အခန်း ၉၈
Vol. 8 Ch. 98
အဲ့ဒီအချိန်တွင် <Travel> နဲ့ စုချန်ယန်တို့က hot search တွင် ပေါ်လာပြီး သူတို့နဲ့သက်ဆိုင်တဲ့ key words တွေရဲ့ ရှာဖွေမှုပမာဏမှာ အလျင်အမြန် မြင့်တက်လာသည်။ ထန်ချီအကြောင်း ဖန်တွေ ရှာဖွေမှုမှာလည်း အဲ့ဒီနေရာတွင် ရှိနေဆဲဖြစ်သည်။
စုချန်ယန်က အဲ့ဒါကို နှိပ်လိုက်တာနဲ့ လှုပ်ရှားမှုတွေက အရမ်းပြင်းထန် နေတာကို တွေ့လိုက်ရသည်။ ရေတပ်တချို့က ပရိုဂရမ်အဖွဲ့နဲ့ အခြားဧည့်သည်များကိုပင် လက်ညိုးထိုးနေကြသည်။
"အစ်မချန်ယန်၊ အစ်မထန်ချီ တကယ်လုပ်ခဲ့တယ်လို့ အစ်မထင်လား? နားလည်မှုလွဲတာရော မဟုတ်နိုင်ဘူးလား?" ချင်ယို့က စုချန်ယန်အနား ကပ်လာသည်။
စုချန်ယန်မှာ အတွေးတွေထဲကနေ ရုန်းထွက်ကာ ခေါင်းခါလိုက်ပြီး "ဒီလူက သာမန်ဖန် တစ်ယောက်တော့ မဟုတ်လောက်ဘူး။ မဟုတ်ရင် အစ်မထန်ချီက ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ထင်တယ်"
ချင်ယို့က ဆန်စေ့ကောက်နေတဲ့ ကြက်ကလေးလို ခေါင်းညိတ်လိုက်ပြီး “အစ်မထန်ချီက အကြောင်းပြချက်မရှိဘဲ ဒီလိုမျိုး လုပ်မှာမဟုတ်ဘူးလို့ ညီမလည်းထင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း အွန်လိုင်းမှာ လူတော်တော်များများက အစ်မထန်ချီရဲ့အကြောင်းကို ပြောနေကြပးတာ။ အစ်မထန်ချီ ဘယ်လိုရှင်းပြမှာလဲ?"
စုချန်ယန်က ခေါင်းခါလိုက်ပြီး "အစ်မထန်ချီသာ ထွက်ပြီး ရှင်းပြရင် လူထုရဲ့ သဘောထားကို ဒီလောက်ထိ လှုပ်လှုပ်ရှားရှား ဖြစ်စေမှာမဟုတ်ဘူး"
နောက်ဆုံးမှာတော့ ဖျော်ဖြေရေးနယ်ပယ်တွင် ပရိသတ်တစ်ယောက်ကို ဆဲဆိုရိုက်နှက်တာက အသေးအမွှားကိစ္စမဟုတ်ချေ။
"ဒါပေမယ့် အစ်မထန်ချီက အခုထိ မတုံ့ပြန်သေးဘူး၊ အဲဒါအတွက် အကြောင်းပြချက်တစ်ခု ရှိကောင်းရှိလိမ့်မယ်" ချင်ယို့က ခေါင်းညိတ်ပြလိုက်သည်။
“အစ်မထန်ချီ ဘယ်လိုနေလဲ မသိဘူး။ မားက ကျွန်မကို အခုအစ်မထန်ချီနဲ့ ခပ်ခွာခွာနေဖို့ ပြောနေတယ်။ မဟုတ်ရင် ညီမလည်း ပါသွားလိမ့်မယ်တဲ့။ ဒါပေမယ့် ညီမတော့ အဲ့ဒီလို မလုပ်ချင်ဘူး။ အစ်မထန်ချီက ညီမအပေါ် အရမ်းကောင်းတာ"
စုချန်ယန်က ပြုံးလိုက်ပြီး “စိတ်မပူပါနဲ့၊ လူထုရဲ့ သဘောထားက အစ်မထန်ချီကို ထိခိုက်မှာ မဟုတ်ပါဘူး။ သူက ဖျော်ဖြေရေးနယ်ပယ်ထဲမှာ အကြာကြီး ဖြတ်သန်းခဲ့တာဘဲ။ ညီမအမေပြောတာကိုတော့ နားထောင်ရမယ်။ ညီမက ငယ်သေးတယ်၊ အခု အစ်မထန်ချီနဲ့ အကွာအဝေး ထိန်းထားရမှာ မှန်တယ်"
သေချာပေါက်ကို လူထုရဲ့ထင်မြင်ယူဆချက်သည် တန်ကွီကို များစွာထိခိုက်စေမည်မဟုတ်ကြောင်း စုချန်ယန် သိသည်။ တကယ်တော့ သူတို့တွေက ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဝေဖန်မှုတွေလည်း ကြုံခဲ့ဖူးသည်။
ဓာတ်ပုံထဲက သူမရဲ့ခံစားချက်တွေဟာ ရှင်းလင်းနေတာကြောင့် ထန်ချီမှာ တခြားအရာကြောင့် ထိခိုက်မိမှာကိုတော့ သူမ နည်းနည်း စိုးရိမ်သည်။
ချင်ယို့က သူမကို ကြည့်လိုက်ပြီး ရေရွတ်လာသည်။ "အစ်မလည်း ညီမထက် သိပ်မကြီးပါဘူး"
စုချန်ယန်မှာ ခဏလောက် အံ့အားသင့်သွားသည်။ “…”
သူမ အသက် 18 နှစ်ပဲ ရှိသေးတယ်ဆိုတာကို သူမမေ့လုနီးနီးဘဲ။
“ငါက အရည်ထူတယ်၊ ဝေဖန်ခံရမှာကို မကြောက်ဘူး။ ညီမက နောင်ကျရင် ကျောင်းပြန်တက်ရမှာ"
ချင်ယို့က ခေါင်းခါပြီး “ညီမလည်း မကြောက်ပါဘူး။ ဝေဖန်တာတွေကို ဂရုမစိုက်ဘူး။ ညီမအပေါ် ကောင်းကောင်းဆက်ဆံရင် သူတို့ကို အဲ့ဒီအတိုင်း ပြန်ဆက်ဆံမယ်"
စုချန်ယန်က တခစ်ခစ်ရယ်လိုက်ပြီး သူမရဲ့ဆံပင်ကို မနေနိုင်ဘဲ ပွတ်လိုက်သည်။
အဲ့ဒီအချိန် စုချန်ယန်မှာ အပြင်ဘက်ကနေ အသံတစ်ခုကို ကြားလိုက်ရသည်။
"အစ်မထန်ချီ!"
ဒီငတုံးက ဟန်စုန့်ရွှယ်ဖြစ်မှန်း စုချန်ယန် ချက်ချင်းသိလိုက်သည်။
သူမရဲ့ စကားတွေကို မစစ်ထုတ်နိုင်တဲ့ သူမရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် ဟန်စုန့်ရွှယ်မှာ ထန်ချီကို ထိတ်လန့်တုန်လှုပ်စေမယ့် ဒါမှမဟုတ် ထိခိုက်နစ်နာစေမယ့် တစ်စုံတစ်ရာ ပြောမိမှာကို စုချန်ယန်မှာ စိုးရိမ်တဲ့အတွက် ထိုင်ခုံကနေ ချက်ချင်းထကာ ကားထဲကနေ ခုန်ထွက်လာသည်။
"အစ်မ စိတ်မပူပါနဲ့ ကျွန်မသေချာ...ဝူး!"
စကားလုံး နည်းနည်းနဲ့ 'ဖြေသိမ့်' ပေးမယ့် ဟန်စုန့်ရွှယ်မှာ အနောက်ကနေ ရုတ်တရက် ခုန်ထွက်လာတဲ့ စုချန်ယန်ဆီကနေ သူမရဲ့ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ကာ အနောက်ကို ဆွဲခံလိုက်ရသည်။
"ဝူး ဝူး! ငါ…”
ချင်ယို့ - “…”
ထန်ချီ - “…"
စုချန်ယန်က ဟန်စုန့်ရွှယ်ကို နောက်ပြန်ဆွဲကာ ကားတံခါးရှေ့ကနေ လမ်းဖယ်ပေးလိုက်သည်။
"အစ်မ၊ အရင်ဆုံး အနားယူလိုက်၊ ကျွန်မ ဟန်စုန့်ရွှယ်ကို ပြောစရာရှိလို့"
“ဝူး!” ဟန်စုန့်ရွှယ်က သူမကို ဒေါသတကြီး မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီး အစ်မထန်ချီကို နည်းနည်း နှစ်သိမ့်ပေးချင်နေသေးသည်။
ထန်ချီရဲ့ အသားအရေက သိပ်ကြည့်ကောင်းနေပုံမရပေ။ သူမက မိတ်ကပ်လိမ်းထားပေမယ့် မျက်လုံးတွေကတော့ အနည်းငယ် နီနေသေးသည်။
ဟန်စုန့်ရွှယ်မှာ ရေပန်းစားနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး သူမကို ပြောပြချင် နေကြောင်း သိသော်လည်း သူမရဲ့ခံစားချက်တွေကို လုံး၀မဖြေရှင်းရသေးဘဲ အခုအချိန်တွင် သူတို့နဲ့ မဆွေးနွေးချင်သေးပေ။ သူမက စုချန်ယန်ကို အားတင်းပြုံးပြလိုက်ပြီး နောက်လှည့်ကာ ကားထဲသို့ ၀င်သွားသည်။
သူမရဲ့လက်ထောက်က နောက်ကနေ လိုက်သွားကာ သူမဝင်သွားတာကိုမြင်ပြီးတော့ လွယ်အိတ်ထဲကနေ တစ်ရှူးအထုပ်သေးလေးတစ်ထုပ်ကို ထုတ်ကာ သူမဆီကမ်းပေးလိုက်ပြီး မထွက်သွားခင် သူမလက်ကို ပွတ်ပေးလိုက်သည်။
သိပ်မဝေးတဲ့နေရာမှာ ရပ်နေကြတဲ့ ဝန်ထမ်းတွေက သူတို့ကိုကြည့်နေပြီး ဒါကို ရိုက်ကူးရမလား မရိုက်ရဘူးလား မသေချာဖြစ်နေကြသည်။
စုချန်ယန်ကတော့ သိပ်ဂရုမစိုက်ပေ။ သူမက ဟန်စုန့်ရွှယ်ရဲ့ လည်ပင်းကိုချိတ်ကာ လက်ရန်းပေါ်သို့ဆွဲတင်လိုက်ပြီး မလွှတ်ခင် မလွယ်မကူနဲ့ ပြန်လှည့်ကြည့်လိုက်သည်။
"နင်ဘာလုပ်နေတာလဲ? အစ်မထန်ချီ စိတ်အခြေအနေမကောင်းတာ နင် မမြင်ဘူးလား? ငါကသူ့ကိုနှစ်သိမ့်ဖို့သွားတာလေ! ငါ့ကိုဘာလို့ဆွဲခေါ်လာတာလဲ!” ဟန်စုန့်ရွှယ်က စောဒကတက်လာသည်။
“ဒီရှိုးမှာ ငါတို့တွေက ဆက်ဆံရေးကောင်းကြပေမယ့် ဒီအထူးတလည် အခြေအနေမှာတော့ နင့်ရဲ့ ပုံမှန်မဟုတ်တာတွေကို ထိန်းထား" စုချန်ယန်က ပြန်ဖြေလာသည်။
ဟန်စုန့်ရွှယ်မှာ မျက်လုံးလှိမ့်လိုက်တော့ စုချန်ယန်က သူမမျက်နှာကို ညှစ်ကာ ကြိမ်းမောင်းလာသည်။ “နင်သူ့ကို နှစ်သိမ့်ပေးဖို့ သွားတာ သေချာလား? နင်က ပိုဆိုးအောင်လုပ်တော့မလို့လေ"
ဟန်စုန့်ရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး " နင်မဟုတ်တာတွေ ပြောနေတာပဲ။ ပထမပိုင်းတုန်းက ငါနဲ့ အခုငါနဲ့မတူတော့ဘူး။ ငါအရွယ်ရောက်လာပြီ။ ငါ့ရဲ့ ရိုးသားပြီးစိတ်အားထက်သန်တဲ့ နှလုံးသားကို သုံးပြီး အစ်မထန်ချီကို နွေးထွေးအောင်လုပ်ချင်ရုံပဲ"
"နင်ပြောချင်တာကို ငါကောင်းကောင်းသိတယ်၊ ဒါပေမယ့် ဒါက အရမ်း တည့်တိုးဆန်လွန်းတယ်။ အစ်မထန်ချီက စိတ်အခြေအနေမကောင်းဘူး။ နင်က အနာကိုဆားသိပ်လိုက်သလို ဖြစ်သွားမယ်" စုချန်ယန် ကပြောလိုက်သည်။
“ဒါပေမယ့်…” ဟန်စုန့်ရွှယ်က နှုတ်ခမ်းပေါ်က နှုတ်ခမ်းနီကို သုတ်လိုက်ပြီး " စစလာကတည်းက နင်ငါ့ကို ဒီလောက်ထိ မကြမ်းတမ်းလို့ရမလား ? ငါတို့မှာ ရန်စတွေဘာတွေ ရှိတယ်လို့တောင် ထင်မိသွားတယ်"
“နင့်ကို အချိန်မီ မတားဘူးဆိုရင်၊ အစ်မထန်ချီ ကသိကအောက်ဖြစ်သွားလိမ့်မယ်။ သူ့ကို စိတ်မသက်မသာဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ သူထင်သွားလိမ့်မယ်” စုချန်ယန်က ရှင်းပြလိုက်သည်။
ခဏလောက် စဉ်းစားကြည့်ပြီးတော့ စုချန်ယန်ပြောတာ အဓိပ္ပါယ်ရှိမှန်း ဟန်စုန့်ရွှယ် ခံစားလိုက်ရသည်။ တကယ်လို့ သူမ ဝေဖန်ခံ နေရချိန်မှာ တစ်ယောက်ယောက်က ဒါကို ရုတ်တရတ် ပြောခဲ့မည်ဆိုရင် သူမကို ဆွဖို့ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ယူဆမိလိုက်မည်ပင်။
သူမက လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် "နင်ပြောတာ မှန်တယ်၊ ချန်ယန်။ ငါ တိုက်ရိုက်ကြီးမေးလိုက်ရင်၊ အစ်မထန်ချီအတွက် ကသိကအောက် ဖြစ်သွားလိမ့်မယ်"
စုချန်ယန်မှာ သက်သာရာရစွာသက်ပြင်းချမိလိုက်သည်။ "နင်သဘောပေါက်လို့ ငါဝမ်းသာပါတယ်"
ကားထဲတွင် အစ်မထန်ချီနဲ့ အသက်မပြည့်သေးတဲ့ ချင်ယို့ဘဲ ရှိတာကို သတိရသွားပြီး ဟန်စုန့်ရွှယ်က စိုးရိမ်စွာနဲ့ ပြောလာသည်။
“ကားထဲ မြန်မြန်ဝင်ကြရအောင်။ ချင်ယို့က နားမလည်ဘဲ အစ်မထန်ချီကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ?"
စုချန်ယန်က ပြုံးလိုက်ပြီး "နင်စိုးရိမ်နေတာ နည်းနည်းတော့ မလိုဘူး။ ငါတို့ group chat မှာ နင်ကလွဲရင် ဘယ်သူမှ စကားမပြောတာကို သတိမထားမိဘူးလား?"
ဟန်စုန့်ရွှယ်က ရုတ်တရက် သဘောပေါက်သွားပြီး "ငါသိပြီ! ဘယ်သူကမှ ငါ့ကို ဂရုမစိုက်တာ မအံ့ဩတော့ပါဘူး"
နောက်ထပ် လူနည်းနည်းက လေဆိပ်ကနေ ထွက်လာတော့ စုချန်ယန်က ဟန်စုန့်ရွှယ်ပုခုံးကို ပုတ်လိုက်ကာ စိုးရိမ်တကြီးနဲ့ သတိပေးလိုက်သည်။ “ကားထဲမှာ မဟုတ်တာတွေ မပြောဖို့ သတိရ"
"ငါသိပါတယ်" ဟန်စုန့်ရွှယ်က ပြန်ဖြေလိုက်သည်။
နောက်တော့ နှစ်ယောက်သား ကားပေါ်သို့ ပြန်တက်ကြသည်။
ချင်ယို့က နားကြပ်တပ်ကာ အွန်လိုင်းသင်ခန်းစာတွေကို တိတ်တဆိတ်လေ့လာရင်း နေရာမှာထိုင်နေကာ ထန်ချီကတော့ မျက်လုံးအောက်မှာ အညိုကွင်းနှစ်ခုနဲ့ ပြတင်းပေါက်နားတွင် ထိုင်နေသည်။ သူမ မနေ့ညကတည်းက ကောင်းကောင်း မအိပ်ရသေးတာ သိသာသည်။
စုချန်ယန်က ဟန်စုန့်ရွှယ်ကို အရင်တက်ခိုင်းလိုက်ပြီး သူမကနောက်ကနေ လိုက်တက်လာပြီး ကားတံခါးကို ဖြည်းဖြည်းလေး ပိတ်လိုက်သည်။
ချင်ယို့က စာလေ့လာနေပြီး ထန်ချီက မျက်လုံးမှိတ်ထားကာ ကားအတွင်းရှိ လေထုမှာ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ သူမ တကယ် အနားယူနေတာ ဒါမှမဟုတ် လေထုကို ပိုအဆင်မပြေဖြစ် မဖြစ်အောင် မျက်လုံးတွေကို မဖွင့်ချင်တာကြောင့်လည်း ဖြစ်မည်။
စုချန်ယန်နဲ့ ဟန်စုန့်ရွှယ်တို့က မျက်နှာချင်းဆိုင်မှာ ထိုင်နေကြပြီး တစ်ခါတစ်ခါ အချင်းချင်း တီးတိုးတီးတိုး ပြောနေကြပြီး သူတို့ရဲ့အသံက အရမ်းတိုးတဲ့အတွက် သိပ်မကြားရပေ။
နောက်ပိုင်းရောက်လာတဲ့ တခြားအနုပညာရှင်တွေကိုလည်း တခြားကားတွေနဲ့ စီစဉ်ပေးထားသည်။ ကျန်းရှစ်ချီ ရောက်လာတဲ့အခါ သူမက စုချန်ယန်ဘယ်ကားထဲမှာ ရှိနေလဲလို့ မေးပြီးတော့ ထွက်သွားသည်။
ရုန်းရင်းဆန်ခတ်ဖြစ်သံကိုကြားတော့ ဟန်စုန့်ရွှယ်က စုချန်ယန်ရဲ့ပခုံးကို မှီပြီးလိုက်ပြီး တီးတိုးပြောလာသည်။ "ကျန်းရှစ်ချီက ဘာလို့ နင့်ကိုပဲ ကပ်နေတာလဲ?"
စုချန်ယန်က သူမကို တိုးတိုးလေးပြန်ပြောလိုက်သည်။ "သူ့ရဲ့စိတ်နဲ့ဆို နင်ဘယ်လိုထင်လဲ?"
ဟန်စုန့်ရွှယ်ကလည်း ပွင့်ပွင့်လင်းလင်းပြောလာသည်။ “သူ့ဘဝမှာ သူငယ်ချင်းအများကြီး မရှိတာတော့ သေချာတယ်။ သူက မာနကြီးပြီး သူ့ရဲ့ ဒေါသကို ဂရုမစိုက်တဲ့ နင့်လိုလူနဲ့တစ်ခါမှ မတွေ့ဖူးလို့ထင်တယ်"
"နင်သူ့ရှေ့မှာ ဒီလိုပြောရဲလား?"
သူမ မျက်လုံးကို ပြူးပြလိုက်ပြီး မယုံနိုင်လောက်တဲ့ အမူအရာကိုပြလိုက်သည်။
စုချန်ယန်မှာ သူမက မကြောက်ဘူးလို့ ထင်တဲ့အတွက် စိတ်ဝင်စားမှုမရှိဘဲ အကြည့်လွှဲလိုက်သည်။
"ငါက တုံးတယ်လို့ နင်ထင်လား?" ဟန်စုန့်ရွှယ်က သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး ရုတ်တရက် အသံကျယ်လာသည်။
စုချန်ယန်က ထန်ချီကို စိုးရိမ်တကြီးကြည့်လိုက်ပေမယ့် သူမက မနိုးလာပေ။ နောက်တော့ သူမက ဟန်စုန့်ရွှယ်ကို လှမ်းဆွဲလိုက်ပြီး " နင် အသံကိုလျှော့"
“အိုး” ဟန်စုန့်ရွှယ်က ခေါင်းညိတ်ပြပြီး သူခိုးလိုမျိုး ကိုယ်ကို နှိမ့်လိုက်သည်။ သူမက ပြောလာသည်။
“ငါက မတုံးပါဘူး။ ကျန်းရှစ်ချီရဲ့ ဒေါသက သူ့မိသားစုတွေကြောင့် ဖြစ်မယ်။ ငါ သူ့ကို မစော်ကားချင်သလို ကိုယ့်ကိုကိုယ်လည်း စိတ်မချမ်းသာမဖြစ်ချင်ဘူး။ နောက်ကျ သူ ငါ့ကိုဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ?"
စုချန်ယန်က ဒါက ရယ်စရာကောင်းမှန်း သိလိုက်ပြီး "ဒုက္ခပေးတာက ဘာကိုဆိုလိုလဲဆိုတာ နင်သိပါတယ်။ နင်ဒီလိုဟာတွေကို မတွေးနိုင်ဘူးလို့ ငါထင်ထားထာ"
ဟန်စုန့်ရွှယ်က ဒေါသထွက်လာပြီး စုချန်ယန်ခါးကို ဆွဲဆိတ်လိုက်ကာ "ငါ့ကို ပုဂ္ဂိုလ်ရေးအရ မတိုက်ခိုက်နဲ့။ ငါ နင့်ကို သတိပေးနေတယ်နော်!"