← Chapters

“အနှိုင်းမဲ့စစ်သည် အွန်လိုင်း”

Vol. 51 Ch. 829

“အနှိုင်းမဲ့စစ်သည် အွန်လိုင်း”

Vol. 51 Ch. 829

ကြယ်ကြွေတမန် မြို့တော်၌ အဂ္ဂိရတ်ပြိုင်ပွဲ ပြီးဆုံးသွားသည်မှာ တစ်ပတ်ကျော်ပြီ ဖြစ်သည်။ သို့သော်လည်း ငြိမ်သက်သွားသော လက္ခဏာများ မပြသသေးဘဲ ထိုပြိုင်ပွဲအကြောင်း သတင်းများက ပို၍ပင် အရှိန်အဟုန်နှင့် ထိုးတက်လာခဲ့သည်။

နတ်ဆိုးဘုံ၌ အဂ္ဂိရတ် မဟာဆရာသခင်များ မပေါ်ထွက် လာသည်မှာ နှစ်ထောင်‌ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ ယခု အဂ္ဂိရတ်ပြိုင်ပွဲ၌ ၃ယောက် ပေါ်ထွက်လာခဲ့သည်။ ထယ်တင်းနစ်၏ ကနဦး ထွက်ပေါ်လာခြင်းမှသည် ခုံသမာဓိအဖြစ် ဟန်ဆောင်ခဲ့သော “ဆာမန်”၊ နှင့် မယုံနိုင်စရာ သုံးသွယ်-အထူးပြု ပါရမီရှင် “ဆရာသခင်” “အာသာ” အထိ။ သူတို့အားလုံးက ဆေးရည်နှင့် ယန္တရားပညာတို့၌ မဟာဆရာသခင်များ ဖြစ်ကြပြီး သမိုင်းကြောင်းထဲ၌ မှတ်တမ်းတင်ရပေမည်။

သူတို့အထဲတွင် အထင်ရှားဆုံးမှာ ကြယ်ကြွေတမန်အင်ပါယာ ကြင်ရာတော်မင်းသား “အက်ဂ်ယော”ဖြစ်ပြီး “အာသာ”ဟူသော နာမည်လွှဲတစ်ခုလည်း ရှိသည်။ ထိုကဲ့သို့ ယန္တရားနှင့် ‌ဆေးရည် မဟာ့မဟာဆရာသခင် အရှေ့တွင် သူ့ဆရာ ထယ်တင်းနစ်ဖြစ်စေ၊ ရန်သူ “ဆာမန်”ဖြစ်စေ၊ အားလုံးက မှေးမှိန်နေ၏။

အထူးသဖြင့် အတက်အကျနှင့် အထွတ်အထပ်များ ရောက်ရှိခဲ့သော အလောင်းအစား တိုက်ပွဲ၌ဖြစ်ပေသည်။ အဆုံးတွင် အက်ဂ်ယောက သူသေကိုယ်သေ တိုက်ပွဲ၌ “ဆာမန်”အား အနိုင်ရရှိခဲ့ပြီး အင်အားကြီး သေရွာပြန်နဂါးကို သတ်ရန်အတွက် အထူးအစွမ်းထက်ပုဂ္ဂိုလ် စွမ်းအားကို ထုတ်ပြခဲ့သည်။ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်ကပင် အက်ဂ်ယောကို တရားဝင် လေးလေးနက်နက် စိန်ခေါ်ခဲ့၏။

အချိန်တစ်ခုအထိ အထူးအစွမ်းထက်ပုဂ္ဂိုလ်နှင့် မဟာ့မဟာ ဆရာသခင်အကြောင်း ဂုဏ်သတင်းများက နတ်ဆိုးဘုံတလျှောက် ပျံ့နှံ့နေတော့သည်။

စိတ်အလှုပ်ရှားကြဆုံးမှာ ကြယ်ကြွေတမန်အင်ပါယာပင် ဖြစ်၏။ တော်ဝင်မိသားစုများမှ သာမန်လူများအထိ အားလုံးက ဒဏ္ဍာရီလာ ကြင်ရာတော်မင်းသာ အက်ဂ်‌ယောအကြောင်း ပြောနေကြတော့သည်။

အထူးသဖြင့် အထက်တန်းအလွှာ၌ “အက်ဂ်ယော”၏ သရုပ်ကို မေးခွန်းထုတ်နေခဲ့သော အသံများက ဧကရီရှီရာ၏ အမြင်ရှိမှုကို ချီးမွမ်းခြင်းအဖြစ် ပြောင်းလဲသွားကြလေသည်။ “အက်ဂ်ယော”နှင့် သူ့ဆရာ ထယ်တင်းနစ်တို့က အင်ပါယာတစ်ခုအတွက် အလွန်အမင်း အင်အားးကြီး အရင်းအမြစ်တစ်ခုဖြစ်သော အထူးပြု နှစ်ခုရှိသည့် မဟာဆရာသခင်များ ဖြစ်ကြပေသည်။ အထူးသဖြင့် နတ်ဆိုးဘုံ တစ်ခုလုံးတွင် ထိုမဟာဆရာသခင် နှစ်ယောက်သာ ရှိလေသည်။

ရိုင်ဇန်ကို လှုပ်ရှားစေနိုင်သော “အက်ဂ်ယော”၏ စွမ်းအားက အရေးပါသော အချက်တစ်ခု ဖြစ်ပေသည်။ နတ်ဆိုးအရှင်သခင်အဆင့် အထက်တွင်ရှိသော နတ်ဘုရားတစ်ပိုင်း (တိုင်းပြည်အဆင့်၊နတ်ဘုရားတစ်ပိုင်းအဆင့်၊ နတ်ဘုရားယောင် အဆင့်) အစွမ်းထက်ပုဂ္ဂိုလ်များက သာမန်လူများကို မည်သည်မှ လုပ်လေ့ မရှိသော်လည်း လောကတွင် အကြွင်းမဲ့ဟူသောအရာ မရှိပေ။ အထူးသဖြင့် အင်ပါယာတစ်ခု၏ အကျိုးအမြတ်ကို ကိုယ်စားပြုသော အုပ်ချုပ်သူ တစ်ယောက်အတွက် ဖြစ်၏။ မှော်ဆရာခံတပ်၌ ရှီရာကို ရိုင်ဇန် သတ်လုနီးပါး ဖြစ်ခဲ့ခြင်းက ဥပမာတစ်ခုပင်။ ယခုတွင် ကြယ်ကြွေတမန်အင်ပါယာတွင် ရိုင်ဇန်နှင့် ကတ်သရင်းတို့ကို ယှဉ်နိုင်ငေသာ အထူးအစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် ရှိနေပြီ ဖြစ်လေသည်။

“အက်ဂ်ယော”က ရှီရာနှင့်အတူ အစည်းအဝေးများ၊ အခမ်းအနားများသို့ လိုက်သွားသောအခါ “မျက်နှာဖုံး ဝတ်ခြင်းက တော်ဝင်ကျင့်ဝတ်နှင့်မကိုက်ညီ”ဟူသော အပြုအမူများကပင် “သိုသိုသိပ်သိပ် လျို့ဝှက်ဆန်းကြယ်ခြင်း” အဖြစ် အကြောင်း အကျိုးသင့် ယူဆခံရလေသည်။ သံသယနှင့် ရန်လိုသော အကြည့်များက အံ့သြလေးစားခြင်း အဖြစ်သို့ ပြောင်းလဲသွား၏။

ကြယ်ကြွေတမန်အင်ပါယာ ကဲ့သို့ပင် ကြယ်ကြွေတမန် အင်ပါယာ၏ အဂ္ဂိရတ်အစည်းအရုံး သြဇာကလည်း အလျင်အမြန် ကျယ်ပြန့်လာတော့သည်။

ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ ဖွန်ဆက်က မဟာဆရာသခင် ထယ်တင်းနစ်၏ သားမက် ဖြစ်သည်။ ဆေးရည်အစည်းအရုံး ဥက္ကဋ္ဌ အဲဒက်စ်ကလည်း မဟာဆရာသခင် ထယ်တင်းနစ်၏ တပည့် ဖြစ်၏။ ထယ်တင်းနစ်ကလည်း မဟာ့မဟာဆရာသခင် “အက်ဂ်ယော”၏ ဆရာ ဖြစ်ပေသည်။

အက်ဂ်‌ယောက သိုသိုသိပ်သိပ် နေနေဆဲဖြစ်ပြီး ထယ်တင်းနစ်က ကြယ်ကြွေတမန်အင်ပါယာ နန်းတော်၌ တံခါးပိတ် နေနေသော်လည်း ဆေးရည်ပညာရှင်များနှင့် ယန္တရား ပညာရှင်များ၏ ရူးသွပ်မှုများ မလျော့ပါးသွားခဲ့ပေ။ နှစ်ပေါင်းများစွာ တစ်ဆို့နေခဲ့ပြီး တစ်ဘဝလုံး အဆင့်မတက်နိုင်တော့ပြီဟု ထင်ထားခဲ့ကြသော ဆရာသခင်များက အဂ္ဂိရတ်ပြိုင်ပွဲ အဆုံးသတ်သွားသောအခါ အင်ပါယာသို့ မပြန်ကြဘဲ ကြယ်ကြွေတမန်အင်ပါယာတွင် နေနေရစ်ကာ မဟာဆရာသခင်နှင့် ဆွေးနွေးရန် အခွင့်အရေး ရချင်နေကြလေသည်။

မည်သည့် အင်ပါယာကမှ မဟုတ်သော သီးခြားနေ အဂ္ဂိရတ် ဆရာသခင်များက ကြယ်ကြွေတမန်အင်ပါယာ၏ အဂ္ဂိရတ် အစည်းအရုံးသို့ ဝင်ရောက်လာကြသည့်အတွက် အစည်းအရုံး၏ အင်အားက မကြုံစဖူး များပြားလာခဲ့သည်။

ထိပ်တန်းအရည်အသွေး လက်နက်ကိရိယာများနှင့် ဆေးရည်မည်းတို့က လူတိုင်း တပ်မက်ကြသော ရတနာများ ဖြစ်ကြပေသည်။ သူတို့က အဖိုးတန် ထုတ်ကုန်များ မရနိုင်သည့်တိုင် မဟာဆရာသခင်နှစ်ယောက် အနားသို့ ကပ်နေခြင်းမှ အကျိုးအမြတ် အတော်များများ ရရှိပေလိမ့်မည်။ ကြယ်ကြွေတမန်အင်ပါယာမှ တော်ဝင်မိသားစုများ အပါအဝင် အတော်များများက “အက်ဂ်ယော”နှင့် ထယ်တင်းနစ်တို့နှင့် မိတ်ဆွေဖြစ်လာရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ကံဆိုးစွာပင် အချည်းနှီး ဖြစ်ခဲ့ရလေသည်။

ထိုအချိန် ကြယ်ကြွေတမန်အင်ပါယာက “အနှိုင်းမဲ့စစ်သည်” မှော်ဂီမ်းက အရေးအကြီးဆုံး အဆင့်မြှင့်တင်မှုတစ်ခု ရရှိတော့မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဗားရှင်းအသစ်ကို “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”ဟု နာမည်ပြောင်းမည် ဖြစ်သည်။

အွန်လိုင်းက မည်သည်ကို ဆိုလိုသနည်း။ နတ်ဆိုးဘုံမှ လူများက ၎င်းကို နားမလည်ကြသော်လည်း ထိုသတင်းက နတ်ဆိုးဘုံကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ “အနှိုင်းမဲ့စစ်သည်”ကို အဓိက တည်ဆောက်သူက မဟာ့မဟာဆရာသခင် “အက်ဂ်ယော” ဖြစ်သည်။ ထို့ပြင် ယခု အွန်လိုင်းဗားရှင်းက အဆင့်မြှင့်ခြင်းကို “အက်ဂ်ယော”က သေသေချာချာ ပြင်ဆင်ထားလေသည်။ သူပြောခဲ့သော စကား အရဆိုလျှင် ၎င်းက “လောကကို ပြောင်းလဲနိုင်လောက်သော” ဗားရှင်းအသစ်ပင်။

ထိုအမြင်မှကြည့်လျှင် လူတိုင်းက မဟာ့မဟာဆရာသခင် “ပြုလုပ်”ထားသော လက်ရာများကို အလွယ်တကူ ရရှိနိုင်ပြီ ဖြစ်သည်။

အချိန်တစ်ခုအထိ ငြိမ်သက်နေခဲ့သော မှော်ဂိမ်းခေါင်းစွပ်နှင့် မှော်ရုပ်မြင်သံကြားတို့က ရောင်းအားတက်လာခဲ့ပြီး စံချိန်တင် ရောင်းရခဲ့လေသည်။

ယခုတစ်ခေါက် အဆင့်မြှင်တင်ခြင်းက ယခင်ကဲ့သို့ ချိန်ညှိခြင်း၊ အမှန်ပြင်ခြင်းများ မဟုတ်ပေ။ ဂိမ်းခေါင်းစွပ်ကို ကြယ်ကြွေတမန်အင်ပါယာ၏ ယန္တရားအစည်းအရုံးထံ ယူလာပြီး ကိုယ်တုိင် အဆင့်မြှင့်ရလေသည်။ ကျန်အင်ပါယာနှစ်ခု၏ အခြေအနေကို စဉ်းစားပြီး ကြယ်ကြွေတမန်အင်ပါယာက အဆင့်မြှင့်သော ကိရိယာများကို အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့ရှိ ယန္တရားအစည်းအရုံးများထံ လက်ဆောင်ပေးခဲ့ပြီး ကူညီပေးရန်အတွက် ကျွမ်းကျင်သူ များကိုလည်း စေလွှတ်ခဲ့လေသည်။ အကယ်၍ သူတို့က အဆင့်မမြှင့်ချင်လျှင် “အနှိုင်းမဲ့စစ်သည်”၏ တစ်ဦးတည်း ကစားရသော ဗားရှင်းကို ဆက်လက် ကစားနိုင်ပေသည်။

မှော်ဂိမ်း ခေါင်းစွပ် တည်ဆောက်ပုံက လျို့ဝှက်ချက် မဟုတ်တော့ပေ။ အဓိက အမြုတေမှာ ဆန်းကြယ် သလင်းကျောက်များ ဖြစ်သည်။ ဆန်းကြယ် သလင်းကျောက်ထဲရှိ အထူးစွမ်းအင်က စိတ်ဝိညာဉ်ပိုင်နက်နှင့် ဆင်တူသော ပုံရိပ်ယောင် တစ်ခုကို ထုတ်ပေးနိုင်သည်။ ထိုအရာက ဂိမ်း၏ အခြေခံ သဘောတရား ဖြစ်ပေသည်။

ဆန်းကြယ်သလင်းကျောက်များ၏ စွမ်းအင်က အကန့်အသတ် ရှိသည်။ ထို့ကြောင့် ကုန်ဆုံးသွားလျှင် အားပြန်ဖြည့်ရပေမည်။ အချိန် တစ်ခုရောက်လျှင် ၎င်းကို လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။ ထိုကိစ္စကို မှော်ဂိမ်းခေါင်းစွပ် စတင် ထုတ်လုပ်ခဲ့စဉ်က အသေးစိတ် ရှင်းပြခဲ့လေသည်။ ဆန်းကြယ်သလင်းကျောက်များကို ပြင်ဆင်ရန် အစားထိုးရန် တသက်သာ အခမဲ့ဖြစ်သော်လည်း အားဖြည့်ရန် ဒေသခံ ယန္တရားအစည်းအရုံးကို အခကြေးငွေ ပေးရပေမည်။

ထိုကဲ့သို့ အားဖြည့်ကြေးကို အရိပ်နက် အင်ပါယာ သပိတ်မှောက်ခဲ့သော်လည်း သွေးရောင်အင်ပါယာ၏ မမျှော်လင့်ထားသော လက်ခံမှု ပြုလုပ်ခဲ့ပြီး အင်ပါယာထဲရှိ ဂိမ်းမြတ်နိုးသူများ အရေးပေါ် လိုအပ်မှုများကြောင့် အရိပ်နက် အင်ပါယာက အလျှော့အတင်း ပြုလုပ်လိုက်ရလေသည်။ သို့သော်လည်း ကတ်သရင်းက ကိုင်တွယ်ရ မလွယ်ကူပေ။ ညှိနှိုင်းပြိးနောက် အခကြေးငွေ၏ ၂၀%ကို အင်ပါယာတစ်ခုစီ၏ ဘဏ္ဍာတိုက်ထဲသို့ ပေးရမည် ဖြစ်သည်။

ထိုအဆင့်မြှင့်တင်မှုက အမှန်တကယ်ပင် ကြီးကြီးမားမား အုတ်အော်သောင်းတင်း ဖြစ်သွားသည်မှာ အံ့သြစရာ မဟုတ်ပေ။

ဇာတ်ကွက်အသစ်၊ မြေပုံအသစ်၊ မကောင်းဆိုးဝါးအသစ်၊ အလုပ်အသစ်၊ လက်နက်ကိရိယာအသစ်၊ တာဝန်စနစ် အသစ်။

အရေးကြီးဆုံးအရာမှာ....လွတ်လပ်သော အဆင့်ကြီးပင်။

လူတိုင်းက စစ်မြေပြင် အတူတူအတွင် အဖွဲ့လိုက် သို့မဟုတ် အချင်းချင်း တိုက်ခိုက်၍ ရပေမည်။

ထိုအရာက ပျင်းစရာ တကိုယ်တော် လေ့ကျင့်ရေး မဟုတ်တော့ဘဲ အခြားကစားသမားများနှင့် တိုက်ခိုက် ဆက်သွယ် စကားပြော၍ရနိုင်သော ဘုံတိုက်ပွဲစင်္ကြံတစ်ခု ဖြစ်လာခဲ့သည်။ အတိအကျပြောရလျှင် ထိုအရာက အခြားလောက တစ်ခုပင်။

ဂိမ်းထဲမှ မြေပုံများကလည်း ပိုကျယ်လာပြီး အဆင့်များဖြင့် တင်းတင်းကြပ်ကြပ် ပိုင်းခြားထား၏။ သူတို့က လူသစ်ကျေးရွာ၌ စတင်ရမည် ဖြစ်သည်။ ထို့နောက် အဆင့်နှင့် တိုက်ခိုက်ရေး စွမ်းအားက အဆင့်တစ်ခုက ရောက်ရှိသွားမည်ဆိုလျှင် တစ်ဆင့်ချင်း မြင့်လာသော မြေပုံအသစ်များထဲသို့ ဝင်ရောက် နိုင်ပေသည်။ ထို့အပြင် ဂူသင်္ချိုင်းဟူသော အယူအဆကိုလည်း ပထမဆုံးအကြိမ် မိတ်ဆက်လာသည်။ ထိုအထဲ၌ မကောင်းဆိုးရွား ခက်ခဲမှုက သာမန်မြေပုံများထက် များစွာ ကြီးမားပြီး ရရှိသော အကျိုးအမြတ်များက ပိုကောင်းသည့်အတွက် စိန်ခေါ်မှုကို ကြီးကြီးမားမား တိုးစေလေသည်။

တစ်ဦးတည်းကစားသောပုံစံမှ လူတိုင်းက အဆင့်ကို အွန်လိုင်း ဗားရှင်းတွင် ထည့်တွက်မည် မဟုတ်သော်လည်း တစ်ဦးတည်း အဆင့်စာရင်းရှိ ကစားသမားက ၎င်းကို အသုံးချပြီး ဂိမ်းငွေကြေးနှင့် ပစ္စည်းဆုလာဒ်များ ရနိုင်ပေသည်။

မူလ မှော်ပညာရှင်များ၊ စစ်သည်များ၊ ရုပ်သေး မောင်းနှင်သူများ အပြင် ဂိမ်းက ဆေးရည်ပညာရှင်၊ ယန္တရား ပညာရှင်နှင့် မှော်စက်ဝိုင်း ဆရာသခင်ကဲ့သို့သော အသက် မွေးဝမ်းကြောင်းများကို ထပ်ပေါင်းခဲ့သည်။ ဂိမ်းက “တိုက်ခိုက်ရေး စွမ်းအား”ဟူသော အယူအဆကို ပထမဦးစွာ မိတ်ဆက်ခဲ့သည်။တိုက်ခိုက်ရေးစွမ်းအားက အမျိုးမျိုးသော အချက်အလက်များကို စိစစ်အကဲဖြတ်ခြင်းနှင့် ညီမျှပြိး အဆင့်သာမက လက်နက်ကိရိယာ၊ မကောင်းဆိုးရွားများ သတ်ဖြတ်ခြင်း၊ တာဝန်အမှတ် စသည်တို့ကိုလည်း ထည့်တွက်၏။

အသက်မွေးဝမ်းကြောင်းများ ထပ်ထည့်လိုက်ခြင်းက ဂိမ်းကို ပို၍ပင် စိတ်ဝင်စားစရာ ကောင်းသွားစေပြီး ၎င်းတို့က ပေါ့သေးသေး အရာများ မဟုတ်ကြပေ။ တိုက်ခိုက်ရေး ဌာန ကဲ့သို့ပင် အသက်ဌာနကလည်း တကယ့်လက်တွေ့နှင့် တိုက်ရိုက် ချိတ်ဆက်ထားသည်။ ဥပမာပြောရလျှင် ဂိမ်းထဲတွင် အခြေခံ ဆေးပညာ ဗဟုသုတများကို လေ့လာနိုင်ပြီး တစ်ဆင့်ချင်း အဆင့်တက်နိုင်ပေသည်။ အချို့ အတွေးအမြင်များကိုလည်း ဂိမ်းထဲမှ ထွက်ပြီးနောက် အပြင်ဘက်တွေ့တွင် အသုံးချ၍ရသည်။ အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီးနောက် ဂိမ်းထဲသို့ ဆရာသခင် တစ်ယောက် ရောက်လာပြီး သင်ပေးမည်ဟု ပြောကသည်။ ကံကောင်းပြီး တာဝန်တစ်ခုကို ပြီးမြောက်ခဲ့လျှင် မဟာဆရာသခင် နှစ်ယောက်ဖြစ်သော ထယ်တင်းနစ်နှင့် “အက်ဂ်ယော”ထံမှပင် သင်ကြားပေးခြင်း ခံရပေလိမ့်မည်။

ဂိမ်းကစားခြင်းတွင် အသက်မွေးဝမ်းကြောင်းက ဖန်တီးသော ပစ္စည်းများ၊ အဆင်တန်ဆာများက ဆိုင်တွင် ရောင်းသည်ထက် မကောင်းပေ။ သို့သော်လည်း ကုန်ကျစရိတ်က အတော်လေး နည်းပါ‌းပေသည်။ အချို့အဆင်တန်ဆာများက အလိုအပ်ဆုံးနှင့် ကိုက်ညီရန်အတွက် သီးသန့် ချုပ်လုပ်၍ ရနိုင်၏။

ဂိမ်းထဲ၌ လည်ပတ်နေသော ငွေကြေးက အတော်လေး တန်ဖိုးရှိလှသည်။ တိုက်ခိုက်ရေး အလုပ်လုပ်သူများက လက်နက် ကိရိယာများ ဝယ်ယူရန်အတွက် ငွေကြေး လိုအပ်သည်။ အသက် မွေးဝမ်းကြောင်း လုပ်ကိုင်သူများကလည်း ကျွမ်းကျင်မှုနှင့် အဆင့် တိုးမြင့်ရန်အတွက် ငွေကြေး လိုအပ်သည်။ ထို့အပြင် အချို့ မြေပုံများ၊ မြို့များက ဝင်ရောက်ရန်အတွက် ငွေကြေး လိုအပ်သည်။ ထို့ကြောင့် “ပိုက်ဆံ”က အလိုအပ်ဆုံး “ပစ္စည်း” ဖြစ်လာခဲ့သည်။

တာဝန်စနစ်က ဂိမ်းထဲရှိ အစိတ်အပိုင်း အသစ်တစ်ခု ဖြစ်ပြီး ကစားသူများအား အခြေခံ အသက်ဒင်္ဂါးများနှင့် လိုအပ်သော ကုန်ကြမ်းများကို ရရှိစေနိုင်သည်။ အချို့ တာဝန်များက အတော်လေး မြိုးမြိုးမြက်မြက် ရနိုင်ပေသည်။

“အနှိုင်းမဲ့စစ်သည် အွန်လိုင်း”နှင့် “အနှိုင်းမဲ့စစ်သည်”ကြားမှ အကြီးမားဆုံး ခြားနားချက်က လူများအကြား ဆက်သွယ် စကားပြောဆိုခြင်း ဖြစ်သည်။ မည်သည့်‌လောက၌မဆို တိုက်ခိုက်ရေးသမားများ ရှိကြသည်။ ကစားသမားများက အဖွဲ့ဖွဲ့ပြီး တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။ ဂူသင်္ချိုင်းထဲ ဝင်နိုင်၏။ ကုန်သွယ်နိုင်၏။ အဖွဲ့ငယ်ဖွဲ့ပြီး အခြား ကစားသမားများကို သတ်ပစ်၍ရသည်။ ပြောရမည်ဆိုလျှင် ယှဉ်ပြိုင်ရန် နှစ်နည်း ရှိလေသည်။ ပထမတစ်ခုက မြို့ထဲရှိ ပုံရိပ်ယောင်ပြိုင်ကွင်းတွင် တိုက်ပွဲကို ငွေကြေးများ ပစ္စည်းများသုံးပြီး လောင်းကြေးထပ်ခြင်းဖြစ်သည်။ အနိုင်ရရှိသူက လောင်းကြေးကို ရရှိပေမည်။ ဒုတိယက အပြင်ဘက်၌ သီးသန့် ယှဉ်ပြိုင်ခြင်းပင်။ ပထမဆုံး တိုက်ခိုက်သူ၏ နာမည်က အနီရောင် ဖြစ်သွားပေမည်။ သေဆုံးပြီးနောက် လက်နက်ကိရိယာနှင့် အဆင့်ကျခြင်း ကဲ့သို့သော အထူးအပြစ်ဒဏ်များ ရှိပေလိမ့်မည်။ ချန်လွေ့က ၎င်းတို့ကို ယခင်ဘဝ အွန်လိုင်းဂိမ်းများမှ ကူးယူထားခဲ့လေသည်။

ထို့အပြင် ဆွဲဆောင်မှု အရှိဆုံးကတော့ ဂိမ်းထဲမှ အဆင့်စာရင်းပင်။

အဆင့်စာရင်း၊ တိုက်ခိုက်‌ရေးစွမ်းအားစာရင်း၊ လက်နက် အဆင်တန်ဆာစာရင်း၊ အသက်အစွမ်းစာရင်း၊ ဂူသင်္ချိုင်းမှတ်တမ်း စာရင်း....။ လစဉ် ထိုစာရင်းထဲ ရောက်ရှိသူများက အဖိုးတန် ပစ္စည်း ဆုလာဒ်များ ရနိုင်ပြီး တကယ့်ပစ္စည်း တစ်ခုကို မဲနှိုက်ရန် အခွင့်အရေးတစ်ခု ရရှိပေမည်။ အမြင့်ဆုံး ဆုလာဒ်က ဆေးရည်မည်း သို့မဟုတ် မိစ္ဆာသစ်သီး ဖြစ်၏။

ဂိမ်း၏ အမျိုးမျိုးသော အစိတ်အပိုင်းများဖြစ်စေ၊ တကယ့် လက်တွေ့မှ ဆွဲဆောင်မှုရှိသော ဆုလာဒ်များဖြစ်စေ၊ ထိုအရာက ပြိုင်ဆိုင်မှု ပြင်းထန်သော နတ်ဆိုးများအတွက် အဆင့်ကြီး အသစ်တစ်ခု ဖြစ်လေသည်။

နေ့စဉ် ဂိမ်းကစားနိုင်သော အချိန်ကို အတင်းအကြပ် ကန့်သတ်ထားဆဲ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပုံရိပ်ယောင် လောကသည် အပြင်လောကကို အစားမထိုးနိုင်ပေ။ တကယ့် လက်တွေ့က ပုံရိပ်ယောင်လောက၏ အခြေခံအုတ်မြစ် ဖြစ်ပြီး ပုံရိပ်ယောင်လောကက တကယ့်လက်တွေ့ကို ဝန်ဆောင်မှု ပေးလေသည်။ ထိုနှစ်ခု ပေါင်းစပ်ပြီး တကယ့်စွမ်းအားနှင့် အကျိုးအမြတ်များ ရရှိနိုင်ရန်က “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”၏ စစ်မှန်သော ရည်ရွယ်ချက် ဖြစ်လေ၏။

ကြယ်ကြွေတမန်အင်ပါယာက ဘဏ်နှင့် တော်ဝင် ကောလိပ် ကဲ့သို့သော အဖွဲ့အစည်း အသစ်များကို စတင်ခဲ့ပြီး ကျန် အင်ပါယာ နှစ်ခုကို အာရုံဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က “ခိုးကူးဗားရှင်း” များကို အချိန်မီ စတင်ခဲ့ပြီး ကောလိပ်များနှင့် ဘဏ်များကို စတင် တည်ဆောက်လာကြသည်။ သို့သော်လည်း ထိုအရာများက “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”၏ ကျော်ကြားမှုနှင့်ယှဉ်လျှင် အတော်လေး နိမ့်ပါးနေလေသည်။

တစ်လ မပြည့်ခင်မှာပင် ဂိမ်းထဲမှ ကစားသူ အရေအတွက်က တဟုန်ထိုး တိုးတက်သွားခဲ့သည်။ လေ့ကျင့်သူများသာမက ဂိမ်းထဲ၌ အဂ္ဂိရတ်ပညာရှင်များပင် လှိမ့်တက်လာခဲ့သည်။ နာမည်ကျော်ကြားမှုက ထင်ထားသည်ထက် များစွာ ကျော်လွန် နေခဲ့၏။

လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်၊ နေရာတိုင်း၌ “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” အကြောင်းကို ကြားနေရသည်။ လူ အတော်များများ၏ ၎င်း၏ ဆွဲဆောင်မှုကို ခံစားမိကြသည်။ “အက်ဂ်ယော” ပြောခဲ့သည့်အတိုင်းပင် ထိုအရာက “လောကကြီးကို ပြောင်းလဲနိုင်လောက်သော” ထုတ်ကုန်တစ်ခုပင်။

All Chapters