နောက်ဆုံးတိုက်ပွဲ
Vol. 50 Ch. 823
ဆာမန်သာမက ပရိတ်သတ်များပင် ကြက်သေသေသွားကြ၏။ “အာသာ”က ၎င်းကို မည်ကဲ့သို့ ပြုလုပ်ခဲ့ကြောင်း သူတို့ မမြင်ခဲ့ရပေ။ သူတို့ မသိလိုက်ခင်မှာပင် စားပွဲပေါ်တွင် ဆေးရည်ပုလင်း အများအပြား ပေါ်ထွက်လာပြီး အားလုံးက ဆေးရည်မည်းများ ဖြစ်နေကြလေသည်။
အကယ်၍ ထိုဆေးရည်များက မှော်ဆိုင်နှင့် ကုန်စည်ပြပွဲများ၌ ထားမည်ဆိုလျှင် သေချာပေါက် ပန်ကိတ်များကဲ့သို့ ရောင်းရ ပေလိမ့်မည်။
သူက ကြိုလုပ်ထားပြီးနောက် နေရာလွတ်လက်စွပ်ထဲက ထုတ်လိုက်တာ။ ဟုတ်တယ်။ ဒီလိုပဲ ဖြစ်ရမယ်။
ဆာမန်က သရော်ပြုံး ပြုံးလိုက်၏။ အမှတ်အသား နေရာလွတ်မှာ စည်းမျဉ်းဟာကွက်ရှိတာ အမှန်ပဲ။ ဒါပေမဲ့ ဒီလိုမျိုး ညစ်လို့ရတာ မဟုတ်ဘူး။ ဒီပြိုင်ပွဲအတွက် အချိန် အကန့်အသတ်က ၂နာရီဆိုတော့ အဆုံးသတ်ပစ္စည်းက လွန်ခဲ့တဲ့ ၂နာရီတုန်းက ပြင်ဆင်ထားမယ်ဆိုရင် ကျရှုံးတယ်လို့ သတ်မှတ်မှာပဲ။
၂နာရီအချိန်က ပြီးဆုံးသွားခဲ့ပြီး နေရာလွတ်က ဆုံးဖြတ်ချက် ချတော့သည်။
ဆာမန် ပြီးစီးသော အရေအတွက် - ၁၀ ပုလင်း။
အာသာ ပြီးစီးသော အရေအတွက် - ၅၂ ပုလင်း။
ဒုတိယပြိုင်ပွဲတွင် အာသာ အနိုင်ရရှိသည်။
ဆာမန်က လုံးဝ ထိတ်လန့်သွားတော့သည်။ သူက တစ်လုံးတည်းသော မျက်လုံးကိုပင် ကလော်ထုတ်ပြီး ဆေးကြောကာ ပြန်တပ်ပြီး သေသေချာချာ ပြန်ကြည့်ချင်လုနီးပါး ဖြစ်သွားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် နေရာလွတ်ရဲ့ စီရင်ချက်က မှားမှာ မဟုတ်ဘူး။ ဆေးရည်မည်း ၅၂ပုလင်းကို ၂နာရီအတွင်း တကယ်လုပ်ခဲ့တာပဲ။ ပြီးတော့ အရည်အသွေးက အားလုံး ၉၀ ကျော်နေတယ်။
ညစ်တာ။ ဒါ ညစ်တာပဲ ဖြစ်ရမယ်။
သို့သော်လည်း ထို၅၂ပုလင်းကို ၂နာရီအတွင်း မည်သို့ ပြုလုပ်ခဲ့ကြောင်း ဆာမန် စိတ်မကူးနိုင်ပေ။ ငါ ညစ်ပြီးတော့ အဓိက ကုန်ကြမ်းတွေကို ကြိုပြင်ဆင်ထားမယ် ဆိုရင်တောင် အလွန်ဆုံး ပုလင်းဒါဇင်လောက်ပဲ ပြီးနိုင်မယ်။
ငါ အတော်ဆုံး အပိုင်းမှာ သေချာပေါက် နိုင်မယ့် ပြိုင်ပွဲကို တကယ်ကြီး ရှုံးသွားခဲ့တာ မယုံနိုင်စရာပဲ။
“ခင်ဗျား မရှုံးခင် နောက်ဆုံး အဆင့်ပဲ။” ချန်လွေ့၏အသံ ထွက်ပေါ်လာ၏။ “တတိယပွဲကို စကြတာပေါ့။ ခင်ဗျားရဲ့ ရွံစရာ အသက်နဲ့ ခင်ဗျားသတ်တာ ခံရတဲ့ မဟာဆရာသခင် ရိုဆန်ဘာ့ချ်နဲ့ အလိမ်ညာခံခဲ့ရတဲ့ အကြီးအကဲတွေကို ဂါဝရ ပြုရမယ်။”
လေထဲ၌ လွင့်ပျံနေသော အံစာတုံးကို ကြည့်ရင်း ဆာမန်၏ မျက်နှာအမူအရာက အနည်းငယ် ရှုံ့တွသွားခဲ့သည်။ သို့သော် နေရာလွတ်ဥပဒေသက ၎င်းကို ထည့်စဉ်းစားမည် မဟုတ်ပေ။ ခဏအကြာ အံစာတုံးခေါက်တော့သည်။ နောက်ဆုံးပွဲစဉ်လည်း ဖြစ်နိုင်သော ဆေးရည်ပြိုင်ပွဲ၏ တတိယအကျော့ ပြိုင်ပွဲပုံစံ ထွက်ပေါ်လာ၏။
သူတို့က သတ်မှတ်ထားသော အချိန်အတွင်း အချင်းချင်း ပြုလုပ်ထားသော ဆေးရည်ကို သောက်ရပေမည်။ အရှုံးပေးသူ သို့မဟုတ် သေဆုံးသူက အသက်ဓာတ် တဝက် ဆုံးရှုံးရမည် ဖြစ်သည်။ ရှုံးနိမ့်သူ မရှိပါက ရလာဒ် ထွက်ပေါ်သည်အထိ ဆက်ပြိုင်ရမည်။
ထိုကဲ့သို့ ယှဉ်ပြိုင်နည်းက အမှန်တကယ်၌ ဆေးရည် ပညာရှင်များ အကြား သူသေကိုယ်သေ တိုက်ပွဲ ဖြစ်ပေသည်။ ထိုစဉ်က အဲဒက်စ်သည် စိန်ခေါ်သူ ဆန်ဒရိုအား သူသေကိုယ်သ တိုက်ပွဲ၌ အနိုင်ရရှိခဲ့လေသည်။
ဆာမန်က ကမ်းပါးအစွန်နားသို့ တွန်းပို့ခံနေရသည့်အတွက် အမူအရာက အလွန်အမင်း လေးနက်နေခဲ့သည်။ ငါ အဆိပ်မိ သွားမယ်ဆိုရင် တစ်ခါတည်း သေသွားမှာ။ တကယ်လို့ ငါ အရှုံးပေးလိုက်မယ်ဆိုရင် အမှတ်အသား ဆက်ခံတဲ့ပြိုင်ပွဲ တစ်ခုလုံးကို ရှုံးနိမ့်ပြီးတော့ သေမှာပဲ။
သို့သော်လည်း “အသာ”တွင် ပိုမိုရွေးချယ်စရာ ရှိနေသည်။ အကယ်၍ သူက မသေချာလျှင် အရှုံးပေး၍ရပြီး နှစ်ဖက်လုံးက အဆုံးသတ် တတိယပွဲစဉ်ကို ပြုလုပ်ရပေမည်။
သူသေကိုယ်သေတိုက်ပွဲ စတင်လေပြီ။ နှစ်ဖက်လုံးက ဆေးရည်များကို အရင်ဦးစွာ စတင်ဖော်စပ်ရပြီး ဆေးရည်အား မည်သူက အရင်ဆုံး သောက်ရမည်ကို မဲနှိုက်ရမည် ဖြစ်သည်။
ဆေးရည် ဖော်စပ်ရန် အချိန်က အကန့်အသတ် ရှိသော်လည်း ချန်လွေ့က အလျင်မလိုနေပေ။ သူက ဆာမန်၏ အလုပ်များနေသော ပုံရိပ်ကိုသာ စိုက်ကြည့်နေခဲ့သည်။ ခဏတာ စိုက်ကြည့်ပြီးနောက် သူက စတင် ဖော်စပ်တော့သည်။
ထိုအချိန် လနှစ်စင်းက ခရမ်းရောင်သမ်းလာပြီး ကောင်းကင်က တဖြည်းဖြည်း မှောင်လာကာ ပြိုင်ကွင်းက မီးများကို ဖွင့်လိုက်၏။ ထိုမဟာဆရာသခင်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည်မှာ ၆နာရီကျော်ပြီ ဖြစ်သည်။ ထွက်သွားသင့်သော ပရိသတ်များ တစ်ယောက်မှ မထွက်သွားကြသေးပေ။ ရှီရာက ပရိသတ်များအား စားစရာ အများအပြား အခမဲ့ ပို့ဆောင်ရန် ယာယီ အမိန့်ပေးလိုက်သည်။ သို့သော်လည်း ထိူသူများက ပြိုင်ကွင်းထဲမှ ပြိုင်ဘက်ကင်း ယှဉ်ပြိုင်ပွဲကို စိုက်ကြည့်နေကြဆဲပင်။
ဖော်စပ်ရန်အချိန်က မိနစ်၃၀ဖြစ်ပြီး စမ်းသပ်ရန် အချိန်က ၁၀မိနစ် ဖြစ်သည်။ အချိန်ကုန်လျှင် မည်သူက အရင်ဆုံး စမ်းကြည့်ရမည်ကို မဲနှိုက်ရွေးချယ်ရပေမည်။
ဆာမန်က ကံမကောင်းဘဲ အရင်ဆုံး သောက်ရသူ ဖြစ်ခဲ့သည်။ ချန်လွေ့ ပြင်ဆင်ထားသော အစိမ်းရင့်ရောင် ဆေးရည်ပုလင်းက သူ့ထံ အလိုလို ပျံသန်းလာခဲ့သည်။ ချက်ချင်းပင် မျက်လုံး အားလုံးက သူ့ကို အာရုံစိုက်နေကြ၏။
ဆာမန်က ဆေးရည်ပုလင်းကို မြင်သောအခါ မျက်မှောင် ကြုတ်လိုက်ပြီး အဆို့ကို ဖွင့်ကာ အနံ့ခံလိုက်သည်။ ထို့နောက် သူက ဖြေဆေးတစ်ပုလင်းကို ပြန်ဆင်ပြီး အဆိပ်ကို သောက်ချ လိုက်တော့သည်။
ဆာမန်က ဆေးရည်ကို သောက်လိုက်သည်နှင့် ခန္ဓာကိုယ်က အချိန်မရွေး အငွေ့ပျံသွားတော့မည့်သဖွယ် ပုံရိပ်ယောင် အခြေအနေသို့ ရောက်သွားဟန်တူသည်။ သူက အဆုံး၌ တဖြည်းဖြည်းနှင့် လူပုံစံ ပြန်ဖြစ်သွားပြီး မထိခိုက်ပေ။
ချန်လွေ့က ဆာမန်အခြေအနေကို အာရုံစိုက်နေခဲ့သည်။ မိစ္ဆာမျက်ဆံက အရောင်ဖျော့ဖျော့ တောက်နေ၏။ ဆာမန်က နတ်ဆိုးအသွင် ပြန်ပြောင်းသွားပြီးနောက် အဆင်ပြေသွားဟန် တူသော်လည်း ဆံပင်နှင့် မုတ်ဆိတ်တို့က အငွေ့ဖြစ်ကာ ပျောက်ကွယ် သွားကြသည်။ ထိုပုလင်းထဲမှ အဆိပ်က သိသာထင်ရှားလှပေသည်။
ဆာမန်က စိတ်သက်သာရာရသော မျက်နှာမျိုး ပြသလိုက်ပြီး သူလုပ်ထားသော မီးခိုးနက်ရောင် ဆေးရည်ပုလင်းက ချန်လွေ့ထံ ပျံသန်းသွား၏။
ဆေးရည်စမ်းသပ်ရန် အချိန်က ၁၀မိနစ်ဖြစ်ပြီး သူတို့က ဖြေဆေးကို အလျင်အမြန် လုပ်နိုင်သည်။ သို့သော်လည်း ချန်လွေ့က ၎င်းကို အလျင်စလို မလုပ်သလို အဆိပ်ပုလင်းကိုလည်း မကြည့်ခဲ့ပေ။ သူက ဆာမန်အား တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။ “ကျုပ် တကယ်ကို အံ့သြသွားတယ်...”
ဆာမန်က အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “ငါက မင်းရဲ့ ဆေးရည်ပုလင်းကြောင့် အဆိပ်မမိသွားတာကို အံ့သြ တာလား။ ဒီဆေးရည်ထဲမှာပါတဲ့ အဆိပ်က တကယ်ပြင်းတာ ငြင်းစရာ မရှိဘူး။ ဒါပေမဲ့ ဒီအထဲမှာပါတဲ့ အဓိကကုန်ကြမ်းက အဆိပ်ပြင်း နဂါးတစ်ကောင်ကနေ ထုတ်ယူထားတဲ့ပုံပဲ။ ကံဆိုးချင်တော့ သူက ငါ့ကို အဆိပ်မိအောင်လုပ်ဖို့ မလုံလောက်ဘူး။”
ဆာမန်၏ အကဲဖြတ်မှုက မှန်ကန်ပေသည်။ ချန်လွေ့၏ ဆေးရည်မှ အဓိကပါဝင်ပစ္စည်းမှာ ပါ့ဂ်လီအို၏ အဆိပ် ဖြစ်သည်။ ထိုအဆိပ်က ဆရာသခင်အဆင့် ဆေးရည် ပါရမီရှင် ဆန်ဒရိုအား ပြာဖြစ်စေခဲ့သည်။ သို့သော်လည်း ၎င်းက ဆာမန်အပေါ်တွင် အမှန်တကယ် သက်ရောက်မှု မရှိခဲ့ပေ။ အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံမှ အဆိပ်နဂါးပင် အနည်းငယ် အံ့သြသွားခဲ့သည်။
“အဲဒါမဟုတ်ဘူး။ ကျုပ် အံ့သြမိတာက ခင်ဗျား ခန္ဓာကိုယ်က လျို့ဝှက်ချက်ကိုပဲ....” ချန်လွေ့၏ မျက်လုံးက ဆာမန်၏ စိတ်ကို ဖောက်မြင်နိုင်နေဟန်တူပြီး သူ့ကို သိမ့်သိမ့်တုန်သွားစေသည်။ “နောက်ဆုံးတော့ ကျုပ် သဘောပေါက်သွားပြီ။ လက်စသတ်တော့ ခင်ဗျားရဲ့ ခန္ဓာကိုယ် ၉၀ရာခိုင်နှုန်းက မသေမျိုးအအခြေအနေကို ရောက်နေပြီကိုး။ ဒါက ခင်ဗျားနဲ့ အဲဒီမသေမျိုး အပေါင်းအဖော် ကြားက စာချုပ်အားနည်းချက်ကြောင့် ဖြစ်လောက်တယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က အခု ပုပ်ဆွေးနေပြီ။ အချိန်မရွေး စွန့်ပစ်လို့ရတယ်။ ဝိညာဉ် မထိခိုက်ဘူးဆိုရင် အဆိပ်က ဘယ်လောက်ပဲပြင်းပြင်း အသုံးဝင်မှာ မဟုတ်ဘူး။ ဒီလို သူသေကိုယ်သေ တိုက်ပွဲမှာ မသေမျိုးခန္ဓာကိုယ်က လုံးဝ မရှုံးနိုင်ဘူး။”
ဆာမန်၏ နှလုံးသားက ချက်ချင်းပင် နစ်မွန်းသွားခဲ့သည်။ ထိုပြိုင်ဘက်က မိမိ၏ အကြီးမားဆုံး လျို့ဝှက်ချက်ကို အမှန်တကယ် အလွယ်တကူ မြင်နိုင်လိမ့်မည်ဟု လုံးဝ မထင်ခဲ့ပေ။
“ဒီလိုပြိုင်ပွဲမျိုးကို ရတော့ ခင်ဗျား သေချာပေါက် ပျော်သွားမှာ။ အဲဒါကြောင့် ခင်ဗျားက အစကတည်းက သရုပ်ဆောင် နေတာပဲ။ ဖြေဆေးကလည်း အတုပဲ။ လေးနက်မှုတွေ၊ စိတ်တင်းမာတာတွေ ကလည်း အတုအယောင်ပဲ။ ရည်ရွယ်ချက်က ကျုပ်ကို အရှုံးမပေးစေဘဲနဲ့ ခင်ဗျားနဲ့ ပြိုင်အောင် လုပ်ဖို့ပဲ။ ခင်ဗျားရဲ့ ဆေးရည်ပုလင်းက နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား စုစည်းထားတဲ့ အစွမ်းထက် အဆိပ်ပုလင်း ဖြစ်ရမယ်။ ကျုပ် သောက်လိုက်မယ်ဆိုရင် အရှုံးမပေးနိုင်ခင် ချက်ချင်း သေဖို့များတယ်။ အဲဒါဆိုရင် ခင်ဗျားက တစ်ခါတည်း အနိုင်ရပြီး အံ့သြလောက်တဲ့ တစ်ကျော့ပြန်မှုကို ရလိမ့်မယ်။”
ချန်လွေ့က စကားစ ရပ်လိုက်ပြီး အထင်သေးစွာပင် ခေါင်းကို ခါလိုက်သည်။ “ကံဆိုးချင်တော့ ခင်ဗျား သရုပ်ဆောင်တာက အကဲပိုပြီးတော့ မျက်စိနောက်စရာကောင်းတယ်..... ”
“တကယ် မျက်စိနောက်စရာကောင်းတယ်။ တမင်ကတာ သရုပ်ဆောင်တာက ကြည့်ကောင်းပေမဲ့ တကယ့် အဓိပ္ပာယ် မပါဘူး။ သူက စိတ်ရင်းအမှန်နဲ့ သရုပ်မဆောင်ခဲ့ဘူး။” အရေးကြီး ပုဂ္ဂိုလ် ထိုင်ခုံမှ လိုလီလေးတစ်ယောက်က ရုပ်ရှင် ဝေဖန်ရေးသမား တစ်ယောက်ကဲ့သို့ပင် ခေါင်းခါလိုက်၏။ သူ့ဘေးနားမှ သူငယ်ချင်းဖြစ်သူ နာဂါကောင်မလေးက လေးစားအားကျမှုများ ပြသနေလေသည်။
ဆာမန်၏ မျက်နှာအမူအရာက အေးစက်ပြီး တင်းမာနေ၏။ “သူရဲဘောကြောင်တဲ့ကောင်။ မင်းက အရှုံးပေးဖို့ ဆင်ခြေ ပေးနေတာပဲ။ မင်းမှာ ဒီဆေးရည်ကို စမ်းသပ်ဖို့တောင် သတ္တိ မရှိဘူး။ မင်းက မဟာဆရာသခင်လို့ ခေါ်ဖို့ မထိုက်တန်ဘူး။”
“ဒီလိုမျိုး နုံအတဲ့ ရန်စနည်းက ခင်ဗျား စိတ်ထဲမှာ ပိုပြီးတော့ အမြန်လိုနေတာကို ပြောနေတယ်။ ဒါပေမဲ့....” ထိုသို့ ပြောပြီးနောက် ချန်လွေ့က ဆေးရည်ပုလင်းကို အမှန်တကယ်ပင် လှမ်းယူပြီး အဆို့ကို ဖွင့်လိုက်၏။ “ကျုပ် ခင်ဗျားနဲ့ တတိယပွဲအထိ အချိန်မဆွဲချင်ဘူး။”
ဆာမန်၏ မယုံနိုင်သော မျက်လုံးအောက်တွင် ချန်လွေ့က မျက်နှာဖုံးကို ဖွင့်လိုက်ပြီး “ပါရမီရှင် ယန္တရားဆရာသခင် အာသာ”၏ မျက်နှာ ပြသကာ အဆိပ်ပုလင်းကို သောက်လိုက်၏။
ယခုတစ်ခေါက် လူတိုင်းက အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။ တစ်ဖက်လူရဲ့ လှည့်ကွက်ကို သူ အသေအချာ သိနေတယ်။ ဒါပေမဲ့ အဆိပ်ကို သောက်လိုက်သေးတယ်။ ဒါနဲ့ အာသာက ခုနကတုန်းက ဖြေဆေးတောင် မလုပ်ခဲ့တဲ့ပုံပဲ။
နာဂါကောင်မလေးက အလန့်တကြားဖြစ်သွားပြီး ထရပ် မိသွားသည်။ သို့သော်လည်း သူ့ကို မာယာရှင် မင်းသမီးလေးက လှမ်းဆွဲလိုက်၏။ “သူတို့တွေ အေးအေးဆေးဆေး ဖြစ်နေတာကို နင် မတွေ့ဘူးလား။”
“ဟုတ်တယ်။” ဆရာသခင် အဆိပ်နဂါးက အေးဆေး ဝိုင်သောက်နေရင်း ပြောလိုက်၏။ “သူက မိန်းမတစ်ယောက်ရဲ့ ဗိုက်ထဲမှာ သေရင်သေသွားမယ်။ အဆိပ်နဲ့သေဖို့က လုံးဝ မဖြစ်နိုင်ဘူး။”
ထို “ဉာဏ်များသောလူသား”က မည်သည့် အစွမ်းမှ မရှိသေးခင်မှာပင် ဆရာသခင် အဆိပ်နဂါးက အတော်လေး စိတ်ဓာတ်ကျစရာဖြစ်သော မုန်းတီးစရာ “အဆိပ်ပြီး” ဂုဏ်သတ္တိကို ရင်ဆိုင်ခဲ့ရလေသည်။
ချန်လွေ့က အဆိပ်ကို တစ်ခါတည်း မော့သောက်ပြီးနောက် ပုလင်းကို လွှင့်ပစ်ကာ ပြုံးလိုက်သည်။ “အရသာ သိပ်မကောင်းဘူး။ နောက်တစ်ခါကျရင် အရသာကောင်းအောင်လုပ်ဖို့ အကြံပေးတယ်။ ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက် အရသာ မဟုတ်ရင်တောင် အနည်းဆုံး ဖျော်ရည်အရသာတော့ ရအောင်လုပ်လိုက်။”
ဆာမန်က ချန်လွေ့မျက်နှာကို စိုက်ကြည့်နေပြီး နာကျင်မှု၊ အဆိပ်မိလက္ခဏာများကို ရှာတွေ့ရန် ကြိုးစားကြည့်သည်။ သို့သော်လည်း စိတ်ပျက်စရာပင် တစ်ဖက်လူ၏ မျက်နှာက မသက်သာမှု အနည်းငယ်မျှမရှိဘဲ သာမန်ပင် ဖြစ်နေသည်။
ဆာမန်၏ အမူအရာက အံ့အားသင့်ရာမှ မယုံကြည်နိုင်ခြင်း အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ငါလုပ်ခဲ့တာက ဧရာမ နဂါးကိုတောင် သတ်နိုင်တဲ့ အစွမ်းအထက်ဆုံး အဆိပ်ပဲ။ ဒါပေမဲ့ အဲဒါက ဒီကြောက်စရာ ရန်သူအပေါ်မှာ ရေနွေးလိုမျိုး ဘာမှ သက်ရောက်မှု မရှိခဲ့ဘူး။
“ကောင်းပြီလေ။ ခုနက သရေဆိုတော့ ဒီသူသေကိုယ်သေ တိုက်ပွဲကို ဆက်ကြတာပေါ့။” ချန်လွေ့က မျက်နှာဖုံးကို မဝတ်ဘဲ လက်ခုပ်တီးလိုက်၏။ “ဒါက ခင်ဗျားဘဝမှာ နောက်ဆုံး အလောင်းအစားပဲ။”
နှစ်ဖက်လုံးက မဲနှိုက်လိုက်သည်။ ယခုတစ်ခေါက် ချန်လွေ့က အရင်သောက်ရမည် ဖြစ်ပြီး ခုနကအတိုင်းသာ ဖြစ်ခဲ့သည်။ သူက ဖြေဆေးပင် မလိုချေ။ သူက ဆာမန် ဖော်စပ်ထားသော အဆိပ်အား ရေကဲ့သို့ပင် သောက်ချခဲ့လေသည်။
ထို့နောက် ဆာမန်အလှည့် ရောက်လာလေပြီ။ ယခု တစ်ခေါက်မှာ ဆေးရည်မည်း တစ်ပုလင်း ဖြစ်၏။
ဆာမန်က အဆို့ကိုဖွင့်ပြီး အနံ့ခံကြည့်လိုက်သည်။ ရုတ်တရက် သူက သိမ့်သိမ့်တုန်သွားခဲ့ပြီး ဆေးရည်ပုလင်းကို ကိုင်ထားသော လက်က အနည်းငယ် တုန်ခါသွားခဲ့လေသည်။
သူ၏ ပထမဆုံး တုံ့ပြန်မှုက မယုံကြည်နိုင်ြခင်းဖြစ်ပြီးနောက် အနံ့ပြန်ခံကြည့်လိုက်ရာ ပို၍ပင် အပြင်းအထန် တုန်လှုပ် သွားခဲ့သည်။ သူ၏ မျက်နှာပင် ပျောက်ကွယ်တော့မလို ဖြစ်နေသည်။
“မဖြစ်နိုင်ဘူး....” ဆာမန်က တစ်ယောက်တည်း ရေရွတ်ပြီး အက်ကွဲကွဲအသံက ရုတ်တရက် ထူးထူးဆန်းဆန်း စူးရှ သွားတော့သည်။ “မင်း ဒါကို လုပ်တာ မဖြစ်နိုင်ဘူး။”
“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။” ချန်လွေ့က အသာလေး ခေါင်းခါ လိုက်သည်။ “ကျုပ် ပြောခဲ့ပြီးပြီလေ။ ဒါက ခင်ဗျားရဲ့ ဘဝမှာ နောက်ဆုံး တိုက်ပွဲပဲလို့။”
ဆာမန်က ချန်လွေ့ ပြောသည်ကို မကြားသကဲ့သို့ပင် ရူးသွပ်မတတ် ဖြစ်သွားပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ “ငါ စိတ်ထင်တာပဲ ဖြစ်ရမယ်။ ဒါက ပြန်လည်ရှင်သန်ခြင်းဆေးရည် မဖြစ်နိုင်ဘူး။”
များစွာအံ့အားသင့်ရာမှ ထုံသွားပြီဖြစ်သော ပရိတ်သများက နောက်ဆုံးစကားကို ကြားသောအခါ အလွန်အမင်း ထိတ်လန့်သွားကြ၏။ အတော်များများက မတ်တပ် ရပ်လိုက် မိကြသည်။ ရိုင်ဇန်နှင့် ဖရန့်ဇ်တို့ကပင် အံ့အားသင့်သော အမူအရာ ပြသလိုက်ကြ၏။
ပြန်လည်ရှင်သန်ခြင်း ဆေးရည်။
အစွမ်းအထက်ဆုံး မဟာဆရာသခင် ဆေးရည်။
အာသာက... ယန္တရား မဟာဆရာသခင် နဲ့ ဆေးရည် မဟာဆရာသခင်လား.....
“ဒါက ပြန်လည်ရှင်သန်ခြင်း ဆေးရည် ဟုတ်မဟုတ် သောက်ကြည့်ရင် ခင်ဗျား သိပါလိမ့်မယ်။”
ချန်လွေ့၏ အမူအရာက တည်ငြိမ်လျက် ရှိနေ၏။
“သောက်လိုက်။” ပရိသတ်အားလုံးနီးပါးက သံပြိုင် အော်ဟစ်လိုက်ကြသည်။
အကယ်၍ အမှန်တကယ်ပင် သေသူကို ပြန်ခေါ်နိုင်သော ဒဏ္ဍာရီလာ ပြန်လည်ရှင်သန်ခြင်း ဆေးရည် ဖြစ်မည်ဆိုလျှင် ထိုအရာက မသေမျိုး သတ္တဝါများအတွက် မည်သည့် အဆိပ်မဆိုထက် သေစေနိုင်သော “အဆိပ်”တစ်ခုပင် ဖြစ်လေ၏။