အခန်း ၈၇
Vol. 7 Ch. 87
သို့ပေမယ့် သူမသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု သတ်မှတ်ခံရသူ၏ ရှေ့တွင်တော့ သူမက အမှန်တကယ် သနားစရာကောင်းသည်ဟု မလွဲမသွေ တွေးလိုက်မိသည်။
လင်းယွီက သူမကို အထင်သေးသွားမှာလား?
ဒါပေမယ့် ဘာဖြစ်လဲ?
ဟုတ်တယ်၊ ဘာဖြစ်လဲ?
လင်းယွီရဲ့ လက်ခလယ်က ပူနွေးတဲ့ နားရွက်ကို ထိမိသွားပြီး မတတ်နိုင်ဘဲ ပွတ်နေမိသည်။
"အိုး... တစ်နှစ်ပြီးရင် ကျောင်းပြန်တက်ဖို့ စီစဉ်ထားတာလား?" သူကမေးလာသည်။
"တစ်နှစ်ပြီးရင်?" စုချန်ယန်က စိတ်ရှုပ်ထွေးသွားပုံရသည်။
"အင်း၊ မင်းရဲ့အချက်အလက်ကို ငါမြင်ပြီးပြီ။ အထက်တန်းကျောင်းမပြီးခင် ကျောင်းထွက်ခဲ့တာ။ ကျောင်းပြန်တက်ချင်ရင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ပြန်ဖြေလို့ရတယ်” လင်းယွီက တိုးတိုးလေးပြောလာသည်။
စုချန်ယန်ရဲ့ နှလုံးမှာ ဒိတ်ခနဲ ခုန်သွားတာ အမှန်ပင်! "စုချန်ယန်" မှာ ကျောင်းတက်မှတ်တမ်းရှိတယ်! သူမရဲ့မိဘတွေ ဘယ်သူလဲဆိုတာ မသိတဲ့ မိဘမဲ့ကလေးတစ်ဦးဖြစ်တဲ့ သူမဆိုတဲ့ 'စုချန်ယန်'နဲ့ မတူဘဲ ဒီ'စုချန်ယန်'က သူမရဲ့မိဘတွေက ကားမတော်တဆမှုကြောင့် သေဆုံးသွားသည်ကို သိပြီး သူမရဲ့ မိသားစုရှိပစ္စည်းများသည် အိမ်အိုကြီးတစ်လုံးကို ဖြိုချရာမှလာတာဖြစ်သည်။
ဒါနဲ့ သူမက ကျောင်းမတက်ဖူးဘူးလို့ ပြောခဲ့မိတာလား? မန်နေဂျာလင်းက သူ့ကိုလိမ်နေတယ် မထင်သွားဘူးလား?
စုချန်ယန်မှာ စိတ်ထဲတွင် မသက်မသာခံစားရပြီး သူ့ကို သတိကြီးကြီးနဲ့ မော့ကြည့်လိုက်ကာ သူမရဲ့ မျက်လုံးတွေထဲမှာတော့ မျက်နှာချိုသွေးတဲ့ အရိပ်အယောင်တွေနဲ့အတူ “ကျွန်မ ..…”
စုချန်ယန်က စကားပြောတော့မယ့် အချိန်မှာဘဲ မျက်လုံးတွေကို လက်တစ်ဖက်နဲ့ အုပ်ခံလိုက်ရပြီး သူမကို လုံးဝ မှောင်မည်းသွားစေသည်။
“ရှင့်ကို လိမ်ခဲ့တာ…” စုချန်ယန်ရဲ့ အသံမှာ မသေချာမရေရာစွာနဲ့ ထွက်လာသည်။
လင်းယွီက သူမရဲ့ မျက်လုံးတွေကို လက်နဲ့အုပ်ထားကာ သက်ပြင်းချလိုက်သည်။ "ချန်ယန် ငါ့ကိုဒီလိုမျိုးမကြည့်နဲ့"
မမြင်ရတာကြောင့် စုချန်ယန်ရဲ့ တခြားအာရုံေတွက ထူးထူးခြားခြား စူးရှလာသလို ခံစားရလိုက်သည်။ လင်းယွီရဲ့လက်ဖဝါးမှာ ခြောက်သွေ့ကာ သူမရဲ့မျက်လုံးတစ်ဝိုက်ကို ဖြည်းဖြည်းလေး ထိထားပေမယ့် နားမလည်နိုင်အောင် ယားကျိကျိဖြစ်လာသည်။
စုချန်ယန်က လင်းယွီရဲ့ လက်ကနေ ထွက်လာတဲ့ မွှေးရနံ့ သင်းသင်းလေးကို ရလိုက်ပြီးသူမရဲ့ ပါးေတွက နည်းနည်း နီရဲလာသည်။ သူမက အသက် ထိန်းရှုလိုက်ကာ တိုးတိုးလေးပြောလာသည်။ “မန်နေဂျာ လင်း…”
လင်းယွီက လည်ချောင်းသံနဲ့ တိုးတိုးလေး ပြန်ထူးလာသည်။ "ဟမ်?"
“ရှင် အရမ်းနီးနေပြီ…” စုချန်ယန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
လင်းယွီရဲ့ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့လက်ဖဝါးက လောင်ကျွမ်းသွားပုံရသည်။ သူက လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး သူမကို ငုံ့ကြည့်လိုက်ကာ “တောင်းပန်ပါတယ်”
လင်းယွီက လက်ကို ပြန်ရုတ်လိုက်ပေမယ့်၊ စုချန်ယန်ရဲ့ နှာခေါင်းတစ်ဝိုက်မှာတော့ မွှေးကြိုင်တဲ့ရနံ့ကို ခံစားမိဆဲပင်။
သူမမှာ အသက်ရှုရမှာတောင် ကြောက်သွားပြီး လင်းယွီရဲ့ အမူအရာကို မော့ကြည့်လိုက်ပေမယ့် အမှောင်ထဲတွင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။
"မီးတွေ ဖွင့်လိုက်လို့ရမလား" လင်းယွီက နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်ကာ သူမနဲ့ အကွာအဝေး ခြားလိုက်သည်။
စုချန်ယန်ရဲ့ အာရုံတွေက လုံးဝပြောင်းသွားကာ သူမ မကြောက်တော့ပေမယ့် စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲသွားသလိုမျိုး နည်းနည်းတော့ စိတ်မသက်မသာဖြစ်မိသည်။
ဒူးကြားတွင် ခေါင်းအပ်ရင်းသူမက ရေရွတ်လာသည်။ “အမ်-ဟမ်”
လင်းယွီက သက်ပြင်းတစ်ချက်ချလိုက်ကာ စုချန်ယန်ရဲ့လက်ကိုထိလိုက်ပြီး နွေးထွေးမှု အရိပ်အယောင်ကို ဆုပ်ကိုင်ထားနိုင်သလိုမျိုး သူ့ရဲ့လက်ချောင်းတွေကို သူမရဲ့လက်ဖဝါးထဲကွေးလိုက်သည်။
သူက တံခါးနားဆီသွားလိုက်ပြီး မီးခလုတ်ပေါ် လက်တင်လိုက်သည်။ ရုတ်တရက် စုချန်ယန်က သူ့ကို အနောက်ကနေ အော်လိုက်လာသည်။
"မန်နေဂျာ လင်း"
စုချန်ယန်မှာ စိတ်အားထက်ထက်သန်သန်နဲ့ လုပ်ပြီးမှ သူမ ဘာပြောချင်မှန်းတောင် မသိပေ။
သူ့အသံကြားတော့ လင်းယွီက နောက်ပြန်လှည့်ကာ မေးလိုက်သည် “ဘာဖြစ်လို့လဲ?"
စုချန်ယန်က သူမဟာ ကျောင်းမတက်ဖူးကြောင်း ရှင်းပြသင့်လား စဉ်းစားမိပေမယ့် လင်းယွီကတော့ ဂရုမစိုက်ပေ။ သူမရုတ်တရက် ပြောလာမှပဲ သံသယဖြစ်သွားနိုင်သည်။
စုချန်ယန်က အမှောင်ထုထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သန့်စင်ခန်းထဲက Mary နဲ့သူမတို့ စကားပြောခဲ့တာကို ရုတ်တရက် သတိရသွားသည်။
လင်းယွီနဲ့ စာချုပ်မချုပ်ခင်မှာ သူမက သူ့ကို အကြိမ်ပေါင်းများစွာ တွေ့ဖူးပေမယ့် သူကတော့ သူမကို မမှတ်မိဘူးလို့ Mary က ပြောခဲ့သည်။
စုချန်ယန်က တိတ်သွားပြီး လင်းယွီလည်း တံခါးဘေးတွင် စိတ်ရှည်လက်ရှည် ရပ်ကာ ငြိမ်သက်စွာ စောင့်နေသည်။
"မန်နေဂျာ လင်း၊ ကျွန်မတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုကို မှတ်မိလား" စုချန်ယန်က မေးလိုက်သည်။
"ပထမဆုံးအကြိမ်?" လင်းယွီက ပြန်ဖြေလာသည်။
စုချန်ယန်က “ဟုတ်တယ်” လို့ဖြေပြီး " auction နေ့ကို ပြောတာမဟုတ်ဘူး” ဟု ထပ်ပြောလိုက်သည်။
သူမက သူ့ကို သတိပေးလိုက်သည်။
စုချန်ယန် က ဒီမေးခွန်းကိုမေးတဲ့အခါ သူမဘာတွေတွေးနေလဲဆိုတာကို မသိသလို သူမအနေနဲ့ အဆိုးမြင်တဲ့အဖြေကို လိုချင်တာလား ဒါမှမဟုတ် အပြုသဘောဆောင်တဲ့အဖြေကို လိုချင်တာလား။ တိကျတဲ့အဖြေတစ်ခုရပြီဆိုတာနဲ့ သူမ ဘာလုပ်ရမယ်ဆိုတာလဲ မသိပေ။
ထိုအချိန်တွင် သူမပြောသမျှကို ပြန်ရုတ်သိမ်းချင်ပေမယ့် နောက်ကျသွားပြီ။
ခဏလောက်စဉ်းစားပြီးမှ လင်းယွီက "ငါထင်တာမမှားရင် မင်းရဲ့အေဂျင်စီဟောင်းမှာ audition လုပ်ဖို့ချိန်းထားတဲ့နေ့မှာပဲ မင်းကို မတော်တဆ တိုက်မိသွားတယ်"
စုချန်ယန်ရဲ့ နှလုံးသားက ပျော့ပျောင်းသွားပြီး နူးညံ့တဲ့ ငှက်မွှေးလေးတစ်ခုက ဖြည်းညှင်းစွာ ပွတ်တိုက်လိုက်သလိုပင်။ သူမကအကြည့်ကို အောက်ပို့လိုက်ပြီးတိုးတိုးလေးပြောလာသည်။ “ရှင်မှတ်မိသားပဲ”
လင်းယွီက နားမလည်ဖြစ်သွားကာ "ဘာဖြစ်လို့လဲ"
တစ်ခါဘဲ ဆုံခဲ့ဖူးတဲ့လူကို မှတ်မိတာက မယုံနိုင်စရာကောင်းတဲ့ အရာ မဟုတ်ဘူးလား?
"ဘာမှမဟုတ်ပါဘူး" စုချန်ယန်က ခေါင်းဖြည်းဖြည်း ခါလိုက်ပြီး "မန်နေဂျာလင်း ကျွန်မအခု အဆင်ပြေသွားပါပြီ၊ မီးဖွင့်စရာမလိုပါဘူး။ ကျေးဇူးပြုပြီး ကျွန်မအတွက် ရှောင်လုကို ခေါ်ပေးလို့ရမလား?"
လင်းယွီက အံ့အားသင့်သွားပြီး ခေါင်းညိတ်ကာ ရှောင်လုကို ခေါ်ဖို့ နားနေခန်းတံခါးဆီ လျှောက်သွားလိုက်သည်။
ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး စုချန်ယန်ဘက်ကို လှည့်ကြည့်ကာ "တောင်းပန်ပါတယ်"
သူက သူမကို မတော်တဆ ထိမိတဲ့အတွက် တောင်းပန်နေမှန်း သိပေမယ့် ဒါဟာ တောင်းပန်သင့်တဲ့ အရာလို့တော့ သူမ မထင်ပါပေ။
“တောင်းပန်စရာမလိုပါဘူး” စုချန်ယန်က ရေရွတ်လိုက်သည်။
"ကောင်းကောင်းနား ငါ မင်းကို တစ်နာရီလောက်နေရင် လာခေါ်မယ်"
“အမ်…”
လင်းယွီ အခန်းထဲကနေ ထွက်သွားပြီးတော့ နောက်ဆုံးမှ စုချန်ယန်မှာ သူမပတ်ဝန်းကျင်တွင် သူ မရှိတော့ကြောင်းသိလိုက်ရသည်။
သူမ မျက်နှာကို မော့လိုက်ပြီး လင်းယွီ သူမကို ထိခဲ့တဲ့ နေရာကို ထိရုံနှင့်ပင် နွေးထွေးမှုကို ခံစားနေရဆဲပင်။
“မန်နေဂျာလင်း…” စုချန်ယန်က ရေရွတ်လိုက်သည်။
အဲ့ဒီအချိန်မှ စုချန်ယန် Mary ရဲ့ခံစားချက်ကို နားလည်သွားသလို ခံစားလိုက်ရသည်။
စုချန်ယန်က မွေးကတည်းက single ဖြစ်ခဲ့ပေမယ့် လင်းယွီဟာ ရုပ်ရည်နဲ့ စရိုက်လက္ခဏာအရ အရမ်းကောင်းတဲ့ လူတစ်ယောက်ဖြစ်ပြီး သူမရဲ့နှလုံးသားကို လှုပ်ခတ်စေတာကိုတော့ ဝန်ခံရမည်။
"ဒါပေမယ့် ဒါက မဖြစ်နိုင်ပါဘူး" စုချန်ယန်က လင်းယွီထွက်သွားတဲ့ လမ်းကြောင်းကို မှင်တက်စွာ ကြည့်နေမိသည်။
လင်းယွီရဲ့ဘေးကင်းရေးဇုန်ကို ဖြတ်ကျော်ပါက အညှာအတာမဲ့စွာ တွန်းထုတ်ခြင်း ခံရလိမ့်မည်။
ဒါအပြင် စုချန်ယန်မှာ တစ်စုံတစ်ယောက်အတွက် အကျုံးမဝင်ဘဲ သူတို့ရဲ့ဘေးမှာ ရပ်တည်နိုင်ဖို့ အရည်အချင်းပြည့်မီရန်အတွက် သူတို့ရဲ့နောက်ကို အသည်းအသန် လိုက်နေရသည်။
ဘယ်လမ်းတိုင်းမဆို စုချန်ယန်မှာ ဒီလိုမျိုး နုံအတဲ့အတွေးမျိုး မရှိသင့်ဘူး။ ဒါက အရမ်းရူးမိုက်လွန်းတာ မဟုတ်လား?
စုချန်ယန်မှာ ငြိမ်သက်သွားပြီးနောက် နှစ်မိနစ်အကြာတွင်၊ ရှောင်လုက အပြေးအလွှားဝင်လာခဲ့သည်။
"ချန်ယန်၊ အဆင်ပြေရဲ့လား?" ရှောင်လုက မီးကို ဂရုမစိုက်ဘဲ ဖွင့်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
ရုတ်တရက် အလင်းတန်းက စုချန်ယန်ရဲ့ မျက်လုံးတွေထဲ ထိုးဖောက်ဝင်လာပြီး သူမကို ဖွင့်လို့မရအောင် ဖြစ်စေသွားသည်။
သူမကမျက်လုံးတွေကို လက်နဲ့အုပ်လိုက်ပြီး မျက်ရည်တွေက စီးကျလုနီးပါးပင်။ နောက်ဆုံးမှာ ခုနတုန်းကဝင်လာတဲ့လူမှာ ရှောင်လု အစား ဘာလို့ လင်းယွီဖြစ်သင့်လဲဆိုတာ သူမ သဘောပေါက်သွားသည်။ ရှောင်လုသာ တိုက်ရိုက်ဝင်ချလာမယ်ဆိုရင် သူမက ဖိအားဖြစ်စေလိမ့်မယ်လို့ စုချန်ယန် ခံစားလိုက်ရသည်။
"အဆင်ပြေပါတယ်၊ ပြိုင်ပွဲကရော ဘယ်လိုဖြစ်သွားလဲ?"
စုချန်ယန်က အခန်းထဲမှာ သူမကိုယ်သူမ လော့ခတ်ထားတဲ့ဆယ်မိနစ်အတွင်းမှာပဲ စတုတ္ထမြောက်ဧည့်သည်က ဖျော်ဖြေလို့ ပြီးကာ ပြိုင်ပွဲရလဒ်ကို ကြေညာခဲ့သည်။
ရှောင်လုက ပျားရည်ခွက်ကို ကိုင်ကာ စုချန်ယန်ဆီ လျှောက်သွားလိုက်သည်။ သူမက ခေါင်းယမ်းလိုက်ပြီး ခွက်ကို စုချန်ယန်ဆီပေးကာ "ဒီမှာ ငါ့ဝမ်းကွဲအစ်ကိုက ပျားရည်ကို လုပ်ထားပေးတယ်။ ပူနေတုန်း နည်းနည်းသောက်လိုက်"
စုချန်ယန် သူမလက်ထဲက ခွက်ကို ယူလိုက်ပြီး "ကျေးဇူးပဲ"
ရှောင်လုက သူမဘေးတွင်ထိုင်ချလိုက်ပြီး သူမရဲ့ခန္ဓာကိုယ်မှာ ရစ်ပတ်ထားတဲ့ သံကြိုးကို လက်နဲ့ ဆွဲလိုက်ကာ သက်ပြင်းချလိုက်ပြီး "စုချန်ယန် နင်က တကယ် အံ့သြစရာဘဲ။ နင့်ကိုတွေ့တော့ ငါငိုလုမတတ်ဘဲ။ ငါမငိုခဲ့ရတာ ဘယ်နှစ်နှစ်ရှိပြီလဲ သိလား? စစ်သင်တန်းတက်တုန်းကတောင် မငိုခဲ့ဘူး။ နင်တို့တွေပေါ်ကနေ ဆင်းလာတော့ တယ်ရီကို တွေ့တဲ့အချိန် တကယ် ဒေါသထွက်မိတယ်။ ငါသူ့ကို တကယ် ရိုက်ပစ်လိုက်ချင်တာ"
စုချန်ယန်က သူမကို ရယ်လိုက်ပြီး "တိုက်ခိုက်တာက ရာဇဝတ်မှုတစ်ခုဘဲ၊ ဥပဒေကို မချိုးဖောက်ပါနဲ့"
ရှောင်လုက သူမရဲ့ပခုံးကို ပုတ်လိုက်ပြီး အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ကာ စုချန်ယန်ဆီ တလေးတနက်နဲ့ ကမ်းပေးလိုက်သည်။ "မစ္စစု၊ ကို လေးလေးနက်နက်နဲ့ အကြောင်းပြန်ပါတယ် - နင်အခု hot search ထဲ ထပ်ရောက်နေပြန်ပြီ"
စုချန်ယန်က အံ့သြတကြီးနဲ့ ဖုန်းကိုယူလိုက်ပြီး စိတ်တည်ငြိမ်အောင် ပျားရည်သောက်လိုက်သည်။ နောက်တော့ Weibo ကို နှိပ်လိုက်တော့ ရှာဖွေမှုတွင် သူမရဲ့နာမည်ကို တွေ့လိုက်ရသည်။
ရှောင်လုက သူမဘေးနားကနေ ဆက်ပြောလာသည်။ "ဒီအစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေတာ။ နင့်ရဲ့ဖျော်ဖြေမှုအပြီးမှာတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေက ရူးသွပ်သွားတာပဲ။ မှတ်ချက်တွေက အရမ်းများလွန်း အဟလေးတောင် မတွေ့ရဘူး။ စတုတ္ထမြောက်ဖျော်ဖြေရတဲ့ ဧည့်သည်ကတော့ လုံးဝကို သနားစရာဘဲ။ ဝဘ်ဆိုဒ်နဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေဆို နင့်ရဲ့ဖျော်ဖြေတင်ဆက်တာတွေကိုဘဲ တဝဲလည်လည်ဖြစ်နေပြီး တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားတာတောင်မှ သူဘာတွေဖျော်ဖြေခဲ့မှန်း သိတာင် မသိလိုက်ကြဘူး"
"နင်မြင်လား? လူတိုင်းက ဒါကိုချီးမွမ်းနေကြတာ၊ အရမ်း ကောင်းတယ်။ ငါ့အစ်ကိုက ကျောက်မျက် ရတနာတစ်လုံးကို တကယ်ယူလာမိသလို ခံစားရတယ်။ သိပ်မကြာခင်မှာ နင်နာမည်ကြီးလာမှာသေချာတယ်"
စုချန်ယန်က ပြုံးပြီး စိတ်ထဲ မထားလိုက်ပေ။သူမက hot search ပေါ်က သူမအကြောင်းကို နှိပ်လိုက်သည်။
[အစ်မ၊ မင်းက ငါ့ရဲ့ နတ်သမီးပဲ!!!]
[ဒီနေ့ စုချန်ယန် ရဲ့ ဖျော်ဖြေမှုကို ဘယ်သူ့ကိုမှ လွတ်သွားခွင့်မပြုဘူ!]
[ဒီည ငါ့အစ်မ လုပ်ခဲ့သမျှ အမူအရာတိုင်းက ဆေးလိပ်သောက်ပြီး အဆုတ်တွေကို ဖျက်စီးပစ်ချင်စရာဘဲ!]
[အာ့ အမေကငါ့ကို လိုက်ရိုက်လို့ ငါအရမ်းငိုမိပြီ။ မွေးကတည်းက ဒီလောက် စိတ်ဆင်းရဲစရာကောင်းအောင် တစ်ခါမှမငိုဖူးဘူးလို့ ငါ့အမေက ပြောတယ်! ]
[ အရင်က ဒီလိုဆူညံပြီး စိတ်ညစ်စရာကောင်းတဲ့ death metal သီချင်းတွေကို တစ်ခါမှ မကြိုက်ခဲ့ဘူး။ ဒါပေမဲ့ အစ်မရဲ့အကနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အင်အားတွေ ပြည့်လာသလို ခံစားရတယ်။ ကံကောင်းလို့ နောက်ဆုံးမှာ အပြစ်သားကို သေတဲ့အထိ ကိုက်ခဲ့တာ】
[ကူပါဦး ကူညီပါဦး ကူညီပါဦး စုချန်ယန်ရဲ့နောက်ဆုံးအပြုံးက ငါ့နှလုံးသားလေးကို ထိသွားပြီ!]
[ဝူး ဝူး ဝူး၊ ဒီပရိုဂရမ်ကို အစမ်းပဲ ကြည့်ခဲ့ရတဲ့အတွက် အားလုံးအစ်မရဲ့အမှားဘဲ။ <Travel > ရဲ့ဒုတိယအပိုင်းကို ကြည့်ဖို့တောင် အချိန်မရှိတော့ဘူး။ ငါ အခုပြန်သွားပြီး အမီလိုက်ရမယ်]
[ စုချန်ယန် မီးတောက်နေပြီ! မင်း သရုပ်ဆောင်တာကို ငါမြင်ချင်တယ် !]
....
စုချန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး ချီးကျူးစကားတွေ အပြည့်နဲ့ ပင်မစာမျက်နှာကို ကြည့်လိုက်ကာ တစ်ခုခု မူမမှန်သလို ခံစားလိုက်ရတယ်။ သူမ အောက်ဆွဲချလိုက်ပြီး အချိန်အတော်ကြာအောင် လိုက်ကြည့်နေကာ နောက်ဆုံးမှာတော့ မတူညီတဲ့ မှတ်ချက်အချို့ကို တွေ့လိုက်ရသည်-
[နားကိုမလည်ဘူး၊ မေးကြည့်ရုံပါ၊ စုချန်ယန်က ရူးသွပ်နေတဲ့ စိတ်မနှံ့တဲ့လူနာတစ်ယောက်လို သရုပ်ဆောင်ရတာလား?]
[ဟမ်၊ ဒီဝတ်စုံက တကယ်ကို ဖော်လွန်းတယ်….]
[စတိုင်က အရမ်းမိုက်တယ်လား? ငါတော့ ကြက်သီးထပြီး အော်ဂလီဆန်လာတယ်]