← Chapters

အခန်း ၁၀၇

Vol. 9 Ch. 107

အခန်း ၁၀၇

Vol. 9 Ch. 107

အခန်းထဲပြန်ရောက်တော့ စုချန်ယန်က ဖုန်းကိုယူပြီး ကြည့်လိုက်သည်။ မန်နေဂျာလင်းက သူမကို WeChat မက်ဆေ့ချ်အနည်းငယ် ပို့ထားပြီး နောက်ဆုံးတစ်ခုက သူ့ကို 11:50 မှာ ဖုန်းပြန်ခေါ်ဖို့ ပြောထားတာဖြစ်သည်။

စုချန်ယန် အချိန်ကို ကြည့်လိုက်‌တော့ မိနစ်နှစ်ဆယ်လောက် ကျန်သေးတာကို တွေ့လိုက်ရသည်။ အရင်ဆုံး ရေချိုးဖို့ သူမဆုံးဖြတ်လိုက်သည်။ ပြန်ထွက်လာတော့ မိနစ် နည်းနည်းပဲကျန်တော့တာမို့ ကုတင်ပေါ်ပြန်ထိုင်ပြီး ဖုန်းမယူခင် ဆံပင်ကိုတစ်ဝက်လောက် ခြောက်အောက်သုတ်လိုက်သည်။

[အိပ်ပျော်နေပြီလား?]

အဲ့ဒီအချိန် လင်းယွီက သူမဆီ မက်ဆေ့ခ်ျတစ်စောင် ပို့လာသည်။

စုချန်ယန် - [ဟင့်အင်း၊ အခုမှ ရေချိုးလို့ပြီးတာ]

သူမ မက်ဆေ့ခ်ျပို့ပြီးသွားတဲ့အချိန် လင်းယွီဆီကနေ ဗီဒီယိုကော ဝင်လာသည်။

စုချန်ယန်မှာ ဗီဒီယိုကော ရုတ်တရက် ပေါ်လာတာကြောင့် ထိတ်လန့်သွားသည်။ သူမက အိပ်ယာပေါ်မှာ လှဲနေ‌ပေမယ့် ဖုန်းမဖြေမီ ထထိုင်ကာ နည်းနည်းသပ်ရပ်အောင် လုပ်လိုက်သည်။

"မန်နေဂျာလင်း?"

မသိရတဲ့အကြောင်းပြချက်ကြောင့် စုချန်ယန်မှာ စိတ်မသက်သာသလို ခံစားရသည်။

ဖုန်းစခရင်ပေါ်တွင် သူမအရှေ့မှာ ရုံးခန်းထိုင်ခုံအလွတ်တစ်ခုကို တွေ့လိုက်ရသည်။ လင်းယွီကို ဘယ်နေရာမှာမှ မတွေ့ရပေ။

စုချန်ယန်က တုံ့ဆိုင်းသွားပြီး "မန်နေဂျာလင်း? အဲဒီမှာရှိနေလား?"

နောက်တစ်ခဏတွင် ရေချိုးဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ဦးက တစ်ဖက် စခရင်ပေါ်တွင် ပေါ်လာသည်။ "ဆောရီး မျက်နှာသုတ်ပုဝါသွားယူနေလို့"

လင်းယွီမှာ အခုမှ ရေချိုးပြီးပုံရသည်။ သူ့ရဲ့ဆံပင်‌တွေက ရေစိုနေပြီး လျော့ရဲရဲဖြစ်နေတဲ့ ရေချိုးဝတ်ရုံပေါ်တွင်လည်း ရေစက်တွေရှိနေကာ လှပစွာ ထုဆစ်ထားတဲ့ ရင်ဘတ်ကို ပေါ်နေစေသည်။ ရုံးခန်းထိုင်ခုံပေါ်မှာ သူ ထိုင်လိုက်ကာ စုချန်ယန်ကို ကြည့်နေရင်း ဆံပင်ခြောက်ဖို့ ပုဝါနဲ့သုတ်နေသည်။

သူ စခရင်ပေါ် ပေါ်လာကတည်းက စုချန်ယန်မှာ အံ့အားသင့်နေသည်။

လင်းယွီ သူမကို မော့ကြည့်လိုက်တော့ နှစ်ယောက်စလုံး ခဏလောက် အေးခဲသွားသည်။

စုချန်ယန်က ဖုန်းကို စောင်အောက်ထဲ အမြန် ထားလိုက်ပြီး လင်းယွီကင်မရာမှာ ပေါ်လာတဲ့အချိန် သူမရဲ့ပါးပြင်တွေ မီးတောက်နေသလို ခံစားလိုက်ရသည်။

"ဆောရီး voice call လို့ ထင်လိုက်တာ"

ခဏအကြာ လင်းယွီရဲ့ တည်ငြိမ်တဲ့ အသံက အခြားတစ်ဖက်ကနေ ထွက်လာသည်။

စုချန်ယန်မှာ သူမရဲ့ ပါးတွေ အေးသွားစေဖို့ မျှော်လင့်ရင်း ရေခဲလိုအေးနေလက်ဖဝါးကို မျက်နှာမှာဖိကပ်ထားလိုက်သည်။ “ကျွန်မတို့ ဖုန်းချပြီး ထပ်ခေါ်လိုက်ရမလား?"

"မလိုဘူး၊ ခဏစောင့်" လင်းယွီက ပြန်ဖြေလာသည်။

နောက်တော့ လင်းယွီ အဝတ်အစားလဲနေသံကို ဖုန်းထဲကနေ ကြားလိုက်ရသည်။

စုချန်ယန်ရဲ့နှလုံးမှာ တင်းကျပ်လာသည်။ အခုလေးတင် သူ့ရင်ဘတ်တစ်ပိုင်းကို မြင်လိုက်ရပေမယ့် လင်းယွီရဲ့ပုံပန်းသွင်ပြင်ကတော့ တော်တော်လေး ကောင်းနေတာဘဲ…

စုချန်ယန်! နင်ဘာတွေတွေးနေတာလဲ!

အရမ်းကိုပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ သူမကိုယ်သူမ စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

ခဏအကြာ လင်းယွီကလည်ချောင်း ရှင်းလိုက်ပြီး ပြောလာသည်။"အဆင်သင့်ဖြစ်ပြီ"

စုချန်ယန် အံကိုကြိတ်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။

စခရင်ပေါ်တွင် လင်းယွီက အဖြူရောင် အိမ်‌နေဝတ်အင်္ကျီကို ၀တ်ထားကာ အနက်ရောင် ဆံပင်တွေက စိုစွတ်နေသေးပြီး အလုပ်မှ ဝတ်စုံကို မဝတ်ရသေးပေ။ သူက နားမလည်နိုင်စွာနဲ့ ပိုငယ်ရွယ်ပြီး ပိုတက်ကြွနေတဲ့ပုံပေါ်သည်။

သူကနည်းနည်း ရှက်‌နေပုံပေါ်ကာ နားရွက်တွေနီနေပြီး ဆံပင်သုတ်နေတဲ့ ပုဝါနဲ့ ကာလိုက်သည်။ "ဆောရီး ခလုတ်မှားနှိပ်မိတာ"

ဒါက ပုံမှန် စုချန်ယန်သိနေကျ လင်းယွီနဲ့မတူပေ။ ဒါပေမယ့် အခု သူ့ကို မျက်နှာချင်းဆိုင်လိုက်တော့ ပိုလို့တောင် ပျာယာခတ်သွားသလို ခံစားလိုက်ရပြီး မတတ်နိုင်ဘဲ အဝေးကိုအကြည့်လွှဲလိုက်ကာ ရေရွတ်လိုက်သည်။ "ရပါတယ်"

လင်းယွီက ခေါင်းပေါ်မှာ မျက်နှာသုတ်ပုဝါတစ်ထည်ကို တင်လိုက်ပြီး နီရဲနေတဲ့ နားရွက်ကို အုပ်ကာ ငြိမ်သက်သွားသည်။

"ထျန်းရုန်ကို မြင်လိုက်ရလား?" သူ‌မေးလိုက်သည်။

အရေးကြီးကိစ္စရပ်ကို ကြားလိုက်တာနဲ့ စုချန်ယန်က သူမရဲ့နားမလည်နိုင်တဲ့ အတွေးတွေကို အမြန်ဖယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "အင်း မြင်လိုက်တယ်"

လင်းယွီက ထပ်မေးလာသည်။ “ဒီကိစ္စကို ဘယ်လိုထင်လဲ?”

ဘာပဲဖြစ်ဖြစ် လင်းယွီက စုချန်ယန်ရဲ့ထင်မြင်ချက်ကို အရင်တောင်းနေတဲ့ပုံပင်။

စုချန်ယန် တစ်ခဏလောက်ကြည့်လိုက်ပြီး အမြန်အကြည့်လွှဲလိုက်ကာ “အဲ့ဒါက ကျွန်မကို ထိခိုက်မယ်လို့ မထင်ဘူး။ သူ့အပေါ်မှာ ကျွန်မဘာမှအကြွေးတင်နေတာမရှိဘူး။ သူက ကျွန်မအတွက်တော့ ရှိုးမှာ သာမန်ဧည့်သည်တစ်ယောက်ပဲ”

လင်းယွီရဲ့ ဆံပင်တွေက သူ့အမြင်ကို ပိတ်ဆို့သွားတော့ သူ့မျက်လုံးတွေထဲက ခံစားချက်တွေကို စုချန်ယန် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

စုချန်ယန်ရဲ့ စကားတွေကို နားထောင်ပြီးတော့ လင်းယွီကပြောလာသည်။ "အင်း မင်းရဲ့အတွေးတွေက မမှားပါဘူး။ ဒါပေမယ့် ထျန်းရုန်နဲ့ သူ့ရဲ့အေဂျင်စီက ဒီပရိုဂရမ်မှာ ပါလာတာက သူ့ကို ကောင်းကျိုးမပေးတဲ့အပြင် သူ့ရဲ့အခြေအနေကိုတောင် ပိုဆိုးသွားစေနိုင်တယ်လို့ သူတို့တွေသိထားသင့်တယ်”

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး "ကျွန်မလည်း ထင်ပါတယ်၊ ဒါပေမယ့်... သူဘာလို့ ဒီလိုလုပ်တယ်ဆိုတာ ကျွန်မ နားမလည်နိုင်ဘူး"

လင်းယွီ ကရှင်းပြလာသည်။ “ပထမဆုံးအနေနဲ့ သူက မင်းနဲ့ ပိုရင်းနှီးချင်တယ်၊ မင်းတို့ နှစ်ယောက်လုံးက နစ်နာသူတွေဆိုတဲ့ ပုံရိပ်ကို ဖန်တီးပြီး လမ်းကြောင်းတွေ ပိုရချင်တယ်။ တကယ်လို့ သူက မင်းအနား အောင်အောင်မြင်မြင်နဲ့ ကပ်လာနိုင်ရင် သူ့အတွက် လမ်းတွေရလာရုံသာမကဘူး ကျော်ကြားမှုကိုလည်း တိုးလာ‌စေမယ်။ ဒုတိယအနေနဲ့၊ မင်းက တခြားဧည့်သည်တွေနဲ့ ကောင်းကောင်း လိုက်လျောညီထွေဖြစ်ပြီး သူတို့အားလုံးက မင်းအပေါ် ဘက်လိုက်ကြတယ်ဆိုတာ သူသိတယ်။ အစီအစဉ်ရိုက်ကူးနေတုန်းမှာ သူတစ်ယောက်ထဲသီးခြားဖြစ်နိုင်‌ချေများတယ်။ ဒါ့ပြင် လူအများစုကတော့ အားနည်းတဲ့ တစ်ဖက်သားကို ဂရုဏာသက်ကြမှာဘဲ။ တကယ်လို့ တစ်ယောက်ယောက်က သူလည်းဘဲ နစ်နာသူဖြစ်ပါတယ်လို့ ရှင်းရှင်းလင်းလင်းပြောလာရင် သူ့ရဲ့အမည်ကို ရှင်းလင်းလိုက်နိုင်မယ်လေ"

စုချန်ယန်မှာ နားထောင်ပြီးနောက် နည်းနည်း စိတ်ရှုပ်သွားသည်။ သူမသည် အရင်တုန်းက မြင်ကွင်းကြီးတွေကို မြင်ဖူးတယ်လို့ ထင်ခဲ့ပေမယ့် ရာနဲ့ချီတဲ့ အနုပညာရှင်တွေနဲ့အတူ စားသောက်တာနဲ့ ပျော်ပါးမှုတို့ရဲ့ ခေါင်မိုးတစ်ခုတည်းတွင်သာ ရှိနေခြင်းဖြစ်သည်။ ဒီလိုအခြေအနေမျိုး သူမတစ်ခါမှ မကြုံဖူး‌ပေ။ ဒီလို လှည့်စားတဲ့လူတွေကို သူမမြင်ဖူးပေမယ့် သူမကို ဘယ်သူမှ အသုံးမချဖူးဘူး။

လင်းယွီက သူမ နှုတ်ဆိတ်နေတာကို တွေ့လိုက်ရပြီး “သူက မင်းနဲ့ ပိုနီးစပ်ဖို့ ကြိုးစားပြီး မင်းရဲ့ သဘောထားကို စမ်းသပ်ဖို့ ဖြစ်နိုင်တယ်။ မင်းရဲ့ စိတ်နေစိတ်ထားကောင်းရင် ပထမဆုံးနည်းလမ်းကို သူသုံးလိမ့်မယ်။ သူ့အပေါ် သိသိသာသာ ရန်လိုမှုကို ပြရင်‌တော့၊ သူက ဒုတိယနည်းလမ်းကို သုံးလိမ့်မယ်။ ပထမနည်းလမ်းက မင်းတို့နှစ်ယောက်စလုံးအတွက် အဆင်ပြေနိုင်မယ့် အခြေအနေဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ အခြားသူတွေနဲ့ မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်"

လင်းယွီရဲ့စကားကိုကြားပြီးတဲ့နောက်မှာ စုချန်ယန်ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားသည်။

"ဒါဆို ရှင်က ကျွန်မကို ထျန်းရုန် နဲ့ ပူးပေါင်းပြီး ပိုရင်းနှီးစေချင်တာလား?"

တကယ်တော့ ဘယ်လိုပဲကြည့်ကြည့်၊ ဒါက အကောင်းဆုံးရွေးချယ်မှုပင်။ ဒါပေမယ့် စုချန်ယန်... စိတ်ထဲမှာတော့ နည်းနည်းအဆင်မပြေသလို ခံစားရသည်။ သူမမှာ ထျန်းရုန်ကို ရန်လိုစိတ် များများစားစား မရှိပေမယ့် သူမနဲ့သူငယ်ချင်းဖြစ်လိုတယ်လို့တော့ မဆိုလိုပါချေ။ တကယ်တော့ ဟန်ဆောင်တာကိုတောင် မလုပ်ချင်နေဘူး။

ဒီဟာက အကောင်းဆုံးရွေးချယ်မှုဖြစ်တာကို သူမသိပေမယ့် လင်းယွီဆီကနေ ကြားလိုက်ရတဲ့စကားကြောင့် စုချန်ယန်မှာ နားမလည်နိုင်လောက်အောင် စိတ်ဓာတ်ကျသွားသည်။

လင်းယွီက စခရင်ပေါ်ရှိ သူမကို စိုက်ကြည့်ရင်း သူ့မျက်နှာက နည်းနည်းနီနေသေးပေမယ့် ဒီအချိန်မှာ သူမ သူ့ကို မကြည့်ချင်ပါချေ။

“မဟုတ်ဘူး” လင်းယွီက ပြောသည်။

“ချန်ယန်…” လင်းယွီက နည်းနည် ရှုပ်ထွေးနေပုံရပြီး “ကိုယ်က အလုပ်မှာ တင်းကျပ်တယ်၊ ဒါပေမယ့် အကုန်အကျခံပြီး အောင်မြင်ရမယ်လို့ မဆိုလိုဘူး။ မင်းဆန္ဒကို ဆန့်ကျင်ပြီး မင်းကို အသုံးချချင်တာမဟုတ်ဘဲ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကိုယ်မျှော်လင့်တယ်။ ကိုယ်က လုပ်ငန်းစဉ်ကိုဘဲ သဘောကျတယ် နားလည်လား?"

စုချန်ယန်မှာ ခဏလောက် အံ့အားသင့်သွားပြီး ခေါင်းကို ဖြည်းဖြည်းချင်းမော့ကာ စခရင်ပေါ်က သူ့ကို ကြည့်လိုက်သည်။

“မင်းဘာပဲလုပ်လုပ် ကိုယ်ဝင်စွက်ဖက်မှာမဟုတ်ဘူး။ မင်းဘယ်လိုဘဲရွေးချယ်ပါစေ၊ မင်းလိုအပ်တဲ့အကူအညီကိုဘဲ ကိုယ်ပေးမယ်။ မင်းစိတ်မထိခိုက်အောင် ကိုယ်အကောင်းဆုံးကြိုးစားမယ်။ ဒါဆို မင်းကိုယ့်ကို ပိုယုံနိုင်ပြီလား?"

သူကရေချိုးပြီးခါစမို့၊ သူ့မျက်လုံးထဲမှာ မြူတွေဆိုင်းနေသည်။

စုချန်ယန်မှာ သူ့အကြည့်ကနေ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး ခဏလောက် အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။

စုချန်ယန်ရဲ့ နားထဲတွင် နှလုံးခုန်သံတွေက ဒရမ်တီးသံတွေလို ကျယ်လောင်လာသည်။

သူမခဏလောက် ခေါင်းမူးပြီး စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

တစ်စက္ကန့်လောက်နောက်ကျသွားရင် သူမရဲ့ထိန်းချုပ်မှုကနေ လုံးဝလွဲချော်သွားတော့မလိုမျိုး သူမရဲ့အကြည့်ကို အလျင်အမြန် ရှောင်လိုက်သည်။

စုချန်ယန်မရဲ‌ပေ၊ ကြောက်သည်၊ မုန်းသည်၊ သူမရဲ့စိတ်ခံစားချက်ကိုတောင် မထိန်းနိုင်တော့ပေ။

လင်းယွီက သူမရဲ့ မူမမှန်မှုကို သတိမထားမိဘဲ သူမဆီက‌နေ တုံ့ပြန်မှု တစ်ခုခုကိုမျှော်တလင့်လင့်ဖြင့် စိုက်ကြည့်နေသည်။

စုချန်ယန်က ခေါင်းငုံ့လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ကာ "မန်နေဂျာလင်း‌ရော ဘယ်လိုထင်လဲ?"

လင်းယွီရဲ့မေးခွန်းကို ဖြေမယ့်အစား စုချန်ယန်က ရှောင်ဖယ်လိုက်ပြီး အကြောင်းအရာကို လမ်းကြောင်းပြောင်းဖို့ ရွေးလိုက်သည်။

မြင်ကွင်းသည် ခဏတာ တိတ်ဆိတ်သွားပြီး စုချန်ယန်မှာ သူ့မျက်လုံးများကို မကြည့်ဝံ့ပေ။

အချိန်အတော်ကြာပြီးနောက် လင်းယွီရဲ့ဖုန်းထဲကနေ ကြားရခဲတဲ့ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။

လင်းယွီက ဒီကိစ္စကို မစုလိုက်ဘဲ သူမရဲ့စကားတွေကို အခွင့်အရေးတစ်ခုအနေနဲ့ ယူလိုက်ပြီး ကိစ္စကိုတစ်ဖက်လှည့်လိုက်သည်။

“မင်းလုပ်ချင်တာကို လုပ်ပါ၊ ကျန်တာ ကူညီပေးမယ်" လင်းယွီက ပြောလာသည်။

စုချန်ယန်က စကားအများကြီးမပြောတော့ဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

လင်းယွီရဲ့အကြည့်က သူမရဲ့ဆံပင်တွေဆီရောက်သွားပြီး သူမကိုသတိပေးလိုက်သည်။ "မအိပ်ခင် ဆံပင်ခြောက်အောင် လုပ်လိုက်ဦး"

"အင်း၊ ကျွန်မသိပါတယ်"

"ကောင်းသောညပါ"

သူမနှုတ်ဆက်တာကို စောင့်ပြီးတော့ လင်းယွီက ဗီဒီယိုကောကို အဆုံးသတ်လိုက်သည်။

စုချန်ယန်မှာ မှောင်မည်းသွားတဲ့ ဖန်သားပြင်ကို စိုက်ကြည့်နေပြီး အတော်ကြာတဲ့အထိ မိန်းမောနေသည်။

သူမ ဘာမှားနေလဲဆိုတာ သူမ မသိပေ။

လင်းယွီက သူမနဲ့ အလုပ်ကိစ္စ ဆွေးနွေးနေပေမယ့် သူက စည်းကိုကျော်သွားသလိုမျိုး သူမ မသက်မသာဖြစ်သလို ခံစားရသည်။

စုချန်ယန်မျက်လုံးကို ကာလိုက်ပြီး စောင်အောက်ကို ဖြည်းညှင်းစွာ လျှောကျသွားသည်။ လင်းယွီက သူမရဲ့မန်နေဂျာဖြစ်တာကြောင့် သူ့ကို ယုံကြည်မယ်လို့ သူ မျှော်လင့်ထားသည်။ သူမ သူ့ကို ယုံကြည်သင့်သည်၊ သူ့မှာအခြားရည်ရွယ်ချက်မရှိဘူး။

သူမမှာ အပြစ်ရှိတယ်လို့ ခံစားမိတာကြောင့် သူ့မေးခွန်းတွေကို မဖြေရဲခဲ့ပေ။ သူမတွင် နတ်ဆိုးတွေရှိပြီး သူမရဲ့အကာအကွယ်ကို စွန့်လွှတ်လိုက်တာနဲ့ လင်းယွီနဲ့ပတ်သက်တဲ့သူမရဲ့ခံစားချက်‌တွေကို မထိန်းချုပ်နိုင်တော့မှာ စိုးရိမ်သည်။ ဒါကြောင့် သူမနဲ့လင်းယွီတို့ကြား အကွာအဝေးကို ထိန်းထားရသည်

သူမရဲ့ တုံ့ပြန်မှုအပေါ် လင်းယွီ စိတ်ပျက်သွားမလား ဒါမှမဟုတ် ဒေါသထွက်သွားမလား?

သူမ သက်ပြင်းချလိုက်ပြီး တွေးလိုက်သည်။ “တောင်းပန်ပါတယ် လနည်းနည်းဘဲကျန်တော့တာ၊ ထိန်းထားရမယ်"

အဲ့ဒီညမှာ စုချန်ယန်အတွက် ထျန်းရုန်ရဲ့ကိစ္စတွေကို စဉ်းစားဖို့ ခွန်အားမရှိပါချေ။ သူမက အိပ်ယာပေါ်မှာ လှဲပြီး မအိပ်ခင် သူ့ကိုယ်သူ ပြန်တွေးနေမိသည်။

နောက်နေ့မနက် မနက်စာစားပြီးတာနဲ့ ဝန်ထမ်းတွေက ဟိုတယ် ကားပါကင်မှာ စုခိုင်းသည်။

“အားလုံးဘဲ မနေ့ညက အဖွဲ့အတိုင်း ရပ်ပြီးတော့ အဖွဲ့တစ်ခုစီ ရခဲ့တဲ့ငွေအားလုံးကို ထုတ်လိုက်ပါ” လက်ထောက်ဒါရိုက်တာက ပြောခဲ့သည်။

All Chapters