ဗယ်ရိုနီကာ
Vol. 51 Ch. 844
အသေအချာပင် ဆမ်မြူရယ်က “မသမာမှု” ပြုလုပ်ရခြင်း၏ အကြောင်းရင်းကို ချက်ချင်း ပြောပြလေသည်။
“မသမာမှုလုပ်တာက ဂုဏ်သိက္ခာနဲ့ တရားမျှတမှုကို ထိခိုက်စေတဲ့ အရှက်ရစရာ လုပ်ရပ်တစ်ခုပါ။” ဆမ်မြူရယ်က ခါးသက်သက်နှင့် ပြုံးရင်း ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်ရဲ့ အစွမ်းက တတိယနေရာကို ရဖို့အတွက် မလုံလောက်ဘူး။ တတိယဆုဖြစ်တဲ့ သိဒ္ဓိခြင်ဆီ သစ်သီးကို ရဖို့အတွက် ကျုပ် ဒီလိုပဲ လုပ်နိုင်တယ်။”
“သိဒ္ဓိခြင်ဆီ သစ်သီး ဟုတ်လား။ အဲဒါက စွမ်းအားကို တိုးပေးနိုင်တဲ့ ရတနာ တစ်ခုလား။”
ဆမ်မြူရယ်က ခဏ တုံ့ဆိုင်းနေခဲ့သည်။ “အဲဒါက စွမ်းအား တိုးတာနဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါပေမဲ့ အဲဒါက အဲဒီ....မဒမ်ကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသော အရာမို့ပါ။”
“အဲဒီတော်ဝင်မင်းသမီးလား။” ချန်လွေ့က အံ့သြသွား၏။ သူ့အပေါ် ဆမ်မြူရယ်၏ သစ္စာရှိမှုက သံသယမရှိ ဖြစ်သော်လည်း ယခုတွင် သူက “အရှင်မင်းသား”အစား “မဒမ်”ကို ကယ်တင်ရန် သိဒ္ဓိခြင်ဆီ သစ်သီးကို ရယူရန်အတွက် စည်းမျဉ်းများကို ဆန့်ကျင်ပြီး မသမာမှု ပြုလုပ်ချင်နေသည်။ ထိုအရာက ချန်လွေ့ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေ၏။
ဆမ်မြူရယ်က ပို၍ပင် အံ့အားသင့်သွားခဲ့ပြီး အစမ်းသဘော မေးကြည့်လိုက်သည်။ “အရှင်မင်းသား မမှတ်မိဘူးလား။”
ချန်လွေ့က ပို၍ပင် ထူးဆန်းသွားသလို ခံစားလိုက်ရသည်။ “နတ်ဆိုးဘုံကို ကျသွားပြီးတော့ မှတ်ဉဏ်တွေ အတော်များများ ပျောက်သွားတယ်လို့ မင်းကိုငါ ပြောခဲ့ဖူးပါတယ်။ မင်းပြောတဲ့ “မဒမ်”ဆိုတာက ဘယ်သူလဲ။”
“အရှင်မင်းသားက တကယ် မမှတ်မိဘူးပဲ...” ဆမ်မြူရယ်က အနည်းငယ် ထူးဆန်းသွားခဲ့သည်။ သူက ခဏတာ တုံ့ဆိုင်း သွားခဲ့ပြီး နောက်ဆုံးတွင် နာမည်တစ်ခု ပြောလိုက်၏။ “မဒမ် ဗယ်ရိုနီကာလေ။”
ထိုနာမည်ကို ချန်လွေ့ ကြားလိုက်သည်နှင့် ဝိညာဉ်နက်နက်ထဲမှ မှတ်ဉာဏ်အပိုင်းအစတစ်ခုက ရုတ်တရက် တုန်လှုပ်သွားပြီး ထိန်းချုပ်မရဘဲ လှုပ်ရှားနေတော့သည်။
တုန်လှုပ်နေစဉ်အတွင်း ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးလှလှ တစ်စုံက တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။
ညင်သာသော အကြည့်ထဲ၌ ဝမ်းနည်းမှု အငွေ့အသက် ရှိနေ၏။
ထိုအရာက မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အပိုင်းအစ ဖြစ်လေသည်။ ချန်လွေ့က “အာသာ”၏ မှတ်ဉာဏ်ကို ဆက်ခံ ထားခဲ့ပြီး အဓိက ထိန်းချုပ်သူ ဖြစ်သော်လည်း သူ၏ လက်ရှိ စွမ်းအားဖြင့်ပင် မှတ်ဉဏ်ထဲမှ လေးနက်သော မျက်လုံးတစ်စုံကို မမေ့နိုင်၊ မဖယ်ရှားနိုင်သေးပေ။
ချန်လွေ့၏ နှလုံးသားက အပြင်းအထန် တုန်ခါသွားပြီး ယခင်တစ်ခေါက် နဂါးလင်းလက်မြို့တော် ရယ်ရိုဒီရှာရှိ တော်ဝင် ပြိုင်ကွင်း၌ ပေါလ်နှင့် ဆမ်မြူရယ်တို့ကို ကြည့်နေခဲ့သည့် မျက်နှာလွှား ဝတ်ထားသော အမျိုးသမီးက သူ့စိတ်ထဲ၌ ပေါ်ထွက်လာခဲ့သည်။ တူညီသော မျက်လုံးပြာ တစ်စုံပင်။
ထိုမျက်လုံးပြာပိုင်ရှင်၏ “အာသာ”၏ အကြီးမားဆုံး စွဲလမ်းမှု ဖြစ်သည်။ သူ၏ အသိစိတ် ပျောက်ကွယ်သွားသည့်တိုင် စွဲလမ်းမှုက ကျန်ရှိနေသေးသည်။
ချန်လွေ့၏ အသက်ရှူသံ အနည်းငယ် ပိုမို၍ ပြင်းထန်လာခဲ့ပြီး ခံစားချက်များကို ထိန်းချုပ်ရန် သက်ပြင်းရှိူက်လိုက်၏။ ဆမ်မြူရယ်က ထိုမြင်ကွင်းကို မြင်လိုက်ပြီး အသာလေး သက်ပြင်းချလိုက်သည်။ “အသေအချာပဲ။ အရှင်မင်းသားက အတော်များများကို မေ့သွားခဲ့ပေမဲ့ သူ့ကိုတော့ မမေ့နိုင်သေးဘူး။ စိတ်ချပါ။ ခမ့်ပ်လော့ မိသားစုနဲ့ ကျုပ်က မဒမ်ကို ကာကွယ်ပေးဖို့ အကောင်းဆုံး ကြိုးစားမှာပါ။ အရှင်မင်းသား အင်ပါယာကို ပြန်လာပြီးတော့ အဲဒီ မဒမ် အပါအဝင် ပိုင်ဆိုင်တဲ့ အရာအားလုံးကို ပြန်ယူတဲ့ အချိန်အထိပေါ့။”
ဗယ်ရိုနီကာ....
ချန်လွေ့က အာသာ၏ဝိညာဉ်ကို လှုပ်ခါစေခဲ့သော နာမည်ကို တွေးလိုက်မိသည်။ တနုံ့နုံ့ခံစားချက်ကို လိုက်လျောညီထွေ ပြုလုပ်ကာ ဖိနှိပ်ရင်း သူက ရုတ်တရက် သဘောပေါက်သွား၏။ “အဲဒါကြောင့် မင်းက သိဒ္ဓိခြင်ဆီသစ်သီးကို ရယူဖို့အတွက် မသမာမှုလုပ်ဖို့ မတုံ့ဆိုင်းခဲ့တလာား။”
ရှင်းရှင်းပြောရမည်ဆိုလျှင် ဆမ်မြူရယ်က တတိယမင်းသား သူ့အတွက် အရာအားလုံးကို လုပ်ရန် ဆန္ဒရှိသည်။ သူ့ကြောင့် သူက “အာသာ”နှင့် ထူးခြားသော ဆက်ဆံရေးရှိသည့်“မဒမ်”ကို ကယ်တင်ရန် သိဒ္ဓိခြင်ဆီသစ်သီးကို ရချင်နေခြင်း ဖြစ်သည်။
“အဲဒီမဒမ်ရဲ့ ခန္ဓာကိုယ်က အမြဲတမ်း နေမကောင်း ဖြစ်နေခဲ့တာ။ ဒီတစ်ခေါက် သိဒ္ဓိခြင်ဆီ သစ်သီးက ရင့်မှည့်လာပြီးတော့ နဂါးတောင်ကြားက ဆုလာဒ်အနေနဲ့ ယူသွားခဲ့တယ်။ အဲဒါကြောင့်....” ဆမ်မြူရယ်က ခေါင်းငုံ့ပြီး ပြောလိုက်သည်။ “ဒီကိစ္စအကြောင်းကို အရှင်မင်းကြီး အရှေ့မှာ ပြောပြီးသွားပါပြီ။”
“ငါ့မှာ မင်းလို မိတ်ဆွေတစ်ယောက်ရှိတာ တကယ် ကံကောင်းတာပဲ။” ချန်လွေ့က ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ ဒါက နောက်ဆုံးအကြိမ်ပဲ။ ငါ့ဆီက တောင်းဆိုချက် မရှိဘူးဆိုရင် နောက်တော့ ဒီလိုမျိုး ထပ်လုပ်စရာ မလိုဘူး။ အတိတ်က တချို့အရာတွေကို ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ မလိုအပ်ဘူးဆိုရင် တမင်တကာ ထိမှာ မဟုတ်ဘူး။”
“တောင်းပန်ပါတယ်။ အရှင်မင်းသား။ ဒီတစ်ခေါက် ကျုပ်က အတင့်ရဲလွန်းသွားပါတယ်။” ဆမ်မြူရယ်က ဒူးတစ်ဖက် ထောက်လိုက်ပြန်သည်။ “ကျုပ် အတင့်ရဲတဲ့ စကားတစ်ခွန်း ထပ်ပြောပါ့မယ်။ အဲဒီမဒမ်ရဲ့ သရုပ်က နည်းနည်း အနေရခက် စေနိုင်တယ်။ အရှင်မင်းသားက ဒါကို လက်လွှတ်နိုင်ရင် ကောင်းပါတယ်။ အရှင်မင်းသားရဲ့ တရားဝင် ကြင်ယာတော် အလောင်းအလျာက ကျက်သရေပြာအင်ပါယာက ပုလဲဖြစ်တဲ့ မင်းသမီး လန်ဘိစ်ပဲ။ အဆင့်အတန်းပဲဖြစ်ဖြစ်၊ ဉာဏ်ပညာပဲ ဖြစ်ဖြစ်၊ တော်ဝင်မင်းသမီးက အရှင်မင်းသားနဲ့ ပိုပြီးတော့ လိုက်ဖက်ပါတယ်။ ပြီးတော့လည်း ကျက်သရောပြာအင်ပါယာမှာ သိဒ္ဓိခိုလှုံရာနဲ့ နတ်သူငယ်မျိုးနွယ် ရှိတယ်။ တကယ်လို့ အရှင်မင်းသားမှာ ကိစ္စအကြီးကြီးတချို့ကို ကြံစည်ချင်တယ်ဆိုရင် ဒီအင်အားစုတွေကို လျစ်လျူရှုလို့ မရနိုင်ပါဘူး။”
အနေရခက်တဲ့သရုပ် ဟုတ်လား။ လန်ဘိစ်။ ကိစ္စအကြီးတွေကို ကြံစည်ချင်ရင် ဟုတ်လား။ ရွှေရောင် စစ်သည်က တစ်ခုခုကို အထင်လွဲနေကြောင်း ချန်လွေ့ သဘောပေါက်သွား၏။ သို့သော်လည်း ယခုတွင် ရှင်းပြရ မလွယ်သည့်အတွက် သူက ဆမ်မြူရယ်ကို ကိုင်လိုက်သည်။ “မင်းက မသမာမှု လုပ်ဖို့အတွက် ဘေးကျပ်နံကျပ် ဖြစ်နေတယ်ဆိုတာ ငါသိတယ်။ မင်း စမ်းသပ်ချက်မှာ ရှုံးရှုံးနိုင်နိုင် ဂရုစိုက်စရာ မလိုဘဲနဲ့ ယှဉ်ပြိုင်လို့ ရတယ်။ သိဒ္ဓိခြင်ဆီ သစ်သီးကတော့ မဟာအကြီးအကဲ မာရီယာ ဆီကနေ ငါ တောင်းပေးမယ်။ မတော်တဆ မဖြစ်ရင်တော့ ပြဿနာ မဟုတ်လောက်ဘူး။ ငါနဲ့ ဗယ်ရိုနီကာကြားမှာ အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခု အာသာက မရှိတော့ဘူး။ သိဒ္ဓိခြင်ဆီ သစ်သီး တာဝန်ပြီးသွားရင် သက်ဆိုင်ရာ ဖြစ်ရပ်တွေလည်း အဆုံးသတ် သွားလိမ့်မယ်။ ငါ့အနာဂတ် အစီအစဉ်က ဘယ်လိုပဲဖြစ်ဖြစ်၊ “တတိယမင်းသား”က နဂါးလင်းလက် အင်ပါယာမှာ ပြန်ပေါ်လာတာ မလာတာအတွက် မင်းနဲ့ ခမ့်ပ်လော့ မိသားစု လွှမ်းမိုးက အခြေခံအကျဆုံး သတ်မှတ်ချက်ပဲ။ သဘောပေါက်လား။”
“နားလည်ပါပြီ။ အရှင်မင်းသား။” ဆမ်မြူရယ်က အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။ အရာအားလုံးကို ဘေးဖယ်ထားပြီး စမ်းသပ်ချက်ကို အမှန်တကယ် ယှဉ်ပြိုင်ချင်သည်က ရွှေရောင် စစ်သည်တော် အလိုချင်ဆုံးပင် ဖြစ်လေသည်။ သခင်ဖြစ်သူ၏ နည်းလမ်းများနှင့် စွမ်းရည်များက သူ့ကို လေးစား အားကျ စေခဲ့သည်။ အထူးအစွမ်းထက်ပုဂ္ဂိုလ် နဂါး(၂)ကောင်ကို အနိုင်ယူခဲ့သည့်အပြင် သူက အင်အားကြီး မဟာအကြီးအကဲ နဂါးနှင့်လည်း ညီတူညီမျှ ပူးပေါင်းဆောင်ရွက်ခြင်းကို တည်ဆောက်နိုင်ခဲ့လေသည်။
“ညီတူညီမျှ” ဆိုသည်မှာ အမှန်တကယ်၌ သူတို့သမီးနှင့် အတူတူ အိပ်ထားခြင်းအပေါ်တွင် အခြေခံခဲ့ကြောင်း ရွှေရောင် စစ်သည်တော် မသိခဲ့ပေ။
“မင်းက အဆင့်တက်သွားခဲ့ပြီးတော့ သူတော်စင်ယောင် အဆင့် ထိပ်သီးပိုင်းရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ မင်း ဘယ်လိုမျိုး လေ့ကျင့်ခဲ့လဲဆိုတာ ငါစိတ်ကူးလို့ရတယ်။ တကယ်လို့ ဒီရက်ပုိင်း မင်း အချိန်ရမယ်ဆိုရင် ငါမင်းကို အမှားတွေ ထောက်ပြပေးမယ်။ အနာဂတ်မှာ သူတော်စင်ယောင်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားမယ်ဆိုရင် မင်း နားလည်ပြီးတော့ တကယ့် သူတော်စင်အဆင့်ဆီ အမြန်ရောက်စေနိုင်မယ့် အထူး စွမ်းအားတစ်ခု ပေးမယ်။”
ချန်လွေ့ပြောနေသည်က ကြယ်အပ်နှင်းခြင်းပင်။ လက်ရှိ ကြယ်အပ်နှင်းခြင်း နေရာက ပြည့်နေသော်လည်း သူက နောက်ထပ် ဓူဝံကြယ်အဆင့်သို့ ရောက်ရှိခဲ့လျှင် ကြယ်အပ်နှင်းနိုင်မည့် နေရာက တိုးလာမည်မှာ သေချာပေသည်။ သူက ထိုအချိန်၌ S- အဆင့် ဂုဏ်ပုဒ်ကို ဆမ်မြူရယ်ထံ အပ်နှင်းနိုင်ပေသည်။ ထိုအရာက သူ့ကို နတ်ဆိုးအရှင်သခင်အဆင့် (သူတော်စင်အဆင့်) စွမ်းအားကို ကြိုတင်၍ နားလည်သဘောပေါက်စေနိုင်ပေမည်။
ယခင်အတွေးအမြင်များနှင့် စုစည်းထားသော အခြေခံ ကြယ်စွမ်းအား သန့်စင်မှုတို့ကြောင့် ထိုအဆင့်တက်ရန်က သိပ်ကြာမည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ်။ အရှင်မင်းသား။” ဆမ်မြူရယ်က လုံးဝ သံသယမရှိပေ။ အကြောင်းမှာ သူက အရှင်မင်းသား ဖန်တီးခဲ့သော အံ့သြဖွယ်ရာများကို ကိုယ်တိုင် မြင်ခဲ့ဖူးသည့် အတွက်ကြောင့်ပင်။ ဆေးရည်မည်း၊ ဒဏ္ဍာရီလာအဆင့် လက်နက် စသည်တို့ကို မပြောနှင့်။ စွမ်းအား တစ်ခုတည်း၌ပင် သူက ချန်လွေ့ကို ထိုစဉ်က ယှဉ်နိုင်ခဲ့သော်လည်း ယခုတွင် လုံးဝ မော့ကြည့်နေရလေပြီ။
ဆမ်မြူရယ် ထွက်သွားပြီးနောက် ချန်လွေ့က အတွေးထဲ နစ်ဝင်သွားခဲ့သည်။ အာသာ၏ စိတ်လှုပ်ရှားမှုကို နှိုးဆွပေးခဲ့သော ဗယ်ရိုနီကာကြောင့် မဟုတ်ဘဲ ဆမ်မြူရယ်၏ “ကိစ္စအကြီးကြီး”က သူ့ကို ဉာဏ်အလင်း အဖူးအသစ် ပေးခဲ့ခြင်းကြောင့်ပင်။
အဖူးအသစ် သို့မဟုတ် စိတ်ကူးယဉ်ပင် ဖြစ်သော်လည်း အမှောင်လ၌ ယခင်က စီစဉ်ထားခဲ့သော “ရန်ပုံငွေ အလိမ်အညာ”ကဲ့သို့ပင် မဖြစ်နိုင်ပုံရသော အစီအစဉ်က နောက်ဆုံးတွင် ကြယ်ကြွေတမန် အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သော အဓိကသော့ချက် ဖြစ်ခဲ့လေ၏။ ထိုအချိန်၌ ချန်လွေ့သည် စွမ်းအားမဲ့သူ တစ်ယောက်သာ ဖြစ်ခဲ့သည်။ ၎င်းက လက်ရှိတွင်တော့ စိတ်ကူးတစ်ခုသာ ရှိနေ၏။ ၎င်းကို အကောင်အထည်ဖော်မည်ဆိုလျှင် အဆင့်လိုက် အားထုတ်မှုများ ဆောင်ရွက်ရပေမည်။
ချန်လွေ့က မာရီယာထံသွားပြီး သိဒ္ဓိခြင်ဆီ သစ်သီးကို လိုချင်ကြောင်း ပြောခဲ့သည်။ ထို့နောက် မဟာအကြီးအကဲ နတ်မိမယ်နဂါးက စကားတစ်လုံးမှမပြောဘဲ သူ့ကို သစ်သီး ပေးလိုက်၏။
“ကျေးဇူးတင်ပါတယ်။ မဒမ်-မာရီယာ။” ဂျီးများပြီး ဇီဇာကြောင်သော ယောက္ခမဖြစ်သူက အကြောင်းရင်း မမေးဘဲ အလွယ်တကူ ပေးလိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ “ဆုလာဒ်တွေကရော။”
“သိဒ္ဓိခြင်ဆီသစ်သီးက ရှားပေမဲ့ နဂါးတောင်ကြားမှာ နှစ်လုံး ရှိနေတယ်။ အဲဒါကို လေ့ကျင့်ရေး လုပ်နေတုန်း သုံးခဲ့တယ်လို့ ပြောလိုက်ရင် အရှင်မင်းကြီး ပါဂရစ်ဇ်က ဘာမှပြောမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဇိုလာကို ကောင်းကောင်း ဆက်ဆံဖို့ မမေ့နဲ့။ တခြားသူတွေကို သူ့ထက်ပိုပြီးတော့ အခွင့်အရေးပေးမယ်ဆိုရင် ဟမ့်.... မင်းရဲ့ ကျန်တဲ့ မိန်းမတွေကို ငါ သတ်ပစ်မယ်။” မာရီယာက ရက်ရက်စက်စက် ပြောခဲ့သော်လည်း သူက ထိုသားမက်ဖြစ်သူအား မိသားစုဝင်အဖြစ် အမှန်တကယ် သတ်မှတ်ထားခဲ့လေသည်။ ကိုယ့်လူများကို ကာကွယ်ခြင်းက ယောက္ခထီး နတ်သူငယ်ဘုရင်၏ မူပိုင်ခွင့်သာ မဟုတ်ခဲ့ပေ။
အမှန်တကယ်၌ နတ်သူငယ်ဘုရင်ကလည်း ကိစ္စတစ်ခုကို ချန်ထားခဲ့သည်။ ပီလင်ကို နတ်သူငယ်ဘုရင် ရိုက်နှက်ပြီးနောက် နဂါးအကြီးအကဲ၏ ဒုတိယ အကြီးအကဲ ပီလင်က အခြားသော အကြီးအကဲများနှင့်အတူ နဂါးဧကရာဇ်ဆီသို့သွားကာ စပန်ကို အပြင်းအထန် အပြစ်ပေးရန် ပြင်ဆင်ထားခဲ့ကြသည်။ သို့သော် သူတို့က လမ်းတဝက်၌ မာရီယာက တားဆီးခဲ့ပြီး အနည်းငယ် “ဖျောင်းဖျပြီးနောက်” နှာခေါင်နှင့် မျက်နှာတို့တွင် ဒဏ်ရာများ ပြည့်နေသော အကြီးအကဲများက အကြံအစည်ကို လုံးဝ လက်လျှော့လိုက်ရတော့သည်။ ထို့အပြင် မာရီယာကလည်း နဂါးဧကရာဇ် ပါဂရစ်ဇ်ထံ သွားကာ ပီလင်၏သား ခါရူက ဇိုလာကို ကောင်းကောင်း မဆက်ဆံသည့်အတွက် ဇိုလာ ထွက်ပြေး သွားကြောင်း အပြစ်တင် ဝေဖန်ခဲ့လေသည်။
အမှန်တကယ်က ဇိုလာက ခါရူကို အနိုင်ကျင့်ခဲ့ကြောင်း ပါဂရစ်ဇ်က ကောင်းကောင်း သိလေသည်။ သို့သော်လည်း သမီး ဆုံးရှုံးသွားရသော မဟာအကြီးအကဲ၏ ဒေါသကို စဉ်းစားပြီး သူက မာရီယာကို မမြင်သလို သဘောထားလိုက်လေသည်။
ထိုအဖြစ်အပျက် ပြီးနောက်တွင် ပီလင်နှင့် အခြားသော အကြီးအကဲများက မဒမ်-မဟာအကြီးအကဲကို မြင်တိုင်း ကြောက်လန့်လျက် လှည့်ပြေးကြတော့သည်။
“ရစ်ချက်...” စပန်က လက်ထဲမှ ပစ္စည်းတစ်ခုနှင့်အတူ စိတ်လှုပ်ရှားစွာဖြင့် အမြန်ရောက်ရှိလာသည်။ ချန်လွေ့၏ တကယ့် နာမည်က လျို့ဝှက်ချက်ဖြစ်ကြောင်း နတ်သူငယ်ဘုရင် သိသည့် အတွက်ကြောင့် သူက ချန်လွေ့ကို နာမည်ဝှက်ဖြင့်သော ခေါ်လေသည်။ “မင်းရဲ့ နောက်ဆုံး စမ်းသပ်ချက်အတွက် တကယ့် တိုက်ပွဲပစ္စည်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ တစ်ယောက်တည်း တိုက်ခိုက်လို့ ရသလို အဖွဲ့လိုက် တိုက်ခိုက်တာလည်း ရှိတယ်။ အံ့သြစရာကောင်းတဲ့ အသုံးချမှုပဲ။ ဒါနဲ့ ဒါကို ဘယ်လို ခေါ်တာလဲ။”
“ဒါကို...မှော်ဂိမ်း ခေါင်းစွပ်လို့ ခေါ်လို့ရပါတယ်။ ဆာ-စပန်။ ဒီထဲက တိုက်ခိုက်ရေးက အနှိုင်းမဲ့စစ်သည် အွန်လိုင်း မှော်ဂိမ်း ထဲမှာ ပါတဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ဒါမှမဟုတ် ကျုပ် ဖန်တီးထားတဲ့ အသေးစား ဂူသင်္ချိုင်းလို့လည်း ခေါ်လို့ရတယ်။”
“ဒါက မယုံနိုင်စရာ ဖန်တီးမှု တစ်ခုပဲ။ မင်းက ပြိုင်စံရှား ပါရမီရှင် တစ်ယောက်ပဲ။” စပန်က မတုံ့ဆိုင်းနေဘဲ ချန်လွေ့က ချီးမွမ်း လိုက်သည်။ သူက အတော်ကြာ တွေးပြီးနောက် ပြောလိုက်၏။ “ကံဆိုးချင်တော့ ဒီဆန်းကြယ်သလင်းကျောက်မှာ သိမ်းဆည်းထားတဲ့ တိုင်းပြည်စွမ်းအားက မလုံလောက်ဘူး။ ဒီအဆင့်ထက် မြင့်တဲ့သူတွေ သုံးဖို့ ခက်ခဲတယ်။ မဟုတ်ရင် ငါတောင် အဲဒီထဲကို ဝင်ပြီးတော့ အစုလိုက်အပြုံလိုက် သတ်ပစ်ချင်သေးတယ်။ ဖြစ်နိုင်ရင် မင်း ဒါကို ပိုပြီးတော့ တိုးတက်အောင် လုပ်နိုင်လား။ လူသားတွေ အပြင်ကို နဂါးတွေနဲ့ နတ်သူငယ်မျိုးနွယ်စုရဲ့ ဝိသေသလက္ခဏာတွေကို ဒီမှော်ဂိမ်းထဲမှာ ထပ်ထည့်လို့ရတယ်။ အဲဒါဆိုရင် ပြိုင်ပွဲဝင်တွေက ကိုယ်ပိုင် ဝိသေသလက္ခဏာတွေကို ပေါင်းစပ်ပြီးတော့ စွမ်းအားတွေ ပိုထုတ်လို့ရတယ်။”
မျိုးနွယ်စု အပြင်အဆင်လား။ ချန်လွေ့က ခေါင်းညိတ်လိုက်၏။ ထိုအရာ နောက်ထပ် ဂိမ်းဗားရှင်းအတွက် သူ၏ အကြံများထဲမှ တစ်ခု ဖြစ်ပေသည်။ သို့သော စပန်၏ စကားလုံးများက ချန်လွေ့ကို နတ်ဆိုးများနှင့် လူသားများအပြင် နဂါး၊ နတ်သူငယ်၊ မှင်စာ၊ လူပု၊ အော့ခ် အစရှိသည့် အထူးမျိုးနွယ်စုများကိုလည်း စဉ်းစားရမည် ဖြစ်ကြောင်း သတိပေးနေလေသည်။
တောက်ပနေသော ယောက္ခထီးကို ကြည့်ရင်း ချန်လွေ့က အစမ်းသဘော မေးကြည့်လိုက်သည်။ “ဒီမှော်ဂိမ်းက တကယ့် တိုက်ခိုက်ရေးစွမ်းရည်ကို ထပ်ပြီးတော့ တိုးမြှင့်ပေးနိုင်တယ်။ တကယ်လို့ လူကြီးမင်း လိုအပ်တယ်ဆိုရင် လေ့ကျင့်ဖို့ဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ်၊ နဂါးတွေနဲ့ နဂါးစစ်သည်တော်တွေ အတွက် ဗားရှင်းအပြည့်ကို အလကား ပေးလို့ရပါတယ်။ ဒါက ပူးပေါင်းမှုအတွက် လက်ဆောင်လည်း ဟုတ်တယ်။ တစ်ခု ရှိသေးတယ်။ ကျုပ်က အပြီးသတ် ထုတ်ကုန်ကိုပဲ ပေးနိုင်မယ်။ နည်းပညာတော့ မပါဘူး။”
“ဒီစမ်းသပ်ချက်ရဲ့ သက်ရောက်မှုတွေကို အရင်ကြည့်တာပေါ့။ တကယ်ကောင်းမယ်ဆိုရင် အရှင်မင်းကြီး ပါဂရစ်ဇ်က ဒီလက်ဆောင်ကို ပျော်ပျော်ကြီး လက်ခံမယ်ဆိုတာ ငါယုံတယ်။” မာရီယာက ထိုမှော်ဂိမ်းကို ကိုယ်တိုင် မစမ်းကြည့်ရသော်လည်း ယောက်ျားဖြစ်သူ၏ အမြင်ကို အတော်လေး ယုံကြည်ချက် ရှိနေခဲ့သည်။ စပန် ချီးမွမ်းတာကို ခံရတဲ့ အရာရာတိုင်းက ကြီးမြတ်တဲ့အရာပဲ ဖြစ်ရမယ်။ ငါ့သမီးရဲ့ မျက်လုံးက အတော်လေး ကောင်းတဲ့ပုံပဲ။
ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ ယခုတစ်ခေါက် လူသားလောကသို့ ရောက်လာပြီးနောက် မမျှော်လင့်ထားသော အကျိုးအမြတ်များက မနည်းလှပေ။
(၃)ရက်ကြာပြီးနောက် စမ်းသပ်ချက်က တရားဝင် စတင်တော့သည်။ စမ်းသပ်ချက်ကွင်းပြင်သို ဝင်ရောက်သွားသော နဂါးစစ်သည်များ အထူးသဖြင့် စိတ်အားတက်ကြွနေသော ဆမ်မြူရယ်ကိုကြည့်ရင်း ချန်လွေ့က သဘောပေါက်သော အပြုံးမျိုး ပြသလိုက်သည်။ အကြောင်းက ယခုတစ်ခေါက် ရလာဒ်က မည်သို့ဖြစ်စေကာမူ စိတ်ဝန်ထုတ်ဝန်ပိုးကို လက်လွှတ်လိုက်သော ရွှေရောင်စစ်သည်တော်က နောင်တ လုံးဝ ရှိတော့မည် မဟုတ်ပေ။