← Chapters

ပြင်းထန်သောတိုက်ပွဲ

Vol. 51 Ch. 826

ပြင်းထန်သောတိုက်ပွဲ

Vol. 51 Ch. 826

ထိုအေးစက်သော မီးတောက်များက လျှပ်စီးသဖွယ် ပျံသန်းသွားခဲ့ပြီး ချန်လွေ့ကို ဝိုင်းရံထားသော “ပင့်ကူမျှင်”များက ထက်လှသော လက်နက်များဖြင့် ဖြတ်ခံလိုက်ရဟန်တူသည်။ သူ၏ ပုံရိပ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး အရေးတကြီး အခိုက်အတန့်၌ မီးတောက်များကို ရှောင်တိမ်းလိုက်လေသည်။

မှော်စာသင်္ကေတ ကြိုးတစ်ချောင်းက အူးကလီးရက်စ်၏ ပါးစပ်ထဲမှ ထွက်လာပြီး အနက်ရောင် စက်လုံးများ အဖြစ်သို့ ပြောင်းလဲသွား၏။ စက်လုံးများက ပေါက်ကွဲထွက်သွားက မရေမတွက်နိုင်သော ဓားကျိုးများအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအရာက အစွမ်းအထက်ဆုံး ရေဒြပ်စင် မှော်ပညာဖြစ်သည့် [ရေခဲပေါက်ကွဲမှု] ပင်။

သာမန် [ ရေခဲပေါက်ကွဲမှု ] တွင် ရေခဲစက်လုံး တစ်ခုသာ ရှိသည်။ သို့သော် အူးကလီးရက်စ်တွင် ရာနှင့်ချီ ရှိနေသည်။ ၎င်းတို့က အစွမ်းထက် အမှောင်ဒြပ်စင်စွမ်းအားနှင့်လည်း ရောယှက်နေရာ စွမ်းအားက နှစ်ဆတိုးသွား၏။ ထိုကဲ့သို့ ဘက်စုံ ပေါက်ကွဲမှုအောက်တွင် ရှောင်တိမ်းရန် နေရာလွတ် လုံးဝ မရှိသလောက်နီးပါး ဖြစ်နေခဲ့သည်။ ဓားကျိုးတစ်လက်၏ ခန္ဓာကိုယ်ကို ထိသွားသည်နှင့် နေရာအသေးလေးကပင် အပေါက် ရာနှင့်ချီ ဖြစ်သွားနိုင်ပေသည်။

အူးကလီးရက်စ်၏ “သန္ဓေပြောင်း” [ ရေခဲပေါက်ကွဲမှု ] က ထိုတက် များစွာ သာလွန်ပေသည်။ ဓားကျိုးများက မပျောက်ကွယ်သွားဘဲ ပြန်လှိမ့်လာကာ အုပ်စုဖွဲ့ပြီး ကြောက်မက်ဖွယ်ရာ မုန်တိုင်းများ ဖြစ်သွားကာ ရန်သူကို နေရာလွတ်ထဲသို့ ထပ်ကာထပ်ကာ လွှင့်တင်နေလေသည်။

နဂါးနက်များက မှော်ပြီးသော နဂါးများ ဖြစ်ကြသည့်အတွက် မှော်ပညာကို လုံးဝနီးပါး ခုခံနိုင်လေသည်။ သို့သော်လည်း သေရွာပြန်နဂါးအဖြစ် အသွင်ပြောင်းပြီးနောက် မူလ အနီးကပ် တိုက်ခိုက်သောပုံစံက မှော်တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွား၏။ အထူးသဖြင့် နှစ်ပေါင်း ၉၀၀၀ ကျော် စုဆောင်းပြီး တိုက်ခိုက် ပြီးနောက်တွင် အူးကလီးရက်စ်က ထို တိုက်ခိုက်မှုပုံစံ “အသစ်”နှင့် အသားကျနေပြီ ဖြစ်သည်။ အမှောင်၊ လေနှင့် ရေ ဒြပ်စင်သုံးခု လွှမ်းမိုးထားသော နဂါးထွင်းစာမှော်ပညာက အစွမ်းထက်ကာ ထူးဆန်းနေပြီး ကာကွယ်ရ ခက်ခဲနေလေသည်။

ထို [မရဏရေခဲမုန်တိုင်း]က အစွမ်းအထက်ဆုံး ဒြပ်ပေါင်း တိုက်စစ်မှော်ပညာ ဖြစ်သည်။ ဥပဒေစွမ်းအားကို ယာယီ ကန့်သတ်ထားသော်လည်း အူးကလီးရက်စ်က အသက်နှင့် စွမ်းအားကို လောင်ကျွမ်းစေခဲ့သည်။ သူက စွမ်းအားကုန်သွားစဉ် ရန်သူကို အနိုင်မယူနိုင်ပါက အကျိုးဆက်များမှာ စိတ်ကူးကြည့်၍ မရနိုင်ပေ။ အဓိကအားဖြင့် ရိုင်ဇန်က သူ့ဘေးတွင် လှုပ်ရှားရန် အခွင့်အရေး စောင့်ဆိုင်းနေ၏။ ထို့ကြောင့် သူက တိုက်ပွဲကို အမြန်အဆုံးသတ်ရန် ရည်ရွယ်ပြီး အင်အားကြီး အနှိုင်းမဲ့ တိုက်ကွက်ကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ရိုင်ဇန်နှင့် ခဏတာ တိုက်ခိုက်ခဲ့ရသော်လည်း ကြောက်မက် ဖွယ်ရာ လက်သီးစွမ်းအားအရ ရိုင်ဇန်မှာ သေချာပေါက် အင်အားကြီး ရန်သူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အူးကလီးရက်စ် ထွက်ပြေးချင်လျှင် ရိုင်ဇန် တားနိုင်မည် မဟုတ်ပေ။ လိုအပ်ချက်ကတော့ “အာသာ”ကို ရှင်းပစ်ပြီး အသက်ဓာတ်ကို အောင်အောင်မြင်မြင် ဝါးမျိုရပေမည်။

အင်အားကြီး လေဆင်နှာမောင်းက လူတိုင်း၏ အမြင်ကို ဖုံးကွယ်လုနီးပါး ဖြစ်ခဲ့သည်။ ထိုအနှိုင်းမဲ့တိုက်ကွက်က အလွန်အမင်း အစွမ်းထက်လွန်းလှသည်။ ရိုင်ဇန်က တိုင်းပြည် စွမ်းအားကို အသုံးပြုပြီး ပတ်ဝန်းကျင် နေရာလွတ်ကို မကာကွယ်ခဲ့လျှင် လက်ကျန်စွမ်းအား စိမ့်ထွက်လာသည်နှင့် ပြိုင်ကွင်းထဲမှ ပရိသတ်အများစု သေကြေပျက်စီးပေလိမ့်မည်။

[ မရဏရေခဲမုန်တိုင်း ]၏ အဟုန်က ထင်ထားသည်ထက် ပိုကြာရှည်နေပြီး ပို၍ သောင်းကြမ်းလာပုံရသည်။ ပါ့ဂ်လီအိုနှင့် အခြားသူများက မျက်နှာပေါ်တွင် တည်ငြိမ်မှု မရှိတော့ပေ။ သူတို့က လိုရမည်ရ အကာအကွယ် စွမ်းအားကို ထိန်းသိမ်းထားပြီး မုန်တိုင်းကို အနီးကပ် ကြည့်နေကြသည်။ ရိုင်ဇန်က ဘေးနားတွင် အေးအေးဆေးဆေး ကြည့်နေပြီး သူ၏ အဝတ်အစားများက အနည်းငယ် လှုပ်ရမ်းနေလေသည်။ သူ၏ စူးရှသော မျက်လုံးများက လေဆင်နှာမောင်းကို ကျော်မြင်နေပြီး စက်ဝိုင်းစည်းချက်ကို ထိန်းသိမ်းထားသော ကြယ်နိမိတ်ပုံရိပ်များကို ‌ရေးရေးလေး မြင်နေသည်။ ရိုင်ဇန်က ပါးစပ် ဆတ်ခနဲ လှုပ်သွားပြီး နှာမှုတ်လိုက်၏။

ထိုအခိုက်တွင် လေဆင်နှာမောင်းများ ပြည့်နေသော နေရာလွတ်က ရုတ်တရက် တုန်လှုပ်သွားသည်။ ဝေဝါးနေသော အမြင်ထဲ၌ အနီရောင်အလင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ အနီရောင်အလင်းက တောက်ပသထက် တောက်ပလာ၏။ ၎င်းက ရက်စက်ပြီး ဖရိုဖရဲ အငွေ့အသက်ရှိသော ကွေးကောက်နေသည့် ဧရာမသားရဲတစ်ကောင် ဖြစ်ဟန်တူသည်။ ၎င်းသွားသော နေရာတိုင်း ကြီးမားလှသော စွမ်းအားကြောင့် လေဆင်နှာမောင်းများ စုတ်ပြတ်ထွက်ကုန်သည်။

အလွန်ကြီးမားသော သားရဲက တည့်တည့် ထိုးဆင်းကျလာပြီး တွန့်လိမ်နေသော စွမ်းအင်က အောက်ဘက်မှ အူးကလီးရက်စ်ကို လွှမ်းမိုးသွား၏။ နေရာလွတ် တစ်ခုလုံး၏ တုန်ခါနေသော ကြိမ်နှုန်းက ချက်ချင်း တိုးမြင့်သွားခဲ့သည်။ ဝုန်းခနဲ အနီရောင် အလင်းနှင့် [ မရဏရေခဲမုန်တိုင်း ] တို့က တပြိုင်နက်တည်း ပျောက်ကွယ်သွားကာ မြင်ကွင်းများ ကြည်လင်သွားတော့သည်။

ကြယ်အလင်းစက်များနှင့် ပုံရိပ်က လေထဲ၌ ရပ်နေဆဲဖြစ်ပြီး အောက်ဘက်မှ သေရွာပြန်နဂါးက မျက်နှာချင်းဆိုင်တွင် ပေါ်ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ စက်အလွှာက အက်ကြောင်းများ အပြည့် ဖြစ်နေသည်။ ထိုအက်ကြောင်းများက ယခင်ထက် ပိုမိုနက်ရှိုင်းလှပြီး ပြန်ကောင်းနှုန်းကလည်း ပိုမို၍ နှေး‌နေသည်။ သို့ရာတွင် အတွင်းထဲမှ အရိုးကို မထိခိုက် နိုင်သေးပေ။

အလိုလို ပြန်ကောင်းသော အဂ္ဂိရတ်ခန္ဓာ၊ နာကျင်မှု မရှိသော မသေမျိုးသတ္တဝါ၊ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း....ထိုအရာက ဇီဟုန်အန်ထက် များစွာ သာလွန်သော ဖြုံလောက်သည့် ပြိုင်ဘက် တစ်ယောက်ပင်။

သေရွာပြန်နဂါး၏ အမြုတေကို အမှန်တကယ် ထိခိုက်စေရန် အတွက် ပထမဆုံး အဆင့်က အလိုလိုကုသစွမ်းရည်ရှိသော စက်ခန္ဓာကို ဖျက်ဆီးရမည် ဖြစ်သည်။

“အတော်လေး အစွမ်းထက်တဲ့ တိုက်ခိုက်မှုပဲ။ ဒါက မင်းရဲ့ အဆုံးသတ်တိုက်ကွက် ဖြစ်မယ်။ ဟုတ်တယ်မလား။ ငါက မူလ နဂါးခန္ဓာကိုယ် ဖြစ်နေခဲ့မယ်ဆိုရင် ဒဏ်ရာ ရသွားလောက်တယ်။” သေရွာပြန်နဂါးက စကားပြောနေရင်း အမှောင်ဒြပ်စင် စွမ်းအားကို အလျင်အမြန် စုစည်းနေလိုက်သည်။ “ကံဆိုးချင်တော့ ငါ့ရဲ့ လက်ရှိခန္ဓာကိုယ်က နာကျင်မှုကို လုံးဝ မခံစားရဘူး။ မင်းက ယန္တရားပညာနဲ့ လုပ်ထားတဲ့ ခုခံမှုအလွှာကိုတောင် မဖျက်ဆီး နိုင်ခဲ့ဘူး။ မင်းမှာ ပိုပြီးတော့ ဖျက်ဆီးမှုအဆင့် ဒါဇင်လောက် ပြင်းအားပိုများတဲ့စွမ်းအား မရှိဘူးဆိုရင်....”

သေရွာပြန်နဂါး၏ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာ စကားလုံးများ မပြီးသေးခင်မှာပင် တစ်ဖက်လူထံမှ ဂရုမိစုက်သောအသံကို ကြားလိုက်ရ၏။ “ဒါဆိုလည်း ခင်ဗျား သဘောပါ...”

အူးကလီးရက်စ် မတုံ့ပြန်နိုင်ခင်မှာပင် စိတ်ထဲ၌ အလွန်အမင်း ကြီးမားသော အန္တရာယ်တစ်ခု၏ သတိပေးချက် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူက ဒြပ်စင် တိုက်စစ်စွမ်းအားကို ခံစစ်စွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။ အလွန်ကြီးမားသော ဒိုင်းကာများ၏ သူ၏ပတ်ပတ်လည်တွင် အလွှာလိုက် ပေါ်ထွက် လာလေသည်။

တစ်ချိန်တည်း နီးပါးမှာပင် သေရွာပြန်နဂါး၏ အမြင်က ကြောက်မက်ဖွယ်ရာ အဟုန်ရှိသည့် မြွေပုံစံ ဧရာမသတ္တဝါများ ဖြစ်သော သွေးနီပင်လယ်တစ်ခုဖြင့် ပြည့်နှက် သွားခဲ့သည်။ ၎င်းတို့က အမှန်တကယ်ပင် ရာနှင့်ချီ ရှိနေသည်။

[ မီးသင့်နဂါးဟိန်းသံ ]၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်က အူးကလီးရက်စ်၏ ဝိညာဉ်ကို တုန်လှုပ် သွားစေသည်။ နတ်ဆိုးဘုံက ဂြိုဟ်ဆိုးဟူသော အယူအဆ ရှိမည်ဆိုလျှင် ယခုတွင် သေရွာပြန်နဂါးက လုံးလုံးလျားလျား “ဂြိုလ်ဆိုး”သေရွာပြန်နဂါး ဖြစ်နေလေပြီ။ အဲဒီကြောက်စရာ ကောင်းတဲ့ အဆုံးသတ်တိုက်ကွက်က တကယ်ပဲ အဆဒါဇင် ပိုကြမ်းလာတယ်။ မဟုတ်ဘူး။ ဒါက ရိုးရိုးရှင်းရှင်း အဆပွားတာမျိုး မဟုတ်ဘူး။ နှစ်ဆဖြစ်နေတဲ့အပြင်ကို ထပ်လည်း ထပ်နေတယ်။

သွေးနီပင်လယ်က ဟိန်းဟောက်လိုက်ပြီး အူးကလီးရက်စ်ကို ချက်ချင်းပင် အုပ်မိုးလိုက်သည်။ သွေးနီပင်လယ်က သေရွာပြန် နဂါးကို လုံးဝ အပိုင်းပိုင်း ဆွဲဖြဲရန်ကဲ့သို့ပင် သောင်းကြမ်းလျက် လူးလွန့်နေလေသည်။

ရိုင်ဇန်၏ ဆံပင်နှင့် ဝတ်ရုံက လေထဲ၌ အပြင်းအထန် တလှုပ်လှုပ် ဖြစ်နေ၏။ သူက ယှဉ်မရသော အစွမ်းထက် လှိုင်းများကို ခံစားနေရပြီး မျက်လုံးထဲ၌လည်း မတူညီသော အေးစက်မှုနှင့် ချစ်ချစ်တောက် အလင်းရောင်နှစ်ခုက လက်ခနဲ ဖြစ်နေလေသည်။

ဒါ အရင်က အကွက်ပဲ။ မှော်ဆရာခံတပ်မှာတုန်းက ငါ ဒါကို အလွယ်‌လေး ခုခံနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက “အက်ဂ်ယော”က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းပဲ ရှိသေးတယ်။ အခုရော။ ငါ ဒါကို ခုခံနိုင်ရဲ့လား။

နောက်ဆုံး၌ အနီ‌ရောင်အလင်းက မှိန်ပျသွားခဲ့ပြီး နေရာလွတ်ထဲရှိ ပြင်းထန်သော တုန်ခါမှုလည်း ငြိမ်သက် သွားခဲ့သည်။ လေထဲ၌ တောင့်တောင့်ကြီး အေးခဲနေသော အူးကလီးရက်စ်က အနည်းငယ် သိမ့်သိမ့်တုန်သွားသည်။ မရေမတွက်နိုင်သော အက်ကြောင်းများက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ အက်ကြောင်းများက အလျင်အမြန် နက်ရှိုင်းပြီး ပျံ့နှံ့လာသည်။ ချပ်ကာ ကာကွယ်ထားသော အရိုး အပါအဝင် အလွန်ကြီးမားသော ခန္ဓာကိုယ်က ဝုန်းခနဲ စုတ်ပြတ် သွားတော့သည်။ ၎င်းတို့က မရေမတွက်နိုင်သော အပိုင်းအစများ အဖြစ်သို့ ပြန့်ကျဲသွားပြီး မြေပေါ် ပြုတ်ကျသွားလေသည်။

မသေမျိုးအားစက်ကွင်း အငွေ့အသက်က ရုတ်တရက် လျော့ကျသွားသည်။ လေထဲ၌ ရပ်နေသော ချန်လွေ့က ရန်သူကို အနိုင်ယူခဲ့သည့်အတွက် စိတ်မလှုပ်ရှားနေပေ။ တည်ကြည်သော အမူအရာတစ်ခု ပြသနေသည်။ သူက လက်ကို ဓားအသွင် ပြောင်းလဲပြီး ထိုးဆင်းလာခဲ့သည်။

အားစက်ကွင်းထဲ၌ မရေမတွက်နိုင်သော ရွှေရောင် သင်္ကေတများ လင်းလက်လာပြီး အနီးကပ်ကြည့်လိုက်ပါက ၎င်းတို့မှာ ပြိုင်စံရှား ထက်မြက်မှုနှင့်အတူ ကခုန်နေကြသော ဓားချီစွမ်းအင်များ ဖြစ်နေကြောင်း တွေ့ရပါလိမ့်မည်။ ထိုသင်္ကေတများက ညီတူမျှတူ ကွဲထွက်နေသော ထိကိုင်မရသည့် အရာများကို ရစ်ပတ်နေလေသည်။

“ခွေးကောင်....” အူးကလီးရက်စ်၏ ဒေါသသံ ထွက်လာပြီး အားစက်ကွင်းထဲရှိ တိုင်းပြည်စွမ်းအားက ချက်ချင်းပင် အလွန်အမင်း များပြားသွားကာ ခုနက “အားနည်မှု” နှင့် လုံးဝ ကွဲပြားနေခဲ့သည်။

“အလစ်တိုက်ခိုက်ဖို့ သေဟန်ဆောင်တာလား။ ဒီလို လှည့်ကွက်လေးက အသုံးမဝင်ဘူး။” ချန်လွေ့က ‌အေးစက်စွာ သရော်ပြုံး ပြုံးလိုက်သည်။ “ဒါပေမဲ့ သိပ်မကြာခင် ခင်ဗျား သေတော့မှာပါ။”

တိုင်းပြည်ထဲ၌ အနက်ရောင်အငွေ့ အများအပြား ပေါ်ထွက်လာခဲ့သည်။ အေးစက်ပြီး ထူးဆန်းသော အငွေ့အသက်က ထူးထူးခြားခြား အားကောင်းနေသည်။ ပြိုင်ကွင်းတစ်ခုလုံးက မတည်ြငိမ်မှုကြောင့် အလင်းရောင်များ မှိန်ကျသွားခဲ့သည်။ ရိုင်ဇန်သည်ပင် အတွင်းထဲ၌ ဖြစ်နေသည်ကို မမြင်နိုင်တော့ပေ။

အူးကလီးရက်စ်က ဒေါသထွက်နေရာမှ သတိပြန်ဝင် လာခဲ့သည်။ “မင်းက ရှိန်လောက်တဲ့ ပြိုင်ဘက်တစ်ယောက်ဆိုတာ ငါ ဝန်ခံတယ်။ ခွန်အားပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်နဲ့ နည်းလမ်းတွေပဲ ဖြစ်ဖြစ်၊ ခုနက တိုက်ခိုက်မှုက ငါ့ရဲ့ အဂ္ဂိရတ်ခန္ဓာကိုယ်ကို လုံးဝ ဖျက်ဆီးခဲ့ပြီးတော့ ဝိညာဉ်ကိုတောင် ထိခိုက်သွားခဲ့တယ်။ မင်း ဘယ်လိုလုပ်ခဲ့လဲဆိုတာတော့ မသိပေမဲ့ ဒီမှာပဲ အဆုံးသတ်ပြီ။ ငါ့ရဲ့ [ မရဏနက် တိုင်းပြည် ] က မင်းဘဝရဲ့ အဆုံးသတ် ဖြစ်လာလိမ့်မယ်။”

ကောင်းကင်ထက်ရှိ လနှစ်စင်းက ထူးဆန်းသော အစိမ်းရောင် ပြောင်းသွားခဲ့ပြီး ထူးဆန်းသော မတည်ငြိမ်မှုများ ချဉ်းကပ် လာနေကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ စူပါစနစ်မှ သတိပေးချက်ကို ကြည့်ရမည်ဆိုလျှင် ထိုအရာက အလွန်အမင်း တိုက်စားသော ရောဂါတစ်ခုကို သယ်ဆောင်လာပုံရသည်။ တိုင်းပြည်ကလည်း အဆုံးမဲ့ သုဿာန်တစ်ခုသဖွယ် ဖြစ်လာခဲ့၏။

အုတ်ဂူများ တဖြည်းဖြည်း တစ်ခုချင်း ပွင့်လာပြီး သတ္တဝါများ တွားတွား ထွက်လာကြသည်။ အခြေအနေက ကြောက်စရာ ကောင်းနေပြီး ချောက်ချားဖွယ်ပင်။ ကြောက်တတ်သောသူ တစ်ယောက်သာဆိုလျှင် သေးပေါက်ချမိပေလိမ့်မည်။

အရိုးခြောက်များ၊ အလောင်းအောက်လမ်းပညာရှင်များ၊ အမှောင်မြင်းစီးသူရဲကောင်းများ၊ မသေမျိုး ဧရာနဂါးများ.....။ ချန်လွေ့ အရှေ့တွင် ပေါ်ထွက်လာသည်မှာ မသေမျိုးသတ္တဝါ ပင်လယ်ကဲ့သို့ ဖြစ်နေလေသည်။ အရေအတွက်ရော၊ အရည်အသွေးကပါ ဂူရာဒန်၏ မသေမျိုးစစ်တပ်နှင့် မယှဉ်နိုင်ပေ။ ပြင်းထန်သော မကျေနပ်မှုများကို ကြည့်ရသည်မှာ ၎င်းတို့က သက်ရှိဝိညာဉ်များမှ တိုက်ရိုက် ပြောင်းလဲထားခြင်း ဖြစ်လောက် ပေသည်။ မသေမျိုး ဖြစ်လာပြီးနောက် တိုင်းပြည်ဖွဲ့စည်းရန် အတွက် အူးကလီးရက်စ်က အသက်ပေါင်းမည်မျှ သုတ်သင် ခဲ့ကြောင်းကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

မသေမျိုးများက ချန်လွေ့ထံ အပြေးရောက်လာသည်။ ဝိညာဉ်ကို တိုက်ခိုက်သတ်ဖြတ်ရန် [အရှိန်အဝါဓားသွား]၏ အစွမ်းရှိသည့်အတွက် ချန်လွေ့က ၎င်းကို ဆက်တိုက် အသုံးပြု နေခဲ့သည်။ မသေမျိုးများအပေါ် ထိခိုက်မှု ၂၀၀% ဖြစ်စေသော အဆောင်ပစ္စည်းယောင် “မိုးခြိမ်းသံ” နှင့် ပေါင်းလိုက်ရာ ချဉ်းကပ်လာသော မသေမျိုးများက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ချေမှုန်းခံလိုက်ရသော မသေမျိုးများက ခဏအကြာ ပြန်လည်စုစည်းပြီး ရှင်သန် လာခဲ့ကြကာ တစ်ယောက်ပြီးတစ်ယောက် အပြေးလာပြန်သည်။

ထိုမသေမျိုးများက သာမန် မသေမျိုးသတ္တဝါများ လုံးဝ မဟုတ်နိုင်ပေ။ သူတို့အားလုံးတွင် အဆုံးမရှိသော တိုင်းပြည် စွမ်းအား ရှိနေကြသည်။ ချန်လွေ့က တဖြည်းဖြည်း ပင်ပန်းလာသည်။ သူက လေထဲသို့ တယ်လီပို့ခုန်လိုက်သော်လည်း ပတ်ဝန်းကျင်နေရာလွတ်လည်း မြင့်သွားခဲ့သည်။ သူမည်မျှပင် မြင့်မြင့် ပျံသန်းစေကာမူ တိုင်းပြည်နေရာလွတ်ထဲမှ မထွက်နိုင်ခဲ့ပေ။ မြေပြင်ထက် လေထဲ၌ ပို၍ အဆင်မပြေပေ။ သူ့ဆီသို့ မသေမျိုး ဧရာနဂါးများ ပျံသန်းလာရုံသာမက မြေပြင်ပေါ်မှ အလောင်း အောက်လမ်းပညာရှင်များကလည်း အလှမ်းဝေး တိုက်ခိုက်မှုများ ပြလုပ်လာကြသည်။ သူ အနည်းငယ် သတိလက်လွတ် ဖြစ်သွားလျှင် အပစ်ခံရပေမည်။

ချန်လွေ့က လက်ထဲ၌ ကြယ်ကြွေတမန်ဓားနှင့်အတူ မြေပြင်ပေါ် ပြန်ရောက်လာခဲ့သည်။ သို့သော်လည်း [ဝိညာဉ်ဖြတ်တောက်] အစွမ်းက အဆုံးမရှိသော မသေမျိုးများအပေါ်တွင် ထိရောက်မှု မရှိခဲ့ပေ။ သူက ပမာဏ အနည်းငယ်ကိုသာ ရှင်းပစ်နိုင်သည်။ ထို့ကြောင့် သူက နောက်ထပ် ဓားတစ်လက်ဖြစ်သော မြောက်အဏ္ဏဝါကို ပြောင်းလိုက်၏။

သူက ခရမ်းရောင်ဓားအလင်းကို ဆွဲကိုင်ပြီး မရေမတွက် နိုင်သော ဥက္ကာပျံကဲ့သို့ အလင်းတန်းများ ပစ်လွှတ်လိုက်ကာ ယပ်တောင်ပုံစံ ပျံ့နှံ့သွားလေသည်။ လမ်းတလျှောက်ရှိ မသေမျိုးများက အမှုန်ဖြစ်သွားပြီး ပျောက်ကွယ်သွားကြ၏။ ဧရာမ ဓားက ကြောက်မက်ဖွယ်ရာ အမြန်နှုန်းနှင့် စွမ်းအားတို့ဖြင့် ရှေ့သို့ ပျံသန်းသွားပြီး အလွန်ကြီးမားသော မသေမျိုး ပင်ယ်ကို ရှင်းလင်းပစ်လိုက်သည်။

“အတော်လေး ထူးဆန်းတဲ့ ရေဒြပ်စင်....နဲ့ အလင်းဒြပ်စင် စွမ်းအားပဲ။ ကံဆိုးချင်‌တော့ ဒါက ဓားကိုယ်တိုင်ရဲ့ စွမ်းအားပဲ။ ဒီတိုက်ခိုက်မှု အ‌သေးလေးက ငါ့ရဲ့ အမြုတေကို လုံးဝ မထိခိုက်နိုင်ဘူး။”

တိုင်းပြည်စွမ်းအားအောက်တွင် အနက်ရောင်အငွေ့များက ဘာမှမရှိသော နေရာထဲ၌ ပေါ်ထွက်လာပြီး မသေမျိုးများ စုစည်းသွားပြန်သည်။

“မင်း ပင်ပန်းနေပြီ။” အူးကလီးရက်စ်က တိတ်တဆိတ် ရယ်လိုက်၏။ “ငါ မင်းကို သတ်မှာ မဟုတ်ဘူး။ မင်းရဲ့အသက်ကို ဝါးမျိုပြီးရင် မင်းကို တိုင်းပြည်ထဲမှာ မသေမျိုးအဖြစ် ပြောင်းလဲမယ်။ မင်းက ငါ့ရဲ့ ထိန်းချုပ်မှုနဲ့ ကျွန်ပြုမှု အောက်ကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

ချန်လွေ့၏ တင်းမာနေသော မျက်ခုံးများက တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။ “သိပ်ပြီး‌တော့ ကျေနပ်မနေနဲ့။ ခင်ဗျားကို အနိုင်ယူဖို့ နည်းလမ်းတစ်ခု ရှာတွေ့သွားပြီ။”

“အိုး။ မင်းက ပြန်လည်ရှင်သန်ခြင်း ဆေးရည်တွေ ရာနဲ့ချီ လုပ်ထားပြီးတော့ ငါ့အပေါ်ကို လောင်းချမလို့ဘူး။ ကံဆိုးချင်တော့ မင်းက ငါ့ရဲ့ တကယ့်ခန္ဓာကိုယ်ကိုတောင် မရှာတွေ့နိုင်ဘူး။”

“အဲဒီလောက် အများကြီး ဖြုန်းစရာ မလိုပါဘူး....” ချန်လွေ့က ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “ဒါပေမဲ့....ကျုပ် ခင်ဗျားကို ဆာလဖြူရစ် အက်စက်နဲ့ အပက်ခံရတဲ့ ထူးထူးဆန်းဆန်း ဆုတောင်းကို ဖြည့်ပေးမယ်။”

All Chapters