← Chapters

အခန်း ၁၀၈

Vol. 9 Ch. 108

အခန်း ၁၀၈

Vol. 9 Ch. 108

စုချန်ယန်မှာ ညလယ်ခေါင်မှ အိပ်ခဲ့ရတဲ့အတွက် နည်းနည်း အိပ်ချင်မူးတူးဖြစ်နေသည်။ သူမက အိတ်ကပ်ထဲကနေ သပ်သပ်ရပ်ရပ် ထုပ်ထားတဲ့ ယွမ် ရာဂဏန်းကို ထုတ်လိုက်သည်။

“တစ်သင်းစီမှာ ဘယ်လောက်ရှိလဲ ရေလိုက်ပါ” လက်ထောက်ဒါရိုက်တာက ဆက်ပြောခဲ့သည်။

ချီဖု - "ကျွန်တော်တို့မှာ စုစုပေါင်း နှစ်ထောင်ရှိတယ်"

စုန့်မင်ကန် - "ကျွန်တော်တို့မှာက တစ်ထောင်နဲ့ ရှစ်ယွမ်ရှိတယ်"

ဟယ်ရှု - "ရှောင်ယို့ နဲ့ ကျွန်မတို့မှာ စုစုပေါင်း နှစ်ထောင်နဲ့လေးယွမ်ရှိတယ်"

စုချန်ယန်က သူတို့ကို အံ့ဩတဲ့အမူအရာနဲ့ ကြည့်လိုက်သည် - “…”

“မင်းတို့ကရော?"

စုချန်ယန် - "ကျွန်မတို့မှာ ယွမ်သုံးရာ"

"ဒါပေမယ့် ရှင်တို့တွေက မှတ်မိခံလိုက်ရတာ မဟုတ်ဘူးလား? ဘယ်လိုလုပ် ပိုက်ဆံတွေ အများကြီး ရခဲ့တာလဲ?" စုချန်ယန်နဲ့ ကျန်းရှစ်ချီတို့က စိတ်ရှုပ်ထွေးနေတဲ့ပုံပင်။

ဟန်စုန့်ရွှယ်က အပြစ်ကင်းတဲ့ပုံနဲ့ - "ငါတို့ရှိုးမှာ ဖျော်ဖြေခဲ့တယ်မဟုတ်လား? လူတစ်ယောက်စီက အများဆုံး ငါးယွမ်ဘဲ ရမယ်လို့ ရှိုးက စည်းမျဉ်းတွေမှာ ပြထားတယ်လေ"

စုချန်ယန် - “…”

လက်ထောက်ဒါရိုက်တာက ပြောလာသည်။ “စိတ်မပူပါနဲ့၊ ရှိုးဘတ်ဂျက်ထဲကရတဲ့ ပိုက်ဆံတွေကို အားလုံးပြန်အမ်းပေးမှာပါ”

အဲ့ဒီအချိန် ဇိမ်ခံကားတစ်စီးက ကားပါကင်ထဲ ဖြည်းဖြည်းချင်းဝင်လာပြီး အဲ့ဒီအနောက်ကနေ သာမန် Volkswagenတစ်စီး၊ အမိုက်စားမော်တော်ဆိုင်ကယ်တစ်စီးနဲ့ နောက်ဆုံးတွင် သက်ကြီးသုံးလျှပ်စစ်သုံးဘီးဆိုင်ကယ်တစ်စီးတို့ ဝင်လာသည်။

“မင်းတို့မြင်တဲ့အတိုင်းပဲ၊ ဒီကားတွေက ငါတို့ရဲ့နောက်သွားမယ့်နေရာကိုရောက်ဖို့ အသုံးပြုမယ့်ယာဉ်တွေပဲ။ ဘယ်လိုယာဉ်အမျိုးအစားပဲဖြစ်ဖြစ်၊ အမြင့်ဆုံးလေလံဆွဲတဲ့သူဆီ ရောက်သွားလိမ့်မယ်"

စုချန်ယန်မှာ လက်ထဲက ယွမ်သုံးရာတန်ကို ကြည့်လိုက်ပြီး နောက်တော့ သက်ကြီးရွယ်အိုခရီးသည်တွေအတွက် နောက်ခန်း‌ထိုင်ဖို့နေရာပါတဲ့ လျှပ်စစ်သုံးဘီးဆိုင်ကယ်ကို ကြည့်ကာ ခဏလောက် တိတ်ဆိတ်သွားသည်။

သူမကိုယ်တိုင်စီးရတာ ကိစ္စမရှိပေမယ့် ကျန်းရှစ်ချီကတော့ မရှက်ဘဲမနေနိုင်လောက်ပေ။ ဒါ့အပြင်၊ သူမက ကျန်းရှစ်ချီကိုရွေးချယ်ခဲ့ပြီး သူမကို ဆွဲချလိုက်သလို ခံစားရသည်။

သူမကကျန်းရှစ်ချီရဲ့လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မတို့ သုံးဘီးဆိုင်ကယ်ပဲ စီးလို့ရမယ်။ ဘာကြောင့် စုန့်ရွှယ်နဲ့ မလဲလိုက်လဲ? သူစိတ်မရှိလောက်ပါဘူး"

ကျန်းရှစ်ချီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မလိုပါဘူး"

"လက်ထောက်ဒါရိုက်တာ၊ ဒီနေ့ ကျွန်မတို့မှာတခြားလှုပ်ရှားမှုတွေအတွက် ပိုက်ဆံလိုသေးလား?" ဟယ်ရှုက မေးလိုက်သည်။

လက်ထောက်ဒါရိုက်တာက ခေါင်းခါလိုက်ပြီး "မလိုဘူး၊ မင်းတို့လက်ထဲမှာရှိတဲ့ ပိုက်ဆံတွေက နောက်တစ်နေရာကိုသွားမယ့် ကူးသန်းသွားလာရေးအတွက်ဘဲ"

အဲဒါက အမြင့်ဆုံး လေလံဆွဲတဲ့သူရဲ့ကိစ္စဘဲလေ။

အဆုံးတွင် ဟယ်ရှုနဲ့ ချင်ယို့က ဇိမ်ခံကားပေါ်တက်သွားပြီး ချီဖုနဲ့ ဟန်စုန့်ရွှယ်တို့က Volkswagen ထဲဝင်သွားကာ၊ စုန့်မင်ကန် နဲ့ ရှန်ဖုတို့ကတော့ ဆိုင်ကယ်တွေကိုရွေးလိုက်ကြပြီး စုချန်ယန်တို့အတွက်ကတော့ သွားလာရေးအတွက် သုံးဘီးဆိုင်ကယ်တစ်စီးသာကျန်တော့သည်။

“သတိ‌ ပေးဖို့မေ့သွားတယ်၊ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်ကို ရွေးလိုက်တဲ့သူတွေက ကိုယ်တိုင်မောင်းမလား ဒါမှမဟုတ် ဒရိုင်ဘာကိုမောင်းခိုင်းမလား ရွေးလို့ရပါတယ်"

စုချန်ယန်က သုံးဘီးဆိုင်ကယ်ရဲ့နောက်ခန်းကို တစ်ချက်ကြည့်လိုက်ပြီး လူနှစ်ယောက်အတွက် နည်းနည်းကြပ်မယ်လို့ တွေးလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မတို့ကိုယ်တိုင်မောင်းမယ်"

ဒါပေမယ့် စုန့်မင်ကန်က ခေါင်းခါပြီး ပြောလာသည်။ “ဆိုင်ကယ်ဘယ်လိုမောင်းရမလဲမသိလို့ ဒါရိုင်ဘာကိုဘဲ မောင်းခိုင်းလိုက်မယ်"

ရှန်ဖု သူ့ကို တားလိုက်သည်။ “မလိုပါဘူး၊ ကျွန်တော် မောင်းလို့ရတယ်”

စုန့်မင်ကန် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး "မင်း မောင်းတတ်တယ်လား?"

"ကျွန်တော့်မှာ ယာဉ်မောင်းလိုင်စင်ရှိပြီး ကားပြိုင်ရတာ သဘောကျတယ်"

ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ဧည့်သည်ရှစ်ဦးက သက်ဆိုင်ရာယာဉ်ပေါ်သို့ တက်လိုက်ကြသည်။

ကျန်းရှစ်ချီက စုချန်ယန်မှာနောက်ထိုင်ခုံကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဖွင့်ထားတာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်ကာ “ဒါကိုဘယ်လိုမောင်းရမလဲသိတာလား?"

စုချန်ယန်ကပြန်ဖြေလိုက်သည်။ "မခက်ပါဘူး"

သူမ‌ပြောလို့ပြီးတာနဲ့ ဟန်စုန့်ရွှယ်က လှုပ်ရှားစွာနဲ့ ပြေးလာပြီး ကျန်းရှစ်ချီကို ပြောလာသည်။ "သခင်မလေး၊ ရှင်က ဒီလိုယာဉ်မျိုးကို သေချာပေါက် သုံးနိုင်မှာမဟုတ်ဘူး၊ ကျေးဇူးတင်တဲ့အနေနဲ့ ငါပြောင်းပေးပါရစေ...."

ကျန်းရှစ်ချီက သူမကို အပြုံးမမည်တဲ့ အပြုံးနဲ့ ကြည့်လိုက်သည်။ သူမစကားမဆုံးခင် ခြေတံရှည်ရှည်တွေကို ဆန့်တန်းပြီး ထိုင်ချလိုက်ကာ ဟန်စုန့်ရွှယ်ကို မော့ကြည့်လိုက်သည်။ "ဘာပြောလိုက်တာလဲ?"

ဟန်စုန့်ရွှယ်မှာ မျက်နှာအိုကျသွားသည်။ "...."

သုံးဘီးဆိုင်ကယ်စီးတာက ကားစီးရတာထက် ပိုပျော်စရာကောင်းတယ်လို့ သူမ ခံစားရသည်။

စုချန်ယန်က ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "နင်ပြန်သွားသင့်တယ်၊ ငါတို့ကားက နှေးတယ်"

ဟန်စုန့်ရွှယ်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြပြီး ခြေလှမ်းသုံးလှမ်းပြီး နောက်ပြန်လှည့်သွားသည်။

စုချန်ယန် အရင်က ဒီလိုယာဉ်မျိုးကို မောင်းဖူးသည်။ ယာဉ်မောင်းလိုင်စင် မလိုတာကြောင့် ကုန်စည်ပို့ဆောင်ရာတွင်လည်း အဆင်ပြေပေမယ့် သူမတစ်ယောက်ထဲ မမောင်းရတာ ကြာပြီဖြစ်တဲ့အတွက် အရင်သုံးကြည့်ဖို့လိုသည်။

အခြားဧည့်သည်သုံးဖွဲ့က ကားရပ်နားရာနေရာက‌နေ ထွက်ခွာသွားပြီး စုချန်ယန်တို့ သုံးဘီးဆိုင်ကယ်က သူတို့အနောက်ကနေ ဖြည်းညှင်းစွာနဲ့ မောင်းလာခဲ့သည်။

ရှောင်လုက သူတို့ရဲ့ခရီးဆောင်အိတ်တွေကို ကားတစ်စီးနဲ့ရှေ့ကနေ သယ်သွားလို့ရပေမယ့် သူမလည်း ပျော်ချင်တဲ့အတွက် စုချန်ယန်လိုမျိုး သုံးဘီးဆိုင်ကယ်ကို မောင်းကာ ကင်မရာမန်းကို အနောက်ထိုင်ခုံဆီ ဆွဲတင်လိုက်ပြီး သူတို့နဲ့အတူ မောင်းလာသည်။

ကံကောင်းထောက်မစွာနဲ့ ရိုက်ကူးရေးတည်နေရာက ဒီနေရာနဲ့ သိပ်မဝေးလှ‌ပေ။ နေရာက မြို့အစွန်အဖျားရှိ ရှုခင်းသာ နေရာတစ်ခုဖြစ်သည်။

"ချန်ယန်၊ ငါတို့တွေ ခရီးသွားနေသလို ခံစားရတယ်!"

ရှောင်လုက ပျော်ရွှင်စွာ ပြုံးပြီး စုချန်ယန်ကို နှုတ်ဆက်သည်။

နူးညံ့တဲ့လေက သူတို့မျက်နှာပေါ် တိုက်ခတ်လာသဖြင့် စိတ်ကို လန်းဆန်းစေသည်။ ကားစီးရတာထက် ပိုကောင်းသည်။ အဲဒါက သူတို့ ခြေဦးတည့်ရာ လျှောက်သွားနေသလိုခံစားရပြီး နောက်ခုံက ကျန်းရှစ်ချီမှာလည်း မတတ်နိုင်ဘဲ ပြုံးလိုက်မိသည်။

လမ်းတစ်လျှောက်တွင် ရိုက်ချက် တွေအများကြီးမလိုအပ်ပေမယ့် ကင်မရာသမားက စုချန်ယန်နဲ့ အခြားသူတွေနဲ့အတူ စကားစမြည်ပြောရင်း သူ့ကင်မရာကို ချလိုက်သည်။

သုံးဘီးဆိုင်ကယ်ရဲ့ အရှိန်က တကယ့်ကို နှေးသည်။ သူတို့တွေကလွဲပြီး အခြားဧည့်သည်တွေနဲ့ ပရိုဂရမ်း ဝန်ထမ်း‌တွေက ရှေ့က‌နေထွက်သွားပြီး မတွေ့ရတော့ပေ။

“ဒီကလေက တော်တော်ကောင်းတယ်။ အခွင့်အရေးရရင် ဒီမှာ ခရီးသွားလုပ်ငန်း လာလုပ်လို့ရတယ်"

သာယာတဲ့ ရှုခင်းကို ကြည့်ရင်း စုချန်ယန်ရဲ့ စိတ်အ‌ခြေအနေက ပိုကောင်းလာသည်။ "ဟုတ်တယ်၊ ဒီမှာကမြို့လောက် အလုပ်မရှုပ်ဘူး၊ လူတွေကို ကောင်းကောင်းအသက်ရှူနိုင်တယ်"

ကျန်းရှစ်ချီက မျက်နှာပေါ်တွင် ပြုံးပြုံးရွှင်ရွှင်ဖြင့် နောက်ထိုင်ခုံတွင်ထိုင်ကာ ခေါင်စညိတ်သဘောတူလိုက်သည်။ “နောက်ဆုံးတော့ ငါတို့တွေ ခရီးထွက်နေသလို ခံစားရတယ်”

သူတို့ရဲ့ စိတ်ခံစားချက်တွေ ကူးစက်ခံရတာဖြစ်မည် ကင်မရာမန်းက ပြုံးလိုက်ပြီး “ဒါက ကျွန်တော့်ဘဝရဲ့ အထွတ်အထိပ်ပါပဲ။ မိန်းမလှလေး သုံးယောက်နဲ့ အတူ လွတ်လွတ်လပ်လပ် နေနေရတာ"

ရှောင်လု - "ရှင်အရမ်းဂုဏ်ယူတယ်ဆို လူကြီးလူကောင်းစတိုင်နဲ့ ကျွန်မတို့ကို အစားအစာကျွေးသင့်တယ် မဟုတ်လား?"

“ဟုတ်တယ်!” ကင်မရာသမားက သူ့လက်နှစ်ဖက်ကို ရက်ရက်ရောရော လွှဲလိုက်ပြီး "ဘာစားချင်လဲ ပြောသာပြော!"

ရှောင်လုက စုချန်ယန်ကို မျက်ခုံးပင့်ပြလိုက်ပြီး "နင်တို့စားချင်တာကို မြန်မြန်ပြော။ ငါတို့ရဲ့ အကိုကြီးက ငါတို့ကိုဝယ်ကျွေးမယ်တဲ့!"

စုချန်ယန်က နည်းနည်း တုံ့ဆိုင်းသွားပြီး “ဒါပေမယ့် မန်နေဂျာ လင်း…”

“မေ့လိုက်ပါ! ကင်မရာကို ပိတ်ထားပြီးသား။ ငါတို့ကလွဲရင်ဘယ်သူသိမှာလဲ အဲဒါကို နောက်မှ ဖြတ်လို့ရတယ်” ရှောင်လုက ဆိုလာသည်။

စုချန်ယန်က တွန့်ဆုတ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ၊ ငါတို့က အစားအသောက်လမ်းကို ဖြတ်သွားရမှာ၊ ဟိုမှာ သွားကြည့်ကြည့်ရအောင်"

မိနစ်နှစ်ဆယ်ကြာပြီးနောက် သူတို့လေးယောက်ဟာ စိတ်ကျေနပ်စွာနဲ့ အစားအသောက် လမ်းဘေးက‌ေန လက်ထဲမှာ ပစ္စည်းတွေ အပြည့်ကိုင်ကာ ထွက်လာပြီး ဦးတည်ရာဆီ ဆက်မောင်းသွားကြသည်။

သူတို့လေးယောက်က ဦးတည်ရာမဲ့စွာနဲ့ စကားစမြည်ပြောလာကြပြီး စုချန်ယန်က မောင်းနေတာကြောင့် လက်မအားတဲ့အတွက် ကျန်းရှစ်ချီက အနောက်ခုံကနေ မကြာခဏ သူမပါးစပ်ထဲ အစားအစာတွေ ထည့်‌ပေးသည်။ အစားအစာစားပြီးနောက် စုချန်ယန်ရဲ့ ပျော်ရွှင်နေတဲ့အမူအရာကြောင့် ကျန်သုံးယောက်မှာ ရယ်လိုက်ကြသည်။

လမ်းခရီးတွင် ပရိုဂရမ်အဖွဲ့က ကင်မရာမန်းဆီ ဖုန်းခေါ်လာသည်။

"မင်းတို့ဘယ်မှာလဲ? ဘာလို့ မရောက်သေးတာလဲ?"

ကင်မရာမန်းက အစားအသောက်တွေဝါးနေဆဲဖြစ်ပြီး သီးသွားခါနီးပင်။

"ကျွန်တော်တို့ အခုပဲ လမ်းပျောက်နေလို့ ဒါပေမယ့် နာရီဝက်လောက်ဆို ရောက်လိမ့်မယ်"

"မြန်မြန်လုပ်၊ အားလုံး စောင့်နေကြတာ"

ဖုန်းချပြီးတဲ့နောက် ကျန်သုံးယောက်မှာ မရယ်ဘဲမနေနိုင်ကြတော့ပေ။

တခြားသူတွေက ရောက်နေကြပြီး သူတို့ကို စောင့်နေကြတာကို ကြားတော့ သူတို့လေးယောက်လည်း ထပ်ပြီး မနှောင့်နှေးတော့ပေ။

မိနစ်လေးဆယ်ကြာတော့ တောင်ခြေဆီ သူတို့ရောက်သွားသည်။

စုချန်ယန်က တောင်ပေါ်မှာ ဆောက်ထားတဲ့ဖျော်ဖြေရေး အဆောက်အအုံ‌တွေကိုကြည့်လိုက်ပေမယ့် အများစုမှာ အသစ်ဖြစ်ပြီး ပြီးစီးနေပြီဟု ယူဆရသည်။ တရားဝင်မဖွင့်ခင် ကြော်ငြာရိုက်ဖို့ ဒီကိုလာဖို့ ဒီကိုဖိတ်ခေါ်ခဲ့တာဖြစ်မည်။

“နင်တို့‌တွေ အရမ်းနှေးတယ်။ ရှောင်ယို့တောင် စာမေးပွဲစာရွက် ပြီးသွားပြီ” ဟန်စုန့်ရွှယ်က သူတို့ကိုမြင်တဲ့အခါ ညည်းညူလာသည်။

စုချန်ယန်ကပခုံးတွန့်ပြလိုက်ပြီး "ရွေးချယ်စရာ မရှိဘူး‌လေ၊ ဒီသုံးဘီးဆိုင်ကယ်က စက်ဘီးထက် နည်းနည်းဘဲ ပိုကောင်းတာ"

စုချန်ယန်က သုံးဘီးဆိုင်ကယ်ပေါ်ကနေ ဆင်းလိုက်ပြီး ကျန်းရှစ်ချီလည်း နောက်ထိုင်ခုံကနေ ထွက်လာသည်။

ကျန်းရှစ်ချီက အနံ့တစ်ခုခုရနေပုံရပြီး နှာခေါင်းကို ရှုံ့လိုက်ကာ သူတို့နားကပ်လာပြီး မေးလိုက်သည်။ “နင်တို့တွေ တစ်ခုခုစားခဲ့တာလား?"

စုချန်ယန်နဲ့ ကျန်းရှစ်ချီတို့က သူတို့ရဲ့ပိုကာမျက်နှာကို ထိန်းထားပြီး တညီတညွတ်ထဲပြောလာသည်။ “ဟင့်အင်း"

"တကယ်လား?" ဟန်စုန့်ရွှယ်က သံသယဝင်သလိုကြည့်လိုက်သည်။

စုချန်ယန်က သူမကို တွန်းကာ လှည့်ပြီး လူအုပ်ဆီ လျှောက်သွားကာ "ငါတို့ နင့်ကို ဘာလို့ လိမ်ရမှာလဲ?"

လူတိုင်းရောက်လာကြတော့ လက်ထောက်ဒါရိုက်တာ သူတို့ရောက်နေတဲ့နေရာနဲ့ သူတို့အနောက်က ရှုခင်းသာနေရာကို ထုံးစံအတိုင်း မိတ်ဆက်ပေးသည်။

တကယ်တော့ ဒါကအရင်းအနှီးကြီးကြီးမားမားနဲ့ တည်ဆောက်ထားတဲ့ တောင်ပေါ်အပန်းဖြေဥယျာဉ်ပင်။ ရှုခင်းတွေကို ခံစားဖို့ ဒါမှမဟုတ် ဖျော်ဖြေရေး ပရောဂျက်မျိုးစုံကို ခံစားဖို့ တောင်ပေါ်ကို တက်လို့ရသည်။ အခြားနေရာတွင် တိရစ္ဆာန်ငယ်‌လေး‌တွေလည်း ရှိသည်ဟု ဆိုကြသည်။

“နောက်ဆုံးအနေနဲ့ Chunlin mountain ရဲ့ ambassador နဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ကြိုဆိုပါတယ် - -"

လက်ထောက်ဒါရိုက်တာရဲ့ ညွှန်ကြားချက်အရ လူအုပ်နောက်က ကေဘယ်ကားမှာ တဖြည်းဖြည်း ရွေ့လျားလာသည်။

အားလုံး တညီတညွတ်တည်း လှည့်ကြည့်လိုက်တော့ ကေဘယ်ကားက တောင်ရဲ့တစ်ဖက်ခြမ်းကို ဆက်သွယ်ထားတဲ့ ကေဘယ်ကြိုးပေါ်ကနေ ဖြည်းဖြည်းချင်း ရွေ့လာနေတာကို တွေ့လိုက်ရသည်။

အဝေးကနေ ကေဘယ်ကားပေါ်မှာထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို စုချန်ယန်တွေ့လိုက်ရသည်။

အဲ့ဒိအမျိုးသမီးက ပန်းရောင်နဲ့ အဖြူရောင် ၀တ်စုံကို ဝတ်ဆင်ထားပြီး အရမ်းကျက်သ‌ရေရှိလှသည်။ ကေဘယ်ကားက လေထဲမှာ တစ်ဝက်တစ်ပျက် ရွေ့လာနေတုန်း သူမရဲ့ အဝတ်အစားက လေကြောင့် လွင့်နေကာ မီးခိုး‌ ငွေ့တွေကလည်းပျံ့လွင့်နေပြီးအခြားကမ္ဘာမှ နတ်သမီးတစ်ပါးလိုပင်။

ဟန်စုန့်ရွှယ်က စုချန်ယန်ပခုံးပေါ် တစ်ဝက်ကိုမှီကာ တီးတိုးပြောလာသည်။ "သူက သမိုင်းဝင်ဒရာမာတစ်ခုကြောင့် နာမည်ကြီးလာတဲ့ပုံဘဲ"

စုချန်ယန်က သိသိနဲ့ခေါင်းညိတ်ပြလိုက်သည်၊၊ ထျန်းရုန်ရဲ့ဝတ်စုံက အမှန်တကယ်ပင် မျက်လုံးကို ဖမ်းစားနိုင်ပြီး ကောင်းကင်ဘုံက နူးညံ့သွက်လက်လှတဲ့ နတ်သမီးလေးလိုပင်။

"ယန်ရှုရီ သူ့ကို သိပ်ကြိုက်တာ မဆန်းတော့ပါဘူးသူ့ကြောင့် သူ..."

ဟန်စုန့်ရွှယ်ရဲ့အသံက တိုးကျသွားပြီး သူမပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းက သူမဘက်ကို လှည့်ကြည့်လာသည်။

ဟန်စုန့်ရွှယ်ရဲ့ မျက်နှာမှာ တောင့်တင်းသွားပြီး နောက်ဆုံးမှာ တစ်ခုခုမှားနေပြီဆိုတာ သဘောပေါက်သွားသည်။ သူမက စုချန်ယန်ကို မဝံ့မရဲကြည်လိုက်ပြီး ပါးစပ်ကို အုပ်လိုက်ကာ တောင်းပန်လာသည်။ "တောင်းပန်ပါတယ်"

ကျန်းရှစ်ချီ - "နင်အခုပြောနေတာကို ရပ်လိုက်သင့်တယ်ထင်တယ်"

စုန့်မင်ကန် - "ဘယ်လိုပြောရမလဲ မသိရင် မင်းပါးစပ်ကို လှူလိုက်တော့"

ချီဖု - "စုန့်ရွှယ်... ငါတို့ပြန်တဲ့အခါကျရင် <The Art of Language> ကော်ပီတစ်အုပ် နင့်ကိုပေးမယ်"

ချင်ယို့ - "<စိတ်ပိုင်းဆိုင်ရာ ဥာဏ်ရည်ဥာဏ်သွေးကို တိုးတက်အောင်လုပ်နည်း> က ပိုအထောက်အကူဖြစ်နိုင်တယ်"

ဟယ်ရှု - "နည်းနည်းလောက် ထပ်အဆူခံထိမှ မှတ်မိသွားလိမ့်မယ်"

ရှန်ဖု - "...ဟုတ်တယ်"

ဟန်စုန့်ရွှယ်က သူမမှားသွားတယ်ဆိုတာ သဘောပေါက်သွားပြီး စကားတစ်ခွန်းမှ မပြောတော့ဘဲ ခေါင်းငုံ့လိုက်သည်။

စုချန်ယန်က သက်ပြင်းချလိုက်ပြီး သူမခေါင်းကိုချစ်စဖွယ် ပုတ်လိုက်ကာ "သူ့ကိုမပြောပါနဲ့"

ဟန်စုန့်ရွှယ်က ထိခတ်သွားသလိုကြည့်လာကာ "ချန်ယန်..."

"နောက်ဆုံးတော့၊ သူ့စိတ်က ဗလာဖြစ်နေတာလေ"

ဟန်စုန့်ရွှယ် - “…”

All Chapters