အခန်း ၁၀၃
Vol. 8 Ch. 103
ရှောင်လုရှင်းပြတာကို နားထောင်ပြီးတော့ စုချန်ယန်သိပ်အများကြီး မတွေးလိုက်ပေ။ ဧည့်သည်က ဘယ်သူဘယ်ဝါဖြစ်ပါစေ သူမကို မထိခိုက်သွားဘူး။
နာရီဝက်ကြာ အနားယူလို့ပြီးတော့ ဝန်ထမ်းတွေက သူတို့ရဲ့တံခါးကို လာခေါက်ကြကာ ရိုက်ကူးရေးစရန် အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့အတွက် ပြင်ဆင်ထားဖို့ အတိပေးလာသည်။
စုချန်ယန်နဲ့ရှောင်လုတို့ ထုပ်ပိုးပြီး အခန်းကနေ ထွက်လာတဲ့အခါ အခြားသူတွေအကုန်လုံး အဆင်သင့်ဖြစ်နေကြပြီး စုဝေးရာနေရာဆီ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
နေရာကိုရောက်တော့ လူတိုင်းစုဝေးနေကြတာကို ထန်ချီမြင်ပြီး သူတို့ကိုပြောလိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မ ပြန်သွားရမယ်"
စုချန်ယန်က အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးနေတဲ့ အကြည့်နဲ့ကြည့်ခဲ့သည်။
အခြေအနေက မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းတယ် မဟုတ်ဘူးလား? ဘာလို့ ထွက်သွားမှာလဲ?
"အစ်မ! ကျွန်မ ကြည့်လိုက်တော့ အင်တာနက်သုံးစွဲသူတွေက အစ်မရဲ့ကွာရှင်းမှုအတွက် အစ်မကို မဝေဖန်ကြဘူး။ အများစုကတော့ အစ်မရဲ့ဦးနှောက်က အလုပ်မလုပ်ဘူးလို့ပဲ ပြောနေကြတာဆိုတာ့ အစ်မ ထွက်သွားဖို့ မလိုဘူး!"
ဟန်စုန့်ရွှယ်က စိတ်လှုပ်ရှားနေပုံရပြီး ထန်ချီကို သူမပြောခဲ့တာတွေက နည်းနည်း စိတ်မသက်မသာဖြစ်စေပေမယ့် ထန်ချီကို စိတ်ပူနေတယ်ဆိုတာ သိသာသည်။
စုချန်ယန်က သက်ပြင်းတစ်ချက်ချကာ စကားတစ်ခွန်းမှ မပြောဘဲ ဟန်စုန့်ရွှယ်ရဲ့အနောက်ကို အလျင်အမြန် လျှောက်သွားပြီး ပါးစပ်နဲ့ နှာခေါင်းကို အုပ်ကာ အနောက်ကို ဆွဲခေါ်လိုက်သည်။ သူမက ထန်ချီကို တောင်းပန်သလို ပြုံးပြလိုက်ပြီး "တောင်းပန်ပါတယ်၊ သူ့မှာ ဦးနှောက်မရှိဘူးလေ"
ဟန်စုန့်ရွှယ်က သူမပြောတာ မှားသွားတာကို နားလည်ပြီး သူ့ဘေးမှာ တိတ်တဆိတ် ရပ်နေတဲ့ စုချန်ယန်ကို တစ်ဖက်ဆီ ဆွဲခေါ်ခွင့်ပေးလိုက်သည်။
"အစ်မ၊ အစ်မတကယ် နှုတ်ထွက်ချင်လို့လား?"
"ဒါက မလိုအပ်ဘူးလို့ထင်တယ်"
အခြားသူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်းမှ တုံ့ပြန်မှုတွေကို ရှင်းရှင်းလင်းလင်း သိပြီးပြီဖြစ်ကာ ထန်ချီကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေကြသည်။
ထန်ချီက ပြုံးလိုက်ပြီး ပြောခဲ့သည်။ "ဘာတွေတွေးနေကြတာလဲ။ အစ်မ နှုတ်ထွက်မယ်လို့ မပြောခဲ့ပါဘူး။ ဒီလိုအလကားခရီးထွက်ရတာကို ဘယ်လိုလုပ် မလိုချင်ဘဲနေမှာလဲ? ပြန်သွားပြီးတော့ ကြေငြာချက်ထုတ်ချင်လို့။ ထပ်ပြီးမနှောင့်နှေးချင်တော့ဘူး။ ဦးနှောက်မရှိဘူးလို့ ထပ်ပြီး အခေါ်မခံချင်တော့ဘူးလေ"
တခြားသူတွေက ချက်ခြင်းနားလည်သွားပြီး သူတို့ရဲ့ ခံစားချက်တွေက ချက်ချင်း ပြေလျော့သွားကြသည်။
သူတို့အားလုံးက ကိုယ်ကျိုးစီးပွားနည်းပါးတဲ့ ငယ်ရွယ်သည့် ဖျော်ဖြေရေးသမားများ အုပ်စုဖြစ်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှိုးတွင်ပါဝင်ခြင်းမှာ သူငယ်ချင်းကောင်းများရဖို့ နည်းလမ်းတစ်ခုဖြစ်သည်။ သူတို့က ထန်ချီကို အမှန်တကယ် ဂရုစိုက်ပြီး သူမရဲ့ စကားကို နားထောင်လို့ပြီးတော့ အပြုံးတွေ ပေါ်လာသည်။
အားလုံးကို နှုတ်ဆက်ပြီးတဲ့နောက်မှာ ထန်ချီက ကားနဲ့ ထွက်သွားသည်။
ထန်ချီက ခဏလောက်ထွက်သွားပေမယ့် အစီအစဉ်က ဆက်ရိုက်ကူးခဲ့သည်။
အဲ့ဒီအချိန် ပရိုဂရမ်အဖွဲ့က ညစာနဲ့ပတ်သက်ပြီး သူတို့ကို အတူစုစည်းလိုက်သည်။
ထင်သည့်အတိုင်း စုချန်ယန်က မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့သည်။ ထန်ချီ ထွက်သွားပြီးတော့ အစီအစဉ်အဖွဲ့က သူတို့ကို အခန်းတစ်ခုထဲ ခေါ်သွားသည်။
လက်ထောက်ဒါရိုက်တာက ခါတိုင်းလိုဘဲ အသံချဲ့စက်ကိုကိုင်ကာ ပြောလာသည်။ “အားလုံးသိတဲ့အတိုင်း ပရိုဂရမ်အဖွဲ့မှာ ဘတ်ဂျက်ငွေကြပ်နေတယ်။ နေ့လယ်တုန်းက မင်းတို့စားတဲ့ ဟော့ပေါ့က နောက်နှစ်ရက်အတွက် ပြင်ဆင်ထားတဲ့ ရန်ပုံငွေတွေကို သုံးလိုက်ရတယ်။ ဒါကြောင့် ဒီနေ့ညစာနဲ့ မနက်ဖြန်သွားမယ့်နေရာကို သွားဖို့ ရန်ပုံငွေအတွက်၊ မင်းတို့ကိုယ်တိုင် ပြင်ဆင်ရမယ်"
စုချန်ယန်က အခန်းပတ်ပတ်လည်ကို ကြည့်လိုက်တော့ နေရာတိုင်းတွင် ကျားကွက်တွေ ပြန့်ကျဲနေတာကို တွေ့လိုက်ရသည်။
သူမက အလေးအနက်နဲ့မေးလိုက်သည်။ “ရှင် ကျွန်မတို့ကို တောင်းစားတာ၊ အမှိုက်ကောက်တာ၊ လုယက်တာတွေ လုပ်ခိုင်းဖို့ စီစဉ်နေတာလား?”
ချီဖုက အမြန်ပြောလာသည်။ “ကျွန်တော် ဘယ်တော့မှ တရားမ၀င်တာ မလုပ်ဘူး ခင်ဗျားတို့လည်း မလုပ်သင့်ဘူး။ မဟုတ်ရင် ကျွန်တော် ခင်ဗျားတို့ကို သတင်းပို့ပစ်မယ်"
ပရိုဂရမ်အဖွဲ့ - “…”
လက်ထောက်ဒါရိုက်တာက မျက်လုံးလှိမ့်လိုက်ပြီး “ဘယ်လိုတောင် ချဲ့ကားလိုက်တာလဲ။ ငါတို့က မင်းတို့အတွက် တစ်ခုခု မပြင်ဆင် ပေးခဲ့ဘူးလား? ကြည့်ဦး၊ အခန်းထဲက ပစ္စည်းတွေက မင်းတို့ရဲ့ ပစ္စည်းတွေပဲ”
"ခဗျားတို့တွေ ဆင်းရဲတာကို သိပါတယ်၊ ဒါပေမယ့် ဒီလောက်ထိ မွဲတေစရာလိုလို့လား?ဒီပစ္စည်းတွေကို ဘယ်ကနေ လာယူတာလဲ? အမှိုက်ပုံးကလား?"
လက်ထောက်ဒါရိုက်တာက ပြောလာသည်။ “ဒီည မင်းတို့ရဲ့တာဝန်ကတော့ အမှိုက်ကို ရတနာအဖြစ်ပြောင်းပြီး ညဈေးမှာ ရောင်းရမယ်။ ထန်ချီက အစီအစဉ်ကနေ ခဏ ထွက်သွားတာမို့လို့ မင်းတို့တွေက နှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီး လမ်းသွားလမ်းလာတွေက မင်းတို့ကို မမှတ်မိစေဖို့ ရုပ်ဖျက်ထားရမယ်။ ဒါ့အပြင် အမှိုက်ကို ရတနာအဖြစ် ပြောင်းလဲတာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ထင်ဟပ်ခြင်းမရှိတဲ့ မင်းတို့ ထုတ်ကုန်တွေက ဘယ်လောက်ဘဲဆိုးရွားနေပါစေ တစ်ယောက်ယောက်တော့ ဝယ်ရမယ်။ပြီးတော့…”
“လုပ်စမ်းပါ! ဒီကိုလာပြီး ဒီပစ္စည်းတွေကို ရတနာအဖြစ် ပြောင်းလဲရမယ်။ ရိုးရိုးသားသားပြောစမ်းပါ၊ ဒီဟာတွေ ရှင့်ရှေ့မှာရှိနေရင် ရှင်ရောဝယ်မှာလား? ဒါက အကျင့်မကောင်းတာ မဟုတ်ဘူးလား?" ဟန်စုန့်ရွှယ်က သူ့ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်သည်။
လက်ထောက်ဒါရိုက်တာက သူမကို မျက်စောင်းတစ်ချက်ပေးလိုက်ပြီး "ငါ့စကားကို ပြီးအောင်ပြော ခွင့်ပြုပေးလို့ရမလား?"
"ပြောပါ ဒါပေမယ့် ကျွန်မတို့ ကျေနပ်လောက်မယ့်အဖြေကို မပေးနိုင်ရင် ကျွန်မတို့ မပြီးဘူး" ဟန်စုန့်ရွှယ်က ပြန်ဖြေသည်။
လက်ထောက် ဒါရိုက်တာက မျက်လုံးလှိမ့်လိုက်သည်။ ဒီဧည့်သည်အုပ်စုဟာ သူတွေ့ကြုံဖူးတဲ့အထဲ အခက်ခဲဆုံးဘဲ။
“ဒါ့ပြင်၊ မင်းတို့ရဲ့ကိုယ်ပိုင်စွမ်းရည်ပေါ်အခြေခံပြီး ရောင်းချတဲ့ပစ္စည်းတွေကို ရောင်းချတဲ့စျေးနှုန်းက ဘယ်လိုဘဲဖြစ်ပါစေ နောက်ဆုံးမှာ ပရိုဂရမ်အဖွဲ့က ဝယ်ယူသူတွေဆီ ပြန်အမ်းမှာဖြစ်တယ်။ ဟုတ်ပါတယ်၊ အရောင်းစျေးနှုန်းက ပစ္စည်းရဲ့တန်ဖိုးထက်ကို အရမ်းကျော်လွန်လို့မရဘူး။ မဟုတ်လို့ရှိရင်တော့ ဒါကို မရိုးသားတဲ့ အရောင်းသမားရောင်းချရာမှာ အရည်အချင်းမရှိလို့ မှတ်ယူပါမယ်။ ဒါ့အပြင် မင်းတို့တွေကို မှတ်မိသွားတဲ့ လမ်းသွားလမ်းလာတွေက ဝယ်မယ်ဆိုရင်လည်း ရောင်းနေတာကနေ ရပ်စဲခံရမှာဖြစ်ပြီးတော့ စားနပ်ရိက္ခာနဲ့ ခရီးသွားစရိတ်တွေကို ဖျော်ဖြေရင်းကနေ ယူရမှာဘဲ ဖြစ်တယ်"
ဒီစကားကြားတော့ အားလုံး ငြိမ်သွားကြသည်။
ဒီအမှိုက်ပုံကြီးကို ရတနာအဖြစ် ရောင်းချပြီး ပရိုဂရမ်အဖွဲ့ရဲ့ ရန်ပုံငွေကနေ ဝယ်ယူသူတွေကို ငွေပြန်အမ်းတာက လိမ်လည်မှုလို့ မယူဆနိုင်သလို ကျိုးကြောင်းဆီလျော်တဲ့ အစားအသောက်နဲ့ ခရီးစရိတ်တွေကိုလည်း ရနိုင်သည်။ ဒါပေမယ့် သူတို့ရောင်းတဲ့နေရာမှာ အရည်အချင်းမပြည့်မီပါက ဖျော်ဖြေရဦးမည်....
ကျန်းရှစ်ချီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ "ကျွန်မတို့ ဘယ်လို ဖျော်ဖြေရမှာလဲ?"
လက်ထောက်ဒါရိုက်တာက “သီချင်းဆိုတာ၊ ကတာ၊ ဟာသတွေပြောတာ? ကာယဗလလည်း လုပ်လို့ရတယ်"
“ဟင့်အင်း"
“ငြင်းတယ်”
"နှစ်ယောက် တစ်ဖွဲ့မှာ တစ်ယောက်ကို မှတ်မိသွားရင် ကျန်တစ်ယောက်ရော ဒုက္ခရောက်မှာလား?"
လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်ပြသည် - “ဟုတ်တယ်”
အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကာ ညှိစရာမလိုဘဲ ဘေးဘက်ကို ခြေလှမ်းနည်းနည်းလှမ်းကာ စုချန်ယန်ဘေးတွင် ကွက်လပ်တစ်ခုထားလိုက်သည်။
စုချန်ယန်မှာ ဒီတစ်လော Weibo တွင် ရေပန်းစားမှုမှာ အလွန်မြင့်မားနေပြီး တက်သစ်စ မင်းသမီးအချို့နဲ့အပြိုင်နီးနီးပင်။ သူမနဲ့တွဲနေတာက မှတ်မိခံရနိုင်ပြီး သိသိသာသာကို အန္တရာယ်ရှိသည်။
စုချန်ယန်က လူအုပ်စုကို အမူအရာမဲ့စွာနဲ့ ကြည့်လိုက်သည်။
သူတို့တွေထဲက မကြာသေးတုန်းက သူမနဲ့ တွဲဖို့ ကတိပြုခဲ့တဲ့ ဟန်စုန့်ရွှယ်ကတောင် အမြန်ဆုံး အနောက်ဆုတ်သွားသည်။
စုချန်ယန်က သူမကို စိုက်ကြည့်လာတဲ့အခါ ဟန်စုန့်ရွှယ်ကချက်ချင်း အပြစ်ရှိသလိုကြည့်လိုက်ပြီး တစ်ဖက်လှည့်လိုက်သည်။
အားလုံးကိုမွှေလိုက်တဲ့ လက်ထောက်ဒါရိုက်တာက စုချန်ယန်နဲ့တွဲဖို့ တွန့်ဆုတ်နေကြတဲ့ အဖွဲ့ကို မြင်ပြီး "ကောင်းပြီ၊ ချန်ယန်၊ မင်းရဲ့ တွဲဖက်ကို အရင်ရွေးနိုင်တယ်၊ ရွေးခံရတဲ့ ဧည့်သည်က ကန့်ကွက်လို့ မရဘူး"
ဒါကိုကြားတော့ စုချန်ယန်က ဟန်စုန့်ရွှယ်ကို ပြုံးနေတဲ့ အကြည့်တစ်ချက် ပေးလိုက်သည်။
ဟန်စုန့်ရွှယ် - “…”
အဲ့ဒီတစ်ခဏမှာ ဟန်စုန့်ရွှယ်ဆီကနေ ချွေးအေးတွေထွက်လာသည်မှာ ချဲ့ကားပြောတာ မဟုတ်ချေ။
စုချန်ယန်ရဲ့ အကြည့်က သူမဆီမှာ အတန်ကြာအောင် ရှိနေတော့ ဟန်စုန့်ရွှယ်မှာ မျှော်လင့်ချက်နဲ့ ကြောက်လန့်မှုတွေရော ပြည့်နေသည်။
ချန်ယန်သာ သူမကို ရွေးချယ်ခဲ့ရင် သူမက ချန်ယန်နဲ့ ဆက်ဆံရေးကောင်းတယ်လို့ အဓိပ္ပါယ်ရသည်။ အကယ်၍ သူမကို မရွေးဘူးဆိုရင်တော့၊ ရှိုးအတွင်းမှာ မှတ်မိခံရနိုင်ချေနိုင်ခြေ နည်းနည်း နည်းမည်ဖြစ်သည်။
ဒါပေမယ့် မှတ်မိခံရလည်း ဘာအရေးလဲ။ ရှက်ရမယ့်သူက သူမမှ မဟုတ်ဘဲ သေကြတာပေါ့!
ဟန်စုန့်ရွှယ်က အံကြိတ်လိုက်ကာ ရှေ့တိုးပြီးစေတနာ့ဝန်ထမ်း လုပ်တော့မယ့်အချိန်မှာ စုချန်ယန်ရဲ့ အကြည့်က သူမရဲ့မျက်နှာကိုဖြတ်ပြီး ကျန်းရှစ်ချီဆီပေါ်ရောက်သွားသည်။
ကျန်းရှစ်ချီက စုချန်ယန်ရဲ့ မျက်လုံးတွေနဲ့ ဆုံတော့ မတုန်မလှုပ်နဲ့ မထူးခြားနားပေ။
စုချန်ယန်က လက်ထောက်ဒါရိုက်တာဘက်ကို လှည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ ရှစ်ချီကို ရွေးမယ်"
ကျန်းရှစ်ချီက မအံ့သြသွားဘဲ စုချန်ယန်ဘက် လျှောက်သွားလိုက်သည်။ သူမရဲ့မျက်နှာက အမူအရာမဲ့နေပေမယ့် စုချန်ယန်နဲ့ အတူတစ်ဖွဲ့ဖြစ်သွားတာကို စိတ်ထဲ မရှိတဲ့ပုံပင်။
ဟန်စုန့်ရွှယ်မှာ အံ့အားသင့်သွားပြီးစုချန်ယန်ရဲ့ ညာဘက်ခြမ်းဆီ လျှောက်သွားနေသော ကျန်းရှစ်ချီကို မယုံနိုင်အောင် ကြည့်လိုက်သည်။
စုချန်ယန်ရဲ့ အချစ်ဆုံးသူငယ်ချင်းက သူမ မဟုတ်ဘူးလား? ! ဘယ်လိုဖြစ်ရတာလဲ…ဒါကမဖြစ်နိုင်ဘူး…ဝါးး…ဒါကမဖြစ်နိုင်ဘူး…
ကျန်းရှစ်ချီက ဟန်စုန့်ရွှယ်ရဲ့ အကြည့်ကို ခံစားမိပုံရကာ အောင်ပွဲခံတဲ့အပြုံးနဲ့အတူ ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက် ပေးလိုက်သည်။
ဟန်စုန့်ရွှယ် - “…”
သေစမ်း! ဒါက ငါ့ကို အရမ်းဒေါသထွက်စေတယ်!
အဆုံးမှာ စုချန်ယန်နဲ့ ကျန်းရှစ်ချီ၊ ဟန်စုန့်ရွှယ်နဲ့ ချီဖု၊ စုန့်မင်ကန်နဲ့ ရှန်ဖု၊ ဟယ်ရှုနဲ့ချင်ယို တို့ဆိုပြီး အုပ်စုလေးစုခွဲလိုက်သည်။
အဖွဲ့တွေကိုဆုံးဖြတ်ပြီးတော့ အစီအစဉ်အဖွဲ့က ဧည့်သည်တွေကို ပြင်ဆင်ချိန်နည်းနည်းပေးခဲ့သည်။ အဲ့ဒီအချိန်တွင် လက်ထောက်ဒါရိုက်တာက စုချန်ယန်ကို ဘေးဆီ ခေါ်လိုက်သည်။
စုချန်ယန်က ကျန်းရှစ်ချီကို ကလေးတွေ ကြိုက်တတ်တဲ့ ပစ္စည်းတွေကို ရှာဖို့ ပြောထားလိုက်ပြီး လက်ထောက်ဒါရိုက်တာနဲ့အတူ အခန်းထဲက ထွက်လာလိုက်သည်။
စင်္ကြံမှာ ဘယ်သူမှ မရှိပေ။
စုချန်ယန်က မေးလိုက်သည်။ "လက်ထောက်ဒါရိုက်တာ ကျွန်မကို ဘာပြောချင်လို့လဲ?"
လက်ထောက်ဒါရိုက်တာက နည်းနည်း အားနာနေကာ တုံ့ဆိုင်းသွားဟန်ဖြင့် “ဒီအပိုင်းကနေစပြီး နာမည်ကြီးဧည့်သည်ကို ငါတို့တွေ ဖိတ်လိမ့်မယ်။ မင်း အဲဒါကို သိသင့်တယ်မဟုတ်လား?"
စုချန်ယန်က ခေါင်းညိတ်ပြလိုက်ပြီး "ရှောင်လုဆီက ကြားတယ်"
လက်ထောက်ဒါရိုက်တာက သက်ပြင်းချပြီး “ မင်းကို ကြိုပြောသင့်တယ်ထင်လို့။ ထျန်းရုန်က ဘယ်ကလဲဆိုတာ မင်းသိလား?"
ထျန်းရုန်? စုချန်ယန်မှာ ခဏလောက် အံ့အားသင့်သွားသည်။ သူက ယန်ရှုရီရဲ့ ရည်းစားမဟုတ်ဘူးလား?
"ကျွန်မ မသိဘူး။ ဘာဖြစ်လို့လဲ?" စုချန်ယန်က နားမလည်သလို ကြည့်လိုက်ပေမယ့် အမြန်သဘောပေါက်သွားသည်။ "သူက အစီအစဉ်အဖွဲ့က ဖိတ်ကြားတဲ့ နာမည်ကြီးဧည့်သည်လား?"
လက်ထောက်ညွှန်ကြားရေးမှူးက သက်ပြင်းချလိုက်ပြီး “သူ့ရဲ့ရဲ့မွေးရပ်မြေက စီချွမ်မှာရှိတဲ့ နေရာအသေးလေးက။ ပြည်တွင်းစီးပွားရေး မြှင့်တင်ဖို့ ဒီအစီအစဉ်ကို ငါတို့ရိုက်ကူးဖို့ လာနေတယ်လို့ သူတို့ကြားခဲ့တယ်။ ဒါ့အပြင်၊ ပရိုဂရမ်ရဲ့ပထမအပိုင်းနှစ်ပိုင်းက ပရိသတ်အားပေးမှုကောင်းတာကြောင့် သူ့ရဲ့အေဂျင်စီက သူ့ကိုဒီနေရာခေါ်ဖို့ ငွေနည်းနည်းသုံးခဲ့တယ်"
ဒါကိုနားထောင်ပြီးတော့ စုချန်ယန် ခဏလောက် တိတ်ဆိတ်သွားပြီး မေးလိုက်သည်။ "မန်နေဂျာလင်းရော ဒီကိစ္စကို သိလား?"
လက်ထောက်ဒါရိုက်တာက ခေါင်းခါပြလိုက်ပြီး “ဒါက နောက်ဆုံးမိနစ်လေးအတွင်းမှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်ဆိုတော့ ငါတို့ သူ့ကို ပြောဖို့ အခွင့်အရေး မရသေးဘူး”