တကယ်ကြမ်းတဲ့ “ယောက္ခထီး”
Vol. 51 Ch. 842
“ကောင်လေး။ သိပ်ပြီးတော့ မကြောက်နေပါနဲ့။ ပြီးတော့ နဂါးတွေရဲ့ အသက်နဲ့လည်း မခြိမ်းခြောက်နဲ့ဦး။” စပန်က ခန့်ညားပြီး ယောက်ျားဆန်ဆန်း အပြုံးပြီး ပြသလိုက်သည်။ “မင်းက မှော်စက်ဝိုင်း၊ နဂါးထွင်းစာနဲ့ ရှေးမှော်စာမှာ ကျွမ်းကျင်တယ်လို့ မာရီယာဆီကနေ ကြားတယ်။ ပြီးတော့ စမ်းသပ်ချက် ကွင်းပြင်ရဲ့ စိတ်ဝင်စားစရာ အကြံအစည်တွေကို ငါ အတော်လေး သဘောတွေ့တယ်။ အဲဒါကြောင့် ငါ မြင်ချင်တယ်။”
“ဒါက ချီးမွမ်းဖို့ မထိုက်ပါဘူး။” ချန်လွေ့က ပင့်သက်ရှိုက်ပြီး မှော်ပုံကြမ်းတစ်ခု ထုတ်လိုက်သည်။ “ဒါက စမ်းသပ်ချက် ကွင်းပြင်ရဲ့ ပဏာမ ဒီဇိုင်းပဲ။ အချိန်အကန့်အသတ်ကြောင့် တချို့အပိုင်းတွေက မပြည့်စုံသေးဘူး။ လူကြီးမင်းက ပညာရှင်ပဲ။ ကျုပ်ကို အမှန်ပြင်ပေးပါ။”
“ဆပွားဒြပ်စင် ပုံကြမ်းပါလား။ ဒီလောက် အချိန်တို အတွင်းမှာ မင်းက ဒီလိုမျိုးကို....” နတ်သူငယ်က ၎င်းကို အသာလေး ယူပြီး တစ်ချက်ကြည့်ပြီးနောက် မျက်နှာက ရုတ်တရက် လေးနက် သွားတော့သည်။ “၁၆ယွမ် ရှေးမှော်စာလား။ မဟုတ်ဘူး။ ၂၃ယွမ်ပဲ။”
နတ်သူငယ်၏ မျက်လုံးများက နက်နက်ရှိုင်းရှိုင်း ဆွဲဆောင် ခံနေရပြီး ပုံကြမ်းဒီဇိုင်းမှ အကြည့်မလွှဲနိုင်တော့ပေ။ သူက ကြီးမားလှသော စိတ်ဝင်စားမှုဖြင့် ချန်လွေ့နှင့်အတူ စတင် ဆွေးနွေးလေသည်။
“အဲဒါက..ရစ်ချက်၊ ဒီအပိုင်းမှာ တယ်လီပို့ ပုဒ်စုကို ထည့်လို့ရလား။”
“လူကြီးမင်းရဲ့ အကြံက အတော်လေး ကောင်းတယ်။ ဒါပေမဲ့ အကွာအဝေးရှည်-တယ်လီပို့အတွက် မှော်စာတွေ အများကြီး ရေးရမှာ။ အဲဒါက ထွင်းစာ တစ်ခုလုံးကို အရှည်ကြီး ဖြစ်သွား စေလိမ့်မယ်။ ကြုံရာကျပမ်း တယ်လီပို့ အဖြစ် ပြောင်းတာပေါ့။”
“အင်း။ ဒီအေးခဲထောင်ခြောက်က အတော်လေး ပါးနပ်တယ်။ ဒါပေမဲ့ အသက်ဝင်တဲ့ ပုံစံကို အဆင့်မြှင့်သင့်တယ်။”
“...”
နတ်သူငယ်က ပုံကြမ်းထဲ၌ လုံးဝ စိတ်နှစ်နေပြီး “တစ်ဖက်လူအား မှတ်လောက်သားလောက် ဆုံးမရန်” ကြိုတင် သဘောတူခဲ့သည်ကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။ မည်သည့် အရိပ်အမြွက်ကမှ အလုပ်မဖြစ်ပေ။ မဟာအကြီးအကဲ၏ မျက်နှာက အနည်းငယ် မည်းမှောင်လာတော့သည်။
“စပန် !!” သည်းမခံနိုင်တော့သော မာရီယာက နောက်ဆုံး အော်ခေါ်လိုက်တော့သည်။
နတ်သူငယ်က မဟာအကြီးအကဲကို ဖျတ်ခနဲ လှည့်ကြည့် လိုက်သည်။ “ဘာလဲ။”
မာရီယာက သူ့ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ချန်လွေ့က ယခုတစ်ခေါက် သဘောပေါက်သွားပြီး တိတ်တိတ်လေး သတိထားနေခဲ့သည်။ သို့သော်လည်း နတ်သူငယ်က ၎င်းကို မြင်ဟန်မတူပေ။ “ဟမ်...”
ထို့နောက် သူက ချန်လွေ့နှင့် ဆက်လက် ဆွေးနွေးတော့သည်။
မာရီယာ - “.....”
ချန်လွေ့ - “.....”
တစ်နည်းနည်းဖြင့် ထိုခန့်ညားသော နတ်သူငယ်က ချန်လွေ့က အတော်လေး ရင်းနှီးသော အထူးခံစားချက် တစ်ခုကို ပေးစွမ်း နေလေသည်။
စပန်၏ အသိပညာက အတော်လေး လေးနက်လှသည်။ အထူးသဖြင့် မှော်စက်ဝိုင်း၌ ဖြစ်သည်။ ထိုနေရာက သူက ချန်လွေ့ထက် များစွာ သာလွန်သည်။ သူက မဟာဆရာသခင် အဆင့်သို့ ချဉ်းကပ်နေလောက်ပြီ သို့မဟုတ် ရောက်ရှိသွားပြီ ဖြစ်လောက်သည်။ နတ်သူငယ်က နဂါးထွင်းစာ၌ ချန်လွေ့ထက် မနိမ့်ကျပေ။ သို့သော်လည်း သူက ရှေးမှော်စာ၌ အားနည်းသည်။ ထိုအရာ ရှေးမှော်စာကျောက်ပြားမှ အခြေခံ သဒ္ဒါကို ချန်လွေ့နှင့် ဇိုလာတို့ အတူတူ သုတေသန လုပ်ခဲ့သည့်အပြင် ဆာရီရယ်၏ သင်ကြားပေးခြင်းတို့ကြောင့်လည်း ဖြစ်ပေသည်။
စပန်က ရှေးမှော်စာကို အတော်လေး စိတ်ဝင်စားသည့် အတွက်ကြောင်း အမူအရာကို ဂရုမစိုက်ဘဲ ထိုင်ချကာ ဆွေးနွေး တော့သည်။
ချန်လွေ့နှင့် နတ်သူငယ်တို့ စကားပြောလေလေ၊ သူတို့က ပို၍ ရင်းနှီးလာလေလေ ဖြစ်လာပြီး သူတို့ ခပ်စောစော တွေ့ခဲ့ရန် လိုချင်နေခဲ့လေသည်။ သူက မာရီယာထံမှ အရိပ်အမြွက် အားလုံးကို လုံးဝ လျစ်လျူရှု ထားနေလေသည်။
ဒေါသကြောင့် နတ်မိမယ်နဂါး၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးပွင့်များ ပေါ်ထွက်လာခဲ့သော်လည်း အကြောင်းရင်း အချို့ကြောင့် စိတ်ထိန်းထားလိုက်သည်။
“ခဏနေဦး။” နတ်သူငယ်က ရုတ်တရက် မျက်မှောင်ကြုတ်ပြီး မြေပြင်ပေါ်တွင် ရှေးမှော်စာ တစ်ကြိုးကို ရေးဆွဲလိုက်သည်။ “(၄)ယွမ် ပုဒ်စုပေါင်း ဆိုတာကို မင်း ဘယ်ကနေ သိတာလဲ။”
ထို(၄)ယွမ် ပုဒ်စုပေါင်းက ဇိုလာ၏ ဓလေ့သုံး အဖြစ်ဆုံး သဒ္ဒါဖြစ်ပြီး မူပိုင်သဒ္ဒါလည်း ဖြစ်ပေသည်။ ထိုအရာက အလွန်ပင် ထွင်ဉာဏ်ဆန်းသစ်သော အခြေခံ တိုးမြှင့်မှု ဖြစ်ပြီး ရှေးမှော်စာ၏ ထိရောက်မှုကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်သည်။
“ဒီပုဒ်စုကို လေ့လာခဲ့တဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။ သူက ကျုပ်ထက် ရှေးမှော်စာ အသိပညာတွေ ပိုရှိတယ်။”
“သူ ဟုတ်လား။” နတ်သူငယ်၏နားများ လှုပ်ရှားသွားခဲ့ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ “သူ့နာမည်က ဘာလဲ။”
ချန်လွေ့က ဇိုလာ၏ နာမည်ကို ပြောချင်သော်လည်း ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး ခေါင်းခါလိုက်သည်။ “ကျုပ် မသိဘူး။”
အေးစက်သော အငွေ့အသက်တစ်ခု လှိမ့်တက်လာပြီး ချန်လွေ့က ကြက်သီးထသွားမိသည်။ ရင်းနှီးပုံရပြီး အန္တရာယ်မရှိဟု ထင်ရသော နတ်သူငယ်က ယခုတွင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး ဖိနှိပ်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး နဂါးအကြီးအကဲထက်ပင် သာလွန်လှသည်။ ချန်လွေ့က ယခုတွင် [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို အသက်မသွင်းထားပေ။ ထို့ကြောင့် သူ့တွင် S++ အဆင့် စွမ်းအားသာ ရှိသည်။ ရုတ်တရက် သူက တိုင်းပြည်အဆင့် ထိပ်သီးပိုင်း၏ အင်အားကြီး အဟုန်ဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
“မင်းက ငါ့ရဲ့ နှစ်တစ်သိန်းဘဝအတွင်းမှာ ငါ မြင်ဖူးသမျှအထဲ အထူးချွန်ဆုံးထဲက လူငယ်တစ်ယောက်ပဲ။ မင်းကို လေးစား အားကျတာကို ငါ မဖုံးကွယ်ခဲ့ဘူး။ မင်းကို သင်ခန်းစာပေးဖို့ မာရီယာ အကြံပြုခဲ့တာကိုတောင် ငါ လျစ်လျူရှုထားခဲ့တယ်။”
နတ်သူငယ်၏ ငွေရောင်မျက်လုံးထဲမှ ထက်မြက်သော ချီစွမ်းအင်က အကောင်အထည် ပေါ်လာတော့မည် ဖြစ်ပြီး ပတ်ဝန်းကျင်မြေပြင်က အက်ကြောင်းများ စတင်၍ ပေါ်ထွက် လာခဲ့သည်။ သူ့အသံက ယခင်ကထက် ပိုမို၍ အေးစက် လာခဲ့သည်။ “ဒါပေမဲ့ ဒီနေ့ “သူ”ဘယ်မှာလဲဆိုတာကို မင်း ပြောပြရမယ်။ မဟုတ်ရင်တော့ မင်းက စာချုပ်ထဲက နဂါးတွေ အားလုံးရဲ့ အသက်ကို ထိန်းချုပ်ထားရင်တောင် ချက်ချင်း သတ်ပစ်မယ်။”
ချန်လွေ့က ခေါင်းမော့ပြိး မိစ္ဆာမျက်ဆံ ပါဝင်သော စွမ်းအားဖြင့် နတ်သူငယ်၏ ငွေမျက်လုံးကို ကြည့်ကာ အားနည်းမှု လုံးဝ မပြခဲ့ပေ။ “”သူ့ကို” ရှာတွေ့ဖို့ စိတ်အားထက်သန်နေတဲ့ အကြောင်းရင်းကို သိချင်တယ်။”
“ဘာလို့လဲဆိုတော့ သူက ငါ့ရဲ့သမီး မို့လို့ပဲ။ နတ်သူငယ်ဘုရင် စပန်ဆာဝါဒီဂျာရဲ့ သမီး။” စပန်၏ အငွေ့အသက်က အဆုံးစွန်အထိ ထိုးတက်သွားခဲ့သည်။ “ငါ့နာမည်ကို ကြားဖူးဖူး မကြားဖူးဖူး၊ မင်းမှာ ၁၀ စက္ကန့်ပဲ အချန်ရှိမယ်။ မဟုတ်လို့ကတော့ ငါ တစ်ခါတည်း မင်းရဲ့ ဝိညာဉ်ကို နှိပ်စက်ပစ်မယ်။”
သမီးတဲ့လား။ ချန်လွေ့က ကြက်သေသေသွားခဲ့သည်။ “ခဏနေပါဦး။ ဆာ-စပန်။ ခင်ဗျား မဟုတ်ရင် ကျုပ်က တစ်ခုခု လွဲနေတာ ထင်တယ်။ ကျုပ်ပြောတဲ့ မိတ်ဆွေက နတ်သူငယ် မဟုတ်ပါဘူး။”
“သူ့သမီးက နတ်သူငယ်လို့ ဘယ်သူပြောလဲ။” မဟာအကြီးအကဲ နတ်မိမယ်နဂါးက အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “သူက ငါ့ယောက်ျားပဲ။ ငါတို့သမီးက နတ်မိမယ် နဂါးပေါ့။ အဲဒီစိတ်ပြောင်းလွယ်တဲ့ ကောင်မလေးက အိမ်ကနေ ထွက်သွားတာ အခုဆို နှစ်ပေါင်း၂၀၀၀၀လောက် ကြာပြီ။”
နတ်မိမယ်နဂါးများက နဂါးများတည်း၌ တစ်ခုတည်းသော အမမျိုးနွယ်စု ဖြစ်သည်။ သူတို့တွင် ထူးခြားသော ဂုဏ်သတ္တိ တစ်ခုရှိပြီး ထိုအရာက သူတို့ မွေးလိုက်သော မိန်းကလေးများ အားလုံးက နတ်မိမယ်နဂါးများ ဖြစ်ကြကာ ယောက်ျားလေးများက အဖေ၏မျိုးနွယ်အတိုင်း ဖြစ်လေသည်။
ယော...ယောက်ျား ဟုတ်လား။ ချန်လွေ့က နတ်သူငယ် ဘုရင်အား ကြည့်ပြီးနောက် မဟာအကြီးအကဲ နတ်မိမယ်နဂါးကို ကြည့်လိုက်သည်။ သူက ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွား၏။
နဂါးများ၏ အိမ်ထောင်ဖက်က နဂါးဖြစ်ရမည်ဟု မည်သူကမှ မသတ်မှတ်ခဲ့ပေ။ ချန်လွေ့က ဥပမာပင်။ သူ့တွင် နတ်ဆိုးများနှင့် နဂါး ချစ်သူ အများအပြား ရှိလေသည်။
“ခင်ဗျား သမီးရဲ့နာမည်က ဘာလဲ။”
“ဇိုလာ!!” နတ်သူငယ်ဘုရင်နှင့် နတ်မိမယ်နဂါးတို့က တပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။
အဖြေ ပေါ်သွားလေပြီ။
အချိန်အတော်လေး ကြာပြီးသွားတဲ့နောက်မှာ သူတို့က ယောက္ခမနဲ့ ယောက္ခထီး ဖြစ်နေတာကိုး။ ဒါကြောင့် ငါက နတ်သူငယ်ဆီကနေ ရင်းနှီးတဲ့ ခံစားချက် ရနေတာကိုး။ နောက်ဆုံး၌ ဇိုလာ၏ ဟန်ဆောင် ငေးငိုင်ခြင်းက မည်သူထံမှ “ဆက်ခံ”ထားကြောင်းကို ချန်လွေ့ သဘောပေါက်သွားလေပြီ။
“ကျုပ်တို့ကြားမှာ....အထင်လွဲနေတာ အကြီးကြီး ရှိနေတယ် ထင်တယ်။” ချန်လွေ့က ခေါင်းကုတ်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ ပြောလိုက်သည်။ “ဒီအကြောင်း သီးသန့်ပြောဖို့အတွက် တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာကြရအောင်။ ခင်ဗျားတို့ နှစ်ယောက်လုံးကို ကျုပ် အသေးစိတ် ပြောပြမယ်။”
မိနစ်အနည်းငယ် ကြာပြီးနောက် သီးခြား နေရာလွတ် မှော်အစီအရင် တစ်ခု အတွင်း၌ -
“မင်း ဘာပြောလိုက်တာ။” စပန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ “ဇိုလာနဲ့ မင်းက...”
“သူက ကျုပ်မိန်းမပါ။ ခင်ဗျားကြားမှာ အမှန်ပါပဲ ဆာ-စပန်။” ချန်လွေ့က ခါးသက်သက်နှင့် ခေါင်းညိတ်လိုက်သည်။ “ဒီတော့ ကျုပ်တို့အားလုံးက မိသားစုတွေပါပဲ။ ခင်ဗျားတို့ နှစ်ယောက်လုံးကို အာခံမိခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ စိတ်မပူပါနဲ့။ နဂါးတွေကို ထိန်းချုပ်နဲ့ အဲဒီစာချုပ်ကို နောက်ကျရင် ကျုပ် ပယ်ဖျက်လိုက်ပါ့မယ်။”
မာရီယာက သံသယဝင်သော အမူအရာ ပြသလိုက်၏။ “ငါက ဘာလို့ မင်းကို ယုံကြည်ရမှာလဲ။”
ချန်လွေ့က ခဏစဉ်းစားပြီး အဆောင်တစ်ခု ထုတ်လိုက်သည်။ “ဒါက ကျုပ်အတွက် ဇိုလာ လုပ်ထားပေးတဲ့ နဂါးပျံအဆောင်ပဲ။ သူက ဒီထဲမှာ (၇)ရောင်ကြေးခွံ စွမ်းအားကို ပေါင်းစပ်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ကျုပ်ကို ကယ်ဖို့အတွက် (၇)ရောင် ကြေးခွံကို အသုံးပြုခဲ့ပြီ။ အခု ဒီအဆောင်အလွတ်ပဲ ကျန်တော့တယ်။”
(၇)ရောင် ကြေးခွံက နတ်မိမယ်နဂါး၏ အသက်ကယ် ကြေးခွံ ဖြစ်သည်။ အသုံးပြုပြီးသည်နှင့် တစ်ခု ပြန်ရရှိရန် နှစ်(၁၀၀) ကြာမြင့်မည် ဖြစ်သည်။ ၎င်းက အတော်လေး အဖိုးတန်လှသည်။ စိတ်ရင်းသာ မပါလျှင် ပြင်ပအားဖြင့် ထိုကြေးခွံကို မဖယ်ရှားနိုင်ပေ။
နဂါးပျံ အဆောင်က ချန်လွေ့၏အသက်ကို နှစ်ကြိမ် ကယ်တင်ခဲ့သည်။ ၎င်းက အာနိသင် မရှိတော့သော်လည်း ၎င်းကို ဇိုလာကိုယ်တိုင် လုပ်ထားသည့်အတွက် အတော်လေး တန်ဖိုးရှိရာ ချန်လွေ့က ဘေးနားတွင် အမြဲတမ်း ထားထားလေ၏။
စပန်က အဆောင်ကို ယူလိုက်ကာ ခဏကြည့်ပြိး ခေါင်းညိတ် လိုက်သည်။ “ဒါက တကယ် ဇိုလာရဲ့ လက်ရေးပဲ။ သူက သူ့အဖေရဲ့ အနုစိတ် လက်မှုပညာကို လုံးဝ မဆက်ခံခဲ့ဘူး။ သူက နဂါးပျံကို ဘဲတစ်ကောင်ဖြစ်အောင် လုပ်လိုက်တယ်။”
နတ်သူငယ်က ထိုကဲ့သို့ ပြောခဲ့သော်လည်း သူ၏အကြည့်က အလွန်ပင် စိတ်လှုပ်ရှားနေပြီး သမီးဖြစ်သူ ပြုလုပ်ထားသော အဆောင်ကို သတိမထားလျှင် ကျိုးပဲ့သွားနိုင်သကဲ့သို့ပင် လက်နှစ်ဖက်ဖြင့် သေသေချာချာကိုင်ထားလေသည်။
“နဂါးဘုရားသခင်!! ဇိုလာ.....သူ အခု ဘယ်လိုနေလဲ။” မာရီယာ၏ မျက်မှန်က ရေငွေ့အလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့ပြီး သူ၏ အသံက အနည်းငယ် တုန်ခါနေကာ မဟာအကြီးအကဲ တစ်ယောက်၏ ဘုန်းတန်ခိုး လုံးဝ မရှိတော့ပေ။ “ဒီရိုင်းစိုင်းတဲ့ ကလေးမလေး။ အဲဒီတုန်းက သူထွက်သွားပြီးကတည်းက ဘာသတင်းမှ မကြားရတော့ဘူး။ သူ ဘယ်သွားလဲဆိုတာ ငါတို့ မသိဘူး။”
“သူက အဆင်ပြေနေပါတယ်။ သူ့အတွက် ကျုပ် ဒြပ်စင် အရင်းအမြစ်စွမ်းအား (၆)ခုကို ရှာပေးခဲ့တယ်။ လွန်ခဲ့တဲ့ လတုန်းက သူက [ ဒြပ်စင်(၆)ခု တိုင်းပြည် ] ကို အောင်အောင်မြင်မြင်နှင့် ဖွဲ့စည်းနိုင်ခဲ့တယ်။” ချန်လွေ့၏ စကားကို အမှတ်ယူလိုသည့် ရည်ရွယ်ချက်များ ပါဝင်နေ၏။ မည်သို့ပင်ဆိုစေကာမူ ယောက္ခမ ဟူသော ကြောက်မက်ဖွယ်ရာ သတ္တဝါက သူ့ရှေ့တွင် ရှိနေလေသည်။
“[ ဒြပ်စင်(၆)ခု တိုင်းပြည် ] ဟုတ်လား။” မာရီယာနှင့် စပန်တို့ နှစ်ယောက်လုံးက သိမ့်သိမ့်တုန်သွားကြသည်။
မာရီယာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “နတ်မိမယ် နဂါးရဲ့ သွေးမျိုးဆက် မှတ်ဉာဏ်ထဲမှာတောင် [ဒြပ်စင်(၆)ခု တိုင်းပြည်]ကို အောင်အောင်မြင်မြင် ဖန်တီးနိုင်တဲ့သူက လက်တစ်ဆုပ်စာပဲ ရှိတယ်။ ဇိုလာက တကယ် အောင်မြင်ခဲ့မယ်လို့ မထင်ထားခဲ့ဘူး။”
“ဒါပေါ့။ ဘယ်သူ့သမီး မို့လို့လဲ။” နတ်သူငယ်ဘုရင်က ဂုဏ်ယူနေလေသည်။ ချန်လွေ့အပေါ် သူ၏ အကြည့်က အတော်လေး ပို၍ ကျေနပ်သလို ဖြစ်သွားခဲ့ပြီး သူက မေးလိုက်၏။ “ဇိုလာ ဘယ်မှာလဲ။ အခု ချက်ချင်း သူနဲ့တွေ့ဖို့ ငါတို့ကို ခေါ်သွားပေး။”
“အဲဒါက....” ချန်လွေ့က ခဏတာ တုံ့ဆိုင်းနေခဲ့သည်။ “အဲဒီမေးခွန်းကို မဖြေခင် ကျုပ် မေးစရာရှိတယ်။ ဘာလို့ ဇိုလာက အိမ်ကနေ ထွက်ပြေးခဲ့ရတာလဲ။”
နတ်သူငယ်ဘုရင်နှင့် မဟာအကြီးအကဲ နတ်မိမယ်နဂါးတို့က တစ်ချိန်တည်း တိတ်ဆိတ်သွားကြသည်။ သူတို့စုံတွဲက အချင်းချင်း အတော်ကြာ စိုက်ကြည့်နေလိုက်ပြီးနောက် စပန်က အရင်ဦးစွာ စပြောသည်။ “အဲဒါတွေအားလုံးက မာရီယာရဲ့ အမှားကြောင့်ပဲ။ သူက ဒုတိယအကြီးအကဲ ပီလင်ရဲ့ အကြံပြုချက်ကို လက်ခံပြီးတော့ ငါတို့သမီးကို သူ့သား ခါရူနဲ့ လက်ထပ်ပေးမယ်လို့ ပြောခဲ့တယ်...”
လက်ထပ်ပွဲကနေ ထွက်ပြေးလာတာလား။ ချန်လွေ့က ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဒါကြောင့် ဇိုလာက လူသားလောကမှာရှိတဲ့ အတိတ်အကြောင်းကို ပြောဖို့ တွန့်ဆုတ်နေတာကိုး။
ဒါက အတော်လေးကောင်းတဲ့ လက်ထပ်ပွဲကနေ ထွက်ပြေးမှုပဲ။
ဇိုလာက ထိုသို့ မထွက်ပြေးလာခဲ့လျှင် ယခု သူ ချစ်ရသော မစ်-နတ်မိမယ်နဂါး ရှိလာမည် မဟုတ်ပေ။
မာရီယာက အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “ခါရူက ဇိုလာနဲ့အတူ အရွယ်ရောက်လာပြီးတော့ ဇိုလာ အနိုင်ကျင့်တာ ခံရတာကို ကြည့်ခဲ့ရတယ်။ ဇိုလာက သူ့ကို လက်ထပ်လိုက်ရင် မိသားစုထဲမှာ နောက်ဆုံး ပြောခွင့်ရှိသူ ဖြစ်လာမှာ မဟုတ်လား။ အဲဒါ ဘာမှားလို့လဲ။”
ယောက္ခမရဲ့ သားမက်ရွေးတဲ့ပုံစံက နည်းနည်းတော့ ထူးဆန်းတဲ့ပုံပဲ။ ချန်လွေ့က နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။
“ပြဿနာကတော့ ငါတို့သမီးက အဲဒီလို မထင်တာပဲ။ နောက်တော့ သမီးလေး ဇိုလာက ဒေါသူပုန်ထသွားပြီး ခါရူကို ရိုက်နှက်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ငွေကြေးတွေ အားလုံးကို လုယူပြီးတော့ အိမ်ကနေ ထွက်ပြေးသွားခဲ့တယ်။ အဲဒါက နှစ်ပေါင်း နှစ်သောင်း ကြာခဲ့ပြီ။”
လက်ထပ်ပွဲကနေ ထွက်ပြေး၊ ရိုက်နှက်ပြီးတော့ လုယက် ခဲ့တာလား။ ချန်လွေ့က ကျောင်းသားလေး ခါရူအတွက် ရုတ်တရက် စာနာမိသွားခဲ့သည်။
အကျောမခံရစေရန်အတွက် မာရီယာက ပြောလိုက်သည်။ “ရှင်က ဒီလို ပြောရဲသေးတာလား။ ဇိုလာ ပျောက်သွားတော့ ရှင်က သူ့အိမ်ကို သွားပြီးတော့ အဖေနဲ့သားကို ရိုက်နှက်ခဲ့တယ်။ ပြီးတော့ ပီလင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သတင်းကြောင့်သာ မဟုတ်ဘူးဆိုရင် အရှင်မင်းကြီး ပါဂရစ်ဇ်က ရှင့်ကို ဒီလိုမျိုး သည်းခံနေမယ်ထင်လား။”
“ဟမ့်။ သမီးလေး ဇိုလာကို ပျောက်သွားအောင် လုပ်ရဲတယ်လေ။ သူ့ တစ်မိသားစုလုံးကို မသတ်ပဲထားတာကို ကျေးဇူးတင်ရမယ်။”
ဗိုလ်ကျလွန်းတယ်။ တကယ်ကြမ်းတဲ့ ယောက္ခထီးပဲ။ ချန်လွေ့က သူ့ကို ကိုးကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ တကယ့်ကို အဖေတူ သမီးဆိုတာ အသေအချာပဲ။
မာရီယာက ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။ “ဒါနဲ့ အဲဒီပစ္စည်းဥစ္စာတွေရော။ ရှင် ကျွန်မကို တစ်ခါမှ မပေးခဲ့ဘူး မဟုတ်လား။ အဲဒါတွေ အားလုံးကို ရှင် ရှေးမှော်စာမှာ သုတေသန လုပ်ဖို့ သုံးခဲ့တာလား။”
“ဘာပြောလိုက်တာလဲ။” နတ်သူငယ်ဘုရင်က ချန်လွေ့ကို နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
ချန်လွေ့ - “.....”