အခန်း ၈၂
Vol. 7 Ch. 82
ဒါ့အပြင်၊ သူမ စာချုပ်မှာ လက်မှတ်ထိုးတုန်းက လင်းယွီမှာ သူမကို မချိန်းတွေ့ဖို့ ပြောခဲ့ပြီး တကယ်လို့ သူမသာချိန်းတွေ့ဖြစ်ခဲ့ပါက သူ့ကိုအရင်ကြိုပြောသင့်ကြောင်း ပြောခဲ့သည်။
ကြည့်ရတာ သူက အနုပညာရှင်ရဲ့ကိုယ်ပိုင်ဘဝကို တကယ် ဂရုမစိုက်တဲ့ပုံပင်။
"ဘာဖြစ်လို့လဲ?" စုချန်ယန်ရဲ့ စိတ်ရှုပ်ထွေးနေတဲ့ အမူအရာကိုမြင်တော့ Mary က မေးလိုက်သည်။
စုချန်ယန်က ခေါင်းခါလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ ကျွန်မ ပထမဆုံး စာချုပ်မှာ လက်မှတ်ထိုးတုန်းက လင်းယွီက ချိန်းတွေ့ဖို့ မကြိုးစားဘဲ၊ တကယ်လို့ ချိန်းတွေ့ဖြစ်ခဲ့ရင် သူ့ကို ကြိုပြောထားဖို့ ပြောခဲ့တာကို သတိရသွားလို့ပါ"
Maryက ဒါကို ကြားလိုက်ရတော့ အံ့ဩတကြီးနဲ့ ကြည့်လိုက်ပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ယွီက ငါ့ရဲ့ကိုယ်ပိုင်ဘဝကို ဘယ်တုန်းကမှ နှောင့်ယှက်ခဲ့တာ မဟုတ်ဘူး။ သူကအရမ်းချင့်ချိန်တတ်တဲ့လူဖြစ်ပြီးတော့ များသောအားဖြင့် သူဒီလိုမလုပ်တတ်ဘူး"
သူမရဲ့ မျက်နှာက မနှစ်မြို့သလိုဖြစ်လာတာကို Terry က သတိထားမိပြီးသူမကို နှစ်သိမ့်လိုက်သည်။ "ဒါလင်၊ နိုင်ငံတစ်ခုစီက ဖန်တိုင်းမှာ စိတ်အားထက်သန်မှုတွေက ကွဲပြားကြတယ်။ တရုတ်မှာဆို အနုပညာရှင်တွေရဲ့ အချစ်ရေးကို ထုတ်ဖော်လိုက်တာက သူတို့ရဲ့ အလုပ်အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိတယ်လေ"
စုချန်ယန်က တုန့်ပြန်လာသည်။ "တကယ်တော့၊ တရုတ်မှာက ပိုတင်းကြပ်တယ်။ မန်နေဂျာလင်းက ကျွန်မရဲ့ ကိုယ်ပိုင်ဘဝကို မနှောင့်ယှက်ပါဘူး"
လင်းယွီက ယန်ရှို့ရီဆီကစာကို ဖွင့်မဖတ်ဘဲ သူမဆီ လွှဲပေးခဲ့သည်။
Maryက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုမမှန်ဘူးလို့ ခံစားလိုက်ရသည်။
"Mary?" Terry က စိတ်ရှုပ်စွာနဲ့ ခေါ်လိုက်သည်။
Maryက အသိပြန်ဝင်လာပြီး သူမရဲ့မျက်လုံးတွေက စုချန်ယန်ကို ကြည့်နေရင်း ရှုပ်ထွေးလာသည်။
စုချန်ယန်က ဘာဖြစ်နေလဲဆိုတာ မသိပေမယ့် မေးဖို့တော့ ရည်ရွယ်ချက်မရှိပေ။
စုချန်ယန်က Terryဘက်လှည့်လိုက်ပြီး မေးလိုက်သည်။ "ဆရာ၊ ဒီနေ့ ကျွန်မကို ဒီခေါ်လိုက်တာ တွေ့ဖို့ သက်သက်ဘဲလား?"
"အိုး! ဒါလင်၊ ဒါပေါ့ ဘယ်ဟုတ်မလဲ! ကိုယ်တို့မှာ အချိန်နည်းနည်းဘဲ ကျန်တော့တယ်ဆိုတော့ ဒီနေ့ကစပြီး လေ့ကျင့်မှုတွေ စကြမယ်"
"ကောင်းပါပြီ"
Maryက မျက်နှာမှာ ဘာအမူအရာမှ မရှိဘဲ ဆိုဖာပေါ်ကနေ ထလိုက်ကာ "ငါအခုပြန်ချင်ပြီ။ နောက်ရက်နည်းနည်းလောက်နေမှ နင့်ကို ကူဖို့ လာခဲ့မယ်"
"ကျေးဇူးဘဲနော် ဒါလင်!"
နောက်တော့ စုချန်ယန်ကို အကစတူဒီယိုဆီ ခေါ်သွားလိုက်သည်။
ရှောင်လုက ဧည့်ခန်းဧရိယာမှာ ချိုချဉ်စားရင်း ဆိုဖာပေါ်မှာ ပေါ့ပေါ့ပါးပါးလှဲကာ ဖုန်းနဲ့ ဂိမ်းကစားနေသည်။ သူမက ရယ်စရာကောင်းတဲ့ Weibo ပို့စ်တွေကို ဟိုဆွဲဒီဆွဲလုပ်နေတုန်း ပုံရိပ်တစ်ခုက ဆိုဖာအနောက်ကနေ ရုတ်တရက် ဖြတ်လျှောက်သွားသည်။ သူမက တစ်ချက် လှမ်းကြည့်လိုက်ပြီး နည်းနည်း ရင်းနှီးသလို ခံစားရတော့ ဖုန်းကို ချက်ချင်းချလိုက်ပြီး ထိုင်လိုက်သည်။
"Mary! လက်မှတ်လေး ထိုးပေးလို့ရမလား?"
ဝန်ထမ်းတစ်ဦးက အမျိုးသမီးဆီကို စာရွက်တစ်ရွက်၊ ဘောပင်တစ်ချောင်းနဲ့အတူ ချဉ်းကပ်လာသည်။
အမျိုးသမီးမှာ ကိုယ်လုံးကိုယ်ပေါက်လှကာ၊ ဆံပင်ရှည်များက သူမပခုံးပေါ် တင်နေကာခိုင်ခံ့တဲ့အသွင်အပြင်ရှိသည်။ သူမက စိတ်အခြေအနေ မကောင်းတဲ့ပုံပင်။
သူမက "မရဘူး" လို့ပြောရင်း ဝန်ထမ်းနဲ့ ဝေးရာဆီသွားလိုက်သည်။
ရှောင်လုက သူမထွက်သွားတာကို တအံ့တဩကြည့် ကာ အံ့ဩသွားသည်။ သူမက အမြန်ထရပ်လိုက်ပြီး ဝန်ထမ်းဆီပြေးသွားလိုက်ကာ မေးလိုက်သည်။ "သူက Maryလား?"
"ဟုတ်တယ်၊ သူက ဒေါသအရမ်းကြီးတာပဲ"
"သူဘယ်အခန်းကနေ ထွက်လာတာလဲ? သူဘယ်လိုလုပ် ဒီကိုရောက်နတာလဲ?"
"သူဟိုကနေ ထွက်လာတာ..." ဝန်ထမ်းလေးက ဖောက်ထွင်းမြင်ရတဲ့ မှန်နံရံနောက်က တံခါးကို ညွှန်ပြလိုက်ပြီး "သူက Terry ရဲ့ သူငယ်ချင်းလေ"
ရှောင်လုမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ Maryရဲ့လေယာဉ်က နှစ်ရက်အတွင်းမှာ ရောက်မယ်လို့ သူတို့သတင်းရခဲ့သည်။ သူက ဘယ်လိုလုပ် အချိန်ဇယားတွေထက် ကြိုပြီးရောက်လာတာလဲ?
သူမက ဒီမှာ စုချန်ယန်အတွက် ရောက်နေတဲ့ပုံမပေါ်ပေမယ့် သူမက သု့ကိုတောင် တွေ့ပြီးသွားပြီ!
ရှောင်လုက သူမရဲ့ဖုန်းကို တင်းတင်းကိုင်လိုက်ပြီး လင်းယွီကို ဖုန်းခေါ်ဖို့ နားနေတဲ့နေရာဆီ အမြန်ပြန်သွားလိုက်သည်။
"ချန်ယန် ဘာဖြစ်လို့လဲ?"
ဖုန်းချိတ်ဆက်ပြီးတာနဲ့ တစ်ဖက်လူက မေးလာသည်။
ရှောင်လုက ဘယ်သူမှ သူမကို သတိမထားမိအောင် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူမက ဖုန်ူကို လက်နဲ့ကာလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။ "ကြီးကြီးမားမား တစ်ခုခုဖြစ်သွားပြီ!"
"ပြော"
Maryကို Terryရဲ့အခန်းထဲကနေ ထွက်လာတာကို ညီမအခုဘဲ တွေ့လိုက်တယ်။ သူ့ကြည့်ရတာ အရမ်း စိတ်တိုနေပုံရပြီး ချန်ယန်လည်း အထဲမှာ ရှိနေတယ်"
ဖုန်းတစ်ဖက်မှာ တစ်ခဏလောက် တိတ်သွားသည်။
"ချန်ယန်က ဘယ်မှာလဲ?"
"ညီမလည်းမသိဘူး၊ သူအခုထိ အခန်းထဲကနေ မထွက်လာသေးဘူး"
"ငါသိပြီ"
"ဒါပဲလား? သူ ချန်ယန်ကို အနိုင်ကျင့်မှာ အစ်ကိုမစိုးရိမ်ဘူးလား?"
လင်းယွီက အေးအေးဆေးဆေး ပြန်ဖြေလာသည်။ "ချန်ယန်က နင်ထင်ထားသလောက် မနုနယ်နေဘူး။ ဒါ့ပြင် ဒေါသထွက်ပြိး ထွက်လာတာက Maryလေ"
ရှောင်လုက ကြောင်အသွားသည်။ "အိုး၊ ဟုတ်တယ်။ ဆိုတော့၊ အခုဘာလုပ်မှာလဲ ဝမ်းကွဲအစ်ကို?"
"ချန်ယန်ကို ဒီထဲမှာ ငါမဝင်ပါစေချင်ဘူး၊ ဒီဟာတွေက သူနဲ့မဆိုင်ဘူး"
"အိုး"
"ငါတို့ချန်ယန်ကို နေ့လည်ကျရင် အစားအသောက်ကျွေးဖို့မလိုဘူး။ သူအများကြီး စားနိုင်မှာမဟုတ်ဘူး။ ငါအလုပ်ပြီးရင် လာခဲ့မယ်"
"Okay သိပြီ"
အကစတူဒီယိုထဲ ဝင်လိုက်တာနဲ့ နံရံတွေအားလုံးကို မှန်တွေနဲ့ ကာထားသည်။
ဖြည်းဖြည်းအေးအေး သီချင်းသံကို စပီကာမှ ဖွင့်ထားပြီး အကဆရာက သီချင်းနဲ့အတူ ထူးခြားတဲ့ လှုပ်ရှားမှုတွေကို လုပ်နေသည်။
Terry က မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကကွက်တာဝန်ခံ ဆရာမယဲ့"
Terry ဘေးမှာ ရပ်နေရင်း စုချန်ယန်က နှုတ်ဆက်ဖို့ ဆရာမဆီ သွားလိုက်ကာ "မင်္ဂလာပါ ဆရာမ"
"ဆရာမယဲ့ ဒါက စုချန်ယန်၊ အရင်က ကျွန်တော်ပြောပြောနေတဲ့ Missစု"
"မင်္ဂလာပါ" ဆရာမယဲ့က စုချန်ယန်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ကျွန်မ နာမည်က ယဲ့မင်ပါ"
"Missစုရဲ့ ပုံစံက ဒီသီချင်းရဲ့ ကကွက်တွေနဲ့ တကယ်သင့်တော်တယ်။ Terry၊ အထူးသဖြင့် အဝတ်အစားနဲ့ လှုပ်ရှားမှုတွေမှာ တရုတ်အကစတိုင်က အခြားအကစတိုင်တွေထက် အများကြီး ရဲတင်းတယ်လို့ Missစုကို ကြိုပြောထားလား?"ယဲ့မင်က မေးလိုက်သည်။
Terryက အားနာစွာနဲ့ကြည့်လိုက်ပြီး စုချန်ယန်နားမလည်တဲ့ အင်္ဂလိပ်စကားနဲ့ပြောလိုက်သည်။
စုချန်ယန်က ရှင်းပြလိုက်သည်။ "မန်နေဂျာလင်းက ကျွန်မကို ကြိုပြောထားလို့ ကျွန်မ စိတ်အခြေအနေ ပြင်ဆင်ထားပါတယ်"
"ကောင်းပြီလေ စလိုက်ရအောင်။ Terryလည်း ဒီမှာဘဲ နေလို့ရတယ်" ယဲ့မင်က ခေါင်းညိတ်လိုက်သည်။
ယဲ့မင်က သူမ laptopကို ဖွင့်ကာ ဗီဒီယိုတစ်ပုဒ်ကို စုချန်ယန်အရှေ့မှာ ဖွင့်ပြလိုက်သည်။ "Missစု လှုပ်ရှားမှုတွေက မခက်ခဲလို့ ကျွမ်းကျင်ဖို့ မလိုပါဘူး။ ဒါပေမယ့် စတိုင်ကတော့ ရှင်အရင်က မြင်ဖူးတာတွေနဲ့ ကွာမယ်"
ဗီဒီယိုကို စဖွင့်လိုက်တော့ မှောင်မဲနေတဲ့ စင်မြင့်ပေါ်တွင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
စင်အလယ်မှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်က အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုသာ ဖုံးအုပ်ထားတဲ့ မံမီနဲ့ ဆင်တူတဲ့ အဝတ်ပိုင်းတွေကို ဝတ်ဆင်ထားသည်။
သူမရဲ့ ပေါ်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သူမရဲ့ လည်ပင်းကနေ ခြေကျင်းဝတ်အထိ သွေးရည်စိမ်ထားတဲ့ သံကြိုးတွေနဲ့ ပတ်ထားကာ သူမကို သံကြိုးတွေနှင့် ချည်နှောင်ထားသည့် ညှင်းပန်းနှိပ်စက်ခံထားရသည့် တစ္ဆေတစ်ကောင်လို ဖြစ်နေစေသည်။
"ကျွန်မက ဒါကိုဝတ်ရမှာလား?" စုချန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
အမှန်တော့ အဝတ်အစားက သိပ်ပြီး မဖော်လွန်းဘဲ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ကောင်းကောင်း ကာထားပြီး တခြားအစိတ်အပိုင်းတွေကို သံကြိုးနဲ့ ချည်ထားတဲ့အတွက် အနည်းငယ်လောက်ဘဲ ပေါ်နေသည်။ သို့ပေမယ့် အလုံးစုံ အကျိုးက်ရောက်မှုကတော့ မယုံနိုင်လောက်အောင်....ထိတ်လန့်စေတယ်။
ယဲ့မင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
စုချန်ယန်သည် ယခင်က ကြားခဲ့ဖူးသည့် death metalဂီတမှ သိမ်မွေ့တဲ့ ကွဲပြားမှုနှင့်အတူ နောက်ခံသီချင်းက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ တရုတ်ပရိတ်သတ်များ၏ အကြိုက်နှင့် ကိုက်ညီစေရန် တေးသွားကို အနည်းငယ် နှေးကွေးထားပုံရသည်။
စင်ပေါ်မှ မီးရောင်များ လင်းလာသည်နှင့်အမျှ နာနာကျင်ကျင် ရုန်းကန်နေရသည့် အမျိုးသမီးကိုသာမက ထူးထူးဆန်းဆန်း ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကိုလည်း မြင်လိုက်ရသည်။
အမျိုးသမီးလိုပင် အမျိုးသားကလည်း သံကြိုးတွေနှင့် ချည်နှောင်ထားသော်လည်း သူမနဲ့မတူဘဲ ဟန်ကြီးပန်ကြီးနဲ့ သူ့ဘေးနားရှိ အမျိုးသမီးကို အေးစက်စက်ကြည့်နေသည်။
သူ့ကိုမြင်တော့ အမျိုးသမီးရဲ့ အမူအရာက ကြောက်လန့်တကြား ဖြစ်သွားသည်။ သူမက သီချင်းရဲ့စည်းချက်အတိုင်း ရုန်းကန်ကာ လွတ်မြောက်ဖို့ ကြိုးစားနေကာ သံကြိုးတွေကတစ်ခုနှင့်တစ်ခု ပွတ်တိုက်မိခြင်းကြောင့် ကျောချမ်းဖွယ်ရာ အသံတွေ ထွက်လာသည်။
နောက်ဆုံး သူမက အဝေးကို ထွက်ပြေးတဲ့အခါ သံကြိုးက ရုတ်တရက်တင်းလာပြီး သံကြိုးတစ်ချောင်းမှာ မြေပြင်ပေါ်မှ လေထဲသို့ ဆန့်ထွက်လာသည်။ ဒီတော့မှဘဲ အမျိုးသမီးကိုယ်ပေါ်က သံကြိုးတွေက အမျိုးသားကိုဆိုလိုမှန်း စုချန်ယန် သဘောပေါက်သွားသည်။
သူမခက်ခက်ခဲခဲ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့နေရာက ငရဲမဟုတ်ဘဲ အမျိုးသား၏နေရာပင်။
သီချင်းက အော်ဟစ်ရင်း အရှိန်တက်လာသည်။ အမျိုးသမီးက ခုခံရန် နည်းလမ်းမျိုးစုံနှင့် ကြိုးစားသော်လည်း မရခဲ့ပေ။
ရုန်းကန်မှုတိုင်းတွင် စုချန်ယန်မှာ ရင်ထဲ ပိုပိုတင်းကြပ်လာသလို ခံစားလိုက်ရသည်။
လေးမိနစ်ခန့်အကြာ၊ နောက်ခံသီချင်းသံက နောက်ဆုံး နှေးလာပြီး သိမ်မွေ့လာကာ ကြမ်းတမ်းတဲ့အသံများ ပျောက်ကွယ်သွားပြီး ငြိမ့်ညောင်းတဲ့ အသံများသာ ကျန်ရှိတော့သည်။
နောက်ဆုံးသောအခိုက်မှာ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့အမျိုးသမီးက ရုတ်တရက် အမျိုးသားဆီ ပြေးဝင်လာကာ သူ့ရဲ့လည်ချောင်းကို တစ်ဝက်လောက် ချိုးပစ်ချင်နေသလိုမျိုး အစွမ်းကုန် ကိုက်ပစ်လိုက်သည်။
စခရင်က တဖြည်းဖြည်း မှောင်လာကာ မျက်ရည်စက်တွေနဲ့ စုချန်ယန်ရဲ့ မျက်နှာက ရောင်ပြန်လာသည်။
"ချန်ယန်?" သူမက အသိပြန်မဝင်လာသေးမှန်း တွေ့တော့ ယဲ့မင်က စိုးရိမ်ပြီး သူမပခုံးကို ပုတ်လိုက်သည်။
death metal ကိုယ်တိုင်က အချို့သော သက်ရောက်မှုကို သယ်ဆောင်လာသည်။ ပြုပြင်ပြောင်းလဲပြီးနောက် စတိုင်က ပြောင်းသွားပေမယ့် အကဖျော်ဖြေမှုက သီချင်းထက်ပင်ပို၍ သည်းမခံနိုင်ပေ။
စုချန်ယန်က အသိပြန်ဝင်လာပြီး ခေါင်းငုံ့လိုက်ကာ သူမပါးပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီးမှ မေးလိုက်သည်။ "ဆရာ၊ ဒီအကရဲ့ နောက်ခံက ဘာလဲ?"
စုချန်ယန်မှာ စိတ်အားထက်သန်မှုနှင့် ပြင်းထန်တဲ့ ခံယူချက်ရှိကြောင်း သူမမြင်လိုက်ရတဲ့ ပုံရိပ်တွေနှင့် လှုံ့ဆော်ရန် လွယ်ကူစေသည်။ ဒီအကကနေ၊ သူမက ကြောက်ရွံ့မှု၊ ရုန်းကန်မှု၊ ဒေါသ၊ ရွံ့ရှာမှု၊ စိတ်ရှုပ်ထွေးမှု၊ ထုံကြင်မှုနှင့် နောက်ဆုံး စိတ်ပျက်အားငယ်မှု - စသည့် ခံစားချက်များစွာကို ခံစားခဲ့ရသည်။
ယဲ့မင်က အံ့ဩသွားပြီး မပြောခင် Terryကို တစ်ချက်ကြည့်လိုက်ကာ "အထူးတလည် စိတ်ဒဏ်ရာ"
"Missစု မလုပ်ချင်ရင် နောက်ပြန်လှည့်လို့ရပါတယ်" Terryက ပြောလာသည်။
စုချန်ယန်က ခေါင်းခါလိုက်ပြီး "မဟုတ်တာ၊ စကြတာပေါ့"
စုချန်ယန်က ကသည့်နေရာတွင် ယုံကြည်ချက်သိပ်မရှိပေမယ့် အထူးတလည် စိတ်ဒဏ်ရာရသူနေရာတွင် သရုပ်ဆောင်ရတာကတော့ သူမအတွက် မခက်ခဲပေ။
နေ့လည်စာအတွက် စုချန်ယန်က ပေါ့ပေါ့ပါးပါးစားသောက်ပြီး သူမကိုယ်သူမ ဆက်လက်အားထုတ်ကာ လေ့ကျင့်တော့သည်။
စုချန်ယန်က စိတ်ခံစားချက်တွေကို ဖမ်းဆုပ်နိုင်မှုတွင် အံ့ဩစရာကောင်းပြီး သူ့ကိုယ်သူ ဖော်ပြရန်အတွက် body language ကို အသုံးပြုသည်။ လေ့ကျင့်တာကတော့ ချောချောမွေ့မွေ့ပင်။
"ချန်ယန် ကျေးဇူးပဲ။ မင်းက ကိုယ့်အတွက် အံ့ဩစရာဘဲ!" Terryက ပီတိဖြစ်ကာ စုချန်ယန်ရဲ့ ပခုံးကို ဖက်လိုက်သည်။
ယဲ့မင်ကလည်း ထောက်ခံသလို ခေါင်းညိတ်ကာ "Missစုရဲ့ စွမ်းဆောင်ရည်တွေကို မျှော်လင့်နေပြီ။ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေရမှာ သေချာပေါက်ဘဲ"
စုချန်ယန်မှာ Terryက နှိပ်စက်ညှင်းပန်းသူအဖြစ် သရုပ်ဆောင်ထားတာကို သူမရဲ့စိတ်ထဲတွင်အခုထိ ပြန်မသက်သာလာသေးပေ။ သူ့ရဲ့လက်က သူမကိုယ်ကို ထိလိုက်တဲ့အခါ အေးသက်မှုတွေက သူမရင်ထဲ ဖြတ်ပြေးသွားပေမယ့် သူမကိုယ်သူမ ဘာမှမပြောဖို့ အတင်းအကျပ် တွန်းအားပေးလိုက်သည်။
ကံကောင်းထောက်မစွာနဲ၊ Terryရဲ့ အာရုံက အမြန် လမ်းကြောင်းပြောင်းသွားပြီး သူမကို လွှတ်ပေးလိုက်သည်။ စုချန်ယန်က အဆင်မပြေတဲ့ ဘာအမူအရာမှ မပြဘဲ သက်သာရာရသလို သက်ပြင်းချလိုက်သည်။
"ဒေါက်一"
အကစတူဒီယိုတံခါးကို ခေါက်တဲ့အသံကြားလိုက်ရတော့ သုံးယောက်သားက လှည့်ကြည့်လာသည်။
ရှောင်လုက အဟကြားလေးထဲကနေ ခေါင်းထုတ်လာပြီး စုချန်ယန်ကို ပြုံးပြလိုက်ကာ ပြောခဲ့သည်။ "ဘော့စ်လင်း ရောက်နေတယ်"
Terryရဲ့ မျက်လုံးတွေက တောက်ပသွားပြီး"ကျေးဇူးပြုပြီး ဝင်လာပါ၊ ဝင်လာပါ"