နတ်မိမယ်နဂါး
Vol. 51 Ch. 831
တစ်နေ့လုံးတစ်ညလုံး သုံးလေးရက်ကြာ ခရီးသွားပြီးနောက် ချန်လွေ့က နောက်ဆုံးတွင် ကြယ်ကြွေတမန်မြို့တော်၏ အပြင်ဘက် ဆင်ခြေဖုံးသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာမှ အမြန်ဆုံး ထွက်သွားရန်အတွက် ချန်လွေ့က နောက်ဆုံးနေ့တွင် တစ်ယောက်တည်း ပျံသန်းသွားပြီး မြင်းနက်လေးအား လိပ်ပြာနီနယ်မြေတွင် ထားရစ်ခဲ့၏။
မြို့တော် ဆင်ခြေဖုံးရှိ ထိုတောင်ကြားကို သက်တန့် တောင်ကြားဟု ခေါ်ရခြင်းမှာ သက်တန့်တစ်စင်း ပေါ်လာတိုင်း ဇိုလာ၏ တောင်ကြားလည်း ပေါ်ထွက်လာရခြင်းကြောင့်ပင်။ သက်တန့် ပျောက်ကွယ်သွားသောအခါ တောင်ကြားလည်း ပျောက်ကွယ် သွားလေသည်။ မတော်တဆ ဝင်မိသောသူအချို့က အပြင်သို့ ပို့ဆောင်ခံရ၏။
သက်တန့်တောင်ကြား ပေါ်ထွက်လာချိန်က အချိန်အတိအကျ မရှိပေ။ တစ်ခါတရံ လနှင့်ချီကြာပြီး တစ်ခါတရံ နှစ်နှင့်ချီကြာကာ တစ်ခါတလေ နှစ်ပေါင်းရာနှင့်ချီ ကြာမြင့်ပေသည်....
အမှန်တကယ်၌ “သက်တန့်”ဆိုသည်က ဇိုလာ၏ စမ်းသပ်ချက် ပေါက်ကွဲခြင်းကြောင့် နေရာလွတ် အစီအရင် လျော့ရဲသွားခြင်း ဖြစ်သည်။ ချန်လွေ့က နေရာလွတ်တည်ငြိမ်မှုကို ကြီးကြီးမားမား ခိုင်မာစေရန် ရှေးမှော်စာကျောက်ပြားကို ပြည့်စုံစေခဲ့ပြီးနောက် ထို “မတော်တဆ”က သီဝရီအရဆိုလျှင် ထပ်ဖြစ်မည် မဟုတ်ပေ။
တောင်ကြားကို ရှီရာ လွှတ်ထားသော အင်ပါယာ အစောင့်များက ထိန်းချုပ်ထားကြပြီ ဖြစ်သည်။ စတေလာ ဦးဆောင်သော မှော်စက်ဝိုင်း ဆရာသခင်များကလည်း နေရာလွတ် ဝင်ပေါက်ကို မည်သို့ ဖွင့်ရမည်ကို လေ့လာနေကြသော်လည်း ရှာမတွေ့သည်မှာ ၁၀ရက်နီးပါး ရှိနေပြီ ဖြစ်သည်။ စတေလာက ဇိုလာ၏ အမည်ခံတပည့်ဖြစ်ပြီး သူက သက်ဆိုင်ရာ အသိပညာ အချို့ကို လေ့လာထားခဲ့သော်လည်း ကံဆိုးစွာပင် သက်တန့် တောင်ငကြား၏ မှော်အစီအရင်က သူ့အတွက် အဆင့်မြင့်လွန်း လှပေသည်။
ချန်လွေ့ကတော့ ခြွင်းချက်ဖြစ်၏။
ထိုစဉ်က ချန်လွေ့သည် နဂါးထွင်းစာနှင့် မှော်စက်ဝိုင်း အသိပညာတို့ကို အသုံးချပြီး သက်တန့်တောင်ကြား၏ နေရာလွတ်ကို ဖွင့်လှစ်ကာ ဝင်ရောက်ခဲ့သည်။ ဇိုလာနှင့် ချစ်သူ ဖြစ်ပြီးနောက်တွင် သူတို့နှစ်ယောက်က ရှေးမှော်စာများကို လေ့လာကြပြီး အတူတူ တိုးတက်လာခဲ့သည်။ သက်တန့် တောင်ကြား၏ မှော်အစီအရင်အသစ်ကို သူတို့နှစ်ယောက်က ခင်းကျင်းထားခြင်း ဖြစ်ပေသည်။
ချန်လွေ့က တောင်ကြားမှ အင်ပါယာ အစောင့်များကို တွေ့ရှိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူက မျက်နှာဖုံးတပ်ပြီး ဆင်းသက်လာခဲ့သည်။ အင်ပါယာ အစောင့်များက မီးအိမ် ဝိညာဉ်များ ဖြစ်ကြ၏။ သူတို့က သခင်ဖြစ်သူ၏ အငွေ့အသက်ကို အာရုံခံမိသည့်အခါ အရိုအသေ ပြုလိုက်သည်။ ထိုလှုပ်ရှားမှုက စတေလာနှင့် အခြားသူများအား ကြင်ရာတော်မင်းသား ဟူသော သရုပ်ကို ချက်ချင်း သိရှိသွားစေသည်။ ယခုတွင် ကြင်ရာတော် မင်းသားက ကြယ်ကြွေတမန်အင်ပါယာ၏ ဒဏ္ဍာရီ ဖြစ်နေလေပြီ။ ခွန်အား၌ဖြစ်စေ၊ အဂ္ဂိရတ်ပညာ အဆင့်အတန်း၌ဖြစ်စေ၊၊ အားလုံး မော့ကြည့်ရလေသည်။
“စတေလာ။ မြို့တော်ကို အရင်ပြန်လိုက်။ အင်ပါယာ အစောင့်တွေက အခုအချိန် ဒီမှာ နေပေးလိမ့်မယ်။”
စတေလာက ဇိုလာ၏ တပည့် ဖြစ်သည်။ သူက ချန်လွေ့နှင့် ဇိုလာတို့၏ ပတ်သက်မှုကို သိသည်။ ထို့ကြောင့် သူက ထပ် မမေးရဲတော့ပေ။ သူက ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် မှော်စက်ဝိုင်း ဆရာသခင်များနှင်င့အတူ ထွက်သွားလိုက်၏။
ချန်လွေ့က မီးအိမ်ဝိညာဉ်များအား စောင့်ကြပ်ရန် အဝန်းအဝိုင်း ချဲ့ခိုင်းလိုက်သည်။ ထို့နောက် သူက စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အစီအရင်ကို စတင် ချိုးဖျက်တော့သည်။
နေရာလွတ်အမှတ်များကို ဖွင့်ရသည်မှာ လွယ်ကူပေသည်။
ကျန်ရှိသော အင်ပါယာအစောင့်များ အားလုံးက ချန်လွေ့၏ လူများ ဖြစ်ကြသည့်အတွက် သူကလည်း သတိထားနေစရာ မလိုတော့ပေ။ ထူးဆန်းသော မှော်စာများက အမှတ်များမှ ခုန်ထွက်လာပြီး ပြန့်ကျဲသွားခဲ့သည်။ ထိုအရာများမှာ ကြယ်စွမ်းအားက စုစည်းထားသော ရှေးမှော်စာများ ဖြစ်ကြ၏။
ထိုမှော်စာများ၏ ထိတွေ့မှုအောက်တွင် အဖြူရောင် အလင်းစက်များက လေထဲ၌ ထွက်ပေါ်လာပြီး ၎င်းတို့ကို အဖြူရောင် မျဉ်းများက ချိတ်ဆက်သွားပြီး အလွန်ကြီးမားသော နေရာလွတ်၏ ပုံကြမ်းကို ရေးရေးလေး ပြသနေပေသည်။
နောက်ဆုံးတစ်ခေါက်က သက်တန့်တောင်ကြားသည် အက်ဂ်လက်စ်ကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး ဇိုလာက နေရာလွတ်ကို ပိုမိုအင်အားကြီးအောင် လုပ်ခဲ့ရသည်။ နတ်ဘုရားတစ်ပိုင်း အဆင့်ကပင် ၎င်းကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။ နေရာလွတ် မှော်အစီအရင်၏ တည်ဆောက်သူ တစ်ယောက် ဖြစ်သည့်အလျောက် ချန်လွေ့က မမြင်ရသော ဟင်းလင်းပြင်ထဲရှိ ဝင်ပေါက်နေရာကို ဆုံးဖြတ်ရန် အချိန်မများကြီး မကြာခဲ့ပေ။ နည်းလမ်းအချို့ကို သုံးလိုက်ရာ မှော်အစီအရင် ဝင်ပေါက်က တဖြည်းဖြည်း ပွင့်လာတော့သည်။
မှော်အစီအရင်ဝင်ပေါက် ပွင့်သွားသည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းပြီး အလွန်အမင်း ထက်မြက်သော စွမ်းအား အငွေ့အသက် စီးကြောင်းများ ထွက်လာလေသည်။ ချန်လွေ့က သတိလက်လွတ် ဖြစ်သွားခဲ့ပြီး မျက်နှာဖုံးက ချက်ချင်းပင် အပိုင်းပိုင်း ဖြစ်သွား၏။ ဝတ်ရုံကလည်း စုတ်ပြတ်သွားခဲ့ပြီး မြေပြင်ကလည်း မရေမတွက်နိုင်သော ဓားများကြောင့် ကြက်ခြေခတ်ပုံစံ အက်ကြောင်းများ ဖြစ်သွားခဲ့လေသည်။ ကံကောင်းစွာပင် သူက မီးအိမ်ဝိညာဉ်များအား ပြန်ခိုင်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့မဟုတ်ပါက အသေအကြေဖြစ်မည်မှာ သေချာပေသည်။
ချန်လွေ့၏ အတွေးများ လှုပ်ရှားသွားခဲ့ပြီး အရည်လဲ့သော လိပ်ခုံးတစ်ခုက ပတ်ပတ်လည်တွင် ပေါ်ထွက်လာကာ ထက်မြက်သော ချီစွမ်းအင်ကို ကာကွယ်ပေးနေသည်။ ထိုချီစွမ်းအင်က ပြောင်းလဲသွားပြန်ပြီး ထူထဲကာ ခန့်ညားသော အငွေ့အသက် တစ်ခုအဖြစ ပြောင်းလဲသွားသည်။ အက်ရာများ ပြည့်နေသော မြေပြင်က အလွန်လေးလံသော ဖိအားကြောင့် နိမ့်ကျသွားခဲ့လေသည်။ ထိုအက်ကြောင်းများက အလွန် ကြီးမားသော အက်ကြောင်းများ ဖြစ်သွားကာ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
“လေဒြပ်စင်နဲ့ မြေဒြပ်စင် စွမ်းအားလား။” ချန်လွေ့က ပါးပေါ်မှ သွေးစက်များကို သုတ်ပြီး တင်းတင်းကြပ်ကြပ် မျက်မှောင် ကြုတ်လိုက်သည်။ သူက မှော်ပညာအကြောင်း မသိသော်လည်း ထိုဒြပ်စင်စွမ်းအားများက ဖရိုဖရဲဖြစ်နေကာ အထိန်းအချုပ် ကင်းလွတ်နေကြောင်း သေသေချာချာ ခံစားမိနိုင်လေသည်။
ထိုကဲ့သို့ ပြင်းအားရှိသည့် ဒြပ်စင်စွမ်းအား နှောင့်ယှက်မှု ကြောင့် ဝင်ပေါက်လမ်းကြောင်း မှော်အစီအရင်က မတည်ငြိမ် နိုင်တော့ပေ။ ၎င်းက အချိန်မရွေး ပိတ်သွားနိုင်ပြီး နောက်ထပ် ဖွင့်ရန် ခက်ခဲသွားနိုင်ပေသည်။
ချန်လွေ့က ချက်ချင်းပင် သောင်းကြမ်းသော ဒြပ်စင်စွမ်းအားထံ ပြေးဝင်သွားခဲ့သည်။ ဝင်ပေါက်ထဲ ဝင်လိုက်သည်နှင့် ချက်ချင်းပင် ၎င်းက ဝုန်းခနဲ ပျောက်ကွယ်သွား၏။ ထို့နောက် နေရာလွတ် အမှတ်များနှင့် ပုံကြမ်းများ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်မှ ထိတ်လန့်ဖွယ်ရာ ဖျက်ဆီးခြင်း လက္ခဏာများသာ ကျန်တော့သည်။
သက်တန့်တောင်ကြား......
နေရာတိုင်းတွင် ဒြပ်စင်၆ခု စွမ်းအားက ဖရိုဖရဲ ဖြစ်နေ၏။ တစ်ခါတစ်ရံ တည်ငြိမ်ပြီး တစ်ခါတရံ သောင်းကြမ်းနေသည်။ အထူးသဖြင့် နဂိုက တွန်းကန်သော ထိုဒြပ်စင်များပင်။ ရောယှက်သွားသည်နှင့် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း စွမ်းအားကို ထုတ်ပေးနိုင်၏။
ချန်လွေ့က အကာအကွယ်ဒိုင်းကာကိုဖွင့်ပြီး ရှေ့ကို သေသေချာချာ လမ်းလျှောက်လာသည်။ ရှိရင်းစွဲ အကာအကွယ် မှော်စက်ဝိုင်းများက ကြီးမားလှသော ဒြပ်စင်စွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရလေပြီ။ အထူးသဖြင့် ထိုအဓိကအမှတ်များ ဖြစ်လေသည်။ ပြောင်းလဲသွားသည်နှင့် မှော်စက်ဝိုင်း တစ်ခုလုံးက ခန့်မှန်း၍မရသော ပြောင်းလဲမှုများ ဖြစ်သွားပေမည်။ ခင်းကျင်းခဲ့သော သူသည်ပင် သတိထားရမည် ဖြစ်သည်။
“ဝုန်း....” အနီးအနားရှိ နဂါးထွင်းစာက ထိန်းချုပ်မရဘဲ ပေါက်ကွဲသွားခဲ့သည်။ ဖျက်ဆီးခြင်းစွမ်းအားက အကာအကွယ် ဒိုင်းကာကို အနည်းငယ် အက်ကွဲသွားစေသည်။ အကာအကွယ် ဒိုင်းကာက အလိုလို ပြန်ကောင်းနိုင်သော စွမ်းရည် ရှိသော်လည်း ချန်လွေ့က ဇိုလာကို စိုးရိမ်နေသည်။ သူက ယခုအချိန် စောင့်နေ၍ မရနိုင်ပေ။ ထို့ကြောင့် ပေါက်ကွဲခြင်း စွမ်းအားနှင့်အတူ ရှေ့သို့ ရိုးရိုးရှင်းရှင်းပင် အပြေးသွားတော့သည်။
ဒြပ်စင်ပြင်းအားက ပြင်းသထက် ပြင်းလာပြီး အကောင်အထည် ပေါ်လာသည်အထိနီးပါး ကြောက်စရာကောင်းလာသည်။ သာမန် မျက်လုံးဖြင့်ပင် ချန်လွေ့က အလင်းရောင်ခြည်များကို အမှန်တကယ် မြင်နေရသည်။
ချန်လွေ့က တစ်ခုခုကို သတိထားမိသွားပြီး တမုဟုတ်ချင်း နောက်လှည့်ကြည့်လိုက်ရာ ညာဘက်ရှိ သစ်တောထဲ၌ ဝေဝါးဝါး နိမိတ်ပုံရိပ်တစ်ခုကိ မြင်လိုက်ရသည်။ သူက သေသေချာချာ မမြင်နိုင်ခင်မှာပင် လွှမ်းမိုးပြီး ဖိနှိပ်သော မှော်စွမ်းအားလှိုင်းတစ်ခု ရောက်ရှိလာသည်။ ၎င်းက စွမ်းအား ကြီးလွန်းလှသည့်အတွက် အကာအကွယ်ဒိုင်းကာ ချက်ချင်း ပြိုလဲသွားတော့သည်။
ချန်လွေ့က ပြင်းထန်သော ကပ်ဘေးတစ်ခုကို ခံစားမိလိုက်၏။ သူ၏ပုံရိပ် ဖျတ်ခနဲ ပျောက်သွားပြီး အဝေးသို့ ရောက်ရှိ သွားခဲ့သည်။ ယခုတွင် သူ့စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေခဲ့ပြီး [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] အသက်သွင်းပြီး နားလည်ထားခဲ့သော ဥပဒေသကြောင့် သူက တိုင်းပြည်အဆင့်များသာ အသုံးပြုနိုင်သော ရွှေ့ပြောင်း အစွမ်းများကို ရေးရေးလေး ကျွမ်းကျင်နေပြီ ဖြစ်သည်။ သို့သော်လည်း သူက ခြေတစ်လှမ်း နောက်ကျသွားသေးသည်။ သူ၏ မျက်နှာအမူအရာ ဖြူဖျော့သွားခဲ့ပြီး အတွင်းဒဏ်ရာများ ရရှိသွားသည်မှာ သေချာပေသည်။
ဒဏ်ရာနှင့်ယှဉ်လျှင် ချန်လွေ့ကို အံ့အားသင့်စေဆံုးက [သရုပ်ခွဲမျက်လုံး] ဖော်ပြသော အချက်အလက်များကပင်....
မျိုးနယ် - နဂါး(နတ်မိမယ်နဂါး)
စွမ်းအားအကဲဖြတ်မှု - SS(S++)
ခန္ဓာအမျိုးအစား - S+
ခွန်အား - S+
စိတ်ဝိညာဉ် - S++
အမြန်နှုန်း - S++
[ စိစစ်ချက် ] - မှော်ခန္ဓာ။ ဒြပ်စင်ပါရမီ။ မန္တန်ကျွမ်းကျင်မှု။
အန္တရာယ်အဆင့် - အလွန်အမင်းမြင့်မား။
SS အဆင့်ပဲ။ ဇိုလာက တိုင်းပြည်အဆင့်ကို ရောက်သွားပြီလား။ ချန်လွေ့ အံံအားသင့်သွားပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။ မဟုတ်သေးဘူး။ [ သရုပ်ခွဲမျက်လုံး ] ပြတဲ့အတိုင်းဆိုရင် ဇိုလာရဲ့ တကယ့်စွမ်းအားက တိုင်းပြည်အဆင့် မရောက်သေးဘူး။ ဒါပေမဲ့ အကြောင်းရင်းတချို့ကြောင့် သူက တိုင်းပြည်အဆင့်ကို ယာယီရောက်သွားတာ။ ဒါက ချိပ်ပိတ်ခန်းမက ယုံကြည်မှုစွမ်းအား အကူအညီနဲ့ တိုင်းပြည်စွမ်းအားကို ပုပ်ရဟန်းမင်း ထုတ်သုံးနိုင်တာနဲ့ ဆင်တူတယ်။
ဒါဆိုရင် ဇိုလာရဲ့စွမ်းအားက ဘာဖြစ်သွားတာလဲ။
ထိုအချိန် လေထဲ၌ လွင့်ပျံနေသော နိမိတ်ပုံရိပ်က တဖြည်းဖြည်း ထင်ရှားလာသည်။ ထိုပုံရိပ်က ၆မီတာ ရှည်၏။ အပြင်ဘက်မှ နဂါးနှင့်တူသော်လည်း သာမန်နဂါးများ၏ ကြမ်းတမ်းပြီး ရက်စက်သော ခံစားချက်နှင့် ကွဲပြားနေသည်။ ထိုနဂါးက နူးညံ့သော အသွင်အပြင်ရှိပြီး အလွန်ကြီးမားသော ခရမ်းရောင် မျက်လုံးများနှင့်အတူ ရောင်စုံအလင်းရောင်များ တောက်ပနေကာ အလွန်ကြီးမားသော လိပ်ပြာတောင်ပံတစ်စုံလည်း ရှိနေ၏။ ထိုလိပ်ပြာတောင်ပံက ချန်လွေ့ မြင်ခဲ့ဖူးသော တမန်တော် တောင်ပံနှင့် တစ်နည်းတစ်ဖုံ ဆင်တူသည့် အိပ်မက်ဆန်ဆန် ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။
ဒါက နတ်မိမယ်နဂါးရဲ့ မူလ ခန္ဓာကိုယ်ပဲ။
ချန်လွေ့က ဇိုလာနှင့် အနီးစပ်ဆုံး ရင်းနှီးမှု ရှိသော်လည်း ယခုမှသာ နဂါးခန္ဓာကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ပါရမီကြောင့် အနီးကပ်တိုက်ခိုက်ရန် မလိုအပ်သော နတ်မိမယ်နဂါးက အလွန် နူးညံ့သိမ်မွေ့လှသည်။ နဂါးများ အကြား၌ နတ်မိမယ်နဂါးများက အဖော်ရွေဆုံး ဖြစ်သည်။ သူ၏ အပြင်ဘက် စိတ်နေသဘောထားကလည်း ရင်းနှီးပြီး ချစ်စဖွယ် ဖြစ်သည်။ သို့ရာတွင် ၎င်းတို့က သာမန်နတ်မိမယ်နဂါးများပင်။ ဇိုလာ၏ “သိပ္ပံအရူးမ”ဟူသော ဂုဏ်သတင်းက နတ်ဆိုးဘုံရှိ နဂါးများအကြား၌ အလွန်ပင် ကျော်ကြားလှပေသည်။ ပါ့ဂ်လီအိုနှင့် ဒန်နီရယ်ကဲ့သို့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နဂါးများကပင် သူ့ကိုတွေ့သောအခါ ထွက်ပြေးကြမည် ဖြစ်သည်။
မီးတောက်များက ဇိုလာ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တဖျတ်ဖျတ် လက်နေပြီး ကြောက်မက်ဖွယ်ရာကြောင်းပြီး ဖရိုဖရဲ ဖြစ်နေသော ဒြပ်စင်စွမ်းအားနှင့်အတူ ရစ်ဝဲနေ၏။ သစ်တောထဲရှိ သစ်ပင်များကလည်း တစ်ခါတရံ ချစ်ချစ်တောက် လောင်ကျွမ်းပြီး တစ်ခါတလေ ရေခဲအဖြစ် အေးခဲကုန်သည်။ စွမ်းအားက အထိန်းအချုပ် ကင်းလွတ်နေ၏။
“ဇိုလာ...” ချန်လွေ့ အော်ပြောလိုက်သည်။
ဇိုလာ မော့ကြည့်လိုက်သည်နှင့် ချန်လွေ့က ချက်ချင်းပင် ကြောက်မက်ဖွယ်ရာကော်ငးသော စိတ်ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် ဇိုလာ၏ မျက်လုံးများက ရဲရဲတောက် နီသွားတော့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော မီးစက်လုံးတစ်ခုက ချန်လွေ့ကို လွှမ်းမိုးသွားကာ နောက်ဘက်မှ အလွန်ကြီးမားသော ကျောက်ကြီးနှင့် ဝင်တိုက်သွားခဲ့သည်။ မီးဒြပ်စင်က သောင်းကြမ်း နေခဲ့သည်။ မာကြောခိုင်မာမှုကြောင့် ကျော်ကြားသည့် အလွန်ကြီးမားသော သလင်းကျောက်က အလျင်အမြန်ပင် အရည်ပျော်သွားကာ လူပုံစံအပေါက်အဖြစ် လောင်ကျွမ်း သွားတော့သည်။
ချန်လွေ့ရှိ [ မီးဇာမဏီအမာရွတ် ] က ချက်ချင်းပင် အစွမ်းပြလာတော့သည်။ [ မီးဇာမဏီအမာရွတ် ] က မီးထိခိုက်မှုကို ၉၀% လျှော့ချပေးပြီး လုံးဝပြီးရန် ၁၀% အခွင့်အရေး ရှိပေသည်။ ၁၀% ထိ လျော့ကျသွားသည့်တိုင် ချန်လွေ့က ကြောက်မက်ဖွယ်ရာ ပူလောင်မှုကို ခံစားနေရသေးသည်။ [ မှော်ဆန့်ကျင် ] ခန္ဓာကြောင့်သာ မဟုတ်လျှင် စွမ်းအား ၁၀%က သူ့ကို ဒဏ်ရာ အပြင်းအထန် ရစေနိုင်လောက်ပေသည်။
တိုင်းပြည်အဆင့် ထိခိုက်မှုပဲ.....
တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် တိုက်ခိုက် ခဲ့ဖူးသော ချန်လွေ့က ထိုမီးတောက်ပြင်းအားအဆင့်ကို ချက်ချင်း ဆုံးဖြတ်လိုက်နိုင်သည်။ ကံကောင်းစွာပင် မီးဒြပ်စင် တိုက်ခိုက်မှု ဖြစ်နေခဲ့သည်။ အခြားဒြပ်စင်သာဆိုလျှင် [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ကို အသုံးမပြုထားပါက သေချာပေါက် အသက်အန္တရာယ် စိုးရိမ်ရနိုင်ပေသည်။ တိုင်းပြည်အဆင့်သို့ အကြောင်းရင်းမသိရဘဲ ယာယီ တက်ရောက်သွားခဲ့သော ဇိုလာက စိတ်လွတ်နေသည့်အတွက် ချန်လွေ့က သူ့ကို သွားနှိုးပေးရမည် ဖြစ်ပေသည်။
မီးတောက်စွမ်းအားက ဖြည်းဖြည်းချင်း အားနည်းသွား၏။ ချန်လွေ့၏ အတွေးများ လှုပ်ရှားသွားခဲ့ပြီး [ တိတ်တဆိတ် ]ကို အသက်သွင်းကာ ပြိုင်ကွင်းမှ တိတ်တိတ်လေး ထွက်သွားလိုက် လေသည်။
[ တိတ်တဆိတ် ] က အလွန်ပင် မယုံနိုင်စရာကောင်းလှ၏။ ထိုအချိန် ဇိုလာက ဖရိုဖရဲ အခြေအနေ ဖြစ်နေသည်။ SS အဆင့် စိတ်ဝိညာဉ်စွမ်းအားဖြင့်ပင် သူက ချန်လွေ့၏ တည်နေရာကို မသိနိုင်ခဲ့ပေ။
ပစ်မှတ်ပျောက်ဆုံးသွားသော နတ်မိမယ်နဂါးက ထပ်မံ မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူက လေထဲသို့သာ ဆက်လက်၍ ငေးငိုင်နေခဲ့သည်။ သူ့ပတ်ပတ်လည်မှ လွင့်ပျံနေသော ဒြပ်စင် စွမ်းအားက ဖရိုဖရဲ ဖြစ်နေဆဲပင်။
[ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ကို သုံးပြီးတော့ ဇိုလာကို သတိပြန်ဝင်အောင် တိုက်ခိုက်ရမှာလား။ အဲဒါနဲ့ဆို ဇိုလာကို ဖိနှိပ်နိုင်ဖို့ သိပ်ပြီးတော့ မခက်လောက်ဘူး။ ဒါပေမဲ့ အခုအချိန် ဇိုလာရဲ့စိတ်ဝိညာဉ်စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ခံနိုင်တာထက် ကျော်လွန်နေတယ်။ ငါက သူ့ကို ထိန်းချုပ်ဖို့ အင်အား အတင်းသွားသုံးလိုက်ရင် သူ့စိတ်ဝိညာဉ်စွမ်းအားက တန်ပြန်ပြီးတော့ အပြင်းအထန် ထိခိုက်မှုကနေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်သွားလောက်တယ်။
အန္တရာယ်အကင်းဆုံး နည်းလမ်းက အဲဒါကို သူ့ရဲ့ စိတ်စွမ်းအင်နဲ့ ဖိနှိပ်ဖို့ပဲ။
ချန်လွေ့က တုံ့ဆိုင်းနေစဉ် အဝေးမှ ဝေဝေဝါးဝါးနှင့် အနည်းငယ် ရင်းနှီးမှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူက ထိုဘက်သို့ ဖျတ်ခနဲ ကြည့်လိုက်၏။ အဲဒီနေရာက သက်တန့်တောင်ကြားရဲ့ ပြန်လည်ရှင်သန်ခြင်းရေစင် ရှိတဲ့နေရာ ဖြစ်လောက်တယ်။
ချန်လွေ့က ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး နောက်ဆုံးတွင် မတည်ငြိမ်မှုက မည်သည်ကြောင့် ဆိုသည်ကို သတိရသွား၏။ ငွေသေတ္တာ!!