မဟာဆရာသခင်
Vol. 50 Ch. 819
အစ်ဇဘယ်လာ ထင်ထားသည့်အတိုင်းပင် ဆေးရည် ဆရာသခင် ပြိုင်ပွဲက နောက်တစ်နေ့နံနက်ခင်း၌ ပြီးဆုံး သွားပြီးနောက် လျို့ဝှက်ဆန်းကြယ်သော ဆာမန်က မပေါ်ထွက် လာသေးပေ။ “ဉာဏ်များသော လူသား”လည်း ထိုအတိုင်းပင်။
ဆေးရည် ဆရာသခင်ပြိုင်ပွဲ နောက်ဆုံးအဆင့်က စိတ်လှုပ်ရှားစရာ ကောင်းသည်ဟု ယူဆ၍ ရနိုင်ပေသည်။ အင်ပါယာသုံးခု၏ ဆေးရည်ပညာရှင် အစည်းအရုံး ဥက္ကဋ္ဌများက အသေအချာပင် သာလွန်ကြသည်။ အန်ဂျီဂီလီ၏ တိုးမြှင့် ဆေးရည်က အံ့သြဖွယ်ရာ သန့်စင်မှုနှင့် အာနိသင်တို့နှင့်အတူ အလွန်အမင်း ထူးကဲလှသည်။ ဝယ်ဆန်က အစွမ်းအထက်ဆုံး သူက အလွန်ပြင်းထန်သော အဆိပ်ဆေးရည် တစ်ခုကိုပင် ဖန်တီးခဲ့လေသည်။ အဲဒက်စ်က ဘယ်ပေါင်းစုံ၌ တည်ငြိမ်၏။ သုံးယောက်လုံးက တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်နေတော့သည်။
နောက်ဆုံး ပြိုင်ပွဲတွင် အရိပ်နက်အင်ပါယာမှာ အန်ဂျီဂီလီက လက်ရှိအဆင့်ကို ကျော်လွန်ခဲ့ပြီး ဘေးထွက်ဆိုးကျိုး အနည်းဆုံး ရှိသော အစွမ်းထက် သံမဏိတံတိုင်းဆေးရည်ကို ဖော်စပ် ခဲ့လေသည်။
ခံုသမာဓိခေါင်းဆောင် ပန်နု ပြောသည့်အတိုင်းဆိုလျှင် ထိုဆေးရည်က ဆေးရည်မည်းမှ “အစစ်အမှန် သံမဏိတံတိုင်း ဆေးရည်”နှင့် အတော်လေး နီးစပ်နေပေသည်။ အန်ဂျီဂီလီက မဟာဆရာသခင်အဆင့်နား နီးကပ်သော အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့ပြီး ထိုအရာက မဟာဆရာသခင်ယောင်အဆင့် ဖြစ်လေသည်။ သို့သော်လည်း ထိုအရာ ထူးကဲသော စွမ်းဆောင်ရည်သာဖြစ်ပြီး အခြေအနေက မတည်ငြိမ်သေးပေ။ ထို့ကြောင့် သူ့ကို မဟာဆရာသခင်ယောင်ဟု မခေါ်နိုင်သေးပေ။
ထိုဆေးရည်နှင့်အတူ အန်ဂျီဂီလီက ပြိုင်ဘက်နှစ်ယောက်ကို အနိုင်ယူခဲ့ပြီး ဆရာသခင်ပြိုင်ပွဲကို အနိုင်ရရှိသွားတော့သည်။
ဆေးရည်ဆရာသခင်ပြိုင်ပွဲ ပြီးစီးသွားသည်နှင့် လူအများ၏ အာရုံစိုက်မှုက နောက်ဆုံးအဆင့်နှင့် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်သည့် ယန္တရားဆရာသခင် ပြိုင်ပွဲပင် ဖြစ်၏။
ဆေးရည်ဆရာသခင်များက သိုသိုသိပ်သိပ်သိပ် နေကြပြီး အများစုမှာ အဆိပ်များ ဖန်တီးကြသည့်အတွက် နာမည်ဆိုးများ ရှိကြလေသည်။ ထို့ကြောင့် ပြောရမည်ဆိုလျှင် လူအများက ယန္တရားဆရာသခင်များကို ပိုမိုရင်းနှီးပြီး သဘောကျကြ၏။
ယန္တရားဆရာသခင်တစ်ယောက်က အောင်မြင်သော သို့မဟုတ် ကျေနပ်လောက်စရာ လက်ရာတစ်ခုကို ပြုလုပ်ပြီးနောက် ပြုလုပ်သူ၏ နာမည်ကို ထွင်းထုခြင်း သို့မဟုတ် အမည်ပေးခြင်း ပြုလုပ်မည် ဖြစ်သည်။ ပစ္စည်းကောင်းတစ်ခုကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းတတ်သည်။ သို့သော်လည်း ဆေးရည် ဆရာသခင်များ ဖန်တီးထားသော ဆေးရည်များက ဆေးရည်မည်း ဖြစ်စေကာမူ သောက်လိုက်ပြီးနောက်တွင် ပုလင်းအလွတ်သာ ကျန်တော့သည်။
နေ့လယ်ပိုင်းတွင်း ယန္တရားဆရာသခင် ပြိုင်ပွဲအတွက် ပဏာမအဆင့် စတင်တော့သည်။ နာမည်သာ ကြားခဲ့ဖူးသော နာမည်ကျော် ဆရာသခင်များ ပြိုင်ကွင်းထဲသို့ လျှောက်လာသည်ကို မြင်သည့်အခါ ပြိုင်ကွင်းအခြေအနေက ရုတ်တရက် မြူးလာခဲ့သည်။ ကြယ်ကြွေတမန်အင်ပါယာ ယန္တရားအစည်းအရုံးဥက္ကဋ္ဌ ဆရာသခင် ဖွန်ဆက်က ပြိုင်ကွင်းထဲသို့ ရောက်လာသောအခါ ဒေသခံ ပရိတ်သတ်များကို ကျယ်လောင်စွာ ကြိုဆိုကြတော့သည်။
သွေးရောင်အင်ပါယာမှ အန်ဒါဆန်၊ ရမ္မနစ်ဂီ၊ သူရိယ၊ မာဗင်နာနှင့် အခြားသူများကလည်း “ပျောက်ဆုံးသွားခဲ့သော” ဖွန်ဆက်ကို တွေ့သောအခါ ရှေ့ဆက်လာကြပြီး ခေါင်းညိတ် နှုတ်ဆက်ကြလေသည်။ အစပိုင်းတွင် “ရစ်ချက်”ကို သူရိယက တပည့်အဖြစ် လက်ခံပြီးနောက် နောက်ပိုင်းတွင် နိတ်၏ သရုပ်မှန်ကို ဖော်ထုတ်ရန်အတွက် သူ့ကို သစ္စာဖောက်ကာ နောက်ဆုံးတွင် “စတေး”ခဲ့လေသည်။ သူရိယနှင့် ဇနီးဖြစ်သူတို့က ထိုအတွက် အချိန်အတော်ကြာ ဝမ်းနည်းခဲ့ကြပြီး သူရိယ၏သမီးဖြစ်သူ ဘလူအန်က ၎င်းကြောင့် တိတ်ဆိတ်သွားခဲ့လေသည်။
“မင်းမှာ တပည့်ကောင်းတစ်ယောက် ရှိတာပဲ...” ဟူ၍ သူရိယ ပြောသည်ကို ကြားသောအခါ အဖွဲ့(B)မှ ချန်ပီယံ ဖြစ်သွားခဲ့သော ဆိုဆာ မဟုတ်ဘဲ တစ်စုံတစ်ယောက်က “ရစ်ချက်”အဖြစ် ဟန်ဆောင်ခဲ့ကြောင်းကို အတော်ကြာမှသာ ဖွန်ဆက် မှတ်မိသွားခဲ့သည်။ သူ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားဟန်တူသည်။ သူ၏ မိတ်ဆွေဟောင်း ရှင်းရှင်းက လာဖက်လိုက်မှာပါ သူ သတိပြန်ဝင်လာခဲ့၏။
ဖွန်ဆက်နှင့် ဆန့်ကျင်ဘက်ပင် ထိပ်တန်း ယန္တရားဆရာသခင် နိတ်က ပေါ်ထွက်လာသည်နှင့် လှောင်ပြောင်သရော်ခံရလေသည်။ သွေးရောင်အင်ပါယာကိုယ်စား ယှဉ်ပြိုင်ကြသော သူရိယနှင့် အခြားသူများပင် အထင်သေးမှု ပြသကြသည်။ ဖွန်ဆက်က မျက်လုံးထဲမှ အမုန်းတရားကို မဖုံးကွယ်ထားခဲ့ပေ။
ယန္တရားဆရာသခင်ပြိုင်ပွဲကို သီးခြားယှဉ်ပြိုင်မှုနှင့် နောက်ဆုံး အဆင့်ဟူ၍ ပိုင်းခြားထားသည်။ သီးခြားယှဉ်ပြိုင်မှုက အမျိုးအစား တစ်ခုတည်း ကျွမ်းကျင်မှု ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ထုတ်ပယ် ခံရပြီးနောက်တွင် ကျွမ်းကျင်မှု တစ်မျိုးဆီမှ ထိပ်ဆုံး ၃ယောက်က နောက်ဆုံးအဆင့်သို့ ရောက်ရှိမည်ဖြစ်ကာ ထိုမှတဆင့် အနိုင်ရရှိသူကို ဆုံးဖြတ်မည် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် နိတ်နှင့် ဖွန်ဆက်တို့က ရှေ့ဆင့် နောက်ဆင့် နံပါတ်များ ရွေးမိခဲ့သည့်အတွက် စားပွဲများက အတော်လေး နီးကပ်နေခဲ့သည်။ နိတ်က ပတ်ပတ်လည်မှ လှောင်ပြောင်သရော်သံများနှင့် ဖွန်ဆက်၏ အမုန်းတရားကို လျစ်လျူရှုထားဟန်တူသည်။
နာမည်ပျက်နှင့် သိက္ခာကျခြင်းတို့က ယခု သူ့အတွက် သရုပ်ဖော်စရာ ဖြစ်နေလေသည်။ သူ့ခေါင်းပေါ်မှ ထိပ်တန်း ယန္တရားဆရာသခင်ဟူသော ရောင်လျှံကြောင့်သာ မဟုတ်လျှင် ယခုတစ်ခေါက် ပြိုင်ပွဲ၌ပင် ယှဉ်ပြိုင်ခွင့်ရလိမ့်မည် မဟုတ်ပေ။
အနိုင်ရသူ စားစတမ်းပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရောင်လျှံကို ထိန်းထားရမယ်။ ပြိုင်ပွဲသုံးခု ပြီးသွားပြီ။ ဆေးရည်ပညာရှင် ပြိုင်ပွဲနဲ့ ဆရာသခင် ပြိုင်ပွဲကို အရိပ်နက်အင်ပါယာက နိုင်သွားတယ်။ ယန္တရားပညာရှင် ပြိုင်ပွဲမှာ ကြယ်ကြွေတမန်အင်ပါယာက နိုင်သွားတယ်။ အရင်က ချန်ပီယံဆုတွေ ရခဲ့တဲ့ သွေးရောင် အင်ပါယာက အခုအထိ အောင်မြင်မှု မရသေးဘူး။ ဒါက သွေးရောင်အင်ပါယာ ဧကရာဇ်ရဲ့မျက်နှာကို အရှက်ရအောင် လုပ်နေတာပဲ။
ငါတို့တွေ ယန္တရားဆရာသခင် ပြိုင်ပွဲမှာ ရှုံးနိမ့်သွားဦးမယ် ဆိုရင် တခြား ယန္တရားဆရာသခင်တွေ ဘယ်လို အပြစ်ပေးခံ ထိမလဲတော့ မသိဘူး။ ငါ နိတ်မန်မွန်ကတော့ သေဖို့ကလွဲပြီးတော့ တခြားရွေးစရာ မရှိဘူး။
အနာဂတ်နဲ့ ဂုဏ်ကျက်သရေကို ပြန်ရဖို့အတွက်၊ ငါ့အသက်ကို ကယ်ဖို့အတွက် ဒီတိုက်ပွဲမှာ ငါ အနိုင်ရရမယ်။ ရုတ်တရက် နိတ်၏ မျက်လုံးများက အားကောင်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ သူက စိတ်ကို စုစည်းလိုက်ပြီး ထိပ်တန်း ယန္တရား အခြေအနေနှင့် ယုံကြည်ချက်များ အမှန်တကယ် ပြန်လည် ရရှိသွားခဲ့သည်။
“ဖွန်ဆက်။ အဲဒီတုန်းက မင်း မသေသွားခဲ့တာ ကံကောင်းတာပဲ။” နိတ်က ဖွန်ဆက်ကို အထင်သေးစွာ ကြည့်လိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ငါက အမြဲတမ်း နံပါတ် (၁) ဖြစ်မှာပဲ။”
ထိုစကားက အမှန်တကယ်၌ ပြိုင်ဘက်ကို တမင်တကာ ဒေါသထွက်အောင် ပြုလုပ်သော စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာ တစ်ခု ဖြစ်လေသည်။ ပရိတ်သတ်အများအပြားက ထို မောက်မာသော ရန်စမှုများကို မြင်သည့်အခါ လှောင်ပြောင် သရော်သံများ ပိုကျယ်လာခဲ့သည်။ ဖွန်ဆက်က နိတ်အား သတ်တော့မည်ကဲ့သို့ပင် မုန်တီးသော မျက်လုံးများဖြင့် စိုက်ကြည့် နေလေသည်။
ထိုအချိန် နောက်ဘက်ရှိ ယန္တရားစားပွဲသို့ လမ်းလျှောက် သွားနေသော ထယ်တင်းနစ်က ဖွန်ဆက်ကို ရုတ်တရက် ထိလိုက်၏။ ဖွန်ဆက်က နိုးထသွားဟန်တူပြီး အဝေးတွင် ရပ်နေသော ပရိသတ်များထဲမှ လက်ရှိဇနီး လီဆာနှင့် ချစ်ရသော သမီး နှစ်ယောက် အိဗ် နှင့် အလျန်တို့ကို ကြည့်လိုက်သည်။ အမှောင် နတ်သူငယ် ဆရာသခင်က ပင့်သက်ရှိုက်ပြီး မျက်လုံးထဲမှ အမုန်းတရားက ပြေလျော့သွားလေသည်။ သူက သရော်ပြုံး ပြုံးလိုက်၏။ “မင်းရဲ့ အစွမ်းတိုးဖို့အတွက် ကောက်ကျစ်တဲ့ နည်းလမ်းတွေကို မပြောကြရအောင်။ “နံပါတ်(၁)”ဆိုတာကလည်း စည်းမျဉ်းကို အခွင့်အရေးယူတာပဲ။ အထူးပြု တစ်ခုချင်းယှဉ်ရင် မင်းရဲ့ သတ္တုကျွမ်းကျင်မှုက ဆရာသခင် အန်ဒါဆန်လောက် မကောင်းဘူး။ သားရေကျွမ်းကျင်မှုကလည်း ငါ့လောက် မကောင်းဘူး။ အဆင်တန်ဆာကတော့...မင်းက ဆရာသခင် အဆင့်တောင် မရောက်သေးဘူး။”
“နိုင်တာက နိုင်တာပဲ။ ရှုံးတာက ရှုံးတာပဲ။” နိတ်က ဂုဏ်ယူလျက် ပြောလိုက်သည်။ “ဒီပြိုင်ပွဲပြီးရင် ငါက နံပါတ်(၁) ဖြစ်နေဦးမှာပဲ။ ပြီးတော့ အနာဂတ်မှာလည်း ဒီအတိုင်း ဖြစ်မှာပဲ။”
စည်းမျဉ်းအရဆိုလျှင် အကြီးမားဆုံး ခြိမ်းခြောက်မှုက သုံးသွယ်-အထူးပြု ပါရမီရှင် “အာသာ” ဖြစ်လေသည်။ သို့သော် “အာသာ”က ထိုပြိုင်ပွဲတွင် မပေါ်ထွက်လာခဲ့ပေ။ ကျန်ရှိသော နှစ်သွယ်-အထူးပြု ဆရာသခင် ဟောဖို့ဒ်ကလည်း နိတ်၏ တပည့် ဖြစ်ပြီး သူ၏အစွမ်းက အကြီးတန်း ဆရာသခင်အဆင့် မရောက်သေးပေ။ ထို့ကြောင့် နိတ်က ယခုတစ်ခေါက်တွင် ချန်ပီယံ ဖြစ်မည်ကို အလွန် ယုံကြည်ချက် ရှိနေ၏။
“မဟုတ်ဘူး။” ဖွန်ဆက်က ရုတ်တရက် တိတ်တဆိတ် ပြုံးလိုက်၏။ “မင်းက နှစ်သွယ်-အထူးပြု စည်းမျဉ်းအရ အသာစီး ရနိုင်ရင်တောင် ဒီနေ့မှာ မင်း ပထမနေရာ ရနိုင်မှာ မဟုတ်ဘူး။ မင်း ဒါကို အလောင်းအစား လုပ်ရဲလား။”
နိတ်က ပြိုင်ပွဲအတွင်း ယှဉ်ပြိုင်နေကြသော ဆရာသခင်များကို ကြည့်လိုက်သည်။ အားလုံးက ယခင် ဆရာသခင် ပြိုင်ပွဲမှ ရင်းနှီးသော မျက်နှာများသာ ဖြစ်ကြသည်။ ထိုသူများက အချိန်တို အတွင်း မိမိကို ကျော်လွန်နိုင်မည်ဟု သူ မထင်ပေ။ “မင်း ဘာကြေး လောင်းကြေးထပ်ချင်လဲ။”
“အသက်ကြေး..”
“ကောင်းပြီလေ။” ဖွန်ဆက်၏ အဖြေကို နိတ် မျှော်လင့်ထား ပြီးသား ဖြစ်သည်။ ပြိုင်ဘက်မှာ ဘယ်လို လှည့်ကွက်ပဲရှိရှိ ဒီလိုပြိုင်ပွဲမျိုးမှာ အရည်အချင်းက ရလာဒ်ကို ဆုံးဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ ပြီးတော့လည်း ပလ္လင်ပေါ်မှာ အင်ပါယာသုံးခုက ခေါင်းဆောင်သုံးယောက် ထိုင်နေကြတယ်။ လှည့်ကွက်တွေ၊ အလိမ်အညာတွေ လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါက အနိုင်ရနိုင်ချေ မြင့်မားတဲ့ ပြိုင်ပွဲတစ်ခုပဲ။ ပြီးတော့လည်း ငါမနိုင်ရင် သေမှာပဲ။ နိုင်မယ်ဆိုရင်တော့ ဖွန်ဆက်ရဲ့ အသက်ကို ယူနိုင်မယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပဲ။ ထို့ကြောင့် နိတ်က ချက်ချင်း သဘောတူလိုက်ခြင်း ဖြစ်ပေသည်။
ယန္တရားဆရာသခင် အများအပြား၏ မျက်မြင် သက်သေနှင့် အတူ သူတို့နှစ်ယောက်က ဝိညာဉ်စာချုပ် ချုပ်ဆိုလိုက်ကြသည်။ ပြိုင်ပွဲမစခင်မှာပင် ထိုကဲ့သို့ စိတ်လှုပ်ရှားစရာ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့ပြီး ပြိုင်ကွင်း အခြေအနေက အထိတ်အထိပ်သို့ ရောက်ရှိ သွားပြန်သည်။ အများစုကို ဖွန်ဆက်ကို ထောက်ခံကြပြီး အချို့ကတော့ အင်အားအရရော၊ စည်းမျဉ်းအရပါ နိတ်က အနိုင်ရရှိရန် အကျော်ကြားဆုံး ဖြစ်နေသေးသည့်အတွက် ဖွန်ဆက် မဆင်မခြင် လုပ်လွန်းသည်ဟု တွေးမိကြသည်။
စာချုပ် ချုပ်ပြီးနောက် ဖွန်ဆက် ထပ်အာရုံမထားတော့ပေ။ သူက အလျင်အမြန်ပင် အခြေအနေကို ချိန်ညှိလိုက်ပြီး တကယ့် စိန်ခေါ်မှုကို ရင်ဆိုင်ရန် အသင့် ဖြစ်နေခဲ့သည်။ ဆရာသခင် ရှင်းရှင်းက အထူးပြုအားလုံး၌ မဟာဆရာသခင်ယောင်ဖြစ်သော ထယ်တင်းနစ်၏ အစွမ်းကို သိသောသူအနည်းငယ်မှ တစ်ယောက် ဖြစ်သည့်အတွက် အချစ်ဆုံးသူငယ်ချင်၏ အလောင်းအစားကို ယုံကြည်ချက် ရှိနေပုံရသည်။ ဉာဏ်များသော “အက်ဂ်ယော” မရှိလျှင်ပင် နိတ်က သေချာပေါက် ထယ်တင်းနစ်ကို ရှုံးနိမ့်ပေမည်။
သို့သော်လည်း ထယ်တင်းနစ်သည် သိပ်မကြာခင်က မဟာဆရာသခင်ယောင်အဆင့်ကို ကျော်လွန်သွားခဲ့ပြီး တကယ့် မဟာဆရာသခင်အဆင့် ရောက်ရှိသွားပြီ ဖြစ်ကြောင်းကို ရှင်းရှင်း မသိခဲ့ပေ။
ဆရာသခင်နှစ်ယောက်က အသက်ကြေး လောင်းပြီးနောက် ယန္တရားဆရာသခင်ပြိုင်ပွဲ တရားဝင် စတင်တော့သည်။
ထင်ထားသည့်အတိုင်းပင် ထုတ်ပယ် ပွဲစဉ်များ ပြီးနောက် နိတ်၊ ဖွန်ဆက်၊ အန်ဒါဆန်၊ ရမ္မနစ်ဂီ၊ ထယ်တင်းနစ်၊ ရှင်းရှင်းနှင့် အခြားသူများ၏ နာမည်များက နောက်ဆုံးအဆင့်သို့ ရောက်ရှိ သွားကြလေသည်။
အမျိုးအစား တစ်ခုတည်း ပြိုင်ပွဲတွင် ပထမဆုံး ရရှိသူများက သားရေကျွမ်းကျင်မှု ဖွန်ဆက်၊ သတ္တုကျွမ်းကျင်မှု အန်ဒါဆန်နှင့် အဆင်တန်ဆာ ကျွမ်းကျင်မှု ထယ်တင်းနစ်တို့ ဖြစ်ကြသည်။ နိတ်က ထုတ်ပယ်ပွဲစဉ်များတွင် သားရေကျွမ်းကျင်မှုကို ရွေးချယ်ခဲ့ပြီး ဒုတိယ ရရှိခဲ့သည်။ မနက်ဖြန် နောက်ဆုံးအဆင့်က သူ့အတွက် အတော်လေး အရေးသာသည့်အတွက် နိတ်က စိုးရိမ်မနေပ။ သူက အခြေအနေကို ပြောင်းပြန်လှန်ရန် အတော်လေး ယုံကြည်ချက် ရှိနေ၏။
နောက်ဆုံးနေ့တွင် ကောင်းကင်က တိမ်လုံးဝမရှိဘဲ ကြည်လင်နေပြီး လနှစ်စင်းက တောက်ပစွာ လင်းလက်နေ၏။
နောက်ဆုံးအဆင့်တွင် အမှတ်စနစ်ကို အသုံးပြုသည်။ ဆရာသခင် တစ်ယောက်စီက သတ်မှတ်ထားသော အချိန်အတွင်း ပစ္စည်းသုံးခုကို ထုတ်လုပ်ရမည်ဖြစ်ကာ တစ်ခုစီကို အကဲဖြတ်မည် ဖြစ်သည်။ စုစုပေါင်း အမှတ်အများဆုံး ရရှိသူက ချန်ပီယံ ဖြစ်လာမည် ဖြစ်ကာ ထိပ်တန်း ယန္တရားဆရာသခင် ဖြစ်လာပေမည်။
အရည်အသွေးအပြင် လက်ရာ၊ ဂုဏ်သတ္တိနှင့် အဆင့် သတ်မှတ်ချက်တို့ကလည်း အထူးပြုအမျိုးမျိုးအတွက် အပို အမှတ်များ ရစေနိုင်ပေသည်။ သက်ဆိုင်ရာ စံနှုန်းနှင့် မညီလျှင် ရရှိသော ရမှတ်များက အထူးပြု တစ်ခုတည်း ပစ္စည်းများလောက် ကောင်းမွန်မည် မဟုတ်ပေ။ သို့သော်လည်း နိတ်၏ သတ္တုနှင့် သားရေ ကျွမ်းကျင်မှုတို့က အကြီးတန်း ဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ထိပ်တန်းအဆင့် အန်ဒါဆန်နှင့် ဖွန်ဆက်တို့ပြီးလျှင် ဒုတိယ ဖြစ်၏။ ထို့ကြောင့် စုစုပေါင်း ရမှတ်က အတော်လေး မြင့်မားပေလိမ့်မည်။ ထိုအရာက ယခင်တစ်ခေါက် ဆရာသခင်ပြိုင်ပွဲတွင် သူ ချန်ပီယံဆု ရရှိသွားခြင်း၏ အရေးအပါဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပေသည်။
နောက်ဆုံးအဆင့် စတင်လေပြီ။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ဆရာသခင်များက သက်ဆိုင်ရာ ပစ္စည်းများ ပြီးစီးသွားခဲ့ကြသည်။ ပြိုင်ကွင်း၏ အခြေအနေက ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ပရိတ်သတ် အများစုက အရပ်သားများ ဖြစ်ကြသည်။ ပရိသတ်အနေဖြင့် သူတို့ အာရုံစိုက်သည်က ဒဏ္ဍာရီလာအဆင့် ပစ္စည်းဖန်တီးခြင်းကို မျက်လုံးဖြင့် ကိုယ်တိုင်မြင်နိုင်ရန် ဖြစ်၏။
အန်ဒါဆန်၏ ပထမဆုံး ပစ္စည်းက “ပဲ့ထွက်ခုတ်ချက်” အမည်ရသော ဓားရှည်တစ်လက် ဖြစ်သည်။ ဒဏ္ဍာရီလာယောင် အဆင့်။ အစွမ်းကို ၃၁ %၊ ခုတ်ပိုင်း ထိခိုက်မှုကို ၃၂% တိုးစေနိုင်။ “ထက်မြက်မှု” ထပ်တိုး။ ၇၅ မှတ်။
ဒုတိယ ပစ္စည်းမှာ “မှောင်ရိပ်”ဖြစ်၏။ ဓားမြှောင်။ ဒဏ္ဍာရီလာယောင်အဆင့်။ လှုပ်ရှားမှု အမြန်နှုန်းကို ၃၅% ၊ လွှဲယမ်းအမြန်နှုန်း တိုးစေနိုင်။ နှစ်ထပ်အဆိပ် သက်ရောက်မှု။ ၇၇မှတ်။
တတိယပစ္စည်းမှာ “ရှုမောဖွယ်စန္ဒာ” အမည်ရသော ဒိုင်းကာ တစ်ခု ဖြစ်သည်။ ဒဏ္ဍာရီလာအဆင့်။ ပစ်လွှတ်ခြင်း ခုခံမှုကို ၃၅ %၊ အနီးကပ် တိုက်ခိုက်ခြင်း ခုခံမှုကို ၄၀% တိုးစေနိုင်။ သက်လုံ ဖြည့်တင်းမှု။ ၉၁ မှတ်။ စုစုပေါင်း ရမှတ်မှာ ၂၄၃မှတ် ဖြစ်၏။
ဖွန်ဆက်၏ ပထမဆုံး ပစ္စည်းက “အရိပ်” အမည်ရသော သားရေဝတ်ရုံ ဖြစ်၏။ ဒဏ္ဍာရီလာအဆင့်။ လှုပ်ရှားမှု အမြန်နှုန်းကို ၄၁%၊ လေဒြပ်စင် မှော်ကို ၄၀% တိုးစေနိုင်။ ၉၂ မှတ်။
ဒုတိယ ပစ္စည်းမှာ “အစောင့်အရှောက်” အမည်ရသော သားရေချပ်ကာ ဖြစ်၏။ ဒဏ္ဍာရီလာယောင်အဆင့်။ မှော်ထိခိုက်မှုကို ၃၁% လျှော့ချပေး။ လက်နက်အတုံးများအတွက် ခုခံမှုကို ၃၅% တိုးစေနိုင်။ တိုက်ခိုက်မှုကို တန်ပြန်နိုင်ခြင်းကို ကြီးကြီးမားမား တိုးမြင့်ပေးသော “ကြေးမုံ” ပါရှိ။ ၇၉ မှတ်။
တတိယပစ္စည်းမှာ “စစ်သန္နိဋ္ဌာန်” အမည်ရသော သားရေ လက်အိပ် ဖြစ်သည်။ ဒဏ္ဍာရီလာယောင်အဆင့်။ လက်နက် လွှဲယမ်းနှုန်းကို ၃၀% တိုးစေနိုင်။ မှော်ခုခံမှုကို ၃၀% တိုးစေ။ အဆိပ်ပြီး။ ၇၈ မှတ်။ စုစုပေါင်း ရမှတ်မှာ ၂၄၉ ဖြစ်၏။
ရှင်းရှင်းက စုစုပေါင်း ၂၂၃ မှတ် ရရှိခဲ့ပြီး ရမ္မနစ်ဂီက စုစုပေါင်း ၂၁၇မှတ် ရရှိခဲ့လေသည်....
ဖွန်ဆက်က ယာယီ အဆင့်၁ ရရှိနေသော်လည်း နိတ်က ပို၍ တည်ငြိမ်နေခဲ့သည်။ အကြောင်းမှာ အန်ဒါဆန်ဖြစ်စေ၊ ဖွန်ဆက်ဖြစ်စေ၊ သူတို့၏ စွမ်းရည်များက အမှန်တကယ် ထူးချွန်သော်လည်း ပစ္စည်းသုံးခုက အထူးပြုတစ်ခုတည်း ဖြစ်နေဆဲပင်။ သူ၏လက်ရာက ခုက အတော်လေး အဆင်ပြေခဲ့ပြီး ထိပ်တန်းအခြေအနေကို ရောက်ရှိခဲ့သည်။ ထိုပစ္စည်းသုံးခုထဲ၌ နှစ်ခုက သတ္တုအထူးပြုဖြစ်ပြီး တစ်ခုက သားရေအထူးပြု ဖြစ်သည်။ အခြေခံ အမှတ်က အန်ဒါဆန် နှင့် ဖွန်ဆက်တို့ထက် အနည်းငယ်နိမ့်ကျလျှင်ပငင် အပိုရမှတ် ၅၀ ရှိသေးသည့်အတွက် သူက ဘေးကင်းကင်းနှင့် နံပါတ်(၁) ဖြစ်နိုင်ပေသေးသည်။
နိတ်၏ ရလာဒ် ထွက်ပေါ်လာ၏။ အခြေခံအမှတ်က ၂၂၉ ဖြစ်ပြီး အပိုရမှတ်က ၅၀ ဖြစ်သည့်အတွက် စုစုပေါင်းရမှတ်မှာ ၂၇၉ ဖြစ်သွားခဲ့ပြီး ဖွန်ဆက်ကို ကျော်ကာ အဆင့်(၁) ဖြစ်သွားတော့သည်။
“ဟားဟား။ ငါပြောခဲ့တဲ့အတိုင်း ငါက အမြဲတမ်း နံပါတ်(၁)ပဲ။ အခုကော။ အနာဂတ်မှာကော။” နိတ်၏ တင်းမာနေသော နာ့ဗ်ကြောများက လျော့သွားခဲ့ပြီး ဖုံးကွယ်မထားသော ပျော်ရွှင်မှုကို ပြသလိုက်၏။ “ဖွန်ဆက်။ မင်း ရှုံးသွားပြီ။ မင်းရဲ့ အသက်ကို ငါယူမယ်။”
ပရိသတ်များက အတော်လေး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ ထိပ်တန်း ယန္တရားဆရာသခင် နိတ်က တကယ့်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ။ သူက ဖွန်ဆက်ကို တကယ်ပေဲ ကျော်လွန်နိုင်ခဲ့တယ်။ စာချုပ်အတိုင်းဆိုရင် ဖွန်ဆက်ရဲ့ အသက်က...
ဖွန်ဆက်က အနည်းငယ် ကြောက်လန့်ဟန်မျှ မပြဘဲ နိတ်အား အထင်သေးသော အကြည့်မျိုးဖြင့် ကြည့်လိုက်၏။ “ငါတို့ အလောင်းအစား လုပ်ထားတာက မင်း ပထမနေရာကို မရဘူးလို့ ငါ လောင်းထားတာပဲဆိုတာ မမေ့နဲ့။ ငါ ပထမရမယ်လို့ မလောင်းထားဘူး။ ဒီပြိုင်ပွဲက မပြီးသေးဘူး။”
“ငြင်းချင်သေးတာလား။” နိတ်က ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “ငါကလွဲရင် ဘယ်သူက...”
သူ စကားပြော မပြီးသေးခင်မှာပင် ရာဖြတ် ဆရာသခင်များ၏ အံ့သြသံများက ခုံသမာဓိအဖွဲ့မှ ရုတ်တရက် ထွက်ပေါ်လာ၏။ နိတ် ထိတ်လန့်သွားခဲ့ပြီး ဖွန်ဆက်ထံမှ သရော်နေမှုကို ရိပ်ခနဲ မြင်လိုက်ရကာ မကောင်းသော နိမိတ်တစ်ခုက သူ့စိတ်ထဲ၌ လှိမ့်တက်လာတော့သည်။
ဆရာသခင် အများအပြားက ခုံသမာဓိအဖွဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် စုပြုံလာကြတော့သည်။ သူတို့က အင်ပါယာ သုံးခု၏ ခေါင်းဆောင်များကိုပင် လျစ်လျူရှုနီးပါး ဖြစ်သွားကြ၏။
မျက်နှာပြင်အကြီးကြီးပေါ်တွင် နာမည်တစ်ခု ပေါ်ထွက်လာရာ အင်ပါယာသုံးခုမှ ခေါင်းဆောင်များလည်း အံ့သြသွားကြသည်။
ထယ်တင်းနစ် -
ပထမဆုံးပစ္စည်းက အမည်မရှိပေ။ သတ္တုအိပ်ဆောင်ဓား၊ ထူးကဲအဆင့်၊ ၁၀၇ မှတ်။
ဒုတိယပစ္စည်းမှာ အမည်မရှိ။ သားရေဦးထုပ်။ ထူးကဲအဆင့်။ ၁၀၉မှတ်။
ဒုတိယပစ္စည်းမှာ အမည်မရှိ။ မှော်လက်စွပ်၊ ထူးကဲအဆင့်၊ ၁၀၃မှတ်။
အခြေခံ ရမှတ်မှာ ၃၁၉ ဖြစ်ပြီး သုံးသွယ်-အထူးပြုအတွက် အမှတ် ၁၀၀ အပိုရရှိကာ စုစုပေါင်း ရမှတ်မှာ ၄၁၉ ဖြစ်လေ၏။
အဆင်တန်ဆာ၌သာ ကျွမ်းကျင်သည်ဟု လူသိများသော ထယ်တင်းနစ်က အမှန်တကယ်၌ သုံးသွယ်-အထူးပြု ဖြစ်နေသည်။ ထို့ပြင် အမှတ်များအားလုံးက ၁၀၀ ကျော်နေသည်။ မယုံနိုင်စရာ အကောင်းဆုံးမှာ ထိုပစ္စည်းများက ထူးကဲအဆင့်သာ ဖြစ်နေခြင်းပင်။
မူလက ဆူညံနေသော ပြိုင်ကွင်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး ပရိသတ်များ၏ ပထမဆုံး တုံ့ပြန်မှုက အံ့အားသင့်သွားခြင်းပင်။ ညစ်တာလား။
မဖြစ်နိုင်ဘူး။ အင်ပါယာသုံးခုရဲ့ ခေါင်းဆောင်တွေ အရှေ့မှာ ဘယ်သူက လူလည်ကျရဲမှာလဲ။
ဟုတ်တယ်။ ဘယ်သူမှ ပြောင်ပြောင်တင်းတင်း လူလည် မကျရဲဘူး။ နိတ်က မှန်းဆချက်ကို ချက်ချင်း ပယ်ချလိုက်၏။ ရာဖြတ် ဆရာသခင်၏ စံသတ်မှတ်ချက် အရဆိုရင် ထိပ်တန်း ဒဏ္ဍာရီလာအဆင့် ပစ္စည်းကတောင် အမှတ် ၁၀၀ မကျော်နိုင်ပြီး ဒါပေမဲ့ အရည်အသွေးက အမှတ်အတွက် တစ်ခုတည်းသော စံနှုန်း မဟုတ်ဘူး။ ဒီအမှတ်က အလိမ်အညာ မဟုတ်ဘူးဆိုရင်တော့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတော့တယ်။ နိတ် ရုတ်တရက် ကြက်သီး ထသွားတော့သည်။
ထိုနေရာမှ ဆရာသခင် တစ်ယောက်က အော်ပြောလိုက်၏။ “မဟာဆရာသခင်။ ဒါက မဟာဆရာသခင် အဆင့်ပဲ။”
ချက်ချင်းပင် ပရိသတ်များက အုတ်အော်သောင်းတင်း ဖြစ်သွားတော့သည်။ နတ်ဆိုးဘုံမှာ မဟာဆရာသခင် မပေါ်ထွက် လာတာ နှစ်ပေါင်း တစ်သောင်းနီးပါး ရှိနေပြီ။ အခုတော့ ယန္တရား မဟာဆရာသခင်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီပဲ။
ပြိုင်ကွင်းက အခြေအနေ ကသောကမျော ဖြစ်နေသော်လည်း နိတ်က စိတ်ဓာတ်ကျနေလေသည်။ နှစ်သွယ်-အထူးပြု ဖြစ်စေ၊ သုံးသွယ်-အထူးပြုဖြစ်စေ၊ “မဟာဆရာသခင်”ဟူသော စကားလုံး အရှေ့၌ တိမ်မြုပ်သွားပေလိမ့်မည်။ နောက်ဆုံး၌ ဖွန်ဆက်က မည်သည့်အတွက်ကြောင့် ယုံကြည်ချက်ချက် အသက်ရင်းပြီး အလောင်းအကြေး ထပ်ခဲ့ကြောင်း သူ သဘောပေါက်သွားခဲ့သည်။