အခန်း ၈၄
Vol. 7 Ch. 84
Terryက တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲမှာတော့ သာမာန် နားနေခန်းတစ်ခန်းပင်။
ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးတစ်ယောက်က သူတို့ကိုကျောပေးကာ ဆိုဖာပေါ်ထိုင်နေသည်။ သူမက သူမရဲ့အနောက်က အသံကိုကြားတော့ အရင်ထရပ်လိုက်သည်။
"ယွီ!" Maryက အံ့ဩစွာနဲ့ လှည့်ကြည့်လိုက်သည်။ "ရှင်တကယ်လာတယ်!"
ဒီနေ့မှာသူမက လှပတဲ့အသားအရည် လှပတဲ့ သွင်ပြင်၊ ခြေတံရှည်တွေနဲ့ အနက်ရောင် Vပုံစံလည်ပင်းနဲ့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမမျက်နှာပေါ်ရှိ ပျော်ရွှင်မှုမှာ သူမ၏သွင်ပြင်ကို အကျိုးသက်ရောက်မှု မရှိပါချေ။
Maryကိုတွေ့တဲ့အခါ လင်းယွီမှာ မအံ့ဩသွားဘဲ သူမကိုနွေးထွေးတဲ့အမူအရာနဲ့ နှုတ်ဆက်ကာ ခေါင်းညိတ်လိုက်ရင်း " မတွေ့ရတာကြာပြီ Mary"
"နှစ်နှစ်ရှိပြီ! ရှင်တရုတ်ကို ပြန်ရောက်ပြီလို့ ကျွန်မကြားတယ်။ ရှင့်ကို လာရှာချင်ပေမယ့် အခွင့်မသာလို့"
ရှောင်လုက စုချန်ယန်ဘေးမှာရပ်ရင်း သူမပခုံးကို အသာအယာ တိုက်လိုက်ကာ "Maryက ပုံထဲမှာထက် ပိုချောတာဘဲ" ဟုတိုးတိုးလေး ပြောလိုက်သည်။
စုချန်ယန်က "အင်း" လို့ဘဲ ပြန်တုံ့ပြန်လိုက်သည်။
လင်းယွီက ပြန်မတုံ့ပြန်ဘဲ စုချန်ယန်ဘက် လှည့်ကာ ပြောခဲ့သည်။ "ဒါက Mary၊ ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း"
'လုပ်ဖော်ကိုင်ဖက်' ဆိုတဲ့ စကားကိုကြားတော့ Maryရဲ့မျက်နှာမှာ တင်းမာသွားသည်။
တကယ်တော့၊ လင်းယွီရဲ့မျက်လုံးထဲတွင် သူမတို့က သူငယ်ချင်းတောင်မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်သာသာပင်။
စုချန်ယန်က ဦးညွှတ်လိုက်ပြီး Maryကို နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ"
လင်းယွီက ဆက်ပြောလာသည်။ "Mary ဒါက ငါ့ရဲ့အနုပညာရှင် စုချန်ယန်"
Mary က နည်းနည်းအံ့ဩသွားဟန်နဲ့ ပြုံးလိုက်ကာ "ငါ စုချန်ယန်ကို သိတယ်။ ငါတို့တွေ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကဘဲ ဆုံခဲ့တာ"
လင်းယွီက ယဉ်ယဉ်ကျေးကျေးနဲ့ ပြုံးလိုက်ပြီး Terryကို မေးလိုက်သည်။ "မိတ်ကပ်အခန်းက ဘယ်မှာများလဲ? စုချန်ယန်ကို မိတ်ကပ်ပညာရှင်နဲ့ အရင်တွေ့ပေးရအောင်"
မနေ့တုန်းက သူတို့ရဲ့ အစမ်းလေ့ကျင့်မှုက အရမ်းကို ချော့မွေ့ခဲ့ပြီး ကြီးကြီးမားမား ပြဿနာ မကြုံရဘဲ မူရင်းစင်ပေါ်တွင် အကြိမ်အနည်းငယ် စမ်းကြည့်ခဲ့သည်။
Terry - "ကျွန်တော် စုချန်ယန်ကို အရင်ခေါ်သွားလိုက်မယ်။ ခင်ဗျားတို့တွေ ဖြည်းဖြည်းချင်း စကားပြောကြပေါ့"
စုချန်ယန်က ဘာမှမပြောဘဲ နားနေခန်းကနေ Terryဘအနောက် လိုက်သွားခဲ့သည်။
"လင်းယွီ ကျွန်မတို့တွေ စကား ကောင်းကောင်းပြောဖို့ အခွင့်မသာခဲ့ဘူး...." Maryရဲ့ အသံက တိုးသွားပြီး ယခင်က စုချန်ယန် ကြားဖူးတဲ့ အသံနဲ့ ကွာခြားတဲ့ နူးညံ့တဲ့အသံက အနောက်ဘက် အခန်းထဲက ထွက်လာသည်။
သူမမှာ ခဏလောက် အံ့ဩသွားပြီး လင်းယွီရဲ့ တုံ့ပြန်မှုကို မသိစိတ်ကနေ ကြားချင်ပေမယ့် တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားပြီး အထဲက အသံကို လုံးဝပိတ်ဆို့လိုက်သည်။
"ချန်ယန် Mary က ငါ့ဝမ်းကွဲအစ်ကိုကို လိုက်ဖို့ ဒီကိုလာတာလို့ နင်ထင်လား?" ရှောင်လုက သူမပခုံးပေါ်လက်တင်ပြီး စချင်သလို မေးလာသည်။
စုချန်ယန်က ခေါင်းငုံ့လိုက်ပြီး "ဖြစ်မှာပေါ့" လို့ ပြန်ဖြေလာသည်။
"ငါ့ဝမ်းကွဲအစ်ကိုက လက်ခံမယ်လို့ နင်ထင်လား?"
စုချန်ယန်က ခေါင်းခါလိုက်သည်။ "ငါမသိဘူး"
"မှန်းကြည့်ရင်ရော?"
Maryက အရမ်းလှပပြီး အမျိုးသားတွေနောက်ကို တက်တက်ကြွကြွ လိုက်နိုင်တဲ့ သတ္တိရှိတဲ့ အမျိုးသမီးဖြစ်သည်။ စုချန်ယန်က မသေချာသလို ဘယ်လိုအကဲဖြတ်ရမလဲဆိုတာ မသိပေ။
သူမက နှစ်စက္ကန့်လောက် တိတ်နေပြီးမှ ပြောလိုက်သည်။ "မန်နေဂျာလင်းက သူ့ရဲ့ အရင်ကုမ္ပဏီကနေ ထွက်လိုက်တာက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မရောထွေးချင်လို့ ဖြစ်မယ်။ ဒါပေမယ့် အခုတော့ သူတို့က အလုပ်သဘောအရ ဆက်ဆံရေး မဟုတ်တော့တဲ့အတွက် မန်နေဂျာလင်းက.... လက်ခံကောင်းလက်ခံနိုင်လောက်တယ်"
ရှောင်လုက နှာခေါင်းရှုံ့လိုက်သည်။ " တကယ်လား? ဒါပေမယ့် ငါကတော့ ဝမ်းကွဲအစ်ကိုက Mary ကိုသဘောမကျဘူးလို့ ခံစားရတယ်။ ငါ့ဝမ်းကွဲက လူကြီးလူကောင်းအတုအယောင်ပဲ။ သူသာတစ်ယောက်ယောက်ကို သဘောကျရင် ဘာမှ မလုပ်ဘဲနဲ့ Mary သူ့ဆီလာမှာကို ဘယ်လိုလုပ် စောင့်နေမှာလဲ? ဒါက သူ့ပုံနဲ့ မကိုက်ဘူး"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး! Mr. လင်းက Maryကို မကြိုက်ဘူး" Terryက သူတို့ရဲ့ စကားဝိုင်းကို ရုတ်တရက် ဖြတ်ပြောလာသည်။
စုချန်ယန်နဲ့ ရှောင်လုက သူ့ကို အံ့ဩတကြီးနဲ့ ကြည့်လိုက်ကြသည်။ "ရှင်ဘယ်လို သိတာလဲ?"
Terryက "Mr. လင်းက ရုပ်ရည်ကို အရမ်းဂရုစိုက်တယ်လို့ Mary ငါ့ကို ပြောဖူးတယ်။ အရင်တုန်းက သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မသိခင်အကြိမ်အနည်းငယ်လောက် ဆုံဖူးပေမယ့် Mr. လင်းက Mary ကို ဘယ်တုန်းကမှ မမှတ်မိဘူးတဲ့လေ"
Terryက သူတို့ကို စောင့်နေတဲ့ မိတ်ကပ်ပညာရှင်ရှိတဲ့ အဝတ်လဲခန်းဆီ ခေါ်သွားသည်။
မိတ်ကပ်တွေကို ကြိုတင်ပြင်ဆင်ထားပြီး အနည်းငယ် ပြောင်းလဲဖို့ပဲ လိုသည်။
သူတို့ကို အဝတ်လဲခန်းဆီ ခေါ်သွားပေးလို့ပြီးတော့ Terryက နောက်ထပ် အဝတ်လဲခန်းတစ်ခုဆီ သွားလိုက်သည်။
နာရီဝက်လောက်ကြာတော့ လင်းယွီလည်း ရောက်လာသည်။
ရှောင်လုက သူ့ဘေးမှာထိုင်ပြီး သူ Maryနဲ့ ဘာပြောခဲ့လဲဆိုတာကို မေးဖို့ စိတ်အားထက်သန်နေပေမယ့်လည်း အဆုံးအထိ သူမမှာ မပြောရဲခဲ့ချေ။
စတိုင်လ်နဲ့ မိတ်ကပ်တွေ လိမ်းခြယ်လို့ပြီးတော့ အဝတ်အစားမလဲခင် စုချန်ယန်က သန့်စင်ခန်းခဏသွားလိုက်သည်။
သူမထွက်လာတော့ သန့်စင်ခန်းထဲက ပြတင်းပေါက်က အတန်းလေးမှာ မှီရင်း ဆေးလိပ်သောက်နေတဲ့ Maryကို တွေ့လိုက်ရသည်။
သူမတစ်ဖက်ကို လှည့်လာတော့ မျက်လုံးတွေက နီရဲနေသည်။ အခန်းတံခါးဖွင့်သံကိုကြားတော့ သူမက စုချန်ယန်ကို လှည့်ကြည့်လာသည်။
သူမကို အဲ့ဒီမှာ မြင်လိုက်ရတဲ့အတွက် စုချန်ယန်က အံ့ဩသွားပြီး ခေါ်လိုက်သည်။ "Miss Mary"
Mary က သူမကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး စီးကရက်ကို ဆွဲယူလိုက်ကာ မေးမော့လိုက်ပြီး မီးခိုးတွေ မှုတ်ထုတ်လိုက်သည်။ မီးခိုးငွေ့တွေက သူမရဲ့ပုံကို မှုန်ဝါးသွားစေပြီး သူမရဲ့မျက်နှာအသွင်အပြင်ကို ပိုနူးညံ့သွားစေသည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ?"
စုချန်ယန်က လက်ဆေးစင်ဆီ တိတ်တဆိတ် လျှောက်သွားပြီး ရေပိုက်ခေါင်းကို ဖွင့်ကာ ပြောလိုက်သည်။ "စီနီယာ၊ ဘယ်လိုထင်လဲ?"
Maryက နှုတ်ဆိတ်နေသည်။
ဒါက ကြုံသွားရုံဘဲ ဖြစ်တဲ့အတွက် စုချန်ယန်က အကြာကြီးနေနေဖို့ မစီစဉ်ထားပေ။ "တဆိတ်လောက်၊ ကျွန်မအခုသွားတော့မယ် Miss Mary"
Maryက ခေါင်းလှည့်ကာ သူမကိုကြည့်လိုက်ပြီး ရယ်သံတိုးတိုးထွက်လာကာ သူမလက်ဖျားကနေ ပြာကကျလာပြီး "သူနဲ့ တို့ကြား ဘာဖြစ်ခဲ့လဲဆိုတာ မင်းမသိချင်ဘူးလား?"
စုချန်ယန်က တစ်ခဏလောက် တိတ်ဆိတ်သွားပြီး သူမရဲ့ခြေလှမ်းတွေက တန့်သွားသည်။ သူမရဲ့ ဆင်ခြင်တုံတရားက သူမကို ထွက်သွားဖို့ ပြောနေပေမယ့် သူမရဲ့ ခြေထောက်တွေကတော့ ကြမ်းပြင်မှာ အမြစ်တွယ်နေတဲ့ပုံပင်။
"မင်းသိလား၊ တို့မူးနေတော့ သူ့ရင်ခွင်ထဲမှာ အိပ်ချင်ရုံဘဲ။ တို့ကသူ့ကို ဆွဲထားပြီး အိမ်မပြန်ဖို့ ပြောခဲ့တာ။ အနည်းဆုံးတော့ တို့အပေါ်မှာ သူခံစားချက်တွေရှိလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် နောက်တစ်နေ့မှာ သူက နှုတ်ထွက်ပြီး ထွက်သွားခဲ့တယ်။ သူက တို့အတွက် စကားတစ်လုံးတောင် မချန်ထားခဲ့ဘူး။ ဒါက အရမ်းရက်စက်တာ မဟုတ်ဘူးလား?"
စုချန်ယန်က ပြန်မဖြေခဲ့ပေ။
သူမ တုန့်ပြန်လာသလားဆိုတာကို Maryက ဂရုမစိုက်ဘဲ သူမဘာသာ ဆက်ပြောလာသည်။ "သူနဲ့ မတွေ့ရတာ နှစ်နှစ်လောက် ရှိပြီဆိုတော့ သူ့ကိုပြန်တွေ့တဲ့အခါ သူ့မှာ ခံစားချက်တချို့ ရှိလိမ့်မယ်လို့ ထင်ခဲ့တာ။ စိတ်ထဲမှာ အဲ့ဒီလိုမျိုးနဲ့ တို့လာခဲ့တာ။ သူ့ရင်ထဲက တို့နေရာကို မျှော်လင့်တာ လွန်သွားတာဘဲ။ သူ့အတွက်တော့ တို့ တရုတ်ကိုလာတာက မလိုအပ်တဲ့ ပြဿနာတွေယူလာတာလို့ဘဲ သူခံစားရတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်နှစ်ကသာဆိုရင် တို့က ကလေးတစ်ယောက်လို ပြုမူပြီး မင်းက တို့သကြားလုံးလေးကို ယူသွားတယ်လိုထင်ပြီး ပြန်ယူမှာဘဲ။ ဒါပေမယ့် တို့က ဒီနှစ်နှစ်အတွင်းမှာ ပြောင်းလဲပြီး ကြီးပြင်းလာခဲ့ပြီလေ"
စုချန်ယန်မှာ ဘာပြောရမလဲ မသိပေ။ အမှန်တော့ သူမမှာ ပြောစရာဘာမှ မရှိပေ။ Maryနဲ့ လင်းယွီတို့အကြောင်းတွေကို သူမဘာလို့ ရပ်နားထောင်ခဲ့လဲဆိုတာ တောင် မသိပေ။
Maryက ဒါတွေအားလုံးကို ပြောပြီးအနိုင်ရတာကို ပြချင်တာလား သူမ မသိသလို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာလည်း သူမ မသိပေ။ စုချန်ယန် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက တိတ်တိတ်လေးနေတာပင်။
"လင်းယွီ တို့ကိုပေးခဲ့တဲ့အရာတွေက လူတော်တော်များများကို သူပေးခဲ့တာတွေဆိုတော့ ဒါက ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် စုချန်ယန် မင်းတော့ သူ့ဆီကနေ မတူတာကို ရရင်ရနိုင်လိမ့်မယ်"
ရုတ်တရက်၊ Maryက ထထိုင်ပြီး သူမကို တည့်တည့်ကြည့်လာသည်။
စုချန်ယန် အံ့ဩသွားခဲ့သည်။ "ဘာကိုလဲ?"
ဒါပေမယ့် Maryက သူမကို ပြန်မဖြေခဲ့ပေ။ သူက နောက်ထပ် ဘာတစ်လုံးမှာ မပြောဘဲ သန့်စင်ခန်းကနေ ထွက်သွားတော့သည်။
အဝတ်လဲခန်းဆီ စုချန်ယန်ပြန်လာတဲ့အခါ ရှောင်လုနဲ့ ဝတ်စုံဆရာက တစ်ခုခုကို ဆွေးနွေးနေကြပြီး လင်းယွီကတော့ ဆိုဖာပေါ်မှာထိုင်ကာ သူတို့ကို ကြည့်နေသည်။
"ချန်ယန် ပြန်လာပြီလား? တစ်ချက်လာကြည့်ဦး!" ရှောင်လုက လှည့်လာကာ စုချန်ယန်ကို နှုတ်ဆက်လိုက်တော့ လင်းယွီကလည်း သူမကို ကြည့်လာသည်။
စုချန်ယန်ရဲ့ မျက်လုံးတွေက သူနဲ့ဆုံသွားပြီး Maryသူမကိုပြောခဲ့တာကို ပြန်အမှတ်ရသွားသည်။
သူမက Mr. လင်းဆီကနေ မတူတဲ့အရာ ရလိမ့်မယ်? ဘာဖြစ်နိုင်မလဲ?
ဒါပေမယ့် စုချန်ယန်က တခြားသူတွေကို ဒုက္ခပေးနိုင်သည့် အရာမှန်သမျှကို ကြောက်သည်။
သူတို့ရဲ့ အကြည့်တွေက တစ်ခဏလောက် ဆုံသွားပြီး လင်းယွီရဲ့ မျက်လုံးတွေက အပြုံးနဲ့အတူ တောက်ပလာသည်။ စုချန်ယန်က သူ့ကို ပုံမှန်အတိုင်းခေါင်း ညိတ်ပြလိုက်ပြီး ရှောင်လုဆီ သွားလိုက်သည်။
"မြန်မြန်၊ကြည့် ဒါကနင့်ရဲ့ ဝတ်စုံဘဲ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား!"
ရှောင်လုက ဝတ်စုံပေါ်ရှိ အထည်သားကို ထိလိုက်သည်။ အဖြူရောင် အဝတ်အစားက အညစ်အကြေး၊ သွေးတွေနဲ့အတူ စွန်းထင်းနေပြီး မော်ဒယ်ရဲ့ ညှပ်ရိုးအောက်မှ အဝိုင်းပုံပတ်သွားကာ ရင်ဘက်ဧရိယာကိုသာ ဖုံးအုပ်ထားသည်။
ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ စုတ်ပြတ်သတ်နေတဲ့ စကတ်အဖြူရောင်ဖြစ်ပြီး စကတ်အပေါ်တွင်တော့ ထိတ်လန့်တုန်လှုပ်ဖွယ် သွေးစွန်းရာများစွာ ထင်ကျန်နေကာ ဘေးဥပဒ်တစ်ခုကြုံတွေ့ခဲ့ရသလိုပင်။
အနက်ရောင်သံကြိုးက မော်ဒယ်ရဲ့ ပေါ်နေတဲ့ အသားအရည်တွင် တစ်လက်မစီ ရစ်ပတ်ထားပြီး ကောင်းကောင်းယက်လုပ်ထားတဲ့ ပိုက်ကွန်လိုမျိုး မော်ဒယ်ကို ချုပ်ထားသလိုပင်။
ဝတ်စုံဆရာက " အပေါ်ပိုင်းနဲ့ စကတ်နှစ်ခုလုံးမှာ ချွတ်ယွင်းမှုမရှိအောင် အနားကွပ်ထားပေးတယ်။ စုချန်ယန်၊ မင်းအပေါ်မှာရော ဘယ်လိုပုံလဲဆိုတာသိရအောင် သွားလဲကြည့်လိုက်ဦး"
စုချန်ယန်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး စုချန်ယန်ရဲ့ အမြင်ကတော့ သူမရဲ့ အလုပ်နဲ့ သက်ဆိုင်နေကတည်းက ရှေးရိုးမဆန်ပေ။
ဝတ်စုံဆရာက စုချန်ယန်ကို အဝတ်လဲခန်းဆီ ခေါ်သွားပြီး သူမ အဝတ်လဲတာကို ကူညီပေးကာ သူမကိုယ်ပေါ်က သံကြိုးတွေကိုလည်း နေရာချိန်ညှိပေးသည်။ နောက်တော့ သူမက ဘေးမှာရပ်လိုက်ပြီး သူမရဲ့လက်ရာကို ကျေနပ်စွာကြည့်ခဲ့သည်။
"Missစု ဒီဝတ်စုံနဲ့ အရမ်းလိုက်ဖက်တာပဲ။ ပရိတ်သတ်တွေ အကြိုက်တွေ့မှာ သေချာပေါက်ပဲ"
အေးစက်နေတဲ့ သံကြိုးတွေက သူမအသားအရည်မှာကပ်နေပြီး အရမ်း ထူးဆန်းသလို ခံစားရသည်။ စုချန်ယန်မှာ နည်းနည်း သက်သောင့်သက်သာမရှိသလိုမျိုး မျက်မှောင်ကြုတ်ထားသည်။
"ချန်ယန် လဲလို့ပြီးပြီလား? ထွက်လာပြီး ငါတို့ကြည့်ပါရစေဦး" ရှောင်လုက အပြင်ကနေ တိုက်တွန်းလာသည်။
"ခဏလေး" စုချန်ယန်က သူမရဲ့အပေါ်ပိုင်းကို ဆွဲတင်လိုက်တော့ သူမကိုယ်ပေါ်ရှိ သံကြိုးတွေက ပွတ်တိုက်သံထွက်လာသည်။
သူမကိုယ်တိုင် ချိန်ညှိလို့ပြီးတော့ ဝတ်စုံဆရာက တံခါးကို တွန်းဖွင့်လိုက်ကာ စုချန်ယန်ကို ခေါ်ထုတ်သွားလိုက်သည်။
လင်းယွီက ဆိုဖာပေါ်မှီနေပြီး သူ့လက်ချောင်းတွေကို ဒူးပေါ်တင်ထားကာ သာမာန်ကာလျှံကာ လှုပ်နေသည်။ ဒါက သူတစ်ခုခု စဉ်းစားနေတဲ့အခါဆို သူ့ရဲ့လှုပ်ရှားမှုအသေးလေးပင်။ သို့ပေမယ့် သူ့မြင်ကွင်းထဲ စုချန်ယန် ပေါ်လာတဲ့အခါမှာတော့ လှုပ်ရှားမှုတွေက ချက်ချင်းရပ်သွားသည်။
ရှောင်လုက တံခါးအပြင်ဘက်တွင် ရပ်နေပြီး စုချန်ယန်ကို ထိတ်လန့်စွာ ကြည့်နေသည်။
ပြင်ဆင်နေတုန်းက စုချန်ယန်ရဲ့ လိမ္မော်ရောင်ဆံပင်တွေကို အနက်ရောင်ဆိုးလိုက်ပြီး သူ့မအနောက်မှာ ရှုပ်ပွနေအောင် ဖြန့်ကြဲထားသည်။ သူမရဲ့မျက်နှာပေါ်မှာတော့ အရမ်းရောင် ဒဏ်ရာအများအပြားနဲ့အတူ လည်ပင်းနဲ့ ညှပ်ရိုးပေါ်မှာလည်း ဒဏ်ရာ ဒဏ်ချက်တွေ ရှိနေသည်။
အဝတ်အဖြူက သူမရဲ့ရင်ဘက်တစ်ဝိုက်မှာ ပတ်ထားပြီး အရေးကြီးတဲ့ ဧရိယာတွေကို တင်းတင်း ဖုံးအုပ်ထားပေမယ့် ရင်ဘက်တစ်ဝိုက်မှာတော့ သွေးတွေ စွန်းထင်းနေပြီး အန္တရာယ်မှ လွတ်မြောက်လာသည့်အခါ ခန္ဓာကိုယ်ကို အလျင်အမြန် ဖုံးအုပ်ထားလေ့ရှိသည့် စုတ်ပြဲနေသည့် အဝတ်စုတ်များလိုပင်။
သူမရဲ့ အဖြူရောင်စကတ်မှာ မမှတ်မိနိုင်လောက်အောင် စုတ်ပြဲနေပြီး အနားသပ်တွေမှာတော့ ခြောက်သွေ့နေတဲ့ သွေးများဖြင့် စွန်းထင်းနေသည်။
သူမရဲ့ ခြေထောက်အောက်ပိုင်းမှာတော့ ကြောက်စရာကောင်းတဲ့ အမာရွတ်တွေနဲ့အတူ သွေးတွေလွှမ်းနေတဲ့ အနက်ရောင် သံကြိုးတစ်ချောင်းက သူမရဲ့ပခုံးတစ်ဝိုက်တွင်ရစ်ပတ်နေပြီး ဘယ်ဘက်လက်မောင်းကို ဖြတ်ကာ ကိုယ်အပေါ်ပိုင်းတစ်ခုလုံးနဲ့ ညာဘက်ခြေထောက်အထိ ဆန့်သွားကာ သူမရဲ့ စကတ်ကို ဖောက်ပြီး ပေါင်တစ်ဝိုက်တွင် ရစ်ပတ်လျှက် ခြေသလုံးကနေ သူမရဲ့ ညာဘက်ခြေကျင်းဝတ်တွင် ချည်နှောင်ထားသည်။
စုချန်ယန်ရဲ့ ဖြူလျတဲ့အသားအရည်နဲ့အတူ သူမကိုယ်ပေါ်တွင် အဆိပ်ပြင်းမြွေတစ်ကောင်လို ရစ်ပတ်နေတဲ့ အနက်ရောင် သံကြိုးက ဆန့်ကျင်ဘက်ဖြစ်နေပြီး ရှောင်လုကို တစ်ခဏလောက် ဆွံ့အသွားစေသည်။
ရှောင်လုမှာ မင်သက်သွားပြီး သူမကိုစိုက်ကြည့်နေရင်း တစ်ခဏလောက် အသိမဝင်နိုင်တော့ပေ။