← Chapters

အခန်း ၉၁

Vol. 7 Ch. 91

အခန်း ၉၁

Vol. 7 Ch. 91

အဲ့ဒီအချိန် စားသောက်ဆိုင်တစ်ခုမှာ ခေါက်ဆွဲစားနေတဲ့ အမျိုးသားတစ်ဦးက စုချန်ယန်နဲ့ တစ်ခြားလူကို တွေ့လိုက်သည်။ သူ့မျက်လုံးတွေက ချက်ချင်းလင်းလာပြီး သူ့လက်ထဲက တူကို ချလိုက်ကာ ပြေးထွက်လာသည်။

"မင်္ဂလာပါ မင်းတို့နှစ်ယောက်! ကျေးဇူးပြုပြီးခဏစောင့်ပါဦး!"

ထိုလူက ရုတ်တရက် သူတို့လမ်းကို ပိတ်လိုက်ပြီး အလျင်လိုနေတာကြောင့် လဲကျလုနီးပါးပင်။ သူ့ပါးစပ်တစ်ဝိုက်တွင်လည်း အဆီပြန်နေသည်။

သူ့အသံက တိုးတိုးလေး မဟုတ်တဲ့အတွက် အနီးနားက လူတော်တော်များများက ကြားလိုက်ပြီး သူတို့ကိုသံသယနဲ့ ကြည့်နေကြသည်။

စုချန်ယန်က ခေါင်းငုံ့ကာ ဦးထုပ်ကို အမြန်နှိမ့်လိုက်သည်။

ရှောင်လုက ခါးထောက်လိုက်ပြီး သူမရှေ့မှလူကို စိုက်ကြည့်ကာ "ရှင် ပြဿနာ ရှာနေတာလား? ငါ့ကို မညှာတာလို့ အပြစ်လာမတင်နဲ့"

အဲဒီလူက အစားအစာတွေကို အမြန်မျိုချလိုက်ပြီး စိုးရိမ်တကြီးနဲ့ ရှင်းပြလာသည်။ “မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ မင်းနားလည်မှုလွဲတာပါ!"

ပြောလို့ပြီးသွားတော့ သူက စုချန်ယန်ရဲ့ မျက်နှာကို နှစ်ကြိမ် လောက် ကြည့်လိုက်သည်။

"ဘာကြည့်နေတာလဲ?"

“ရှောင်လု…” စုချန်ယန်က သူမရဲ့ အင်္ကျီစကို တင်းတင်းကျပ်ကျပ်ဆွဲကာ ပြဿနာဖြစ်မှာ စိုးနေသည်။

ထိုလူက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပိုက်ဆံအိတ်ထဲကနေ ကတ်ပြားတစ်ကတ်ကို အမြန်ထုတ်ကာ သူတို့နှစ်ယောက်ကို ပေးလိုက်သည်။

“မင်းအထင်မှား‌နေတာ၊ ကျွန်တော်က ဇာတ်ညွှန်းရေး ဆရာ တစ်ယောက်ပါ” အဲ့ဒီလူက ပြောလာသည်။

"ဇာတ်ညွှန်းရေးဆရာ?"

ရှောင်လုနဲ့ စုချန်ယန်က အဲ့ဒီလူကို သံသယနဲ့ ကြည့်လိုက်ကြသည်။

အဲဒီလူက သူ့ကို မယုံမှာ စိုးကာသူ့နောက်က ကစားကွင်းကို လက်ညှိုးထိုးပြလိုက်ပြီး “မင်းတို့ကို မလိမ်ပါဘူး။ ကျွန်တော်ကတကယ် ဇာတ်ညွှန်းရေးဆရာပါ။ ဒီရက်ပိုင်း တက္ကသိုလ်မှာ ရိုက်ကူးရေးတွေ လုပ်နေတယ်”

ရှောင်လုက business ကတ်ကိုယူလိုက်ပြီး စုချန်ယန် ကို ပေးလိုက်သည်။ သူမကိုကြည့်လိုက်တော့ အဲ့ဒီလူရဲ့နာမည်က ကျန်းဟုန် ဖြစ်ပြီး အမှန်တကယ်ပင် ဇာတ်ညွှန်းရေးဆရာဖြစ်သည်။

ရှောင်လု - "ဒါဆို ရှင်က ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲ?"

ကျန်းဟုန်က သူမကိုကြည့်ပြီး စုချန်ယန်ကို တစ်ချက်ကြည့်လိုက်ကာ "ရိုးရိုးသားသားပြောရရင် သိပ်မကြာ‌သေးခင်တုန်းက အမျိုးသမီး သရုပ်ဆောင်တစ်ယောက်က စိတ်ပြောင်းသွားပြီး ရုပ်ရှင်မှာမပါတော့ဖို့ ဆုံးဖြတ်လိုက်တော့ အဖွဲ့သားအားလုံးရဲ့ တိုးတက်မှုတွေကို နှောင့်နှေးသွားစေတယ်။ ဇာတ်ကောင်နေရာက ကြီးကြီးမားမားမဟုတ်ပေမယ့် အရေးကြီးနေသေးတယ်။ အဖွဲ့သားတွေက သင့်တော်မယ့် သူကို ရှာမတွေ့‌သေးတဲ့အတွက် ရိုက်ကူးရေးကို ခဏရပ်ထားပြီး တက္ကသိုလ်မှာ ကံကောင်းပြီး ရှာတွေ့ဖို့ ကြိုးစားနေရတယ်"

သူကပြောပြီးတာနဲ့ စုချန်ယန်ရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။

ဦးထုပ်နဲ့မက်စ်တပ်ထားပေမယ့် သူမရဲ့မျက်လုံးတွေက လှပပြီး စိတ်နေစိတ်ထား အလွန်ကောင်းမွန်ပုံရသည်။ မျက်နှာမှာ အပြစ်အနာအဆာတွေ ရှိခဲ့ရင်တောင်မှ မိတ်ကပ်နဲ့ အပြင်လိုက်လို့ရသည်။ စိတ်ထားကောင်းတာက နေ့ချင်းညချင်း တိုးတက်လာနိုင်သည့် အရာမဟုတ်ပေ။

ရှောင်လုက မျက်ခုံးပင့်လိုက်ပြီး စုချန်ယန်ရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်ကာ "ဒါဆို အစ်ကို၊ ရှင်တော့ကံကောင်းသွားပြီ"

ကျန်းဟုန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး "ဟုတ်တယ်၊ ကျွန်တော် ကံကောင်းသွားပြီ! ဇာတ်ရုပ်က အများကြီး ကျွမ်းကျင်စရာ မလိုပါဘူး၊ တစ်ရက်အတွင်း ရိုက်ကူးနိုင်မှာ… မဟုတ်ဘူး၊ မဟုတ်ဘူး၊ နာရီအနည်းငယ်အတွင်း ရိုက်ကူးနိုင်တယ်"

ထိုအချိန် သူတို့သုံးဦး သတိမထားမိသည့်နေရာတွင် ပါပါရာဇီတစ်‌ဦးက ထောင့်တစ်နေရာတွင် ပုန်းအောင်းနေပြီး ဓာတ်ပုံအနည်းငယ် ရိုက်ယူလိုက်သည်။

သူတို့နှစ်ယောက် စိတ်မဝင်စားတာကိုမြင်တော့ ကျန်းဟုန်က စိတ်အားထက်သန်စွာပးနဲ့ ပြောလာသည်။ "မင်းဈေးနှုန်းကို စိတ်ကြိုက်ပြောပါ! မင်းတို့နှစ်ယောက်လုံး ဒီတက္ကသိုလ်ကဘဲလား? ဒါက ကူညီပေးရုံပါပဲ၊ အနာဂတ်မှာ ဖျော်ဖြေရေးနယ်ပယ်မှာ တိုးတက်ချင်တယ်ဆိုရင်တော့ သေချာပေါက်ကို ပို အဆင်ပြေမှာ!"

ရှောင်လုက ပြုံးပြီး စုချန်ယန် ဘက်လှည့်ကာ သူမကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

လမ်းလျှောက်ထွက်‌ နေရင်းနဲ့ ဇာတ်ကားတစ်ကားရိုက်ဖို့ ကမ်းလှမ်းခံရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? စုချန်ယန်က ဒီနယ်ပယ်မှာ မွေးဖွားလာတာ မဟုတ်ဘူးလား?

စုချန်ယန်က နည်းနည်း အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ ရိုးရိုးသားသားပြောရရင် သူမဟာ ဖျော်ဖြေရေးလောကထဲ စတင်ဝင်ရောက်လာချိန်မှာပဲ သူမကို လမ်းပေါ်ကနေ ဒါရိုက်တာတစ်‌ယောက်က ရှာ‌ဖွေ တွေ့ရှိခဲ့ပြီး မင်းသမီးဖြစ်ဖို့ အခွင့်အရေးရလာခဲ့သည်။

ဒါကမျက်လုံးကောင်းပြီး စုချန်ယန်ကို ချက်ချင်း သတိထားမိသွားတဲ့ ကျန်းဟုန်ရဲ့ အပြစ်မဟုတ်ပေ။ အဓိကမှာ စုချန်ယန်မှာအွန်လိုင်းတွင် “ပုံပြင်ပြောခြင်း” လို့မကြာခဏရည်ညွှန်းလေ့ရှိသော အထူးအရည်အသွေးတစ်ခုရှိသည်။

သူမကို တစ်ချက်ကြည့်လိုက်ရုံနဲ့ လူတွေရဲ့စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ လှည့်ကွက်တွေနဲ့ ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ကူးပုံဖော်ကြည့်နိုင်သည်။

"ဒါဆို မင်းဘယ်လိုထင်လဲ?" ကျန်းဟုန်က စုချန်ယန်ရဲ့တုံ့ပြန်မှုကို စောင့်နေဆဲဖြစ်သည်။

စုချန်ယန်က နှာခေါင်းမော့လိုက်ပြီး ဝန်လေးစွာနဲ့ ပြန်ဖြေလိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မ ရှင့်ကို မကူညီပေးနိုင်ပါဘူး"

ကျန်းဟုန်ဆီ business ကတ်ကို ပြန်ပေးလိုက်ပြီး သူမက ရှောင်လုကို ပြောလိုက်သည်။ "သွားကြရအောင်"

ရှောင်လုက ကျန်းဟုန်ကို ပခုံးတွန့်ပြလိုက်ပြီး "တောင်းပန်ပါတယ် သူငယ်ချင်းရေ၊ ပိုက်ဆံက ကျွန်မတို့ကို မလှုပ်နိုင်ဘူး။ ရှင် ကံကောင်းပါစေ"

ဇာတ်ကြောင်းမှာ စာကြောင်းနည်းနည်းပဲ ပါပေမယ့် ဒါရိုက်တာက အရမ်းတောင်းဆိုသည်။ သူတို့ကကျောင်းမှာရှိတဲ့ ကျောင်းသူတွေကို စစ်ဆေးပြီးပေမယ့် ဒါရိုက်တာရဲ့ လိုအပ်ချက်များနှင့် မကိုက်ညီသေးပေ။ ဒီလိုနဲ့ သူတို့က တက္ကသိုလ်မြို့ကို လှည့်ပတ်ပြီး ကံစမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အခုတော့ သူနဲ့ သင့်တော်တဲ့ လူကို ရှာတွေ့တော့ လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ပါချေ။

"ခဏ၊ ခဏ!"

သူတို့‌ ၂ ယောက် မထွက်သွားသေးခင် ကျန်းဟုန်က သူတို့ကို လှမ်းသုံးလှမ်းနဲ့ မီလာပြီး “Miss၊ အသက် ကယ်တာက ဘုရားခုနစ်ထပ်တည်တာထက် ပိုကောင်းပါတယ်။ ဒီနေ့ မင်းသမီးကို ရှာမတွေ့ရင် ကျွန်တော်အလုပ်ထုတ်ခံရလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်မိသားစုအတွက် ကျွန်တော့်ကို.ကူညီပေးပါ။ မင်းရဲ့အချိန်ကိုအများကြီး မယူဘူးလို့ ကတိပေးပါတယ်!"

ရှောင်လုက ကူကယ်ရာမဲ့စွာနဲ့ "ဒါပေမယ့် ဒီနေ့က ငါတို့ရဲ့ အားလပ်ရက်လေ"

“မင်းရဲ့အချိန်တွေကို အများကြီးမယူပါဘူး။ အများစုက နေ့လည်ခင်းမှာ အခန်း နည်းနည်းပဲရှိတာပါ။ ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့မိန်းကလေးနှစ်ယောက်ရယ် ကျေးဇူးပြုပြီး ကူညီပေးကြပါ။ ကျွန်တော်တို့ဒါရိုက်တာ ဆံပင်ဖြူလာမှာကို အရမ်းစိုးရိမ်‌နေရတယ်။ သရုပ်ဆောင်တွေ ရှာမတွေ့ရင် အဖွဲ့သားအားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွားလိမ့်မယ်”

သူ့စကားတွေက ချဲ့ကားပြောနေမှန်း စုချန်ယန် သိပေမယ့် သူမ နည်းနည်းတော့ စိတ်ပျော့သွားသည်။ သရုပ်ဆောင်တစ်‌ယောက်က မတိုင်ခင် နောက်ဆုံးမိနစ်တွင် နုတ်ထွက်ခဲ့တာကို သူမမြင်ဖူးပြီး အဖွဲ့သားအားလုံးကို သတ်မှတ်ချိန်ထက် နှောင့်နှေးစေခဲ့သည်။

သရုပ်ဆောင် အများကြီးပါဝင်နေတာကိုမပြောနဲ့ဦး ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတို့က တည်နေရာနှင့် ပစ္စည်းကိရိယာတွေကို အကုန်ကျထားရတာကြောင့် မိနစ်တိုင်း ဆုံးရှုံးမှုကအရေးကြီးသည်။

စုချန်ယန် ယိမ်းယိုင်သွားတာကိုမြင်တော့ ကျန်းဟုန်က နှစ်ဆတိုးလာပြီး သူတို့ရဲ့အခြေအနေကို ပိုသနားစရာကောင်းအောင် ကြိုးစားလိုက်သည်။

စုချန်ယန်မှာ နားထောင်နေရတာ သည်းမခံနိုင်တော့ပေ။ သူမကသဘာဝအတိုင်း ကိုယ်ချင်းစာတတ်ပြီး စိတ်ခံစားမှုများကို အလွယ်တကူ တွန်းလှန်တတ်သူဖြစ်သည်။ ဒါ့အပြင်၊ အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းရဲ့ ခံစားချက်ကို သူမသိသည်။

ဘာပဲဖြစ်ဖြစ် သူမမှာ စာချုပ်သက်တမ်း တစ်နှစ်မပြည့်သေးတဲ့အတွက် အဲဒါပြီးရင်တော့ သူမလုပ်ချင်တာမှန်သမျှ လုပ်လို့ရမည်။ ယခုလောလောဆယ်တွင်၊ သူမက သူတို့ကို ကူညီပေးနိုင်ပြီး သူမရဲ့"ပြားပြားချပ်ချပ်" ရန်ပုံငွေအတွက် အပိုငွေအချို့ကို ရရှိနိုင်သည်။

သူမ ခဏလောက်စဉ်းစားပြီးမှ မေးလိုက်သည်။ “ရှင် ကျွန်မကိုဘယ်လောက်ပေးမှာလဲ?"

ကျန်းဟုန်ကသူမဟာ နုံချာတဲ့ ကျောင်းသူ‌လေးတစ်ယောက်လို့ ထင်ပြီး ကျေနပ်သွားသည်။ သူက ရက်ရောဟန်ဆောင်ပြီး “တစ်ထောင်ပေးမယ်။ ကျွန်တော်တို့လုပ်ငန်းမှာ ပိုက်ဆံတစ်ထောင်နဲ့ ရိုက်မယ့် သရုပ်ဆောင်တစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ ရှားတယ်"

စုချန်ယန်က ပြုံးလိုက်ပြီး " ရှောင်လုသွားကြစို့"

အဲဒါနဲ့ သူမ လှည့်ထွက်သွားတော့သည်။

ရှောင်လုက ကျန်းဟုန် ဘာ‌တွေးနေလဲဆိုတာကို သိစွာနဲ့ ပြုံးလိုက်သည်။ စုချန်ယန်ကို ယွမ်တစ်ထောင်လောက်နဲ့ လာဘ်ထိုးနိုင်မယ်လို့ သူတကယ်ကြီးထင်နေတာလား?

စုချန်ယန်က တစ်စက္ကန့်တောင် စဉ်းစားမနေဘဲ ထွက်သွားတဲ့အခါ ကျန်းဟုန်မှာလုံးဝ အံ့အားသင့်သွားသည်။ သူကနေရာမှာဘဲ ကြောင်နေပြီး နောက်ဆုံးမှာ သူမနောက်ကို ပြေးလိုက်လာသည်။

"ခဏစောင့်ပါဦး ကျွန်တော့် ကမ်းလှမ်းချက် နှစ်ဆတိုးပေးမယ်လေ?" ကျန်းဟုန်မှာ အခုထိအစာမ‌ေကြသေးဘဲ ပြေးနေတာကြောင့် ဗိုက်အောင့်လာသည်။

စုချန်ယန်က ရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်ကာ "ရှင့်ရဲ့ အဖွဲ့သားတွေက အရေးကြီးတဲ့ ဇာတ်ကောင်နေရာအတွက် တစ်ယောက်ယောက်ကို လိုအပ်နေ‌တော့ ကျွန်မက ရှင့်ကို ခဏလောက် ကူညီပေးရမယ်။ ဒါက ရှင့်မှာ ရှိသမျှ ရိုးသားမှုတွေလား? နောက်ခံသရုပ်ဆောင်တစ်‌ယောက်ကိုသာ လိုအပ်ရင် ဘယ်သူမဆို ရှာလို့ရတယ်။ ဒါပေမယ့် ဒါက အရေးကြီးတဲ့ ဇာတ်ကောင်နေရာလေ ဖျော်ဖြေရေးနယ်ပယ်မှာ သင့်တော်တဲ့ သရုပ်ဆောင်တစ်ယောက်ကို ယွမ်နှစ်ထောင်လောက်နဲ့ ရှင်ရှာတွေ့နိုင်မယ်ထင်နေလား?"

ကျန်းဟုန် - “…”

အရေးကြီးတဲ့ ဇာတ်ကောင်နေရာအတွက် နေနေသာသာ အဲဒီဈေးနဲ့ဆို တစ်ယောက်ယောက်ကို ရှာဖို့တောင် မဖြစ်နိုင်ဘူး။ တခြားသရုပ်ဆောင်တွေဆို သူ့ကို ရူးနေလားလို့တောင်ကျိန်ဆဲကြလိမ့်မယ်။ ဇာတ်ရုပ်က ထူးထူးခြားခြားမဟုတ်ပေမယ့် သူတို့နဲ့ လက်မှတ်ထိုးထားတဲ့ အရင်သရုပ်‌ဆောင်အတွက် ယွမ်တစ်သန်းနီးပါး ပေးချေထားပြီးပြီဖြစ်သည်။

ကျန်းဟုန်မှာ စုချန်ယန်က ဒီလောကကို နားလည်နေလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။ သူက သူမကို လှည့်စားလို့ရမယ်လို့ ထင်ခဲ့ပေမယ့် အရမ်းလွယ်ကူလိမ့်မယ်‌ပုံမပေါ်ချေ။

ဒါပေမယ့် ချဲ့ကားကြည့်မယ်ဆိုရင် ဒါက ယွမ်တစ်သန်းထက် ဈေးတော်နေသေးသည်။ သူကအံကြိတ်ကာ မေးလိုက်သည်။ “ဒါဆို မင်းဘယ်လောက်လိုချင်လဲ?”

စုချန်ယန်က ပြုံးလိုက်ပြီး " ဒီကိစ္စကို ကျွန်မရဲ့မန်နေဂျာနဲ့ ပြောဖို့လို့မယ်"

ကျန်းဟုန်က စိတ်ရှုပ်သွားပြီး "မင်းရဲ့မန်နေဂျာ?"

စုချန်ယန်က လက်ဆန့်ထုတ်လိုက်ကာ"မင်္ဂလာပါ Mr. ကျန်း၊ ကျွန်မက စုချန်ယန်ပါ"

ကျန်းဟုန်က အံ့အားသင့်သွားပြီး သူ့သူငယ်အိမ်တွေက တဖြည်းဖြည်း ပြူးကျယ်လာကာ "မင်း၊ မင်း မင်းက စု..."

ရှောင်လုက သူ့ပုခုံးကို အမြန်ဆွဲလိုက်ပြီး "အစ်ကို၊ ရှင့်အသံကို လျှော့ဦး။ ဒီမှာ လူတွေအများကြီးရှိ‌နေတယ်‌လေ”

ကျန်းဟုန် က တံတွေး မျိုချလိုက်ပြီး စုချန်ယန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း "စုချန်ယန်လား?"

စုချန်ယန် ခေါင်းညိတ်ပြီး "ကျွန်မပဲ"

အဲ့ဒီတော့မှ သူက စုချန်ယန်ရဲ့ မျက်နှာသွင်ပြင်ကို အသေအချာ စစ်ဆေးကြည့်လိုက်ရာ နည်းနည်းရင်းနှီးသလိုရှိ‌နေကြောင်း တွေ့လိုက်ရသည်။

"ခဏလောက်.... ဖုန်းအရင်ခေါ်ပါရစေဦး"

စုချန်ယန်က ပခုံးတွန့်လိုက်ပြီး "ကောင်းပြီလေ"

ကျန်းဟုန်က တုန်လှုပ်ခြောက်ခြားသွားပြီး ဒါရိုက်တာကို ဖုန်းဆက်လိုက်သည်။

"ဒါရိုက်တာ! ကျွန်တော်အခု ဘယ်သူနဲ့ တွေ့ခဲ့လဲ ခန့်မှန်းကြည့်!"

ဒါရိုက်တာက သူ့လေသံမှာ အနည်းငယ် ကွန့်မြူးနေသဖြင့် "ဘယ်သူလဲ?"

"စုချန်ယန်! မနေ့ညက Starlight Entertainment က Mr.လင်းကို ဆက်သွယ်ခဲ့တယ် မဟုတ်လား? စုချန်ယန်က ကျွန်တော်တို့ကို ငြင်းပယ်ဖို့ အချိန်မရှိဘူးလို့ သူပြောခဲ့တယ်လေ။ ကျွန်တော်အခု သူမကို တက္ကသိုလ်မြို့မှာတွေ့ခဲ့တယ်! ပြီးတော့ သူမက ကျွန်တော်တို့ကို ကူညီနိုင်တယ် လို့ပြောတယ်!”

"အမှန်ဘဲလား!?" ဒါရိုက်တာက သူ့ရဲ့တူတွေကို ဖိချလိုက်ပြီး “သူမရဲ့ သရုပ်ဆောင်ကြေးကရော ဘယ်လောက်တဲ့လဲ?"

" ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာလင်းနဲ့ပြောရမယ် ဒါရိုက်တာ"

"ကောင်းပြီ မင်းသူတို့ကို အရင်ခေါ်ခဲ့၊ ငါ မစ္စတာလင်းကို ထပ်ပြီး ဆက်သွယ်လိုက်မယ်"

စုချန်ယန်နဲ့ တစ်ဖက်လူက သိပ်မဝေးတဲ့အတွက် သူတို့စကားတွေကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး နှစ်ယောက်လုံးရဲ့ မျက်လုံးတွေထဲမှာ သံသယ အရိပ်အယောင်တွေ ရှိနေသည်။

"ဒါရိုက်တာက မနေ့ညတုန်းက မန်နေဂျာလင်းကို ဆက်သွယ်ခဲ့တာလား?" စုချန်ယန် မေးလိုက်သည်။

ကျန်းဟုန်က ခေါင်းညိတ်လိုက်ပြီး " Terry နဲ့ မင်းရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီးသွား‌တော့ ဒါရိုက်တာက Mr လင်းကို ချက်ချင်း ဆက်သွယ်ပြီး ဒီအခန်းမှာ ဧည့်သည် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တယ်။ သူက မင်းဒီနေ့ အချိန်ဇယားလွတ်မယ်လို့ မျှော်လင့်ထားတာ။ ဒါပေမယ့် Mr.လင်းက မင်းက မကြာသေးခင်ကမှ ပင်ပန်းလွန်းပြီး အနားယူဖို့ အချိန်ယူရမှာကြောင့်မို့လို့တဲ့ ငါတို့ကိုငြင်းခဲ့တယ်။ ဒါရိုက်တာက သူ့ကို ဇာတ်ညွှန်းတောင်ပြခဲ့သေးတယ်"

စုချန်ယန်မှာ အနည်းငယ် အံ့သြသွားသည်။ လင်းယွီက မနေ့ညတုန်းက အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက် ပစ္စည်းများကို ကြည့်နေခဲ့သည်။ အဲ့ဒါက သူတို့ရဲ့ ဇာတ်ညွှန်းဖြစ်‌နေမလားဘဲ? သူဘာလို့ သူမကိုမပြောခဲ့တာလဲ?

ရှောင်လုလည်း အံ့သြသွားသည်။ သူ့ဝမ်းကွဲအစ်ကိုက သူ့အလုပ်မှာ ကြင်နာတတ်တယ်လား? အထူးသဖြင့် တစ်နှစ်ဘဲကျန်တော့တာမို့ စုချန်ယန်ကို အလုပ်တစ်ခုရအောင် ကူညီဖိအားထုတ်ဖို့ မအားလောက်တော့ဘူးလို့ သူမထင်ခဲ့တာ။

"အရင်ဆုံး ကစားကွင်းကို သွားရင်း လမ်းမှာ စကားပြောသွားရအောင်"

“ကောင်းပြီ”

ကစားကွင်းသွားတဲ့လမ်းတွင် စုချန်ယန်က လင်းယွီဆီကနေ ဖုန်းလက်ခံရခဲ့သည်။

"ချန်ယန်၊ မင်း တက္ကသိုလ်မြို့ မှာလား?' လင်းယွီက မေးလိုက်သည်။

"ဟုတ်တယ်၊ ကျွန်မကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ ကျန်းဟုန်နဲ့‌တောင် တွေ့ခဲ့သေးတယ်"

All Chapters