နဂါးနီနှင့် အလောင်းအစား
Vol. 51 Ch. 837
ရွှေနဂါး မေရိုစခီရာက မျက်နှာချင်းဆိုင် ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း တက်လှမ်းလာနေသော ချန်လွေ့ကို စိုက်ကြည့် လိုက်သည်။ ကြယ်ကဲ့သို့ အငွေ့အသက်က သူ့အား အန္တရာယ် အငွေ့အသက် ခံစားမိစေပြီး ရွှေနဂါးကြွေးခံများ ထောင်သွား၏။
“ရှင့်ကို ဘာလို့ အရင်က မတွေ့ဖူးရတာလဲ။ ရှင် ဘယ်သူလဲ။”
ထိုအချိန်၌ နဂါးများက ရွှေနဂါး၏ အမိန့်အောက်တွင် တိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့ပြီး တိုင်တန်များနှင့် လေဒြပ်စင်ကောင် များလည်း ခေါင်းဆောင်ထံ ပြန်ရောက်လာကြ၏။ အိုးရှင်းနက်စ်က ချက်ချင်းကို တိုင်တန်များကို စွမ်းအားဖြည့်တင်းပြီး ဒဏ်ရာများ ကုသရန်အတွက် စွမ်းအင် ကုဗတုံးများ ဝေမျှပေးလိုက်သည်။
“ခုနက ခင်ဗျား ကြားခဲ့တဲ့အတိုင်းပဲ။ ကျုပ်က တိုင်တန်တွေရဲ့ အရှင်သခင်။” ချန်လွေ့ အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်၏။ “အခုလက်ရှိ အခြေအနေက ကျုပ်တို့က ရန်သူတွေပဲ။ ခင်ဗျား ဒီလောက်ပဲ သိဖို့ လိုတယ်။”
“ရှင်က နဂါးတောင်ကြား တစ်ခုလုံးကို တစ်ယောက်တည်း တိုက်ခိုက်နိုင်တယ်လို့ ထင်နေတာလား။” မေရိုစခရီာက သရော်ပြုံး ပြုံးလိုက်ပြီး တိုင်းပြည်စွမ်းအားကို တိတ်တိတ်လေး လည်ပတ်ကာ မျက်လုံး၌ အလျင်အမြန် စုစည်းနေတော့သည်။
မေရိုစခရီရာက ရွှေနဂါး ဖြစ်သည်။ ရွှေနဂါး၏ ဂုဏ်သတ္တိက နဂါးနက်နှင့် အနည်းငယ် ဆင်တူပြီး မှော်ထိခိုက်မှုကို ကြီးကြိးမားမား အားနည်းစေသည်။ ထို့ကြောင့် တိုင်တန်များနှင့် လေဒြပ်စင်ကောင်များ၏ မုန်တိုင်းများ၊ လေဒြပ်စင်မှော်များကို မေရိုစခီရာ၏ ခန္ဓာအမျိုးအစားက ခုခံနိုင်လေသည်။ သို့သော်လည်း နဂါးနက်များနှင့်ယှဉ်လျှင် ရွှေနဂါး၏ မှော်ပြီးသော ဂုဏ်သတ္တိက အနည်းငယ်နိမ့်ပါးပြီး ခန္ဓာကိုယ်အင်အားက နဂါးနက်ထက် အနည်းငယ် သာလွန်သည်။ သို့သော်လည်း ၎င်း၏ တိုက်စစ်နှင့် ခံစစ် စွမ်းအားတို့က အနည်းငယ် နိမ့်ကျပေသည်။ မေရိုစခီရာက ထိပ်တန်း ရွှေနဂါးတစ်ကောင် ဖြစ်သည်။ သူက တိုင်းပြည်အဆင့်သို့ ရောက်ရှိနေရုံသာမက [ လင်းလက်ဝိညာဉ် မျက်လုံး ] ဟူသော သန္ဓေပြောင်းပါရမီအစွမ်းတစ်ခုလည်း ရှိသည်။
ပြောရမည်ဆိုလျှင် ရွှေနဂါးက မှော်နဂါး မဟုတ်ပေ။ ခန္ဓာကိုယ် ခွန်အားမှလွဲ၍ နဂါးအာငွေ့တည်းသာ တိုက်ခိုက်မှုနည်းလမ်းတစ်ခု ရှိလေသည်။ သို့သော်လည်း မေရိုစခီရာက မတူညီပေ။ သူ့တွင် ရှိသော [ လင်းလက်ဝိညာဉ် မျက်လုံး ] က သူ့ထက်သာလွန်သော တိုင်းပြည်အဆင့် နဂါးများကိုပင် ဟန့်တားနိုင်လေသည်။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ကဲ့သို့မဟုတ်ဘဲ [ လင်းလက်ဝိညာဉ် မျက်လုံး ] က ဝိညာဉ်တိုက်ခိုက်မှု တစ်မျိုး ဖြစ်ပေသည်။ ၎င်းက ဥပဒေသစွမ်းအားကို အသုံးချပြီး ဝိညာဉ်ကို လှုပ်ခါခြင်း ဖြစ်သည်။ ထိုအရာက ပြိုင်ဘက်ကို မူးဝေစေခြင်းမှသည့် ဝိညာဉ်အား အပြင်းအထန် ဒဏ်ရာ ရစေသည်အထိ ဖြစ်နိုင်၏။ စိတ်ဝိညာဉ်အားနည်းသူများက အသက်ကိုပင် ဆုံးရှုံးရနိုင်သည်။
ထိုအကွက်က မေရိုခရီရာ၏ အဆုံးသတ် တိုက်ကွက် ဖြစ်လေသည်။ သူက ရန်သူ မသိလိုက်ခင် ထိုတစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်မည်ဟု လုံးဝ ယုံကြည်နေ၏။ ချန်လွေ့က ခပ်ကြမ်းကြမ်း တိုက်ပွဲတစ်ခု တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီမှာ ကြာနေလေပြီ။ [အထူးစိစစ်မှု] နှင့် ပေါင်းစပ်ထားသော မိစ္ဆာမျက်ဆံက အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ [ အထူးစိစစ်မှု ] မှ ရွှေနဂါးသည် မျက်လုံးထဲ၌ စွမ်းအင်များ အလျင်အမြန် စုစည်းနေကြောင်း သူ သေသေချာချာ မြင်လိုက်ရသည်။ သူက အတွေးများကို လှုပ်ရှားလိုက်ပြီး မိစ္ဆာမျက်ဆီ စွမ်းအားကို အဆုံးစွန်အထိ အလျင်အမြန် လည်ပတ်လိုက်တော့သည်။
တစ်ချိန်တည်းနီးပါးမှာပင် မေရိုစခီရာ၏ မြွေမျက်လုံးများက ရွှေရောင်များ ပြည့်နှက်နေပြီး ချန်လွေ့၏ မျက်လုံးက နက်ရှိုင်းသော ခရမ်းရောင်အလင်းများ လင်းလက်နေခဲ့သည်။ သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်သော အခိုက်အတန့်၌ အနီးအနားရှိ နဂါးများနှင့် လေဒြပ်စင်ကောင်များက တစ်ချိန်တည်းမှာပင် ဝိညာဉ် တုန်ခါသွားသလို ခံစားလိုက်ရလေသည်။
ချန်လွေ့က အနည်းငယ် တုန်ခါသွားသော်လည်း ထို့နောက် ချက်ချင်းပင် အဆင်ပြေသွားခဲ့သည်။ မေရိုစခရီရာ၏ မျက်လုံးများမှ ရွှေရောင်အလင်းက ချက်ချင်း မှိန်ကျသွားခဲ့ပြီးနောက် သူငယ်အိမ်က အရှိန်မြန်စွာ ကျုံ့လိုက်ဆန့်လိုက် ဖြစ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်က လေထဲ၌ ယိမ်းထိုးနေခဲ့ပြီး မူးနေသကဲ့သို့ ဖြစ်နေကာ ဥက္ကာပျံကဲ့သို့ ထိုးဆင်းသွားတော့သည်။
“ဘုန်း....”
ရွှေနဂါးက မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူက အားတင်းကာ ထလိုက်သော်လည်း ပြန်ပြုတ်ကျသွားပြန်သည်။
[ လင်းလက်ဝိညာဉ် မျက်လုံး ] က ဝိညာဉ်ကို လှုပ်ခါနိုင်သော မျက်လုံးပါရမီ ပညာရပ် ဖြစ်သော်လည်း ချန်လွေ့ပိုင်ဆိုင်ထားသော မိစ္ဆာမျက်ဆံက နတ်ဘုရားယောင်အဆင့် ဆာရီရယ် ပေးထားခြင်း ဖြစ်ပြီး ဆာရီရယ်၏ တကယ့်စွမ်းအား အငွေ့အသက် ပါရှိ၏။ ချန်လွေ့က ၎င်းကို [ အထူးစိစစ်မှု ] နှင့် ပေါင်းစပ်လိုက်ပြီးနောက် ယခင်ကထက် ပို၍ပင် အစွမ်းထက်လာခဲ့သည်။ ထိုကဲ့သို့ ဝိညာဉ် လှုပ်ခါမှုကို မိစ္ဆာမျက်ဆံက အလွန်တကူပင် တန်ပြန်ခဲ့သည်။ မေရိုစခရီရာက ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်မှုကြီးတစ်ခု ပြုလုပ် ခဲ့သလို ဖြစ်သွားလေသည်။ သူ၏ဝိညာဉ်က အပြင်းအထန် တုန်လှုပ်သွား၏။ ဒဏ်ရာ အပြင်းအထန် မရသည့်တိုင် သူက တိုက်ခိုက်ရေး စွမ်းအား ကြီးကြီးမားမား ဆုံးရှုံးသွားမည် ဖြစ်သည်။
ထိုမြင်ကွင်းက ရှိနေသော နဂါးအားလုံးကို အံ့အားသင့် သွားစေခဲ့သည်။ မေရိုစခီရာက နဂါးတွေရဲ့ အကြီးအကဲနဲ့ အထူး အစွမ်းထက်ပုဂ္ဂိုလ်လည်း ဟုတ်တယ်။ ဒါပေမဲ့ သူနဲ့ အကြည့်ဆုံ ပြီးတော့ ပြုတ်ကျသွားတယ်လား။
အမှန်တကယ်၌ မေရိုစခီရာက ထိပ်တိုက်ရင်ဆိုင်ပြီး ရှုံးနိမ့်သွားလျှင် ထိုမျှလောက် ဆိုးလိမ့်မည် မဟုတ်ပေ။ အလစ် တိုက်ခိုက်သည့်အတွက် သူ့အပြစ်သာ ဖြစ်လေသည်။ ထို့ကြောင့် [လင်းလက်ဝိညာဉ် မျက်လုံး] က မိစ္ဆာမျက်ဆံကြောင်း တန်ပြန် ခံရခဲ့လေ၏။
အဝေးမှ တိုက်ပွဲကို ကြည့်နေကြသော ဂရစ်ဖွန်များမှ သံရှည်ဆွဲသော ဟိန်းသံတစ်သံ ထွက်လာခဲ့သည်။ ဧရာမ နဂါးများနှင့် ဂရစ်ဖွန်များက တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။ တစ်ချိန်တည်းမှာပင် မေရိုစခီရာ အရှေ့တွင် ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ ထိုအရာက ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ပိန်ပိန်သွယ်သွယ် အရပ်မြင့်မြင့်နှင့် ဆံပင်အနီရောင်ရှိသော ယောက်ျား တစ်ယောက် ဖြစ်လေသည်။ သူ၏ မျက်လုံးတစ်စုံက ရွှေရောင်အနီများ တောက်ပနေ၏။
[ သရုပ်ခွဲမျက်လုံးက ] ဖော်ပြသော အချက်အလက်မှာ -
မျိုးနွယ် - နဂါး(နဂါးနီ)
စွမ်းအားအကဲဖြတ်မှု - SS+
ခန္ဓာအမျိုးအစား - SS-
ခွန်အား - SS
စိတ်ဝိညာဉ် - SS+
အမြန်နှုန်း - SS-
[ အထူးစိစစ်မှု ] - မီးမှော်ပါရမီ၊ မီးဒြပ်စင်ထိခိုက်မှုတိုးမြှင့်။ [ဝိညာဉ်ဒိုင်း]
အန္တရာယ်အဆင့် - အတော်အသင့် မြင့်မား။
“မေရိုစခီရာကို မင်း ဘာလုပ်လိုက်တာလဲ။” ရန်သူ၏ စွမ်းအားကို လျှော့မတွက်သင့်ကြောင့် နဂါးနီက မြင်လိုက်သည်။ သို့သော်လည်း သူ့ထက် အတော်လေး နိမ့်ကျနေ၏။ သူက မေရိုစခီရာက အဆင့်တူတူပဲ ဖြစ်လောက်တယ်။ သူက ဒီလောက် မြန်မြန် အနိုင်မယူနိုင်သင့်ဘူး။ သူက အထူး နည်းလမ်းတစ်ခုခုကို သုံးလိုက်တာ ဖြစ်ရမယ်။
“ဘာမှ မလုပ်ပါဘူး။ မစ်-ရွှေနဂါးက အလစ်တိုက်ခိုက်တာ မအောင်မြင်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်သွားတာပါ။” ချန်လွေ့၏ အသံက တည်ငြိမ်နေပုံရသည်။ “သူက မှန်မှန်ကန်ကန်နဲ့ တိုက်ခိုက်ဖို့ ရွေးချယ်မယ်ဆိုရင် အရှက်ရမှာ မဟုတ်ဘူး။”
နဂါးနီက မျက်မှောင်ကြုတ်လိုက်၏။ မေရိုစခီရာရဲ့ စွမ်းအားက တိုင်းပြည်အဆင့် အလယ်ပိုင်းကိုပဲ ရောက်သေးတယ်။ ဒါပေမဲ့ သူသုံးလိုက်တဲ့ [ လင်းလက်ဝိညာဉ် မျက်လုံး ] က ဥပဒေသ စွမ်းအားနှင့် ပေါင်းစပ်နေတဲ့ သန္ဓေပြောင်း ပါရမီပဲ။ အဲဒါက ပေါ့သေးသေး မဟုတ်ဘူး။ တိုင်းပြည်အဆင့် ထိပ်သီးပိုင်းတောင် ဒါကို လွယ်လွယ်လေး မရင်ဆိုင်နိုင်ဘူး။ မေရိုစခီရာ၏ အလစ် တိုက်ခိုက်မှုက ရန်သူဆီကနေ ပြန်လာပြီးတော့ သူ့ကို ဒဏ်ရာ အပြင်းအထန် ရသွားစေမယ်လို့ မထင်ထားခဲ့ဘူး။
ဒီရန်သူက သေချာပေါက် အားကောင်း စိတ်ဝိညာဉ် စွမ်းအားနဲ့ ဝိညာဉ်တိုက်ခိုက်မှုစွမ်းအား ရှိနေတယ်။ သို့သော်လည်း နဂါးနီက မကြောင်ပေ။ အကြောင်းမှာ ထိုအရာက သူ၏ အားသာချက် ဖြစ်၍ပင်။ ထို့ပြင် သူ့တွင် [ဝိညာဉ်ဒိုင်း] လည်း ရှိနေပြီး ထိုအရာက ဝိညာဉ်တိုက်ခိုက်မှု၏ ဝိပါက် အတိအကျပင် ဖြစ်လေသည်။
“မေရိုစခီရာကို ကံကောင်းပြီး နိုင်သွားတာအတွက် ကျေနပ် မနေနဲ့။မင်းက ဘယ်လိုမျိုး ရန်သူကို ရင်ဆိုင်နေရတာလဲဆိုတာ မသိသေးဘူး။ ဟုတ်ပါပြီ။ မင်းကလည်း တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ပဲ။ မင်း နာမည်ကို ပြော။ နဂါးတောင်ကြားရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်တဲ့ ငါ နဂါးနီ ရက်ဇ်ဆိုလာ အနေနဲ့ နာမည်မရှိတဲ့သူကို ငါ မသတ်ဘူး။”
“ရစ်ချက်...” ချန်လွေ့က နဂါးနီကို ပုံမှန်ပင် ကြည့်လိုက်၏။ အကယ်၍ နဂါးနီက တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဆိုလျှင် သူက ပြိုင်ဘက် မဟုတ်နိုင်ပေ။ သို့သော်လည်း သူ့အရှေ့မှ နဂါးနီက မီးနှင့်မှော် တိုက်ခိုက်ရေး အမျိုးအစား ဖြစ်သည်။ [မှော်ဆန့်ကျင်] နှင့် [ မီးဇာမဏီအမာရွတ်] ရှိသော ချန်လွေ့အတွက် ထိုအရာက သေချာပေါက် အနိုင်ပွဲပင်။
“ရစ်ချက် ဟုတ်လား။” ရက်ဇ်ဆိုလာ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် အနီးအနားရှိလေထုက ရုတ်တရက် ပူလောင်သွားခဲ့သည်။ “စွမ်းအားအကြောင်း ခဏထားရအောင်။ မင်းက နဂါးတောင်ကြားကို ဆန့်ကျင်ရဲတယ်ဆိုတော့ အတော်လေး သတ္တိရှိတာပဲ။ ငါ မင်းအတွက် အုတ်ဂူပေါ်မှာ နာမည်တောင် ထွင်းပေးလိုက်ဦးမယ်...”
“နဂါးတောင်ကြားကို ဆန့်ကျင်တယ် ဟုတ်လား။ ကျုပ် ခင်ဗျားကို ပြန်မေးလိုက်ဦးမယ်။ မုန်တိုင်းကျွန်းက နဂါးတောင်ကြားနဲ့ ဘာအမုန်းတရား ရှိတာလဲ။”
“ဟမ့်။ တိုင်တန်တွေက စမ်းသပ်ချက် ပြုလုပ်နေကြတဲ့ နဂါးတွေနဲ့ နဂါးစစ်သည်တော်တွေကို သတ်ပစ်ခဲ့တယ်။ အဲဒါကြောင့် ပြန်ပေးဆပ်ရမယ်။”
လေဒြပ်စင်ဘုရင်က ဒေါသတကြီး ပြောလိုက်သည်။ “အနည်းဆုံး နှစ်တစ်သိန်းလောက် နဂါးတွေက မုန်တိုင်းကျွန်းကို နဂါးစစ်သည်တော်တွေရဲ့ စမ်းသပ်ချက် ကွင်းပြင်အနေနဲ့ အသုံးချပြီးတော့ တိုင်တန်တွေနဲ့ လေဒြပ်စင်ကောင်တွေကို တစ်ကောင်မက သတ်ပစ်ခဲ့တယ်။ အဲဒါတွေကရော။”
“ဒါက အစွမ်းထက်ဆုံးသူကို လေးစားရတဲ့ လောကကြီးပဲ။” ရက်ဇ်ဆိုလာက အထင်သေးစွာဖြင့် ပြောလိုက်သည်။ “အစွမ်းထက် ပုဂ္ဂိုလ်က စည်းမျဉ်း ချမှတ်ပြီးတော့ အားနည်းတဲ့သူက လိုက်နာရတယ်။”
“ဒါဆိုလည်း ခင်ဗျားတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေက သိဒ္ဓိအလင်းတောင်ကို သွားပြီးတော့ စမ်းသပ်ချက် လုပ်ဖို့အတွက် ကောင်းကင်တမန်တွေကို ဘာလို့ သွားမရှာတာလဲ။” ချန်လွေ့က သရော်ပြုံး ပြုံးလိုက်သည်။ “ဒါက သက်သက်ကြီး အနိုင်ကျင့်တာပဲ။ တိုင်တန်တွေက ကျုပ်ရဲ့ လက်အောက်ခံပဲ။ ပြီးတော့ လေဒြပ်စင်ကောင်တွေက ကျုပ်ရဲ့.....မိတ်ဆွေတွေပဲ။ ဒီနေ့ ကျုပ် ဒီတရားမျှတမှုကို ရအောင်လုပ်မယ်။”
“မင်းတစ်ယောက်တည်းနဲ့လား။” ရက်ဇ်ဆိုလာက မျက်လုံးလှန် လိုက်သည်။ “ကောင်းပြီလေ။ မင်းငါ့ကို အနိုင်ယူနိုင်မယ်ဆိုရင် ငါ့အသက်က မင်းအပိုင်ပဲ။ မင်း ရှုံးမယ်ဆိုရင် ငါ့ရဲ့ လက်အောက်ခံ လုပ်ရမယ်။”
ရက်ဇ်ဆိုလာ ဖြစ်ချင်သည်က အတော်လေး ကောင်းပေသည်။ တိုင်တန်များကို ထိန်းချုပ်နိုင်သော လက်အောက်ခံ တစ်ယောက်ကို လက်ခံနိုင်ခြင်းက သာမန်နဂါးများကို ယှဉ်နိုင်သော ထိုတိုက်တန်များကို လုံးဝ ထိန်းချုပ်လိုက်ခြင်းနှင့် ညီမျှပေသည်။ ထိုအရာက နဂါးတောင်ကြား အကြီးအကဲများအကြား၌ သူ၏ အဆင့်အတန်းကို တိုးတက်စေရန် ကြီးကြီးမားမား အကျိုးအမြတ် ရရှိသွားစေမည်မှာ သေချာပေသည်။
အရေးကြီးဆုံးမှာ နဂါးနီက ထိုတိုက်ပွဲကို အနိုင်ရရှိရန် ယုံကြည်ချက် ရှိနေခြင်းပင်။
တိုင်းပြည်အဆင့် ထိပ်သီးပိုင်းနှင့် အလတ်ပိုင်းအဆင့် ကြားတွင် သည်းထိပ်ရင်ဖို ဖြစ်စရာ လုံးဝ မရှိသလောက်ပင်။ ထို့အပြင် ရက်ဇ်ဆိုလာ၏ ပါရမီကလည်း အလွန်အမင်း ထူးချွန်လှသည်။ မီးဒြပ်စင်စွမ်းအားနှင့် ပတ်သက်လျှင် သူက နဂါးတောင်ကြားရှိ မဟာအကြီးအကဲပြီးလျှင် ဒုတိယ ဖြစ်၏။
“သိပ်ကောင်းတဲ့ အကြံပဲ။” ချန်လွေ့က အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “ကျုပ်ရဲ့စွမ်းအားက ခင်ဗျားထက် သာမယ်ဆိုရင် ခင်ဗျားရဲ့ သေခြင်းရှင်ခြင်းက ကျုပ် လက်ထဲမှာပဲ။ ကျုပ်ကို ခင်ဗျား နိုင်သွားမယ်ဆိုရင် ကျုပ် ထွက်ပြေးပြီးတော့ နောက်ပိုင်းကျရင် လက်စားချေလို့ရတယ်။ ဘာလို့ အညံ့ခံရမှာလဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို အနိုင်ယူနိုင်တယ်လို့ ထင်တာလား။”
“ငါ မင်းရဲ့ အလကားသက်သက် ယုံကြည်ချက် ပြင်းထန်နေတာကို တကယ့်လက်တွေ့နဲ့ အနိုင်ယူမယ်။” ရက်ဇ်ဆိုလာက ထပ်ပြောသည်။ “စာချုပ် ချုပ်ရဲလား။”
ဒီလို စာချုပ်မျိုးတောင် ချုပ်မှာလား။ ချန်လွေ့၏ မျက်လုံးထဲ၌ တုံ့ဆိုင်းသော အမူအရာတစ်ခု ပြသခဲ့သော်လည်း စိတ်ထဲ၌ တိတ်တိတ်လေး ကျိတ်ရယ်နေလေသည်။ သူ မပြောခင်မှာပင် လေဒြပ်စင်ဘုရင်က ရုတ်တရက် ပြောလိုက်၏။ “နှစ်ပေါင်းများစွာ အမုန်းတရားက ဒီနေ့ အဆုံးသတ်ရမယ်။ အလောင်းအစား လုပ်မယ်ဆိုရင် အကုန်လုံး လောင်းကြေးထပ်။ ငါတို့က တိုင်တန်တွေနဲ့ လေဒြပ်စင်ကောင်တွေရဲ့ အသက်နဲ့ အလောင်းအစား လုပ်မယ်။ မင်းတို့က နဂါးတွေ၊ နဂါး စစ်သည်တွေနဲ့ ပြီးတော့ ဂရစ်ဖွန် စီးတဲ့သူတွေ အပါအဝင် အကုန်လုံးရဲ့ အသက်ကို လောင်းကြေးထပ်ရမယ်။”
နှစ်ပေါင်းများစွာ မှတ်ဉဏ်ဆက်ခံမှု ရှိသော ဒြပ်စင်ဘုရင် ဖြစ်သည့်အလျောက် ဆက်သ်တိုင်း၏ ဉာဏ်ပညာက ထူးကဲလွန်းလှပေသည်။ သူက ကိုယ်ပိုင် အမြင်နှင့် ဆုံးဖြတ်ချက်ကို အတော်လေး ယုံကြည်သည်။ “ရစ်ချက်”မှာ မီးပြီးတဲ့ ခန္ဓာရှိတယ်။ အခု သူ့စွမ်းအားက တိုင်းပြည်အဆင့်ကို ရောက်နေပြီ။ ဒါက မီးဒြပ်စင်စွမ်းအား အားကောင်းတဲ့ နဂါးနီကိုနိုင်ဖို့ သေချာတယ်။
ရက်ဇ်ဆိုလာ၏ မျက်လုံးများ အရောင်တောက်သွား၏။ ဒီတိုက်ပွဲမှာ ရန်သူကို ငါ အနိုင်ယူလိုက်တာနဲ့ ငါက ရန်သူကိုလည်း ထိန်းချုပ်နိုင်သလို တိုင်တန်နဲ့ လေဒြပ်စင်ကောင်တွေကိုလည်း ထိန်းချုပ်နိုင်လိမ့်မယ်။
“အရှင်မင်းကြီး ဆက်သ်တိုင်း...” ချန်လွေ့က လေဒြပ်စင်ဘုရင်များ အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပြီးနောက် သဘောပေါက်သွားကာ ခေါင်းငုံ့ရင်း စဉ်းစားနေလိုက်သည်။
“မင်း မလုပ်ရဲဘူးဆိုရင် ထွက်ပြေးလို့ရတယ်။ ပြီးရင် ငါက နဂါးတွေကို ဦးဆောင်ပြီးတော့ တိုင်တန်တွေနဲ့ လေဒြပ်စင်ကောင်တွေ အားလုံးကို သတ်ပစ်မယ်။” နဂါးနီက အနိုင်ရရှိရန် လုံးဝ ယုံကြည်ချက်ဖြင့် ခြိမ်းခြောက်လိုက်၏။
“ဟမ့်..သိပ်ပြီးတော့ မောက်မာမနေနဲ့။ နဂါးကောင်။” ချန်လွေ့က လက်သီးကို ဆုပ်လိုက်ပြိး “စိတ်ပိုင်းဖြတ်သော” ပုံစံ ပြသလိုက်သည်။ “နှစ်တစ်သိန်း ရန်ငြိုးကို ဒီနေ့ပဲ အဆုံးသတ် ကြတာပေါ့။”
“ကောင်းပြီလေ။” နဂါးနီက စိတ်ထဲ၌ အလွန်ပျော်ရွှင်သွား သော်လည်း အပေါ်ယံတွင် အေးစက်ပြီး မောက်မာသော အမူအရာ ရှိနေသေးသည်။ “မင်း သဘောအတိုင်းပဲ။ အခု စာချုပ်ချုပ်တော့။”
ထိုစာချုပ်က ရှိသမျှလူတိုင်းနှင့် ပတ်သက်နေသည့်အတွက် အတော်လေး ရှုပ်ထွေးလှပေသည်။ ကံကောင်းစွာပင် ရွှေနဂါး မေရိုစခီရာက သတိပြန်ဝင်လာခဲ့၏။ သူ၏ အကူအညီနှင့်အတူ ရှိသမျှ လူတိုင်း၏ စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းက ချန်လွေ့နှင့် နဂါးနီတို့ကြားမှ စာချုပ်ထဲသို့ ရောက်ရှိသွားကြလေသည်။
ချန်လွေ့ ရှုံးနိမ့်သွားလျှင် လေဒြပ်စင်ကောင်များနှင့် တိုင်တန်များကပင် နဂါးနီ ရက်ဇ်ဆိုလာကို အညံ့ခံရပေမည်။ ရက်ဇ်ဆိုလာ ရှုံးသွားလျှင် နဂါးများနှင့် စစ်သည်တော်တို့၏ သေခြင်းရှင်ခြင်းက ချန်လွေ့ လက်ထဲသို့ ရောက်သွားမည် ဖြစ်သည်။
ရက်ဇ်ဆိုလာက လေထဲက တဖြည်းဖြည်း ပျံတက်လာသည်။ “ဒီနေရာက ငွေရည်ကျိုနေရာပဲ။ တိုင်းပြည်အဆင့် ဖြစ်ရင်တောင် ဒီနေရာမှာ ကြီးကြီးမားမား ထိခိုက်မှုဖြစ်ဖို့ မလွယ်ဘူး။ ပြီးတော့ မေရိုစခီရာက နဂါးထွင်းစာ မှော်အစီအရင်တွေကို ခင်းကျင်း ထားပြီးပြီ။ ဒီနေရာမှာ မင်းမှာရှိသမျှ အစွမ်းအကုန်လုံး ထုတ်လို့ရတယ်။”
“တစ်ခုပဲ ပြောစရာ ရှိတယ်။ ခင်ဗျား နောင်တရလိမ့်မယ်။ ကျုပ်က အစတုန်းက ခင်ဗျားကို မသတ်ချင်ခဲ့ဘူး....” ချန်လွေ့က ခေါင်းခါလိုက်သည်။
“ငါ့အဘိဓာန်ထဲမှာ “နောင်တ”ဆိုတဲ့ စကားလုံး မရှိဘူး။” ရက်ဇ်ဆိုလာက ဂုဏ်ယူစာဖြင့် ပြောလိုက်သည်။ “မင်း ငါ့ကို အနိုင်ယူနိုင်ရင် ကျေကျေနပ်နပ်ကြီး သေပေးမယ်။”
ချန်လွေ့က ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “ဒါဆိုလည်း စကြတာပေါ့။ ကျုပ်မှာ ခင်ဗျားနဲ့ အပိုတွေ ပြောဖို့ အချိန် မအားနေဘူး။”