ကြိုတင်၍ တိုင်းပြည်ဖန်တီးခြင်း
Vol. 51 Ch. 833
သက်တန့်တောင်ကြား၌ -
ဇိုလာ၏ လက်ထဲ၌ အဖြူရောင် အလင်းတစ်ခု ပေါ်ထွက်လာ၏။ ဇိုလာက အလင်းဒြပ်စင်ကုသမှုအား အသုံးပြုသည်ကို ချန်လွေ့ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။ ၎င်းက အလင်း အရင်းအမြစ်စွမ်းအားနှင့် သက်ဆိုင်နေပေသည်။
ရေဒြပ်စင်ကုသမှုက အလင်းဒြပ်စင်ထက် အသေအချာပင် နိမ့်ကျပေသည်။ အလင်းဒြပ်စင် ကုသမှုက အပေါ်ယံမှ ဒဏ်ရာများကို ကုသနိုင်ရုံသာမက ခန္ဓာကိုယ်၏ အလိုလို ကုသသော စွမ်းရည်ကိုပါ လှုံ့ဆော်ပေးသည့်အတွက် ပြန်ကောင်းရန် ပိုမြန်ပြီး အကန့်အသတ် တစ်ခုအတွင်း အားလျှော့ အစွမ်းများကို ဖယ်ရှားပေးလေသည်။
ပြောရမည်ဆိုလျှင် မှော်ကုသခြင်းက ခန္ဓာကိုယ်၏ အလားအလာကို အသံုးချကာ ကုသခြင်းကို တိုးမြှင့်ပေးခြင်း ဖြစ်သည့်အတွက်ကြောင့် အကန့်အသတ် ရှိပေသည်။ အချိန်တိုအတွင်း ထပ်ကာထပ်ကာ အသုံးပြုမည်ဆိုလျှင် အာနိသင် လျော့ကျသွားရုံသာမက ခန္ဓာကိုယ်အင်အား ကုန်ခမ်းမှုကြောင့် ရောဂါဝှက်များကိုပင် ဖြစ်စေနိုင်လေသည်။
ကိုယ်ကိုယ်တိုင်၏ ခန္ဓာအမျိုးအစားနှင့် ကုသ စွမ်းရည် တို့ကသာ တကယ့် “ကုသမှု” ဖြစ်သည်။ မှော်ပညာက အကူအညီ အထောက်အပံ့နှင့် ပိုတူပေသည်။ ထိုနိယာမက အမှန်တကယ်၌ ကိုယ်ကာယလှုပ်ရှားမှု၊ ဆေးထိုးခြင်းနှင့် ဆေးသောက်ခြင်းကြားမှ ပတ်သက်ဆက်နွှယ်မှု ဖြစ်လေသည်။
[ ကျက်သရေ အလင်းခန္ဓာ ] ၊ အလိုလိုကုသသော ခန္ဓာအမျိုးအစားနှင့် အလင်းဒြပ်စင်ကုသမှုတို့နှင့်အတူ ကြောက်စရာ ဒဏ်ရာများက မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အလျင်အမြန် ပြန်ကောင်းလာလေသည်။
“ဇိုလာ။ ရပါပြီ။” ဇိုလာ၏ စွမ်းအားက မတည်မငြိမ် ဖြစ်နေသေးကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ “ဘာဖြစ်တာလဲ။”
ဇိုလာက မှော်ပညာကို ရုတ်သိမ်းပြီး ခေါင်းငုံ့ထားလိုက်သည်။ “တောင်းပန်ပါတယ်။”
“ဒါက ကိုယ့်ရဲ့ ဇိုလာ မဟုတ်ဘူး။” ချန်လွေ့က ဇိုလာအား လက်မောင်းထဲသို့ ဆွဲသွင်းလိုက်သည်။ “စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ်၊ ကိုယ် မင်းနဲ့အတူ ရင်ဆိုင်ပေးမယ်။”
နတ်မိမယ်နဂါးက ချန်လွေ့၏ ရင်ခွင်မှ အနွေးဓာတ်ကို ခံစားမိလိုက်ပြီး အသာလေး ခေါင်းညိတ်လိုက်သည်။
ဇိုလာက လူသားလောကသို့ ချန်လွေ့ သွားခဲ့ပြီးနာက် သက်တန့်တောင်ကြား၌ တံခါးပိတ်လေ့ကျင့်ခြင်း စတင်ခဲ့လေသည်။ ထိုအချိန်တွင် သူ့ဆီ၌ ဒြပ်စင်အရင်းမြစ်စွမ်းအား (၄)ခု ရှိနေပြီး မြေ၊ ရေ၊ မီးနှင့် အမှောင်ဒြပ်စင်တို့ ဖြစ်ကြသည်။ သီဝရီအရဆိုလျှင် ဒြပ်စင်အရင်းမြစ်စွမ်းအား ထပ်ပေါင်းခြင်းက [ ဒြပ်စင်(၆)ခု တိုင်းပြည် ] အတွက် အောင်မြင်နှုန်းကို တိုးစေနိုင်၏။ သို့ရာတွင် ဒြပ်စင်အရင်းအမြစ်စွမ်းအားက ထင်ထားသည်ထက် ပိုမို၍ အင်အားကြီးနေခဲ့သည်။ အထူးသဖြင့် အရင်းအမြစ်စွမ်းအားများ ရောနှောသွားသောအခါ၌ ဖြစ်၏။ ယခင် မြေဒြပ်စင် အရင်းမြစ်စွမ်းအားက အဆင်ပြေသည်။ မြေဒြပ်စင်၏ သဘာဝက နဂိုတည်းက သိမ်မွေ့ပြီး တည်ငြိမ်သည်။ သို့ရာတွင် ရေနှ၊ မီးနှင့် အမှောင်ဒြပ်စင် စွမ်းအားတို့ဖြင် ရောနှောလိုက်သောအခါ တဖြည်းဖြည်း ထိန်းချုပ်မရ ဖြစ်သွားခဲ့သည်။
ပြောရမည်ဆိုလျှင် အရင်းအမြစ်စွမ်းအား (၄)ခုကို ဇိုလာ စုပ်ယူနေသော အမြန်နှုန်းက ပြင်းထန်လွန်းလှ၏။
အမှန်တကယ်၌ ထိုအရာ ချန်လွေ့နှင့်လည်း အတော်လေး သက်ဆိုင်ပေသည်။ ဇိုလာကို ချန်လွေ့ ပထမဆုံး တွေ့ခဲ့သော အချိန်၌ အားနည်းနေခဲ့သေးသည်။ နှစ်အနည်းငယ်အတွင်း ချန်လွေ့က ဇိုလာနှင့် အဆင့်တူနီးပါးအထိ ရောက်လာခဲ့ပြီး သူ့ကို ကျော်လွန်တော့မည့် အငွေ့အသက်ပင် ရှိလာခဲ့သည်။ မစ်-နတ်မိမယ်နဂါးက အနည်းငယ် အပြိုင်အဆိုင် ရှိသော်လည်း ထိုအရာက အဓိက အကြောင်းရင်း မဟုတ်ပေ။ တကယ့် အကြောင်းရင်းက မှော်ဆရာခံတပ် တိုက်ပွဲတွင် ချန်လွေ့က သူ့ကို နှုတ်ဆက်စကား ဆိုခဲ့ပြီး ရိုင်ဇန်လက်ထဲ၌ သေလုမျောပါး ဖြစ်သွားခဲ့လေသည်။ ထိုဖြစ်ရပ်က ဇိုလာအား ကြီးကြီးမားမား လှုံ့ဆော်ပေးခဲ့သည်။ သူက တိုင်းပြည်အဆင့်သို့ အမြန်ဆုံး ရောက်ရှိပြီး ထိုကဲ့သို့ ထပ်မဖြစ်စေရန် စိတ်ပိုင်းဖြတ်လိုက်၏။ ထို့အပြင် သူက ရိုင်ဇန်က နောက်(၂)နှစ်အတွင်း အနိုင်ယူချင်လေသည်။
အရင်းအမြစ်စွမ်းအား(၄)ခုကို စုပ်ယူပြီးနောက် တစ်ခုခု လွဲနေကြောင်း ဇိုလာ ခံစားလိုက်မိသည်။ သို့သော်လည်း နတ်မိမယ်နဂါး၏ မှော်ခန္ဓာကိုယ်က ၎င်းကို ဖြေရှင်းနိုင်မည် ထင်သည့်အတွက် မပြောပြခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ဒြပ်စင်စွမ်းအားက ထိန်းချုပ်ရ ပိုမိုခက်လာပြီး အန္တရာယ်လည်း ပိုမို၍ များပြားလာခဲ့သည်။ နတ်မိမယ်နဂါး၏ သဘာဝ မှော်ခန္ဓာသည်ပင် ၎င်းကို မခံနိုင်တော့ သည့်အတွက်ကြောင့် အဖြေရှာရန်အတွက် သူက ခဏခဏ တံခါးပိတ် လေ့ကျင့်ခဲ့ရတော့သည်။
ထိုတံခါးပိတ် လေ့ကျင့်ရေးအတွင်း ဇိုလာက တစ်ခါတည်း အရဲစွန့်ပြီး တိုင်းပြည်ဖွဲ့စည်းရန်အတွက် အရေးအပါဆုံး ဥပဒေသ အရင်းခံကို စုစည်းရန် ရည်ရွယ်ထားခဲ့သည်။ ထို“တည်ဆောက်ပုံ” ဖွဲ့စည်းပြီးသည်နှင့် ဒြပ်စင်စွမ်းအားကို စုပ်ယူပြီး ထိန်းချုပ်နိုင်မည် ဖြစ်ကာ ယခင်ကဲ့သို့ ပြဿနာများကို အခြေခံအားဖြင့် ဖြေရှင်းနိုင်ပေလိမ့်မည်။
သို့သော်လည်း [ဒြပ်စင်(၆)ခုတိုင်းပြည်]က ခက်ခဲလွန်းလှ၏။ ဇိုလာက စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း လက်တွေ့တွင် ကြုံတွေ့ရသော အခက်အခဲများက စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေလေသည်။ အထူးသဖြင့် အရင်းမြစ်စွမ်းအားရှိသော ဒြပ်စင်(၄)ခုက အားကောင်းလွန်းနေပြီး တခြားနှစ်ခုနှင့် မျှခြေမညီနေပေ။ ဇိုလာက ကြောက်မက်ဖွယ်ရာ ဒြပ်စင် တန်ပြန်မှုအောက်တွင် ခဏတာမျှ သတိလစ်သွားခဲ့၏။
ကံကောင်းစွာပင် နတ်မိမယ်နဂါး၏ မှော်ခန္ဓာပါရမီက အစွမ်းထက်လွန်းလှသည်။ ထို့ကြောင့် သတိလစ်ခြင်းကို စီမံနိုင်ခဲ့သည်။ တစ်ခါတရံ သူက နိုးနေပြီး တစ်ခါတလေ ဖရိုဖရဲ ဖြစ်နေ၏။ နိုးသောအခါ ဇိုလာက ဒြပ်စင်များကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့ရသည်။
ဖရိုဖရဲ ဖြစ်နေချိန်အတွင်း ဇိုလာက အရာအားလုံးကို မသိလိုက်ဘဲ ဖျက်ဆီးမိပြီး စွမ်းအားများ ထုတ်လွှတ်ရန် နည်းလမ်းတစ်ခုကို ဖွေရှာနေခဲ့သည်။ သူ သတိလစ်နေစဉ်အတွင်း ငွေသေတ္တာက မတော်တဆ ပွင့်သွားခဲ့၏။
ငွေသေတ္တာ၏ ထူးဆန်းသော စွမ်းအားကြောင့် ဇိုလာ၏ စိတ်ဝိညာဉ်က တိုင်းပြည်အဆင့်သို့ ခုန်တက်သွားခဲ့လေသည်။ ဥပဒေသ အရင်းခံသာမက ဥပဒေတစ်ခုလုံးကပင် အမှန်တကယ် ပုံပေါ်လာခဲ့သော်လည်း ထိုအရာက ကောင်းသောအခါ မဟုတ်ပေ။ သေစေနိုင်ဆုံးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလေသည်။
ထိုဥပဒေသက ဇိုလာကိုယ်တိုင် နားလည်ထားခြင်း မဟုတ်ဘဲ ငွေသေတ္တာမှ “အတင်း ထုတ်ယူထားခြင်း” ဖြစ်သည့် အတွက်ကြောင့် အတွင်းထဲမှ အပြောင်းအလဲများနှင့် လျို့ဝှက် ဆန်းကြယ်မှဒများကို လုံးဝ မနားလည်ခဲ့ပေ။ ဆိုလိုသည်က ဥပဒေသ ဖွဲ့စည်းသွားသည်နှင့် ဇိုလာက ထိန်းချုပ်မရသည့် အလွန်ကြီးမားသော တန်ပြန်စွမ်းအားကြောင့် ချေမှုန်းခံရနိုင်ချေ များပေသည်။
ကြောက်စရာ အကောင်းဆုံးမှာ ဥပဒေသက ပြီးစီးတော့မည် ဖြစ်ပြီး ပယ်ဖျက်၍ မရနိုင်တော့ပေ။ ဆိုလိုသည်က ထိုအဆင့်ကို ပြန်ပြောင်း၍ မရတော့ဘဲ ရင်ဆိုင်ရပေတော့သည်။ [ ဒြပ်စင်(၆)ခု တိုင်းပြည် ] ၏ အန္တရာယ်နှင့်အတူ ထိုကဲ့သို့ မမျှော်လင့်ထားသော အကြောင်းကြောင့် ဇိုလာက သေဒဏ်ပေးခံရသလို ဖြစ်နေ၏။
“ဘာလို့ ဒီလို ဖြစ်နေရတာလဲ။” အမှန်တရားကို သိရှိသွားသော ချန်လွေ့က ချက်ချင်းပင် နှလုံးသား တင်းကြပ်သွားခဲ့ပြီး နှလုံးခုန်နိုင်စွမ်း မရှိတော့သလိုနီးပါး ဖြစ်သွားခဲ့သည်။
သူက ဇိုလာ အဆင့်တက်ရာ၌ အန္တရာယ်ကို နည်းပါးစေရန် ဒြပ်စင်အရင်းအမြစ်စွမ်းအား (၆)ခုကို အသည်းအသန်၊ ခက်ခက်ခဲခဲနှင့် ရှာဖွေစုဆောင်းခဲ့သော်လည်း လက်ရှိ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ပေ။
ဇိုလာက ခေါင်းခါလိုက်သည်။ “စွမ်းအားနောက် လိုက်တာက ပေးဆပ်ရမှာတွေ ရှိတယ်။ ဒီအထိ လမ်းတလျှောက်မှာ ကျရှုံးသွားတဲ့ သူတွေ မရေမတွက်နိုင်အောင် ငါ မြင်ခဲ့ပြီးပြီ။ တကယ်တော့ ဒီလမ်းကြောင်းကို အစကတည်းက ငါရွေးပြီးကတည်းးက တစ်ခုခုကို သဘောပေါက်ခဲ့တယ်။ ဒါက ရှောင်လွှဲလို့မရတဲ့ သေခြင်းတရား မဟုတ်ပါဘူး။ အခု ဒြပ်စင် အရင်းအမြစ်စွမ်းအား (၆)ခုကို စုစည်းပြီးသွားပြီ။ မျှခြေလည်း ညီသွားပြီ။ ဥပဒေသကို ငါ ထိန်းချုပ်နိုင်သရွေ့ တိုင်းပြည်ဖန်တီးတဲ့ နေရာမှာ တစ်ခါတည်း အောင်မြင်နိုင်ပြီ။”
ထိုစကားက နှစ်သိမ့်စကားဖြစ်ကြောင်း ချန်လွေ့ သိသည်။ ဥပဒေသကို ထိန်းချုပ်ရမည်မှာ အပြောသာလွယ်၏။ ထို့ပြင် ယခု ထိန်းချုပ်ရမည်က ဒြပ်စင်(၆)ခု ဥပဒေသ ဖြစ်နေလေသည်။
“မင်း ဘယ်လောက် သေချာလဲ။”
ဇိုလာက လက်နှစ်ချောင်း ထောင်လိုက်ကာ ခဏ စဉ်းစားပြိးနောက် တစ်ချောင်း ဖယ်လိုက်သည်။
“၁၀%လား။” ချန်လွေ့၏ နှလုံးသား နစ်မွန်းသွားခဲ့သည်။ သူချစ်ရသော ဇိုလာက ရုတ်တရက်ကြီး သေခြင်းတရားနှင့် ထိုမျှ နီးကပ်သွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
“ချန်လွေ့။ နင့်ဘဝမှာ ငါက....”
“မင်းက ကိုယ့်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုပါပဲ။” ထိုအရာက မှော်ဆရာခံတပ်၌ သူ နောက်ဆုံး နှုတ်ဆက်စကား ပြောခဲ့သောအရာ ဖြစ်လေသည်။ ချန်လွေ့က ဇိုလာ ပြောတော့မည့် အရာသည် သိနေပြီး ခေါင်းခါလိုက်၏။ “ကိုယ်တို့တွေ လက်မလျှော့ဘူး။”
“အိုး....” ဇိုလာက မရှင်းပြခဲ့ပေ။ အမှန်တကယ်၌ လက်တစ်ချောင်းက ၀.၁% ကို ဆိုလိုခြင်း ဖြစ်သည်။
“အထူးအစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် အတွက်၊ အဆောင်ပစ္စည်း မဟုတ်ရင် ဆေးရည်တွေ၊ အဆင်တန်ဆာတွေက အသုံးမဝင်ဘူး။” ချန်လွေ့က စဉ်းစားပြီး ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်နိုင်ချေကို တိုးစေနိုင်တဲ့ အထောက်အကူ တွေကို လက်မလွှတ်နိုင်ဘူး။”
ချန်လွေ့က အဆင်တန်ဆာများကို တစ်ခုပြီးတစ်ခု ထုတ်နေပြီး သေသေချာချာ ရွေးချယ်ကာ တွက်ချက်ပြီး ကူညီဝတ်ပေး နေသည်ကို မြင်သည့်အခါ ဇိုလာ၏ မျက်လုံးများက အနည်းငယ် ဝေဝါးသွားခဲ့သည်။ ရုတ်တရက် သူက အတော်လေး ကျေနပ်သွားခဲ့သည်။
တချို့သူတွေက နှစ်သောင်းနဲ့ချီ နေပြီးတော့ အမြဲတမ်း တကိုယ်တည်း ဖြစ်နေခဲ့တယ်။
တချို့တွေက သုံးလေးနှစ်ပဲ အသက်ရှင်ရတာတောင် တကိုယ်တည်း မဟုတ်ကြဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနဲ့ချီအတွင်းမှာ ငါက ဒီကို ဘယ်လိုရောက်လာခဲ့လဲဆိုတာ မမှတ်မိဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးလေးနှစ်ကိုတော့ ငါ အကုန်လုံး မှတ်မိတယ်။ ဖော်ပြလို့မရတဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ဒေါသတွေ။ မြင်ကွင်းတိုင်းမှာ သူ့ပုံရိပ်တွေ ရှိနေတယ်။
ရုတ်တရက် ဇိုလာက ထူးဆန်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူက မျက်လုံးများကို အာရုံစိုက်လိုက်ပြီး အလင်းရောင်တစ်ခုကို မြင်လိုက်ရသည်။ သူက အသံကုန် အော်ပြောလိုက်၏။ “သဟဇီဝစာချုပ်...”
ချန်လွေ့က ဇိုလာ၏ ခရမ်းရောင်ဆံပင်ကို အသာလေး ပွတ်သပ်လိုက်၏။ “ကိုယ့်ဘဝရဲ့ မရှိမဖြစ်ဆိုတာ အပြော သက်သက်ပဲ မဟုတ်ဘူး။”
ဇိုလာက စာချုပ်အလင်းရောင်ကို မမြင်ရသကဲ့သို့ပင် ချန်လွေ့ကို ငေးကာ စိုက်ကြည့်နေခဲ့ပြီး သူ၏မျက်လုံးထဲ၌လည်း မျက်ရည်များ ပြည့်နှက်လာခဲ့၏။
“မင်း ကိုယ့်ဆီကနေ ဖုံးကွယ်ထားလို့ မရဘူး။” ချန်လွေ့က ဇိုလာ၏ နှာခေါင်းကို ဆွဲဆိတ်လိုက်သည်။ “ဒီတစ်ခေါက်က မင်းဘဝရဲ့ အကြီးမားဆုံး စမ်းသပ်ချက် ဖြစ်လောက်တယ်။ ကိုယ် ပြောခဲ့ပြီးပြီလေ။ ဘာပဲဖြစ်ဖြစ် အတူတူ ရင်ဆိုင်ကြမယ်လို့။”
ဇိုလာက ငေးငိုင်နေဟန်မဆောင်တော့ပေ။ သူက အသည်းအသန် ခေါင်းခါနေလိုက်သည်။ ခေါင်းခါနေရင်း မျက်ရည်များ ကျလာ၏။
ထိုအချိန်၌ ဇိုလာ၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအား မတည်ငြိမ်မှုက အလိုလို လှိုင်းတွန့်ဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ ဒြပ်စင် အငွေ့အသက်များကလည်း တဖြည်းဖြည်းနှင့် များပြား လာတော့သည်။
“ဇိုလာ။ စာချုပ်ကို မြန်မြန် လက်ခံလိုက်။” ချန်လွေ့က ဇိုလာ၏ ပုခုံးကိုကိုင်ပြီး လှုပ်ခါလိုက်၏။ “မင်းရဲ့ ဥပဒေသက အခုမှ စပြီးတော့ ဖွဲ့စည်းရုံပဲ ရှိသေးတယ်။ ကိုယ်ပြောခဲ့တဲ့ “ကြယ်အပ်နှင်းခြင်း”ကို မှတ်မိလား။ စာချုပ်ကနေတဆင့် စွမ်းအားတစ်ခုကို ကိုယ်လွှဲပေးနိုင်တယ်။ အဲဒီတုန်းက မင်းနဲ့ မဆိုင်တဲ့ စွမ်းအားကို သုံးဖို့မလိုဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အခုက မတူတော့ဘူး။ မင်းမှာ အကူအညီ ပိုရလေလေ၊ အောင်မြင်နိုင်မယ့် အခွင့်အရေး ပိုများလေလေ။ အဲဒါက ၀.၀၁ % ဖြစ်နေပါစေ။”
“အဲဒီတုန်းက ရှင်ပြောခဲ့တဲ့ မဟာ့မဟာဆရာသခင် အမွေအနှစ်ထဲမှာရှိတဲ့ “ယုံကြည်မှုတိုးမြှင့်ခြင်း”က ကြယ်ဗိုလ်ချုပ်၊ ကြယ်အစေခံနဲ့ ကြယ်တပည့် တွေကို ပြောတာလား။” ဇိုလာက နှုတ်ခမ်းကို ကိုက်လိုက်၏။ “ကျွန်မ ကြယ်ဗိုလ်ချုပ် လိုချင်တယ် ဟုတ်ပြီလား။”
“....”
ယခင်တစ်ခေါက် ကြယ်အပ်နှင်းခြင်း အကြောင်း ပြောနေခဲ့စဉ် ဇိုလာ၊ အသီနာ၊ ခီရာနှင့် ရှီရာတို့ အားလုံး ရှိနေကြသည်။ ကြယ်အပ်နှင်းခြင်းအတွက် အရေအတွက်မှာ ကြယ်ဗိုလ်ချုပ် တစ်ဦး၊ ကြယ်အစေခံ နှစ်ဦးနှင့် ကြယ်တပည့် သုံးဦးတို့ ဖြစ်ကြ၏။
ပင်လယ်သေရှိ ကျက်သရေမျှော်စင်ထဲ၌ ချန်လွေ့က ဒိုဒိုထံသို့ ကြယ်အစေခံရာထူး အပ်နှင်းခဲ့သည်။ မှော်ဆရာခံတပ်၌ ချန်လွေ့က စာချုပ်အားလုံးကို ပယ်ဖျက်ခဲ့ရာ ဒိုဒို၏ ကြယ်အစေခံ ဂုဏ်ပုဒ်က ပျောက်ကွယ်သွားသည့်အတွက် ကြယ်ရာထူးက (၆)နေရာ ရှိနေဆဲပင်။
ကြယ်ဗိုလ်ချုပ်၏ ကြယ်တိုးမြှင့်မှုက “ခွန်အား - [ S- ]”၊ အထူးဂုဏ်သတ္တိ - [ စစ်တပ်ဖြိုခွင်း ] ။ ထိခိုက်မှု တိုးစေပြီး ထိခိုက်မှု နှစ်ဆ ဖြစ်စေနိုင်သည်။
ကြယ်အစေခံ ကြယ်တိုးမြှင့်မှုက “စိတ်ဝိညာဉ် - [A+]”၊ အထူးဂုဏ်သတ္တိ - [ အာရုံစူးစိုက်ခြင်း ] ၊ မှော်အသုံးပြုနှုန်းနှင့် စိတ်ဝိညာဉ်ပြန်ပြည့်နှုန်းကို အရှိန်မြန်စေသည်။
ကြယ်တပည့် ကြယ်တိုးမြှင့်မှုက “အမြန်နှုန်း - [A]”၊ အထူးဂုဏ်သတ္တိ - [ လျှပ်စီးခြေလှမ်း ]၊ တိုက်ခိုက်မှုနှင့် အမြန်နှုန်းကို မြန်ဆန်စေနိုင်သည်။
ချန်လွေ့၏ နဂိုရည်ရွယ်ချက်က ကြယ်ဗိုလ်ချုပ်သည် ခွန်အား အမျိုးအစား ကြယ်ရာထူးဖြစ်သည့်အတွက် အသီနာ သို့မဟုတ် ရှီရာအတွက် သင့်တော်ပေသည်။ စိတ်ဝိညာဉ်တိုးမြှင့်မှုက ခီရာနှင့် ဇိုလာတို့အတွက်ဖြစ်ပြီး အမြန်နှုန်း အမျိုးအစားက အစ်ဇဘယ်လာ၊ အသီနာနှင့် ရှီရာတို့အတွက် ဖြစ်သည်။ နေရာ(၆)ခုနှင့်ဆိုလျှင် ကောင်မလေး(၅)ယောက်အတွက် လုံလောက်သည်ထက် ပိုကြောင်း ချန်လွေ့ ထင်ခဲ့မိသည်။ “စိတ်ကြိုက်ရွေး”ဟု သူ မပြောခဲ့သင့်ပေ။ အကြောင်းမှာ လူတိုင်းက ကြယ်ဗိုလ်ချုပ်ရာထူးကို ရွေးချယ်ခဲ့ကြပြီး မည်သူမှ လက်မလျှော့ ကြသည့်အတွက်ကြောင့်ပင်။
ချန်လွေ့က အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့ပြီး ကြယ်ဗိုလ်ချုပ် ရာထူးအတွက် တစ်နေရာသာ ရှိကြောင်း သတိထားမိသွားခဲ့ပြီး [S] အဆင့် တိုးမြှင့်မှု ဖြစ်သည့်အတွက် ကြယ်များ၏ ခေါင်းဆောင်ဖြစ်သည်မှာ အသိအသာပင်။ ထို့ကြောင့် ကောင်မလေးများက ၎င်းကို သလင်းကျောက် မောင်းမဆောင်နှင့် ချိတ်ဆက်လိုက်ပြီး အချင်းချင်း အလျှော့မပေးကြပေ။
မောင်းမဆောင်ထဲ၌ ပြဿနာများ မဖြစ်စေရန်အတွက် ကြယ်ရာထူးနေရာကို “ယာယီ ရပ်ဆိုင်း”ထားခဲ့ရပြီး နောက်ထပ် သလင်းကျောက် မောင်းမဆောင် အစည်းအဝေးအတွက် ချန်ထားခဲ့ရလေသည်။
အခုအထိ ဇိုလာက ခေါင်းဆောင်နေရာကိုယူဖို့ မမေ့သေးဘူး။ ချန်လွေ့က ချွေးသုတ်လိုက်၏။ “ခေါင်းမမာပါနဲ့။ ကြယ်အစေခံမှာ စိတ်ဝိညာဉ်တိုးမြှင့်မှု ရှိတယ်။ အဲဒါက မင်းအတွက် အခုလိုနေတဲ့ စိတ်ဝိညာဉ်ဖြည့်တင်းမှုကို တိုးတက်စေနိုင်တယ်။”
“ကောင်းပြီလေ။ ဒါဆိုရင် သဟဇီဝစာချုပ်ကို သာမန် ညီတူမျှတူစာချုပ် ပြောင်းလိုက်။”
မစ်-နတ်မိမယ်နဂါး၏ တကယ့် ရည်ရွယ်ချက်က ထိုစကားပြောရန် ဖြစ်နေလေသည်။
ချန်လွေ့က ဇိုလာအား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ ထိုအချိန်၌ သူက ထိုလှပသော ခရမ်းရောင်မျက်လုံးထဲ၌ ခေါင်းမာမှုနှင့် ပြတ်သားမှုတို့ကို သေသေချာချာ မြင်လိုက်ရသည်။ အကယ်၍ သူက စာချုပ်ကို မပြောင်းလျှင် ဥပဒေသ ပေါက်ကွဲထွက်သွားပြီး သေရေးရှင်းရေး အခြေအနေဖြစ်စေကာမူ ထိုကြယ်ရာထူးကို လုံးဝ လက်ခံမည်မဟုတ်ပေ။
“ဇိုလာ။ ကိုယ်မှားသွားပါတယ်။ ကိုယ်တို့က ဒီလိုစာချုပ်မျိုး မလိုအပ်ပါဘူး။” ချန်လွေ့က ဇိုလာ၏ နဖူးကို နမ်းလိုက်၏။ “ကိုယ်တို့ အမြဲတမ်း အတူတူနေဖို့ ကတိပေးခဲ့တဲ့ အချိန်က စပြီးတော့ ကိုယ်တို့က သေခြင်းရှင်ခြင်း စာချုပ်ကို ချုပ်ပြီးသွားပြီ။”
ဇိုလာက ဘာမှမပြောဘဲ ချန်လွေ့၏ မျက်နှာကို နမ်းလိုက်ပြီး သာမန် ညီတူမျှတူ စာချုပ်စွမ်းအားကို လက်ခံလိုက်၏။
ထိုအချိန် ဒြပ်စင်ပြင်းအားက အလွန်အမင်း အံ့သြလောက်စရာ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ချန်လွေ့က ကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားမိလိုက်သည်။ အချိန်ကုန်နေပြီဖြစ်ကြောင်း သိသည့်အတွက် သူက ချက်ချင်းပင် စိတ်ထဲရှိ ကြယ်အပ်နှင်းခြင်း စင်မြင့်သို့ ဝင်ရောက်သွားတော့သည်။
ကြယ်အပ်နှင်းခြင်းစင်မြင့် အလွန်ကျယ်ဝန်းသော နေရာလွတ် တစ်ခုဖြစ်ပြီး ရှေ့တွင် စင်ြမင့်တစ်ခု ရှိနေသည်။ နောက်ဘက်၌ နှင်းဒဲလက်ပင်၊ တစ္ဆေပန်း၊ ဆုတောင်းမြက်ကဲ့သို့သော ယုံကြည်မှု အပင်များ ရှိနေလေသည်။ ၎င်းက ကြယ်ရာထူးကို ထပ်တိုး တိုးမြှင့်မှုများ ထုတ်ပေးနိုင်လေသည်။
ချန်လွေ့က ကြယ်အပ်နှင်းခြင်းကို ဖွင့်လိုက်ရာ သတိပေးချက် တစ်ခု ရရှိခဲ့သည်။ ကြယ်အပ်နှင်းခြင်း ပြီးနောက် နေ့တိုင်း ယုံကြည်မှုသလင်းကျောက် တစ်ခု ကုန်ကျမည်။ မူလ ကြယ်အပ်နှင်းမှုကို ပယ်ဖျက်ရန် အချိန်(၃)ရက်ကြာမည်ဖြစ်သည်။ တစ်လပြီးမှသာ ပြန်လည် အပ်နှင်း၍ ရမည်။
ညီတူမျှတူ ကွင်းဆက်ထဲမှ ဇိုလာကို ကြယ်အစေခံ ကြယ်ရာထူး အပ်နှင်းရန် ယုံကြည်မှုသလင်းကျောက် ၁၅၀၀ သုံးမည်လား။
ချန်လွေ့က အပ်နှင်းမှုကို အတည်ပြုလိုက်ပြီးနာက်တွင် စိတ်ဝိညာဉ်ထဲ၌ ထူးဆန်းသော အချိတ်အဆက်တစ်ခုကို ခံစားလိုက်ရသည်။ စိတ်ဝိညာဉ်ကွင်းဆက်ထဲ၌ ဇိုလာ၏ နာမည်အရှေ့တွင် အပြာရောင် ကြယ်အစေခံဟူသော ဂုဏ်ပုဒ်တစ်ခု ရှိနေသည်။
မှတ်ချက် - စိတ်ဝိညာဉ်တိုးမြှင့်မှု A+
ဂုဏ်သတ္တိ - [ အာရုံစူးစိုက်ခြင်း ]
( နှင်းဒဲလက် အပိုစိတ်ဝိညာဉ်တိုးမြှင့်မှု - ၃၀
တစ္ဆေပန်း အပို အမြန်နှုန်း တိုးမြှင့်မှု - ၂၀ )
တစ်နေ့လျှင် ယုံကြည်မှုသလင်းကျောက် တစ်ခု ကုန်ကျမည်။
ဇိုလာသာမက ချန်လွေ့၏ စိတ်ဝိညာဉ်ကပင် အတော်လေး တိုးတက်လာခဲ့ပုံရသည်။ ထိုကြယ်တိုးမြှင့်မှုက နှစ်ဖက်လုံး ရရှိဟန်တူသည်။
စူပါစနစ်ထဲမှ ချန်လွေ့ ထွက်လာသည့်အခါ ဇိုလာက အဝေးသို့ ရောက်နေသည်။ သူ၏ အငွေ့အသက်က အံ့သြလောက်စရာ အမြင့်တစ်ခုအထိ ထိုးတက်သွားခဲ့ပြီး ခန္ဓာကိုယ် ပတ်ပတ်လည်၌ ရစ်ဝဲနေသော ဒြပ်စင်စွမ်းအားက အရောင်(၆)ခုအဖြစ် ပြန်လည် ဖွဲ့စည်းသွားပြန်သည်။
ယခုတစ်ခေါက်တွင် အစက မှိန်ပျနေခဲ့သော အဖြူရောင်နှင့် အပြာရောင်တို့က ကျန်သော အရောင်(၄)ရောင်နှင့် တညီတညာတည်း ဖြစ်သွားကြပြီး ဒြပ်စင်(၆)ခု အရင်းအမြစ် စွမ်းအားက မျှခြေညီသွားကြသည်။ ဆိုလိုသည်က အန္တရာယ် ပိုများလာခြင်းပင်။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ဇိုလာ၏ စိတ်ဝိညာဉ်က SS- အဆင့်သို့ ခုန်တက်သွားပြန်သည်။ ကြယ်အပ်နှင်းခြင်း တိုးမြှင့်မှုက ထိုအဆင့်အထိ ရောက်ရန် မလုံလောက်ပေ။ ဥပဒေသက စတင် ဖြစ်ပေါ်လာ၏။
ဇိုလာက ခန္ဓာကိုယ်ကို လှုပ်ခါပြီး မူလအသွင်သို့ ပြောင်းလဲလိုက်သည်။ ယခုတစ်ခေါက် သူက သတိရှိနေ၏။ ယခင်ကဲ့သို့ ဖရိုဖရဲ အခြေအနေနှင့် လုံးဝ မတူညီပေ။ လိပ်ပြာတောင်ပံ နှစ်ဖက်ကို ခတ်နေရင်း အလင်း(၆)ရောင်က သက်တန့်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်တော့သည်။
သက်တန့်ထဲ၌ မှော်စာကဲ့သို့ အရောင်မျိုးမျိုးရှိသော သင်္ကေတများကို ရေးရေးလေး မြင်နိုင်ပြီး အဆက်မပြတ် လိမ်ယှက်ကာ ပျောက်ကွယ်နေလေသည်။ အက်ကြောင်း အများအပြားက မှော်အစီအရင် မြေပြင် အနီးအနားတွင် စတင်ပေါ်ထွက်လာပြီး ဇိုလာတဝိုက်သို့ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
ချန်လွေ့က မှော်အစီအရင်ကို တည်ငြိမ်စေရန်အတွက် အစွမ်းအထက်ဆုံး ရှေးမှော်စာအအကာအကွယ်ကို အလျင်အမြန် အသက်သွင်းလိုက်သည်။
ထိုသင်္ကေတများ၏ စက်ဝိုင်းတစ်ခုစီက လက်ခနဲ ဖြစ်သွားသောအခါ သက်တန့်အရောင်က ပိုမိုထင်ရှားလာသည်။ နာရီဝက်ကြာပြီးနောက် သက်တန့်အလင်းရောင်က တောင်ကြား တစ်ခုလုံးကို ထွန်းလင်းစေခဲ့ပြီး အေးစက်မှု၊ မာကြောမှု၊ နှေးကွေးမှု၊ အပူ အစရှိသည်တို့က တစ်လှည့်စီ ပေါ်ထွက် လာခဲ့၏။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ဇိုလာ၏ စိတ်ဝိညာဉ်က SSအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ကျန်သော အရည်အသွေးများ အားလုံးလည်း SS- အဆင့် ရောက်ရှိကုန်ကာ လုံးဝ တိုင်းပြည်အဆင့် ရောက်နေပြီ ဖြစ်သည်။ သို့သော်လည်း ဇိုလာ၏ အသက်ဓာတ်က အလျင်အမြန် လျော့ကျလာနေသည့်အတွက် ချန်လွေက ပိုပို၍ စိုးရိမ် လာခဲ့သည်။ သက်တန့်ထဲရှိ နတ်မိမယ်နဂါး၏ ခန္ဓာကိုယ်က ဝေဝါးလာသည်။ အလွန်ဆုံးဝန်ကို ကျော်လွန်သွားသည်နှင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့က ထိုကြောက်မက်ဖွယ်ရာ ဒြပ်စင်ဥပဒေသကြောင့် ချေမှုန်းခံလိုက်ရပေသည်။
“တောင့်ထား...” ချန်လွေ့က လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ပြီး လက်သည်းများက အသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဝင်သွားခဲ့သော်လည်း သတိမထားမိခဲ့ပေ။ သူက တလက်လက် သက်တန့်ထဲမှ ပို၍ပို၍ မှိန်လာသော ပုံရိပ်ကိုသာ စောင့်ကြည့် နေခဲ့၏။
ထိုအချိန်၌ ချန်လွေ့က ထူးဆန်းသော စွမ်းအားတစ်ခုသည် မိမိ၏ ခန္ဓာကိုယ်မှ သက်တန့်ဆီသို့ ကူးပြောင်းသွားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ထိုစွမ်းအားက အတော်လေး ရင်းနှီးနေ၏။ ဒါက ယုံကြည်မှုစွမ်းအားပဲ။
ယုံကြည်မှုစွမ်းအားက သက်တန့်ဆီသို့ အဆက်မပြတ် ကူးပြောင်းနေပြီး သက်တန့်ထဲ၌ ရွှေရောင်အလင်းတစ်ခု ရှိနေ၏။ နတ်မိမယ်နဂါး၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး အမှုန်အဖြစ် ပြောင်းလဲကာ အစိတ်စိတ်အမွှာမွှာသွားတော့သည်။
ချန်လွေ့ ထိတ်လန့်သွားခဲ့သော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်၏။ နေပါဦး။ [ သရုပ်ခွဲမျက်လုံး ] အချက်အလက်က ရှိနေတုန်းပဲ။ ပြီးတော့ ဇိုလာနဲ့ စိတ်ဝိညာဉ်ကွင်းဆက်လည်း မပျောက်သွားသေးဘူး။