အခန်း ၁၀၅
Vol. 8 Ch. 105
ကလေးနှစ်ယောက်က သူတို့ကို စိတ်အားထက်သန်စွာနဲ့ ကြည့်နေခဲ့သည်။
စုချန်ယန်က အနည်းငယ်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ ပြောဆိုဆက်သွယ်ရေးမှာလည်း အတားအဆီးဖြစ်နေတာကို မေ့လုနီးပါးပင်။
"တောင်းပန်ပါတယ် ကလေးတို့ ငါတို့က ဒေသခံတွေမဟုတ်တော့ စီချွမ် ဒေသိယစကားကို ကောင်းကောင်းနားမလည်ဘူး"
ကလေးတွေက ခေါင်းညိတ်ပြပြီး မတောက်တခေါက် မန်ဒရင်းလိုပြောလာသည်။ "ကော်ကော်၊ ဟေး၊ ဘယ်လောက်လဲ?"
စုချန်ယန် - “…”
စုချန်ယန်မှာ သူတို့ပြောချင်တဲ့ အဓိပ္ပါယ်ကို နားမလည်ဘဲ တုံ့ဆိုင်းနေပြီး တောင့်တင်းတဲ့အပြုံးနဲ့ ပြန်ဖြေလာသည်။ “ဆယ်ယွမ်ပဲ”
ကလေးတွေရဲ့ မျက်နှာမှာ အိုကျသွားပြီး သူတို့ထဲက တစ်ယောက်က သက်ပြင်းတစ်ချက်ချကာ မေးလာသည်။ "ကော်ကော်က ဒီမှာရှိနေတာ ကျွန်တော်တို့ကို စျေးလျှော့ပေးလို့ရမလား?"
စုချန်ယန်က စိတ်ရှုပ်သွားပြီး ကျန်းရှစ်ချီကို အကူအညီတောင်းသလိုကြည့်လိုက်သည်။ "ဘာမှော်?"
ကျန်းရှစ်ချီမှာ သူ့ထက်တောင် ပိုစိတ်ရှုပ်သွားရသည် - “…”
ကလေးတွေ - “…”
ကလေးတွေက ရှင်းပြလာသည်။ "....မဝယ်နိုင်လို့၊ .....ဈေးတော်၊ နည်းနည်း ဈေးတော်ပေးလို့ရမလား?"
စုချန်ယန်က ခဏလောက်တုံ့ဆိုင်းသွားပြီး "ကောင်းပြီ ရှစ်ယွမ်ဆိုရင်ရော ဘယ်လိုလဲ?"
"ကျွန်တော်လိုချင်တယ်"
ကလေးနှစ်ယောက်က အိတ်ကပ်ထဲက ပိုက်ဆံရှစ်ယွမ်ကို ထုတ်လိုက်ပြီး စုချန်ယန်ကို ပေးလိုက်သည်။ စုချန်ယန်က ပိုက်ဆံယူလိုက်ပြီး သူတို့ကို အရုပ်ကားတစ်စီးပေးလိုက်သည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက်စုချန်ယန်မှာ သူမလက်ထဲက ပိုက်ဆံကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်သည်။
ခဏအကြာ သူမက ကျန်းရှစ်ချီ ဘက်လှည့်ကာ ပြောလိုက်သည် "ဒီနေရာကနေ ချောချောမွေ့မွေ့ဖြစ်မလာ လောက်ဘူးလို့ ခံစားမိတယ်"
ကျန်းရှစ်ချီလည်း ခေါင်းညိတ်သဘောတူလိုက်သည်။
နှစ်ယောက်သား သိပ်မစားဘဲ နေ့လယ်ဝက်လောက် ရုန်းကန်လိုက်ကြရသည်။ ငွေရပြီးတဲ့နောက်၊ စုချန်ယန်က တစ်ခုစီကို ရှစ်ယွမ်ပေးရတဲ့ ဝက်သားတစ်ပိုင်းစီပါတဲ့ ပန်ကိတ်ဝယ်ဖို့ အကြံပြုလိုက်သည်။
ကျန်းရှစ်ချီက သဘောတူတော့ စုချန်ယန်လည်း တခြားသူတွေ ဘယ်လိုနေနေလဲ ကြည့်ဖို့ သရေစာလမ်းဆီ ပိုက်ဆံယူပြီးသွားဖို့ ပြင်ဆင်လိုက်သည်။
သူမသွားခင် ဖောက်သည်တွေလာလို့ နားမလည်ပါက သူတို့ကို ဈေးပဲသတ်မှတ်ပေးလိုက်လို့ ကျန်းရှစ်ချီကို သတိပေးလိုက်သည်။
သရေစာလမ်းကို ရောက်တဲ့အခါ စုန့်မင်ကန်နဲ့ ရှန်ဖု တို့ကို တစ်ချက်ကြည့်လိုက်သည်။ ခြေအိတ်လို ပစ္စည်းတွေ ရောင်းနေကြပေမယ့် စီးပွားရေးကတော့ တော်တော်ဆိုးသည်။ လမ်းသွားလမ်းလာတွေက သူတို့ဆိုင်ကိုလှည့်တောင် မကြည့်ပေ။
စုချန်ယန်က သူတို့ဆီ ရောက်လာပြီး နှုတ်ဆက်ဖို့ လုပ်လိုက်ပေမယ့် သူမ အနားရောက်လာတာနဲ့ စုန့်မင်ကန်က သူမဆီ ချဉ်းကပ်လာသည်။
"သခင်လေး တစ်ခုခုလိုလား?" သူကမေးလိုက်သည်။
စုချန်ယန်က သူ့ကို မျက်တောင်ခတ်ပြလိုက်ပြီး ပြောလာသည်။ “ကျွန်မလေ"
စုန့်မင်ကန် ရဲ့အမူအရာမှာ တခဏအတွင်း ပြိုကျသွားသည်။ သူ့မျက်နှာပေါ်တွင် နှုတ်ခမ်းမွေးသေးသေးလေး တွေရှိပြီး သူကနှုတ်ခမ်းမွေးကို မှုတ်ကာ "မင်းက ဘယ်လိုရောက်လာတာလဲ?"
စုချန်ယန်က သူမလက်ထဲက ဒေါ်လာနည်းနည်းကို ခါယမ်းလိုက်ပြီး "ရှစ်ချီနဲ့ ကျွန်မတို့ဒီည ပထမဆုံးဈေးဦးပေါက်သွားတော့ ဗိုက်ဖြည့်ဖို့ ပန်ကိတ်တစ်လုံး ဝယ်မလို့"
ရှန်ဖုက နံဘေးမှာ ငြိမ်ငြိမ်သက်သက်ထိုင်နေပြီး ဒီစကားကိုကြားတော့ ခေါင်းမော့လာကာ စပ်စပ်စုစုမေးလိုက်သည်။ "မင်းတို့က ဘာရောင်းတာလဲ?"
"ကလေးကစားစရာတွေ"
“အခု ၃၀၀ ကို ဘယ်တော့ ရောင်းနိုင်မယ်လို့တွေးထားတာလဲ?'
စုချန်ယန်က ခေါင်းခါလိုက်ပြီး "ကျွန်မတို့ အဲဒါတွေကို မရောင်းနိုင်ရင် တခြားနည်းလမ်းတွေ စဉ်းစားမယ်"
စုချန်ယန်က သိပ်မကြာလိုက်ပေ။ ခဏလောက်စကားစမြည်ပြောပြီးသွားတော့ သူမ မြင်ထားတဲ့ ပန်ကိတ်ဆိုင်ကို သွားကာ မိနစ်အနည်းငယ်ကြာအောင်တန်းစီကာ စောင့်နေပြီးမှ မှာလိုက်တော့ ဝက်ပေါင်သားတစ်ဝက်ကိုလှီး ပေးပြီး ပန်ကိတ်နဲ့ သီးသန့်ထုပ်ပေးလိုက်သည်။
အပြန်လမ်းတွင် သူမက ဟန်စုန့်ရွှယ်နဲ့ချီဖုတို့ဘက်ကို တစ်ချက်ကြည့်လိုက်တော့ သူမမျှော်လင့်ထားတဲ့အတိုင်း အနီးနားတစ်ဝိုက်မှာ စားသောက်ကုန်ကားများရှိနေပြီး သူတို့ခင်းကျင်းထားတဲ့ ပုဝါတွေကို ဘယ်သူမှသတိမထားမိပေ။
"ဘာလဲ! ချီဖုလား!"
ရုတ်တရက် လူအုပ်ထဲမှ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"ရှင့်ရဲ့ <Flame Trees>ကို ကျွန်မကြည့်ဖူးတယ်!!! ရှင်သေတုန်းက ကျွန်မအရမ်းငိုခဲ့ရတာ!"
"ချီဖုလား? သိပ်မကြာသေးခင်တုန်းက <Travel> variety show မှာ စကတ်ဝတ်ရတာကြိုက်တယ်လို့ ပြောတဲ့သူလား?"
"အတိအကျဘဲ! သူ့ပုံစံကိုကြည့်လိုက်!"
"နေဦး.... သူက ချီဖုဆိုတော့ သူ့ဘေးက တစ်ယောက်က...."
"ဟန်စုန့်ရွှယ်ဘဲ! စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး အကန့်အသတ်မရှိတဲ့ ဟန်စုန့်ရွှယ်!”
"အား ဒီမှာ <Travel> ရိုက်နေတာလား? တခြားသူတွေရော အနီးနားရှိလား?”
"ငါ့ငန်းမလေး... ငါ့ငန်းမလေးရောဒီမှာလား? ငါသူ့ကိုတကယ်တွေ့ချင်တယ်!"
စုချန်ယန်နဲ့ ကျန်းရှစ်ချီတို့က ချီဖုနဲ့တခြားသူတွေရှိတဲ့နေရာနဲ့ မဝေးချေ။ ဆူပူအုံကြွသံကို ကြားရတဲ့အခါ ချက်ချင်းပင် လေးနက်တဲ့အမူအရာတွေ ထွက်လာကြသည်။ သူတို့အခု အစီအစဉ်ရိုက်ကူးနေတာကို မေ့သွားတော့မလို့။ တစ်စုံတစ်ယောက်က သူတို့ကို မှတ်မိတာနဲ့ တခြားသူတွေကိုပါ အလွယ်လေးရှာတွေ့သွားမှာပင်။
စုချန်ယန်က ပန်ကိတ်ကိုကိုင်ကာ ဦးထုပ်ကို ဆွဲချပြီး အခင်းဖြစ်ရာနေရာကနေ အမြန်ထွက်ခွာသွားလိုက်သည်။
လမ်းဆုံလမ်းခွဆီရောက်တဲ့အခါသူမကို အမြန်သွားနေတဲ့ ချင်ယို့နဲ့ တိုက်မိသွားသည်။ တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ နားလည်မှုရှိစွာနဲ့ ကြည့်လိုက်ကြသည်။
စုချန်ယန်က သူမရဲ့ ပခုံးကို ကိုင်လိုက်ပြီး ပြောလိုက်သည်။ “ဟန်စုန့်ရွှယ်နဲ့ချီဖုတို့ကို မှတ်မိသွားကြပြီ။ သတိထား"
"အမ်!"
လမ်းခွဲပြီးတဲ့နောက်စုချန်ယန်က သူမတို့ရဲ့ အရုပ်ဆိုင်ဆီ ပြန်သွားလိုက်သည်။
စုချန်ယန်ထွက်သွားပြီးတဲ့ခဏမှာ ကျန်းရှစ်ချီက နောက်ထပ် ဆယ်ယွမ် ကျော်ကျော်လောက် ရောင်းလိုက်ရသည်။
စုချန်ယန် ပြန်ရောက်လာတဲ့အခါ ကျန်းရှစ်ချီက သိချင်စိတ်နဲ့မေးလိုက်သည်။ "ဘာဖြစ်တာလဲ? ဟိုမှာ ရုန်းရင်းဆန်ခတ်သံတွေကြားရတယ်”
စုချန်ယန်က သူမဘေးမှာရှိတဲ့ ကုလားထိုင်ကနေ တံငါသည်ဦးထုပ်ကို ကောက်ယူလိုက်ပြီး ကျန်းရှစ်ချီကို ဝတ်ပေးပြီးတော့ သူမကို ပန်ကိတ်တစ်ခု ပေးလိုက်သည်။ သူမက တိုးတိုးလေး ပြောပြခဲ့သည်။
“စုန့်ရွှယ်နဲ့ တခြားသူတွေကို မှတ်မိသွားကြတယ်။ တစ်စုံတစ်ယောက်က ငါတို့ ရိုက်ကူးရေးလုပ်နေတာကို သိထားတယ် သတိထား"
ကျန်းရှစ်ချီက အံ့သြသွားပြီး "မှတ်မိသွားတာလား?"
“ဟုတ်တယ်။ နင်အရင်စားလိုက်၊ ငါရပ်ကြည့်နေမယ်" စုချန်ယန်က ပြန်ပြောလိုက်သည်။
သူတို့ရဲ့နေရာက သရေစာလမ်းနဲ့ လမ်းတစ်လမ်း ခြားထားတာကြောင့် သူတို့အတွက်တော့ ယခုအချိန်အထိ ဘေးကင်းနေတုန်းပင်။
ကျန်းရှစ်ချီက ခေါင်းခါလိုက်ပြီး “နင် သွားစားလိုက်။ ငါ ဗိုက်သိပ်ဗိုက်မဆာဘူး"
ဒါကိုကြားတော့ စုချန်ယန်က မငြင်းလိုက်ပေ။ သူမ တကယ်ဘဲ ဗိုက်နည်းနည်းဆာနေပြီဖြစ်သည်။
သူမ ခေါင်းညိတ်ပြလိုက်ပြီး ကုလားထိုင်တစ်လုံးကိုယူကာသူမရဲ့ရခဲလှတဲ့အစားအစာကို ခံစားဖို့ နံရံဘက်မျက်နှာမူပြီး ထောင့်တစ်နေရာတွင်ထိုင်လိုက်သည်။
"ဘာလဲ? သူတို့က ဒီခရီးမှာ ရှိုးကိုရိုက်ကူးရေးလုပ်နေတာလား?"
"ဘာ?!"
"နောက်နေတာမဟုတ်ဘူး။ ငါ့သူငယ်ချင်းက မက်ဆေ့ပို့လာတယ်။ ရဲအဖြစ်သရုပ်ဆောင်တဲ့ တစ်ယောက်နဲ့ သီချင်းရေးတဲ့သူက သရေစာလမ်းမှာရှိနေတယ်တဲ့"
"ငါ့နတ်သမီးလည်း ဒီမှာပဲလား?"
"အတိအကျဘဲ!"
. . . . .
လူငယ်နှစ်ဦးက သူတို့ရဲ့အရုပ်ဆိုင်မှဖြတ်သွားကာ အစားအသောက်လမ်းဆီ အမြန်သွားခင် စကားးနည်းနည်းပြောနေကြသည်။
စုချန်ယန်က သူမရဲ့ပန်ကိတ်တစ်ဝက်ကို အပြီးသတ်ရင်း လှည့်ကြည့်လိုက်တော့၊ အစက လူစည်ကားနေတဲ့ အိမ်မွေးတိရစ္ဆာန်လမ်းမှာ လူအနည်းငယ်သာ ကျန်တော့သည်။
စုချန်ယန်က အံ့သြသွားပြီး မေးလိုက်သည်။ "လူတိုင်း ဘယ်သွားကြတာလဲ?"
ကျန်းရှစ်ချီက သရေစာလမ်းကို ညွှန်ပြလိုက်သည်။
သူတို့ဘေးနားက အိမ်မွေးတိရစ္ဆာန်ဆိုင်ပိုင်ရှင်က သူတို့နှစ်ယောက်နဲ့ စကားစမြည်ပြောလာသည်။
"မင်းတို့ရော မသွားချင်ဘူးလား?" ပိုင်ရှင်က သူတို့နှစ်ယောက်လုံး နားလည်တဲ့မန်ဒရင်းဘာသာနဲ့ ပြောလာသည်။
စုချန်ယန်က ကျန်းရှစ်ချီသွားစားခိုင်းလိုက်ပြီး ပိုင်ရှင်ကို အသံတိုးတိုးနဲ့မေးလိုက်သည်။ "ဘာကိုသွားကြည့်ရမှာလဲ?"
“ညဈေးမှာ variety show ရိုက်နေတယ်လို့ ကြားတယ်၊အဲဒီထဲမှာ စုချန်ယန်လို့ခေါ်တဲ့ တစ်ယောက်လည်းပါတယ်" ပိုင်ရှင်က ပြောပြလာသည်။
စုချန်ယန်က ရယ်ပြီး “ကျွန်တော်က variety showတွေကို သိပ်မကြည့်ဘူး"
ပိုင်ရှင်က တခစ်ခစ်ရယ်ပြီး “ငါ့မိန်းမက သူတို့ကို ကြည့်ရတာ သဘောကျတယ်လေ။ စုချန်ယန်ရဲ့ လက်မှတ်သွားယူဖို့ ဆိုင်ကနေတောင် ထွက်သွားတယ်"
စုချန်ယန်က ပြုံးပြလိုက်ပေမယ့် ဘာမှပြန်မပြောလိုက်ပေ။
"ဟေး ဒါဘယ်လောက်လဲ?"
အရုပ်ဆိုင်ရှေ့မှာ လူတစ်ယောက် ရုတ်တရက်ပေါ်လာသည်။ စုချန်ယန်လှည့်ကြည့်လိုက်တော့ လက်နှစ်ဘက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး သူမကိုမကောင်းကြံတဲ့အကြည့်နဲ့ ကြည့်နေတဲ့ ရှောင်လုကို တွေ့လိုက်ရသည်။
စုချန်ယန်က သူမကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး တီးတိုးပြောလာသည်။ "ဒီကိုလာပြီး ဒုက္ခမပေးနဲ့"
ရှောင်လုက နှုတ်ခမ်းစူလိုက်ပြီး "နင်တို့ရဲ့လုပ်ငန်းကို စစ်ဆေးဖို့ ငါလာခဲ့တာ။ ခုနက အဖွဲ့နှစ်ဖွဲ့ကို မှတ်မိသွားတော့ အခု သူတို့တွေ တစ်နေရာရာမှာ ဖျော်ဖြေနေတာ ဖြစ်မယ်"
"စုန့်မင်ကန်နဲ့ ဟန်စုန့်ရွှယ်တို့အဖွဲ့လား?"
“ဟုတ်တယ်၊ တစ်ယောက်ယောက်ကို နင့်ကို အထူးတလည် ရှာနေတယ်။ သူတို့ ဒီနေရာကို မကြာခင် ရှာတွေ့သွားလိမ့်မယ်”
စုချန်ယန်က စိုးရိမ်တကြီး လှည့်ပတ်ကြည့်လိုက်ရင်း ပြောလိုက်သည်။ “ဒါဆို နင်မြန်မြန် ထွက်သွားသင့်တယ်။ ငါ့ရဲ့ပရိသတ်တွေ တော်တော်များများက နင့်ကို မြင်ဖူးကြတယ်"
ရှောင်လုက ပခုံးတွန့်ကာ ဖုန်းထုတ်လိုက်ပြီး ပြောလိုက်သည်။ "ငါက မန်နေဂျာလင်း ပေးထားတဲ့အလုပ်ကို ပြီးအောင်လုပ်ဖို့ ဒီကိုရောက်နေတာ"
စုချန်ယန်က အံ့အားသင့်သွားပြီး "ဘာအလုပ်လဲ?"
ရှောင်လုက ပြန်မဖြေဘဲ အဲ့ဒီအစား ဖုန်းကိုမြှောက်ပြီး သူမကိုပြောလိုက်သည်။ "ပြုံးမယ်"
စုချန်ယန်က ကြောင်အနေပြီး ရှောင်လုက "ကလစ်" နဲ့ snap ပုံရိုက်လိုက်သည်။
သူမရဲ့ ဓာတ်ပုံရိုက်စကေးကို အရမ်းကျေနပ်ပုံရပြီး ချက်ချင်း ဓာတ်ပုံကို ပို့လိုက်ပြီး ပြောလာသည်။ “မန်နေဂျာလင်းက စိုးရိမ်နေတယ်လေ။ သူကအနားမှာမရှိတော့ စိုးရိမ်နေလို့ နင့်ရဲ့ဓာတ်ပုံကို ငါရိုက်လိုက်တာ"
စုချန်ယန် - “…”
လမ်းပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ကြားလိုက်ရတော့ စုချန်ယန်မှာ ဘာမှပြောဖို့ အချိန်မရလိုက်ပေ။ ရှောင်လုကို အမြန်လွှတ်လိုက်ပြီး သူ့နေရာမှာ ပြန်ထိုင်ကာ ဦးထုပ်ကို နှိမ့်လိုက်ပြီး ဖုန်းသုံးနေဟန်ဆာင်လိုက်သည်။
"ငါ့မိန်းမလည်း အဲ့ဒီမှာဘဲ ရှိမယ်ထင်တယ်"
"ငါတို့ သူ့ကိုတွေ့ရင် ငါတို့မျက်စိနဲ့ ငါတို့အတွက် သူ ဖျော်ဖြေတာကို တွေ့ရလိမ့်မယ်"
"ဒါပေမယ့် ဒီမှာ ဆိုင်တွေအများကြီးရှိတာ၊ ငါတို့ သူ့ကို ဘယ်လိုရှာရမှာလဲ?"
“သူတို့က အတွဲလိုက်ထင်တယ်။ စောစောက အမျိုးသား ဧည့်သည် သုံးယောက် မတွေ့ဘူးလား? စုချန်ယန်က အမျိုးသမီးဧည့်သည်နဲ့ တွဲရမှာပဲ"
"ဟုတ်တယ်၊ မိန်းကလေးနှစ်ယောက် တွဲနေတဲ့ တဲကို ရှာကြည့်၊ ငါတို့ တွေ့ရလိမ့်မယ်"
အရုပ်ဆိုင်နားကနေ မိန်းကလေးတချို့ခပ်သုတ်သုတ်နဲ့ ဖြတ်သွားကြသည်။ သူတို့ စုချန်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမက ယောက်ျားတစ်ယောက်လို ၀တ်စားထားတာကို တွေ့တော့ သေချာမကြည့်တော့ဘဲ အဝေးကို အမြန်လှမ်းကြည့်လိုက်သည်။ စုချန်ယန်မှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ယောက်ျားလေးတစ်ယောက်လို ၀တ်စားထားတာ ကံကောင်းသွားတယ်လို့ ခံစားလိုက်ရသည်။
နာရီဝက်မပြည့်ခင်မှာဘဲ အိမ်မွေးတိရစ္ဆာန်လမ်းပေါ်တွင်လူအုပ်က တဖြည်းဖြည်း တိုးလာသည်။ စုချန်ယန်နဲ့ ကျန်းရှစ်ချီတို့က ယွမ်တစ်ရာ လောက်ရလိုက်သည်။ အဲ့ဒီအချိန် သူတို့တွေ့သမျှကိုပြောပြနေတဲ့ မိန်းကလေးတွေက သူတို့ဆိုင်ဘေးကနေ နှစ်ကြိမ်လောက်ဖြတ်သွားပေမယ့် သာမန်စုံတွဲတစ်တွဲလို ဖြစ်နေတဲ့သူတို့ကို ဒုတိယအကြိမ် အကြည့်တစ်ချက်တောင် မပေးခဲ့ကြပေ။