အခန်း ၈၃
Vol. 7 Ch. 83
ရှောင်လုက တံခါးကို တွန်းဖွင့်လိုက်ပြီး လျှောက်ဝင်လာကာ လင်းယွီက သူမအနောက်ကနေ လိုက်လာသည်။ သူ့ရဲ့ သစ်အယ်သီးရောင် မျက်လုံးတွေက စုချန်ယန်ဆီ တစ်ခဏလောက် ရောက်သွားသည်။
စုချန်ယန်က အနက်ရောင်လက်ပြတ် အင်္ကျီကို ဝတ်ဆင်ထားကာ ကျောဘက်မှာ ချွေးတွေထွက်နေပြီး သူမရဲ့ပါးပြင်တွေက နီရဲနေကာ သူမရဲ့အမူအရာကတော့ အေးစက်နေပြီး မမြင်ရတဲ့ ရွံ့ရှာဖွယ် အရိပ်အယောင်တွေတောင် ပြနေသည်။
လင်းယွီက သူ့အကြည့်ကို ရုပ်လိုက်ပြီး Terryနဲ့ တခြားသူတွေကို ကြည့်လိုက်သည်။
"မင်္ဂလာပါ၊ ငါက လင်းယွီ ချန်ယန်ရဲ့ မန်နေဂျာ"
"မင်္ဂလာပါ၊ မင်္ဂလာပါ၊ ခင်ဗျားအကြောင်း ကြားဖူးတယ်" Terryက နွေးနွေးထွေးထွေးနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။ Maryကို လုံးဝအရူးအမူးဖြစ်စေတဲ့ ဒီလူကို သူတွေ့ချင်ပြီး ဘယ်လိုမျိုးလဲဆိုတာ သိချင်နေတာကြာပြီဖြစ်သည်။ လင်းယွီကို လူကိုယ်တိုင်မြင်လိုက်ရတော့ သူက ဓာတ်ပုံတွေထဲကထက် ပိုပြီးချောမောသည်။
"မင်္ဂလာပါ၊ ကျွန်တော်ကတော့ ယဲ့မင်ပါ။ ချန်ယန်ရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းပြီး ကျွန်တော်တို့ မျှော်လင့်ထားတာထက် လုံးဝကို ကျော်လွန်တယ်" ယဲ့မင်က သူ့ကို ခေါင်းညိတ်လိုက်သည်။
လင်းယွီက ပြုံးလိုက်ပြီး သူမရဲ့ စိတ်ခံစားချက်တွေထဲကနေ ပြန်မသက်သာလာသေးတဲ့ စုချန်ယန်ကို ကြည့်လိုက်ကာ "ချန်ယန်၊ မင်းရဲ့ဂျက်ကပ်ကို ဝတ်ထား အအေးမမိစေနဲ့"
စုချန်ယန်က အံ့အားသင့်သွားပြီး သူဘယ်သူမှန်း မသိသေးခင် လင်းယွီကို စက္ကန့်အတော်ကြာ မင်သက်စွာ ကြည့်လိုက်သည်။
ရှောင်လုက စုချန်ယန်ရဲ့ အဝတ်အစားတွေကို ယူလိုက်ပြီး သူမရဲ့ ပခုံးပေါ်တင်ပေးလိုက်သည်။ ရုတ်ရက် ထိမိလိုက်တာကြောင့် စုချန်ယန်မှာ အလိုလိုလွတ်မြောက်ချင်နေပြီး သူမရဲ့ မျက်နှာပေါ်တွင် ကြောက်လန့်မှုတွေ ပေါ်လာသည်။
လင်းယွီက လှည့်လိုက်ပြီး ယဲ့မင်ကို မေးလိုက်သည်။ "မစ္စတာယဲ့ ရေချိုးခန်းက ဘယ်နားမှာလဲ?"
ယဲ့မင်က အကစတူဒီယိုရဲ့ အနောက်ဘက်ကို ညွှန်ပြလိုက်ပြီး "မိန်းကလေးရေချိုးခန်းက အဲ့ဒီအနောက်မှာ"
"ကျေးဇူး"
သူက ရှောင်လုကိုကြည့်လိုက်ပြီး "လုယင်း ချန်ယန်ကို ရေချိုးခန်းဆီ ခေါ်သွားလိုက်။ ကားထဲမှာ အဝတ်အစားအသန့်တွေ ရှိတယ်မဟုတ်လား?"
ရှောင်လုက ခေါင်းညိတ်လိုက်ကာ "အင်း"
ပြောလို့ပြီးတော့ ရှောင်လုက စုချန်ယန်ရဲ့လက်ကို အလိုလိုကိုင်ဖို့ လုပ်လိုက်သည်။
"သူ့ကိုမထိနဲ့ သူ့ဘာသာသွားပါစေ" လင်းယွီက သူမကို တားလိုက်သည်။
ရှောင်လုက အံ့အားသင့်သွားပြီး "အိုး"
သူမက စုချန်ယန်ဘက် လှည့်လိုက်ပြီး "ချန်ယန် သွားကြစို့"
စုချန်ယန်က ကြောင်တက်တက်နဲ့ တုန့်ပြန်လိုက်ပြီး အကစတူဒီယိုထဲ သူမနောက်ကနေ လိုက်သွားလိုက်သည်။
သူတို့နှစ်ယောက် ထွက်သွားတော့လင်းယွီက မေးလိုက်သည်။ "အကအပြည့်အစုံကို ပြလို့ရမလား? ချန်ယန်ရဲ့ အခြေအနေက သိပ်ကောင်းတဲ့ပုံမပေါ်ဘူး"
"အမ်....ရတယ်"
ရေချိုးခန်းထဲဝင်ကာ ရေပိုက်ခေါင်းအောက်မှာ ရပ်နေရင်း နွေးထွေးတဲ့ ရေတွေက စုချန်ယန်ရဲ့ ကိုယ်ပေါ် စီးဆင်းသွားကာ သူမရဲ့စိတ်ခံစားချက်တွေကလည်း တဖြည်းဖြည်းနဲ့ တည်ငြိမ်လာသည်။
တကယ်တော့၊ ပုံမှန်ဆို စုချန်ယန်က ဇာတ်ကွက်တစ်ခုပြီးသွားတဲ့နောက်မှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်တတ်ပေမယ့် ဒီနေ့တော့ ကွားပြားနေသည်။
ဒီခံစားချက်တွေကို တစ်နေ့လုံး ထပ်ခါထပ်ခါ လုပ်နေရတာက သူမရဲ့ဦးနှောက်ကိုပုံမှန်မဟုတ်ဘဲ နှေးကွေးစေသည်။ သူမပတ်ပတ်လည်က ရေတွေကြောင့်သာ ဘေးကင်းတဲ့ဇုန်ကို ရောက်သွားသလို ခံစားလိုက်ရပြီး သက်သာရာရသလို သက်ပြင်းချလိုက်သည်။
ရေချိုးပြီးသွားတော့ စုချန်ယန်ရဲ့ စိတ်အခြေအနေက အနည်းငယ် တိုးတက်လာသည်။
လင်းယွီနဲ့ တခြားသူတွေက သူမကို ယဲ့မင်ရဲ့ ရုံးခန်းထဲမှာ စောင့်နေကြသည်။
"ချန်ယန်" ရှောင်လုက သူမကို လက်ပြလိုက်သည်။
လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ယဲ့မင်နဲ့ Terryကို ပြောလိုက်သည်။ "နောက်ကျနေပြီဆိုတော့ သူ့ကို အရင်ပြန်ခေါ်သွားလိုက်တော့မယ်"
"ကောင်းပါပြီ၊ လမ်းမှာ ဂရုစိုက်ပါ"
သူတို့သုံးယောက်က အဆောက်အဦးထဲကနေ ထွက်ပြီး ကားထဲ ဝင်လိုက်သည်။
ရှောင်လုက အရှေ့မှာ ကားမောင်းပြီး လင်းယွီနဲ့ စုချန်ယန်တို့ကတော့ သူတို့ ကြားတွင် နေရာလွတ်တစ်ခုခြားကာ အနောက်ခန်းတွင် ထိုင်နေကြသည်။
"ဘယ်လိုခံစားရလဲ?"
တိတ်ဆိတ်နေတဲ့ ကားထဲတွင် လင်းယွီက သူမဘက်ကို လှည့်ကြည့်လိုက်သည်။
စုချန်ယန်က ပြုံးလိုက်ပြီး "အဆင်ပြေပါတယ်၊ ကျွန်မထင်ထားသလောက် မခက်ဘူး"
"မင်း Maryနဲ့ ဆုံပြီးပြီလား?" လင်းယွီက မေးလိုက်သည်။
စုချန်ယန်က ခဏလောက် ရပ်သွားပြီးမှ ခေါင်းညိတ်ပြလာသည်။ "အင်း၊ သူနဲ့တွေ့ခဲ့တယ်။ သူကအရမ်းချောတာဘဲ"
အပြင်ဘက်မှာတော့ ကောင်းကောင်က တဖြည်းဖြည်းမှောင်လာကာ ကားထဲရှိ အလင်းရောင်က မှိန်လာသည်။
လင်းယွီက သူမကို ကြည့်လိုက်ပေမယ့် သူမရဲ့အမူအရာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ "သူမင်းကို တစ်ခုခုပြောခဲ့ရင် စိတ်ထဲမထားနဲ့။ ဆောရီး"
"ကျွန်မသိပါတယ်"
"မင်းအတွက် ဆုချဖို့ ပန်းအိုးတစ်လုံး ဝယ်ခဲ့တယ်" လင်းယွီကပြောလိုက်သည်။
စုချန်ယန်က နားမလည်စွာနဲ့ မေးလိုက်သည်။ "ကျွန်မက ဘာလို့ ဆုရတာလဲ?"
လင်းယွီက ပြုံးလိုက်ပြီး "ဆရာယဲ့က ဒီနေ့မင်းရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းတယ်လို့ပြောခဲ့တယ်"
"အိုး" စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး "တခြားမတူတဲ့ ဆုတစ်ခုတောင်းလို့ရမလား?"
လင်းယွီက သူမကိုတစ်ချက်ကြည့်လိုက်တော့ အလင်းရောင်ကြောင့်ဖြစ်မည် သူ့ရဲ့မျက်လုံးတွေက သိသိသာသာ ပျော့ပြောင်းလာကာ "မင်းက ဘာဆုလိုချင်လို့လဲ?"
"စားပွဲကြီးကြီးရမလား....?" စုချန်ယန်က အစမ်းသဘောမေးလိုက်သည်။
လင်းယွီက ခေါင်းခါလိုက်သည်။ "မရဘူး"
စုချန်ယန်က နှုတ်ခမ်းဆူလိုက်ကာ "ဒါဆို ရှင်ဆုချတဲ့ ပန်းအိုးနဲ့ ကျွန်မက ဘာလုပ်ရမှာလဲ? ပန်းထိုးရမှာလား?"
လင်းယွီက သဘာဝကျကျဘဲ ပြောလိုက်သည်။ "မင်းအလုပ်များနေရင် ဒါမှမဟုတ် အားမရှိတဲ့အခါကျရင် မင်းအစား ဂရုစိုက်ပေးမယ်"
"အာ..."
ရှောင်လုက နားထောင်နေရင်း တုန်လှုပ်သွားပြီး ရင်ထဲက ထူးထူးဆန်းဆန်း ခံစားချက်နဲ့အတူ နောက်ကြည့်မှန်ထဲကနေ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
စုချန်ယန်က သိပ်အများကြီး မတွေးနေဘဲ လင်းယွီရဲ့ ဆုကို လက်ခံလိုက်သည်။
လင်းယွီက သူမကို စားပွဲကြီးကြီး ဆုမချခဲ့ပေမယ့် အဲ့ဒီညမှာ စုချန်ယန် စားသောက်တာကို သူမထိန်းချုပ်ခဲ့ဘဲ သူမ စားလို့ဝသွားမှဘဲ ရပ်ဖို့ သတိပေးလိုက်သည်။ မနက်ဖြန်ထပ်ပြီး လေ့ကျင့်ရမည်ဖြစ်ကြောင်း သူမကို ပြောလိုက်သည်။
နောက်တစ်နေ့မနက်မှာ၊ လင်းယွီက လက်ထောက်ရှုနဲ့အတူ ပန်းအိုးနဲ့ မနက်စာယူလာပေးတဲ့အချိန်မှာ စုချန်ယန်က ရှင်းလင်းနေတုန်းပင်။
ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲပေါ်က အဖြူရောင်ဗြောင်ပန်းအိုးကို ကြည့်ရင်း စုချန်ယန်မှာ ရယ်ချင်နေသည်။ လင်းယွီဟာ တကယ့်ကိုဘဲ ပန်းတွေနဲ့ အပင်တွေနဲ့ ကစားရတာ သဘောကျတဲ့သူဘဲ။
ရက်တချို့လောက် ခက်ခက်ခဲခဲ လေ့ကျင့်ပြီးတဲ့နောက်မှာ စုချန်ယန်က ကောင်းကောင်းမွန်မွန် တိုးတက်လာသည်။
တည်နေရာပရိုဂရမ်ကို ရိုက်ကူးသည့်အချိန်မှာ <Travel> ရဲ့ အစီအစဉ်ဒုတိယပိုင်း ထုတ်လွှင့်ချိန်နှင့် တိုက်နေသည်။
ဒီမနက်တွင် လင်းယွီက လူကိုယ်တိုင်ရောက်လာသည်။
စုချန်ယန် တံခါးဖွင့်လိုက်တော့ စုချန်ယန်က လက်ထဲမှာအဖြူရောင် နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ထားသည်။
"မန်နေဂျာလင်း....."
စုချန်ယန်မှာ အံ့ဩသွားသည်။
လင်းယွီက ပြုံးလိုက်ပြီး "ပန်းအိုးက အလွတ်ဖြစ်နေတုန်းဘဲထင်လို့ လာတဲ့လမ်းမှာ နှင်းဆီပန်းတစ်ပွင့်ရွေးလာတာ"
"အိုး...."
စုချန်ယန်က ကြောင်တက်တက်နဲ့ လင်းယွီဝင်ဖို့ လမ်းဖယ်ပေးလိုက်သည်။
တစ်ချက်ကြည့်လိုက်တာနဲ့ ကော်ဖီစားပွဲပေါ်က ပန်းအိုးကို လင်းယွီမြင်လိုက်သည်။ ဒါက လက်ထောက်ရှုပို့လာကတည်း မရွှေ့ရသေးဘူးလို့ သူထင်သည်။ သူကပန်းအိုးကို ယူလိုက်ပြီး ရေဖြည့်ဖို့ ရေချိုးခန်းထဲသွားလိုက်ပြီး နှင်းဆီပန်းတစ်ပွင့်ကို ထည့်လိုက်သည်။
စုချန်ယန်က ဧည့်ခန်းမှာ ရပ်နေရင်း အစကနေအဆုံးအထိ ကြည့်နေလိုက်သည်။
နောက်ဆုံးတော့၊ သူမမှာ မတတ်နိုင်ဘဲ ပြောလာသည် "မန်နေဂျာလင်း တကယ်တော့ နောက်ထပ်နည်းနည်းပိုယူလာလည်း အဆင်ပြေပါတယ်"
လင်းယွီက ပန်းအိုးကို ကော်ဖီစားပွဲပေါ်တင်ဖို့ ကိုယ်ကိုကိုင်းထားပြီး ဒါကိုကြားတော့ စုချန်ယန်ကို လှည့်ကြည့်လာပြီး အပြုံးနဲ့အတူ "ရတယ်၊ နေ့တိုင်းလဲရုံပေါ့"
စုချန်ယန် မျက်တောင်ခတ်လိုက်သည်။ သူကနေ့တိုင်းလာမယ်လို့ ဆိုလိုတာလား?
ဘာဘဲဖြစ်ဖြစ်၊ မန်နေဂျာလင်းရဲ့အိမ်ကလည်း ဒီနဲ့ဆို သိပ်မဝေးဘူး။
"လုယင်းရော?"
"သူက အဆင်သင့်ဖြစ်နေပြီ"
လင်းယွီက ခေါင်းညိတ်လိုက်ပြီး "ပရိုဂရမ်က ရှစ်နာရီစမယ်။ နေ့လည်စာစားပြီးရင် ငါမင်းကို ခေါ်သွားပေးမယ်"
စကားပြောလို့ပြီးတော့ လင်းယွီက ထွက်သွားသည်။
ရေချိုးခန်းကနေ ရှောင်လုထွက်လာတော့ စုချန်ယန်က ဧည့်ခန်းမှာ ထိုင်နေကာ ပန်းတစ်ပွင့်နဲ့ ပန်းအိုးကို စိုက်ကြည့်နေသည်။
ရှောင်လုက သူမရဲ့ စိုနေတဲ့ဆံပင်ကိုသုတ်ရင်း မေးလိုက်သည်။ "လက်ထောက်ရှု ရောက်လာလို့လား? သူကဘာလို့ ပန်းတစ်ပွင့်ဘဲ ယူလာတာလဲ?"
စုချန်ယန်က ရှောင်လုရဲ့မျက်နှာကို တဖြည်းဖြည်းလှည့်ကြည့်လာကာ စိတ်ပျက်တဲ့ လေသံနှင့်ပြောလာသည်။ "မဟုတ်ဘူး၊ နင့်ဝမ်းကွဲအစ်ကို ယူလာတာ"
ရှောင်လုမှာ အံ့အားသင့်သွားပြီး "ငါ့ဝမ်းကွဲအစ်ကို? သူ့စရိုက်နဲ့လေ?"
စုချန်ယန်လည်း စိတ်ရှုပ်နေကာ "သူက နေ့တိုင်းအသစ်တစ်ပွင့်ယူလာမယ်လို့ ပြောခဲ့သေးတယ်။ ငါတော့ သူနေ့တိုင်းလာမယ်လို့ ခံစားနေရတယ်"
ရှောင်လုမှာ အံ့အားသင့်သွားသည်။ သူ့ဝမ်းကွဲအစ်ကိုက တကယ်ပဲ အလုပ်မလုပ်တော့ဘူးလား?
"ငါနေ့တိုင်း ခိုးကြောင်ခိုးဝှက်နဲ့ အဆာပြေစားတာကို သူသိသွားပြီး ငါ့ကို စောင့်ကြည့်ဖို့ လာတာလို့ နင်ထင်လား?" စုချန်ယန်က အသက်ပြင်းပြင်းရှူလိုက်သည်။
မသိစိတ်ကနေ ခေါင်းခါရင်း ရှောင်လုက "ငါ့ဝမ်းကွဲအစ်ကိုက ဒီလောက် မပျင်းနေဘူး.... ခဏနေဦး?"
ရှောင်လုက စုချန်ယန်ကို နားမလည်သလို အမူအရာနဲ့ ကြည့်လိုက်ကာ "နင်သရေစာတွေကို ခိုးကြောင်ခိုးဝှက်နဲ့ စားတယ်? ဘယ်လိုလုပ် ငါမသိရတာလဲ? နင်မြန်မြန်ဝန်ခံလိုက်စမ်း!'
စုချန်ယန် "...."
စုချန်ယန်မှာ သူ့ကိုယ်သူ ပြတ်ပြတ်သားသားနဲ့ ဖော်ထုတ်လိုက်မိသည်။
ရှောင်လု တခြားသူတွေကို မပြောနိုင်အောင် စုချန်ယန်က အသည်းအသန်ရှင်းပြဖို့ ကြိုးစားပြီးနောက်ဆုံးတော့ ဒီကိစ္စကို ခွင့်လွှတ်ခံလိုက်ရသည်။
နေ့လည်စာစားလို့ပြီးတော့ နှစ်ယောက်သားက အသံသွင်းတဲ့နေရာဆီ ကားမောင်းသွားလိုက်သည်။
လင်းယွီကလည်း ကုမ္ပဏီတွင် သူ့အလုပ်တွေ ပြီးသွားတာကြောင့်ဖြစ်မည် သူလည်း သူတို့နဲ့အတူ လိုက်လာသည်။
ကားထဲတွင်၊ လင်းယွီနဲ့ စုချန်ယန်တို့က စကားနည်းနည်းလောက်ပြောပြီး တိတ်ဆိတ်သွားကြသည်။
နေရာကိုရောက်တော့ Terryက ပုဂ္ဂိုလ်ရေးအရ သူတို့ကို နှုတ်ဆက်ဖို့ ထွက်လာသည်။
"Missစု ၊ Mr လင်း ရောက်လာကြပြီပေါ့" Terryက အနားရောက်လာပြီး စုချန်ယန်ရဲ့ညာလက်ကိုယူကာ လက်ဖမိုးပေါ်နမ်းလိုက်ပြီး သူ့လက်ကိုတော့ လင်းယွီဆီ ဖြန့်ပေးလိုက်သည်။
လင်းယွီက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ သူနဲ့လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ချန်ယန်ကို ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး"
"သေချာပေါက်ပေါ့၊ သေချာပေါက်"
Terryက သူတို့သုံးယောက်ကို စင်အနောက်ဘက်ဆီ ဦးဆောင်ခေါ်သွားပြီး လင်းယွီနဲ့ စကားစမြည်ပြောနေလိုက်သည်။
"Mr လင်း၊ ခင်ဗျားနဲ့ တွေ့ချင်နေတဲ့ ကျွန်တော့်သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ်။ သူက အခန်းထဲမှာ"
တံခါးအရှေ့မှာ ရပ်လိုက်ရင်း Terryက ပြောလိုက်သည်။ "ပြောရရင် အရင်က ကျွန်တော် တရုတ်စာလေ့လာတုန်းက သူမဆီကနေ လွှမ်းမိုးခံခဲ့ရတယ်လို့ ပြောရမယ်"
စုချန်ယန်က အမျိုးသားနှစ်ယောက် အနောက်မှာ ရပ်နေပြီး ဒီစကားတွေကိုကြားတော့ လင်းယွီရဲ့မျက်နှာကို ကြည့်လိုက်သည်။
Terryရဲ့ သူငယ်ချင်းက ဘယ်သူလဲဆိုတာကို သူမသိပြီးသားပင်။ အဲ့ဒီနေ့က သူမနဲ့ Maryကြားဘာဖြစ်ခဲ့လဲဆိုတာ လင်းယွီကို သူမ မပြောပြခဲ့ပေ။
တစ်ဖက်မှာ ဒါက မလိုဘူးလို့ သူမခံစားရပြီး နောက်တစ်ဖက်မှာတော့ လင်းယွီရဲ့ ကိုယ်ရေးကိုယ်တာ ခံစာူချက်များတွင် သူမ မပါဝင်လိုချေ။
နောက်ဆုံးမှာတော့ Maryပြောသလိုဘဲ လင်းယွီက သု့နှလုံးသားထဲတွင် စည်းမျဉ်းများ ခိုင်ခိုင်မာမာရှိသည်။ အိတ်ကိုဖောက်ထွက်ချင်တယ်လို့ သူမပြောပြီး သူ့ကိုမုန်းတီးဖို့ မလိုလားပေ။
Terryရဲ့ စကားတွေကို ကြားပြီးတော့ လင်းယွီရဲ့ အမူအရာမှာ ငြိမ်သက်သွားသည်။ သူက ငုံ့ ကြည့်လိုက်ပြီး ပြုံးလိုက်ကာ "ဟုတ်လား?"
"ဟုတ်တယ်၊ ခင်ဗျားတော့မသိဘူး။ သူမဒီနေ့ ဒီကိုလာတာက ကျွန်တော့်ကို အားပေးဖို့လို့ ထင်ထားပေမယ့် သူ့ရဲ့ အဓိကရည်ရွယ်ချက်က ခင်ဗျားနဲ့ တွေ့ဖို့တဲ့လေ"
ဘာကိုဘဲ ရင်ဆိုင်ရပါစေ လင်းယွီမှာ အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ အမူအရာရှိသည်။ သူက လက်ဟန်ပြပြီး ပြောလိုက်သည်။ "ကျေးဇူးပြုပြီး"