ဆရာပါပဲ။”
နောက်ဆုံးစကားက အမှန်တကယ် စိတ်ရင်းနှင့် ဖြစ်သည်။ အဘိုးအိုက ကြီးစွာသော ကျေနပ်မှုကို ခံစားလိုက်ရပြီး ပြုံးလိုက်သည်။ သူ့နောက် ဆူကာ ခေါင်းညိတ်လိုက်၏။ “စိတ်ထဲမှာ ရှိတာနဲ့တင် ကောင်းနေပါပြီ။ အဲဒီမိန်းမတွေကို ချော့တဲ့ စကားလှလှတွေ အသာထား။ ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိ မင်းအဆင့်က ငါ့ထက် အများကြီးသာတယ်။ အဲဒါကြောင့် ဆာမန်နဲ့ ယှဉ်ပြိုင်ပွဲမှာ ငါ ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆာမန်မှာ နှစ်တစ်သောင်းကျော် အတွေ့အကြုံ ရှိတယ် ဆိုတာတော့ ငါမင်းကို သတိပေးရမယ်။ သူက တကယ့်ကို အစွမ်းထက်တဲ့ မဟာဆရာသခင် တစ်ယောက်ပဲ။ မင်းနဲ့တောင် ယှဉ်နိုင် လောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်း သတိလက်လွတ်ဖြစ်လို့ မရဘူး။”
“ကျုပ်က ဘယ်ရန်သူကိုမှ လျှော့မတွက်ပါဘူး။ စိတ်မပူပါနဲ့။ ဆရာ။” ချန်လွေ့က ယုံကြည်မှု ကြီးကြီးမားမား ပြသခဲ့သည်။ “ကျုပ် သေချာပေါက် အနိုင်ရပြီးတော့ ဒီကံကြမ္မာအတွက် ပြီးပြည့်စုံတဲ့ အဆုံးသတ်တစ်ခု လုပ်ပေးမှာပါ။”
မြို့တော် ဆင်ခြေဖုံး၌ -
ဧရာမ အမှောင်ပုံရိပ်က ညကောင်းကင်ထဲ၌ ပေါ်ထွက်လာပြီး အရိုးဖြူတောင်ပံများက တလက်လက် ဖြစ်နေခဲ့သည်။ ၎င်း၏ တွင်းချိုင့်ဖြစ်နေသော မျက်တွင်းများက အမှောင်ထုထဲ၌ သရဲ သဖွယ် လက်နေခဲ့သည်။ အမှောင်ပုံရိပ်၏ ကျောပေါ်တွင် အနက်ရောင် ဝတ်ရံု လွှမ်းခြုံထားသော ပုံရိပ်တစ်ခုက ကြယ်ကြွေတမန်မြို့တော်ကို ကြည့်နေလေသည်။
ရက်စက်ယုတ်မာသော ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ ခဏကြာပြီးနောက် အလွန်ကြီးမားသော အမှောင်ပုံရိပ်တစ်ခုက ညကောင်းကင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။