[ ကမ္ဘာပျက်ကပ်ဘေး]
Vol. 51 Ch. 838
ထိုတိုက်ပွဲက ရှိသမျှလူတိုင်း၏ ကံကြမ္မာကို သက်ရောက် စေနိုင်ပေသည်။ တိုင်တန်များ၊ လေဒြပ်စင်ကောင်များ ဖြစ်စေ၊ နဂါးများနှင့် စစ်သည်တော်များဖြစ်စေ၊ သူတို့က ချန်လွေ့နှင့် နဂါးနီ ရက်ဇ်ဆိုလာတို့ကိုသာ အာရုံစိုက်နေကြ၏။
ချန်လွေ့၏ပုံရိပ်က ဖျတ်ခနဲ ပျောက်သွားပြီး ရက်ဇ်ဆိုလာ အရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူက လက်ဓားဖြင့် ခုတ်ပိုင်း ချလိုက်သည်။
ခုတ်ပိုင်းမှု တစ်ခုဟုသာ ထင်ရသော်လည်း အမှန်တကယ်၌ သူက အကြိမ်၁၀၀မက ခုတ်ပိုင်းပြီးပြီ ဖြစ်သည်။ မမြင်နိုင်သော ဓားချီစွမ်းအင်များက နဂါးနီထံသို့ ကောင်းကင်ပေါ်မှ ဆင်းသက် လာလေသည်။
ရန်သူ၏ ပထမဆုံး လှုပ်ရှားမှုကို နဂါးနီ မမျှော်လင့် ထားခဲ့ပေ။ ထက်မြက်လွန်းသော ချီစွမ်းအင်များကို ရင်ဆိုင်ရသည့်အခါ ရက်ဇ်ဆိုလာက အေးအေးဆေးဆေးပင် လက်ကို ဝှေ့ရမ်းလိုက်၏။
လူတိုင်း၏အမြင်တွင် ရာနှင့်ချီသော မီးတောက်များ ရစ်ပတ်ထားသည့် “ဓားသွားများ” ပေါ်ထွက်လာသည်။ မယုံနိုင်စရာ အပူရှိန်ထဲ၌ ဓားသွားက သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် သေးသထက် သေးလာခဲ့သည်။ ၎င်းတို့က နဂါးနီကို မထိခင်မှာပင် အငွေ့ပျံသွားတော့သည်။
[ အရှိန်အဝါဓားသွား ]၏ စွမ်းအားက ထက်မြက်မှုတွင်သာမက အဝေးမှ ဒဏ်ရာ ရစေမှုအပြင် ဆုပ်ကိုင်မရသော အစွမ်းအစလည်း ရှိပေသည်။ ရက်ဇ်ဆိုလာ၏ မီးဒြပ်စင်စွမ်းအားက အမှန်တကယ်ပင် [ အရှိန်အဝါဓားသွား ] ကို ဆုပ်ကိုင်ရသော အရာအဖြစ် ပြောင်းလဲ လိုက်လေသည်။ ပို၍ပင် မယုံနိုင်စရာ ကောင်းသည်မှာ ၎င်းက ဥပဒေသစွမ်းအားကို တိုက်ခိုက် လောင်ကျွမ်းနိုင်ခြင်းပင်။ သူက အစွမ်းအထက်ဆုံး မီးပါရမီရှိသည့် တိုင်းပြည်အဆင့် နဂါးနီအဖြစ် ထိုက်တန်ပေသည်။
ရက်ဇ်ဆိုလာက လက်ကို ဝှေ့ရမ်းလိုက်ပြန်ရာ မီးလှိုင်းတစ်ခုက [အရှိန်အဝါဓားသွား]၏ အရှိန်အဟုန်ကို လွှမ်းမိုးသွားပြီး မိမိထံ လှိမ့်လာကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ သူက ၎င်းကို ရှောင်တိမ်းရန်အတွက် အဝေးသို့ အမြန်ရွေ့လျားလိုက်၏။
စံုစမ်းစစ်ဆေးမှုက ရက်ဇ်ဆိုလာအား ပြိုင်ဘက်၏ စွမ်းအားကို လုံးဝ ဆုံးဖြတ်နိုင်စေခဲ့သည်။ သူတိုက်ခိုက်တဲ့ နည်းလမ်းက ထူးဆန်းပြီးတော့ ကြမ်းတမ်းပေမဲ့ တိုင်းပြည်အဆင့် အလတ်ပိုင်းပဲ ဖြစ်လောက်တယ်။ ဒါက ထိပ်သီးပိုင်းဖြစ်ဖို့ အဝေးကြီး လိုနေသေးတယ်။ ထို့ပြင် နဂါးများ၏ အထူးပါရမီတစ်ခု ရှိနေသည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားက အဆင့်တူ သာမန် အစွမ်းထက်ပုဂ္ဂိုလ်များထက် ပုံမှန်အားဖြင့် သာလွန်သည်။ ထို့အတွက် ထိုတိုက်ပွဲက ရင်ဖိုစရာ မရှိပေ။
ရက်ဇ်ဆိုလာ၏ မျက်လုံးများက ပြင်းပြသော ယုံကြည်ချက်များ ပြသနေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဒြပ်စင်စွမ်းအားကို စတင်၍ စုစည်းလိုက်သည်။ သူက ချန်လွေ့က တစ်ကွက်တည်းဖြင့် ရှင်းပစ်ရန် ဆုံးဖြတ်ထားသော်လည်း ချန်လွေ့က ပိုမြန်နေပြီး နောက်ထပ် ဆက်လက်၍ တိုက်ခိုက်တော့သည်။
ရက်ဇ်ဆိုလာ၏ ပတ်ပတ်လည်တွင် များပြားလျှသော ဖျက်ဆီးခြင်း အလင်းစက်လုံးများ ပေါ်ထွက်လာကာ လွတ်မြောက်ရန် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။ ချန်လွေ့က ပျက်စီးခြင်းဥပဒေသ အရင်းခံကို တတ်ကျွမ်းသွားပြီ ဖြစ်သည့်အတွက် [ အရုဏ်ဦးပစ်ချက် ] အစွမ်းက အတော်လေး တိုးတက်သွားခဲ့သည်။ တိုက်ခိုက်မှုပုံနှင့် အရေအတွက် ထိန်းချုပ်မှုတို့ကလည်း ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။ အထူးသဖြင့် [ ဓူဝံကြယ်ပြာအသွင်ပြောင်းခြင်း ] အသုံးပြုပြီး နောက်တွင် စွမ်းအားက တဟုန်ထိုး တိုးတက်သွားလေသည်။
ချန်လွေ့က နဂါးနီအား တုံ့ပြန်ရန် အချိန်အများအပြား မပေးခဲ့ပေ။ သူက လက်ကို စုလိုက်ရာ နေရာအနှံ့မှ [အရုဏ်ဦးပစ်ချက်]များက အလယ်ရှိ ရက်ဇ်ဆိုလာထံ လျင်မြန်စွာ လည်ပတ်ရောက်ရှိလာသည်။ ရက်ဇ်ဆိုလာက မကြောက်နေပေ။ စုစည်းထားသော စွမ်းအားများ ပေါက်ထွက်လာပြီး အနီးအနားရှိ မီးဒြပ်စင်များက စတင်၍ အလျင်အမြန် လည်ပတ်လာသည်။ ကြောက်မက်ဖွယ်ရာ အပူရှိန်အောက်တွင် လူတိုင်း၏ အမြင်က တဖြည်းဖြည်း ဝေဝါးလာတော့သည်။
နဂါးနီက အံ့သြလောက်စရာ အဟုန်နှင့်အတူ အလွန်ကြီးမားသော နီရဲရဲ မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ နီရဲရဲ မုန်တိုင်းထံ အမြန်ရောက်ရှိလာသော [ အရုဏ်ဦးပစ်ချက် ] များက တိုင်းပြည်အဆင့် ထိပ်သီးပိုင်း၏ မီးဥပဒေသအောက်၌ လေထဲ၌ပင် လောင်ကျွမ်းသွားကြ၏။ နီရဲရဲ မုန်တိုင်းက [အရုဏ်ဦးပစ်ချက်]ကို အုပ်မိုးသွားပြီးနောက် ၎င်း၏ စွမ်းအားက အားမနည်းသွားသည့်အတွက် ပို၍ပင် အံ့သြဖွယ်ရာ ဖြစ်လာသည်။ မီးတောက်များက ဧရာမနဂါးပုံစံ စုစည်းသွားကာ တောင်ပံခတ်ပြီး ချန်လွေ့ထံ ထိုးဆင်းလာတော့သည်။
ချန်လွေ့က [ အရုဏ်ဦးပစ်ချက် ] ကို ပစ်လွှတ်လိုက်ပြီး နဂါးနီက [ မီးမုန်တိုင်း ] ဖြင့် [အရုဏ်ဦးပစ်ချက်]ကို အုပ်မိုးကာ တန်ပြန် တိုက်ခိုက်မှု တစ်ခုအဖြစ် ပြောင်းလဲပြီး စွမ်းအင် ဧရာမနဂါး ဖြစ်သွားသည်မှာ စက္ကန့်ပိုင်းအတွင်းသာ ဖြစ်လေသည်။ ကြည့်နေသူများ၏ မျက်လုံးထဲ၌ မျက်တောင် သုံးလေးခါ ခတ်လိုက်ပြီးနောက်တွင် ကောင်းကင်ကို ပြည့်နေသော အလင်းစက်လုံးများ ပျောက်ကွယ်သွားလေသည်။ ကြောက်မက်ဖွယ်ရာ ဧရာမနဂါးနီက ချန်လွေ့ထံ ပြေးဝင်လာပြီး ချက်ချင်း အုပ်မိုးလိုက်တော့သည်။
မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဧရာမနဂါးက ချန်လွေ့ကို အုပ်မိုးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ဆက်လက်၍ တွန့်လိမ်ကာ လူးလွန့်နေပြီး ရန်သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲကာ ဝါးစားနေပုံရသည်။ ထိုငွေရည်ကျိုနေရာက မုန်တိုင်းကျွန်းအတွင် အခိုင်မာဆုံးနေရာ ဖြစ်သည်။ သို့သော်လည်း ဧရာမ မီးတောက်နဂါး၏ စွမ်းအားက ကြီးမားလွန်းလှပေသည်။ ရွှေနဂါး၏ မှော်အစီအရင်ဖြင့် ကာကွယ်ထားသော မြေကြီးက ပျက်စီးခြင်း အရိပ်အယောင်များ စတင်ပေါ်ထွက်လာသည်။ အလွန်အမင်း အရည်ပျော်မှတ် မြင့်မားသော ကျောက်များသည်ပင် အရည်အဖြစ် ပြောင်းလဲသွားကြ၏။
ဧရာမ မီးတောက်နဂါးက ရုတ်တရက် လှုပ်ရှားလာပြီး ခန္ဓာကိုယ်က အက်ကြောင်းများဖြင့် လက်ခနဲ ဖြစ်နေကာ ကြီးမားလှသော စွမ်းအားကြောင်း စုတ်ပြဲသွားပုံရသည်။ ကွေ့ကောက်နေသော အနီရောင် သားရဲကြီးတစ်ကောင် ကြောက်စရာ အငွေ့အသက်များ ထုတ်လွှတ်နေခြင်း ဖြစ်နေ၏။ ထိုကဲ့သို့ ပြင်းထန်ပြီး သောင်းကြမ်းမှုက အသန့်စင်ဆုံးသော မီးဒြပ်စင်ထက်ပင် သာလွန်လေသည်။
အလွန်ကြီးမားသော သားရဲက ဧရာမ မီးတောက်နဂါးကို ဆုတ်ဖြဲပြီး ရက်ဇ်ဆိုလာထံ ဆက်လက် ဟိန်းဟောက်လိုက်သည်။ နဂါးနီက သတိထားသော အမူအရာတစ်ခု ပြသလိုက်ပြီးနောက် သူ့ရှေ့တွင် အနီရောင် အရည်လဲ့သော ဒိုင်ကာတစ်ခု ပေါ်ထွက်လာပြီး ဧရာမသားရဲကို တားဆီးလိုက်လေသည်။
အလွန်ကြီးမားသော သားရဲက အလွန်အမင်း ကြမ်တမ်း လှသည်။ ဒိုင်ကာနီက ခဏအကြာတွင် အက်ကွဲသွားလေသည်။ ထိုဖိအားက ပေါ့သေးသေး မဟုတ်ကြောင်း ရက်ဇ်ဆိုလာ ခံစားမိသည်။ သူ၏ ရွှေရောင် မျက်လုံးနီများက ချစ်ချစ်တောက် နီရဲသွားခဲ့ပြီး သူ့လက်ထဲ၌ ကျောက်မျက်နီတစ်ခုရှိသော မှော်တုတ်တံတိုတစ်ချောင်း ပေါ်ထွက်လာခဲ့သည်။ သူက တုတ်တံကို ဝှေ့ရမ်းလိုက်ရာ ဒိုင်းကာနီက အက်ကြောင်းများ အလျင်အမြန် ပြန်ဆက်သွားခဲ့သည်။ အဆက်မပြတ် ပျက်စီးကာ၊ ပြန်ဆက်နေစဉ်အတွင်း အလွန်ကြီးမားသော သားရဲ၏ အလင်းရောင်က တဖြည်းဖြည်း မှိန်ပျသွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း ရက်ဇ်ဆိုလာက ထိုကြီးမားလှသော ဖိအားကြောင့် နောက်သို့ ၁၀မီတာကျော် ဆုတ်သွားခဲ့ရလေသည်။
မိမိ၏ စွမ်းအားက ပြိုင်ဘက်ထက် အနည်းငယ် ပိုမြင့်သည်ဟု နဂါးနီ ထင်ထားခဲ့သော်လည်း သူက ယခုတွင် နောက်ဆုတ် ခဲ့ရသည်။ ထိုအရာက သူ့ကို အရှက်ရ စေခဲ့သည်။ သူက ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ် အန္တရာယ်အချက်ပေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ချန်လွေ့၏ပုံရိပ်က ရုတ်တရက် သူ့ရှေ့တွင် ခရမ်းရောင်တောက်နေသော မျက်လုံးများဖြင့် ရောက်ရှိလာ၏။
ရက်ဇ်ဆိုလာက ထိုအကြည့်နှင့် မတော်တဆ ဆုံမိသွားကာ ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့ပြီး အထူးစွမ်းအားကြောင့် ဟန့်တား ခံလိုက်ရသလို ဖြစ်သွားသည်။ သူ၏ အငွေ့အသက်က ရုတ်တရက် ကျဆင်းသွားခဲ့သည်။ ချန်လွေ့က နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်လိုက်စဉ် ရက်ဇ်ဆိုလာ၏ အငွေ့အသက်က ခုန်တက် သွားခဲ့သည်။ အဘက်ဘက်မှ ကြောက်မက်ဖွယ်ရာ တိုင်းပြည် စွမ်းအားများ ရောက်ရှိလာသည်ကို ချန်လွေ့ ခံစားမိလိုက်ပြီး ချိန်းကြိုးနီများ၏ သူ့ကိုယ်ပေါ်တွင် ပေါ်ထွက်လာကာ သူ့ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်နေလေသည်။
တစ်ချိန်တည်းမှာပင် မြေပြင်က ရုတ်တရက် နီရဲရဲ ချော်ရည် ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ချော်ရည်များမှ ဖွဲ့စည်းထားသော ဧရာမလက်တစ်ဖက်က ပင်လယ်ထဲမှ ဆန့်တန်းလာပြီး ချန်လွေ့ကို ကိုင်လိုက်သည်။
“ဟားဟား...” အနိုင်ရလာဒ်ကို မြင်နေရရင်း ရက်ဇ်ဆိုလာက ရယ်လိုက်မိသည်။ “ငါ့မှာ [ဝိညာဉ်ဒိုင်း]ဆိုတဲ့ သန္ဓေပြောင်း ပါရမီတစ်ခု ရှိတယ်ဆိုတာ ပြောဖို့ မေ့သွားတယ်။ ဝိညာဉ် တိုက်ခိုက်မှုတွေ၊ ကျူးကျော်မှုတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မင်းရဲ့ ခုနက အစွမ်းအထက်ဆုံး ဝိညာဉ်တိုက်ခိုက်မှုက ငါ့အရှေ့မှာ ပြက်လုံးတစ်ခုလိုပဲ။ အခု မင်းရဲ့ သေခြင်းရှင်းခြင်းက ငါ့လက်ထဲမှာ။ ငါက လက်ချောင်းလေး လှုပ်လိုက်တာနဲ့ မင်း ပြာဖြစ်သွားပြီ။ လေဒြပ်စင်ကောင်တွေနဲ့ တိုင်တန်တွေရဲ့ အသက်ထက်စာရင် ငါက မင်း အညံ့ခံတာကို ပိုစိတ်ဝင်စားတယ်။ မင်း အရှုံးပေးသင့်တယ်။”
“အိုး။ [ဝိညာဉ်ဒိုင်း] ကိုး။” ချန်လွေ့က အသံက မမျှော်လင့်ဘဲ တည်ငြိမ်နေလေသည်။ “ဒါပေမဲ့ ခင်ဗျား အထင်မှားနေတာ တစ်ခု ရှိတယ်။ ဝိညာဉ်တိုက်ခိုက်မှုက ကျုပ်ရဲ့ အစွမ်းထက်ဆုံး မဟုတ်ဘူး။ အစကနေ အခုအထိ သွေးပူအောင် လုပ်နေတာပဲ ရှိသေးတာ။ ဒါက ခင်ဗျားမှာ ရှိသမျှ ရှိရင်တော့ စိတ်မကောင်းပါဘူး။ ခင်ဗျား ရှုံးသွားပြီ။”
“ခေါင်းမာတာက သေဖို့ပဲ ရှိမယ်။” ရက်ဇ်ဆိုလာက သရော်ပြုံး ပြုံးလိုက်သည်။ “မင်းရဲ့ ပါးစပ်က လက်သီးထက် ပိုပြီးတော့ အစွမ်းထက် တယ်။ မင်းက နည်းနည်းလောက် မခံစားရသေးရင် အညံ့မခံမယ့်ပုံပဲ။”
ရက်ဇ်ဆိုလာ၏ မှော်တုတ်တံထိပ်မှ ကျောက်မျက်နီက တောက်ပလာခဲ့ပြီး ချော်ရည်လက်က တင်းတင်း ညှစ်နေပြီး အပူချိန်က ရုတ်တရက် တိုးလာကာ အနီးအနားရှိ ကျောက်များပင် အရည်ပျော်သွားခဲ့သည်။ ၎င်းက တလက်လက် ဖြစ်နေသော အပူရှိန်မြင့် “စမ်းချောင်း” တစ်ခုသဖွယ် ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု ကြက်ခြေခတ် ဖြစ်နေလေသည်။
“အဲဒါပဲလား။” ဒဏ်ရာအပြင်းအထန် ရလောက်ပြီဟု သူထင်ထားခဲ့သော ရန်သူက အထင်သေးစွာဖြင့် ရယ်လိုက်သည်။ ရုတ်တရက် ချော်ရည်တိုင်းပြည်ထဲ၌ မရေမတွက်နိုင်သော ကြယ်များ ပေါ်ထွက်လာခဲ့ပြီး ထူးဆန်းသော စည်းချက်တစ်ခုဖြင့် လည်ပတ်နေကာ အေးစက်သော အငွေ့အသက်တစ်ခု ပျံ့နှံ့သွားတော့သည်။ အပူရှိန်မြင့် ဧရာမလက်ကြီးက တဖြည်းဖြည်း ရေခဲဖြစ်သွားကာ ချိန်းကြိုးများနှင့်အတူ ပျောက်ကွယ် သွားလေသည်။
ရေဒြပ်စင်စွမ်းအားလား။ ရက်ဇ်ဆိုလို မျက်မှောင်ကြုတ် လိုက်သည်။ မဟုတ်ဘူး။ ဒါက ရေဒြပ်စင် မဟုတ်ဘူး။ ဒါက အဆုံးမဲ့ ပျက်စီးခြင်း ပါဝင်နေတဲ့ လုံးဝကွဲပြားတဲ့ ဥပဒေသတစ်ခုပဲ။
ရန်သူရဲ့ စွမ်းအားက သေချာပေါက် တိုင်းပြည်အဆင့် အလတ်ပိုင်းနားမှာပဲ။ ဒီလိုပျက်စီးဥပဒေသမျိုးက ငါနားလည်ထားတဲ့ မီးဥပဒေသထက် အများကြီး သာလွန်နေတယ်။ ဒါက ငါ့ရဲ့ [ မီးတောက်နီတိုင်းပြည် ] ကို အမှန်တကယ် ပြိုလဲမယ့် အရိပ်အယောင်မျိုး ဖြစ်စေနိုင်တဲ့ ဖိနှိပ်မှုတစ်ခု ဖြစ်နိုင်တယ်။
ပိုပြီးတော့ ထူးဆန်းတာက [ မီးမုန်တိုင်း ] ဧရာမ နဂါးရော၊ [မီးတောက်နီ]ရဲ့ ဧရာမလက်ရောက ရန်သူကို ဘာထိခိုက်မှုမှ မဖြစ်စေခဲ့သလိုပဲ။ ဒါက စိတ်ထင်တာပဲလား။
ရက်ဇ်ဆိုလာက ရန်သူများနှင့် အတော်များများ အတွေ့အကြုံ ရှိခဲ့သည်။ သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် လေးနက်သွား၏။ သူက တိုက်ခိုက်ရေးစွမ်းအားမှာ အပေါ်ယံထက် သာလွန်တဲ့ ရန်သူတစ်ယောက် ဖြစ်တဲ့ပုံပဲ။ ငါ သူ့ကို ပုံမှန် နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရဘူး။ ငါ သတိလက်လွတ် ဖြစ်သွားမယ်ဆိုရင် မမျှော်လင့်ဘဲနဲ့ ရှုံနိမ့်သွားနိုင်တယ်။
“ငါ့ရဲ့ အစွမ်းအထက်ဆုံးအကွက်ကို မင်းခံနိုင်ရင် ငါ ရှုံးသွားပြီလို့ မှတ်လိုက်တော့။” ရက်ဇ်ဆိုလာက အတော်လေး ဉာဏ်များလှသည်။ တိုင်းပြည်စွမ်းအားကို စုစည်းနေရင်း သူက ရန်သူကို စကားလုံးများဖြင့် အချိန်ဆွဲနေခဲ့သည်။
“ကောင်းပြီလေ။” [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] က အချိန်အကန့်အသတ် ရှိပေသည်။ ထို့ကြောင့် ချန်လွေ့က ချက်ချင်းပင် တိုက်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့သည်။ ထိုအကြံပြုချက်ကို ကြားလိုက်သည်နှင့် သူက မစဉ်းစားဘဲ သဘောတူလိုက်လေသည်။
ရက်ဇ်ဆိုလာ၏ မျက်လုံးများ အရောင်တောက်သွား၏။ သူက တစ်ဖက်လူ၏ သေခြင်းရှင်ခြင်းကို မထိန်းချုပ်နိုင်သော ထိုအကွက်ကို အသုံးပြုခဲ့သော်လည်း “ရစ်ချက်”ကို သတ်ပစ်ပြီး အလောင်းအစားကို အနိုင်ယူကာ တိုင်တန်များနှင့် လေဒြပ်စင်ကောင်များကို သိမ်းပိုက်နိုင်ခြင်းက အတော်လေး ကြီးမားသော ရလာဒ်တစ်ခု ဖြစ်ပေသည်။
နဂါးနီ၏ မျက်လုံးများက ချန်လွေ့၏ပုံရိပ်ကို စိုက်ကြည့်နေပြီး နဂါးထွင်းစာကြိုးများ၏ သူ့ပါးစပ်မှ ထွက်လာသည်။ ထိုကြိုးများက ရုပ်ခန္ဓာ စာသားများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီးနောက် မရေမတွက်နိုင်သော မီးပွင့်များအဖြစ် ပြန့်ကျဲသွားကာ လေထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လွှမ်းမိုးသော ဖိအားတစ်ခု ချက်ချင်း ပျံ့နှံ့လာတော့သည်။
ရွှေနဂါး မေရိုစခီရာက သိမ့်သိမ့်တုန်သွားခဲ့သည်။ သူက ဆံပင်ရွှေရောင်ဖျော့ဖျော့နှင့် အမျိုးသမီးအဖြစ် ပြောင်းလဲကာ လေထဲသို့ တက်လာလိုက်သည်။ မှော်အစီအရင်ကို အလျင်အမြန် ခင်းကျင်းပြီးနောက် သူက နောက်ဘက်ရှိ ဧရာမနဂါးများနှင့် ဂရစ်ဖွန်စီးနင်းသူများကို အော်ပြောလိုက်၏။ “နောက်ဆုတ်ကြ။ ဒါက နဂါးထွင်းစာရဲ့ တားမြစ်ဂါထာ [ ကမ္ဘာပျက်ကပ်ဘေး ] ပဲ။”
နဂါးများနှင့် ဂရစ်ဖွန်စီးနင်းသူများက အဝေးသို့ ပျံသွားခဲ့ကြပြီး တိုင်တန်များနှင့် လေဒြပ်စင်ကောင်များက လေဒြပ်စင်ဘုရင်၏ အချက်ပြမှုအောက်တွင် အလျင်အမြန် နောက်ဆုတ်သွားကြ၏။
ကြည့်ရှုသူများက (၁)ကီလိုမီတာခန့်အထိ နောက်ဆုတ် ပြီးနောက်တွင် အင်အားကြီး တုန်ခါမှုတစ်ခု ဖြစ်လာသည်။ သူတို့၏ အမြင်များက ချက်ချင်းပင် ဝေဝါးပြိး ရှုံ့တွ သွားခဲ့သည်။ မီးတောက်များက ကောင်းကင်ပေါ်မှ ဆက်လက်၍ ကျဆင်းလာနေပြီး သူတို့၏ ခန္ဓာကိုယ်များက ကြောက်မက်ဖွယ်ရာ လှိုင်းဒဏ်ကြောင့် လွင့်စင်ကုန်သည်။ သူတို့၏ အာရုံများအားလုံးက နီရဲပြီး ချစ်ချစ်တောက်နေသော အပူရှိန်နှင့် ပြည့်နှက်သွားကာ မည်သည်ကိုမှ မမြင်ရတော့ပေ။
ကြောက်မက်ဖွယ်ရာ ခံစားချက်က နာရီဝက်ကြာခဲ့ပြိးနောက် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ အလွန်ကြီးမားသော မှိုပုံစံ တိမ်တိုက်ကြီးတစ်ခုက အဝေးမှ တိုက်ပွဲအပေါ်တွင် ပေါ်ထွက် လာခဲ့လေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားနှင့် ဆိုလျှင် “ရစ်ချက်” တစ်ယောက် မပြောနှင့်၊ အခိုင်မာဆုံး ငွေရည်ကျိုနေရာသည်ပင် လုံးဝနီးပါး ပျက်စီးသွားရပေမည်။
အကောင်းဆုံး အမြင်ရှိသူက ရွှေနဂါး မေရိုစခီရာပင်။ သူက ထိတ်လန့်သွားခဲ့သည်။ သူ့မျက်နှာက မယုံကြည်နိုင်သော အမူအရာတစ်ခု ပြည့်နှက်သွား၏။ အကြောင်းမှာ [ ကမ္ဘာပျက် ကပ်ဘေး ] ကြောင့် ဖြစ်လာခဲ့သော မှိုပုံစံတိမ်တိုက်ထဲ၌ ကြယ်အလင်းရောင်ကို မြင်လိုက်ရခြင်းကြောင့်ပေ။ ထိုတလက်လက် အလင်းရောင်က အနည်းငယ်မျှ မမှိန်ကျသွားခဲ့ပေ။
အာရုံမထားသော အသံတစ်သံ ထွက်ပေါ်လာ၏။ “အတော်လေး “လှပတဲ့” တားမြစ်ဂါထာတစ်ခုပဲ။ ဒါက ကျုပ် မှတ်ဉာဏ်ထဲဥ အဖျက်အဆီးလက်နက် တစ်မျိုးကိုတောင် သတိရသွားစေတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ဒါက လှပရုံပါပဲ။”
“မဖြစ်နိုင်ဘူး။” တားမြစ်ဂါထာကို အသုံးပြုရန်အတွက် စွမ်းအင် အများအပြား အသုံးပြုရသည့်အတွက် ရက်ဇ်ဆိုလာက မောဟိုက်နေခဲ့သည်။ သူ၏မျက်လုံးများက [ မီးတောက်နီ တိုင်းပြည် ] ချော်ရည်ထဲတွင် လျှောက်သွားနေသော ပုံရိပ်ကို ကြည့်နေလေသည်။ သူ၏ အငွေ့အသက်က လုံးဝ အားမနည်းသွားခဲ့ပေ။ ချပ်ကာအပေါ်မှ အက်ကြောင်းများမှလွဲ၍ ခုနက ကြောက်မက်ဖွယ်ရာ နဂါးထွင်းစာ တားမြစ်ဂါထာမှာ သူ့အပေါ် မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။
တိုင်းပြည်အဆင့် အလတ်ပိုင်း မပြောနဲ့၊ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ပုဂ္ဂိုလ်တောင် ဒီကနေ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး။
“အမှန်တရားက ခင်ဗျား အရှေ့မှာပဲ။ ပြန်တိုက်ခိုက်စရာ မလိုဘဲနဲ့ ခင်ဗျား ရှုံးသွားပြီ။” ချန်လွေ့က ရပ်တန့်လိုက်ပြီး နဂါးနီကို ကြည့်လိုက်သည်။ “ခင်ဗျားအပါအဝင် နဂါးတွေ နဲ့ စစ်သည်တွေရဲ့ အသက်အားလုံးကို ကျုပ် ပိုင်ပြီ။”
အဝေးမှ မေရိုစခီရာက ထိတ်လန့်နေရာမှ သတိပြန်ဝင် လာခဲ့သည်။ ရွှေနဂါးက အလျင်အမြန် တုံ့ပြန်လိုက်ပြီး လက်ထဲမှ ရောင်စုံနဂါးကြေးခွံကို မတုံ့မဆိုင်းဘဲ ဖိခြေလိုက်တော့သည်။