အခန်း ၁၀၁
Vol. 8 Ch. 101
အခြားလူတွေက ၎င်းတို့ရဲ့ ဒုတိယလက်ချောင်းကို ချောချောမွေ့မွေ့နဲ့ ချိုးလိုက်သည်။
စုန့်မင်ကန်က ပြောလာသည်။ "ကျွန်တော် ပညာတော်သင် ကျောင်းသားဇာတ်ကောင်နေရာမှာ ဆယ့်တစ်ခါလောက် သရုပ်ဆောင်ဖူးတယ်"
ဟန်စုန့်ရွှယ် သူ့ကို လက်မထောင်ပြပြီး "ရှင်က အံ့သြစရာပဲ"
လူတိုင်းသည် သူတို့ရဲ့ တတိယလက်ချောင်းကို ချောချောမွေ့မွေ့ ချိုးလိုက်ကြသည်။
စုချန်ယန်မှာ လက်နှစ်ချောင်းပဲ ကျန်တော့ပြီး သူမ ပြောဖို့ အလှည့်ကျလာပြီပင်။
စုချန်ယန် ခေါင်းငုံ့စဉ်းစားလိုက်သည်။ သူမနဲ့ပတ်သက်ပြီး ထူးထူးခြားခြား တစ်ခုခုများရှိလား?
"ကျွန်မ ရည်းစားတစ်ခါမှ မထားဖူးဘူး" စုချန်ယန်က မဝံ့မရဲ ပြောပြီး တခြားသူတွေရဲ့ အမူအရာတွေကို လှည့်ပတ်ကြည့်လိုက်သည်။
ဟန်စုန့်ရွှယ်က ချက်ချင်းပြန်ပြောလာသည်။ “မဖြစ်နိုင်တာ!ဒီကမ္ဘာမှာ အရွယ်ရောက်ပြီးတဲ့ အလှလေးက တစ်ခါမှ ရည်းစားမထားဖူးဘူးဆိုတာ ငါမယုံဘူး!"
စုချန်ယန်က ကူကယ်ရာမဲ့စွာနဲ့ ပြောလာသည်။ "ငါတကယ် မထားဖူးဘူး"
ရှောင်လုက ဘယ်နေရာကမှန်းမသိ ရုတ်တရက် ပေါ်လာပြီး ဟော့ပေါ့ ပါဝင်ပစ္စည်းများကို ယူကာ ဝန်ထမ်း တွေကြားထဲတွင် ပျော်ရွှင်စွာ စားသောက်နေသည်။
စုချန်ယန်က တစ်ခါမှ ရည်းစားမထားဖူးသေးကြောင်း ပြောလိုက်တာကို ကြားတော့ ရှောင်လုက ရယ်လိုက်သည်။ စုချန်ယန်မှာ မတတ်သာတဲ့အဆုံး 'ကုမ္ပဏီက ကျွန်မကို တခြားသူတွေရဲ့ WeChatအပ်ခွင့်မပေးဘူး' ဆိုတဲ့ လက်မခံနိုင်စရာကောင်းတဲ့ ဆင်ခြေကို သုံးလိုက်တဲ့အတွက် သူမတစ်ခါမှ ရည်းစားမထားဖူးဘူးဆိုတာ အံ့ဩစရာမရှိတော့ပေ။
အချို့လူတွေက ကြေးနီနံရံနဲ့ သံပန်းအတားအဆီးလိုမျိုး မက်မွန်ပွင့်အားလုံးကို ရက်ရက်စက်စက် ပိတ်ဆို့ထားသည်။ သူမက Single မဟုတ်ရင် ဘယ်သူက Single ဖြစ်ဦးမှာလဲ?
ဘယ်လိုဘဲဖြစ်ဖြစ် စုချန်ယန်ရဲ့အကြောင်းပြချက်ကြောင့် ချင်ယို့ကလွဲပြီး လူတိုင်းက လက်ညိုးတစ်ချောင်းချိုးလိုက်သည်။
ဟန်စုန့်ရွှယ်က လက်ချောင်းတစ်ချောင်းကို တိတ်တဆိတ် ချိုးလိုက်တော့ စုချန်ယန်က သူမကိုအံ့သြစွာနဲ့ ကြည့်ပြီး မေးလိုက်သည်။ "တကယ်လား? နင်ချစ်ဖူးတယ်ပေါ့?"
ဟန်စုန့်ရွှယ် - “…”
“အထက်တန်းကျောင်းမှာ ငါ နှစ်ပတ်လောက် ချိန်းတွေ့ပြီး လမ်းခွဲခဲ့တယ်” သူမက ပြန်ဖြေလိုက်သည်။
စုချန်ယန်က စူးစူးစမ်းစမ်း မေးလာသည်။ "ဘာဖြစ်လို့လဲဆိုတာ ငါမေးလို့ရမလား?"
ဟန်စုန့်ရွှယ်က ကြက်သေသေသွားပြီး ပြောလာသည်။ "နင့်အနေနဲ့ အဲ့ဒီလိုမေးဖို့ နည်းနည်းရဲတင်းလွန်းတယ်"
“အိုး…” စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး ဆက်မေးဖို့ ရည်ရွယ်ချက် မရှိတော့ပေ။
"ဒါပေမယ့် နင်တကယ်သိချင်ရင် ငါပြောပြလို့ရတယ်" ဟန်စုန့်ရွှယ်က ဆက်ပြောလာသည်။
စုချန်ယန် - “…”
သူမ နားလည်သွားပြီ။
အခုကနေစပြီး ရှက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဟန်စုန့်ရွှယ်ဆီ ပြောပြတာ မလုပ်သင့်တော့ပေ။ သူမရဲ့ကိုယ်ပိုင်လျှို့ဝှက်ချက်ကိုတောင်မှ မထိန်းထားနိုင်ဘူး။ အခြားသူရဲ့ဟာတွေဆို မပြောနဲ့တော့။
“အထက်တန်းကျောင်းမှာ ငါအရမ်းကြိုက်တဲ့ နာမည်ကြီး ယောက်ျားလေးတစ်ယောက်ရှိတယ်။ သူနဲ့ ငါ့ရင်ထဲက ကျော်ကြားတဲ့ယောကျ်ားေလးနဲ့ ဘယ်သူကပို ချောလဲဆိုတာ ငါ့ကို မရမကအတင်းမေးတယ်လေ"
တခြားသူတွေကလည်း သူတို့ရဲ့အလုပ်တွေကို ရပ်လိုက်ပြီး ဟန်စုန့်ရွှယ်ကို သိချင်စိတ်နဲ့ ကြည့်လိုက်ကြသည်။
စုချန်ယန်ကတော့ သူမပြောမယ့်အရာကို မှန်းဆမိကာ ခေါင်းခါပြီး ဆလတ်ရွက်ကိုပဲ ဆက်စားခဲ့သည်။
"နောက်တော့? နင်ဘာပြောလိုက်တာလဲ?"
ဟန်စုန့်ရွှယ်က ခံစားချက်မပါတဲ့ မျက်နှာအမူအရာနဲ့အတူ "ငါ ဘာပြောနိုင်မှာလဲ? သေချာပေါက် သူ့ကိုအမှန်အတိုင်းဘဲ ပြောလိုက်တာပေါ့ 'ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ ယှဉ်ဖို့ ဘယ်အရာက ယုံကြည်မှုရှိစေတာလဲ?' လို့ သူ့ကို မေးလိုက်တယ်။ အဲ့ဒီအချိန်တုန်းက ငါပြောတာ အရမ်းညင်သာတယ်လို့ ငါထင်ခဲ့တာ။ တကယ်တော့ ငါ သူ့ကို အရမ်းသဘောကျပါတယ် သူလည်း အတော်အသင့်ချောတယ်လေ။ သူက နင့်ထက် ပိုချောပေမယ့် ငါက တခြားသူတွေနဲ့ မတွဲဘဲ နင်နဲ့တွဲဖို့ရွေးလိုက်တယ်လေလို့ ငါကပြောချင်တာ"
စုချန်ယန် ပြုံးလိုက်ပြီး "နင်ဒီလိုမျိုး ပြောတဲ့အခါဆို နင်က အရမ်းလေးနက်ပြီး သဘာဝကျကျနဲ့ ရွဲ့စောင်းနေသလိုမျိုးဘဲဆိုတာ နင်သိရဲ့လား? အဲဒါကိုကြားတော့ သူ့ဘယ်လို တုံ့ပြန်လာလဲ?"
ဟန်စုန့်ရွှယ်က မေးကိုလက်တစ်ဖက်နဲ့ထောက်လိုက်ပြီး နောက်တစ်ဖက်ကိုတော့ ရည်ရွယ်ချက်မစွာ ဟော့ပေါ့အိုးကို မွှေလိုက်ပြီး "သူက ငါ့ကို မိနစ်ဝက်လောက် စိုက်ကြည့်ပြီးတော့ နီရဲနေတဲ့မျက်လုံးတွေနဲ့ ထွက်သွားပြီး နောက်နေ့ကျတော့ အတန်းထဲကနေ ပြောင်းသွားတယ်။ သူက ကလေးဆန်တယ်လို့ နင်ထင်လား? စကားလေးတစ်ခွန်းကြောင့်နဲ့ သူကငါ့ကိုဘယ်တော့မှ စကားထပ်မပြောတော့ဘူး"
စကားပြောနေရင်း ဟန်စုန့်ရွှယ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
စုချန်ယန်က ခေါင်းခါလိုက်ပြီး “ဒါကမဖြစ်နိုင်ဘူး။ နင့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ဆို၊ သူ နင့်ကို စိတ်ဆိုးတာက ဒီဟာတစ်ခုနဲ့တင်မကလောက်ဘူး။ ဒါက နောက်ဆုံးကောက်ရိုးပဲဖြစ်လိမ့်မယ်"
သူမရဲ့ ငယ်ရွယ်တဲ့နှစ်တွေကို သတိရမိတာကြောင့်ဖြစ်မည် ဟန်စုန့်ရွှယ်က ခဏလောက် စိတ်လွှင့်သွားပြီး နည်းနည်းစိတ်ဓာတ်ကျသွားသည်။ သူမက ခေါင်းလိုက်ပြီး ပြောလိုက်သည်။ “ဖြစ်နိုင်တယ်၊ ဒါပေမယ့် အဲဒါတွေအားလုံးက အတိတ်မှာပါပဲ”
တခြားသူတွေက သိပ်အာရုံမစိုက်ကြတော့ဘဲ ဂိမ်းကို ဆက်ကစားသည်။
ဒုတိယအချီက အလျင်အမြန်ပြီးသွားပြီး နောက်ဆုံးအနိုင်ရသူကတော့ ချီဖုဘဲဖြစ်သည်။
ချီဖုက လူတိုင်းကို အစားအသောက်တွေ ကျိုးကြောင်းဆီလျော်စွာ ခွဲဝေပေးပြီး စုချန်ယန်ကိုလည်း အသားလုံး တစ်ပန်းကန်လုံး ပေးလိုက်သည်။ တစ်ယောက်ထဲ တစ်ပန်းကန်လုံး မကုန်နိုင်တာကြောင့် လူနည်းနည်းက အသားကို ဝေမျှလိုက်ကြပြီး နောက်ဆုံး လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ဟော့ပေါ့ထဲတွင် ပါဝင်ပစ္စည်း ငါးမျိုးခြောက်မျိုးလောက် ရကြပြီး ဆက်ကစားကာ စားသောက်ကြသည်။
ဒီအချိန်မှာ သူတို့ ဘယ်လောက်ပဲ ပျော်နေပါစေ ထန်ချီကတော့ မပါပါချေ။
တစ်ခါတစ်ခါ၊ စုချန်ယန် သူမကို တစ်ချက်ကြည့်လိုက်ရင်းထန်ချီက အမြဲတမ်း ခေါင်းငုံ့ကာ တွေးတောနေသည်။
စားသောက်ရတာက သူတို့စိတ်ကူးထားတာထက် ပိုပျော်စရာကောင်းသည်။ ဂိမ်းက နေတစ်ဆင့် အစားအစာကိုရယူရာမှာ ပြီးမြောက်အောင်မြင်တဲ့ ခံစားချက်ရတာကြောင့် တစ်ယောက်တည်း စားရတာထက် လူအုပ်စုနဲ့ အော်ဟစ်ပြောဆို စားသောက်ရတာက ပိုပျော်စရာကောင်းသည်။
သူတို့ လိုချင်တဲ့ အစားအစာကို အသီးသီး ရပြီးတဲ့နောက်မှာတောင်မှ ဂိမ်းကစားတာကို မရပ်ကြပေ။ အအေးတွေ ဝေတာတောင်မှ ပြိုင်ဆိုင်ကစားကြသည်။
အများစုမှာ စုချန်ယန်က ပထမဆုံး ဖယ်ထုတ်ခံရသူဖြစ်သည်။ ဖယ်ရှားခံရတာနဲ့ တပြိုင်နက် သူမကခေါင်းကို မြှုပ်ကာ သူမရဲ့အစားအသောက်တွေကို ဆက်စားသည်။
ထန်ချီအလှည့် ရောက်လာတဲ့အခါမှာတော့ သူမကဒါကို ဖုံးကွယ်ဖို့ တစ်ခုခုပြောလိမ့်မယ်လို့ စုချန်ယန်ထင်ခဲ့ပေမယ့် ထန်ချီကကြီးကြီးမားမား ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလိုမျိုး ရုတ်တရက် သူမရဲ့ လက်ချောင်းတွေကို ချလိုက်ပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။
"ကျွန်မက တစ်ခုလပ်ပါ"
ဒီစကားကို ပြောပြီးတာနဲ့ ထန်ချီက ခေါင်းငုံ့ကာ မြေပြင်ပေါ်ကြည့်လိုက်ပြီး အခြားသူတွေရဲ့အမူအရာကို မကြည့်ဝံ့တော့ပေ။
သေသေချာချာ စဉ်းစားကြည့်ပြီးမှ ပရိုဂရမ်ရိုက်ကူးနေတုန်း ဒီကိစ္စကို လူသိရှင်ကြားထုတ်ဖော်ဖို့ သူမရွေးချယ်ခဲ့သည်။ သူမ ဖုံးကွယ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတဲ့ ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြပြီးတဲ့နောက်မှာ ဒါက သူမဆီမှာ ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တာကို သူမ သိသည်။
သူမက ကျော်ကြားမှုမြင့်တဲ့ အနုပညာရှင်တစ်ယောက် မဟုတ်သဖြင့် သူမရဲ့ ကျော်ကြားမှု အားလုံးကို ဆုံးရှုံးလိုက်ရပြီးသည်နှင့် ဒီလောကထဲကနေ ထွက်ခွာသွားတော့မည် ဖြစ်သည်။
စုချန်ယန်ရဲ့ အကြောင်းပြချက်ကို သူမ နားလည်သည်။ အဲဒီညကကြောင့်သာ မဟုတ်ရင် သူမ ဒီထက်မက မပြင်းထန်လာစေချင်ပေ။
သေးငယ်တဲ့ ကျောက်တုံးလေးတစ်တုံးက ထောင်ချီတဲ့ လှိုင်းဂယက်များကိုဖြစ်စေသည်။
ထန်ချီ ပြောပြီးတာနဲ့ အခန်းထဲမှာ ခဏလောက်တိတ်ဆိတ်သွားသည်။
“နောက်တစ်ယောက်၊ ကျေးဇူးပြုပြီးဆက်ပါ"
ဘယ်သူကမှ တုံ့ပြန်မှုမရှိတာကို စုချန်ယန်မြင်တော့ သူတို့ကိုသတိပေးဖို့ သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထန်ချီပြီးရင် နောက်တစ်ယောက်က ဟန်စုန့်ရွှယ်ပင်။ စုချန်ယန်ရဲ့ စကားကိုကြားတော့ သူမကရုတ်တရတ် အသိဝင်လာပြီး ပြောလာသည်။ “အိုး… ငါ့အလှည့်ပဲ။ ငါ့အတွက် အဆင်ပြေနေတဲ့အချိန်မှာ ငါ ဘာမှမစားရသေးဘူး”
စုချန်ယန် - "?"
သူမ ဟန်စုန့်ရွှယ်ကို အမှန်တကယ် မျက်စိလှိမ့်ပြလိုက်ချင်တယ်။
စုချန်ယန်ရဲ့အကြည့်ကြောင့် အပြစ်ရှိသလိုခံစားလိုက်ရတဲ့ ဟန်စုန့်ရွှယ်က မတ်မတ်ထိုင်လိုက်သည်။ သူမ အရမ်းအံ့ဩသွားလို့ မသင့်လျော်တဲ့အရာတွေကို ပြောလိုက်မိသည်။ ဒါ့အပြင်၊ အစ်မထန်ချီမှာ ပြောစရာရှိသေးတယ်လို့ သူမခံစားရတာကြောင့် ဂိမ်းကို မြန်မြန်ဆန်ဆန် မပြီးစေချင်ပေ။
စုချန်ယန်က အနောက်ကလူကို ကြည့်လိုက်တော့ အနောက်မှာ ထိုင်နေတဲ့ ရှန်ဖုက အမူအရာမဲ့စွာနဲ့ လက်တစ်ချောင်းကို ချိုးလိုက်သည်။
စုချန်ယန် - “…”
လူတိုင်းက သူ့ကို လှည့်ကြည့်နေကြတော့ ရှန်ဖုက စိတ်မသက်မသာ ဖြစ်သွားပြီး ဦးထုပ်လျှာကို သူ့မျက်နှာတစ်ဝက်လောက် အုပ်တဲ့အထိ ဆွဲချလိုက်သည်။ သူ့နားတွေက နည်းနည်းနီလာပြီး “တစ်ခါက ငါ့အိတ်ကပ်ထဲမှာ lollipop ပါတော့ ဘာမှမစဉ်းစားဘဲနဲ့ ဖွင့်ဖောက်ပစ်လိုက်ဖူးတယ်…”
ရုတ်တရက် ထန်ချီက ရယ်လိုက်သည်။
သူမရဲ့ မျက်လုံးတွေထဲတွင် မျက်ရည်တွေ ပြည့်နေပေမယ့် သူမက ရိုးရိုးသားသား ရယ်မောနေသည်။
သူမ ပြောပြလာတဲ့အခါ သူမအပေါ်မှာ ဖိစီးနေခဲ့တဲ့အရာက သူတို့အတွက် အဆင်ပြေတဲ့အချိန် lollipop စားတာလောက် အရေးမကြီးသလိုမျိုး သူတို့က ပြုမူလာသည်။
စုချန်ယန်နဲ့ ဟန်စုန့်ရွှယ်တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး နက်နဲတဲ့ ဆက်သွယ်မှုကို ခံစားလိုက်ရသည်။
"ဆက်လုပ်ပါ!"
ဟယ်ရှုအလှည့် ရောက်လာတဲ့အခါမှာတော့ ထန်ချီကိုတစ်ချက်ကြည့်လိုက်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ပါဝင်ခဲ့တဲ့ သူမရဲ့ အတွေ့အကြုံကို ပေါ့ပေါ့ပါးပါး ပြောပြခဲ့သည်။ ဘယ်သူကမှ လက်ညှိုးမချိုးရပေ။
ရှန်ဖုနဲ့ ချင်ယို့ နှစ်ယောက်စလုံးက သာမန်အရာနှစ်ခုကို ပြောခဲ့ကြတာမို့ ဘယ်သူကမှ လက်မချိုးရပေ။ နောက်ဆုံး ထန်ချီ အလှည့်ရောက်လာသည်။ “ကျွန်မမှာ…”
“ကျွန်မမှာ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက် ရှိတယ်”
လူတိုင်းက တိတ်တိတ်လေး လက်ချိုးကြပြီး ထန်ချီ စကားပြောဖို့ အလှည့်ရောက်တဲ့အထိ အလှည့်ကျ အရင်လို ဆက်လုပ်နေကြသည်။
“ကလေးအဖေက ကျွန်မကို ခြိမ်းခြောက်လာတယ်။ သူက လောင်းကစားကို စွဲနေပြီး ပိုက်ဆံတော်တော်များများ အကြွေးတင်နေတယ်။ သူ ပိုက်ဆံမရှိတော့တဲ့အခါကျရင် ကျွန်မဆီလာတယ်။ ဒီလိုမှမဟုတ်ရင် သူက ကျွန်မရဲ့ကွာရှင်းပြတ်စဲမှုနဲ့ ကျွန်မမှာ ကလေးရှိတယ်ဆိုတဲ့အချက်ကို ဖော်ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်"
“ငါ…” ဟန်စုန့်ရွှယ်ရဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး တရုတ်လို ဆဲမိလုနီးနီးပင်။
ထန်ချီက ခေါင်းငုံ့ကာ အသံတုန်တုန်နဲ့အတူ "နောက်တစ်ယောက်"
ဂိမ်းထဲကနေ မထွက်ရသေးတဲ့လူတွေက အလှည့်ကျပြောကြပြီး စကားဝိုင်းက ထန်ချီဆီ ပြန်ရောက်လာသည်။
“ကျွန်မ ကလေးအဖေကို ရိုက်လိုက်တယ်။ အတိုးမြင့်ချေးငွေကို သူပြန်မဆပ်နိုင်လို့ အကြွေးတင်ပြီး ကျွန်မဆီ ပိုက်ဆံလာတောင်းတယ်။ ကျွန်မငြင်းတဲ့အခါ သူက ကလေးကို ဒုက္ခပေးတယ်။ သူ့ကို ရဲတွေဆီ တိုင်ပြီး ဥပဒေအတိုင်း အပြစ်ပေးသင့်တယ်ဆိုတာ သိပေမယ့် ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းကို ဆက်ထိန်းထားနိုင်ဖို့ သူ့အပြုအမူကို ကျေကျေနပ်နပ်နဲ့ သည်းခံခဲ့တော့ သူ့ကို ပိုဆိုးလာစေတယ်။ ကျွန်မတောင်းပန်ပါတယ်"
ထန်ချီရဲ့မန်နေဂျာက တစ်ဖက်မှာ ရပ်နေပြီး ထန်ချီရဲ့ စကားကို ကြားတော့ သူမ မျက်လုံးတွေနီလာသည်။
သူမရဲ့ အိမ်ထောင်ရေးကို လျှို့ဝှက်ထားဖို့ ကနဦး ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် ဘယ်လိုဘဲရှိပါစေ သူမရဲ့ ဒီတစ်ခေါက် ထုတ်ပြောလာမှုက ဝေဖန်ခံရလိမ့်မည်ဖြစ်ပြီး သူမရဲ့ အနာဂတ် လုပ်ငန်းခွင်အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိလာမည်ဖြစ်သည်။
ဒါ့အပြင်၊ လက်မထပ်ရသေးသူတွေနဲ့ ကလေးမရှိတဲ့သူတွေကို အားပေးတဲ့ ကုမ္ပဏီရဲ့မူဝါဒနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာလည်း သူမရဲ့ကိုယ်ပိုင်သဘောတူညီချက်ဖြစ်သည်။ နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ၊ သူမကိုယ်တိုင် သည်းခံသင့်သည်။
သူမအတွက် ဝန်ထုပ်ဝန်ပိုးကို ထုပ်ပြောပြီးတဲ့နောက် ထန်ချီမှာ သက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ရပြီး စားပွဲပေါ်ကတစ်ရှူးနဲ့ မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်လိုက်သည်။
စုချန်ယန်က ရှုပ်ထွေးတဲ့အမူအရာနဲ့ ပြောလာသည်။ "အစ်မ၊ ရဲခေါ်ရအောင်"
ထန်ချီက ခေါင်းညိတ်လိုက်ပြီး "အစ်မ ရဲခေါ်သင့်တယ်"
စားသောက်ပြီးတဲ့အခါ အစီအစဉ်အဖွဲ့မှ အနားယူချိန် နှစ်နာရီပေးခဲ့သည်။