စည်းမျဉ်းဟာကွက်...
Vol. 50 Ch. 822
စောင့်ဆိုင်းခြင်းက အမြဲပင် ကြာမြင့်ပေသည်။ အထူးသဖြင့် အရပ်သားများက ကျွမ်းကျင်သူများကို ကြည့်နေရချိန် ဖြစ်၏။ သို့သော်လည်း မဟာဆရာသခင်နှစ်ယောက်၏ “စည်းချက်” အရှေ့တွင် အချိန်ကုန် မြန်နေပုံရသည်။ ပရိတ်သတ်က အံ့သြဖွယ်ရာ ခံစားချက်ကို ကောင်းကောင်းမွန်မွန် မဆုပ်ကိုင် နိုင်ခင်မှာပင် အချိန်၂နာရီ ကုန်ဆုံးသွား၏။
ချန်လွေ့နှင့် ဆာမန်တို့ အရှေ့ရှိ ယန္တရား စားပွဲပေါ်တွင် ဓားနှစ်လက် ရှိနေသည်။ သူတို့ကိုယ်တိုင် မျက်လုံးနှင့် မမြင်ခဲ့ရလျှင် ထိုဓားနှစ်လက်ကို တစ်ယောက်တည်းက ပြုလုပ်ခဲ့သည်ဟု ထင်မိကြပေလိမ့်မည်။ အကြောင်းမှာ အရှည်၊ ပုံစံနှင့် ခံစားချက် တို့ကပင် အတူတူနီးပါး ဖြစ်နေ၍ပင်။ ၎င်းတို့နှစ်ခုလုံးက ထူးကဲအဆင့်များ ဖြစ်ကြပြီး ဖန်တီးထားပုံ ကောင်းမွန်လှပေသည်။
ဓားနှစ်လက် ခံစားချက် တူနေရသည့် အကြောင်းရင်းမှာ မဟာဆရာသခင်နှစ်ယောက်၏ ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုများက ဆင်တူနေ၍ပင်။ ဓားနှစ်လက်၏ အသေးစိတ် အချက်အလက်များက ၂နာရီအတွင်း တိုက်ခိုက်ရန် အခြေအနေနှင့် ကိုက်ညီသော အကောင်းဆုံး ရွေးချယ်မှုများ ဖြစ်လောက်ပေသည်။
သို့သော်လည်း အဆုံးသတ်၌ တစ်ယောက်တည်းသာ အသက်ရှင်ကျန်မည် ကဲ့သို့ပင် ဓားနှစ်လက်တွင်လည်း တစ်လက်သာ ကျန်ရှိပေလိမ့်မည်။
ထို့နောက် ဆက်လာမည်မှာ ပြိုင်ပွဲ ရလာဒ် ဖြစ်၏။
ဓားနှစ်လက်က တဖြည်းဖြည်း လေပေါ် မြှောက်တက်သွားပြီး မရေမတွက်နိုင်သော ပရိသတ်များ၏ ခံစားချက်များကို သက်ရောက် စေခဲ့သည်။ ထိုဓားနှစ်လက်က အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး အချင်းချင်း အလျင်အမြန် တိုက်မိသွားသည်။ မီးပွင့်များ ထွက်ပေါ်နေရင်း ပရိတ်သတ်များ၏ နှလုံးသားများက ဆက်လက် တုန်ခါနေတော့သည်။
၁၀ကြိမ်နှင့်အထက် ခုတ်ပြီးနောက် “ချွမ်း” ဟူသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။ ဓားတစ်လက်က တဝက် ပြတ်သွားခဲ့ပြီး ပြုတ်ကျသွားကာ ကျန်တစ်လက်က အက်ကြောင်းများ ရှိနေသော်လည်း အဆုံးသတ်၌ ကြံ့ကြံ့ခံနေခဲ့၏။
ဓားက တဖြည်းဖြည်းနှင့် ချန်လွေ့ အရှေ့သို့ ပျံသန်း လာခဲ့ပြီး ပရိတ်သတ်များက သြဘာပေးလိုက်ကြသည်။ သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်....မဟုတ်ဘူး။ မဟာဆရာသခင် “အာသာ” နိုင်သွားပြီ။
လျို့ဝှက်ဆန်းကြယ်သော မျက်လုံးတစ်ဖက် မဟာဆရာသခင် နှင့်ယှဉ်လျှင် နတ်ဆိုးဘံု၌ နာမည်ကျော်ခဲ့ဖူးသော ပါရမီရှင် မဟာဆရာသခင်က ပရိတ်သတ်များက လက်ခံမှုနှင့် ထောက်ခံမှု ရရှိရန် လွယ်ကူမည်မှာ အသေအချာပင်။
ပထမဆုံး ပွဲစဉ်ဖြစ်သော ယန္တရားပြိုင်ပွဲတွင် အာသာက ၂ - ၀ ဖြင့် အနိုင်ရရှိခဲ့လေ၏။
ဥပဒေသစွမ်းအားက ချက်ချင်းပင် အစွမ်းပြလာပြီး ချန်လွေ့က ဆာမန်ထံမှ ထွက်လာသော အသက်ဓာတ်များကို ခံစားလိုက်ရ၏။ ဆာမန်၏ မျက်လုံးတစ်လုံးမှ အလင်းရောင် ရုတ်တရက် မှိန်သွားပြီး သူက အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရသည်။
ပထမဆုံးပွဲစဉ်ကို ငါ ရှုံးသွားတယ်။ ဆာမန်၏လက်က အနည်းငယ် တုန်လှုပ်နေခဲ့သည်။ နှစ်ပေါင်း ၅၀၀၀ ရှိနေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀၀၊ အလောင်းအစား တိုက်ပွဲ စကတည်းက ငါ တစ်ကျော့မှ မရှုံးနိမ့်ခဲ့ဘူး။ အားလုံးက ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ။ ဒီနေ့ ပထမဆုံး ပွဲစဉ်မှာပဲ အသက်၃၀တောင် မပြည့်သေးတဲ့ ဒီပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့တယ်ဆိုတာ ငါ မယုံနိုင်ဘူး။
“ဘာလို့လဲ။” ဆာမန်က ညည်းတွားလိုက်၏။ “ကုန်ကြမ်းတွေ၊ နည်းစနစ်တွေ၊ ဂုဏ်သတ္တိတွေ အားလုံးက အတူတူ နီးပါးပဲ။ ဘာလို့ ငါ့ဓားက ကျိုးသွားရတာလဲ။”
“ခင်ဗျားရဲ့ စရိုက်က ဘယ်လိုပဲ အရှက်မရှိ ဖြစ်နေပါစေ၊ ခင်ဗျားက မဟာဆရာသခင် တစ်ယောက်ပဲ။ ဒါပေမဲ့ ခင်ဗျားကို နားလည်အောင် ပြောပြမယ်။” ချန်လွေ့က ပုံမှန်ပင် ပြောလိုက်၏။ “ကျုပ်တို့ရဲ့ ကုန်ကြမ်း၊ နည်းစနစ်နဲ့ တခြားအရာတွေက အတူတူ နီးပါး ဖြစ်ပေမဲ့ ကျုပ်မှာက ခင်ဗျားမှာမရှိတဲ့ အရေးအကြီးဆုံး အရာတစ်ခု ရှိနေတယ်။ အဲဒါက ဓားအပေါ် နားလည်မှုပဲ။ ခင်ဗျားမှာ ရှိတာက လက်နက် ဘယ်လိုသွန်းလုပ်ရမလဲ ဆိုတာကို နားလည်တာပဲ။ ကျုပ်က ဓား ကိုယ်တိုင်ကို နားလည်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့လက်နက်က ဓားဖြစ်လို့ပဲ။ အဲဒါကြောင့် ကျုပ်ဖန်တီးလိုက်တဲ့ဓားက ခင်ဗျားဟာထက် အသက်ပိုဝင်တယ်။ အတိအကျ ပြောရရင်တော့ ခင်ဗျားနဲ့ ကျုပ်ကြားမှာ အဆင့်က အတူတူနီးပါးပဲ။ ဒါပေမဲ့ ဒီလိုမျိုး ခြားနားချက်လေးတစ်ခုက ရလာဒ်ကို ဆုံးဖြတ်ပေးဖို့ လုံလောက်တယ်။”
ထိုစကားလုံးများက မဟာဆရာသခင်အဆင့် အမှန်တရားများ ပါဝင်ကြောင်း ထိုယန္တရားဆရာသခင်များ ခံစားလိုက်ရသည်။ သူတို့ နားမလည်သော အရာများစွာ ရှိနေသော်လည်း သူတို့က ပျော်ရွှင်ပြီး ကျေနပ်နေဆဲ ဖြစ်လေသည်။
ဆာမန်၏ မဟာဆရာသခင်အဆင့် အစွမ်းအစက အလကား သက်သက် မဟုတ်ပေ။ သူက ခဏအကြာတွင် ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းကို သဘောပေါက်သွားခဲ့ပြီး ပင့်သက်ရှိုက်ကာ မျက်လုံးထဲ၌ လေးနက်သော အမူအရာတစ်ခု ပြသလိုက်သည်။ “မင်းကို လျှော့တွက်ခဲ့မိတာ ငါ ဝန်ခံတယ်။ မင်းရဲ့ အစွမ်းအစက ထယ်တင်းနစ်ထက် ကျော်လွန်သွားပြီ။ ငါတောင် မင်းကို အလေးအနက် ထားရတော့မယ်။ မင်းက တကယ့်ကို ပါရမီရှင်နဲ့ အစွမ်းထက်တဲ့ မဟာဆရာသခင် တစ်ယောက်ပဲ။ ကံဆိုးချင်တော့ မင်းက ငါ့အတွက် အနင်းခံကျောက်တုံး ဖြစ်လာဖို့ ကံပါလာတယ်။ မင်းရဲ့အသက်၊ ဂုဏ်သိက္ခာနဲ့ မင်းမှာရှိသမျှ အရာအားလုံးက ငါ့အပိုင် ဖြစ်လာမှာပဲ။”
“ခင်ဗျား ပိုင်ဆိုင်တဲ့ တစ်ခုတည်းသောအရာက ရှုံးနိမ့်မှုပဲ။” ချန်လွေ့က ပုံမှန်ပင် ပြုံးလိုက်သည်။ “နောက်တစ်ခုက ဆေးရည် ပြိုင်ပွဲပဲ။ ခင်ဗျား နားဖို့ မလိုဘူးလား။ မဟာဆရာသခင် ဆာမန်။”
ဆာမနက် အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ “သိပ်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ မင်းရဲ့ ဆေးပညာက သိပ်ပြီးတော့ ဂုဏ်သတင်း မရှိပေမဲ့ မင်းက ထယ်တင်းနစ်လိုပဲ မဟာဆရာသခင်အဆင့် ရောက်သွားပြီဆိုတာ ငါသိတယ်။ ငါ့ရဲ့ ဆေးပညာက ယန္တရားပညာထက် အများကြီးသာတယ်။ ငါမင်းကို အခွင့်အရေးပေးမှာ မဟုတ်ဘူး။ ငါ ခုနက ဆုံးရှုံးသွားတဲ့ အသက်ဓာတ်ကို ပြန်ယူမယ်။”
အမှန်တကယ်၌ ပရိသတ် အများအပြားက “အာသာ”သည် ယန္တရားမဟာဆရာသခင်အပြင် ဆေးရည် မဟာဆရာသခင်လည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမိထားကြပြီ ဖြစ်သည်။ သူက ဘက်စုံ မဟာဆရာသခင် တစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သူမျိုးက နှစ်ပေါင်း သိန်းနှင့်ချီအတွင်း တစ်ယောက်ရှာတွေ့ရန် ရှားသော်လည်း ယခုတွင် သုံးယောက် ရှိနေလေသည်။ ထို့အပြင် သူတို့က ဆရာ တပည့်နှင့် သူသေကိုယ်သေ ပြိုင်ကြမည့် ကမ္ဘာမကြေ ရန်သူများ ဖြစ်နေကြသည်။ ရလာဒ်က မည်သို့ပင် ဖြစ်စေကာမူ နတ်ဆိုးဘုံ သမိုင်းကြောင်းထဲ၌ အမှတ်အသား ကြီးကြီး ကျန်ရစ်စေလိမ့်မည်။
ယနေ့ ထိတ်လန့်မှုများက လုံလောက်နေပြီ ဖြစ်သည်။ ယခုတွင် ပရိသတ်များက ထိုပြိုင်ပွဲ ရလာဒ်ကိုသာ ပို၍ စောင့်မျှော်နေကြ၏။
“ဒီလို နုံအတဲ့ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာက ခင်ဗျားရဲ့ အပြစ်ရှိစိတ်ကိုပဲ ထုတ်ပြနေတာပဲ။ ဒါက စိတ်တင်းမာနေတာကို ပြေလျှော့ဖို့ ခင်ဗျားရဲ့ ကြိုးပမ်းမှုများလား။” ပြတ်ပြတ်သားသား ရယ်သံတစ်ခုက ချန်လွေ့၏ မျက်နှာဖုံးနောက်မှ ထွက်ပေါ်လာ၏။ “ကျုပ် ခင်ဗျားကို သတိပေးချင်တာကတော့ ခင်ဗျား ထပ်ရှုံးလို့ မရတော့ဘူး ဆိုတာပဲ။”
ဆာမန်က ဆက်မပြောတော့ပေ။ သူက ပင့်သက်ရှိုက်ပြီး အာရုံ စုစည်းလိုက်သည်။ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် သူက ဆေးရည်ပုလင်းကို စတင်ဖော်စပ်တော့သည်။
သုံးပွဲပြိုင်ရသော စည်းမျဉ်းဖြစ်၏။ ပထမဆုံး ပွဲစဉ်က “ထာဝရစွမ်းအား” ဆေးရည်မည်းကို ဖော်စပ်ရခြင်း ဖြစ်သည်။ ပထမဆုံး ပြီးစီးသူက အနိုင်ရရှိပေမည်။
ထိုပွဲစဉ်က ပွဲကြည့်သူ အများအပြားကို မျက်လုံးပြူသွား စေခဲ့သည်။ အစစ်အမှန် ဆေးရည်မည်း အတွဲလိုက်က ဆေးရည် မဟာဆရာသခင်အတွက် ဝင်ခွင့်ဆေးရည်များ ဖြစ်ပြီး ထာဝရ ဆေးရည်အတွဲလိုက်က အဆင့်မြင့်ဆေးရည် ဖြစ်သည်။ အစစ်အမှန် ဆေးရည်အတွဲလိုက်က ယာယီသာ ဖြစ်၏။ ဆေးရည်ဖြူနင့်ယှဉ်လျှင် အာနိသင်ကို နှစ်ဆတိုးစေပြီး ဘေးထွက် ဆိုးကျိုး လုံးဝ မရှိပေ။ ထာဝရဆေးရည်များကတော့ တိုးမြှင့်သော ဂုဏ်သတ္တိများက တသက်တာ အာနိသင် ရှိခြင်းပင်။ အမြင့်ဆုံး အဆင့် ဆေးရည်များ ဖြစ်ကြသော ပြန်လည်ရှင်သန်ခြင်း ဆေးရည်နှင့် အသက်ရှည်ဆေးရည်တို့ကိုမူ ဒဏ္ဍာရီလာ မဟာ့မဟာ ဆရာသခင်များသာ ဖော်စပ်နိုင်၏။ ဆိုလိုသည်မှာ တကယ့် မဟာ့မဟာ ဆရာသခင်များက ထိုကဲ့သို့ ဆေးရည်မည်းများနှင့် မပတ်သက်တော့ပေ။ သူတို့က နတ်ဘုရားများကိုပင် ကြောက်ရွံ့ စေနိုင်သော နတ်ဘုရားဆေးရည်များကို ဖန်တီးနိုင်ကြသည်ဟု ပြောကြလေသည်။ သို့သော်လည်း ထိုအရာများက သမိုင်းကြောင်း အဟောင်းထဲမှ ရှေးဒဏ္ဍာရီများသာ ဖြစ်ပြီး မှန်မမှန်ကို စုံစမ်းရန် လိုအပ်ပေသည်။ သူတို့အရှေ့မှ ထာဝရ ဆေးရည် အတွဲလိုက်က ယခုတွင် ဆွဲဆောင်မှု အရှိဆုံး ဖြစ်နေ၏။
အမှတ်အသား နေရာလွတ်က ဆေးပင် အများအပြားကို ပေးခဲ့ပြီး နှစ်ဖက်လုံးက ၎င်းတို့ကို ရောနှောရန် ရွေးချယ်နိုင်သည်။ ဆေးရည်အတွက် ဖော်မြူလာက တသမတ်တည်း မရှိပေ။ အဓိက ကိုယ်ထည်အတွက် အခြေခံ ဖော်မြူလာအပြင် ကုန်ကြမ်း၊ အဆင့်၊ နည်းစနစ်အပါအဝင် ရှုထောင့်အမျိုးမျိုးက သေးငယ်သော ပြောင်းလဲမှုများနှင့် တိုးတက်မှုများကို ဖြစ်စေနိုင်၏။ ထို့ကြောင့်ပင် ဆေးရည်များ၌ သန့်စင်မှု မတူညီရခြင်း ဖြစ်သည်။ မတူညီသော ဆေးရည်ပညာရှင်များ ဖန်တီးသော ဆေးရည် အတူတူတွင် ဖော်မြူလာများ မတူနိုင်ပေ။ ဆေးရည်မည်းများ အတွက်လည်း အတူတူပင်။ အဓိကသော့ချက်မှာ ဆေးရည်၏ အာနိသင်ပင် ဖြစ်လေသည်။
ထိုအရာက ယခင် သန့်စင်မှု စမ်းသပ်ချက်နှင့် ကွဲပြား၏။ သန့်စင်ခြင်းက နေရာလွတ်ပေးသော ကုန်ကြမ်းကို စူပါစနစ်ထဲ ထည့်ပြီး လုပ်၍ ရသည်။ ယခုတစ်ခေါက် သူက အမှတ်အသား နေရာလွတ်မှ ကုန်ကြမ်းများကို မသုံးဘဲ ဆေးရည်ကို တစ်ခါတည်း လဲလှယ်လိုက်မည်ဆိုလျှင် နေရာလွတ် ဥပဒေသက အသိအမှတ် ပြုလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ထာဝရဆေးရည် အတွဲလိုက် ပြင်ဆင်ရာ၌ ချန်လွေ့က ကိုယ်ပိုင် အတွေ့အကြုံ ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူက အလျင်အမြန် စဉ်းစားပြီးနောက် ကိုယ်တိုင် ဖော်စပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဆေးရည် မဟာဆရာသခင်များက “လောက”ဟူသော စကားလုံးကို အလေးထားသည်။ ဆေးရည်တစ်ခုလုံး ပေါင်းစပ်ခြင်းက မူလတည်ရှိမှုကဲ့သို့ဖြစ်သော်လည်း ဆေးရည် ပညာရှင်က အဖုံးကို ဖြည်းဖြည်းချင်း မရသည်။ ချန်လွေ့က “ထာဝရစွမ်းအား”ဆေးရည်ကို ပြုလုပ်ပြီး စိတ်နှစ်သော နယ်ပယ်မှ ထွက်လာပြီးနာက်တွင် ဆာမန် ပြီးစီးသွားသည်မှာ ကြာပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ဆေးရည်ပြိုင်ပွဲ ပထမဆုံးအကျော့၌ “အာသာ” ရှုံးနိမ့်သွား၏။
နေရာလွတ်က ပေးသော အချိန်အရ ဆာမန်၏ အမြန်နှုန်းက သူ့ထက် နှစ်ဆခန့် ပိုမို မြန်ဆန်နေခဲ့သည်။ တစ်နည်း ပြောရလျှင် ချန်လွေ့ တဝက်သာ ရှိနေသေးချိန် ဆာမန်က ပြီးသွားလေပြီ။
“ဒီအမြန်နှုန်းက လုံးဝ ပုံမှန်မဟုတ်ဘူး....” ချန်လွေ့၏ မျက်လုံးများက ဆာမန်အရှေ့မှ ကုန်ကြမ်းများကို အာရုံစိုက် ကြည့်လိုက်သည်။ ဆေးရည်ကိုယ်ထည်အတွက် ကုန်ကြမ်းများ နေရာမပြောင်းသည်ကို တွေးလိုက်သောအခါ သူက တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ “ခင်ဗျားက ပြိုင်ပွဲမစခင် ဆေးရည်တွေ အတွက် အဓိကကုန်ကြမ်းတွေကို ကြိုလုပ်ထားတာပဲ။ ဒီလိုမျိုး ညစ်တာကိုလည်း ခွင့်ပြုတာပဲလား။”
“မင်းက ဒီလောက် မြန်မြန် တွေ့သွားတာပဲ။” ဆာမန်က သုန်မှုန်လျက် ပြုံးလိုက်သည်။ “အတိအကျပြောရရင်တော့ ငါ ဒါကို မနေ့က လုပ်ခဲ့တာ။ ဘာလို့လဲဆိုတော့ အဓိကပစ္စည်းတွေရဲ့ ဆေးအာနိသင်တွေက အချိန်အကန့်အသတ် ရှိတယ်လေ။ ပြီးတော့ အချိန်လွန်သွားရင် အာနိသင် မရှိတော့ဘူး။ အဆုံးသတ် ပစ္စည်းကို နေရာလွတ်ထဲမှာ လုပ်သရွေ့ ဒီအမှတ်အသား ဥပဒေသက ခွင့်ပြုပေးတယ်။ ခုနတုန်းက မင်း အတော်လေး မြန်တာကို ငါ ချီးမွမ်းရမယ်။ ငါ မင်းနဲ့ ပြိုင်မယ်ဆိုရင် ရှုံးနိုင်မယ့် အခွင့်အရေး ရှိလောက်တယ်။”
“အပြီးသတ်ပစ္စည်းက နောက်ဆုံးပေါ် “ထုတ်လုပ်”တာ ဖြစ်နေသရွေ့ ခွင့်ပြုတာလား။” ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ “သဘောပေါက်ပြီ။ ခင်ဗျား ဒီတစ်ကျော့ နိုင်ပါတယ်။”
“မင်းက ငါ ဆုံဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ပြိုင်ဘက်ပဲ။ အစွမ်းလည်းထက်တယ်။ တုံ့ပြန်ပုံနဲ့ လျို့ဝှက်ကြံစည်တာလည်း တော်တယ်။” ဆာမန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အပြုံးက ပို၍ပင် ဘဝင်ခိုက်သွားခဲ့သည်။ “ကံဆိုးချင်တော့ မင်းက ပထမဆုံး ယှဉ်ပြိုင်ရတဲ့အတွက်မို့လို့ အရေးနိမ့်နေတာ။ နှစ်ပေါင်း ထောင်နဲ့ချီအာင် ငါက ဥပဒေသကို လုံးဝ နားလည်ပြီးတော့ လွတ်လွတ်လပ်လပ် အသာစီးရအောင် လုပ်နိုင်တယ်။ ငါ့ကို ညစ်တယ်ပြောလည်း ကိစ္စမရှိဘူး။ အနိုင်ရသူက ပထမပဲ။ ဒီအတိုင်း မင်း အနိုင်ရနိုင်မယ်ဆိုရင် ငါက ကျေကျေနပ်နပ်နဲ့ သေပေးလိုက်မယ်။”
“ဥပဒေသတွေကို နားလည်အောင်လုပ်ဖို့က နောက်မကျ သေးပါဘူး..” ချန်လွေ့က အမှန်တကယ် ရယ်လိုက်၏။ “ကျုပ် ခင်ဗျားကို ကျေကျေနပ်နပ်နဲ့ ပေးသေမယ်။”
“နောက်မကျလွန်းဘူးလား။ မင်းက ခဏထွက်သွားပြီးတော့ အဓိကပစ္စည်းတွေကို ဖော်စပ်ချင်တာလား။” ဆာမန်က သရော်ပြုံး ပြုံးလိုက်၏။ “ဆေးရည်အတွက် အဓိကပစ္စည်းက အချိန် အကုန်ဆုံးပဲ။ ပြီးတော့ တစ်ရက်ကျော်ရင် အာနိသင်က ကုန်သွားမှာ။ ငါက ဆေးရည်တစ်ခုစီအတွက် ပြင်ထားတယ်။ ဆေးရည်ပြိုင်ပွဲဖြစ်ဖြစ်၊ တတိယပွဲစဉ်ရဲ့ နောက်ဆုံးပြိုင်ပွဲ ဖြစ်ဖြစ်၊ ဆေးရည်အမျိုးအစားမှာ ငါ သေချာပေါက် အနိုင်ရမှာပဲ။ ယန္တရားပညာနဲ့ ပတ်သက်ရင်တောင် ငါတို့ကြားက အဖြေကို ပြောက ခက်ခဲတယ်။ မင်းအခု လုပ်နိုင်တာက အချိန်တိုင်း တတိယပွဲစဉ်ကို ယန္တရားပညာ ရွေးမိပါစေလို့ ဆုတောင်းဖို့ပဲ။ ဒါပေမဲ့ ငါမင်းကို သတိပေးလိုက်မယ်။ မင်း တစ်ပွဲ ရှုံးမယ်ဆိုရင် အသက်တဝက် ဆုံးရှုံးရလိမ့်မယ်။ ပြီးတော့ မင်းက ကံကောင်းတာ မဟုတ်ဘူး။”
“ခင်ဗျားရဲ့ နောက်ဆုံးစကားမှာ သတ်မှတ်ချက်တစ်ခု ထပ်ဖြည့်လိုက်။ တတိယအကျော့အထိ ခင်ဗျား တောင့်ခံနိုင်မယ် ဆိုရင်ပေါ့။” ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ “ကောင်းပြီလေ။ ဒုတိယပွဲကို စကြတာပေါ့။”
ကံတရားက ဆာမန်ဘက်တွင် ရှိနေပုံရသည်။ ဒုတိယ အကျော့၌ ချန်လွေ့ မဲနှိုက်သောအခါ အချိန် ၂နာရီအတွင်း သန့်စင်မှု ၉၀% ထက် သာလွန်သော မည်သည့် ဆေးရည်မည်း အမျိုးအစားကိုမဆို ဖော်စပ်သော အမြန်နှုန်း ပြိုင်ပွဲတစ်ခု ဖြစ်နေ၏။
အချိန်ပြည့်သွားနောက် လိုအပ်သော သန့်စင်မှုနှင့် အမြင့်ဆုံး အရေအတွက် ရရှိသူက အနိုင်ရရှိမည် ဖြစ်သည်။
ဆာမန် အလွန် ပျော်ရွှင်သွားခဲ့သည်။ သူ့အတွက် ထိုစည်းမျဉ်းက ညစ်နည်းများကို အဆုံးစွန်သုံး၍ ရနိုင်နေ၏။
တစ်ဖက်လူက မြင်သွားပြီဖြစ်ရာ ဆာမန်က ရိုးရိုးရှင်းရှင်းပင် ကြိုတင်ပြင်ဆင်ထားသော အဓိကပစ္စည်းများကို နေရာလွတ် လက်စွပ်ထဲမှထုတ်ပြီး အလျင်အမြန် ဆေးရည်များ ဖော်စပ် တော့သည်။ ၁နာရီ မပြည့်ခင်မှာပင် အစစ်မှန် ဆေးရည် ၄ပုလင်း ပြီးစီးသွားခဲ့သည်။ ထိုအချိန်တွင် သူက တစ်ပုလင်း ပြင်ဆင်ရန် ကြိုးစားနေရသော ပြိုင်ဘက် “အာသာ”ကို ဖျတ်ခနဲ ကြည့်လိုက်၏။ မျက်နှာအမူအရာကို မမြင်ရသော်လည်း သူ၏လုပ်ရပ်များက အလွဲလွဲ အချော်ချော် ဖြစ်နေရာ စိုးရိမ်နေမှုကို မြင်နေရ၏။ အာသာက တစ်ပုလင်းပင် မပြီးသေးပေ။
ဆာမန်က အရှိန်တင်လိုက်ပြီး တိတ်တိတ်လေး ရယ်လိုက်၏။
အချိန် ၂နာရီ အကန့်အသတ်က ပြည့်တော့မည် ဖြစ်သည်။ ဆာမန်က အစစ်အမှန် ဆေးရည် ၁၀ပုလင်း ပြီးသွားခဲ့ပြီး တစ်ပုလင်းစီ၏ အရည်အသွေးက ၉၀အထိ ရောက်ရှိနေကာ သူ၏ အထွတ်အထိပ် စွမ်းဆောင်ရည် ဖြစ်နေလေပြီ။ သို့သော်လည်း သူက ချန်လွေ့၏ ဆေးရည်ဖော်စပ်သော စားပွဲကို ကြည့်လိုက်သောအခါ တစ်လုံးတည်းသော မျက်လုံးကပင် ပြုတ်ထွက် လုမတတ် ဖြစ်သွားခဲ့ရသည်။
မြင်ကွင်းထဲ အနည်းဆုံး ပုလင်း၅၀ ရှိသော ဆေးရည်မည်းများ ပြည့်ကျပ်လျက် ရှိနေ၏။